မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၁

သီချင်း ၁၂၉ ခံရပ်နေမယ်

စိတ်ပျက်စရာတွေ ကြုံရရင်တောင် သစ္စာရှိရှိ ဆက်အမှုဆောင်ပါ

စိတ်ပျက်စရာတွေ ကြုံရရင်တောင် သစ္စာရှိရှိ ဆက်အမှုဆောင်ပါ

“မင်းက . . . ငါ့နာမည်အတွက် မဆုတ်မနစ် လုပ်ဆောင်ခဲ့တယ်။”ဗျာ. ၂:၃

အာရုံစိုက်ရာ

စိတ်ပျက်စရာတွေ ကြုံရရင်တောင် သစ္စာရှိရှိ ဘုရားအမှု ဆက်ဆောင်နိုင်တယ်။

၁။ ယေဟောဝါရဲ့ အဖွဲ့အစည်းထဲ ရှိနေလို့ ဘာကောင်းချီးတွေ ရသလဲ။

 ကသောင်းကနင်းနိုင်တဲ့ နောက်ဆုံးကာလမှာ ဘုရားအဖွဲ့အစည်းထဲ ရှိနေရတာ ကောင်းချီးပါပဲ။ ကမ္ဘာ့အခြေအနေ ဆိုးသည်ထက် ဆိုးလာပေမဲ့ စည်းလုံးတဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်း ယေဟောဝါ ပေးထားတယ်။ (ဆာ. ၁၃၃:၁) မိသားစုဘဝ သာယာဖို့ ကူညီပေးတယ်။ (ဧ. ၅:၃၃–၆:၁) စိတ်ငြိမ်သက်မှု ရှိအောင် လုပ်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာလည်း ပေးထားတယ်။

၂။ ဘာလုပ်ဖို့ လိုသလဲ။ ဘာကြောင့်လဲ။

ကောင်းချီးတွေ ရှိပေမဲ့ သစ္စာရှိရှိ ဘုရားအမှု ဆက်ဆောင်နိုင်ဖို့ ကြိုးစားရမယ်။ ဘာကြောင့်လဲ။ တခြားသူတွေရဲ့ အပြော၊ လုပ်ရပ်ကြောင့် တစ်ခါတလေ စိတ်ထိခိုက်ရနိုင်တယ်။ အမှားလုပ်မိရင်၊ အထူးသဖြင့် အမှားတစ်ခုတည်းကို ထပ်တလဲလဲ လုပ်မိရင် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ရနိုင်တယ်။ (၁) ညီအစ်ကို/မတစ်ယောက်ကြောင့် စိတ်ပျက်ရတဲ့အခါ၊ (၂) အိမ်ထောင်ဖက်ကြောင့် စိတ်ပျက်ရတဲ့အခါ၊ (၃) ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်တဲ့အခါ သစ္စာရှိရှိ ဘုရားအမှု ဆက်ဆောင်နေဖို့ လိုတယ်။ အခြေအနေတစ်ခုစီအတွက် ကျမ်းစာစံနမူနာရှင်တစ်ယောက်စီအကြောင်း ဒီဆောင်းပါးမှာ လေ့လာသွားပါမယ်။

