လေ့လာရန် ဆောင်းပါး ၁၀
“စရိုက်ဟောင်း” ကို သင် “ချွတ်ပယ်” နိုင်
“စရိုက်ဟောင်းကိုရော စရိုက်ဟောင်းရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်ကြပါ။”—ကော. ၃:၉။
သီချင်း ၂၉ နာမည်နဲ့ လျော်ညီအောင် နေထိုင်ပါ
အကြိုသုံးသပ်ချက် *
၁။ ကျမ်းစာ စမလေ့လာခင်က သင့်ဘဝပုံစံ ဘယ်လို ရှိသလဲ။
ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စမလေ့လာခင် သင့်ဘဝပုံစံ ဘယ်လို ရှိခဲ့သလဲ။ အဲဒီအချိန်က အကြောင်းတွေကို ကျွန်တော်တို့ အများစု ပြန်တောင် မစဉ်းစားချင်ကြဘူး။ ကျွန်တော်တို့ရဲ့ သဘောထားနဲ့ စရိုက်တွေကို ဒီလောကရဲ့ အမှားအမှန် စံနှုန်းတွေ လွှမ်းမိုးထားတယ်။ “မျှော်လင့်ချက် မဲ့ပြီး ဘုရားသခင်ကို မသိတဲ့သူတွေ ဖြစ်ခဲ့တယ်။” (ဧ. ၂:၁၂) ကျမ်းစာလေ့လာပြီးနောက်မှာတော့ ဘဝပုံစံကို ပြောင်းလဲခဲ့ကြတယ်။
၂။ ကျမ်းစာ လေ့လာတဲ့အခါ ဘာတွေ သိလာသလဲ။
၂ ကျမ်းစာလေ့လာပြီးနောက် ကျွန်တော်တို့ကို အရမ်း ချစ်တဲ့ ကောင်းကင်ဖခင် ယေဟောဝါ ရှိတယ်ဆိုတာ သိလာတယ်။ ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့၊ ဘုရားရဲ့ မိသားစုဝင် ဖြစ်ဖို့ဆိုရင် ကိုယ့်ဘဝပုံစံ၊ သဘောထား၊ အတွေးအခေါ်တွေကို အကြီးအကျယ် ပြောင်းလဲရမယ်ဆိုတာ သဘောပေါက်လာတယ်။ ဘုရားရဲ့ မြင့်မားတဲ့ စံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်ဖို့ သင်ယူရမယ်။—ဧ. ၅:၃-၅။
၃။ ကောလောသဲ ၃:၉၊ ၁၀ အရ ကျွန်တော်တို့ကို ယေဟောဝါ ဘာတောင်းဆိုထားသလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၃ ဖန်ဆင်းရှင် ကောင်းကင်ဖခင် ယေဟောဝါဟာ မိမိကို ဝတ်ပြုသူတွေ ဘယ်လို ပြုမူနေထိုင်သင့်တယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ကျွန်တော်တို့ နှစ်ခြင်းမခံခင် “စရိုက်ဟောင်းကိုရော စရိုက်ဟောင်းရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်” ဖို့ တောင်းဆိုထားတယ်။ * (ကောလောသဲ ၃:၉၊ ၁၀ ကို ဖတ်ပါ။) နှစ်ခြင်းခံချင်သူတွေ အောက်ပါ မေးခွန်း သုံးခုကို ဖြေနိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။ (၁) “စရိုက်ဟောင်း” ဆိုတာ ဘာလဲ။ (၂) စရိုက်ဟောင်းကို ချွတ်ပယ်ဖို့ ယေဟောဝါ ဘာကြောင့် တောင်းဆိုသလဲ။ (၃) ဘယ်လို ချွတ်ပယ်နိုင်သလဲ။ နှစ်ခြင်းခံပြီးသူတွေကိုလည်း စရိုက်ဟောင်းရဲ့ အကျင့်တွေ ပြန်မပေါ်လာအောင် ဒီဆောင်းပါးက ကူညီပေးပါမယ်။
