မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၁

နှစ်ခြင်းခံဖို့ ပြင်ဆင်နိုင်ပုံ

နှစ်ခြင်းခံဖို့ ပြင်ဆင်နိုင်ပုံ

“ကျွန်တော် နှစ်ခြင်း​မခံရအောင် ဘာက တားဆီး​နေလို့လဲ။”—တ. ၈:၃၆

သီချင်း ၅၀ ဆက်ကပ်အပ်နှံခြင်း ဆုတောင်းချက်

အကြို​သုံးသပ်ချက် a

ကမ္ဘာတစ်ဝန်းက လူကြီးလူငယ်တွေ ဘုရားရေးရာမှာ တိုးတက်​လာပြီး နှစ်ခြင်းခံ​ကြ (စာပိုဒ် ၁-၂ ကို ကြည့်ပါ)

၁-၂။ နှစ်ခြင်းခံဖို့ အဆင်​သင့် မဖြစ်သေး​ဘူး​ဆိုရင် ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။ (မျက်နှာဖုံးပုံ​ကို ကြည့်ပါ။)

 နှစ်ခြင်းခံဖို့ စိတ်ကူး​နေတယ်​ဆိုရင် ဒါ သိပ်ကောင်းတဲ့ ပန်းတိုင်​ပဲ။ နှစ်ခြင်းခံဖို့ အဆင်​သင့်​ဖြစ်ပြီ​လား။ အဆင်​သင့်​ဖြစ်ပြီ​လို့ သင် ထင်တယ်၊ အကြီးအကဲတွေ သဘောတူတယ်​ဆိုရင် အခွင့်အရေး ရတာနဲ့ နှစ်ခြင်းခံ​ပါ။ ယေဟောဝါရဲ့ အမှုတော်မှာ အဓိပ္ပာယ် ပြည့်ဝ​တဲ့ ဘဝ ပိုင်ဆိုင်​ရ​ပါလိမ့်မယ်။

ဒါပေမဲ့ နှစ်ခြင်း​မခံခင် ထပ်တိုးတက်ဖို့ လိုသေးတယ်​လို့ အကြံပေးခံရရင် ဒါမှမဟုတ် ခံစားရရင်​ကော။ စိတ်ဓာတ်​မကျပါနဲ့။ အသက်ကြီးကြီး၊ ငယ်ငယ် နှစ်ခြင်းခံတဲ့အထိ တိုးတက်အောင် လုပ်နိုင်ပါတယ်။

“ဘာက တားဆီး​နေလို့လဲ”

၃။ ဖိလိပ္ပု​ကို အီသီယိုးပီးယား အရာရှိ ဘာ​မေး​သလဲ။ ဘာ​မေးခွန်း ပေါ်လာသလဲ။ (တမန်တော် ၈:၃၆၊ ၃၈)

တမန်တော် ၈:၃၆၊ ၃၈ ကို ဖတ်ပါ။ “ကျွန်တော် နှစ်ခြင်း​မခံရအောင် ဘာက တားဆီး​နေလို့လဲ” လို့ သတင်းကောင်း ဟောပြောသူ ဖိလိပ္ပု​ကို အီသီယိုးပီးယား အရာရှိ မေးတယ်။ အီသီယိုးပီးယား အရာရှိ နှစ်ခြင်းခံချင်နေပြီ။ နှစ်ခြင်းခံဖို့ တကယ် အဆင်​သင့် ဖြစ်ပြီ​လား။

ယေဟောဝါအကြောင်း ဆက်​လေ့လာ​သင်ယူဖို့ အီသီယိုးပီးယား အရာရှိ ဆုံးဖြတ်​ထား (စာပိုဒ် ၄ ကို ကြည့်ပါ)