ညီအစ်ကို/မတစ်ယောက်ကြောင့် စိတ်ပျက်ရတဲ့အခါ

၃။ ဘုရားလူမျိုး ဘာအခက်အခဲ ကြုံရသလဲ။

အခက်အခဲ။ ညီအစ်ကို/မတချို့မှာ စိတ်အနှောင့်အယှက်ဖြစ်ချင်စရာ အကျင့်လေးတွေ ရှိတတ်တယ်။ ညီအစ်ကို/မတချို့ကျတော့ ပြောလိုက်လုပ်လိုက်ရင် ခံရသူ ရင်ထဲ နင့်ခနဲပဲ။ အကြီးအကဲတွေလည်း အမှားလုပ်မိနိုင်တယ်။ ဒီလို အခြေအနေတွေ ကြုံတဲ့အခါ ဒါ ဘုရားအဖွဲ့အစည်းမှ ဟုတ်ရဲ့လားလို့ သံသယ ဝင်လာနိုင်တယ်။ ယေဟောဝါကို “စည်းလုံးစွာ ဝတ်ပြု” မယ့်အစား ကိုယ့်ကို စိတ်ပျက်အောင် လုပ်တဲ့ ညီအစ်ကို/မတွေကို ရှောင်ဖယ်ရှောင်ဖယ် လုပ်လာနိုင်တယ်။ အစည်းအဝေးတွေ မတက်တော့တာတောင် ဖြစ်သွားနိုင်တယ်။ (ဇေ. ၃:၉) ဒါ ပညာရှိရာရောက်သလား။ ဒီလို အခြေအနေတွေ ကြုံခဲ့ရတဲ့ ကျမ်းစာစံနမူနာရှင်အကြောင်း လေ့လာကြည့်ရအောင်။

၄။ တမန်တော် ပေါလု ဘာအခက်အခဲတွေ ကြုံရသလဲ။

ကျမ်းစာစံနမူနာ။ ဂျေရုဆလင်အသင်းတော်နဲ့ စပေါင်းချိန်မှာ တမန်တော် ပေါလု မယုံသင်္ကာ ဖြစ်ခံရတယ်။ (တ. ၉:၂၆) နောက်ပိုင်း မကောင်းပြောခံရတယ်။ (၂ ကော. ၁၀:၁၀) တခြားသူတွေ တိုက်မိလဲသွားစေမယ့် အမှားမျိုး အကြီးအကဲတစ်ယောက် လုပ်တာ တွေ့ရတယ်။ (ဂလ. ၂:၁၁၊ ၁၂) မိတ်ဆွေရင်း မာကုကြောင့် အကြီးအကျယ် စိတ်ပျက်ရတယ်။ (တ. ၁၅:၃၇၊ ၃၈) ညီအစ်ကို/မတွေရဲ့ အားနည်းချက်တွေကို သိတယ်။ ကိုယ့်ကို စိတ်ပျက်အောင် လုပ်သူတွေနဲ့ ဆက်မပေါင်းဘဲ နေချင်ရင် နေလို့ ရတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကောင်းကွက်တွေ ရှာတယ်။ တက်တက်ကြွကြွ ဘုရားအမှု ဆက်ဆောင်တယ်။ ပေါလုကို ဘာက ကူညီပေးသလဲ။

၅။ ညီအစ်ကို/မတွေကို ပေါလု ဘာကြောင့် ခွင့်လွှတ်နိုင်သလဲ။ (ကောလောသဲ ၃:၁၃၊ ၁၄) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ညီအစ်ကို/မတွေကို ပေါလု ချစ်တယ်။ ချစ်လို့လည်း မကောင်းကွက်တွေကို မဟုတ်ဘဲ ကောင်းကွက်တွေကို အာရုံစိုက်နိုင်တာ။ ကောလောသဲ ၃:၁၃၊ ၁၄ မှာ ပါတဲ့ ကိုယ့်စကားအတိုင်း ခွင့်လွှတ်နိုင်တာ။ (ဖတ်ပါ။) မာကုနဲ့ ကိစ္စကို စဉ်းစားကြည့်ပါ။ ပထမ သာသနာပြု ခရီးစဉ်မှာ မိမိကို မာကု ထားသွားပေမဲ့ ပေါလု တေးမထားဘူး။ နောက်ပိုင်း ကောလောသဲအသင်းတော်ဆီ ရေးတဲ့ စာမှာ “တကယ် အားပေးထောက်မခဲ့သူ” ဆိုပြီး ချီးကျူးတယ်။ (ကော. ၄:၁၀၊ ၁၁) ရောမမြို့မှာ ထောင်ကျနေတုန်း လာကူညီပေးဖို့ မာကုကို သတ်သတ်မှတ်မှတ် တောင်းဆိုတယ်။ (၂ တိ. ၄:၁၁) ညီအစ်ကို/မတွေကို ပေါလု ခွင့်လွှတ်တာ ရှင်းနေပါတယ်။ ဘာသင်ယူနိုင်သလဲ။

