လေ့လာရန် ဆောင်းပါး ၁၄
အကြီးအကဲတို့၊ တမန်တော် ပေါလုကို ဆက်တုပနေပါ
“ကျွန်တော့်ကို အတုယူကြပါ။”—၁ ကော. ၁၁:၁။
သီချင်း ၉၉ မြောက်မြားလှတဲ့ ညီအစ်ကိုများ
အကြိုသုံးသပ်ချက် *
၁-၂။ တမန်တော် ပေါလုရဲ့ ပုံသက်သေက ဒီနေ့ခေတ် အကြီးအကဲတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
တမန်တော် ပေါလုဟာ ညီအစ်ကို/မတွေကို ချစ်တယ်။ သူတို့အကျိုးအတွက် မမောနိုင် မပန်းနိုင် ကြိုးစားလုပ်ဆောင်တယ်။ (တ. ၂၀:၃၁) ဒါကြောင့် ယုံကြည်သူချင်းတွေကလည်း ပေါလုကို သိပ်ချစ်ကြတယ်။ တစ်ကြိမ်မှာ ဧဖက်မြို့က အကြီးအကဲတွေ တမန်တော် ပေါလုကို နောက်တစ်ခါ ပြန်တွေ့တော့မှာ မဟုတ်ဘူးလို့ သိတဲ့အခါ “ရှိုက်ကြီးတငင် ငိုကြွေးကြတယ်။” (တ. ၂၀:၃၇) အလုပ်ကြိုးစားတဲ့ အကြီးအကဲတွေလည်း ညီအစ်ကို/မတွေကို ချစ်ကြတယ်။ အတတ်နိုင်ဆုံး ကူညီပေးကြတယ်။ (ဖိ. ၂:၁၆၊ ၁၇) ဒါပေမဲ့ တစ်ခါတလေ အကြီးအကဲတွေလည်း အခက်အခဲတွေ ကြုံရတယ်။ အဲဒါတွေကို ကျော်လွှားဖို့ သူတို့ကို ဘာက ကူညီပေးနိုင်သလဲ။
၂ အကြီးအကဲတွေဟာ ပေါလုရဲ့ ပုံသက်သေကို သုံးသပ်ကြည့်နိုင်တယ်။ (၁ ကော. ၁၁:၁) သူဟာ သာမန်လူသားပဲ ဖြစ်တယ်။ မစုံလင်တဲ့အတွက် မှန်ရာ လုပ်ဖို့ ခက်တဲ့အချိန်တွေ ရှိတယ်။ (ရော. ၇:၁၈-၂၀) အခက်အခဲတွေလည်း အများကြီး ကြုံရတယ်။ ဒါပေမဲ့ ပျော်ရွှင်မှု မပျောက်သွားဘူး။ ပေါလုကို တုပမယ်ဆိုရင် အကြီးအကဲတွေလည်း ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး အမှုတော်မှာ ဆက်ပျော်ရွှင်နေပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့လဲဆိုတာ သုံးသပ်ကြည့်ကြစို့။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။ ဘာတွေ ထပ်သိရမလဲ။
၃ ဒီဆောင်းပါးမှာ အကြီးအကဲတွေ ရင်ဆိုင်ရတဲ့ အခက်အခဲ လေးခုအကြောင်း သုံးသပ်သွားမယ်။ (၁) ဟောပြောခြင်းနဲ့ တခြားတာဝန်တွေကို မျှမျှတတ လုပ်ဆောင်ခြင်း၊ (၂) သိုးထိန်းကောင်း ဖြစ်ဖို့ အချိန်ရှာရခြင်း၊ (၃) ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကို ကိုင်တွယ်ခြင်း၊ (၄) တခြားသူတွေရဲ့ အားနည်းချက်တွေကို ကိုင်တွယ်ခြင်းတို့ ဖြစ်တယ်။ အဲဒီအခက်အခဲတွေကို ပေါလု ဘယ်လို ကျော်လွှားခဲ့ကြောင်း၊ သူ့ပုံသက်သေကို အကြီးအကဲတွေ ဘယ်လို တုပနိုင်ကြောင်း ဆွေးနွေးကြပါမယ်။