၄။ ဆက်​လေ့လာ​သင်ယူချင်စိတ် ရှိ​မှန်း အီသီယိုးပီးယား အရာရှိ ဘယ်လို ပြသလဲ။

အီသီယိုးပီးယား အရာရှိ​က “ဂျေရုဆလင်​မြို့မှာ သွား​ဝတ်ပြု” တယ်။ (တ. ၈:၂၇) ဒါကြောင့် ဂျူးဘာသာ ပြောင်း​ဝင်လာ​သူ ဖြစ်ရမယ်။ ဟီဘရူး ကျမ်းစောင်တွေကနေ ယေဟောဝါဘုရားအကြောင်း သင်ယူခဲ့​မှာ သေချာတယ်။ ဒါပေမဲ့ ထပ်​လေ့လာ​သင်ယူချင်​နေတုန်းပဲ။ လမ်းမှာ ဖိလိပ္ပု​နဲ့ တွေ့တဲ့​အချိန် အီသီယိုးပီးယား အရာရှိ ဘာလုပ်နေသလဲ။ ပရောဖက် ဟေရှာယကျမ်း ဖတ်နေတယ်။ (တ. ၈:၂၈) သိပ်​လေးနက်တဲ့ အကြောင်းအရာတွေ​ပဲ။ အီသီယိုးပီးယား အရာရှိ​ဟာ အခြေခံ ကျမ်းစာ သွန်သင်ချက်တွေ သိရုံနဲ့ ကျေနပ်​မနေဘူး။ ဆက်​လေ့လာ​သင်ယူချင်တယ်။

၅။ သိလာတဲ့​အတိုင်း အီသီယိုးပီးယား အရာရှိ ဘယ်လို လက်တွေ့​လုပ်သလဲ။

အရာရှိ​ဟာ အီသီယိုးပီးယား ဘုရင်မ ကန်ဒက်ရဲ့ “ဘဏ္ဍာတော်ထိန်း” လည်း ဖြစ်တယ်။ (တ. ၈:၂၇) ဒါကြောင့် တာဝန်တွေ အများကြီး ရထား​မှာ​ပဲ။ ဒါပေမဲ့ ယေဟောဝါကို ဝတ်ပြုဖို့ အချိန်ပေးတယ်။ အမှန်တရား သိရုံနဲ့ ကျေနပ်​မနေဘူး။ သိလာတဲ့​အတိုင်း လက်တွေ့​လုပ်တယ်။ ဂျေရုဆလင်​မြို့ ဗိမာန်တော်မှာ ယေဟောဝါကို ဝတ်ပြုဖို့ အီသီယိုးပီးယား​ကနေ ခရီးဝေး​နှင်ခဲ့​တယ်။ အချိန်ကုန်၊ ငွေ​ကုန်​တဲ့ ခရီး ဖြစ်ပေမဲ့ ယေဟောဝါကို ဝတ်ပြု​ချင်လို့ သွားတယ်။

၆-၇။ အီသီယိုးပီးယား အရာရှိ ဘယ်လိုနည်းနဲ့ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးလာ​သလဲ။

ယေရှုဟာ မေရှိယ ဖြစ်တယ်​ဆိုတဲ့ အချက် အပါအဝင် အရေးကြီး အမှန်တရား​အသစ်​တချို့ကို ဖိလိပ္ပု​ဆီကနေ အီသီယိုးပီးယား အရာရှိ သိလိုက်ရတယ်။ (တ. ၈:၃၄၊ ၃၅) မိမိ​အတွက် ယေရှု လုပ်ပေးတာကို သိလိုက်ရတော့ အရာရှိ စိတ်ထိမိ​သွားတယ်။ ဒါနဲ့ ဘာလုပ်သလဲ။ တကယ်ဆိုရင် လေးစား​ခံရတဲ့ ဂျူးဘာသာ ပြောင်း​ဝင်လာ​သူ​အဖြစ် ဆက်နေ​လို့ ရတယ်။ ဒါပေမဲ့ ယေရှုခရစ်ရဲ့ နောက်လိုက်​အဖြစ် နှစ်ခြင်းခံဖို့ ဆုံးဖြတ်​လိုက်တယ်။ ယေဟောဝါနဲ့ သားတော်ကို ချစ်တဲ့ မေတ္တာ တိုးများ​နေပြီ။ အီသီယိုးပီးယား အရာရှိ အဆင်​သင့်​ဖြစ်ပြီဆိုတာ ဖိလိပ္ပု မြင်တဲ့အတွက် နှစ်ခြင်း​ပေးလိုက်တယ်။

သင်လည်း အီသီယိုးပီးယား အရာရှိ​ရဲ့ စံနမူနာအတိုင်း လုပ်မယ်ဆိုရင် နှစ်ခြင်းခံဖို့ အဆင်​သင့်​ဖြစ်နိုင်ပါတယ်။ “ကျွန်တော် နှစ်ခြင်း​မခံရအောင် ဘာက တားဆီး​နေလို့လဲ” လို့ ရဲရဲဝံ့ဝံ့ ပြောနိုင်ပါလိမ့်မယ်။ အီသီယိုးပီးယား အရာရှိ​လို ဆက်​လေ့လာ​သင်ယူ​နိုင်​ပုံ၊ သိလာတဲ့​အတိုင်း လက်တွေ့​ကျင့်​နိုင်​ပုံ၊ ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများအောင် လုပ်နိုင်ပုံကို ဆွေးနွေး​ကြရအောင်။