“စရိုက်ဟောင်း” ဆိုတာ ဘာလဲ
၄။ “စရိုက်ဟောင်း” ရဲ့ ထိန်းချုပ်မှု ခံရတဲ့အခါ လူတစ်ယောက် ဘယ်လို ပြုမူမိနိုင်သလဲ။
၄ “စရိုက်ဟောင်း” ရဲ့ ထိန်းချုပ်မှု ခံရသူဟာ အပြစ်ရှိတဲ့ နည်းလမ်းအတိုင်း တွေးခေါ်ပြုမူတယ်။ ဒေါသကြီးသူ၊ ကျေးဇူးမသိတတ်သူ၊ တစ်ကိုယ်ကောင်းဆန်သူ၊ မာနကြီးသူ ဖြစ်နိုင်တယ်။ ညစ်ညမ်းရုပ်ပုံစာပေ ကြည့်တာ၊ လိင်အကျင့်ပျက်တဲ့၊ ကြမ်းတမ်းတဲ့ ရုပ်ရှင်တွေ ကြည့်တာကို နှစ်သက်သူ ဖြစ်နိုင်တယ်။ အရည်အသွေးကောင်းတွေ ရှိပြီး မကောင်းတာ ပြောမိလုပ်မိတဲ့အခါ အပြစ်ရှိတယ်လို့ ခံစားရနိုင်ပေမဲ့ အတွေးအခေါ်၊ အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲချင်စိတ် မရှိဘူး။—ဂလ. ၅:၁၉-၂၁။ ၂ တိ. ၃:၂-၅။
၅။ စရိုက်ဟောင်းကို ကျွန်တော်တို့ အပြီးအပိုင် ချွတ်ပစ်နိုင်မလား။ ရှင်းပြပါ။ (တမန်တော် ၃:၁၉)
၅ ကျွန်တော်တို့ မစုံလင်တဲ့အတွက် မကောင်းတဲ့ အတွေးအခေါ်တွေ၊ ဆန္ဒတွေကို စိတ်နှလုံးထဲကနေ အပြီးအပိုင် မထုတ်နိုင်ဘူး။ တစ်ခါတလေ နောင်တရစရာတွေ ပြောမိ၊ လုပ်မိနိုင်တယ်။ (ယေ. ၁၇:၉။ ယာ. ၃:၂) စရိုက်ဟောင်းကို ချွတ်ပယ်မယ်ဆိုရင်တော့ အပြစ်ရှိတဲ့ သဘောထားတွေ၊ အမူအကျင့်တွေရဲ့ ထိန်းချုပ်မှု အောက်ကနေ လွတ်နိုင်ပါတယ်။ အရင်ကနဲ့ လုံးဝ မတူတဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။—ဟေရှာ. ၅၅:၇။ တမန်တော် ၃:၁၉ ကို ဖတ်ပါ။
၆။ မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အကျင့်ဆိုးတွေကို ချွတ်ပယ်ဖို့ ယေဟောဝါ ဘာကြောင့် တိုက်တွန်းသလဲ။
၆ ယေဟောဝါက ကျွန်တော်တို့ကို ချစ်ပြီး ပျော်ရွှင်တဲ့ အသက်တာ ရစေချင်တဲ့အတွက် မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အကျင့်ဆိုးတွေကို ဖယ်ရှားဖို့ တိုက်တွန်းတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) မှားယွင်းတဲ့ ဆန္ဒတွေကို အလျှော့ပေးမိရင် ကိုယ်တိုင်နဲ့ တခြားသူတွေကို ထိခိုက်နိုင်တယ်ဆိုတာ ဘုရား သိတယ်။ ကျွန်တော်တို့ကိုယ်တိုင်နဲ့ တခြားသူတွေ ထိခိုက်တာကို ဘုရား မြင်တဲ့အခါ နာကျင်ခံစားရတယ်။
၇။ ရောမ ၁၂:၁၊ ၂ အရ ကျွန်တော်တို့ ဘာရွေးချယ်ရမလဲ။