ပေါလု၊ ဗာနဗ၊ မာကုတို့ စိတ်ဝမ်းကွဲ။ ဒါပေမဲ့ နောက်ပိုင်း၊ ပေါလု စိတ်မခုဘဲ မာကုနဲ့ ပျော်ပျော်ရွှင်ရွှင် တွဲအမှုဆောင် (စာပိုဒ် ၅ ကို ကြည့်ပါ)


၆-၇။ ညီအစ်ကို/မတွေ မစုံလင်ပေမဲ့ ချစ်မြဲ ချစ်ဖို့ ဘာက ကူညီပေးမလဲ။ (၁ ယောဟန် ၄:၇)

သင်ခန်းစာ။ သစ္စာရှိ ဝတ်ပြုသူတွေမှာ အားနည်းချက်တွေ ရှိပေမဲ့ ယေဟောဝါ ချစ်တယ်။ အမှားလုပ်မိတာနဲ့ အဆက်မဖြတ်လိုက်ဘူး။ အငြိုးမထားဘူး။ (ဆာ. ၁၀၃:၉) ကျွန်တော်တို့ကိုလည်း အချင်းချင်း ချစ်မြဲ ချစ်စေချင်တယ်။ (၁ ယောဟန် ၄:၇ ကို ဖတ်ပါ။) ဒါကြောင့် တစ်ယောက်ယောက် ခရစ်ယာန် မဆန်တဲ့ လုပ်ရပ် လုပ်မိရင်တောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်လောက်ပါဘူး၊ သူလည်း ဘုရားအမြင်မှာ မှန်ရာ လုပ်ချင်မှာပါလို့ ဖြည့်တွေးပေးပါ။ (ပညာ. ၁၂:၁၈) ခွင့်လွှတ်တတ်တဲ့ အဖကို အတုယူပါ။—ဧ. ၄:၃၂–၅:၁

အဆုံး နီးလာတာနဲ့အမျှ နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်သည်ထက် ပြင်းထန်လာနိုင်တယ်။ ယုံကြည်ချက်ကြောင့် ထောင်ကျသွားတာတောင် ဖြစ်နိုင်တယ်။ အဲဒီအချိန်မှာ ညီအစ်ကို/မတွေကို အရင်ကထက် ပိုအားကိုးလာရမှာ။ (ပညာ. ၁၇:၁၇) စပိန်နိုင်ငံက အကြီးအကဲ ညီအစ်ကို ဂျိုးဇက် a အကြောင်း စဉ်းစားကြည့်ပါ။ ကြားနေမှုကြောင့် ညီအစ်ကို ဂျိုးဇက်နဲ့ တခြားညီအစ်ကိုတွေ အတူတူ ထောင်ကျသွားတယ်။ “ထောင်ထဲမှာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကုန်သိ၊ အကုန်မြင်၊ အကုန်ကြားပဲ။ ဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ ရှိတယ်။ တော်တော် သည်းခံ၊ ခွင့်လွှတ်ခဲ့ရတယ်။ သည်းခံခွင့်လွှတ်လို့ ဆက်စည်းလုံးနိုင်တာ။ အချင်းချင်း ကာကွယ်ပေးနိုင်တာ။ သိတဲ့အတိုင်း ထောင်ဆိုတာ မယုံကြည်သူတွေ ပတ်လည်ဝိုင်းနေတဲ့ နေရာလေ။ တစ်ခေါက် ကျွန်တော် လက်ဒဏ်ရာ ရသွားလို့ ပတ်တီး စည်းထားရတယ်။ ကိုယ့်ဝေယျာဝစ္စကိုယ် မလုပ်နိုင်ဘူး။ ညီအစ်ကိုတစ်ယောက် ကျွန်တော့်အဝတ်တွေ လျှော်ပေးတယ်။ တခြားလိုအပ်တာတွေ လုပ်ပေးတယ်။ အလိုအပ်ဆုံးအချိန်မှာ မေတ္တာ အပြခံရတာပဲ” လို့ ပြောတယ်။ အချင်းချင်း မပြေလည်တာတွေ ရှိရင် အခုကတည်းက ဖြေရှင်းထားသင့်တယ် မဟုတ်လား။

