လေ့လာရန် ဆောင်းပါး ၁၃
ဖန်ဆင်းရာတွေ သုံးပြီး ယေဟောဝါအကြောင်း သားသမီးတွေကို သင်ပေးပါ
“အဲဒါတွေကို ဘယ်သူ ဖန်ဆင်းသလဲ။”—ဟေရှာ. ၄၀:၂၆။
သီချင်း ၁၁ ဖန်ဆင်းရာများက ဘုရားကို ချီးမွမ်း
အကြိုသုံးသပ်ချက် a
၁။ သားသမီးတွေအတွက် မိဘတွေရဲ့ ဆန္ဒက ဘာလဲ။
ယေဟောဝါဘုရားကို သားသမီးတွေ သိလာဖို့၊ ချစ်လာဖို့ မိဘတွေ ကူညီပေးချင်ကြမှန်း ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဘုရားကို မမြင်နိုင်ဘူး။ ဒီတော့ ဘုရားကို တကယ့် ပုဂ္ဂိုလ်အဖြစ် မြင်လာဖို့၊ ဘုရားနဲ့ ပိုရင်းနှီးလာဖို့ သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်မလဲ။—ယာ. ၄:၈။
၂။ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း သားသမီးတွေကို မိဘတွေ ဘယ်လို သင်ပေးနိုင်သလဲ။
၂ ယေဟောဝါနဲ့ ရင်းနှီးလာအောင် သားသမီးတွေကို ကူညီပေးနိုင်တဲ့ တစ်နည်းကတော့ ကျမ်းစာ သင်ပေးခြင်းအားဖြင့်ပါ။ (၂ တိ. ၃:၁၄-၁၇) နောက်တစ်နည်းကိုလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဖန်ဆင်းရာတွေမှာ ပေါ်လွင်နေတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို မြင်အောင် ကြည့်ဖို့ သားကို ဖခင် ဖြစ်သူ သတိပေးနေတဲ့အကြောင်း ပညာအလိမ္မာကျမ်းမှာ ဖတ်ရတယ်။ (ပညာ. ၃:၁၉-၂၁) ဖန်ဆင်းရာတွေ သုံးပြီး ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း သားသမီးတွေကို သင်ပေးနိုင်တဲ့ နည်းတချို့ ဆွေးနွေးကြရအောင်။
ဖန်ဆင်းရာတွေ သုံးပြီး သားသမီးတွေကို ဘယ်လို သင်ပေးနိုင်သလဲ
၃။ သားသမီးတွေ ဘာကို သဘောပေါက်ဖို့ မိဘတွေ ကူညီပေးသင့်သလဲ။
၃ ‘ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး ဘုရားသခင်ရဲ့ အရည်အသွေးတွေအကြောင်း လောကကို ဖန်ဆင်းချိန်ကတည်းက အထင်အရှား သိမြင်နိုင်တယ်’ လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ရော. ၁:၂၀) မိဘတို့၊ သားသမီးတွေနဲ့အတူ အပြင်သွားရတာ ကြိုက်ကြမှာပါ။ အဲဒီလိုအချိန်တွေမှာ “ဖန်ဆင်းထားရာတွေ” က ယေဟောဝါရဲ့ အံ့ဖွယ် အရည်အသွေးတွေအကြောင်း ဘာဖော်ပြနေတယ်ဆိုတာ သဘောပေါက်အောင် သားသမီးတွေကို ကူညီပေးပါ။ ဒီ ကဏ္ဍမှာ ယေရှုဆီကနေ မိဘတွေ ဘာသင်ယူနိုင်ကြောင်း ကြည့်ကြစို့။
