မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၀

ဘာကြောင့် နှစ်ခြင်းခံရမလဲ

ဘာကြောင့် နှစ်ခြင်းခံရမလဲ

“နှစ်ခြင်းခံ​ကြ​ပါ။”—တ. ၂:၃၈

သီချင်း ၃၄ သမာဓိ​ရှိရှိ လျှောက်လှမ်းခြင်း

အကြို​သုံးသပ်ချက် a

၁-၂။ (က) နှစ်ခြင်း​မြင်ကွင်းကို ပြောပြပါ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

 နှစ်ခြင်းခံမယ့်​သူတွေကို သင် ရပ်ကြည့်ဖူးသလား။ နှစ်ခြင်း​မခံခင် မေးခွန်း​နှစ်ခုကို ပြတ်ပြတ်သားသား ဖြေ​ကြ​တာ ကြားရတယ်။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ ဂုဏ်ယူ​နေကြတာ မြင်ရတယ်။ နှစ်ခြင်းခံသူ​တွေ ရေ​ထဲကနေ ပြန်ထွက်​လာတော့ လက်ခုပ်သံ​တွေ ကြားရတယ်။ နှစ်ခြင်းခံသူ​တွေ​ရဲ့ မျက်နှာ​မှာ အပြုံး​ပန်းတွေ ဝေနေတာ မြင်ရတယ်။ ပျမ်းမျှ​အားဖြင့် တစ်ပတ်​ကို လူ​ထောင်ချီ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံ​ပြီး နှစ်ခြင်းခံ​ကြတယ်။

သင်​ကော။ နှစ်ခြင်းခံဖို့ စိတ်ကူး​နေတယ်​ဆိုရင် ဆိုးညစ်တဲ့ ဒီ​လောက​မှာ သင်ဟာ သိပ်ထူးခြားတယ်။ “ယေဟောဝါကို ရှာ​တဲ့သူ” ဖြစ်နေလို့ပဲ။ (ဆာ. ၁၄:၁၊ ၂) အသက်ကြီးကြီး၊ ငယ်ငယ် ဒီဆောင်းပါး​က သင့်အတွက် ရည်ရွယ်ပါတယ်။ ဒါပေမဲ့ နှစ်ခြင်းခံပြီးသူ​တွေ​လည်း ယေဟောဝါကို ထာဝစဉ် ဝတ်ပြု​သွားမယ်​ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာချင်ကြတယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်ပြု​ရတဲ့ အကြောင်းရင်း များစွာ​ထဲက သုံးခုကို သုံးသပ်ကြရအောင်။

အမှန်တရားနဲ့ ဖြောင့်မတ်မှုကို သင် ချစ်မြတ်နိုး

ယေဟောဝါရဲ့ ကောင်းမြတ်တဲ့ နာမတော်ကို စာတန် ဂုဏ်ဖျက်​နေတာ နှစ်​ထောင်ချီ ရှိနေပြီ။ ဆက်ဖျက်နေတုန်းပဲ (စာပိုဒ် ၃-၄ ကို ကြည့်ပါ)

၃။ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို ယေဟောဝါရဲ့ ကျေးကျွန်တွေ ဘာကြောင့် ချစ်မြတ်နိုးသလဲ။ (ဆာလံ ၁၁၉:၁၂၈၊ ၁၆၃)