အိမ်ထောင်ဖက်ကြောင့် စိတ်ပျက်ရတဲ့အခါ

၈။ အိမ်ထောင်သည်တွေ ဘာအခက်အခဲ ကြုံရသလဲ။

အခက်အခဲ။ ပြဿနာ ကင်းတဲ့ အိမ်ထောင်ရယ်လို့ မရှိဘူး။ ကျမ်းစာမှာ ပွင့်ပွင့်လင်းလင်း ပြောထားသလို “အိမ်ထောင်ပြုရင်တော့ ဘဝဒုက္ခတွေ ကြုံတွေ့ရမှာပဲ။” (၁ ကော. ၇:၂၈) ဘာကြောင့်လဲ။ အိမ်ထောင်ဆိုတာ စရိုက် မတူ၊ အကြိုက် မတူတဲ့ မစုံလင်သူနှစ်ယောက် ပေါင်းစည်းထားတာ။ ယဉ်ကျေးမှု၊ နောက်ခံ မတူတာတောင် ဖြစ်နိုင်တယ်။ အရင်က ရှိမှန်း မသိတဲ့ စရိုက်တွေ လက်ထပ်ပြီးနောက်မှ သိလာနိုင်တယ်။ ဒီအကြောင်းရင်းတွေကြောင့် အိမ်ထောင်မှာ အဖုအထစ် ဖြစ်လာနိုင်တယ်။ အမှားမကင်းဘူးဆိုတာ ဝန်ခံ၊ ပြဿနာ အတူဖြေရှင်းမယ့်အစား အိမ်ထောင်ဖက်ကို အပြစ်ဖို့မိနိုင်တယ်။ ခွဲနေဖို့၊ ကွာရှင်းဖို့ တွေးလာနိုင်တယ်။ ဒါ ပြဿနာ ဖြေရှင်းနည်းလား။ b အိမ်ထောင် မသာယာပေမဲ့ အိမ်ထောင်မြဲဖို့ ကြိုးစားခဲ့တဲ့ ကျမ်းစာစံနမူနာရှင်အကြောင်း လေ့လာကြည့်ရအောင်။

၉။ အဘိဂဲလ ဘာအခက်အခဲ ကြုံရသလဲ။

ကျမ်းစာစံနမူနာ။ အဘိဂဲလရဲ့ ခင်ပွန်း နာဗလဟာ ခက်ထန်တဲ့အပြင် စရိုက်လည်း ကြမ်းတယ်။ (၁ ရှ. ၂၅:၃) ဒီလိုလူနဲ့ နေရတာ အဘိဂဲလအတွက် တော်တော် ခက်မှာ။ နာဗလ စော်ကားမော်ကား ပြောလိုက်လို့ အစ္စရေးမင်းလောင်း ဒါဝိဒ်နဲ့ လူတွေ သတ်ဖို့ လာချိန်မှာ အဘိဂဲလ လွတ်လမ်း ရှာဖို့ အခွင့်အရေး ပေါ်လာတယ်။ (၁ ရှ. ၂၅:၉-၁၃) ဒါဝိဒ်လက်ထဲ နာဗလ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ်လွတ်ရုန်းပြေးလို့ ရတယ်။ ဒါပေမဲ့ ကိုယ်လွတ်မရုန်းဘူး။ နာဗလကို အသက်ချမ်းသာပေးဖို့ ဒါဝိဒ်ဆီ အသနားခံတယ်။ (၁ ရှ. ၂၅:၂၃-၂၇) ဘာကြောင့် အသနားခံပေးသလဲ။

