မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၄

“ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်”

“ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်”

“အချင်းချင်း ချစ်မယ်​ဆိုရင် ခင်ဗျားတို့​ဟာ ကျွန်တော့်​တပည့်တွေပဲဆိုတာ လူတွေ သိ​လိမ့်မယ်။” —ယော. ၁၃:၃၅

သီချင်း ၁၀၆ မေတ္တာ​တရားကို ပျိုးထောင်​ခြင်း

အကြို​သုံးသပ်ချက် a

ယေဟောဝါလူမျိုး​ကြားမှာ ရှိတဲ့ မေတ္တာကို မြင်ရတာက သက်သေခံ မဟုတ်သူများ​စွာ​အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ (စာပိုဒ် ၁ ကို ကြည့်ပါ)

၁။ ဦးဆုံး​အကြိမ် အစည်းအဝေး လာတက်တဲ့ စိတ်ဝင်စားသူ​တွေ ဘာကို သတိထားမိလေ့​ရှိသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

 ယေဟောဝါ​သက်သေ​တွေ​ရဲ့ နိုင်ငံတော်​ခန်းမမှာ မောင်နှံတစ်စုံ ဦးဆုံး​အကြိမ် အစည်းအဝေး လာတက်တယ်​လို့ မြင်ယောင်​ကြည့်ပါ။ ညီအစ်ကို/မတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာ၊ အချင်းချင်း မေတ္တာ​ပြတာ ကြည့်ပြီး အကြီးအကျယ် စိတ်ထိမိသွားကြတယ်။ ‘ယေဟောဝါ​သက်သေတွေဟာ တကယ် ထူးခြားတာ​ပဲ’ လို့ အိမ်အပြန်​လမ်းမှာ ခင်ပွန်း​ကို ဇနီး​ဖြစ်သူ ပြောတယ်။

၂။ တချို့ ဘာကြောင့် တိုက်မိလဲသွားကြသလဲ။

ယေဟောဝါလူမျိုး​ကြားမှာ ရှိတဲ့ မေတ္တာဟာ သိပ်ထူးခြားတယ်။ တကယ်တော့ ယေဟောဝါ​သက်သေတွေ​လည်း တခြားသူတွေ​လို​ပဲ မ​စုံလင်​ကြ​ဘူး။ (၁ ယော. ၁:၈) ဒါကြောင့် အကြောင်း​သိလေ၊ အားနည်းချက်တွေ မြင်လာ​လေ​ပဲ။ (ရော. ၃:၂၃) ဝမ်းနည်းစရာက အချင်းချင်းရဲ့ မစုံလင်မှု​ကြောင့် တချို့ တိုက်မိလဲ​သွားကြတယ်။

၃။ ယေရှု နောက်လိုက်စစ်​တွေ​ရဲ့ အမှတ်အသား​က ဘာလဲ။ (ယောဟန် ၁၃:၃၄၊ ၃၅)

ဒီဆောင်းပါးရဲ့ အဓိက ကျမ်းချက်ကို သတိပြု​ပါ။ (ယောဟန် ၁၃:၃၄၊ ၃၅ ကို ဖတ်ပါ။) ယေရှု နောက်လိုက်စစ်​တွေ​ရဲ့ အမှတ်အသား​က ဘာလဲ။ စုံလင်မှု မဟုတ်ဘူး။ မေတ္တာပါ။ ဒါ့အပြင် ‘ခင်ဗျားတို့​ဟာ ကျွန်တော့်​တပည့်တွေပဲဆိုတာ ခင်ဗျားတို့ သိ​လိမ့်မယ်’ လို့ ယေရှု မပြောဘူး။ “လူတွေ သိ​လိမ့်မယ်” လို့ ပြောတယ်။ အချင်းချင်း ကိုယ်ကျိုးစွန့် ချစ်တာကို ကြည့်ပြီး နောက်လိုက်စစ်​တွေ ဖြစ်မှန်း နောက်လိုက်တွေ​သာမက အသင်းတော်​ပြင်ပက လူတွေပါ သိ​ကြလိမ့်မယ်​လို့ ယေရှု ပြောနေတာ။