‘အမှန်တရားကို ချစ်မြတ်နိုး’ ဖို့ မိမိလူမျိုးကို ယေဟောဝါ မိန့်မှာတယ်။ (ဇာ. ၈:၁၉) ဖြောင့်မှန်တာကို လုပ်ဖို့ နောက်လိုက်တွေကို ယေရှု တိုက်တွန်းတယ်။ (မ. ၅:၆) ဘုရား​အမြင်မှာ မှန်ကန်​တာ၊ ကောင်းမြတ်​တာ၊ သန့်ရှင်း​တာကို လုပ်ချင်စိတ် ပြင်းပြ​ဖို့ ဆိုလိုတာ​ပါ။ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို သင် ချစ်​မြတ်နိုးသလား။ ချစ်မြတ်နိုး​မှာ သေချာတယ်။ အလိမ်အညာ၊ မဟုတ်မမှန်တာ၊ ဆိုးညစ်​တာ မှန်သမျှ သင် မုန်းတာကိုး။ (ဆာလံ ၁၁၉:၁၂၈၊ ၁၆၃ ကို ဖတ်ပါ။) မုသား ပြောသူဟာ ဒီ​လောကရဲ့​မင်း စာတန်ကို တုပ​နေတာပဲ။ (ယော. ၈:၄၄။ ၁၂:၃၁) စာတန့်​ပန်းတိုင်​တစ်ခုကတော့ ယေဟောဝါဘုရားရဲ့ သန့်ရှင်း​မြင့်မြတ်တဲ့ နာမတော်ကို ဂုဏ်ဖျက်​ဖို့​ပါ။ ဧဒင် ပုန်ကန်မှု​ကတည်းက ဘုရားအကြောင်း အလိမ်အညာတွေ ဖြန့်တယ်။ ဘုရားကို တစ်ကိုယ်ကောင်း ဆန်​တဲ့၊ မရိုးသားတဲ့၊ ကောင်းတာတွေ ထိမ်ချန်​ထားတဲ့ အုပ်စိုးရှင်​လို့ လူတွေ ထင်အောင် လုပ်တယ်။ (က. ၃:၁၊ ၄၊ ၅) ယေဟောဝါအကြောင်း စာတန့်​အလိမ်အညာမှိုင်း လူတွေ မိ​နေကြတုန်း​ပဲ။ လူတွေ “အမှန်တရား” မချစ်မြတ်နိုးတော့ဘူးဆိုရင် မဖြောင့်မတ်မှု၊ ဆိုးညစ်မှု​မျိုးစုံ လုပ်မိအောင် စာတန် သွေးဆောင်​နိုင်ပြီ။—ရော. ၁:၂၅-၃၁

၄။ “အမှန်တရားရဲ့ ဘုရား” ဖြစ်ကြောင်း ယေဟောဝါ ဘယ်လို သက်သေထူသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ယေဟောဝါဟာ “အမှန်တရားရဲ့ ဘုရား” ဖြစ်တယ်။ မိမိကို ချစ်မြတ်နိုးသူတွေ အမှန်တရား သိဖို့ ရက်ရက်ရောရော သင်ပေးတယ်။ (ဆာ. ၃၁:၅) ဒီနည်းနဲ့ စာတန့်​အလိမ်အညာတွေကနေ လွတ်မြောက်​စေတယ်။ ကျေးကျွန်တွေ ရိုးသား​ဖို့၊ ဖြောင့်မတ်​ဖို့လည်း သင်ပေးတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ စိတ်ငြိမ်သက်မှု ရှိစေတယ်။ (ပညာ. ၁၃:၅၊ ၆) သင် ကျမ်းစာ လေ့လာ​တုန်းက​လည်း ဘုရား အဲဒီလို သင်ပေးခဲ့​မှာ​ပဲ။ ဒီလိုနဲ့ ယေဟောဝါရဲ့ လမ်းစဉ်​တွေ​ဟာ လူတိုင်းအတွက်၊ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်ကြောင်း သိလာတယ်။ (ဆာ. ၇၇:၁၃) ဘုရားရဲ့ ဖြောင့်မတ်မှု​စံနှုန်းအတိုင်း နေချင်လာတယ်။ (မ. ၆:၃၃) အမှန်တရား​ဘက် ရပ်တည်ချင်လာတယ်။ ယေဟောဝါဘုရားအကြောင်း စာတန် ပြောတာ​တွေ မှားတယ်ဆိုတာ သက်သေထူချင်လာတယ်။ ဘယ်လို သက်သေထူ​နိုင်သလဲ။

