လေ့လာရန် ဆောင်းပါး ၁၁
နှစ်ခြင်းခံပြီးနောက် “စရိုက်သစ်” ကို ဆက်ဝတ်ဆင်နေပါ
“စရိုက်သစ်ကို ဝတ်ဆင်ကြပါ။”—ကော. ၃:၁၀။
သီချင်း ၄၉ ယေဟောဝါရဲ့ စိတ်နှလုံး ရွှင်ပြုံးစေခြင်း
အကြိုသုံးသပ်ချက် *
၁။ ကျွန်တော်တို့ရဲ့ စရိုက်ကို ဘာက အဓိက လွှမ်းမိုးသလဲ။
နှစ်ခြင်းခံပြီးတာ ရက်အနည်းငယ်ပဲ ရှိသေးတာဖြစ်ဖြစ်၊ နှစ်ပေါင်းများစွာ ကြာပြီပဲဖြစ်ဖြစ် ယေဟောဝါ နှစ်သက်တဲ့ စရိုက်တွေ ကျွန်တော်တို့ ရှိချင်ကြတယ်။ အဲဒီလို ဖြစ်နိုင်ဖို့ စဉ်းစားတွေးခေါ်ပုံကို ထိန်းချုပ်ဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ အတွေးအခေါ်က အကျင့်စရိုက်ကို လွှမ်းမိုးလို့ပဲ။ အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း အမြဲ တွေးနေရင် မကောင်းတာတွေ ပြောမိ၊ လုပ်မိလိမ့်မယ်။ (ဧ. ၄:၁၇-၁၉) စိတ်ကို ကောင်းတဲ့ အတွေးတွေနဲ့ ဖြည့်ထားမယ်ဆိုရင်တော့ ဖခင် ယေဟောဝါ နှစ်သက်တဲ့ နည်းအတိုင်း ပြုမူပြောဆိုနိုင်ပါလိမ့်မယ်။—ဂလ. ၅:၁၆။
၂။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။
၂ ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့အတိုင်း စိတ်ထဲ ဝင်လာတဲ့ မကောင်းတဲ့ အတွေး အားလုံးကို ကျွန်တော်တို့ မဖျောက်ပစ်နိုင်ဘူး။ ဒါပေမဲ့ အဲဒီအတွေးတွေအတိုင်း လိုက်မလုပ်ဖို့တော့ ရွေးချယ်ဆုံးဖြတ်နိုင်တယ်။ ယေဟောဝါ မုန်းတဲ့ အပြောအဆို၊ လုပ်ရပ်တွေကို နှစ်ခြင်းမခံခင်ကတည်းက ရှောင်ဖို့ လိုတယ်။ စရိုက်ဟောင်းကို ချွတ်ပစ်ရာမှာ အဲဒါ အဓိက ခြေလှမ်းပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှု အပြည့်အဝ ရဖို့ဆိုရင် “စရိုက်သစ်ကို ဝတ်ဆင်ကြပါ” ဆိုတဲ့ မိန့်မှာချက်ကို နာခံဖို့လည်း လိုတယ်။ (ကော. ၃:၁၀) “စရိုက်သစ်” ဆိုတာ ဘာလဲ၊ စရိုက်သစ်ကို ဘယ်လို ဝတ်ဆင်နိုင်မလဲ၊ ဘယ်လို ကာကွယ်ထိန်းသိမ်းနိုင်မလဲဆိုတဲ့ မေးခွန်းတွေကို ဒီဆောင်းပါးမှာ သုံးသပ်ကြပါမယ်။
“စရိုက်သစ်” ဆိုတာ ဘာလဲ
၃။ ဂလာတိ ၅:၂၂၊ ၂၃ အရ “စရိုက်သစ်” ဆိုတာ ဘာလဲ။ ဘယ်လို ဝတ်ဆင်နိုင်သလဲ။
