မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၀

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

နှစ်ခြင်းခံပြီးရင်လည်း ယေရှုနောက် “အမြဲ လိုက်” ပါ

နှစ်ခြင်းခံပြီးရင်လည်း ယေရှုနောက် “အမြဲ လိုက်” ပါ

“ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲ လိုက်ရမယ်။”လု. ၉:၂၃

အာရုံစိုက်ရာ

ဆက်ကပ်အပ်နှံခြင်းကတိ ဘာကို ဆိုလိုကြောင်း ကျွန်တော်တို့အားလုံး ပြန်စဉ်းစားဖို့၊ လောလောလတ်လတ် နှစ်ခြင်းခံထားသူတွေ ဆက်သစ္စာရှိနိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။

၁-၂။ နှစ်ခြင်းခံပြီးနောက် ဘာကောင်းချီးတွေ ရသလဲ။

 နှစ်ခြင်းခံတဲ့အခါ ဘုရားမိသားစုဝင် ဖြစ်လာလို့ ကျွန်တော်တို့ သိပ်ပျော်ကြတယ်။ ယေဟောဝါနဲ့ ဒီလို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနိုင်တာ အခွင့်ထူးပဲ။ ဆာလံကျမ်းရေးသူ ဒါဝိဒ် ပြောသလို “တံတိုင်းတော်ထဲမှာ နေဖို့ [ယေဟောဝါ] ရွေးချယ်ပြီး ဖိတ်ခေါ်ထားတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။”—ဆာ. ၆၅:၄

တံတိုင်းတော်ထဲ လူတိုင်းကို ယေဟောဝါ မဆွဲဆောင်ဘူး။ ရှေ့ဆောင်းပါးမှာ သိခဲ့ရတဲ့အတိုင်း မိမိနဲ့ ရင်းနှီးချင်ကြောင်း ပြသူတွေကိုပဲ ဆွဲဆောင်တာ။ (ယာ. ၄:၈) သင် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အခါ ယေဟောဝါနဲ့ ထူးထူးခြားခြား ရင်းနှီးလာမယ်။ ယေဟောဝါ “ကောင်းချီးတွေ လိုလေသေးမရှိ သွန်းလောင်းမယ်။”—မာလ. ၃:၁၀။ ယေ. ၁၇:၇၊ ၈

၃။ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံထားတဲ့ ခရစ်ယာန်တွေမှာ ဘာအရေးကြီး တာဝန် ရှိသလဲ။ (ဒေသနာ ၅:၄၊ ၅)

နှစ်ခြင်းဟာ အစပဲ ရှိသေးတယ်။ နှစ်ခြင်းခံပြီးသွားရင် ဆက်ကပ်အပ်နှံခြင်းကတိ တည်ဖို့၊ ယေဟောဝါကို သစ္စာရှိမြဲ ရှိဖို့ သင် ကြိုးစားချင်မှာပဲ။ အထူးသဖြင့် အခက်အခဲတွေ၊ စမ်းသပ်မှုတွေ ကြုံတဲ့အခါ ဖြစ်တယ်။ (ဒေသနာ ၅:၄၊ ၅ ကို ဖတ်ပါ။) နောက်လိုက်တစ်ယောက်အနေနဲ့ ယေရှုကို အတုယူချင်စိတ်၊ ယေရှုရဲ့ မိန့်မှာချက်တွေ တစ်သဝေမတိမ်း လိုက်နာချင်စိတ် ရှိမှာပဲ။ (မ. ၂၈:၁၉၊ ၂၀။ ၁ ပေ. ၂:၂၁) အဲဒီလို လိုက်နာနိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။

အခက်အခဲတွေ၊ စမ်းသပ်မှုတွေ ရှိပေမဲ့ ယေရှုနောက် “အမြဲ လိုက်” ပါ

၄။ နောက်လိုက်တွေ “ဒုက္ခသစ်တိုင်” ထမ်းရမယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ (လုကာ ၉:၂၃)

နှစ်ခြင်းခံလိုက်လို့ ဘဝက ပြဿနာ ကင်းသွားမှာ မဟုတ်ဘူး။ “ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲ လိုက်ရမယ်” လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောထားတယ်။ (လုကာ ၉:၂၃ ကို ဖတ်ပါ။) နောက်လိုက်တွေ တစ်ချိန်လုံး ဒုက္ခကြုံရမယ်လို့ ဆိုလိုသလား။ မဆိုလိုဘူး။ နှစ်ခြင်းခံလို့ ကောင်းချီးတွေ ရသလို အခက်အခဲတွေ ကြုံရနိုင်တယ်လို့ ဆိုလိုတာပါ။ အခက်အခဲတချို့ဆိုရင် တော်တော် ခံရခက်နိုင်တယ်။—၂ တိ. ၃:၁၂