၅။ အမှန်တရားနဲ့ ဖြောင့်မတ်မှု​ဘက် ဘယ်လို ရပ်တည်​နိုင်သလဲ။

စာတန့်​အလိမ်အညာတွေကို ငြင်းပယ်​ကြောင်း၊ အမှန်တရား​ဘက် ရပ်တည်​ကြောင်း၊ ယေဟောဝါကို အချုပ်အခြာ အာဏာရှင်​အဖြစ် လက်ခံ​ကြောင်း၊ ဘုရား မိန့်မှာ​တဲ့​အတိုင်း လုပ်ချင်ကြောင်း ပြရာ​ရောက်​မယ့် ဘဝ​လမ်းစဉ်ကို သင် ရွေးချယ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါဆီ ဆုတောင်းပြီး ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခြင်းအားဖြင့်ပါ။ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို ချစ်မြတ်နိုးခြင်းက နှစ်ခြင်းခံဖို့ တွန်းအား​ပါပဲ။

ယေရှုခရစ်ကို သင် ချစ်မြတ်နိုး

၆။ ဆာလံ ၄၅:၄ အရ ယေရှုခရစ်ကို ဘာကြောင့် ချစ်​သလဲ။

ယေရှုခရစ်ကို သင် ဘာကြောင့် ချစ်​သလဲ။ ဆာလံ ၄၅:၄ မှာ ပါတဲ့ အကြောင်းကောင်း​တချို့ကို သတိပြု​ပါ။ (ဖတ်ပါ။) ယေရှုဟာ အမှန်တရား၊ နှိမ့်ချမှု၊ ဖြောင့်မတ်မှု​ဘက် ရပ်တည်တယ်။ သင်သာ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို ချစ်မြတ်နိုး​ရင် ယေရှုခရစ်ကိုလည်း ချစ်မှာပဲ။ အမှန်တရားနဲ့ ဖြောင့်မတ်မှု​ဘက် ယေရှု ဘယ်လို သတ္တိရှိရှိ ရပ်တည်ခဲ့​ကြောင်း စဉ်းစားကြည့်ပါ။ (ယော. ၁၈:၃၇) နှိမ့်ချမှု ရှိဖို့​ကော ယေရှု ဘယ်လို သင်ပေးသလဲ။

၇။ ယေရှုရဲ့ နှိမ့်ချမှုနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။

နှိမ့်ချမှု ရှိဖို့ စံနမူနာ​အားဖြင့် ယေရှု သင်ပေးတယ်။ ဥပမာ၊ ကိုယ့်ကိုယ်ကိုယ် တစ်ခါမှ ဂုဏ်မတင်ဘူး။ ဖခင်ကို​ပဲ အမြဲ ဂုဏ်တင်​တယ်။ (မာ. ၁၀:၁၇၊ ၁၈။ ယော. ၅:၁၉) ယေရှုရဲ့ နှိမ့်ချမှုနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။ ယေရှုကို ချစ်ဖို့၊ အတုယူဖို့ လှုံ့ဆော်​ခံရတယ် မဟုတ်လား။ ယေရှု ဘာကြောင့် နှိမ့်ချ​သလဲ။ နှိမ့်ချမှု ရှိတဲ့ ဖခင်ကို ချစ်လို့၊ အတုယူ​လို့​ပါပဲ။ (ဆာ. ၁၈:၃၅။ ဟီ. ၁:၃) ယေဟောဝါရဲ့ အရည်အသွေးတွေကို အပြည့်အဝ အတုယူ​တဲ့ ယေရှုကို ကျွန်တော်တို့ ချစ်ကြတယ်။