ဆက်​လေ့လာ​သင်ယူပါ

၈။ ဘာလုပ်ရမယ်လို့ ယောဟန် ၁၇:၃ မှာ ဖော်ပြထားသလဲ။

ယောဟန် ၁၇:၃ ကို ဖတ်ပါ။ ယေရှုရဲ့ ဒီစကားတွေက ကျမ်းစာ စ​လေ့လာဖို့​ကော ဆက်​လေ့လာ​သင်ယူဖို့​ပါ လှုံ့ဆော်ပေးတယ်။ “တစ်ဆူတည်း​သော စစ်မှန်တဲ့ ဘုရားသခင်” အကြောင်း “ကောင်းကောင်း သိအောင် လေ့လာ​ဆည်းပူး” စ​ရာ ဘယ်တော့မှ ကုန်​မှာ မဟုတ်ဘူး။ (ဒေ. ၃:၁၁။ ယော. ၁၇:၃၊ အောက်ခြေမှတ်ချက်) ထာဝစဉ် လေ့လာ​ဆည်းပူးကြရမှာ။ လေ့လာလေ ဘုရားနဲ့ ရင်းနှီး​လေ ဖြစ်လာမယ်။—ဆာ. ၇၃:၂၈

၉။ အခြေခံ ကျမ်းစာ သွန်သင်ချက်တွေ သိပြီးနောက် ဘာလုပ်ဖို့ လိုသလဲ။

အခြေခံ ကျမ်းစာ သွန်သင်ချက်တွေ​ကတစ်ဆင့် ယေဟောဝါအကြောင်း ကျွန်တော်တို့ စ​သိလာကြတယ်။ ဟီဘရူး ခရစ်ယာန်တွေ​ဆီ ရေးတဲ့ စာမှာ အခြေခံ သွန်သင်ချက်တွေကို “အခြေခံ အကြောင်းတွေ” လို့ တမန်တော် ပေါလု ခေါ်ထားတယ်။ “အခြေခံ အယူဝါဒတွေ” ကို ပေါလု အလေးမထားလို့ မဟုတ်ပါဘူး။ ကလေးကို ကြီးထွားစေ​တဲ့ နို့နဲ့​တောင် နှိုင်းယှဉ်​ထားတယ်။ (ဟီ. ၅:၁၂။ ၆:၁) ဒါပေမဲ့ အခြေခံ သွန်သင်ချက်တွေ​လောက် သာမက နက်နဲ​တဲ့ ကျမ်းစာ အမှန်တရားတွေကို ဆက်​လေ့လာဖို့ ခရစ်ယာန်​အားလုံးကို တိုက်တွန်းတယ်။ နက်နဲ​တဲ့ ကျမ်းစာ သွန်သင်ချက်တွေကို သင် လေ့လာချင်စိတ် ရှိသလား။ ယေဟောဝါအကြောင်း၊ ဘုရား​ရည်ရွယ်ချက်​တွေ​အကြောင်း ဆက်​လေ့လာ​သင်ယူချင်စိတ် ရှိသလား။

၁၀။ လေ့လာဖို့ တချို့အတွက် ဘာကြောင့် ခက်သလဲ။

၁၀ လူအများစုအတွက် လေ့လာမှု လုပ်ရတာ ခက်တယ်။ သင့်အတွက်​ကော။ ကျောင်းမှာ ကောင်းကောင်း ဖတ်ရှု​လေ့လာ​တတ်​ဖို့ သင်ယူခဲ့​သ​လား။ လေ့လာတဲ့အခါ ပျော်စရာ​ကောင်းတယ်၊ လေ့လာ​ရကျိုးနပ်​တယ်လို့ ခံစားရသလား။ ဒါမှမဟုတ် စာပေ​ဘက် ပါရမီ မပါဘူး​လို့ ခံစားရသလား။ လူများစွာ အဲဒီလို ခံစားကြရတယ်။ ဒါပေမဲ့ အကောင်းဆုံး သွန်သင်ရှင် ယေဟောဝါ ကူညီပေးနိုင်တယ်။