၃ “စရိုက်သစ်” ဆိုတာ ယေဟောဝါရဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေအတိုင်း တုပတာကို ဆိုလိုတယ်။ ဘုရားစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ တင်ပြခြင်း၊ စွမ်းအားတော် လမ်းညွှန်တဲ့အတိုင်း တွေးခေါ်၊ ခံစား၊ ပြုမူခြင်းအားဖြင့် စရိုက်သစ်ကို ဝတ်ဆင်နိုင်တယ်။ (ဂလာတိ ၅:၂၂၊ ၂၃ ကို ဖတ်ပါ။) ဥပမာ၊ စရိုက်သစ် ဝတ်ဆင်ထားသူဟာ ယေဟောဝါနဲ့ ဘုရားလူမျိုးကို ချစ်တယ်။ (မ. ၂၂:၃၆-၃၉) အခက်အခဲတွေ ကြုံရချိန်မှာတောင် ဆက်ပျော်ရွှင်နေတယ်။ (ယာ. ၁:၂-၄) ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်တယ်။ (မ. ၅:၉) တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ စိတ်ရှည်တယ်၊ ကြင်နာတယ်။ (ကော. ၃:၁၃) ကောင်းမြတ်တာကို နှစ်သက်ပြီး ကောင်းမှုပြုတယ်။ (လု. ၆:၃၅) ကောင်းကင်ဖခင်ကို အခိုင်အမာ ယုံကြည်ကြောင်း လုပ်ရပ်နဲ့ ပြတယ်။ (ယာ. ၂:၁၈) ဒေါသဆွခံရတဲ့အခါ အေးဆေးတည်ငြိမ်နေပြီး သွေးဆောင်ခံရတဲ့အခါ ချုပ်တည်းမှု ရှိတယ်။—၁ ကော. ၉:၂၅၊ ၂၇။ တိ. ၃:၂။
၄။ စရိုက်သစ်ကို ဝတ်ဆင်နိုင်ဖို့ ဂလာတိ ၅:၂၂၊ ၂၃ နဲ့ တခြား ကျမ်းချက်တွေမှာ ပါတဲ့ အရည်အသွေးအားလုံးကို မွေးမြူဖို့ ဘာကြောင့် လိုသလဲ။ ရှင်းပြပါ။
၄ စရိုက်သစ်ကို ဝတ်ဆင်ဖို့ ဂလာတိ ၅:၂၂၊ ၂၃ နဲ့ တခြား ကျမ်းချက်တွေမှာ ပါတဲ့ အရည်အသွေးအားလုံးကို မွေးမြူဖို့ လိုတယ်။ * အဲဒီအရည်အသွေးတွေဟာ တစ်ခုချင်းစီ သီးသန့် ရှိနေတာ မဟုတ်ဘူး။ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ ဆင်တူ အရည်အသွေးတွေ ဖြစ်တယ်။ ဥပမာ၊ သင်ဟာ လူလူချင်းကို ချစ်မယ်ဆိုရင် စိတ်ရှည်မယ်၊ ကြင်နာမယ်။ ကောင်းမြတ်သူ ဖြစ်မယ်ဆိုရင် နူးညံ့သိမ်မွေ့မယ်၊ ချုပ်တည်းမှု ရှိမယ်။
စရိုက်သစ်ကို ဘယ်လို ဝတ်ဆင်နိုင်သလဲ
၅။ “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ယေရှုရဲ့ ဘဝအသက်တာအကြောင်း ဘာကြောင့် လေ့လာသင့်သလဲ။ (၁ ကောရိန္သု ၂:၁၆)
၅ ၁ ကောရိန္သု ၂:၁၆ ကို ဖတ်ပါ။ စရိုက်သစ်ကို ဝတ်ဆင်နိုင်ဖို့ဆိုရင် “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိဖို့ လိုတယ်။ တစ်နည်းပြောရရင် ယေရှုလို စဉ်းစားတွေးခေါ်ပြီး ယေရှုကို တုပဖို့ ကြိုးစားရမယ်။ ယေရှုဟာ ဘုရားစွမ်းအားတော် အရည်အသွေးတွေကို အပြည့်အဝ တင်ပြခဲ့တယ်။ အပြစ်အနာအဆာ မရှိတဲ့ မှန်လိုပဲ ယေဟောဝါရဲ့ အရည်အသွေးတွေကို ရောင်ပြန်ဟပ်တယ်။ (ဟီ. ၁:၃) ယေရှုလို စဉ်းစားတွေးခေါ်လေ ယေရှုလို ပိုပြုမူနိုင်လေ ဖြစ်ပြီး ယေရှုရဲ့ စရိုက်ကို ပိုတုပနိုင်လေ ဖြစ်မယ်။—ဖိ. ၂:၅။
၆။ စရိုက်သစ် ဝတ်ဆင်ရာမှာ ဘယ်အချက်တွေကို သတိရသင့်သလဲ။