၈။ ဘုရင် ယေရှုကို ကျွန်တော်တို့ ဘာကြောင့် ချစ်​သလဲ။

အကောင်းဆုံး အုပ်စိုးရှင် ဖြစ်လို့ ဘုရင် ယေရှုကို ကျွန်တော်တို့ ချစ်ကြတယ်။ အဲဒီလို​ဘုရင်​မျိုး ဖြစ်ဖို့ ယေဟောဝါ​ကိုယ်တိုင် လေ့ကျင့်၊ ခန့်အပ်​ထားတာ။ (ဟေရှာ. ၅၀:၄၊ ၅) ယေရှု ပြတဲ့ ကိုယ်ကျိုးစွန့် မေတ္တာကိုလည်း စဉ်းစားကြည့်ပါ။ (ယော. ၁၃:၁) သင့်​မေတ္တာကို ဘုရင် ယေရှု အပြည့်အဝ ရထိုက်တယ် မဟုတ်လား။ မိမိကို အမှန်တကယ် ချစ်တဲ့သူတွေ​ဟာ မိန့်မှာချက်​တွေ လိုက်နာခြင်းအားဖြင့် ချစ်ကြောင်း ပြ​ကြ​မယ့်​အကြောင်း၊ သူတို့ကို မိတ်ဆွေ​လို့ ခေါ်​မယ့်​အကြောင်း ယေရှု ရှင်းပြတယ်။ (ယော. ၁၄:၁၅။ ၁၅:၁၄၊ ၁၅) ယေဟောဝါရဲ့ သားတော်​နဲ့ မိတ်ဆွေ ဖြစ်ရတာ အခွင့်ထူး​ပါပဲ။

၉။ ယေရှုရဲ့ နှစ်ခြင်းနဲ့ နောက်လိုက်တွေ​ရဲ့ နှစ်ခြင်း ဘာ​တူသလဲ။

ယေရှုရဲ့ မိန့်မှာချက်​တစ်ခုကတော့ နောက်လိုက်တွေ နှစ်ခြင်းခံဖို့​ပါ။ (မ. ၂၈:၁၉၊ ၂၀) ယေရှု​ကိုယ်တိုင် စံနမူနာ ပြတယ်။ ယေရှုရဲ့ နှစ်ခြင်းနဲ့ နောက်လိုက်တွေ​ရဲ့ နှစ်ခြင်း ကွာတာ ရှိတယ်။ (“ ယေရှုရဲ့ နှစ်ခြင်းနဲ့ နောက်လိုက်တွေ​ရဲ့ နှစ်ခြင်း ဘာကွာသလဲ” လေးထောင့်ကွက်​ကို ကြည့်ပါ။) တူ​တာ​လည်း ရှိပါတယ်။ ဖခင်​ရဲ့ အလိုတော် ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆက်သ​ကြောင်း နှစ်ခြင်းခံချိန်မှာ ယေရှု ဖော်ပြတယ်။ (ဟီ. ၁၀:၇) နောက်လိုက်တွေ​လည်း ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံ​ထား​ကြောင်း နှစ်ခြင်းခံချိန်မှာ လူသိရှင်ကြား ဖော်ပြကြတယ်။ အဲဒီအချိန်​က​စပြီး ဘဝမှာ ကိုယ့်​အလိုကို မဟုတ်ဘဲ ဘုရား​အလိုကို ဦးစားထား​ကြတယ်။ ဒီနည်းနဲ့ သခင့်​စံနမူနာကို လိုက်ကြတယ်။