၄။ ဖန်ဆင်းရာတွေ သုံးပြီး တပည့်တွေကို ယေရှု ဘယ်လို သွန်သင်ပေးသလဲ။ (လုကာ ၁၂:၂၄၊ ၂၇-၃၀)
၄ ဖန်ဆင်းရာတွေ သုံးပြီး ယေရှု သွန်သင်ပေးပုံကို သတိပြုပါ။ ကျီးအတွေ၊ တောနှင်းပန်းတွေအကြောင်း စဉ်းစားကြည့်ဖို့ တပည့်တွေကို ပြောတယ်။ (လုကာ ၁၂:၂၄၊ ၂၇-၃၀ ကို ဖတ်ပါ။) တခြားတိရစ္ဆာန်၊ အပင်တစ်မျိုးမျိုးကို ဥပမာ ပေးလို့ ရပေမဲ့ တပည့်တွေ ကောင်းကောင်း သိတဲ့ ကျီးအနဲ့ တောနှင်းပန်းကို ဥပမာ ပေးခဲ့တယ်။ ကျီးအတွေ ပျံသန်းနေတာ၊ လယ်ကွင်းမှာ တောနှင်းပင်တွေ ပေါက်နေတာကို တပည့်တွေ မြင်ဖူးကြမှာပဲ။ ငှက်တွေ၊ ပန်းတွေကို လက်ညှိုးထိုးပြပြီး ယေရှု သွန်သင်ပေးနေတယ်လို့ မြင်ယောင်ကြည့်ပါ။ အဲဒီနောက် ကောင်းကင်ဘုံစံ ဖခင်ရဲ့ ရက်ရောမှု၊ ကြင်နာမှုအကြောင်း သင်ပေးတယ်။ ကျီးအတွေကို ကျွေးမွေးပြီး တောနှင်းပန်းတွေကို အလှဆင်ပေးသလို သစ္စာရှိ ကျေးကျွန်တွေရဲ့ စားဝတ်နေရေးအတွက် ယေဟောဝါ ထောက်မပေးမယ်ဆိုတာ စိတ်ချစေတယ်။
၅။ ဘယ်ဖန်ဆင်းခြင်း လက်ရာ သုံးပြီး ယေဟောဝါအကြောင်း သားသမီးတွေကို မိဘတွေ သင်ပေးနိုင်သလဲ။
၅ မိဘတို့၊ ယေရှုရဲ့ သွန်သင်ပုံကို အတုယူပါ။ သင် အကြိုက်ဆုံး တိရစ္ဆာန်၊ အပင်အကြောင်း၊ အဲဒါတွေက ယေဟောဝါနဲ့ပတ်သက်ပြီး ဘာဖော်ပြနေကြောင်း သားသမီးတွေကို ပြောပြနိုင်တယ်။ သင့်သားသမီးရဲ့ အကြိုက်ဆုံး တိရစ္ဆာန်၊ အပင်အကြောင်း မေးနိုင်တယ်။ သူတို့ စိတ်ဝင်စားတာကို အခြေခံပြီး ယေဟောဝါအကြောင်း သင်ပေးရင် ပိုအာရုံစိုက်နားထောင်နိုင်တယ်။
၆။ ခရစ္စတိုဖာရဲ့ အမေဆီကနေ ဘာသင်ယူနိုင်သလဲ။
၆ ယေဟောဝါအကြောင်း သားသမီးတွေကို သင်ပေးဖို့ တိရစ္ဆာန်၊ အပင် တစ်မျိုးမျိုးအကြောင်း အချိန် အများကြီး ပေးပြီး ရှာဖွေလေ့လာနေစရာ မလိုပါဘူး။ ကျီးအတွေရဲ့ စားသောက်ပုံအကြောင်း၊ တောနှင်းပန်းတွေရဲ့ ကြီးထွားပုံအကြောင်း ယေရှု ရှည်ရှည်ဝေးဝေး ရှင်းပြမနေဘူး။ သဘာဝအကြောင်း ရှာဖွေလေ့လာရတာ သင့်သားသမီး ကြိုက်ကောင်း ကြိုက်နိုင်ပါတယ်။ ဒါပေမဲ့ ရိုးရိုးလေး ရှင်းပြရုံ၊ မေးခွန်း မေးရုံနဲ့ လုံလောက်လေ့ ရှိတယ်။ ခရစ္စတိုဖာလို့ ခေါ်တဲ့ ညီအစ်ကိုတစ်ယောက် ငယ်ဘဝအကြောင်း ဒီလိုပြောတယ်– “ကိုယ့်ပတ်ဝန်းကျင်က ဖန်ဆင်းရာတွေကို တန်ဖိုးထားတတ်ဖို့ အမေ ရိုးရိုးလေးပဲ သင်ပေးတယ်။ ဥပမာ၊ တောင်တွေဘက် ရောက်တဲ့အခါ ‘ကြည့်ပါဦး။ တောင်တန်းတွေက သိပ်ကြီးပြီး လှလိုက်တာ။ ယေဟောဝါ အံ့ဩဖို့ မကောင်းဘူးလား’ လို့ အမေ ပြောတယ်။ ပင်လယ်ခရီး ထွက်တဲ့အခါ ‘လှိုင်းလုံးကြီးတွေကို ကြည့်ပါဦး။ ယေဟောဝါ သိပ်တန်ခိုးကြီးတာပဲ’ လို့ ပြောတယ်။ အဲဒီစကားတွေက ရိုးရိုးလေး ဆိုပေမဲ့ ကျွန်တော်တို့ကို အများကြီး တွေးမိစေတယ်။”
၇။ ဖန်ဆင်းရာတွေအကြောင်း တွေးတောတတ်ဖို့ သားသမီးတွေကို ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။
၇ သားသမီးတွေ ကြီးလာတာနဲ့အမျှ ဖန်ဆင်းရာတွေအကြောင်း ပိုတွေးတောတတ်ဖို့၊ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း ဆက်စပ် စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးနိုင်တယ်။ ဖန်ဆင်းရာ တစ်ခုအကြောင်း ပြောပြီး “ဒါက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ” လို့ မေးနိုင်တယ်။ သားသမီးတွေရဲ့ အဖြေကို ကြားရတဲ့အခါ သင် အံ့ဩပျော်ရွှင်မှာ သေချာတယ်။—မ. ၂၁:၁၆။
ဖန်ဆင်းရာတွေ သုံးပြီး သားသမီးတွေကို ဘယ်အချိန် သင်ပေးနိုင်သလဲ
၈။ အစ္စရေးတွေ မိသားစုလိုက် ခရီးထွက်တဲ့အခါ ဘာအခွင့်အရေး ရကြသလဲ။
၈ “လမ်းလျှောက်တဲ့အခါ” လည်း သားသမီးတွေကို ယေဟောဝါရဲ့ ပညတ်တွေ သင်ပေးဖို့ အစ္စရေးတွေ မိန့်မှာခံရကြတယ်။ (တရား. ၁၁:၁၉) အစ္စရေး ကျေးလက်ဒေသကို ဖြတ်ပြီး လမ်းတွေ ဖောက်ထားလို့ လမ်းတစ်လျှောက် တိရစ္ဆာန်၊ ငှက်၊ ပန်း အမျိုးမျိုး မြင်ရတယ်။ အစ္စရေးတွေ မိသားစုလိုက် ခရီးထွက်တဲ့အခါ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေအကြောင်း ပြောဖို့ မိဘတွေ အခွင့်အရေး ရကြတယ်။ ဒီနေ့ခေတ် မိဘတွေလည်း အလားတူ အခွင့်အရေး ဖန်တီးနိုင်တယ်။ မိဘတချို့ ဘယ်လို လုပ်ခဲ့သလဲ လေ့လာကြည့်ရအောင်။