၁၁။ “မဟာသွန်သင်ရှင်” ဖြစ်ကြောင်း ယေဟောဝါ ဘယ်လို သက်သေထူသလဲ။

၁၁ “မဟာသွန်သင်ရှင်” လို့ မိမိ​ကိုယ်​မိမိ ယေဟောဝါ ခေါ်ဆိုတယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) ယေဟောဝါဟာ စိတ်ရှည်၊ ကြင်နာ​ပြီး နားလည်​ပေး​တတ်တဲ့ သွန်သင်ရှင် ဖြစ်တယ်။ သင်သားတွေရဲ့ ကောင်းကွက်​ကို ရှာတယ်။ (ဆာ. ၁၃၀:၃) လုပ်နိုင်တာ​ထက် ပိုလုပ်ဖို့ ဘယ်တော့မှ မတောင်းဆိုဘူး။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို ဖန်ဆင်းထားတာ ယေဟောဝါ​ဆိုတာ သတိရပါ။ (ဆာ. ၁၃၉:၁၄) ကျွန်တော်တို့ကို လေ့လာ​သင်ယူချင်စိတ် ထည့်သွင်း​ဖန်ဆင်း​ပေးထားတယ်။ ထာဝစဉ် လေ့လာ​သင်ယူ​စေချင်တယ်။ လေ့လာ​သင်ယူ​ရတာ ပျော်မွေ့​စေချင်တယ်။ ဒါကြောင့် ကျမ်းစာ အမှန်တရားကို “အငမ်းမရ လိုချင်တဲ့ စိတ် ရှိ” အောင် အခုကတည်းက လုပ်ထား​သင့်​တယ်။ (၁ ပေ. ၂:၂) လက်လှမ်းမီ​တဲ့ ပန်းတိုင်တွေ ချပါ။ ကျမ်းစာ မှန်မှန် ဖတ်ရှု​လေ့လာ​ပါ။ (ယရ. ၁:၈) ယေဟောဝါရဲ့ အကူအညီကြောင့် ဘုရားအကြောင်း ဖတ်ရှု၊ လေ့လာရတာ ပို​ပျော်လာပါလိမ့်မယ်။

၁၂။ ယေရှုရဲ့ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်းအကြောင်း ဘာကြောင့် လေ့လာသင့်သလဲ။

၁၂ ယေရှုရဲ့ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်းအကြောင်း မှန်မှန် အချိန်ယူ တွေးတောပါ။ အထူးသဖြင့်၊ အခုလို ခက်ခဲတဲ့​အချိန်မှာ ယေဟောဝါရဲ့ အမှုဆောင်နိုင်ဖို့ဆိုရင် ယေရှုရဲ့​ခြေရာကို ထက်ကြပ်မကွာ လိုက်ရမယ်။ (၁ ပေ. ၂:၂၁) နောက်လိုက်တွေ အခက်အခဲ ကြုံရမယ်လို့ ယေရှု ပြောတယ်။ (လု. ၁၄:၂၇၊ ၂၈) ဒါပေမဲ့ မိမိ​လို​ပဲ နောက်လိုက်စစ်​တွေ အောင်မြင်ကြမယ်​ဆိုတာ စိတ်ချတယ်။ (ယော. ၁၆:၃၃) ဒါကြောင့် ယေရှုရဲ့ ဘဝ​လမ်းစဉ်အကြောင်း အသေးစိတ် လေ့လာ​ပါ။ နေ့စဉ် အသက်တာမှာ ယေရှုကို အတုယူဖို့ ပန်းတိုင်​ထားပါ။

၁၃။ ယေဟောဝါဆီ ဘာ​ဆုတောင်းသင့်သလဲ။ ဘာကြောင့်လဲ။

၁၃ အသိပညာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ အသိပညာ ဆည်းပူး​တယ်ဆိုတာ ယေဟောဝါအကြောင်း ပိုသိချင်လို့၊ မေတ္တာ၊ ယုံကြည်ခြင်း စတဲ့ အရည်အသွေးတွေ ရှိ​ချင်လို့ ဖြစ်တယ်။ (၁ ကော. ၈:၁-၃) ဒါကြောင့် လေ့လာမှု လုပ်တဲ့အခါ ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါ​လို့ ယေဟောဝါဆီ ဆုတောင်းပါ။ (လု. ၁၇:၅) ဘုရား လိုလို​လားလား ဖြေပေးပါလိမ့်မယ်။ ဘုရားအကြောင်း တိကျမှန်ကန်စွာ သိခြင်း​အပေါ် အခြေခံတဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းက သိလာတဲ့​အတိုင်း လက်တွေ့​ကျင့်​ဖို့ လှုံ့ဆော်​ပေးပါလိမ့်မယ်။—ယာ. ၂:၂၆