၁၀။ ယေရှုကို ချစ်မြတ်နိုးခြင်းက ဘာလုပ်ဖို့ လှုံ့ဆော်ပေးသင့်သလဲ။

၁၀ ယေရှုဟာ ယေဟောဝါရဲ့ တစ်ဦးတည်းသော သား၊ ခန့်အပ်ခံ ဘုရင်၊ နှိမ့်ချ​သူ၊ ဖခင်ကို အပြည့်အဝ အတုယူ​သူ ဖြစ်တယ်။ ဆာလောင်​သူတွေကို ကျွေးမွေးတယ်။ စိတ်ဓာတ်ကျ​သူတွေကို နှစ်သိမ့်​ပေးတယ်။ ဖျားနာ​သူတွေကို ကုသ​ပေးတယ်။ (မ. ၁၄:၁၄-၂၁) ဒီနေ့ခေတ် အသင်းတော်ကို ဦးဆောင်နေတယ်။ (မ. ၂၃:၁၀) အနာဂတ်မှာ ဘုရားနိုင်ငံတော် ဘုရင်အဖြစ် ဒီ့ထက်မက လုပ်ပေး​ဦး​မယ်။ ဒီတော့ ယေရှုကို ချစ်ကြောင်း သင် ဘယ်လို ပြနိုင်သလဲ။ စံနမူနာ လိုက်လျှောက်ခြင်းအားဖြင့်​ပါ။ (ယော. ၁၄:၂၁) စံနမူနာ လိုက်တဲ့​အနေနဲ့ လုပ်နိုင်တာ​ကတော့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတာ​ပဲ။

ယေဟောဝါဘုရားကို သင် ချစ်မြတ်နိုး

၁၁။ နှစ်ခြင်းခံရတဲ့ အရေးကြီးဆုံး အကြောင်းရင်း​က ဘာလဲ။ ဘာကြောင့်လဲ။

၁၁ နှစ်ခြင်းခံရတဲ့ အရေးကြီးဆုံး အကြောင်းရင်း​က ဘာလဲ။ “ယေဟောဝါဘုရားကို စိတ်စွမ်း​ရှိသမျှ၊ ကိုယ်စွမ်း​ရှိသမျှ၊ ဉာဏ်စွမ်း​ရှိသမျှ၊ ခွန်အား​ရှိသမျှနဲ့ ချစ်ပါဆိုတဲ့ ပညတ်​ဟာ အရေးကြီးဆုံးပဲ” လို့ ယေရှု ပြောတယ်။ (မာ. ၁၂:၃၀) ဘုရားကို သင် အဲဒီလို ချစ်​နေ​သ​လား။

သင် ခံစားရတဲ့၊ ခံစားရမယ့် ကောင်းမြတ်​တာ မှန်သမျှ ယေဟောဝါဆီက လာ (စာပိုဒ် ၁၂-၁၃ ကို ကြည့်ပါ)

၁၂။ ယေဟောဝါကို သင် ဘာကြောင့် ချစ်​သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၂ ယေဟောဝါကို ချစ်ရတဲ့ အကြောင်းရင်း​များစွာ ရှိတယ်။ ဥပမာ၊ ယေဟောဝါဟာ “အသက်ရဲ့​ပင်ရင်း၊” “ကောင်းမြတ်တဲ့ ဆု​ကျေးဇူး၊ ပြည့်ဝ​စုံလင်တဲ့ လက်ဆောင်​မှန်သမျှ” ပေးတဲ့​အရှင် ဖြစ်တယ်။ (ဆာ. ၃၆:၉။ ယာ. ၁:၁၇) သင် ပျော်မွေ့​ခံစား​နေတဲ့ ကောင်းမြတ်​တာ မှန်သမျှ ရက်ရောတဲ့ မေတ္တာရှင် ဘုရားဆီကနေ လာတာ။