၄။ ခရစ်ယာန်​စစ်​တွေ​နဲ့ပတ်သက်ပြီး တချို့ ဘာ​သိချင်​နိုင်သလဲ။

‘မေတ္တာက ယေရှုရဲ့ နောက်လိုက်စစ်​တွေ​ကို ဘယ်လို ခွဲခြား​သိစေ​သလဲ။ တမန်တော်တွေကို ယေရှု မေတ္တာ ဘယ်လို ပြသလဲ။ ဒီနေ့​အချိန်မှာ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ’ စသဖြင့် ယေဟောဝါ​သက်သေ မဟုတ်​သူတချို့ မေးနိုင်တယ်။ သက်သေခံတွေလည်း ဒီ​မေးခွန်းတွေကို စဉ်းစား​သင့်​တယ်။ ဒါက အထူးသဖြင့်၊ တခြားသူတွေ အမှား​လုပ်တဲ့အခါ မေတ္တာ အပြည့်အဝ ပြဖို့ ကူညီပေးပါလိမ့်မယ်။—ဧ. ၅:၂

မေတ္တာက ယေရှုရဲ့ နောက်လိုက်စစ်​တွေ​ကို ဘာကြောင့် ခွဲခြား​သိစေ​သလဲ

၅။ ယောဟန် ၁၅:၁၂၊ ၁၃ မှာ ပါတဲ့ ယေရှုရဲ့ စကားတွေကို ရှင်းပြပါ။

နောက်လိုက်တွေ အချင်းချင်း ထူးထူးခြားခြား မေတ္တာ​ပြ​ကြ​မယ့်​အကြောင်း ယေရှု ပြောတယ်။ (ယောဟန် ၁၅:၁၂၊ ၁၃ ကို ဖတ်ပါ။) “ကျွန်တော် ခင်ဗျားတို့ကို ချစ်​သ​လို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ” ဆိုတဲ့ မိန့်မှာချက်ကို သတိပြု​ပါ။ ဘာအဓိပ္ပာယ်လဲ။ လိုအပ်လာရင် ယုံကြည်သူချင်း​အတွက် အသေခံ​တဲ့​အထိ ကိုယ်ကျိုးစွန့် မေတ္တာနဲ့ ချစ်ဖို့ ပြောနေတာ​လို့ ယေရှု ဆက်​ရှင်းပြတယ်။ b

၆။ မေတ္တာ အရေးကြီးကြောင်း ကျမ်းစာမှာ ဘယ်လို အလေးပေး​ဖော်ပြသလဲ။

မေတ္တာ အရေးကြီးကြောင်း ကျမ်းစာမှာ အလေးပေး​ဖော်ပြတယ်။ ဥပမာ၊ ‘ဘုရားသခင်ဟာ ချစ်ခြင်း​မေတ္တာ ဖြစ်တယ်။’ (၁ ယော. ၄:၈) “လူလူချင်းကို ကိုယ်​နဲ့​ထပ်တူ ချစ်ပါ။” (မ. ၂၂:၃၉) “ချစ်ခြင်း​မေတ္တာ ရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။” (၁ ပေ. ၄:၈) “မေတ္တာဟာ အစဉ် တည်တယ်။” (၁ ကော. ၁၃:၈) ဒီကျမ်းပိုဒ်တွေနဲ့ တခြား​ကျမ်းပိုဒ်​တွေ​က မေတ္တာ ရှိဖို့၊ မေတ္တာ ပြဖို့ သိပ်အရေးကြီးကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။