၁၀။ အိမ်ထောင်မြဲဖို့ အဘိဂဲလ ဘာကြောင့် ကြိုးစားခဲ့တာ ဖြစ်မလဲ။

၁၀ ယေဟောဝါဘုရားကို အဘိဂဲလ ချစ်တယ်။ အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘုရားစံနှုန်းကို လေးစားတယ်။ အာဒံနဲ့ ဧဝကို ဘုရား စုံဖက်ပေးတုန်းက ဘာပြောခဲ့တယ်ဆိုတာ သိထားမှာပဲ။ (က. ၂:၂၄) အိမ်ထောင်ရေးကို မြင့်မြတ်တဲ့ အစီအစဉ်လို့ ဘုရား ရှုမြင်မှန်း သိတယ်။ ဘုရားစိတ် ရွှင်လန်းစေချင်လို့ ခင်ပွန်းကော အိမ်သူအိမ်သားတွေပါ အသက်ဘေး လွတ်အောင် လုပ်နိုင်တာ မှန်သမျှ လုပ်ခဲ့တာ။ နာဗလကို အသက်ချမ်းသာပေးဖို့ ဒါဝိဒ်ဆီ ချက်ချင်း သွားတောင်းပန်တယ်။ ကိုယ်မလုပ်ခဲ့တဲ့ အမှားအတွက် ခခယယ တောင်းပန်တယ်။ သတ္တိလည်း ရှိ၊ ကိုယ်ကျိုးလည်း စွန့်တဲ့ အဘိဂဲလကို ယေဟောဝါ သိပ်ချစ်မှာ သေချာတယ်။ အဘိဂဲလဆီကနေ အိမ်ထောင်သည်တွေ ဘာသင်ယူနိုင်သလဲ။

၁၁။ (က) အိမ်ထောင်သည်တွေကို ယေဟောဝါ ဘာလမ်းညွှန်ထားသလဲ။ (ဧဖက် ၅:၃၃) (ခ) ညီအစ်မ ကာမန်ဆီကနေ ဘာသင်ယူရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၁ သင်ခန်းစာ။ အိမ်ထောင်ဖက် ပေါင်းရသင်းရ ခက်ရင်တောင် အိမ်ထောင်မြဲအောင် လုပ်ဖို့ ယေဟောဝါ လမ်းညွှန်ထားတယ်။ ပြဿနာတွေ အတူတူ ကြိုးစားဖြေရှင်းနေတာ၊ အချင်းချင်း ကိုယ်ကျိုးစွန့်မေတ္တာ၊ လေးစားမှု ပြနေတာကို ယေဟောဝါ မြင်တဲ့အခါ သိပ်ပျော်မယ်။ (ဧဖက် ၅:၃၃ ကို ဖတ်ပါ။) ညီအစ်မ ကာမန်ရဲ့ တွေ့ကြုံမှု စဉ်းစားကြည့်ပါ။ အိမ်ထောင်သက် ခြောက်နှစ်လောက်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ နောက်ပိုင်းမှာ နှစ်ခြင်းခံတယ်။ “ကျွန်မဆုံးဖြတ်ချက်ကို ခင်ပွန်း မကြိုက်ဘူး။ ယေဟောဝါအတွက် အချိန်ပေးတာကို အူတိုလာတယ်။ ကျွန်မကို ဆဲဆိုတယ်။ ထားသွားမယ်လို့ ကြိမ်းတယ်” ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အိမ်ထောင်မြဲဖို့ ကာမန် ကြိုးစားတယ်။ အိမ်ထောင်သက် ၅၀ ရှိပြီ။ ခင်ပွန်းကို မေတ္တာနဲ့ လေးစားမှု ပြဖို့ ကြိုးစားတယ်။ “နှစ်တွေ ကြာလာတာနဲ့အမျှ ကျွန်မယောက်ျားရဲ့ ခံစားချက်ကို နားလည်ပေးတတ်လာတယ်။ နားဝင်အောင် ပြောတတ်လာတယ်။ အိမ်ထောင်ဟာ မြင့်မြတ်တယ်ဆိုတာ သိထားလို့၊ ယေဟောဝါကို ချစ်လို့ အိမ်ထောင်မြဲဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ လွတ်လမ်း မရှာဘူး” လို့ ပြောတယ်။ c သင့်အိမ်ထောင်မှာလည်း အခက်အခဲတွေ ကြုံရရင်တောင် အိမ်ထောင်မြဲအောင် ယေဟောဝါ ထောက်မပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။