၉။ ပူနီသနဲ့ ကတ်တရားဆီကနေ ဘာသိရသလဲ။
၉ အိန္ဒိယနိုင်ငံ၊ မြို့ကြီးတစ်မြို့မှာ နေတဲ့ ပူနီသလို့ ခေါ်တဲ့ မိခင်တစ်ယောက် ဒီလိုပြောတယ်– “နယ်ဘက်က ဆွေမျိုးတွေဆီ သွားလည်တဲ့အခါ ယေဟောဝါရဲ့ အံ့ဖွယ် ဖန်ဆင်းရာတွေအကြောင်း သားသမီးတွေကို သင်ပေးနိုင်တဲ့ အခွင့်အရေးလို့ ကျွန်မတို့ သဘောထားတယ်။ လူတွေ၊ ကားတွေနဲ့ ရှုပ်ယှက်ခတ် မနေလို့ ဖန်ဆင်းရာတွေကို သားသမီးတွေ ပိုအာရုံစိုက်မိကြတယ်။” မိဘတို့၊ ရှုခင်းလှတဲ့ နေရာတွေဆီ သင်တို့နဲ့အတူ လည်ပတ်ခဲ့တာကို သားသမီးတွေ အမြဲ အမှတ်ရတတ်ကြတယ်။ “မိဘတွေနဲ့အတူ ကျေးလက်ဒေသကို သွားလည်တာ ကျွန်မ အမှတ်မိဆုံး ကလေးဘဝ အမှတ်တရပါ။ ဖန်ဆင်းရာတွေကို လေ့လာဖို့၊ ဖန်ဆင်းရာတွေကတစ်ဆင့် ယေဟောဝါအကြောင်း သင်ယူဖို့ ငယ်ငယ်ကတည်းက မိဘတွေ သင်ပေးလို့ သိပ်ကျေးဇူးတင်တယ်” လို့ မော်လ်ဒိုဗာက ညီအစ်မ ကတ်တရား ပြောတယ်။
၁၀။ ကျေးလက်ဒေသကို ခရီး မထွက်နိုင်ရင် မိဘတွေ ဘာလုပ်နိုင်သလဲ။ (“ မိဘများအတွက် အကူအညီ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၀ ကျေးလက်ဒေသကို ခရီး မထွက်နိုင်ရင်ကော။ “ကျွန်တော်တို့ ဒေသမှာ မိဘတွေ နာရီနဲ့ချီ အလုပ်လုပ်ကြရတယ်။ ကျေးလက်ဒေသကို ခရီးထွက်ဖို့ ငွေကုန်ကြေးကျ များတယ်။ ဒါပေမဲ့ ပန်းခြံမှာ ဖြစ်ဖြစ်၊ ဝရန်တာမှာ ဖြစ်ဖြစ် ဖန်ဆင်းရာတွေကို ကြည့်ပြီး ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း လေ့လာနိုင်ပါတယ်” လို့ အိန္ဒိယနိုင်ငံက ညီအစ်ကို အာမိုး ပြောတယ်။ ကိုယ့်အိမ် အနီးတစ်ဝိုက်မှာတင် သားသမီးတွေကို သင်ပေးနိုင်တဲ့ ဖန်ဆင်းရာ အမျိုးမျိုး ရှိပါတယ်။ (ဆာ. ၁၀၄:၂၄) ငှက်တွေ၊ ပိုးကောင်လေးတွေ၊ သစ်ပင်တွေနဲ့ တခြားအရာတွေ ပြပြီး သင်ပေးနိုင်တယ်။ “အမေက ပန်း သိပ်ကြိုက်တာ။ ဒါကြောင့် ကျွန်မ ငယ်ငယ်တုန်းက အမေနဲ့ လမ်းလျှောက်ထွက်ရင် ပန်းလှလှလေးတွေ အမေ ပြတတ်တယ်” လို့ ဂျာမနီနိုင်ငံက ညီအစ်မ ကရီးနာ ပြောတယ်။ အဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ ဖန်ဆင်းခြင်းအကြောင်း ဗီဒီယိုတွေ၊ စာပေတွေကိုလည်း မိဘတွေ သုံးနိုင်တယ်။ ဘယ်နေရာမှာပဲ နေနေ ဘုရားရဲ့ ဖန်ဆင်းရာတွေကနေ သားသမီးတွေ သင်ယူဖို့ ကူညီပေးနိုင်ပါတယ်။ သားသမီးတွေကို သင်ပေးနိုင်တဲ့ ယေဟောဝါရဲ့ အရည်အသွေးတချို့ လေ့လာကြည့်ကြစို့။