၇။ လူတွေ အချင်းချင်း ချစ်​အောင်၊ စည်းလုံး​အောင် စာတန် ဘာကြောင့် မ​လုပ်နိုင်သလဲ။

‘စစ်မှန်တဲ့ ဘာသာတရားကို ဘယ်လို ခွဲခြား​သိနိုင်မလဲ။ ဘာသာတရား​အားလုံး အမှန်တရား သွန်သင်တယ်လို့ ပြောပေမဲ့ ဘုရားအကြောင်း သွန်သင်ပေးတာ တူ​လည်း မတူကြဘူး’ လို့ လူများစွာ စဉ်းစားမိနိုင်တယ်။ လူတွေ စိတ်ရှုပ်​စေဖို့ မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်း အများကြီး ပေါ်လာအောင် စာတန် လုပ်ထားတာ။ ဒါပေမဲ့ အချင်းချင်း ချစ်တဲ့ ကမ္ဘာချီ ခရစ်ယာန် ညီအစ်ကို အသင်းအပင်း ဖြစ်လာအောင်တော့ စာတန် မလုပ်နိုင်ဘူး။ ယေဟောဝါ​ပဲ လုပ်နိုင်တယ်။ စစ်မှန်တဲ့ မေတ္တာဟာ ယေဟောဝါဆီကနေ အရင်းခံ​လို့​ပဲ။ ဘုရားဆီ​က စွမ်းအားတော်နဲ့ ကောင်းချီး ရသူတွေ​ပဲ အချင်းချင်း မေတ္တာ​စစ်​နဲ့ ချစ်​နိုင်​ကြတယ်။ (၁ ယော. ၄:၇) ဒါကြောင့်​လည်း ကိုယ်ကျိုးစွန့် မေတ္တာက နောက်လိုက်စစ်​တွေ​ကို ခွဲခြား​သိစေမယ်​လို့ ယေရှု ပြောတာ။

၈-၉။ ယေဟောဝါ​သက်သေတွေ​ဆီ​မှာ တွေ့ရတဲ့ မေတ္တာက လူများစွာ​အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

ယေရှု ကြိုပြော​သ​လို အချင်းချင်း မေတ္တာ​စစ်​နဲ့ ချစ်တာ မြင်ပြီး နောက်လိုက်စစ်​တွေ​ကို လူများစွာ ခွဲခြား​သိလာကြတယ်။ ဥပမာ၊ အိမ်နားက အား​ကစားကွင်း​မှာ ကျင်းပတဲ့ အစည်းအဝေးကြီးကို ဦးဆုံး​အကြိမ် သွား​တက်တုန်းက​အချိန်ကို ညီအစ်ကို အီရမ် မှတ်မိ​နေတုန်းပဲ။ အဲဒီ​မတိုင်ခင် လအနည်းငယ်​တုန်းက အဲဒီကွင်းမှာပဲ အားကစား​ပြိုင်ပွဲ သွား​ကြည့်​သေးတယ်။ ဒါပေမဲ့ “ဒီအစည်းအဝေးကြီး​နဲ့ တခြား​စီ​ပဲ။ သက်သေခံတွေဟာ ယဉ်ကျေး​သိမ်မွေ့ပြီး ဣန္ဒြေရှိရှိ ဝတ်စား​ထားကြတယ်။ ကလေးတွေ​လည်း လိမ္မာ​ကြတယ်။ . . . ပို​အံ့သြစရာ​ကောင်းတာက သူတို့မှာ ကျွန်တော် တောင့်တခဲ့တဲ့ ကျေနပ်​ရောင့်ရဲမှု​နဲ့ ငြိမ်သက်မှု​တွေ ရှိနေကြ​တဲ့​ပုံ​ပဲ။ အဲဒီ​နေ့​က ဘာ​ဟောပြောချက်တွေ ပေး​သွား​မှန်း မ​မှတ်မိပေမဲ့ သက်သေခံတွေရဲ့ အမူအကျင့်​ကိုတော့ လုံးဝ မေ့လို့ မရပါဘူး” လို့ ပြောတယ်။ c အချင်းချင်း မေတ္တာ​စစ်​နဲ့ ချစ်လို့ အဲဒီလို အမူ​အကျင့်​မျိုး ရှိကြတာ၊ ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံ​ကြ​တာ။