၆ ယေရှုရဲ့ ပုံသက်သေကို လိုက်လျှောက်ဖို့ တကယ် ဖြစ်နိုင်သလား။ ‘ယေရှုက စုံလင်တယ်။ ယေရှုလိုတော့ တစ်ထပ်တည်း မဖြစ်နိုင်ဘူး’ လို့ ကျွန်တော်တို့ တွေးမိမယ်။ သင် အဲဒီလို ခံစားနေရတယ်ဆိုရင် ဒီအချက်တွေကို သတိရပါ– ပထမ၊ ယေဟောဝါနဲ့ ယေရှုရဲ့ ပုံသဏ္ဌာန်အတိုင်း သင် ဖန်ဆင်းခံထားရတယ်။ ဒါကြောင့် သူတို့ကို အတိုင်းအတာတစ်ခုအထိတော့ တုပနိုင်ပါတယ်။ (က. ၁:၂၆) ဒုတိယ၊ ဘုရားသခင့် စွမ်းအားတော်ဟာ စကြဝဠာမှာ တန်ခိုးအကြီးဆုံး စွမ်းအား ဖြစ်တယ်။ ကိုယ့်အစွမ်းအစနဲ့ မတတ်နိုင်တာတွေကို စွမ်းအားတော် အကူအညီနဲ့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ တတိယ၊ စွမ်းအားတော် အရည်အသွေးတွေကို အပြည့်အဝ တင်ပြဖို့ ယေဟောဝါ မမျှော်လင့်ဘူး။ တကယ်တော့ မေတ္တာရှင် ဖခင်ဟာ မြေကြီးမျှော်လင့်ချက် ရှိသူတွေ ပြည့်ဝစုံလင်လာဖို့ နှစ်ပေါင်း ၁၀၀၀ တောင် အချိန်ပေးမှာ။ (ဗျာ. ၂၀:၁-၃) အခုအချိန်မှာ ကျွန်တော်တို့ဆီက ယေဟောဝါဘုရား တောင်းဆိုတာက အတတ်နိုင်ဆုံး ကြိုးစားဖို့၊ ဘုရားအကူအညီကို အားကိုးဖို့ပဲ။
၇။ အခု ဘာအကြောင်း လေ့လာသုံးသပ်ကြမလဲ။
၇ ယေရှုကို ဘယ်လို သတ်သတ်မှတ်မှတ် တုပနိုင်သလဲ။ ဘုရားစွမ်းအားတော် အရည်အသွေး လေးခုကို အတိုချုပ် လေ့လာကြပါမယ်။ တစ်ခုစီကို လေ့လာတိုင်း အဲဒီအရည်အသွေးတွေကို ယေရှု တင်ပြခဲ့ပုံကနေ ဘာသင်ယူနိုင်ကြောင်း သိလာပါမယ်။ စရိုက်သစ် ဝတ်ဆင်ရာမှာ ဘယ်လောက် တိုးတက်နေပြီလဲဆိုတာ သိအောင် ကူညီပေးမယ့် မေးခွန်းတချို့ကိုလည်း သုံးသပ်ကြပါမယ်။
၈။ ယေရှု ဘယ်လို မေတ္တာ ပြသလဲ။
၈ ယေရှုဟာ ယေဟောဝါဘုရားကို အလွန် ချစ်တယ်။ အဲဒီမေတ္တာက ဘုရားအတွက်ကော၊ ကျွန်တော်တို့အတွက်ပါ စွန့်လွှတ်အနစ်နာခံဖို့ လှုံ့ဆော်ပေးတယ်။ (ယော. ၁၄:၃၁။ ၁၅:၁၃) မြေကြီးပေါ် အသက်ရှင်နေထိုင်ပုံအားဖြင့် လူတွေကို ဘယ်လောက် ချစ်ကြောင်း ယေရှု ပြတယ်။ လူတချို့ ဆန့်ကျင်တာတောင် မေတ္တာ၊ ထောက်ထားစာနာမှု နေ့တိုင်း တင်ပြတယ်။ လူတွေကို ချစ်ကြောင်း ယေရှု ပြတဲ့ အဓိက နည်းကတော့ ဘုရားနိုင်ငံတော်အကြောင်း သွန်သင်ပေးခြင်းအားဖြင့်ပါပဲ။ (လု. ၄:၄၃၊ ၄၄) အပြစ်သားတွေ လက်ထဲ ဝေဒနာ ပြင်းထန်စွာ ခံစားပြီး သေဆုံးဖို့ လိုလိုလားလား ရှိခြင်းအားဖြင့်လည်း ဘုရားနဲ့ လူတွေအပေါ် ကိုယ်ကျိုးစွန့်မေတ္တာ ရှိကြောင်း ပြတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့အားလုံး ထာဝရအသက် ရဖို့ လမ်းဖွင့်ပေးတယ်။