အိမ်သူအိမ်သားတွေ အသက်ဘေးလွတ်ဖို့ အဘိဂဲလ လုပ်ခဲ့ရာကနေ ဘာသင်ယူနိုင်သလဲ (စာပိုဒ် ၁၁ ကို ကြည့်ပါ)


ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်တဲ့အခါ

၁၂။ ကြီးလေးတဲ့အပြစ် လုပ်ရင် ဘာအခက်အခဲ ကြုံရနိုင်သလဲ။

၁၂ အခက်အခဲ။ ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ အဖတ်ဆယ်မရတော့ဘူးလို့ ခံစားရနိုင်တယ်။ စိတ် “ကျိုးပဲ့ကြေမွ” နိုင်တယ်။ (ဆာ. ၅၁:၁၇) ညီအစ်ကို ရောဘတ်အကြောင်း စဉ်းစားကြည့်ပါ။ အသင်းတော် အမှုထမ်း ဖြစ်ဖို့ နှစ်တွေ အများကြီး ကြိုးစားခဲ့တာ။ ဒါပေမဲ့ ကြီးလေးတဲ့အပြစ် လုပ်မိသွားတယ်။ ယေဟောဝါကို သစ္စာဖောက်မိပြီလို့ ခံစားရတယ်။ “ကိုယ့်စိတ်က ကိုယ့်ကို ဒုက္ခပေးလာတယ်။ ရင်ထဲ တဆစ်ဆစ် နာကျင်လာတယ်။ ရှိုက်ကြီးတငင် ငိုပြီး ဆုတောင်းလိုက်တယ်။ ဒါပေမဲ့ ကျွန်တော် ဆုတောင်းတာကို ဘုရား နားထောင်တော့မှာ မဟုတ်ဘူး။ ဘုရား စိတ်ပျက်အောင် ကျွန်တော် လုပ်ထားတာကိုး” လို့ ပြောတယ်။ ကျွန်တော်တို့လည်း ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ အဖတ်ဆယ်မရတော့ဘူးလို့ ခံစားရနိုင်တယ်။ ကိုယ့်ကို ဘုရား စွန့်သွားပြီ၊ ဘုရားအမှု ဆက်ဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့ စတွေးလာနိုင်တယ်။ (ဆာ. ၃၈:၄) ကြီးလေးတဲ့အပြစ် လုပ်မိပေမဲ့ သစ္စာရှိရှိ ဆက်အမှုဆောင်ခဲ့တဲ့ ကျမ်းစာစံနမူနာရှင်အကြောင်း လေ့လာကြည့်ရအောင်။

၁၃။ ပေတရု ဘာကြီးလေးတဲ့အမှား လုပ်မိသလဲ။ အဲဒီမတိုင်ခင် ဘာအမှားတွေ လုပ်ခဲ့သလဲ။

၁၃ ကျမ်းစာစံနမူနာ။ ယေရှု အသတ်မခံရခင်ညမှာ တမန်တော် ပေတရု အမှားတွေ တန်းစီ လုပ်မိတယ်။ ပထမ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲပြီး ယေရှုကို တခြားတမန်တော်တွေ စွန့်သွားရင်တောင် မစွန့်ဘူးလို့ ပြောတယ်။ (မာ. ၁၄:၂၇-၂၉) ဒုတိယ၊ ဂေသရှေမန်ဥယျာဉ်မှာ သတိနဲ့ စောင့်မနေဘူး။ (မာ. ၁၄:၃၂၊ ၃၇-၄၁) တတိယ၊ လူအုပ် ရောက်လာတော့ ယေရှုကို ထားခဲ့ပြီး ထွက်ပြေးတယ်။ (မာ. ၁၄:၅၀) နောက်ဆုံးတော့ ကြီးလေးတဲ့အမှား လုပ်မိပါလေရော။ ယေရှုကို မသိဘူးလို့ သုံးကြိမ်တိုင်တိုင် ကျိန်တွယ်သစ္စာဆိုပြီး ငြင်းလိုက်တာ။ (မာ. ၁၄:၆၆-၇၁) ကြီးလေးတဲ့အမှား လုပ်မိမှန်း သိသွားတော့ စိတ်မထိန်းနိုင်ဘဲ ချုံးပွဲချ ငိုတော့တယ်။ တော်တော် စိတ်ကျိုးပဲ့ကြေမွသွားပုံရတယ်။ (မာ. ၁၄:၇၂) ယေရှု အသတ်ခံရချိန် ပေတရု ယူကျုံးမရ ဖြစ်သွားမှာ။ ‘ငါတော့ သွားပြီ’ လို့ ခံစားသွားရမှာ။

