မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

၂ ရှမွေလ ၂၁:၇-၉ မှာ ဒါဝိဒ်က ‘မေဖိဗောရှက်​ကို သနား​လို့ အသက်ချမ်းသာ​ပေး’ ပြီး​မှ ကွပ်မျက်​ဖို့ အပ်​လိုက်တယ်လို့ ဘာကြောင့် ပြော​ထား​သလဲ။

ဒီ​မှတ်တမ်း​ကို အပေါ်ယံ ဖတ်​သွားမယ်​ဆိုရင် အဲဒီလို တွေးမိ​နိုင်တယ်။ တကယ်တော့ မေဖိဗောရှက်​ဆို​တဲ့ နာမည်​နဲ့ အမျိုးသား​ နှစ်ယောက် ရှိတယ်။ ဒီ​မှတ်တမ်း​ကို ဆန်းစစ်ခြင်း​ကနေ သင်ယူ​နိုင်​စ​ရာ ရှိပါတယ်။

အစ္စရေး​ဘုရင် ရှောလု​မှာ သား ခု​နစ်​ယောက်၊ သမီး နှစ်ယောက် ရှိတယ်။ ရှောလုရဲ့ သားဦးဟာ ယောနသန် ဖြစ်တယ်။ နောက်ပိုင်း၊ ရှောလုရဲ့ မောင်းမ ရိဇပ မွေးတဲ့ သားကို မေဖိဗောရှက်​လို့ နာမည်​ပေးတယ်။ စိတ်ဝင်စားစရာ​က ယောနသန်​မှာလည်း မေဖိဗောရှက်​ဆို​တဲ့ သားတစ်ယောက် ရှိတယ်။ ဒါ​ကြောင့် ဘုရင် ရှောလု​မှာ မေဖိဗောရှက်​ဆို​တဲ့ နာမည်​နဲ့ သားတစ်ယောက်၊ မြေး​တစ်ယောက် ရှိတယ်။

တစ်ကြိမ်​မှာ ဘုရင် ရှောလုဟာ အစ္စရေး​တွေ​နဲ့ အတူ​နေထိုင်တဲ့ ဂိဗောင်​မြို့သားတွေ​ကို မုန်း​လာပြီး အားလုံး​ကို သတ်ပစ်ဖို့ ကြိုးစား​တယ်။ အတော်များများ အသတ်​ခံရတယ်။ အဲဒါ လုံးဝ မှားတယ်။ ဘာကြောင့်လဲ​ဆိုတော့ ယောရှု​ခေတ်​တုန်း​က အစ္စရေး​ ခေါင်းဆောင်​တွေ​ဟာ ဂိဗောင်​မြို့သားတွေ​နဲ့ မဟာမိတ်ဖွဲ့ သစ္စာဆို​ထား​ကြလို့ပဲ။—ယောရှု ၉:၃-၂၇

ဘုရင် ရှောလု​ခေတ်​အထိ အဲဒီ​သစ္စာဆို​ထား​တာ မပျက်​သေး​ဘူး။ ဒါပေမဲ့ ရှောလု​က အဲဒါကို ဖျက်​ပြီး ဂိဗောင်​မြို့သားတွေ​ကို သတ်ပစ်ဖို့ ကြိုးစား​တယ်။ အဲဒီ​လုပ်ရပ်​ကြောင့် ‘ရှောလု​နဲ့ သူ့​အမျိုး​မှာ အပြစ်ရှိ​နေတယ်။’ (၂ ရှ. ၂၁:၁) နောက်ဆုံး၊ ဒါဝိဒ် ဘုရင် ဖြစ်လာ​ချိန်မှာ ကျန်ကြွင်း​တဲ့ ဂိဗောင်​မြို့သားတွေ​က ရှောလုရဲ့ ဆိုးရွား​တဲ့ လုပ်ရပ်​ကို ပြောပြ​ကြတယ်။ သူတို့​ ကျေနပ်​အောင်၊ တိုင်းပြည်​ကို ယေဟောဝါ ကောင်းချီး​ ပြန်ပေး​အောင် ဘာလုပ်​ပေး​ရမလဲ​လို့ ဒါဝိဒ် မေးတယ်။ သူတို့က လျော်ကြေး​ငွေ မ​တောင်း​ဘဲ မိမိတို့ကို “သုတ်သင်ပစ်​ဖို့ ကြံစည်​ခဲ့” သူရဲ့ သား​ခု​နစ်​ယောက်​ကို အပ်ဖို့ တောင်းဆို​တယ်။ (တော. ၃၅:၃၀၊ ၃၁) သူတို့​ တောင်းဆို​တဲ့​အတိုင်း ဒါဝိဒ် အပ်​လိုက်တယ်။—၂ ရှ. ၂၁:၂-၆