၉။ မေတ္တာ ပြရာမှာ ယေရှုကို ဘယ်လို တုပနိုင်သလဲ။
၉ ကောင်းကင်ဖခင်ကို ချစ်လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့ကြတယ်။ ဒါကြောင့် ယေရှုလိုပဲ ယေဟောဝါကို ချစ်ကြောင်း လူတွေကို ဆက်ဆံပုံအားဖြင့် သက်သေပြသင့်တယ်။ “မြင်နေရတဲ့ ညီအစ်ကိုကို မချစ်ရင် မမြင်ရတဲ့ ဘုရားသခင်ကို မချစ်နိုင်ဘူး” လို့ တမန်တော် ယောဟန် ပြောတယ်။ (၁ ယော. ၄:၂၀) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်– ‘လူတွေကို ငါ တကယ် ချစ်ရဲ့လား။ ကိုယ့်အပေါ် ရိုင်းစိုင်းသူတွေကိုတောင် ထောက်ထားစာနာသလား။ ကိုယ့်ကြိုးစားအားထုတ်မှုကို လူအများစု တန်ဖိုးမထားရင်တောင်၊ ဆန့်ကျင်ရင်တောင် အချိန်၊ ခွန်အားစိုက်ထုတ်ပြီး ယေဟောဝါအကြောင်း သိလာအောင် လိုလိုလားလား ကူညီပေးသလား။ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ အချိန်ပိုပေးဖို့ နည်းလမ်းတွေ ရှာနိုင်မလား။’—ဧ. ၅:၁၅၊ ၁၆။
၁၀။ ယေရှုဟာ ငြိမ်သက်မှု ရှိအောင် ဘယ်လို လုပ်ဆောင်သလဲ။
၁၀ ယေရှုဟာ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူ ဖြစ်တယ်။ လူတွေ သူ့ကို ကောင်းကောင်း မဆက်ဆံတဲ့အခါမှာတောင် အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ဘူး။ ဒါပေမဲ့ ဒီလောက်ပဲ မဟုတ်ဘူး။ ငြိမ်သက်မှု ရှိအောင် ကိုယ့်ဘက်က အစပြု လုပ်ဆောင်တယ်။ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့လည်း တခြားသူတွေကို အားပေးတယ်။ ဥပမာ၊ ကိုယ့်ဝတ်ပြုရေးကို ယေဟောဝါ လက်ခံဖို့ ညီအစ်ကိုနဲ့ သင့်မြတ်အောင် လုပ်ရမယ်လို့ သွန်သင်ပေးတယ်။ (မ. ၅:၉၊ ၂၃၊ ၂၄) ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး တမန်တော်တွေ ငြင်းခုံတဲ့အခါ ဖြေရှင်းနိုင်ဖို့ အကြိမ်ကြိမ် ကူညီပေးတယ်။—လု. ၉:၄၆-၄၈။ ၂၂:၂၄-၂၇။
၁၁။ ဘယ်လိုနည်းနဲ့ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်နိုင်သလဲ။
၁၁ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူ ဖြစ်ဖို့ဆိုရင် ပြဿနာ မဖြစ်အောင် ရှောင်ရုံလောက်နဲ့ မပြီးဘူး။ တခြား သူတွေနဲ့ သင့်မြတ်ဖို့ ကိုယ့်ဘက်က အစပြုလုပ်ဆောင်ရမယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ ညီအစ်ကို/မတွေကို အားပေးရမယ်။ (ဖိ. ၄:၂၊ ၃။ ယာ. ၃:၁၇၊ ၁၈) ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးနိုင်တယ်– ‘တခြားသူတွေနဲ့ သင့်မြတ်ဖို့ ငါ ဘာတွေ စွန့်လွှတ်အနစ်နာခံသလဲ။ ညီအစ်ကို/မတစ်ယောက်ယောက် စိတ်ထိခိုက်အောင် လုပ်တဲ့အခါ အငြိုးထားသလား။ တခြားသူ လာဖြေရှင်းတဲ့အထိ စောင့်သလား ဒါမှမဟုတ် တစ်ဖက်လူကြောင့် ပြဿနာ ဖြစ်ရတာလို့ ယူဆရင်တောင် ကိုယ့်ဘက်က အစပြုပြီး သင့်မြတ်အောင် လုပ်ဆောင်သလား။ သင့်တော်တဲ့အခါတိုင်း အချင်းချင်း ပြေလည်အောင် ဖြေရှင်းဖို့ အားပေးသလား။’
၁၂။ ယေရှု ကြင်နာမှု ဘယ်လို ပြသလဲ။
၁၂ ယေရှုဟာ ကြင်နာတယ်။ (မ. ၁၁:၂၈-၃၀) ခက်ခဲတဲ့ အခြေအနေတွေမှာတောင် နူးညံ့သိမ်မွေ့ခြင်း၊ အကျိုးသင့်အကြောင်းသင့် ရှိခြင်းအားဖြင့် ကြင်နာမှု ပြတယ်။ ဥပမာ၊ သမီးကို ရောဂါကုသပေးဖို့ ဖိုနီးရှား အမျိုးသမီး တောင်းဆိုတဲ့အခါ အစပိုင်းမှာ မလိုက်လျောပေမဲ့ ကြီးမားတဲ့ ယုံကြည်ခြင်းကို မြင်ပြီး ကုသပေးလိုက်တယ်။ (မ. ၁၅:၂၂-၂၈) ယေရှုဟာ ကြင်နာပေမဲ့ လိုအပ်ချိန်မှာ မဆုံးမဘဲ မနေဘူး။ တစ်ခါတလေ ခိုင်မာပြတ်သားခြင်းအားဖြင့်လည်း ကြင်နာမှု ပြတယ်။ ဥပမာ၊ ယေဟောဝါရဲ့ အလိုအတိုင်း မလုပ်ဖို့ ပေတရု တားဆီးတဲ့အခါ တခြားတပည့်တွေရှေ့မှာ သူ့ကို ယေရှု ဆုံးမတယ်။ (မာ. ၈:၃၂၊ ၃၃) ဒီလိုလုပ်တာ ပေတရုကို အရှက်ခွဲဖို့ မဟုတ်ဘဲ လေ့ကျင့်ပေးဖို့၊ တခြားတပည့်တွေကိုလည်း ရောင့်မတက်လာအောင် သတိပေးဖို့ ဖြစ်တယ်။ ပေတရု စိတ်ကသိကအောက် ဖြစ်သွားမှာ ဖြစ်ပေမဲ့ ပဲ့ပြင်ဆုံးမမှုကနေ အကျိုးရခဲ့တယ်။
၁၃။ ဘယ်လိုနည်းနဲ့ ကြင်နာမှု ပြနိုင်သလဲ။
၁၃ ကိုယ်ချစ်တဲ့သူတွေကို ကြင်နာမှု ပြဖို့ဆိုရင် တစ်ခါတလေ ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုအပ်နိုင်တယ်။ အဲဒီလို ပြောတဲ့အခါ ကျမ်းစာမူတွေကို အခြေခံခြင်းအားဖြင့် ယေရှုကို တုပပါ။ နူးညံ့သိမ်မွေ့ပါ။ သူတို့ မှန်ရာကို လုပ်ချင်တယ်ဆိုတာ ယုံကြည်ပါ။ ယေဟောဝါနဲ့ သင့်ကို ချစ်ရင် သင့်အကြံပေးစကားကို နားထောင်မယ်ဆိုတာ စိတ်ချပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ကိုယ်ချစ်တဲ့သူတစ်ယောက်ယောက် အမှားလုပ်နေတာ တွေ့တဲ့အခါ တည့်မတ်ပေးရဲသလား။ အကြံပေးဆုံးမဖို့ လိုတဲ့အခါ ကြင်ကြင်နာနာ ပြောသလား ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်း ပြောသလား။ ဘယ်လို စိတ်ရင်းနဲ့ အကြံပေးတာလဲ။ စိတ်ဆိုးလို့လား ဒါမှမဟုတ် သူ့ရဲ့ အကောင်းဆုံး အကျိုးကို လိုလားလို့လား။’
၁၄။ ယေရှု ဘယ်လို ကောင်းမှု ပြုသလဲ။