၇ ကျွန်တော်တို့ ဘဝပုံစံ ပြောင်းလဲတဲ့အခါ မိတ်ဆွေတွေနဲ့ မိသားစုဝင်တချို့ လှောင်ပြောင်နိုင်တယ်။ (၁ ပေ. ၄:) ကိုယ်ကြိုက်တာ လုပ်ပိုင်ခွင့် ရှိတယ်၊ ကိုယ်ဘာလုပ်ရမယ်ဆိုတာ တခြားသူတွေ ပြောပိုင်ခွင့် မရှိဘူးလို့ ပြောကောင်း ပြောမယ်။ တကယ်တော့ ယေဟောဝါရဲ့ စံနှုန်းတွေကို ငြင်းပယ်သူတွေ လွတ်လပ်နေတာ မဟုတ်ဘူး။ အမှန်က စာတန့်လောကရဲ့ ပုံသွင်းမှုကို ခံနေကြရတာ။ ( ၃၊ ၄ရောမ ၁၂:၁၊ ၂ ကို ဖတ်ပါ။) ကျွန်တော်တို့အားလုံး စာတန့်လောကရဲ့ စရိုက်အတိုင်း ဆက်နေမလား ဒါမှမဟုတ် အကောင်းဆုံး လူတစ်ယောက် ဖြစ်လာဖို့ ယေဟောဝါ ပုံသွင်းပေးတာကို ခံယူမလားဆိုတာ ရွေးချယ်ရမယ်။—ဟေရှာ. ၆၄:၈။
စရိုက်ဟောင်းကို ဘယ်လို “ချွတ်ပယ်” နိုင်သလဲ
၈။ မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အကျင့်ဆိုးတွေကို ကျော်လွှားဖို့ ဘယ်အရာက သင့်ကို ကူညီပေးနိုင်သလဲ။
၈ မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အကျင့်ဆိုးတွေကို ကျော်လွှားဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်မှု လိုတယ်ဆိုတာ ယေဟောဝါ သိတယ်။ (ဆာ. ၁၀၃:၁၃၊ ၁၄) ဒါပေမဲ့ ကျမ်းစာ၊ စွမ်းအားတော်၊ အဖွဲ့အစည်းကတစ်ဆင့် ဉာဏ်ပညာ၊ ခွန်အား၊ ထောက်မမှုတွေ ပေးတယ်။ သင့်ကိုလည်း ဘုရား ကူညီပေးခဲ့မှာပဲ။ စရိုက်ဟောင်းကို ချွတ်ပယ်ပြီး နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီအောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ အချက်တချို့ကို ဆွေးနွေးကြည့်ကြစို့။
၉။ ကျမ်းစာက ဘာလုပ်ဖို့ ကူညီပေးနိုင်သလဲ။
၉ ကျမ်းစာ သုံးပြီး ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဆန်းစစ်ပါ။ ကျမ်းစာဟာ မှန်နဲ့ တူတယ်။ ကျွန်တော်တို့ရဲ့ တွေးခေါ်၊ ပြောဆို၊ ပြုမူပုံကို ဆန်းစစ်ဖို့ ကူညီပေးနိုင်တယ်။ (ယာ. ၁:၂၂-၂၅) ကျမ်းစာသင်ပေးသူနဲ့ ရင့်ကျက်တဲ့ တခြားခရစ်ယာန်တွေလည်း အကြံဉာဏ်တွေ ပေးနိုင်တယ်။ ဥပမာ၊ သင့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ကျမ်းစာ သုံးပြီး ဖော်ပြပေးနိုင်တယ်။ အကျင့်ဆိုးတွေကို ကျော်လွှားနိုင်ဖို့ လက်တွေ့ကျတဲ့ ကျမ်းစာအခြေပြု အချက်အလက်တွေ ဘယ်လို ရှာရမလဲဆိုတာ သင်ပေးနိုင်တယ်။ ယေဟောဝါလည်း ကူညီပေးဖို့ အမြဲ အသင့်ရှိတယ်။ သင့်စိတ်နှလုံးထဲမှာ ဘာရှိသလဲဆိုတာ သိလို့ ဘယ်လို ကူညီရမယ်ဆိုတာ အသိဆုံး ဖြစ်တယ်။ (ပညာ. ၁၄:၁၀။ ၁၅:၁၁) ဒါကြောင့် ဘုရားဆီ နေ့တိုင်း ဆုတောင်းတဲ့အကျင့်၊ ကျမ်းစာလေ့လာတဲ့အကျင့် ရှိအောင် ကြိုးစားပါ။