ယေဟောဝါကို မမြင်ရပေမဲ့ ‘အရည်အသွေးတွေကို အထင်အရှား မြင်နိုင်’
၁၁။ ယေဟောဝါရဲ့ မေတ္တာအကြောင်း သားသမီးတွေကို ဘယ်လို သင်ပေးနိုင်သလဲ။
၁၁ သားပေါက်လေးတွေကို မိခင် တိရစ္ဆာန် ကြင်ကြင်နာနာ ဆက်ဆံပုံကို ပြပြီး ယေဟောဝါရဲ့ မေတ္တာအကြောင်း သားသမီးတွေကို သင်ပေးနိုင်တယ်။ (မ. ၂၃:၃၇) ဖန်ဆင်းရာတွေ အံ့ဩစရာကောင်းလောက်အောင် မျိုးပေါင်းစုံလင်တာကိုလည်း အလေးပေး ပြောနိုင်တယ်။ “လမ်းလျှောက်ထွက်တဲ့အခါ ပန်းတစ်ပွင့်ချင်းစီ ဘယ်လောက် ထူးခြားကြောင်း၊ ယေဟောဝါရဲ့ မေတ္တာ ဘယ်လို ပေါ်လွင်ကြောင်း စဉ်းစားဖို့ အမေ သင်ပေးတယ်။ နှစ်တွေ ကြာသွားတာတောင် ပန်းတွေ တွေ့တိုင်း တစ်ပွင့်နဲ့ တစ်ပွင့် အရောင်အသွေး၊ ဒီဇိုင်း၊ အမျိုးအစား မတူတာကို သေသေချာချာ သတိထားကြည့်မိနေတုန်းပဲ။ ဒါက ကျွန်မတို့ကို ယေဟောဝါ ဘယ်လောက် ချစ်ကြောင်း အမှတ်ရစေတယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ကရီးနာ ပြောတယ်။
၁၂။ ဘုရားရဲ့ ဉာဏ်ပညာအကြောင်း သားသမီးတွေကို ဘယ်လို သင်ပေးနိုင်သလဲ။ (ဆာလံ ၁၃၉:၁၄) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၂ ကျွန်တော်တို့ထက် ယေဟောဝါ အဆမတန် ဉာဏ်ပညာ ကြီးမားကြောင်း သားသမီးတွေ သဘောပေါက်အောင် သင်ပေးပါ။ (ရော. ၁၁:၃၃) ဥပမာ၊ တိမ်ဆိုတာ ရေတွေ ငွေ့ရည်ဖွဲ့ပြီး ဖြစ်လာတာ၊ ဒါပေမဲ့ ဘယ်လောက်တောင် ပေါ့ပေါ့ပါးပါး ရွေ့လျားနေသလဲဆိုတာ ပြောပြနိုင်တယ်။ (ယောဘ ၃၈:၃၆၊ ၃၇) လူ့ခန္ဓာကိုယ်ရဲ့ အံ့ဖွယ် ဒီဇိုင်းအကြောင်းလည်း ပြောပြနိုင်တယ်။ (ဆာလံ ၁၃၉:၁၄ ကို ဖတ်ပါ။) ဗလာဒီမာလို့ ခေါ်တဲ့ ဖခင်တစ်ယောက် ဒီလိုပြောတယ်– “တစ်နေ့၊ ကျွန်တော့်သားလေး စက်ဘီး မှောက်ပြီး ဒဏ်ရာရသွားတယ်။ ရက်အနည်းငယ် ကြာတော့ အနာ ကျက်သွားတယ်။ ဆဲလ်တွေ သူ့အလိုလို