သိလာတဲ့​အတိုင်း လက်တွေ့​ကျင့်​နေပါ

ရေလွှမ်းမိုး​ဘေး မတိုင်ခင် နောဧ​တို့ မိသားစုဟာ သိလာတဲ့​အတိုင်း လက်တွေ့​လုပ် (စာပိုဒ် ၁၄ ကို ကြည့်ပါ)

၁၄။ သိလာတဲ့​အတိုင်း လက်တွေ့​ကျင့်​ဖို့ အရေးကြီးကြောင်း တမန်တော် ပေတရု ဘယ်လို အလေးပေး​ပြောသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ ခရစ်တော်ရဲ့ နောက်လိုက်တွေ သိလာတဲ့​အတိုင်း လက်တွေ့ကျင့်ဖို့ အရေးကြီးကြောင်း နောဧ​ကျမ်းမှတ်တမ်းကို သုံးပြီး တမန်တော် ပေတရု အလေးပေး​ပြောတယ်။ ရေလွှမ်းမိုး​ဘေး​အားဖြင့် အဲဒီ​ခေတ်က လူဆိုးတွေကို ဖျက်ဆီး​မယ်​လို့ နောဧ​ကို ယေဟောဝါ ပြောတယ်။ ရေလွှမ်းမိုး​မယ်​ဆိုတာ သိရုံနဲ့ နောဧ​တို့​မိသားစု အသက်ဘေး​ကနေ မလွတ်​နိုင်​ဘူး။ ရေလွှမ်းမိုး​ဘေး မတိုင်ခင်​အချိန်ကို “သင်္ဘော ဆောက်လုပ်” တဲ့​အချိန်​လို့ ပေတရု ရည်ညွှန်း​ပြောတာ သတိပြု​ပါ။ (၁ ပေ. ၃:၂၀) နောဧ​တို့​မိသားစုဟာ သင်္ဘော​ဆောက်လုပ်ခြင်းအားဖြင့် ဘုရားဆီကနေ သိလာတဲ့​အချက်ကို မှီပြီး လက်တွေ့​လုပ်တယ်။ (ဟီ. ၁၁:၇) နောဧ သင်္ဘော​ဆောက်တာ​ကို နှစ်ခြင်းနဲ့ ခိုင်းနှိုင်း​ပြီး “အဲဒါနဲ့ ဆင်တူတဲ့​အရာ၊ အခု​အချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့​အရာဟာ နှစ်ခြင်း​ပဲ” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၃:၂၁) ဒါကြောင့် နှစ်ခြင်းခံဖို့ ပြင်ဆင်​နေတာကို နောဧ​တို့​မိသားစု နှစ်နဲ့ချီ သင်္ဘော​ဆောက်တာ​နဲ့ ခိုင်းနှိုင်း​နိုင်ပါတယ်။ ဒါဆိုရင် နှစ်ခြင်းခံဖို့ အဆင်​သင့်​ဖြစ်အောင် ဘာတွေ လုပ်ရမလဲ။

၁၅။ စိတ်ရင်းမှန်နဲ့ နောင်တရ​ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၅ အရင်ဆုံး၊ အပြစ်တွေ​အတွက် စိတ်ရင်းမှန်နဲ့ နောင်တ​ယူပါ။ (တ. ၂:၃၇၊ ၃၈) စိတ်ရင်းမှန်နဲ့ နောင်တရ​မှ စိတ်ရင်းမှန်နဲ့ ပြောင်းလဲ​နိုင်မယ်။ လိင်​အကျင့်​ယိုယွင်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆဲဆို​ခြင်း​စတဲ့ ယေဟောဝါ မနှစ်သက်တဲ့ အကျင့်​တွေ ဖြတ်​ပြီးပြီ​လား။ (၁ ကော. ၆:၉၊ ၁၀။ ၂ ကော. ၇:၁။ ဧ. ၄:၂၉) မဖြတ်ရသေးဘူးဆိုရင် ပြောင်းလဲဖို့ ဆက်ကြိုးစားပါ။ ကျမ်းစာ သင်ပေး​သူကို ပြောပြပါ။ ဒါမှမဟုတ် အသင်းတော် အကြီးအကဲတွေဆီကနေ အကူအညီနဲ့ လမ်းညွှန်မှု တောင်းပါ။ သင်ဟာ အသက် ငယ်​သေးတယ်၊ မိဘ​အုပ်ထိန်းမှုအောက်မှာ ရှိနေတုန်းပဲ​ဆိုရင် နှစ်ခြင်းခံဖို့ အတားအဆီး ဖြစ်စေတဲ့ အကျင့်ဆိုးတွေ ဖြတ်နိုင်အောင် မိဘတွေဆီကနေ အကူအညီ တောင်းပါ။