၁၄ ယေရှုဟာ ကောင်းမြတ်ရာကို သိရုံသာမက ကောင်းမှုလည်း ပြုတယ်။ ဖခင်ကို ချစ်လို့ မှန်ရာကို စိတ်ရင်းမှန်နဲ့ အမြဲ လုပ်ဆောင်တယ်။ ကောင်းမြတ်မှုဟာ တခြားသူတွေအပေါ် အကျိုးသက်ရောက်တယ်။ ကောင်းမြတ်တဲ့သူဟာ တခြားသူတွေကို ကူညီဖို့ အမြဲ နည်းလမ်းရှာပြီး ကောင်းမှု ပြုတယ်။ မှန်ရာကို သိရုံနဲ့ မလုံလောက်ဘူး။ မှန်ရာကို စိတ်ရင်းမှန်နဲ့ လုပ်ရမယ်။ ‘မှန်ရာကို မကောင်းတဲ့ စိတ်နဲ့ လုပ်လို့ ရသလား’ လို့ တချို့ မေးကောင်း မေးမယ်။ လုပ်လို့ ရတယ်။ ဥပမာ၊ ဆင်းရဲသားတွေကို ပေးကမ်းစွန့်ကြဲပေမဲ့ လူသိရှင်ကြား ပေးကမ်းသူတွေအကြောင်း ယေရှု ပြောတယ်။ အဲဒီလို လူမြင်ကောင်းအောင် လုပ်တဲ့ ကောင်းမှုတွေကို ယေဟောဝါ မနှစ်သက်ဘူး။—မ. ၆:၁-၄။
၁၅။ ဘယ်လိုနည်းနဲ့ အမှန်တကယ် ကောင်းမြတ်သူတွေ ဖြစ်နိုင်သလဲ။
၁၅ မှန်ရာကို အတ္တစိတ် မပါဘဲ လုပ်မှသာ တကယ် ကောင်းမြတ်သူတွေ ဖြစ်နိုင်မယ်။ ဒါကြောင့် ‘မှန်ရာကို သိရုံသာမက အဲဒီအတိုင်း လုပ်သလား။ ဘယ်လို စိတ်ရင်းနဲ့ လုပ်တာလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။
စရိုက်သစ်ကို ဘယ်လို ကာကွယ်ထိန်းသိမ်းနိုင်သလဲ
၁၆။ နေ့တိုင်း ဘာလုပ်သင့်သလဲ။ ဘာကြောင့်လဲ။
၁၆ နှစ်ခြင်းခံချိန်မှာ စရိုက်သစ်ကို ကျွန်တော်တို့ အပြီးအပိုင် ဝတ်ပြီးသွားပြီလို့ မယူဆသင့်ဘူး။ “အဝတ်အစားသစ်” လိုပဲ စရိုက်သစ်ကိုလည်း ကာကွယ်ထိန်းသိမ်း ရမယ်။ ထိန်းသိမ်းနိုင်တဲ့ တစ်နည်းကတော့ နေ့တိုင်း ဘုရားစွမ်းအားတော် အရည်အသွေးတွေ တင်ပြခြင်းအားဖြင့်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါဘုရားဟာ အပြောသမား မဟုတ်ဘူး။ လက်တွေ့သမား ဖြစ်တယ်။ စွမ်းအားတော်ကို သုံးပြီး ကိစ္စရပ်တွေကို လက်တွေ့လုပ်ဆောင်တယ်။ ဒါကြောင့် ကျွန်တော်တို့လည်း စွမ်းအားတော် အရည်အသွေးတွေကို လက်တွေ့ တင်ပြရမယ်။ ဥပမာ၊ ‘လုပ်ရပ် မပါတဲ့ ယုံကြည်ခြင်းက အသေပဲ’ လို့ တပည့်တော် ယာကုပ် ပြောတယ်။ (ယာ. ၂:၂၆) တခြား အရည်အသွေးတွေလည်း အဲဒီလိုပဲ။ စွမ်းအားတော် အရည်အသွေးတွေ တင်ပြတဲ့အခါတိုင်း ကျွန်တော်တို့အပေါ် ဘုရားစွမ်းအားတော် သက်ရောက်နေတယ်ဆိုတဲ့ အထောက်အထားပါပဲ။
၁၇။ စွမ်းအားတော် အရည်အသွေးတွေ တင်ပြဖို့ ပျက်ကွက်မိတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။
