မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

“မိတ်ဆွေ” ဆိုတဲ့ လူက ရုသ​ကို လက်ထပ်​ရင် “အမွေမြေ ဆုံးရှုံး မှာ စိုး” တယ်လို့ ဘာကြောင့် ပြောသလဲ (ရုသ ၄:၁၊ ၆)

ကျမ်းစာ​ခေတ်မှာ အိမ်ထောင်သည် အမျိုးသား​တစ်ယောက် ကလေး မရဘဲ သေဆုံးသွားတဲ့အခါ ‘သူ ပိုင်တဲ့ မြေ ဘာဖြစ်သွားမလဲ။ မိသားစု​နာမည် အပြီး ပျောက်​သွား​မလား’ စတဲ့ မေးခွန်း​တချို့ ပေါ်လာတယ်။ မောရှေ​ပညတ်​မှာ ဒီ​မေးခွန်းတွေကို အဖြေပေးထားပါတယ်။

လူတစ်ယောက် သေဆုံး​သွား​ရင် ဒါမှမဟုတ် ဆင်းရဲ​သွား​လို့ မြေ ရောင်းလိုက်​ရရင် သူ ပိုင်တဲ့ မြေ ဘာဖြစ်သွားမလဲ။ အဲဒီ​မြေ​ကို ညီအစ်ကို ဒါမှမဟုတ် ဆွေမျိုး​နီးစပ်​သူက ပြန်ဝယ်ခွင့် ရှိတယ်။ ဒီနည်းအားဖြင့် မြေဟာ မိသားစု​အပိုင် ဆက်​ဖြစ်​နေမယ်။—ဝတ်. ၂၅:၂၃-၂၈။ တော. ၂၇:၈-၁၁

ဒါက သေဆုံးသူရဲ့ မိသားစု​နာမည် မပျောက်ဖို့ ဘယ်လို ကူညီပေးသလဲ။ ရုသ​အဖြစ်မှာလိုမျိုး မရီး-မတ် ယူရမယ့် အစီအစဉ်​အားဖြင့်​ပါ။ မုဆိုးမ ဖြစ်​သွားတဲ့ မရီးကို ပြန်​ယူ​မှ သေဆုံးသူရဲ့ နာမည်နဲ့ မြေ​ကို ဆက်ခံမယ့် ကလေး ရနိုင်မှာ။ ဒီ​မေတ္တာပါ အစီအစဉ်​ကနေ မုဆိုးမတွေလည်း အကျိုးရကြတယ်။—တရား. ၂၅:၅-၇။ မ. ၂၂:၂၃-၂၈

နောမိ​အကြောင်း စဉ်းစားကြည့်ပါ။ ခင်ပွန်း ဧလိမလက်​နဲ့ သား​နှစ်ယောက် ဆုံးသွားတော့ သူ့ကို စောင့်ရှောက်​မယ့် ယောက်ျား​သား မရှိတော့ဘူး။ (ရု. ၁:၁-၅) ယုဒပြည် ပြန်​ရောက်တော့ ဗောဇ​ကို မြေ​ပြန်ဝယ်ခိုင်းဖို့ ချွေးမ ရုသ​ကို ပြောတယ်။ ဗောဇ​က ဧလိမလက်​ရဲ့ အမျိုး ဖြစ်တယ်။ (ရု. ၂:၁၊ ၁၉၊ ၂၀။ ၃:၁-၄) ဒါပေမဲ့ နောက်ထပ် အမျိုး​ပို​နီးတဲ့​သူ ရှိနေတယ်။ ကျမ်းစာမှာ “မိတ်ဆွေ” လို့ ဖော်ပြထားတယ်။ မြေ​ပြန်ဝယ်မဝယ် အဲဒီ​လူ အရင်ဆုံး ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။—ရု. ၃:၉၊ ၁၂၊ ၁၃

အစပိုင်း​မှာတော့ “မိတ်ဆွေ” လို့ ခေါ်တဲ့ အဲဒီ​လူ ကူညီပေးချင်တယ်။ (ရု. ၄:၁-၄) ငွေ​ရင်း​ရမယ် ဆိုပေမဲ့ ဧလိမလက်​ရဲ့ မြေ​ကို အမွေဆက်ခံမယ့် ကလေး မွေးဖို့ နောမိ အရွယ်​လွန်​သွားပြီ​ကိုး။ ဒီတော့ အဲဒီ​လူ မြေပိုင်သွားမယ်။ သူ့​အမွေမြေ ဖြစ်လာမယ်။ ဒါကြောင့် အကျိုးအမြတ် ရှိ​မယ့် ရင်းနှီး​မြှုပ်နှံ​မှု ဖြစ်နိုင်တယ်။