၁၆။ ဝတ်ပြုရေး အလေ့အထ​ကောင်း​တွေ​မှာ ဘာတွေ ပါသလဲ။

၁၆ ဝတ်ပြုရေး အလေ့အထ​ကောင်း ရှိဖို့လည်း အရေးကြီးတယ်။ အဲဒီထဲမှာ ခရစ်ယာန် အစည်းအဝေးတွေ တက်ရောက်ခြင်း၊ ပါဝင်ခြင်း ပါတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အရည်အချင်း ပြည့်မီပြီဆိုတာနဲ့ ဟောပြောခြင်းလုပ်ငန်းမှာ မှန်မှန် ပါဝင်ပါ။ ပါဝင်​လေ ပို​ပျော်လေ ဖြစ်လာမယ်။ (၂ တိ. ၄:၅) သင်ဟာ အသက် ငယ်​သေးတယ်၊ မိဘ​အုပ်ထိန်းမှုအောက်မှာ ရှိနေတုန်းပဲ​ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အစည်းအဝေး တက်ဖို့၊ အမှုဆောင် ထွက်​ဖို့ မိဘတွေ ငါ့ကို တိုက်တွန်း​နေ​ရ​သ​လား။ ဒါမှမဟုတ် ကိုယ့်​အသိစိတ်နဲ့​ကိုယ် လုပ်​သ​လား။ ဒီ​လုပ်ဆောင်မှုတွေမှာ ကိုယ့်​အသိစိတ်နဲ့​ကိုယ် ပါဝင်တာက ယေဟောဝါဘုရားကို ယုံတယ်၊ ချစ်တယ်၊ ကျေးဇူးတင်တယ်ဆိုတာ ဖော်ပြရာ​ရောက်တယ်။ “ဘုရားတရား ကိုင်းရှိုင်း” ရာ​ရောက်တယ်။ ယေဟောဝါဆီ လက်ဆောင် ပေးတာနဲ့ တူတယ်။ (၂ ပေ. ၃:၁၁။ ဟီ. ၁၃:၁၅) တစ်ယောက်ယောက် တိုက်တွန်း​လို့ မဟုတ်ဘဲ သင် လိုလို​လားလား ပေးဆက်​တဲ့အခါ ဘုရား နှစ်သက်တယ်။ (၂ ကောရိန္သု ၉:၇ နဲ့ နှိုင်းယှဉ်ပါ။) ယေဟောဝါကို အကောင်းဆုံး ပေးဆက်​ရတာ ပျော်လို့ ဒီ​လုပ်ဆောင်မှုတွေမှာ ကျွန်တော်တို့ ပါဝင်ကြတယ်။

ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးများ​နေစေပါ

၁၇-၁၈။ နှစ်ခြင်းခံတဲ့အထိ တိုးတက်ဖို့ ဘယ်​အရေးကြီး အရည်အသွေးက သင့်ကို ကူညီပေးမလဲ။ ဘာကြောင့်လဲ။ (ပညာအလိမ္မာ ၃:၃-၆)

၁၇ နှစ်ခြင်းခံဖို့ ကြိုးစား​နေတုန်း အခက်အခဲတွေ ကြုံရ​နိုင်တယ်။ ယုံကြည်ချက်​အသစ်​ကို လှောင်ပြောင်တာ၊ ဆန့်ကျင်​တာ ကြုံရ​နိုင်တယ်။ (၂ တိ. ၃:၁၂) ဒါမှမဟုတ် အကျင့်​ဆိုး ဖြတ်ဖို့ ကြိုးစား​လိုက် အ​ထ​မ​မြောက်​လိုက် ဖြစ်နိုင်တယ်။ ပန်းတိုင် အလှမ်းဝေး​လွန်းတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် စိတ်မရှည်၊ အား​မ​လို အားမရ ဖြစ်နိုင်တယ်။ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ဘာက ကူညီပေးမလဲ။ ယေဟောဝါကို ချစ်တဲ့ မေတ္တာပါ။