၁၀။ အီလီရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူရသလဲ။
၁၀ ယေဟောဝါရဲ့ စံနှုန်းတွေ အကောင်းဆုံး ဖြစ်ကြောင်း ယုံကြည်စိတ်ချပါ။ ယေဟောဝါ တောင်းဆိုတာ မှန်သမျှဟာ ကျွန်တော်တို့အကျိုးအတွက် ဖြစ်တယ်။ ဘုရားစံနှုန်းတွေအတိုင်း နေထိုင်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ အဓိပ္ပာယ်ရှိတဲ့ ဘဝနဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိပါလိမ့်မယ်။ (ဆာ. ၁၉:၇-၁၁) ငြင်းပယ်သူတွေကတော့ အပြစ်ရှိတဲ့ အကျင့်တွေရဲ့ ဆိုးကျိုးတွေ ခံစားရမယ်။ ဘုရားစံနှုန်းတွေကို ငြင်းပယ်တာနဲ့ပတ်သက်ပြီး အီလီလို့ ခေါ်တဲ့ အမျိုးသားတစ်ယောက် ပြောတာကို သတိပြုကြည့်ပါ။ အီလီဟာ ယေဟောဝါကို ချစ်တဲ့ မိဘတွေ လက်အောက်မှာ ကြီးပြင်းလာတယ်။ ဆယ်ကျော်သက်အရွယ် ရောက်တော့ အပေါင်းအသင်း မှားပြီး မူးယစ်ဆေး အလွဲသုံးလာတယ်။ အကျင့်ပျက်တယ်။ ခိုးတယ်။ ဒေါသကြီးပြီး ကြမ်းတမ်းလာတယ်။ “ခရစ်ယာန်တစ်ယောက် မလုပ်သင့်တဲ့ အရာမှန်သမျှ အကုန် လုပ်ခဲ့တယ်” လို့ ဝန်ခံတယ်။ ဒါပေမဲ့ ငယ်ငယ်တုန်းက သင်ယူခဲ့ရတာတွေကို မမေ့ဘူး။ အကျင့်ဆိုးတွေကို ကြိုးစားဖြတ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ နှစ်ခြင်းခံတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း အသက်ရှင်လို့ ဘယ်လို အကျိုးရသလဲ။ “စိတ်ငြိမ်သက်မှု ရပြီး ကိုယ့်ကိုယ်ကိုယ်သိစိတ်လည်း ကြည်လင်လာတယ်” လို့ အီလီ ပြောတယ်။ * ယေဟောဝါရဲ့ စံနှုန်းတွေကို ငြင်းပယ်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နာကျင်စေတယ်ဆိုတာ ဒီအဖြစ်အပျက်ကနေ သိရတယ်။ ဒါပေမဲ့ သူတို့ ပြောင်းလဲနိုင်အောင် ယေဟောဝါ ကူညီပေးချင်ပါတယ်။
၁၁။ ဘာတွေကို ယေဟောဝါ မုန်းသလဲ။
၁၁ ယေဟောဝါ မုန်းတာကို မုန်းတတ်အောင် သင်ယူပါ။ (ဆာ. ၉၇:၁၀) “မောက်မာတဲ့ မျက်လုံး၊ လိမ်တတ် တဲ့ လျှာ၊ အပြစ်မဲ့သူကို သတ်တဲ့ လက်” ကို ယေဟောဝါ မုန်းတယ်လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာ. ၆:၁၆၊ ၁၇) “အကြမ်းဖက်သူတွေ၊ လှည့်စားတတ်သူတွေကို ယေဟောဝါ ရွံမုန်းတယ်။” (ဆာ. ၅:၆) အဲဒီလို သဘောထားနဲ့ လုပ်ရပ်တွေကို မုန်းလွန်းလို့ ကမ္ဘာကို အကြမ်းဖက်မှုနဲ့ ပြည့်စေတဲ့ နောဧခေတ်က လူဆိုးအားလုံးကို အဆုံးစီရင်ခဲ့တယ်။ (က. ၆:၁၃) ပရောဖက် မာလခိခေတ်မှာလည်း အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်ကို သစ္စာဖောက်ပြီး ကွာရှင်းဖို့ ကြံစည်သူတွေကို ယေဟောဝါ မုန်းတယ်လို့ ပြောတယ်။ သူတို့ရဲ့ ဝတ်ပြုမှုကို ဘုရား လက်ခံမှာ မဟုတ်သလို သူတို့ရဲ့ လုပ်ရပ်အတွက်လည်း ပြစ်ဒဏ်စီရင်မှာ ဖြစ်တယ်။—မာလ. ၂:၁၃-၁၆။ ဟီ. ၁၃:၄။