ပြုပြင်နိုင်စွမ်းနဲ့ လူတွေကို ယေဟောဝါ ဖန်ဆင်းထားတာလို့ ကျွန်တော်တို့ ဇနီးမောင်နှံ ရှင်းပြတယ်။ ‘လူတွေ တီထွင်ထားတဲ့ ပစ္စည်းတွေမှာ အဲဒီအစွမ်း မရှိဘူး။ ဥပမာ၊ မတော်တဆမှု ဖြစ်လို့ ကားပျက်သွားရင် အလိုလို ကားပြန်ကောင်းမလာဘူး’ လို့ ပြောပြတယ်။ ဒီလိုနဲ့ ယေဟောဝါရဲ့ ဉာဏ်ပညာအကြောင်း သားလေး ပိုနားလည်လာတယ်။”
၁၃။ ဘုရားရဲ့ တန်ခိုးအကြောင်း သားသမီးတွေကို ဘယ်လို သင်ပေးနိုင်သလဲ။ (ဟေရှာယ ၄၀:၂၆)
၁၃ ကြယ်တွေကို သူ့နေရာနဲ့သူ ရှိနေစေတဲ့ အံ့ဖွယ် တန်ခိုးအကြောင်း ကောင်းကင်ကို မော့ကြည့်ပြီး စဉ်းစားဖို့ ကျွန်တော်တို့ကို ယေဟောဝါ ပြောတယ်။ (ဟေရှာယ ၄၀:၂၆ ကို ဖတ်ပါ။) သင်လည်း သားသမီးတွေကို ကောင်းကင်ကို ကြည့်ပြီး တွေးတောဖို့ သင်ပေးနိုင်တယ်။ ထိုင်ဝမ်နိုင်ငံက ညီအစ်မ ထင်းထင် ငယ်ဘဝအကြောင်း ဒီလိုပြောတယ်– “တစ်ခေါက်၊ အမေနဲ့ စခန်းချခရီး သွားတယ်။ လျှပ်စစ်မီးရောင်တွေ မရှိတဲ့ အဲဒီနေရာမှာ ညကောင်းကင်ယံကို အတူတူ ကြည့်ကြတယ်။ အဲဒီတုန်းက ရွယ်တူချင်း ဖိအားကြောင့် ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုနိုင်ပါ့မလားလို့ ကျွန်မ စိုးရိမ်နေတာ။ ကြယ်တွေကို ဖန်ဆင်းနိုင်တဲ့ ယေဟောဝါရဲ့ တန်ခိုးအကြောင်း စဉ်းစားကြည့်ဖို့၊ ဘယ်အခက်အခဲမဆို ကျွန်မ ရင်ဆိုင်နိုင်အောင် အဲဒီတန်ခိုးကို သုံးပြီး ဘုရား ကူညီပေးနိုင်တယ်ဆိုတာ သတိရဖို့ အမေ အားပေးတယ်။ ခရီးကနေ ပြန်လာပြီးနောက် ယေဟောဝါဘုရားအကြောင်း ပိုသိအောင် လုပ်ချင်လာတယ်။ ဘုရားအတွက် အမှုဆောင်ချင်စိတ် ပိုခိုင်မာလာတယ်။”
၁၄။ ယေဟောဝါကို ပျော်ရွှင်တဲ့ ဘုရားအဖြစ် သားသမီးတွေ မြင်လာအောင် ဖန်ဆင်းရာတွေ သုံးပြီး ဘယ်လို သင်ပေးနိုင်သလဲ။
၁၄ ယေဟောဝါဟာ ပျော်ရွှင်တဲ့ ဘုရား ဖြစ်ကြောင်း၊ ကျွန်တော်တို့ကိုလည်း ပျော်ရွှင်စေချင်ကြောင်း ဖန်ဆင်းရာတွေ ကြည့်ပြီး သိနိုင်တယ်။ ငှက်တွေ၊ ငါးတွေ အပါအဝင် တိရစ္ဆာန် တော်တော်များများ ဆော့ကစားတတ်ကြောင်း သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိကြတယ်။ (ယောဘ ၄၀:၂၀) တိရစ္ဆာန်လေးတွေ ဆော့ကစားနေတာ မြင်ရင် သင့်သားသမီးတွေ သဘောကျသလား။ ကြောင်လေးတစ်ကောင် ချည်ဘောလုံးနဲ့ ဆော့တာ၊ ခွေးပေါက်လေးတွေ အချင်းချင်း လုံးထွေး ဆော့ကစားတာ မြင်ဖူးနိုင်တယ်။ နောက်တစ်ခါ တိရစ္ဆာန်လေးတွေရဲ့ အပြုအမူကြောင့် သားသမီးတွေ ရယ်မောနေတာ တွေ့ရင် ယေဟောဝါဟာ ပျော်ရွှင်တဲ့ ဘုရား ဖြစ်ကြောင်း အမိအရ သင်ပေးပါ။—၁ တိ. ၁:၁၁။
ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို မိသားစုလိုက် ပျော်မွေ့ခံစားပါ
၁၅။ သားသမီးတွေရဲ့ ခံစားချက်ကို သိဖို့ မိဘတွေ ဘာလုပ်ရမလဲ။ (ပညာအလိမ္မာ ၂၀:၅) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၅ ကြုံနေရတဲ့ အခက်အခဲတွေကို သားသမီးတွေ ရင်ဖွင့် ပြောမပြလို့ မိဘတွေ အခက်တွေ့လေ့ရှိတယ်။ ခံစားချက်ကို သားသမီးတွေဘက်က ပြောမလာရင် မိဘတွေဘက်က နှိုက်ထုတ်ရမယ်။ (ပညာအလိမ္မာ ၂၀:၅ ကို ဖတ်ပါ။) သဘာဝပတ်ဝန်းကျင်မှာ အပန်းဖြေနေချိန် သားသမီးတွေရဲ့ခံစားချက်ကို နှိုက်ထုတ်ဖို့ ပိုလွယ်တယ်ဆိုတာ မိဘတချို့ သတိထားမိကြတယ်။ ဘာကြောင့်လဲ။ သားသမီးတွေရော မိဘတွေပါ စိတ်ကြည်လင်လန်းဆန်းနေတတ်ကြလို့ပါ။ ထိုင်ဝမ်နိုင်ငံက မာဆာဟီကိုလို့ ခေါ်တဲ့ ဖခင်တစ်ဦး ဒီလိုပြောတယ်– “တောင်တက်နေချိန်၊ ကမ်းခြေမှာ လမ်းလျှောက်နေချိန်တွေဆိုရင် သားသမီးတွေ စိတ်လွတ်လပ်ပေါ့ပါးကြတယ်။ အဲဒီလိုအချိန်မျိုးမှာ သူတို့ရဲ့ ခံစားချက်ကို နှိုက်ထုတ်ဖို့ ပိုလွယ်တယ်။” အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ကတ်တရားလည်း “ကျောင်းဆင်းရင် ပန်းခြံဆီ အမေ ခေါ်သွားတတ်တယ်။ အဲဒီကို ရောက်ရင် စိတ်လက်ပေါ့ပါးသွားလို့ ကျောင်းမှာ ကြုံရတာတွေ၊ စိုးရိမ်စရာတွေအကြောင်း အမေ့ကို ပြောပြဖို့ ပိုလွယ်တယ်” လို့ ပြောတယ်။
၁၆။ ဖန်ဆင်းရာတွေက ဘယ်လိုနည်းနဲ့ အပန်းပြေ၊ ပျော်ရွှင်စေသလဲ။