ညီအစ်ကို ဂျွန်​လည်း အသင်းတော် အစည်းအဝေးတွေ စတက်ချိန်မှာ အဲဒီလို ခံစားရတယ်။ “အဲဒီမှာ​ရှိတဲ့သူ​တိုင်း ဖော်ဖော်ရွေရွေ ဆက်ဆံ​ကြ​တာ . . . ကျွန်တော် စွဲမှတ်​သွားတယ်။ ကျွန်တော့်ရဲ့​အမြင်​မှာတော့ သူတို့တွေ​က ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေ​တဲ့​နေရာ​မှာတော့ အံ့မခန်း​ပါပဲ။ သူတို့မှာ ဟန်ဆောင်မှု ကင်းတဲ့ မေတ္တာ ရှိတဲ့အတွက် စစ်မှန်တဲ့ ဘာသာတရားကို တွေ့​လိုက်​ရပြီ​ဆိုပြီး ကျွန်တော် ယုံကြည်​လက်ခံ​လိုက်တယ်” လို့ ပြောတယ်။ d ယေဟောဝါရဲ့ လူမျိုးဟာ ခရစ်ယာန်​စစ်​တွေ ဖြစ်ကြောင်း သက်သေထူ​တဲ့ ဒီလို​တွေ့ကြုံမှုတွေ အများကြီး ရှိတယ်။

၁၀။ အထူးသဖြင့်၊ ဘယ်အချိန်မှာ ခရစ်ယာန် မေတ္တာ ပြနိုင်တဲ့ အခွင့်အရေး ရှိသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၁၀ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့​အတိုင်း ကျွန်တော်တို့​အားလုံး မ​စုံလင်​ကြ​ဘူး။ တစ်ခါတလေ ကျွန်တော်တို့ စိတ်ထိခိုက်အောင် ညီအစ်ကို/မတွေ ပြောမိ၊ လုပ်မိကြတယ်။ e (ယာ. ၃:၂) အထူးသဖြင့်၊ အဲဒီလို​အချိန်မှာ ကိုယ့်​တုံ့ပြန်ပုံ​အားဖြင့် ခရစ်ယာန် မေတ္တာ ပြနိုင်တဲ့ အခွင့်အရေး ရှိတယ်။ ဒီ​ကဏ္ဍမှာ ယေရှု​ဆီကနေ ဘာသင်ယူနိုင်သလဲ။—ယော. ၁၃:၁၅

တမန်တော်တွေကို ယေရှု မေတ္တာ ဘယ်လို ပြသလဲ

တမန်တော်တွေ ခဏခဏ အမှား​လုပ်ပေမဲ့ ယေရှု မေတ္တာ​ပြ (စာပိုဒ် ၁၁-၁၃ ကို ကြည့်ပါ)

၁၁။ ယာကုပ်နဲ့ ယောဟန်​မှာ ဘယ်​ဉာဉ်ဆိုး​တွေ ရှိသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၁ နောက်လိုက်တွေ​ဆီ​က စုံလင်မှု​ကို ယေရှု မမျှော်လင့်ဘူး။ ဘုရား​မျက်နှာသာ ရစေဖို့ သူတို့ရဲ့ ဉာဉ်ဆိုး​လေး​တွေ​ကို မေတ္တာပါပါ ပြုပြင်​တည့်မတ်ပေး​တယ်။ တစ်ခေါက်၊ နိုင်ငံတော်​မှာ အရေးပါတဲ့ နေရာ ပေးဖို့ တမန်တော် ယာကုပ်နဲ့ ယောဟန် မိခင်​ကတစ်ဆင့် ယေရှု​ဆီ တောင်းဆိုကြတယ်။ (မ. ၂၀:၂၀၊ ၂၁) ယာကုပ်နဲ့ ယောဟန်ဆီမှာ မာနကြီးခြင်း၊ ရည်မှန်းချက် ကြီးခြင်း​ဆိုတဲ့ ဉာဉ်ဆိုး​တွေ ရှိနေကြတာပဲ။—ပညာ. ၁၆:၁၈