၁၃။ ရွေးဖိုးဟာ ဘာကြောင့် အံ့ဖွယ်​လက်ဆောင် ဖြစ်သလဲ။

၁၃ ယေဟောဝါ ပေးတဲ့ အံ့ဖွယ်​လက်ဆောင်​တစ်ခုကတော့ ရွေးဖိုး​ပါ။ ဘာကြောင့်လဲ။ ယေဟောဝါနဲ့ ယေရှု​ကြား​က နှောင်ကြိုးကို စဉ်းစားကြည့်ပါ။ “အဖ​ဘုရားက ကျွန်တော့်ကို ချစ်တယ်၊” “ကျွန်တော် အဖ​ဘုရားကို ချစ်တယ်” လို့ ယေရှု ပြောတယ်။ (ယော. ၁၀:၁၇။ ၁၄:၃၁) နှစ်​သန်း​ထောင်ချီ​အတွင်း အဲဒီ​နှောင်ကြိုး ခိုင်မြဲ​သည်ထက် ခိုင်မြဲလာတယ်။ (ပညာ. ၈:၂၂၊ ၂၃၊ ၃၀) ဒီတော့ သားတော် ဝေဒနာ ခံစားပြီး သေဆုံးဖို့ ခွင့်ပြုရချိန်မှာ ဘုရား ဘယ်လောက် စိတ်ထိခိုက်မယ်ဆိုတာ စဉ်းစားကြည့်ပါ။ သင် အပါအဝင် လူတွေကို ချစ်​လွန်းလို့ ထာဝရ​အသက် ရစေဖို့ ချစ်သားကို ပူဇော်သက္ကာ​အဖြစ် လိုလို​လားလား ပေးအပ်​ခဲ့တယ်။ (ယော. ၃:၁၆။ ဂလ. ၂:၂၀) ဘုရားကို ချစ်ဖို့ ဒီ့ထက် ကောင်းတဲ့ အကြောင်းရင်း မရှိနိုင်တော့ဘူး။

၁၄။ အကောင်းဆုံး ဘဝ​ပန်းတိုင်​က ဘာလဲ။

၁၄ ယေဟောဝါဘုရားအကြောင်း သိလာတာနဲ့အမျှ ဘုရားကို သင် ပိုချစ်လာတယ်။ အခု​ကော ထာဝစဉ်​ပါ ရင်းနှီးချင်လာတယ်။ ရင်း​လည်း ရင်းနှီး​နိုင်ပါတယ်။ စိတ်တော် ရွှင်လန်း​စေဖို့ ဘုရား ကြင်ကြင်နာနာ တိုက်တွန်း​ထားတယ်။ (ပညာ. ၂၃:၁၅၊ ၁၆) သင့်​အပြောအဆို၊ လုပ်ရပ်​အားဖြင့် ဘုရားကို စိတ်ရွှင်လန်းစေနိုင်တယ်။ သင့်​အသက်တာ​အားဖြင့် ဘုရားကို တကယ် ချစ်ကြောင်း ပြနိုင်တယ်။ (၁ ယော. ၅:၃) ဒါ အကောင်းဆုံး ဘဝ​ပန်းတိုင်​ပဲ။

၁၅။ ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၅ တစ်ဆူတည်း​သော စစ်မှန်တဲ့ ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ ဦးဆုံး၊ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံ​ပါ။ (ဆာ. ၄၀:၈) နှစ်ခြင်းခံခြင်းအားဖြင့် ဆက်ကပ်အပ်နှံမှုကို လူသိရှင်ကြား ဖော်ပြပါ။ ဒီဆောင်းပါး အစပိုင်းမှာ ဆွေးနွေးခဲ့တဲ့အတိုင်း နှစ်ခြင်း​ဟာ သင့်အတွက် ပျော်စရာ ဘဝ​မှတ်တိုင်၊ အလှည့်အပြောင်း​တစ်ခု ဖြစ်လာမယ်။ ကိုယ့်အတွက် မဟုတ်ဘဲ ယေဟောဝါ​အတွက် စ​အသက်ရှင်​ရတော့မယ်။ (ရော. ၁၄:၈။ ၁ ပေ. ၄:၁၊ ၂) တကယ့် ဆုံးဖြတ်ချက်​ကြီး​ပါပဲ။ ဒါပေမဲ့ အကောင်းဆုံး အသက်တာ ရစေတယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၆။ ၁ ယောဟန် ၂:၂၅ အရ မိမိဆီ ဆက်ကပ်​ထား​သူတွေကို ယေဟောဝါ ဘယ်လို ဆုချ​မလဲ။