၁၈ သင့်​မှာ ရှိသမျှ အရည်အသွေးတွေ​ထဲ​မှာ ယေဟောဝါကို ချစ်တဲ့ မေတ္တာဟာ အကောင်းဆုံး​ပဲ။ (ပညာအလိမ္မာ ၃:၃-၆ ကို ဖတ်ပါ။) ဘုရားအပေါ် ထားတဲ့ ခိုင်မြဲတဲ့ မေတ္တာက အခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်ဖို့ ကူညီပေးနိုင်တယ်။ ကျေးကျွန်တွေအပေါ် ယေဟောဝါ ပြတဲ့ ခိုင်မြဲတဲ့ မေတ္တာ​အကြောင်း ကျမ်းစာမှာ မကြာခဏ ဖော်ပြတယ်။ ခိုင်မြဲတဲ့ မေတ္တာဟာ ထာဝစဉ် တည်မြဲ​တယ်။ (ဆာ. ၁၀၀:၅) ဘုရားသခင့် ပုံသဏ္ဌာန်​အတိုင်း သင် ဖန်ဆင်းခံထားရလို့ ဘုရား​မေတ္တာကို အတုယူနိုင်ပါတယ်။ (က. ၁:၂၆) ဘယ်လိုနည်းနဲ့လဲ။

ယေဟောဝါကို ကျေးဇူးတင်ကြောင်း နေ့တိုင်း ပြ​နိုင် (စာပိုဒ် ၁၉ ကို ကြည့်ပါ) b

၁၉။ ယေဟောဝါ လုပ်ပေးသမျှအတွက် ကျေးဇူးတင်စိတ် တိုးများအောင် ဘယ်လို လုပ်နိုင်သလဲ။ (ဂလာတိ ၂:၂၀)

၁၉ ကျေးဇူးတင်စိတ် တိုးများအောင် လုပ်ပါ။ (၁ သက်. ၅:၁၈) ‘ငါ့ကို ယေဟောဝါ မေတ္တာ ဘယ်လို ပြသလဲ’ လို့ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် မေးပါ။ အဲဒီနောက် ကိုယ့်အတွက် ဘုရား သတ်သတ်မှတ်မှတ် လုပ်ပေးတာ​တွေ စဉ်းစားပြီး ကျေးဇူးတင်ကြောင်း ဆုတောင်း​ပြောပြပါ။ ကိုယ့်ကို ချစ်လို့ ကောင်းမွန်​ရာ​တွေ ယေဟောဝါ လုပ်ပေးတယ်ဆိုတာ အသိအမှတ်ပြု​ပါ။ တမန်တော် ပေါလု အဲဒီလိုပဲ ခံစားရတယ်။ (ဂလာတိ ၂:၂၀ ကို ဖတ်ပါ။) ‘ယေဟောဝါကို ချစ်ကြောင်း ငါ ပြချင်သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ သွေးဆောင်မှုတွေ ဆက်​တွန်းလှန်​ဖို့၊ အခက်အခဲတွေ အောင်အောင်မြင်မြင် ကျော်ဖြတ်ဖို့၊ ဝတ်ပြုရေး အလေ့အထ​ကောင်း​တွေ ဆက်ရှိဖို့၊ ကောင်းကင်ဘုံစံ ဖခင်ကို ချစ်ကြောင်း နေ့တိုင်း ပြဖို့ ယေဟောဝါကို ချစ်တဲ့ မေတ္တာက လှုံ့ဆော်​ပေးပါလိမ့်မယ်။

၂၀။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်း​မှာ ဘာ​ပါသလဲ။ ဘာကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်သလဲ။