၁၂။ ယာကုပ်နဲ့ ယောဟန်​မှာ​ပဲ ဉာဉ်ဆိုး ရှိတာ​လား။ ရှင်းပြပါ။

၁၂ ယာကုပ်နဲ့ ယောဟန်​မှာ​ပဲ ဉာဉ်ဆိုး ရှိတာ မဟုတ်ဘူး။ “အဲဒီအကြောင်းကို ကျန်တဲ့ တပည့်​ဆယ်ယောက် ကြားတဲ့အခါ ညီအစ်ကို​နှစ်ယောက်ကို စိတ်ဆိုးတယ်။” (မ. ၂၀:၂၄) ယာကုပ်၊ ယောဟန်နဲ့ ကျန်တဲ့ တမန်တော်တွေ ခွန်းကြီးခွန်းငယ် စကား​များ​နေ​ကြ​မှာ​ကို မြင်ယောင်​ကြည့်ပါ။ ‘နိုင်ငံတော်​မှာ အရေးပါတဲ့ နေရာ တောင်းဆို​ရအောင် မင်းတို့​ကိုယ် မင်းတို့ ဘာ​ထင်​နေ​ကြသလဲ။ မင်းတို့​ပဲ ယေရှုနဲ့ တွဲလုပ်တာမို့လို့လား။ ပြော​ရ​ကြေး​ဆိုရင် ငါတို့​လည်း အခွင့်ထူးတွေ ရထိုက်​တာ​ပဲ’ လို့ ကျန်တဲ့ တမန်တော်တွေ ပြော​နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အချင်းချင်း ညီရင်း​အစ်ကို မေတ္တာ ပြဖို့ အဲဒီ​တစ်ခေါက် တမန်တော်တွေ ပျက်ကွက်​သွားကြတယ်။

၁၃။ တမန်တော်တွေရဲ့ အားနည်းချက်တွေကို ယေရှု ဘယ်လို တုံ့ပြန်သလဲ။ (မဿဲ ၂၀:၂၅-၂၈)

၁၃ အခြေအနေကို ယေရှု ဘယ်လို ကိုင်တွယ်သလဲ။ ဒေါသ​မ​ထွက်​ဘူး။ ‘ပိုကောင်းတဲ့၊ ပို​နှိမ့်ချ​တဲ့၊ အချင်းချင်း မေတ္တာ အမြဲ ပြ​မယ့် တမန်တော်တွေ သွား​ရှာ​မယ်’ လို့ မပြောဘူး။ တမန်တော်တွေ စိတ်ရင်းကောင်း​ကြ​မှန်း သိလို့ စိတ်ရှည်ရှည် ကျိုးကြောင်း​ဆင်ခြင်​ပြတယ်။ (မဿဲ ၂၀:၂၅-၂၈ ကို ဖတ်ပါ။) ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး ခဏခဏ အငြင်းပွား​ကြ​တာ​တောင် မေတ္တာ ဆက်​ပြတယ်။—မာ. ၉:၃၄။ လု. ၂၂:၂၄

၁၄။ ယေရှုရဲ့ တမန်တော်တွေ ဘယ်လို​ပတ်ဝန်းကျင်​မှာ ကြီးပြင်းလာကြသလဲ။

၁၄ တမန်တော်တွေရဲ့နောက်ခံကို ယေရှု ထည့်စဉ်းစား​ပေးခဲ့​မှာ သေချာတယ်။ (ယော. ၂:၂၄၊ ၂၅) သူတို့ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်​မှာ ဘာသာရေး ခေါင်းဆောင်တွေ​က ရာထူး​ဂုဏ်ဒြပ်​ကို သိပ်​ဦးစားပေး​ကြတယ်။ (မ. ၂၃:၆) ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့​လည်း သတ်မှတ်ထားကြတယ်။ f (လု. ၁၈:၉-၁၂) ဒီလို​ပတ်ဝန်းကျင်​မှာ ကြီးပြင်းလာလို့ တမန်တော်တွေ ဒီလို​သဘောထား ရှိနေမှန်း ယေရှု နားလည်တယ်။ (ပညာ. ၁၉:၁၁) တပည့်တွေ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်ဖို့ မမျှော်လင့်ဘူး။ အမှား​လုပ်တဲ့အခါ လွန်လွန်ကဲကဲ မတုံ့ပြန်​ဘူး။ စိတ်ရင်းကောင်း​ကြ​မှန်း သိလို့ မာနကြီးခြင်း၊ ရည်မှန်းချက် ကြီးခြင်း​စတဲ့ ဉာဉ်ဆိုး​တွေ ဖျောက်နိုင်အောင်၊ မေတ္တာ ပြ​နိုင်အောင် စိတ်ရှည်ရှည် ကူညီပေးတယ်။