၁၆ ယေဟောဝါဟာ အရက်ရောဆုံး ပုဂ္ဂိုလ်​ပါ။ ကျွန်တော်တို့ ပေးသမျှထက် အ​ဆ​များစွာ အမြဲ ပြန်ပေးတယ်။ (မာ. ၁၀:၂၉၊ ၃၀) ဒီ​စနစ်ဆိုး​မှာ​တောင် အဓိပ္ပာယ် အရှိဆုံး၊ စိတ်​ချမ်းသာ​စ​ရာ အကောင်းဆုံး အသက်တာ ရစေပါလိမ့်မယ်။ ဒါ အစ​ပဲ ရှိသေးတယ်။ နှစ်ခြင်းခံချိန်မှာ စ​လိုက်တဲ့ ဘဝ​ခရီးဟာ အဆုံး မရှိဘူး။ ချစ်​ဖခင်ကို ထာဝစဉ် ဝတ်ပြု​သွား​နိုင်မယ်။ ဘုရားနဲ့ မေတ္တာ​နှောင်ကြိုး ဆက်​ခိုင်မြဲနေမယ်။ ဘုရား တည်ရှိသရွေ့ ထာဝစဉ် အသက်ရှင်​နိုင်မယ်။—၁ ယောဟန် ၂:၂၅ ကို ဖတ်ပါ။

၁၇။ ယေဟောဝါ မပိုင်ဆိုင်သေးတဲ့ ဘယ်အရာကို သင် ပေးနိုင်သလဲ။

၁၇ ကောင်းမြတ်​တာ မှန်သမျှ၊ ပျော်စရာ အခိုက်အတန့် မှန်သမျှ သင့်ကို ဘုရား ပေးထားတယ်။ သင် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အခါ ဘုရားကို အဖိုးတန်အရာတစ်ခု ပေးဖို့ အခွင့်အရေး ရှိလာတယ်။ ယေဟောဝါဟာ ကောင်းကင်​မြေကြီး ပိုင်သအုပ်စိုးရှင် ဖြစ်ပေမဲ့ သင် ပေး​မှ ပိုင်မယ့်အရာ ရှိတယ်။ သင့်ရဲ့ စိတ်လိုကိုယ်လျောက် ဝတ်ပြု​အမှုဆောင်ခြင်း​ပါ။ (ယောဘ ၁:၈။ ၄၁:၁၁။ ပညာ. ၂၇:၁၁) ဒါ​အကောင်းဆုံး ဘဝ​လမ်းစဉ်​ပဲ။ မှန်ပါတယ်၊ ယေဟောဝါကို ချစ်တဲ့ မေတ္တာက နှစ်ခြင်းခံဖို့ အကောင်းဆုံး အကြောင်းရင်း ဖြစ်တယ်။

ဘာကြောင့် စောင့်နေသလဲ

၁၈။ ဘယ်မေးခွန်းတွေ မေး​နိုင်သလဲ။

၁၈ နှစ်ခြင်းခံ၊ မခံ သင် ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ ‘ဘာကြောင့် စောင့်နေသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ (တ. ၈:၃၆) ဆွေးနွေးခဲ့တဲ့ အကြောင်းရင်း သုံးခုကို သတိရပါ။ ပထမ၊ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို သင် ချစ်မြတ်နိုးတယ်။ ဒုတိယ၊ ယေရှုခရစ်ကို သင် ချစ်မြတ်နိုးတယ်။ တတိယ၊ ယေဟောဝါကို သင် ချစ်မြတ်နိုးတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးကြည့်ပါ– ‘လူတိုင်း အမှန်အတိုင်း ပြော​မယ့်၊ လုပ်မယ့်​အချိန်မှာ ငါ အသက်ရှင်ချင်သလား။ ယေရှုကို ငါ့​ဘုရင်အဖြစ် လက်ခံချင်သလား။ ယေရှုရဲ့ စံနမူနာ လိုက်လျှောက်ချင်သလား။ ဘုရား​အမှုဆောင်ခြင်းအားဖြင့် ယေဟောဝါကို စိတ်​ရွှင်လန်း​စေချင်သလား။’ ဒီ​မေးခွန်းတွေကို ဟုတ်ကဲ့​လို့ ဖြေတယ်​ဆိုရင် ဘာကြောင့် နှစ်ခြင်း​မခံ​သေးသလဲ။ ဘာကြောင့် စောင့်နေသလဲ။—တ. ၁၆:၃၃