၁၂။ “ဆိုးညစ်တဲ့အရာကို ရွံမုန်းပါ” ဆိုတာ ဘာကို ဆိုလိုသလဲ။
၁၂ ယေဟောဝါက ကျွန်တော်တို့ကို “ဆိုးညစ်တဲ့ အရာကို ရွံမုန်း” စေချင်တယ်။ (ရော. ၁၂:၉) “ရွံမုန်း” ဆိုတဲ့ စကားလုံးဟာ ပြင်းထန်တဲ့ စိတ်ခံစားချက်၊ တစ်ခုခုကို မုန်းတီးတာ၊ ရွံရှာတာကို ဆိုလိုတယ်။ ဥပမာ၊ ကျွန်တော်တို့ကို ပုပ်သိုးနေတဲ့ အစားအစာ တစ်ခုခု စားခိုင်းတယ် ဆိုပါစို့။ စဉ်းစားကြည့်လိုက်တာနဲ့တင် ဖျားချင်သလို ဖြစ်သွားနိုင်တယ်။ အဲဒီလိုပဲ ဘုရား မကြိုက်တဲ့ အရာတစ်ခုခု လုပ်မယ်ဆိုတဲ့ အတွေးကတောင် ကျွန်တော်တို့အတွက် ရွံရှာဖွယ် ဖြစ်သင့်တယ်။
၁၃။ ကိုယ့်အတွေးတွေကို ဘာကြောင့် ကာကွယ်စောင့်ရှောက်သင့်သလဲ။
၁၃ ကိုယ့်အတွေးတွေကို ကာကွယ်စောင့်ရှောက်ပါ။ အတွေးက လုပ်ရပ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် ကြီးလေးတဲ့ အပြစ်တွေ လုပ်မိစေနိုင်တဲ့ အတွေးအခေါ်တွေကို ရှောင်ဖို့ ယေရှု သင်ပေးတာ ဖြစ်တယ်။ (မ. ၅:၂၁၊ ၂၂၊ ၂၈၊ ၂၉) ကျွန်တော်တို့အားလုံး ကောင်းကင်ဖခင်ရဲ့ နှစ်သက်မှု ရချင်ကြတယ်။ ဒါကြောင့် စိတ်ထဲ ဝင်လာတဲ့ မကောင်းတဲ့ အတွေးတွေကို ချက်ချင်း ပယ်ဖျက်ဖို့ သိပ်အရေးကြီးတယ်။၊
၁၄။ ကျွန်တော်တို့ရဲ့ အပြောအဆိုက ဘာကို ဖော်ပြသလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို မေးသင့်သလဲ။
၁၄ ကိုယ့်အပြောအဆိုကို ထိန်းချုပ်ပါ။ ‘ခံတွင်းထဲက ထွက်တဲ့အရာတွေက စိတ်နှလုံးထဲက ထွက်လာတာ’ လို့ ယေရှု ပြောတယ်။ (မ. ၁၅:၁၈) မှန်ပါတယ်၊ ကိုယ်ပြောတဲ့ စကားက ကိုယ်ဘယ်လို လူစားမျိုး ဖြစ်ကြောင်း အများကြီး ဖော်ပြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အမှန်ပြောလို့ ဒုက္ခရောက်မယ်ဆိုရင်တောင် အမှန်အတိုင်း ပြောသလား။ အိမ်ထောင်သည် တစ်ယောက်အနေနဲ့ လိင်ခြားသူတွေကို ပရောပရည် မလုပ်မိအောင် ဆင်ခြင်သလား။ မသန့်ရှင်းတဲ့ အပြောအဆိုတွေကို လုံးဝ ရှောင်ကြဉ်သလား။ တစ်ယောက်ယောက်က စိတ်ဆိုးအောင် လုပ်တဲ့အခါ အေးအေးဆေးဆေး တုံ့ပြန်သလား။’ ဒီလိုမေးခွန်းတွေကို အသေအချာ ဆင်ခြင်တာက အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ချုပ်ရိုးက အင်္ကျီတစ်ထည် ဖြစ်အောင် တွဲပေးသလို မကောင်းတဲ့ အပြောအဆိုတွေဟာ စရိုက်ဟောင်းနဲ့ ဒွန်တွဲနေတယ်။ ဒါကြောင့် ရိုင်းစိုင်း၊ လိမ်လည်၊ ညစ်ညမ်းတဲ့ စကားတွေ မပြောဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် စရိုက်ဟောင်းကို ချွတ်ပယ်နိုင်ပါလိမ့်မယ်။
၁၅။ စရိုက်ဟောင်းကို “သစ်တိုင်” မှာ ရိုက်ထားတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။
၁၅ ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ ဆန္ဒရှိပါ။ ဘဝပုံစံ ပြောင်းလဲဖို့ အလွန် အရေးကြီးကြောင်း ထိရောက်တဲ့ ဥပမာတစ်ခု သုံးပြီး တမန်တော် ပေါလု ဖော်ပြခဲ့တယ်။ “ပင်ကိုစရိုက်ဟောင်း” ကို “သစ်တိုင်” မှာ ရိုက်ထားသင့်တယ်လို့ ရေးတယ်။ (ရော. ၆:၆) ဆိုလိုတာက ခရစ်တော်ရဲ့ ပုံသက်သေကို လိုက်လျှောက်ရမယ်။ ယေဟောဝါ မုန်းတဲ့ သဘောထား၊ အမူအကျင့်တွေကို သေစေရမယ်။ ဒါမှသာ ကြည်လင်တဲ့ အမှားအမှန်သိစိတ်နဲ့ ထာဝရအသက် မျှော်လင့်ချက် ရနိုင်မှာ ဖြစ်တယ်။ (ယော. ၁၇:၃။ ၁ ပေ. ၃:၂၁) ယေဟောဝါက ကျွန်တော်တို့နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ မိမိစံနှုန်းတွေကို ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ သတိရပါ။ အဲဒီအစား ဘုရားရဲ့ စံနှုန်းတွေနဲ့အညီ ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲရမယ်။—ဟေရှာ. ၁:၁၆-၁၈။ ၅၅:၉။
၁၆။ မှားယွင်းတဲ့ အလိုဆန္ဒတွေကို ဘာကြောင့် တိုက်ထုတ်နေရမလဲ။
၁၆ မှားယွင်းတဲ့ အလိုဆန္ဒတွေကို ဆက်ပြီး တိုက်ထုတ်နေပါ။ နှစ်ခြင်းခံပြီးနောက်မှာတောင် မှားယွင်းတဲ့ အလိုဆန္ဒတွေကို ဆက်ပြီး တိုက်ထုတ်နေဖို့ လိုတယ်။ မာရီစယိုအကြောင်း စဉ်းစားကြည့်ပါ။ ငယ်ရွယ်စဉ်တုန်းက လိင်တူဘဝပုံစံနဲ့ နေထိုင်ခဲ့တယ်။ နောက်ဆုံးမှာ ယေဟောဝါသက်သေတွေနဲ့ တွေ့ပြီး ကျမ်းစာ စလေ့လာတယ်။ ဘဝပုံစံ ပြောင်းလဲပြီးနောက် ၂၀၀၂ မှာ နှစ်ခြင်းခံတယ်။ ယေဟောဝါကို ဝတ်ပြုလာတာ နှစ်အတော်ကြာပြီ ဖြစ်ပေမဲ့ “မကောင်းတဲ့ ဆန္ဒတွေ ပြန်ပေါ်လာတဲ့အခါ မနည်း ချိုးနှိမ်ပစ်ရတယ်” လို့ ပြောတယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျဘူး။ အဲဒီအစား “အဲဒီဆန္ဒတွေအတိုင်း မလုပ်မိအောင် နေထိုင်တာက ယေဟောဝါရဲ့ နှစ်သက်မှုကို ရရှိစေနိုင်တယ်ဆိုတဲ့ အချက်ကနေ ကျွန်တော် အားယူတယ်” * လို့ ပြောတယ်။