ဟောပြောခြင်းနဲ့ တခြားတာဝန်တွေကို မျှမျှတတ လုပ်ဆောင်ခြင်း
၄။ ဟောပြောခြင်းလုပ်ငန်းမှာ ပုံသက်သေကောင်း ပြဖို့ အကြီးအကဲတွေ ဘာကြောင့် ခက်နိုင်သလဲ။
၄ ဒါက ဘာကြောင့် အခက်အခဲ ဖြစ်သလဲ။ အကြီးအကဲတွေဟာ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ပေးရတယ်။ ဒါပေမဲ့ တခြားတာဝန်တွေလည်း အများကြီး ရှိတယ်။ ဥပမာ၊ ကြားရက် အသင်းတော် အစည်းအဝေး အစီအစဉ်နဲ့ အသင်းတော် ကျမ်းစာလေ့လာမှု အစီအစဉ်တွေကို အလှည့်ကျ ဦးဆောင်ပေးရတယ်။ တခြား ဟောပြောချက် တာဝန်တွေလည်း ရှိနိုင်တယ်။ အသင်းတော် အမှုထမ်းတွေကို လေ့ကျင့်ပေးရသလို ညီအစ်ကို/မတွေကိုလည်း အားပေးကြရတယ်။ (၁ ပေ. ၅:၂) တချို့အကြီးအကဲတွေဟာ နိုင်ငံတော်ခန်းမနဲ့ တခြားဝတ်ပြုရေး အဆောက်အဦတွေ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ ပါဝင်နေကြတယ်။ ဒါပေမဲ့ အသင်းတော်မှာ ရှိတဲ့ တခြားသူအားလုံးလိုပဲ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို အဓိကထားကြတယ်။—မ. ၂၈:၁၉၊ ၂၀။
၅။ ဟောပြောသူတစ်ယောက်အနေနဲ့ ပေါလု ဘယ်လို ပုံသက်သေ ပြခဲ့သလဲ။
၅ ပေါလုရဲ့ ပုံသက်သေ။ အောင်မြင်တဲ့ ဟောပြောသူတစ်ယောက် ဖြစ်ဖို့ ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိပါ’ လို့ ဖိလိပ္ပိ ၁:၁၀ မှာ ပေါလု တိုက်တွန်းတယ်။ ပေါလု ကိုယ်တိုင် အဲဒီအတိုင်း လုပ်ခဲ့တယ်။ အမှုဆောင်သူအဖြစ် တာဝန်ခန့်အပ်ခံရတဲ့အခါ ဟောပြောခြင်းလုပ်ငန်းကို ဘဝမှာ အဓိကထားတယ်။ “လူအများရှေ့မှာရော၊ တစ်အိမ်တက်ဆင်း သွားပြီးတော့ရော ဟောပြောသွန်သင်ပေးခဲ့တယ်။” (တ. ၂၀:၂၀) သတ်သတ်မှတ်မှတ် အချိန်ကျမှ ဟောပြောဖို့၊ တစ်ပတ် တစ်ရက်ပဲ ဟောဖို့ မသတ်မှတ်ထားဘူး။ အခွင့်အရေး ရတိုင်း ဟောပြောခဲ့တယ်။ ဥပမာ၊ အေသင်မြို့မှာ မိတ်ဆွေတွေကို စောင့်ရင်း အထင်ကရ လူအုပ်တစ်အုပ်ကို သတင်းကောင်း ဟောတဲ့အခါ တချို့ လက်ခံကြတယ်။ (တ. ၁၇:၁၆၊ ၁၇၊ ၃၄) “အကျဉ်းကျ” နေချိန်မှာတောင် အနီးမှာ ရှိတဲ့သူတွေကို ဟောပြောတယ်။—ဖိ. ၁:၁၃၊ ၁၄။ တ. ၂၈:၁၆-၂၄။
၆။ တခြားသူတွေကို ပေါလု ဘယ်လို လေ့ကျင့်ပေးသလဲ။