ယေရှုကို ဘယ်လို အတုယူနိုင်သလဲ

၁၅။ ယာကုပ်၊ ယောဟန်တို့​ရဲ့ အဖြစ်ကနေ ဘာသင်ယူနိုင်သလဲ။

၁၅ ယာကုပ်၊ ယောဟန်တို့​ရဲ့ အဖြစ်ကနေ အများကြီး သင်ယူနိုင်တယ်။ နိုင်ငံတော်​မှာ အရေးပါတဲ့ နေရာ တောင်းဆိုတဲ့ သူတို့​နှစ်ယောက်​လည်း မှားသလို စည်းလုံးမှု​ကို အထိခိုက်ခံတဲ့ ကျန်တဲ့ တမန်တော်တွေ​လည်း မှားတယ်။ ဒါပေမဲ့ တမန်တော် ၁၂ ယောက်​စ​လုံး​ကို ယေရှု ကြင်ကြင်နာနာ၊ မေတ္တာပါပါ ဆက်ဆံ​တယ်။ သင်ခန်းစာ​က ဘာလဲ။ တခြားသူတွေ ဘာလုပ်လိုက်သလဲဆိုတာပဲ အရေးကြီးတာ မဟုတ်ဘူး။ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်သလဲ​ဆိုတာ​လည်း အရေးကြီးတယ်။ ယုံကြည်သူချင်း​တစ်ယောက်ကြောင့် စိတ်ထိခိုက်​ရရင် ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးနိုင်တယ်– ‘သူ့​လုပ်ရပ်ကို ငါ ဘာကြောင့် ဒီလောက် စိတ်ဆိုး​နေသလဲ။ ဒါ ငါ ပြင်ဖို့ လိုနေတဲ့ အကျင့်​ဆိုး​များ​လား။ ငါ့ကို စိတ်ဆိုးအောင် လုပ်တဲ့ ညီအစ်ကို/မ တစ်ခုခု အဆင်မပြေတာ ရှိလို့​များ​လား။ စိတ်ဆိုး​စ​ရာ​ကိစ္စ မှန်​ရင်တောင် ဗွေမယူဘဲ ငါ မေတ္တာ ပြ​နိုင်မလား။’ တခြားသူတွေကို မေတ္တာ ပြ​လေ ယေရှုရဲ့ နောက်လိုက်စစ် ဖြစ်ကြောင်း သက်သေထူ​ရာ ရောက်​လေ​ပဲ။

၁၆။ ယေရှု​ဆီကနေ ဘာ​သင်ယူနိုင်သေးသလဲ။

၁၆ ယေရှုရဲ့ စံနမူနာ​က ယုံကြည်သူချင်းတွေ​ကို နားလည်​ပေးဖို့လည်း သင်ပေးတယ်။ (ပညာ. ၂၀:၅) တခြားသူတွေရဲ့ အတွင်းစိတ်​ကို ယေရှု မြင်သလိုတော့ ကျွန်တော်တို့ မမြင်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ညီအစ်ကို/မတွေ စိတ်ထိခိုက်အောင် လုပ်တဲ့အခါ စိတ်ရှည်​သည်းခံ​ပေးနိုင်တယ်။ (ဧ. ၄:၁၊ ၂။ ၁ ပေ. ၃:၈) သူတို့ရဲ့ နောက်ခံကို သိထားရင် သည်းခံ​ဖို့ ပိုလွယ်တယ်။ ဥပမာ​တစ်ခု သုံးသပ်ကြည့်ပါ။