၁၄။ ပေတရု ဘာကြောင့် သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်သလဲ။ (ရုပ်ပုံကို ကြည့်ပါ။)

၁၄ ပေတရု ဘာကြောင့် သစ္စာရှိရှိ ဘုရားအမှု ဆက်ဆောင်နိုင်သလဲ။ တစ်သီးပုဂ္ဂလ မနေဘဲ တမန်တော်တွေဆီ သွားလို့ နှစ်သိမ့်မှု ရခဲ့တယ်။ (လု. ၂၄:၃၃) ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ပေတရုကို ကိုယ်ထင်ပြတယ်။ အားပေးချင်လို့ ဖြစ်နိုင်တယ်။ (လု. ၂၄:၃၄။ ၁ ကော. ၁၅:၅) အမှားတွေအတွက် အပြစ်မတင်တဲ့အပြင် တာဝန်ကြီးတွေ ပေးတယ်။ (ယော. ၂၁:၁၅-၁၇) မိမိကို သခင်ယေရှု ချစ်နေဆဲပဲဆိုတာ စိတ်ချသွားလို့၊ ညီအစ်ကိုတွေ အားပေးလို့ ပေတရု ဆက်အမှုဆောင်နိုင်ခဲ့တယ်။ ပေတရုဆီကနေ ဘာသင်ယူနိုင်သလဲ။

ယောဟန် ၂၁:၁၅-၁၇ အရ မိမိကို ယေရှု စိတ်ပျက်မသွားလို့ ပေတရု ဆက်အမှုဆောင်ဖို့ ခွန်အားရ (စာပိုဒ် ၁၄ ကို ကြည့်ပါ)


၁၅။ ကျွန်တော်တို့ကို ယေဟောဝါ ဘာစိတ်ချစေချင်သလဲ။ (ဆာလံ ၈၆:၅။ ရောမ ၈:၃၈၊ ၃၉) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၅ သင်ခန်းစာ။ ချစ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်ဆိုတာ ကျွန်တော်တို့ကို ယေဟောဝါ စိတ်ချစေချင်တယ်။ (ဆာလံ ၈၆:၅။ ရောမ ၈:၃၈၊ ၃၉ တို့ကို ဖတ်ပါ။) အပြစ်လုပ်လို့ အပြစ်ရှိတယ် ခံစားရတာ သဘာဝပဲ။ ခံလည်း ခံစားသင့်ပါတယ်။ ဒါပေမဲ့ အချစ်မခံထိုက်တော့ဘူး၊ ခွင့်လွှတ်မခံထိုက်တော့ဘူးလို့ မတွေးသင့်ဘူး။ ချက်ချင်း အကူအညီ တောင်းပါ။ “သွေးဆောင်မှုကို တစ်ယောက်တည်းအားနဲ့ တွန်းလှန်လို့ အပြစ်လုပ်မိသွားတာ” လို့ အစောပိုင်းမှာ ဖော်ပြတဲ့ ရောဘတ် ပြောတယ်။ အကြီးအကဲတွေကို အကူအညီ တောင်းဖို့ လိုမှန်း သဘောပေါက်သွားတယ်။ “ယေဟောဝါ ချစ်နေဆဲပဲ၊ စွန့်မသွားဘူးဆိုတာ စိတ်ချအောင် အကြီးအကဲတွေ ကူညီပေးကြတယ်။ အကြီးအကဲတွေလည်း ကျွန်တော့်ကို မေတ္တာပျက်မသွားဘူး” လို့ ပြောတယ်။ ကျွန်တော်တို့လည်း အပြစ်တွေအတွက် နောင်တယူမယ်၊ အကူအညီ တောင်းမယ်၊ အပြစ် ထပ်မလုပ်မိဖို့ ကြိုးစားမယ်ဆိုရင် ယေဟောဝါ ဆက်ချစ်မယ်၊ ခွင့်လွှတ်မယ်ဆိုတာ စိတ်ချနိုင်တယ်။ (၁ ယော. ၁:၈၊ ၉) အဲဒီလို စိတ်ချရင် ကိုယ့်ကိုယ်ကိုယ် အဖတ်ဆယ်မရတော့ဘူးလို့ တွေးမှာ မဟုတ်ဘူး။ ဘုရားအမှု ဆက်မဆောင်တော့တာမျိုး ဖြစ်မှာ မဟုတ်ဘူး။