၆ ပေါလုဟာ အချိန်ကို အကျိုးရှိရှိ အသုံးပြုတယ်။ တခြားသူတွေကိုလည်း အမှုဆောင်လုပ်ငန်းမှာ မိမိနဲ့အတူ ပါဝင်ဖို့ ဖိတ်ခေါ်တယ်။ ဥပမာ၊ ပထမ သာသနာပြု ခရီးစဉ်မှာ မာကုလို့လည်း ခေါ်တဲ့ ယောဟန်၊ ဒုတိယ ခရီးစဉ်မှာ တိမောသေကို ခေါ်သွားတယ်။ (တ. ၁၂:၂၅။ ၁၆:၁-၄) အသင်းတော် ဖွဲ့စည်းပုံ၊ သိုးထိန်းလုပ်ငန်း လုပ်ဆောင်ပုံ၊ သွန်သင်သူကောင်း ဖြစ်နိုင်ပုံတွေကို ကောင်းကောင်း လေ့ကျင့်ပေးခဲ့မှာ သေချာတယ်။—၁ ကော. ၄:၁၇။
၇။ ဧဖက် ၆:၁၄၊ ၁၅ မှာ ပါတဲ့ ပေါလုရဲ့ စကားကို အကြီးအကဲတွေ ဘယ်လို လိုက်လျှောက်နိုင်သလဲ။
၇ သင်ခန်းစာ။ ပေါလုလိုပဲ အကြီးအကဲတွေဟာ တစ်အိမ်တက်ဆင်းမှာသာမက အချိန်အခါမရွေး ဟောပြောဖို့ အသင့်ရှိနေ သင့်တယ်။ (ဧဖက် ၆:၁၄၊ ၁၅ ကို ဖတ်ပါ။) ဥပမာ၊ စျေးဝယ်ချိန်မှာ၊ အလုပ်မှာ သက်သေခံနိုင်တယ်။ ဝတ်ပြုရေး အဆောက်အဦ ဆောက်လုပ်ရေးမှာ ပါဝင်တဲ့အခါ အိမ်နီးချင်းတွေ၊ စျေးဆိုင်ပိုင်ရှင်တွေကို သတင်းကောင်း ဟောနိုင်တယ်။ ပေါလုလိုပဲ အမှုဆောင်လုပ်ငန်းမှာ တွဲလုပ်ဆောင်ရင်း အသင်းတော် အမှုထမ်းတွေနဲ့ တခြားသူတွေကို လေ့ကျင့်ပေးနိုင်တယ်။
၈။ တစ်ခါတလေ အကြီးအကဲတွေ ဘာလုပ်ဖို့ လိုသလဲ။
၈ အကြီးအကဲတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ မပါဝင်နိုင်တဲ့အထိ တိုက်နယ်မှာ၊ အသင်းတော်မှာ တာဝန်တွေနဲ့ အလုပ်များနေတာမျိုး မဖြစ်သင့်ဘူး။ မျှမျှတတ ရှိဖို့ တချို့တာဝန်တွေကို ငြင်းပယ်ရနိုင်တယ်။ မိသားစု ဝတ်ပြုမှု လုပ်ဖို့၊ ဟောပြောခြင်း လုပ်ငန်းမှာ အပြည့်အဝ ပါဝင်နိုင်ဖို့၊ သားသမီးတွေကို လေ့ကျင့်ပေးဖို့ စတဲ့ ပိုအရေးကြီးတဲ့ တာဝန်တွေ လုပ်ဆောင်နိုင်အောင် တချို့တာဝန်တွေကို ငြင်းဖို့ လိုကြောင်း ဆုတောင်း သုံးသပ်ပြီးနောက် သိလာနိုင်တယ်။ လုပ်ငန်းတော် အခွင့်ထူးတချို့ကို ငြင်းပယ်ဖို့ ခက်နိုင်ပေမဲ့ အရာအားလုံးကို မျှမျှတတ ဖြစ်အောင် လုပ်ချင်တဲ့ သင့်ရဲ့ ဆန္ဒကို ယေဟောဝါ နားလည်ကြောင်း စိတ်ချပါ။
သိုးထိန်းကောင်း ဖြစ်ဖို့ အချိန်ရှာရခြင်း
၉။ အလုပ်များတဲ့ အကြီးအကဲတွေ ဘယ်အခက်အခဲ ကြုံရသလဲ။