၁၆ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေက စိတ်အပန်းပြေစေတယ်။ ပျော်ရွှင်စေတယ်။ မိသားစုနှောင်ကြိုး ပိုခိုင်မာလာစေတယ်။ “ရယ်ရတဲ့အချိန်” နဲ့ “ကခုန်တဲ့အချိန်” ရှိတယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဒေ. ၃:၁၊ ၄) ပျော်စရာတွေ ဖန်တီးဖို့ လှပတဲ့ နေရာများစွာ ယေဟောဝါ ဖန်ဆင်းပေးထားတယ်။ ကမ်းခြေ၊ တောတောင်၊ ကျေးလက်ဒေသတွေဆီ ခရီးထွက်ရတာ မိသားစုများစွာ ကြိုက်ကြတယ်။ ပန်းခြံထဲ ပြေးလွှားဆော့ကစားရတာ၊ တိရစ္ဆာန်လေးတွေ ကြည့်ရတာ၊ မြစ်၊ ချောင်း၊ အင်းအိုင်၊ ပင်လယ်မှာ ရေကူးရတာ ကလေးတွေ ကြိုက်ကြတယ်။ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို ပျော်မွေ့ခံစားဖို့ အခွင့်အရေး အများကြီး ရှိပါတယ်။
၁၇။ ဖန်ဆင်းရာတွေကို သားသမီးတွေ ပျော်မွေ့ခံစားဖို့ မိဘတွေ ဘာကြောင့် ကူညီပေးသင့်သလဲ။
၁၇ ကမ္ဘာသစ်ကျရင် မိဘတွေရော သားသမီးတွေပါ တစ်ခါနဲ့မှ မတူအောင် ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို ပျော်မွေ့ခံစားကြရမယ်။ ဒီနေ့အချိန်နဲ့ မတူဘဲ တိရစ္ဆာန်တွေကို လူတွေ မကြောက်ရတော့ဘူး။ လူတွေကို တိရစ္ဆာန်တွေ မကြောက်ရတော့ဘူး။ (ဟေရှာ. ၁၁:၆-၉) ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို အချိန် အကန့်အသတ် မရှိ ပျော်မွေ့ခံစားနိုင်ကြမယ်။ (ဆာ. ၂၂:၂၆) ဒါပေမဲ့ မိဘတို့၊ အဲဒီအချိန်အထိ စောင့်မနေပါနဲ့။ အခုကတည်းက ဖန်ဆင်းရာတွေ သုံးပြီး သားသမီးတွေကို ယေဟောဝါအကြောင်း သင်ပေးပါ။ ဒါဆိုရင် ‘အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုနဲ့ နှိုင်းယှဉ်နိုင်လောက်တဲ့ လုပ်ဆောင်မှုမျိုး မရှိပါဘူး’ လို့ ဘုရင် ဒါဝိဒ်လိုပဲ သူတို့ ပြောလာကြပါလိမ့်မယ်။—ဆာ. ၈၆:၈။
သီချင်း ၁၃၄ ဘုရားပေး သားသမီးများ
a ညီအစ်ကို/မများစွာမှာ ခရစ်ယာန် မိဘတွေနဲ့အတူ ဖန်ဆင်းရာတွေကို ပျော်မွေ့ခံစားခဲ့တဲ့ အမှတ်တရကောင်းတွေ ရှိကြတယ်။ ဖန်ဆင်းရာတွေ သုံးပြီး ယေဟောဝါဘုရားရဲ့ အရည်အသွေးတွေအကြောင်း မိဘတွေ သင်ပေးခဲ့တာကို သူတို့ မမေ့ကြဘူး။ သင့်မှာ သားသမီး ရှိတယ်ဆိုရင် ဖန်ဆင်းရာတွေ သုံးပြီး ဘုရားရဲ့ အရည်အသွေးတွေအကြောင်း ဘယ်လို သင်ပေးနိုင်သလဲ။ ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။