၁၇။ ညီအစ်ကို​တစ်ယောက်​အကြောင်း ပိုသိသွားလို့ တိုက်နယ် ကြီးကြပ်မှူး​တစ်ယောက် ဘယ်လို အကျိုးရသလဲ။

၁၇ စရိုက်​ကြမ်း​ပုံ ပေါက်တဲ့ ညီအစ်ကို​တစ်ယောက်​အကြောင်း အရှေ့ အာဖရိက​မှာ အမှုဆောင်နေတဲ့ တိုက်နယ် ကြီးကြပ်မှူး မှတ်မိ​နေတုန်းပဲ။ တိုက်နယ် ကြီးကြပ်မှူး ဘာလုပ်သလဲ။ “အဲဒီညီအစ်ကိုကို ရှောင်​မယ့်​အစား သူ့​အကြောင်း ပိုသိအောင် လုပ်ဖို့ ဆုံးဖြတ်​လိုက်တယ်” လို့ ပြောတယ်။ ကြီးပြင်းလာပုံ နောက်ခံကြောင့် တခြားသူတွေကို အဲဒီလို ဆက်ဆံ​နေမှန်း နောက်ပိုင်း သိလိုက်ရတယ်။ “ဘယ်လောက်တောင် ခက်ခက်ခဲခဲ ပြုပြင်​ပြောင်းလဲခဲ့​ရတယ်၊ ဘယ်လောက် ပြောင်းလဲ​နေပြီဆိုတာ​တွေ သိလိုက်ရတော့ လေးစား​မိတယ်။ အခု မိတ်ဆွေကောင်းတွေ ဖြစ်နေပြီ” လို့ တိုက်နယ် ကြီးကြပ်မှူး ပြောတယ်။ မှန်ပါတယ်၊ ညီအစ်ကို/မတွေကို နားလည်​ပေး​လေ မေတ္တာ ပြဖို့ လွယ်လေပဲ။

၁၈။ ညီအစ်ကို/မ​တစ်ယောက် ကိုယ့်ကို စိတ်ဆိုးအောင် လုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘာ​မေးခွန်းတွေ မေး​နိုင်သလဲ။ (ပညာအလိမ္မာ ၂၆:၂၀)

၁၈ ကိုယ့်ကို စိတ်ဆိုးအောင် လုပ်တဲ့ ညီအစ်ကို/မ​နဲ့ တေ့တေ့ဆိုင်ဆိုင် ရှင်းမှ ဖြစ်မယ်လို့ ခံစားရတဲ့​အချိန်​လည်း ရှိနိုင်တယ်။ ဦးဆုံး၊ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ အကြောင်းစုံ သိသလား။’ (ပညာ. ၁၈:၁၃) ‘သူ မရည်ရွယ်ဘဲ ပြောမိ၊ လုပ်မိတာ မဖြစ်နိုင်ဘူး​လား။’ (ဒေ. ၇:၂၀) ‘ငါ​ကော မမှားဖူးလို့လား။’ (ဒေ. ၇:၂၁၊ ၂၂) ‘သွားရှင်းခါမှ ပြဿနာ ပို​ကြီး​သွားမလား။’ (ပညာအလိမ္မာ ၂၆:၂၀ ကို ဖတ်ပါ။) ဒီ​မေးခွန်းတွေကို အချိန်ယူ သုံးသပ်မယ်ဆိုရင် အမှားကို ဗွေမယူဖို့ မေတ္တာက လှုံ့ဆော်​ပေးနိုင်​မှန်း သဘောပေါက်​လာ​ပါလိမ့်မယ်။