အဲဒီအချိန်မှာ ရှောလု​နဲ့ ယောနသန် တိုက်ပွဲ​မှာ သေဆုံး​သွားပြီ။ ယောနသန်ရဲ့ သား မေဖိဗောရှက်​တော့ အသက်ရှင်နေ​သေး​တယ်။ မေဖိဗောရှက်​ဟာ ကလေး​ဘဝက မတော်တဆမှု​တစ်ခု​ကြောင့် ခြေမ​သန်​သူ ဖြစ်တယ်။ ဂိဗောင်​မြို့သားတွေ​ကို အဖိုး တိုက်ခိုက်​ချိန်မှာ မပါဝင်​ဘူး။ ဒါဝိဒ်ဟာ ယောနသန်​နဲ့ မိတ်ဆွေဖွဲ့​ပြီး ကတိ​သစ္စာ ပြု​ထား​တယ်။ အဲဒီ​ကနေ ယောနသန်ရဲ့​သား မေဖိဗောရှက် အပါအဝင် မျိုးနွယ်​တစ်ခုလုံး အကျိုး​ခံစား​ရပါလိမ့်မယ်။ (၁ ရှ. ၁၈:၁။ ၂၀:၄၂) “ဒါဝိဒ်​မင်း​က ယေဟောဝါ​ရှေ့မှာ . . . သစ္စာ​ကတိပြု​ထား​တဲ့​အတွက် ရှောလုရဲ့​ မြေး၊ ယောနသန်ရဲ့​ သား မေဖိဗောရှက်​ကို သနား​ပြီး အသက်ချမ်းသာ​ပေးတယ်” လို့ မှတ်တမ်းက ဆိုတယ်။—၂ ရှ. ၂၁:၇

ဒါပေမဲ့ ဂိဗောင်​မြို့သားတွေရဲ့ တောင်းဆိုချက်​ကို ဒါဝိဒ် လိုက်လျော​ပြီး ရှောလုရဲ့ သား​နှစ်ယောက်​နဲ့ မြေး​ငါး​ယောက်​ကို အပ်​လိုက်တယ်။ အဲဒီ​သား​နှစ်ယောက်​ထဲမှာ တစ်ယောက်က မေဖိဗောရှက် ဖြစ်တယ်။ (၂ ရှ. ၂၁:၈၊ ၉) ဒါဝိဒ် အဲဒီလို လုပ်ပေး​လိုက်လို့ တိုင်းပြည်​မှာ သွေးပြစ်​သင့်​တာ အဆုံးတိုင်​သွားတယ်။

ဒါဟာ သမိုင်း​ဖြစ်ရပ် တစ်ခုလောက်​သာ မဟုတ်ဘူး။ “ဖခင်​ရဲ့​ အပြစ်​ကြောင့် သားသမီးကို သေဒဏ်​မပေး​ရ​ဘူး” လို့ ဘုရားသခင့် ပညတ်​မှာ ရှင်းရှင်းလင်းလင်း ပြော​ထား​တယ်။ (တရား. ၂၄:၁၆) ရှောလုရဲ့ သား​နှစ်ယောက်​နဲ့ မြေး​ငါး​ယောက်​သာ အပြစ်မဲ့​သူတွေ ဖြစ်​မယ်​ဆိုရင် ဒီလိုလုပ်​ရပ်​ကို ယေဟောဝါ နှစ်သက်မှာ မဟုတ်ဘူး။ “လူတိုင်း ကိုယ့်​အပြစ်​ကြောင့်​ပဲ သေဒဏ်​ခံရ​မယ်” လို့​လည်း ပညတ်​မှာ ဆက်​ပြော​တယ်။ ရှောလုရဲ့ သေဆုံး​သွားတဲ့ သားမြေး ခု​နစ်​ယောက်ဟာ ဂိဗောင်​မြို့သားတွေ​ကို သတ်ပစ်​ချိန်မှာ တစ်နည်းနည်းနဲ့ ပါဝင်​ခဲ့​ကြ​ပုံ ရတယ်။ ဒါ​ကြောင့် ကိုယ့်​လုပ်ရပ်​အတွက် ပြန်ပေး​ဆပ်​ကြ​ရတာ။

ဒီ​အဖြစ်အပျက်​အရ လူတစ်ယောက်ဟာ အထက်​က လမ်းညွှန်ချက်​အတိုင်း လုပ်​ရတာပါ​လို့ တွေး​ပြီး၊ ပြော​ပြီး မှားယွင်းတဲ့ လုပ်ရပ်​အတွက် ဆင်ခြေ​ပေး​လို့ မရဘူး။ “ကိုယ်​သွားမယ့်​ လမ်းကို ချောမွေ့​စေပါ။ မင်းရဲ့​ လမ်း​တွေ​ဟာ လုံခြုံ​စိတ်ချ​ရလိမ့်မယ်” လို့ ပညာရှိ ဆိုရိုး​စကား​တစ်ခု​မှာ ဖော်ပြ​ထား​တယ်။—ပညာ. ၄:၂၄-၂၇။ ဧ. ၅:၁၅