ဒါပေမဲ့ ရုသ​ကို ပြန်​ယူ​ရမယ်ဆိုတာ​လည်း သိရော စိတ်ပြောင်းသွားတယ်။ “ကျွန်တော့်​အမွေမြေ ဆုံးရှုံး​မှာ စိုးလို့ ပြန်မဝယ်တော့ဘူး” လို့ ပြောတယ်။ (ရု. ၄:၅၊ ၆) ဘာကြောင့် စိတ်ပြောင်း​သွား​သလဲ။

အဲဒီ​လူ​ဖြစ်ဖြစ်၊ တခြား​တစ်ယောက်ဖြစ်ဖြစ် ရုသ​ကို လက်ထပ်​လို့ သား မွေးလာ​ရင် ဧလိမလက်​ရဲ့ မြေ​ကို အဲဒီ​သား အမွေ​ရမှာ။ ဒါပေမဲ့ ဘယ်လို​လုပ်ပြီး ပြန်​ဝယ်သူ​ရဲ့ “အမွေမြေ ဆုံးရှုံး” မလဲ။ ကျမ်းစာမှာ ဖော်ပြ​မ​ထားပေမဲ့ ဖြစ်နိုင်ချေ​တချို့ ကြည့်ရအောင်။

  • ပထမ၊ ဧလိမလက်​ရဲ့ မြေ​ကို သူ မဟုတ်ဘဲ ရုသရဲ့ သား အမွေ​ရမှာ ဖြစ်လို့ မြေ​ဝယ်ဖို့ ရင်း​ထားတဲ့ ငွေ အလဟဿ ဖြစ်​သွားမယ်။

  • ဒုတိယ၊ နောမိကို​ကော ရုသ​ကို​ပါ တင်ကျွေးထားရမယ်။

  • တတိယ၊ ရုသ​နဲ့ နောက်ထပ် သားသမီးတွေ ထွန်းကား​ရင် ရှိပြီး​သား သားသမီးတွေ အမွေ ခွဲပေး​ရမယ်။

  • စတုတ္ထ၊ တကယ်လို့ အဲဒီ​လူမှာ သားသမီး မရှိရင် ရုသ​နဲ့ ရတဲ့ သားဟာ ဧလိမလက်​ရဲ့ မြေ​ကို​ကော အဲဒီ​လူရဲ့ မြေ​ကို​ပါ အမွေဆက်ခံ​ခွင့် ရှိတယ်။ အဲဒီလိုသာ​ဆိုရင် သူ သေဆုံးသွားတဲ့အခါ မြေဟာ သူ့​နာမည်နဲ့ မဟုတ်ဘဲ ဧလိမလက်​နာမည် ဆက်ခံထားတဲ့ ကလေး​ရဲ့ နာမည်နဲ့ ကျန်နေခဲ့မှာ။ ဒါကြောင့် နောမိကို ကူညီဖို့​အရေး အမွေမြေ​ကို မ​ရင်း​ရဲ​ဘူး ဖြစ်​နေတာ။ ပြန်ဝယ်ခွင့်​ရှိသူ နောက်တစ်ယောက် ဖြစ်တဲ့ ဗောဇ​ကို အခွင့်အရေး ပေးလိုက်တယ်။ “အမွေမြေ​ကို [ကွယ်လွန်သူရဲ့] နာမည်နဲ့ ဆက်​ရှိစေ” ချင်လို့ ဗောဇ လက်ခံ​လိုက်တယ်။—ရု. ၄:၁၀

မိတ်ဆွေ​ဆိုတဲ့ လူဟာ ကိုယ့်​နာမည်နဲ့ အမွေမြေ​ကို ထိန်းသိမ်းဖို့​ပဲ စိတ်ဝင်စားတာ ထင်ရှားတယ်။ တစ်ကိုယ်ကောင်းဆန်သူ​ပါပဲ။ ဒါပေမဲ့ နာမည် ထိန်းသိမ်းဖို့ ကြိုးစား​ခဲ့​သ​လောက် သူ ဘယ်သူလဲဆိုတာ​တောင် ဒီနေ့ ကျွန်တော်တို့ မသိကြဘူး။ မေရှိယရဲ့ ဘိုးဘေး ဖြစ်ခွင့်​ဆိုတဲ့ ဗောဇ ရတဲ့ အခွင့်ထူး​ကို သူ လက်လွတ်​သွားတယ်။ အကူအညီ လိုအပ်သူကို မကူညီ​ဘဲ တစ်ကိုယ်ကောင်း​ဆန်​ဆန် ခေါင်းရှောင်​မှု​ရဲ့ ရလဒ်​ပါပဲ။—မ. ၁:၅။ လု. ၃:၂၃၊ ၃၂