၁၇။ နာဘီဟာရဲ့ တွေ့ကြုံမှုကနေ ဘာသိရသလဲ။
၁၇ ယေဟောဝါဆီ ဆုတောင်းပါ။ ကိုယ့်အစွမ်းခွန်အားကို မဟုတ်ဘဲ စွမ်းအားတော်ကို အားကိုးပါ။ (ဂလ. ၅:၂၂။ ဖိ. ၄:၆) စရိုက်ဟောင်းကို ချွတ်ပစ်ဖို့ဆိုရင် ကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်။ နာဘီဟာ ဆိုတဲ့ အမျိုးသမီးအကြောင်း သုံးသပ်ကြည့်ပါ။ အသက် ခြောက်နှစ်မှာ အဖေ စွန့်ပစ်သွားလို့ “ကျွန်မ စိတ်ဒဏ်ရာ ရသွားတယ်” လို့ ပြောတယ်။ ကြီးလာတော့ ဒေါသကြီးပြီး ရန်လိုတတ်တဲ့ အမျိုးသမီး ဖြစ်လာတယ်။ မူးယစ်ဆေးဝါး မှောင်ခိုကူးလို့ အဖမ်းခံရပြီး ထောင်လေးနှစ် ကျတယ်။ ထောင်ကို လာလည်ပတ်တဲ့ သက်သေခံတွေနဲ့ ကျမ်းစာ စလေ့လာဖြစ်ပြီး ပြောင်းလဲလာတယ်။ “ကျွန်မရဲ့ အကျင့်ဆိုး တချို့ကိုတော့ ဖြတ်ပစ်ဖို့ မခက်ဘူး။ . . . ဒါပေမဲ့ ဆေးလိပ်ဖြတ်ဖို့တော့ အရမ်း ခက်တယ်” လို့ ပြောတယ်။ တစ်နှစ်ကျော်လောက် ခက်ခက်ခဲခဲ ကြိုးစားတိုက်လှန်ပြီးနောက်မှာတော့ ဆေးလိပ်ပြတ်သွားတယ်။ “အဓိက အကြောင်းရင်းကတော့ ကျွန်မ ဆေးလိပ်ပြတ်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါ ဘုရားသခင်ဆီ အဆက်မပြတ် ဆုတောင်းလို့ ဖြစ်တယ်။ . . . ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့ဖို့ ကျွန်မဘဝကို ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်ဆိုရင် တခြားသူတွေလည်း ပြောင်းလဲနိုင်မယ်ဆိုတာ ကျွန်မ ယုံကြည်တယ်” လို့ ပြောတယ်။ *
နှစ်ခြင်းခံဖို့ သင် အရည်အချင်း ပြည့်မီနိုင်
၁၈။ ၁ ကောရိန္သု ၆:၉-၁၁ အရ ဘုရားကျေးကျွန်တွေ ဘာလုပ်နိုင်ခဲ့ကြသလဲ။
၁၈ ပထမရာစုမှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်ဖို့ ယေဟောဝါ ရွေးချယ်တဲ့ အမျိုးသား/သမီးတချို့ဟာ တစ်ချိန်တုန်းက အကျင့်မကောင်းသူတွေ ဖြစ်ခဲ့တယ်။ ဥပမာ၊ အိမ်ထောင်ရေး ဖောက်ပြန်သူ၊ လိင်တူသမား၊ သူခိုးတွေ။ ဒါပေမဲ့ ဘုရားရဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီကြောင့် ပြောင်းလဲနိုင်ခဲ့ကြတယ်။ (၁ ကောရိန္သု ၆:၉-၁၁ ကို ဖတ်ပါ။) ဒီနေ့ခေတ်မှာလည်း ကျမ်းစာက လူသန်းပေါင်းများစွာကို ကူညီပေးနေတယ်။ * အခိုင်အမာ အမြစ်စွဲနေတဲ့ အကျင့်ဆိုးတွေကို သူတို့ ဖြတ်ပစ်နိုင်ခဲ့ကြတယ်။ သူတို့ရဲ့ ပုံသက်သေက သင်လည်း နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီအောင် စရိုက် ပြောင်းလဲပြီး အကျင့်ဆိုးတွေကို ဖြတ်နိုင်တယ်ဆိုတာ ဖော်ပြတယ်။