၁၉။ နှစ်ခြင်းခံဖို့ ဘာကြောင့် တွန့်ဆုတ်​မနေ​သင့်​သလဲ။ ဥပမာ ပေးပါ။ (ယောဟန် ၄:၃၄)

၁၉ နှစ်ခြင်းခံဖို့ တွန့်ဆုတ်​နေတယ်​ဆိုရင် ယေရှု ပေးတဲ့ ဥပမာ​ကို စဉ်းစားကြည့်ပါ။ (ယောဟန် ၄:၃၄ ကို ဖတ်ပါ။) ဖခင်​ရဲ့ အလိုဆောင်​တာကို စားစရာ​နဲ့ ယေရှု နှိုင်းယှဉ်​တယ်။ ဘာကြောင့်လဲ။ အစားအစာက ကျွန်တော်တို့ကို အကျိုးပြု​သ​လို ယေဟောဝါရဲ့ တောင်းဆို​ချက် မှန်သမျှ အကျိုးပြု​မှန်း ယေရှု သိတယ်။ ယေဟောဝါ တောင်းဆိုတဲ့​အရာ​ထဲ​မှာ သင် နှစ်ခြင်းခံတာ ပါတယ်။ (တ. ၂:၃၈) သင် အကျိုးယုတ်​မယ့်​အရာ ဘာတစ်ခုမှ ယေဟောဝါ မတောင်းဆိုဘူး။ ဒါကြောင့် နှစ်ခြင်းခံ​ပါ​ဆိုတဲ့ တောင်းဆိုချက်ကို လိုက်နာရင် အကျိုး​ရှိမယ်​ဆိုတာ စိတ်ချနိုင်ပါတယ်။ အစားကောင်း စားဖို့ ကျွန်တော်တို့ မ​တွန့်ဆုတ်​ကြ​ဘူး။ ဒါဆိုရင် နှစ်ခြင်းခံဖို့ကျမှ ဘာကြောင့် တွန့်ဆုတ်​နေ​မလဲ။

၂၀။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂၀ ဘာကြောင့် စောင့်နေသလဲ။ “အဆင်သင့်မဖြစ်သေးလို့” ဆိုပြီး လူများစွာ ဖြေ​ကြပါလိမ့်မယ်။ မှန်ပါတယ်၊ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ ဆုံးဖြတ်ချက်ဟာ အရေးကြီးဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်။ ဒါကြောင့် သေသေချာချာ စဉ်းစားဖို့၊ အချိန်ယူဖို့၊ ဝီရိယရှိရှိ ကြိုးစား​အားထုတ်​ဖို့ လိုတယ်။ ဒါပေမဲ့ သင် နှစ်ခြင်းခံချင်တယ်ဆိုရင် အခု ဘယ်လို ပြင်ဆင်​နိုင်သလဲ။ ဒီမေးခွန်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

သီချင်း ၂၈ ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်​ခြင်း

a နှစ်ခြင်း​ဟာ ကျမ်းစာသင်သား​တိုင်း​အတွက် အရေးကြီး ခြေလှမ်း ဖြစ်တယ်။ နှစ်ခြင်းခံဖို့ သင်သားကို ဘာက လှုံ့ဆော်​ပေးနိုင်သလဲ။ မေတ္တာပါ။ ဘာကို ချစ်တဲ့ မေတ္တာ​လဲ။ ဘယ်သူ့ကို ချစ်တဲ့ မေတ္တာ​လဲ။ အဖြေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေ ဘယ်လို အသက်တာ မျှော်လင့်နိုင်သလဲ​ဆိုတာ​လည်း ဆွေးနွေးပါမယ်။