၁၇ နှစ်ခြင်းခံပြီးတာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်တဲ့ ခရစ်ယာန်တွေတောင် စွမ်းအားတော် အရည်အသွေး တင်ပြဖို့ ပျက်ကွက်တဲ့အခါတွေ ရှိတယ်။ ဒါပေမဲ့ လက်မလျှော့ပါနဲ့။ ဒီဥပမာကို စဉ်းစားကြည့်ပါ။ ကိုယ့်အကြိုက်ဆုံး အင်္ကျီ စုတ်ပြဲသွားရင် ချက်ချင်း ပစ်လိုက်မလား။ မပစ်ပါဘူး။ အတတ်နိုင်ဆုံး ပြင်မှာပဲ။ ပြီးနောက် အရင်ကထက် ပိုဂရုစိုက်တော့မယ်။ အဲဒီလိုပဲ ကြင်နာဖို့၊ စိတ်ရှည်ဖို့၊ မေတ္တာပြဖို့ ပျက်ကွက်မိတဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ စိတ်ရင်းမှန်နဲ့ တောင်းပန်တာက ဆက်ဆံရေး ပြန်ကောင်းစေနိုင်တယ်။ အနာဂတ်မှာ ဒီ့ထက် ပိုကောင်းအောင် ကြိုးစားဖို့ စိတ်ပိုင်းဖြတ်ထားပါ။
၁၈။ ဘာကို စိတ်ချနိုင်သလဲ။
၁၈ ယေရှုရဲ့ ပုံသက်သေအတွက် ကျေးဇူးတင်စရာပါပဲ။ ယေရှုရဲ့ အတွေးအခေါ်၊ သဘောထားကို တုပလေ ယေရှုလို ပြုမူဖို့ ပိုလွယ်လေ ဖြစ်ပါလိမ့်မယ်။ ယေရှုလို ပြုမူလေ စရိုက်သစ်ကို ပိုကောင်းကောင်း ဝတ်ဆင်နိုင်လေ ဖြစ်ပါလိမ့်မယ်။ ဘုရားစွမ်းအားတော် အရည်အသွေး လေးခုကိုပဲ ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့ကြတယ်။ တခြား စွမ်းအားတော် အရည်အသွေးတွေကိုလည်း အချိန်ယူ သုံးသပ်ပါ။ အဲဒီအရည်အသွေးတွေကို ဘယ်လောက် ကောင်းကောင်း တင်ပြနေသလဲဆိုတာ ဆန်းစစ်ကြည့်ပါ။ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှုလမ်းညွှန် ထဲက “ခရစ်ယာန်အသက်တာ၊” “စွမ်းအားတော် အရည်အသွေးများ” ခေါင်းစဉ်အောက်မှာ ဆောင်းပါးတွေ ရှာတွေ့နိုင်တယ်။ စရိုက်သစ် ဝတ်ဆင်ဖို့၊ ဆက်ဝတ်ဆင်ထားဖို့ အတတ်နိုင်ဆုံး ကြိုးစားနေမယ်ဆိုရင် ယေဟောဝါ ကူညီပေးမှာ စိတ်ချနိုင်ပါတယ်။
သီချင်း ၁၂၇ ဘယ်လိုလူစားမျိုး ဖြစ်သင့်
^ အပိုဒ်၊ 5 ကျွန်တော်တို့ နောက်ခံ ဘယ်လိုပဲ ရှိပါစေ “စရိုက်သစ်” ကို ဝတ်ဆင်နိုင်တယ်။ အဲဒီလို ဝတ်ဆင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံကို ယေရှု တွေးခေါ်ပုံနဲ့အညီ ပြောင်းလဲဖို့ လိုတယ်။ ယေရှုရဲ့ အတွေးအခေါ်၊ လုပ်ရပ် ပုံနမူနာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ နှစ်ခြင်းခံပြီးနောက်မှာတောင် ယေရှုကို ဘယ်လို ဆက်တုပနိုင်ကြောင်းလည်း သုံးသပ်ကြပါမယ်။
^ အပိုဒ်၊ 4 ဂလာတိ ၅:၂၂၊ ၂၃ မှာ ဖော်ပြထားတာတွေဟာ ဘုရားစွမ်းအားတော် အရည်အသွေး အားလုံး မဟုတ်ဘူး။ ထပ်သိချင်ရင် ၂၀၂၀၊ ဇွန်လထုတ် ကင်းမျှော်စင် “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။