၁၉။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၉ နှစ်ခြင်းခံချင်သူတွေဟာ စရိုက်ဟောင်းကို ချွတ်ပယ်ပြီး စရိုက်သစ်ကို ကြိုးစား ဝတ်ဆင်ဖို့ လိုတယ်။ စရိုက်သစ်ကို ဘယ်လို ဝတ်ဆင်နိုင်ကြောင်း၊ ဝတ်ဆင်နိုင်ဖို့ တခြားသူတွေ ဘယ်လို ကူညီပေးနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
သီချင်း ၄၁ ဆုတောင်းသံကို နားထောင်ပေးပါ
^ အပိုဒ်၊ 5 နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီအောင် အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုလိုလားလားရှိရမယ်။ စရိုက်ဟောင်းဆိုတာ ဘာလဲ၊ ချွတ်ပယ်ဖို့ ဘာကြောင့် အရေးကြီးသလဲ၊ ဘယ်လို ချွတ်ပယ်နိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ နှစ်ခြင်းခံပြီး နောက်မှာတောင် စရိုက်သစ်ကို ဘယ်လို ဆက်မွေးမြူနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
^ အပိုဒ်၊ 3 စကားလုံး ရှင်းလင်းချက်– ‘စရိုက်ဟောင်းကို ချွတ်ပယ်တယ်’ ဆိုတာ ယေဟောဝါ မနှစ်သက်တဲ့ သဘောထား၊ အလိုဆန္ဒတွေကို စိတ်ထဲကနေ ထုတ်ပစ်တာကို ဆိုလိုတယ်။ ဒါတွေကို နှစ်ခြင်းမခံခင်ကတည်းက စလုပ်သင့်တယ်။—ဧ. ၄:၂၂။
^ အပိုဒ်၊ 10 ထပ်သိချင်ရင် ၂၀၁၂၊ ဧပြီ ၁ ရက်ထုတ် ကင်းမျှော်စင် “သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်—‘ယေဟောဝါဆီကို ပြန်လှည့်လာဖို့ လိုနေပြီ’” ဆောင်းပါးကို ကြည့်ပါ။
^ အပိုဒ်၊ 16 ထပ်သိချင်ရင် ၂၀၁၂၊ မေ ၁ ရက်ထုတ် ကင်းမျှော်စင် “သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်—‘သူတို့က ကျွန်တော့်အပေါ် အရမ်း ကြင်နာတာပဲ’” ဆောင်းပါးကို ကြည့်ပါ။
^ အပိုဒ်၊ 17 ထပ်သိချင်ရင် ၂၀၁၂၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင် “သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်—‘ကျွန်မဟာ ဒေါသကြီးပြီး ရန်လိုတတ်တဲ့ အမျိုးသမီး ဖြစ်လာတယ်’” ဆောင်းပါးကို ကြည့်ပါ။
^ အပိုဒ်၊ 18 “ သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်” လေးထောင့်ကွက်ကို ကြည့်ပါ။
^ အပိုဒ်၊ 64 ပုံအညွှန်း– မကောင်းတဲ့ သဘောထား၊ အကျင့်ဆိုးတွေကို ဖယ်ရှားတာဟာ အဝတ်ဟောင်းကို ချွတ်ပယ်တာနဲ့ တူတယ်။