၁၉။ သင် ဘာစိတ်ပိုင်းဖြတ်ထားသလဲ။

၁၉ အချင်းချင်း မေတ္တာ ပြခြင်းအားဖြင့် ယေဟောဝါ​သက်သေတွေဟာ ယေရှုရဲ့ နောက်လိုက်စစ်​တွေ ဖြစ်ကြောင်း အဖွဲ့အစည်း​လိုက် သက်သေထူ​နေကြတယ်။ တစ်ဦးချင်း​အလိုက်​လည်း သက်သေထူ​နေကြပါတယ်။ ယုံကြည်သူချင်းတွေ အမှားမကင်းကြပေမဲ့ ကိုယ်ကျိုးစွန့် မေတ္တာ ပြခြင်းအားဖြင့်​ပါ။ အဲဒီမေတ္တာကို မြင်ပြီး တခြားသူတွေ စစ်မှန်တဲ့ ဘာသာတရားကို ခွဲခြား​သိလာကြမယ်။ မေတ္တာရှင် ယေဟောဝါဘုရားကို ကျွန်တော်တို့နဲ့​အတူ ဝတ်ပြု​လာကြ​မယ်။ ဒါကြောင့် ခရစ်ယာန်​စစ်​တွေ​ရဲ့ အမှတ်အသား မေတ္တာကို ဆက်​ပြဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။

သီချင်း ၁၇ “ငါ ဆန္ဒရှိ”

a ကျွန်တော်တို့​ကြားမှာ ရှိတဲ့ စစ်မှန်တဲ့ မေတ္တာကို မြင်ပြီး လူများစွာ အမှန်တရား စိတ်​ဝင်စား​လာကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မစုံလင်ကြလို့ အချင်းချင်း မေတ္တာ​ပြဖို့ ခက်တဲ့​အချိန်တွေ ရှိတယ်။ မေတ္တာ ပြဖို့ ဘာကြောင့် အရေးကြီးကြောင်း၊ တခြားသူတွေ အမှား​လုပ်တဲ့အခါ ယေရှုကို ဘယ်လို အတုယူ​နိုင်​ကြောင်း ဆွေးနွေးကြစို့။

c ၂၀၁၂၊ နိုဝင်ဘာ ၁ ကင်းမျှော်စင် စာ. ၁၃-၁၄ မှာ ပါတဲ့ “နောက်ဆုံးတော့ ကျွန်တော့်​ဘဝဟာ ရည်ရွယ်ချက် ရှိလာပါပြီ” ဆောင်းပါးကို ကြည့်ပါ။

d ၂၀၁၂၊ မေ ၁ ကင်းမျှော်စင် စာ. ၁၈-၁၉ မှာ ပါတဲ့ “ကျွန်တော့်​ဘဝက ပြီးပြည့်စုံ​နေ​ပုံ​ပဲ” ဆောင်းပါးကို ကြည့်ပါ။

e ဒီဆောင်းပါး​က ၁ ကောရိန္သု ၆:၉၊ ၁၀ မှာ ဖော်ပြထားတဲ့ အကြီးအကဲတွေ ကိုင်တွယ်​ရမယ့် ကြီးလေးတဲ့ အပြစ်တွေအကြောင်း ဆွေးနွေး​နေတာ မဟုတ်ပါဘူး။

f “ကမ္ဘာပေါ်မှာ အာဗြဟံ​လောက် ဖြောင့်မတ်တဲ့သူ အယောက် သုံးဆယ်ပဲ ရှိနိုင်တယ်။ သုံးဆယ် ရှိရင် နှစ်ယောက်က ငါ​နဲ့ ငါ့သား။ ဆယ်ယောက် ရှိရင် နှစ်ယောက်က ငါ​နဲ့ ငါ့သား။ ငါး​ယောက် ရှိရင် နှစ်ယောက်က ငါ​နဲ့ ငါ့သား။ နှစ်ယောက် ရှိရင် အဲဒါ ငါ​နဲ့ ငါ့သား။ တစ်ယောက်ပဲ ရှိရင်တော့ အဲဒါ ငါ​ပဲ” ဆိုပြီး ရဗ္ဗိ​တစ်ယောက် ပြောဖူးတယ်။