၉ ဒါက ဘာကြောင့် အခက်အခဲ ဖြစ်သလဲ။ ယေဟောဝါရဲ့ လူမျိုးဟာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ ဒီနောက်ဆုံးကာလမှာ ကျွန်တော်တို့ အားလုံး အားပေးထောက်မမှုနဲ့ နှစ်သိမ့်မှု လိုအပ်ကြတယ်။ တစ်ခါတလေ မကောင်းတဲ့ အကျင့်တချို့ကို ရှောင်နိုင်ဖို့ အကူအညီ လိုအပ်တယ်။ (၁ သက်. ၅:၁၄) ယေဟောဝါရဲ့လူမျိုး ကြုံနေရတဲ့ ပြဿနာအားလုံးကို အကြီးအကဲတွေ မဖယ်ရှားပေးနိုင်ဘူး။ ဒါပေမဲ့ သိုးတော်စုကို အားပေးဖို့၊ ကာကွယ်ပေးဖို့ အကြီးအကဲတွေဆီက ယေဟောဝါ မျှော်လင့်တယ်။ လိုအပ်သူတွေကို ကူညီပေးဖို့ အလုပ်များတဲ့ အကြီးအကဲတွေ ဘယ်လို အချိန်ရမလဲ။
၁၀။ ၁ သက်သာလောနိတ် ၂:၇ အရ ယေဟောဝါရဲ့ လူမျိုးကို ပေါလု ဘယ်လို ဂရုစိုက်သလဲ။
၁၀ ပေါလုရဲ့ ပုံသက်သေ။ ပေါလုဟာ ညီအစ်ကိုတွေကို အခွင့်အရေးရှာ ချီးမွမ်း၊ အားပေးတယ်။ အကြီးအကဲတွေလည်း ယေဟောဝါရဲ့ လူမျိုးကို မေတ္တာနဲ့ ကြင်နာစွာ ဆက်ဆံခြင်းအားဖြင့် ပေါလုရဲ့ ပုံသက်သေကို တုပသင့်တယ်။ (၁ သက်သာလောနိတ် ၂:၇ ကို ဖတ်ပါ။) ညီအစ်ကို/မတွေကို မိမိ ချစ်ကြောင်း၊ ယေဟောဝါလည်း ချစ်ကြောင်း ပေါလု စိတ်ချစေတယ်။ (၂ ကော. ၂:၄။ ဧ. ၂:၄၊ ၅) အသင်းတော်မှာ ရှိသူတွေကို မိတ်ဆွေတွေအဖြစ် အချိန်ပေး ပေါင်းသင်းတယ်။ ကိုယ့်ရဲ့ စိုးရိမ်မှုတွေ၊ အားနည်းချက်တွေကို ဖွင့်ပြောခြင်းအားဖြင့် သူတို့ကို ယုံကြည်စိတ်ချကြောင်း ပြတယ်။ (၂ ကော. ၇:၅။ ၁ တိ. ၁:၁၅) ဒါပေမဲ့ ကိုယ့်ပြဿနာတွေကိုပဲ အာရုံစိုက်မယ့်အစား ညီအစ်ကို/မတွေကို ကူညီပေးချင်တယ်။
၁၁။ ညီအစ်ကို/မတွေကို ပေါလု ဘာကြောင့် ဆုံးမသလဲ။
၁၁ တစ်ခါတလေ ညီအစ်ကို/မတွေကို ပေါလု ဆုံးမတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဒေါသနဲ့ မဆုံးမဘူး။ သူတို့ကို ချစ်လို့၊ အန္တရာယ် အမျိုးမျိုးကနေ ကာကွယ်ပေးချင်လို့ ဆုံးမတာ။ နားလည်ရ လွယ်စေမယ့်၊ လက်ခံရ လွယ်စေမယ့် နည်းနဲ့ ပြောဆိုဆုံးမတယ်။ ဥပမာ၊ ကောရိန္သု အသင်းတော်ကို ပေါလု စာရေးပြီး ပြင်းပြင်းထန်ထန် ဆုံးမတယ်။ စာကို သူတို့ ဘယ်လို တုံ့ပြန်သလဲဆိုတာ သိချင်လို့ နောက်ပိုင်း တိတုကို လွှတ်လိုက်တယ်။ ဆုံးမမှုကို သူတို့ ကောင်းကောင်း လက်ခံပြီး လက်တွေ့ကျင့်သုံးနေကြောင်း ကြားတဲ့အခါ ပေါလု သိပ်ဝမ်းသာမှာပဲ။—၂ ကော. ၇:၆၊ ၇။
၁၂။ ယုံကြည်သူချင်းတွေကို အကြီးအကဲတွေ ဘယ်လို အားပေးနိုင်သလဲ။