၂၀ အချိန်တန်တဲ့အခါ ယေဟောဝါကို ချစ်တဲ့ မေတ္တာက ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံ​ဖို့ လှုံ့ဆော်​ပေး​လာ​ပါလိမ့်မယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ​လိုက်တာနဲ့ သင့်​မှာ သိပ်ကောင်းတဲ့ မျှော်လင့်ချက် ရှိသွားပြီ။ ဘုရား​ပိုင်ဆိုင်ရာ ထာဝစဉ် ဖြစ်နိုင်ပြီ။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ​တယ်ဆိုတာ အခြေအနေ ကောင်း​ချိန်​မှာ​ရော၊ မကောင်း​ချိန်​မှာ​ပါ ဘုရားကို ဝတ်ပြုမယ်​လို့ ကတိ​ပေး​လိုက်တာပဲ။ အဲဒီကတိကို ထပ်ခါထပ်ခါ ပေး​စ​ရာ မလိုဘူး။ ဒါကြောင့် ဆက်ကပ်အပ်နှံခြင်း​ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ သင့်​ဘဝမှာ ဆုံးဖြတ်ချက်တွေ အများကြီး ချရမယ်။ တချို့​ဆုံးဖြတ်ချက်တွေ ဘယ်လောက် ကောင်းကောင်း ဆက်ကပ်အပ်နှံ​ဖို့ ဆုံးဖြတ်တာ​လောက် ကောင်းတဲ့ ဆုံးဖြတ်ချက် မရှိနိုင်ဘူး။ (ဆာ. ၅၀:၁၄) စာတန်က သင့်ကို သမာဓိ ချိုးဖောက်စေချင်လို့ ဘုရားကို ချစ်တဲ့ မေတ္တာ လျော့သွားအောင် ကြိုးစား​လိမ့်မယ်။ စာတန်ကို အရှုံးမပေး​ပါ​နဲ့။ (ယောဘ ၂၇:၅) ဆက်ကပ်အပ်နှံခြင်း ကတိ​သစ္စာ​အတိုင်း နေဖို့၊ ကောင်းကင်ဘုံစံ ဖခင်နဲ့ ပိုရင်းနှီး​လာအောင် လုပ်ဖို့ ယေဟောဝါကို ချစ်တဲ့ မေတ္တာက ကူညီပေးပါလိမ့်မယ်။

၂၁။ နှစ်ခြင်း​ဟာ အစ ဖြစ်တယ်လို့ ဘာကြောင့် ပြော​နိုင်သလဲ။

၂၁ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ​ပြီးပြီဆိုရင် နှစ်ခြင်းခံ​နိုင်ဖို့ အသင်းတော် အကြီးအကဲတွေနဲ့ စကားပြောပါ။ နှစ်ခြင်း​ဟာ အဆုံး မဟုတ်ဘူး၊ အစ​ဆိုတာ အမြဲ သတိရပါ။ ယေဟောဝါကို ထာဝစဉ် ဝတ်ပြု​သွားမယ်​ဆိုတဲ့ အဆုံးမဲ့ လမ်းစဉ်​ရဲ့ အစ ဖြစ်တယ်။ ဒါကြောင့် အခုကတည်းက ကောင်းကင်ဘုံစံ ဖခင်ကို ချစ်တဲ့ မေတ္တာ တိုးများအောင် လုပ်နေပါ။ တစ်နေ့​ထက် တစ်နေ့ မေတ္တာ တိုးလာ​စေ​မယ့် ပန်းတိုင်တွေ ချပါ။ ဒါဆိုရင် နှစ်ခြင်းခံဖို့ လှုံ့ဆော်​ခံရ​ပါလိမ့်မယ်။ နှစ်ခြင်းခံတဲ့နေ့​ဟာ ဘဝရဲ့ မမေ့နိုင်​စ​ရာ နေ့​တစ်နေ့ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ အစ​ပဲ ရှိသေးတယ်။ ဒါကြောင့် ယေဟောဝါနဲ့ သားတော်ကို ချစ်တဲ့ မေတ္တာ ထာဝစဉ် တိုးများ​နိုင်​ပါ​စေ။

သီချင်း ၁၃၅ ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်– ‘ငါ့သား၊ ပညာရှိပါ’

a ရှေ့ဆောင်းပါးမှာ သိခဲ့​ရတဲ့​အတိုင်း နှစ်ခြင်းခံတဲ့အထိ တိုးတက်ဖို့​ဆိုရင် ကျွန်တော်တို့မှာ မှန်ကန်​တဲ့ အကြောင်းရင်း ရှိရမယ်။ ဒါ့အပြင် လုပ်သင့်တာ​တွေ လုပ်ဖို့လည်း လိုတယ်။ နှစ်ခြင်းခံတဲ့အထိ တိုးတက်ဖို့ ကျမ်းစာသင်သား ဘာတွေ လုပ်ဖို့ လိုကြောင်း အီသီယိုးပီးယား အရာရှိ​ရဲ့ စံနမူနာကို သုံးပြီး ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

b ပုံအညွှန်း– ဘုရား ပြင်ဆင်​ပေး​ရာ​အတွက် ကျေးဇူးတင်ကြောင်း လူငယ် ညီအစ်မ ယေဟောဝါဆီ ဆုတောင်း ပြောပြနေ။