အကြီးအကဲတွေ သင့်ကို ကြိုးစားကူညီပေးနေတာက ဘာကို စိတ်ချစေသလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


၁၆။ သစ္စာရှိရှိ ဆက်အမှုဆောင်ဖို့ သင် ဘာကြောင့် ဆုံးဖြတ်ထားသလဲ။

၁၆ ခက်ခဲတဲ့ နောက်ဆုံးကာလအတွင်း ကျွန်တော်တို့ ကြိုးစားအမှုဆောင်နေတာ ဘုရား သိပ်တန်ဖိုးထားတယ်။ စိတ်ပျက်စရာတွေ ကြုံရရင်တောင် ဘုရားအကူအညီကြောင့် သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်ပါတယ်။ ညီအစ်ကို/မတွေ စိတ်ထိခိုက်အောင် လုပ်ရင်တောင် ချစ်မြဲ ချစ်နိုင်တယ်။ ခွင့်လွှတ်နိုင်တယ်။ အိမ်ထောင်ရေး ပဋိပက္ခတွေ အတတ်နိုင်ဆုံး ဖြေရှင်းခြင်းအားဖြင့် ဘုရားကို ချစ်ကြောင်း၊ အိမ်ထောင်အစီအစဉ်ကို လေးစားကြောင်း ပြနိုင်တယ်။ အမှားလုပ်မိတဲ့အခါ ဘုရားအကူအညီ ရှာနိုင်တယ်။ ဘုရားခွင့်လွှတ်မှု ရနိုင်တယ်။ ဘုရားမေတ္တာ ဆက်ခံစားနိုင်တယ်။ “မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်” ရင် ကောင်းချီး ကြွယ်ဝစွာ ရိတ်သိမ်းရပါလိမ့်မယ်။—ဂလ. ၆:၉

သင် ဘယ်လို ဖြေမလဲ

  • ညီအစ်ကို/မတစ်ယောက်ကြောင့် စိတ်ပျက်ရတဲ့အခါ ဘယ်လိုနည်းနဲ့ သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်မလဲ။

  • အိမ်ထောင်ဖက်ကြောင့် စိတ်ပျက်ရတဲ့အခါ ဘယ်လိုနည်းနဲ့ သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်မလဲ။

  • ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်တဲ့အခါ ဘယ်လိုနည်းနဲ့ သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်မလဲ။

သီချင်း ၁၃၉ မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ

a အမည်လွှဲများ။

b ခွဲနေဖို့ ကျမ်းစာ အားမပေးဘူး။ ခွဲနေလိုက်လို့ နောက်အိမ်ထောင်ပြုခွင့် ရှိတယ်လို့ မဆိုလိုဘူး။ ဒါပေမဲ့ ခရစ်ယာန်တချို့ ခွဲနေလို့ ရတဲ့ အခြေအနေတွေ ရှိတယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ ရှင်းလင်းချက် ၄ “ခွဲနေခြင်း” ကို ကြည့်ပါ။

c jw.org မှာ တင်ထားတဲ့ ငြိမ်းချမ်းရေး အတုအယောင်ရဲ့ လှည့်စားမှု မခံပါနဲ့—ဒယ်ရယ်နဲ့ ဒက်ဘရာ ဖရစ်ဇင်ကာ ဗီဒီယိုမှာ တွေ့ကြုံမှု နောက်တစ်ခု ကြည့်ပါ။