၁၂ သင်ခန်းစာ။ ယုံကြည်သူချင်းတွေနဲ့ အချိန်ပေး ပေါင်းသင်းခြင်းအားဖြင့် ပေါလုရဲ့ ပုံသက်သေကို အကြီးအကဲတွေ တုပနိုင်တယ်။ လုပ်နိုင်တဲ့ တစ်နည်းကတော့ အသင်းတော် အစည်းအဝေးတွေကို စောစောရောက်နေပြီး တခြားသူတွေကို အားပေးစကားပြောခြင်း ဖြစ်တယ်။ လိုအပ်နေတဲ့ ညီအစ်ကို/မတစ်ယောက်ကို မေတ္တာပါတဲ့ အားပေးစကားပြောဖို့ အချိန်အနည်းငယ်လောက်ပဲ လိုပါတယ်။ (ရော. ၁:၁၂။ ဧ. ၅:၁၆) အကြီးအကဲတွေဟာ ပေါလုရဲ့ ပုံသက်သေကို တုပပြီး ညီအစ်ကို/မတွေ ယုံကြည်ခြင်း ခိုင်မာအောင် ကျမ်းစာသုံးပြီး အားပေးနိုင်တယ်။ သူတို့ကို ဘုရား ချစ်မြတ်နိုးကြောင်း၊ မိမိတို့လည်း ချစ်ကြောင်း စိတ်ချစေကြတယ်။ သူတို့နဲ့ အမြဲ ပြောဆို ဆက်သွယ်တယ်။ အခွင့်အရေး ရှာပြီး ချီးမွမ်းတယ်။ ဆုံးမဖို့ လိုတဲ့အခါ ကျမ်းစာနဲ့အညီ ဆုံးမတယ်။ ဆုံးမစကားကို လိုက်နာစေချင်လို့ ကြင်ကြင်နာနာ၊ တိတိကျကျ ပြောတယ်။—ဂလ. ၆:၁။
ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကို ကိုင်တွယ်ခြင်း
၁၃။ အားနည်းချက်တွေက အကြီးအကဲတစ်ယောက်အပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။
၁၃ ဒါက ဘာကြောင့် အခက်အခဲ ဖြစ်သလဲ။ အကြီးအကဲတွေ မစုံလင်ကြဘူး။ တခြားသူတွေလိုပဲ မှားတတ်ကြတယ်။ (ရော. ၃:၂၃) ကိုယ့်အားနည်းချက်ကို မျှမျှတတ မရှုမြင်တဲ့ အချိန်တွေ ရှိနိုင်တယ်။ တချို့က ကိုယ်မလုပ်နိုင်တာတွေကိုပဲ အာရုံစိုက်လွန်းလို့ စိတ်ဓာတ်ကျလာတယ်။ တချို့ကျတော့လည်း ကိုယ့်အားနည်းချက်တွေကို အရေးမကြီးပါဘူးလို့ သဘောထားပြီး ဘာအပြောင်းအလဲမှ မလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတတ်တယ်။
၁၄။ ဖိလိပ္ပိ ၄:၁၃ အရ အားနည်းချက်တွေကို ရင်ဆိုင်ဖို့ နှိမ့်ချမှုက ပေါလုကို ဘယ်လို ကူညီပေးသလဲ။
၁၄ ပေါလုရဲ့ ပုံသက်သေ။ ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကို ကိုယ့်အစွမ်းနဲ့ မဖြေရှင်းနိုင်မှန်း၊ ဘုရားရဲ့ ထောက်မမှု လိုအပ်မှန်း ပေါလု နှိမ့်ချစွာ အသိအမှတ်ပြုတယ်။ အစောပိုင်းမှာ ပေါလုဟာ ခေါင်းမာသူ၊ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းသူ ဖြစ်တယ်။ နောက်ပိုင်း၊ ကိုယ့်အမှားတွေကို သိလာပြီး စိတ်သဘောထားနဲ့ စရိုက်တွေကို လိုလိုလားလား ပြောင်းလဲခဲ့တယ်။ (၁ တိ. ၁:၁၂-၁၆) ယေဟောဝါရဲ့ အကူအညီကြောင့် မေတ္တာရှိတဲ့၊ သနားစာနာတဲ့၊ နှိမ့်ချတဲ့ သိုးထိန်း ဖြစ်လာတယ်။ အားနည်းချက်တွေ အများကြီး ရှိမှန်း သိပေမဲ့ အဲဒါတွေကိုပဲ မစဉ်းစားဘူး။ ယေဟောဝါ ခွင့်လွှတ်ပေးမယ်ဆိုတာ ယုံကြည်တယ်။ (ရော. ၇:၂၁-၂၅) ပြည့်ဝစုံလင်ဖို့ မမျှော်လင့်ဘူး။ အဲဒီအစား ခရစ်ယာန် အရည်အသွေးတွေ တင်ပြရာမှာ တိုးတက်ဖို့ နှိမ့်ချစွာ ကြိုးစားတယ်။ အမှုဆောင်လုပ်ငန်း အောင်မြင်ဖို့ ယေဟောဝါရဲ့ အကူအညီကို ပေါလု အားကိုးတယ်။—၁ ကော. ၉:၂၇။ ဖိလိပ္ပိ ၄:၁၃ ကို ဖတ်ပါ။
၁၅။ ကိုယ့်မစုံလင်မှုနဲ့ပတ်သက်ပြီး အကြီးအကဲတွေ ဘယ်မျှတတဲ့အမြင် ရှိသင့်သလဲ။
၁၅ သင်ခန်းစာ။ ပြည့်ဝစုံလင်လို့ အကြီးအကဲအဖြစ် ခန့်အပ်ခံရတာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အမှားတွေကို အသိအမှတ်ပြု ဝန်ခံဖို့၊ ခရစ်ယာန် အရည်အသွေးတွေ မွေးမြူဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ဧ. ၄:၂၃၊ ၂၄) အကြီးအကဲ တစ်ယောက်ဟာ ကျမ်းစာ သုံးပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်သင့်တယ်။ လိုအပ်သလို ပြုပြင်ပြောင်းလဲသင့်တယ်။ ဒါဆိုရင် ပျော်ရွှင်၊ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးပါလိမ့်မယ်။—ယာ. ၁:၂၅။
တခြားသူတွေရဲ့ အားနည်းချက်တွေကို ကိုင်တွယ်ခြင်း
၁၆။ တခြားသူတွေရဲ့ မစုံလင်မှုကို အကြီးအကဲတွေ အာရုံစိုက်နေရင် ဘာဖြစ်သွားနိုင်သလဲ။
၁၆ ဒါက ဘာကြောင့် အခက်အခဲ ဖြစ်သလဲ။ အကြီးအကဲတွေဟာ အသင်းတော်မှာ ညီအစ်ကို/မတွေနဲ့ အနီးကပ် လုပ်ဆောင်ရလို့ သူတို့ရဲ့ အားနည်းချက်တွေကို သိလာနိုင်တယ်။ ဒါကြောင့် သတိမထားဘူးဆိုရင် စိတ်ပျက်မိနိုင်တယ်။ ကြမ်းကြမ်းတမ်းတမ်း ပြောမိနိုင်တယ်။ ပြစ်တင်ဝေဖန်မိနိုင်တယ်။ စာတန် အဲဒီလိုဖြစ်စေချင်တာလို့ ခရစ်ယာန်တွေကို ပေါလု သတိပေးတယ်။—၂ ကော. ၂:၁၀၊ ၁၁။
၁၇။ ညီအစ်ကို/မတွေကို ပေါလု ဘယ်လို ရှုမြင်သလဲ။
၁၇ ပေါလုရဲ့ ပုံသက်သေ။ ပေါလုဟာ ညီအစ်ကို/မတွေရဲ့ ကောင်းကွက်တွေကိုပဲ အမြဲ ကြည့်တယ်။ သူတို့ရဲ့ အမှားတွေကို ကောင်းကောင်း သိတယ်။ တစ်ခါတလေ သူတို့ကြောင့် ပေါလု နာကျင်ခံစားရတယ်။ ဒါပေမဲ့ မကောင်းတဲ့လူနဲ့ မကောင်းတဲ့ လုပ်ရပ်ရဲ့ ကွာခြားချက်ကို ပေါလု သိတယ်။ ညီအစ်ကို/မတွေကို ချစ်ပြီး သူတို့ရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်တယ်။ မှန်ရာကို လုပ်ဖို့ သူတို့ အခက်တွေ့နေရင်တောင် စိတ်ရင်းကောင်း ရှိတယ်၊ အကူအညီပဲ လိုနေတာလို့ ရှုမြင်တယ်။
၁၈။ ဧဝေါဒိနဲ့ သုန္တုတ်ရဲ့ အခြေအနေကို ပေါလု ကိုင်တွယ်ပုံကနေ ဘာသိရသလဲ။ (ဖိလိပ္ပိ ၄:၁-၃)
၁၈ ဖိလိပ္ပိ အသင်းတော်က ညီအစ်မ နှစ်ယောက်ကို ပေါလု ဘယ်လို ကူညီပေးကြောင်း သုံးသပ်ကြည့်ပါ။ (ဖိလိပ္ပိ ၄:၁-၃ ကို ဖတ်ပါ။) ဧဝေါဒိနဲ့ သုန္တုတ်ဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် အဆင်မပြေ ဖြစ်လာကြတယ်။ သူတို့ကို ပေါလု ကြမ်းကြမ်းတမ်းတမ်း ပြစ်တင်ဝေဖန်မယ့်အစား အရည်အချင်းကောင်းတွေကို အာရုံစိုက်တယ်။ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့သူတွေ ဖြစ်မှန်း၊ သူတို့ကို ယေဟောဝါ ချစ်မှန်း ပေါလု သိတယ်။ ပေါလုမှာ အဲဒီလို အကောင်းမြင်စိတ် ရှိတဲ့အတွက် ပြန်သင့်မြတ်အောင် လုပ်ဖို့ သူတို့ကို တိုက်တွန်းတယ်။ ညီအစ်ကို/မတွေရဲ့ အရည်အချင်းကောင်းတွေကို ပေါလု အာရုံစိုက်တဲ့အတွက် ကိုယ်တိုင် ပျော်ရွှင်သလို သူတို့နဲ့ ဆက်ဆံရေးကောင်း ဆက်ရှိနေခဲ့တယ်။
၁၉။ (က) အကြီးအကဲတွေအနေနဲ့ ယုံကြည်သူချင်းတွေအပေါ် အကောင်းမြင် သဘောထား ဘယ်လို ဆက်ရှိနိုင်မလဲ။ (ခ) နိုင်ငံတော်ခန်းမ သန့်ရှင်းရေး လုပ်နေတဲ့ အကြီးအကဲရဲ့ ရုပ်ပုံကနေ ဘာသင်ယူနိုင်သလဲ။
၁၉ သင်ခန်းစာ။ အကြီးအကဲတို့၊ ညီအစ်ကို/မတွေရဲ့ အရည်အချင်းကောင်းတွေကို ရှာပါ။ မစုံလင်ကြပေမဲ့ ယောက်တိုင်းမှာ နှစ်သက်ဖွယ် အရည်အသွေးကောင်းတွေ ရှိကြတယ်။ (ဖိ. ၂:၃) အကြီးအကဲတွေအနေနဲ့ မကြာခဏ တည့်မတ်ပေးရတာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ပေါလုလိုပဲ တစ်ယောက်ယောက်ရဲ့ စိတ်ဆိုးစရာ အပြော၊ လုပ်ရပ်ကိုပဲ အာရုံမစိုက်ပါနဲ့။ အဲဒီအစား ယေဟောဝါကို သူတို့ ချစ်တယ်၊ သစ္စာရှိရှိ အမှုဆောင်နေတယ်၊ သူတို့ ပြန်ကောင်းလာနိုင်တယ်ဆိုတာ အာရုံစိုက်သင့်တယ်။ အကြီးအကဲတွေမှာ အကောင်းမြင်တဲ့ သဘောထား ရှိမယ်ဆိုရင် ညီအစ်ကို/မတွေ နွေးထွေးမှုနဲ့ မေတ္တာ ခံစားရပါလိမ့်မယ်။
ပေါလုကို ဆက်တုပနေပါ
၂၀။ ပေါလုရဲ့ ပုံသက်သေကနေ အကြီးအကဲတွေ ဘယ်လို အကျိုးရနိုင်သလဲ။
၂၀ ပေါလုရဲ့ ပုံသက်သေကို ဆက်လေ့လာတာ အကူအညီ ဖြစ်မှန်း အကြီးအကဲတွေ တွေ့လာပါလိမ့်မယ်။ အဲဒီလို လေ့လာတဲ့အခါ ‘အကြီးအကဲ တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ရင်း ဆက်ပျော်ရွှင်နေဖို့ ပေါလုရဲ့ ပုံသက်သေက ငါ့ကို ဘယ်လို ကူညီပေးသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ဥပမာ၊ က၉၇ ၈/၁ စာ. ၁၇-၁၈။ bt ၉၉၊ ၁၆၆-၁၆၇ တို့ကို ကြည့်ပါ။)
၂၁။ အကြီးအကဲတွေ ဘာကို စိတ်ချနိုင်သလဲ။
၂၁ အကြီးအကဲတို့၊ ယေဟောဝါက သင်တို့ ပြည့်ဝစုံလင်ဖို့ မတောင်းဆိုဘူး။ သစ္စာရှိဖို့ပဲ တောင်းဆိုတယ်ဆိုတာ သတိရပါ။ (၁ ကော. ၄:၂) ပေါလုရဲ့ ကြိုးစားလုပ်ဆောင်မှုနဲ့ သစ္စာရှိမှုကို ယေဟောဝါ တန်ဖိုးထားလေးမြတ်တယ်။ သင်တို့ရဲ့ လုပ်ဆောင်မှုကိုလည်း တန်ဖိုးထားလေးမြတ်မယ်ဆိုတာ စိတ်ချနိုင်တယ်။ “ခင်ဗျားတို့က သန့်ရှင်းသူတွေကို အလုပ်အကျွေးပြုခဲ့တယ်၊ အခုလည်း အလုပ်အကျွေးပြုနေတယ်။ . . . ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက် ပြတဲ့ မေတ္တာကို [ယေဟောဝါ] ဘယ်တော့မှ မမေ့ပါဘူး။”—ဟီ. ၆:၁၀။
သီချင်း ၈၇ လာကြ၊ လန်းဆန်းမှု ရယူကြ
^ အပိုဒ်၊ 5 အကြီးအကဲတွေရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကနေ အကျိုးရလို့ ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲ လေးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ အဲဒီအခက်အခဲတွေကို ဖြေရှင်းဖို့ တမန်တော် ပေါလုရဲ့ ပုံသက်သေက ဒီနေ့ခေတ် အကြီးအကဲတွေကို ဘယ်လို ကူညီပေးကြောင်းလည်း လေ့လာကြမယ်။ အကြီးအကဲတွေကို ချစ်မြတ်နိုးလာပြီး ထောက်မပေးဖို့၊ ကိုယ်ချင်းစာနိုင်ဖို့ ဒီဆောင်းပါးက လှုံ့ဆော်ပေးပါလိမ့်မယ်။
^ အပိုဒ်၊ 61 ပုံအညွှန်း– ညီအစ်ကိုတစ်ယောက် အလုပ်က အပြန် အလုပ်ဖော်ကို သတင်းကောင်း ပြောနေ။
^ အပိုဒ်၊ 63 ပုံအညွှန်း– တစ်ယောက်တည်း သီးသန့် ထိုင်နေတဲ့ ညီအစ်ကိုတစ်ယောက်ကို အကြီးအကဲ သွားစကားပြောနေ။
^ အပိုဒ်၊ 65 ပုံအညွှန်း– ကိစ္စတစ်ခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ ညီအစ်ကိုတစ်ယောက်ကို နောက်ညီအစ်ကို အကြံဉာဏ်ကောင်း ပေးနေ။
^ အပိုဒ်၊ 67 ပုံအညွှန်း– လုပ်လက်စ အလုပ်ကို အာရုံမစိုက်နိုင် ဖြစ်နေတဲ့ ညီအစ်ကိုကို အကြီးအကဲ အပြစ်မတင်။