၅။ ကိုယ်ကျိုးစွန့်သူတွေ ဘာကောင်းချီး ရမယ်လို့ ယေရှု ကတိပေးသလဲ။

မိသားစုဝင်တွေ ဆန့်ကျင်တာ သင် ကြုံခဲ့ရနိုင်တယ်။ ဘုရားနိုင်ငံတော်ကို ဦးစားထားဖို့ ငွေကြေးဥစ္စာ စွန့်ခဲ့ရနိုင်တယ်။ (မ. ၆:၃၃) သင် ကိုယ်ကျိုးစွန့်သမျှ ယေဟောဝါ သိတယ်။ (ဟီ. ၆:၁၀) “ကျွန်တော့်နာမည်ကြောင့်၊ သတင်းကောင်းကြောင့် မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ တစ်ခုခုကို စွန့်လွှတ်လိုက်ရသူတိုင်း အခုအချိန်မှာ မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ အဆ ၁၀၀ ပြန်ရမယ့်အပြင် ညှဉ်းဆဲတာ ခံရမယ်။ နောင်လာမယ့် လောကစနစ်မှာလည်း ထာဝရအသက်ကို ရဦးမယ်” ဆိုတဲ့ ယေရှုစကားတွေ မှန်ကန်ကြောင်း ကိုယ်တွေ့ ကြုံခဲ့မှာပါ။ (မာ. ၁၀:၂၉၊ ၃၀) စွန့်လွှတ်လိုက်ရတာတွေထက် ရလာတဲ့ ကောင်းချီးတွေ ပိုများတယ် မဟုတ်လား။—ဆာ. ၃၇:၄

၆။ နှစ်ခြင်းခံပြီးရင်လည်း “သွေးသားအလိုဆန္ဒ” ကို ဘာကြောင့် ဆက်တိုက်လှန်ရမလဲ။

နှစ်ခြင်းခံပြီးရင်လည်း “သွေးသားအလိုဆန္ဒ” ကို ဆက်တိုက်လှန်ရမယ်။ (၁ ယော. ၂:၁၆) အာဒံရဲ့ မစုံလင်တဲ့ သားစဉ်မြေးဆက် ဖြစ်နေဆဲမို့လို့ပါ။ “ကျွန်တော်က ဘုရားသခင်ရဲ့ ပညတ်ကို စိတ်ထဲမှာ နှစ်နှစ်ကာကာ မြတ်နိုးပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲမှာ တခြားတရားတစ်ခုက စိတ်ထဲက တရားကို တိုက်ခိုက်တဲ့အတွက် ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ အပြစ်တရားရဲ့ ဖမ်းဆီးချုပ်နှောင်မှုအောက် ကျွန်တော် ရောက်သွားတာကို မြင်လိုက်တယ်” လို့ ပြောတဲ့ တမန်တော် ပေါလုလို တစ်ခါတလေ ခံစားရနိုင်တယ်။ (ရော. ၇:၂၂၊ ၂၃) သွေးသားအလိုဆန္ဒ တိုက်လှန်ရလွန်းလို့ စိတ်ဓာတ်ကျလာနိုင်တယ်။ ဒါပေမဲ့ ဘုရားဆီ ဆက်ကပ်အပ်နှံချိန်မှာ ပေးထားတဲ့ ကတိကို စဉ်းစားတာက သွေးဆောင်မှုတွေ တိုက်လှန်မယ်ဆိုတဲ့ သန္နိဋ္ဌာန် ပိုခိုင်မာစေတယ်။ တကယ်တော့ ဆက်ကပ်အပ်နှံခြင်းကတိက သွေးဆောင်မှုတွေ တိုက်လှန်ဖို့ အများကြီး ကူညီပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။

၇။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားတာက သစ္စာစောင့်သိဖို့ ဘယ်လို ကူညီပေးသလဲ။

ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံတာဟာ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်လိုက်တာပဲ။ ဘုရားစိတ်နဲ့ မတွေ့မယ့် အလိုဆန္ဒတွေ၊ ပန်းတိုင်တွေကို ငြင်းပယ်ဖို့ ရွေးချယ်လိုက်တာပဲ။ (မ. ၁၆:၂၄) ဘုရားကို သစ္စာစောင့်သိဖို့၊ ဘုရား နှစ်သက်တာ လုပ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေလို့ သွေးဆောင်မှုတွေ၊ အခက်အခဲတွေ ကြုံလာမှ ဘာလုပ်ရမလဲ အချိန်ကုန်ခံ စဉ်းစားနေစရာ မလိုတော့ဘူး။ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ကြုံတာတောင် “ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး” လို့ ပြောတဲ့ ယောဘလို သစ္စာစောင့်သိမှာ ဖြစ်တယ်။—ယောဘ ၂၇:၅

၈။ ဆက်ကပ်အပ်နှံခြင်းကတိကို ပြန်စဉ်းစားတာက သွေးဆောင်မှုတွေ တွန်းလှန်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

ဆက်ကပ်အပ်နှံခြင်းကတိကို ပြန်စဉ်းစားတာက သွေးဆောင်မှုတွေ တွန်းလှန်ဖို့ ကူညီပေးတယ်။ ဥပမာ၊ အိမ်ထောင်သည်တစ်ယောက်နဲ့ သင် ပရောပရည် လုပ်မလား။ လုပ်မှာ မဟုတ်ဘူး။ ဘုရားဆီ ဆက်ကပ်အပ်နှံတုန်းက ငြင်းပယ်ပါ့မယ်လို့ ကတိပေးထားတဲ့အထဲမှာ ဒီလုပ်ရပ် ပါပြီးသားပဲ။ နဂိုကတည်းက မသင့်တော်တဲ့ ဆန္ဒတွေ အမြစ်စွဲဖို့ ခွင့်ပြုမထားလို့ နောက်မှ အမြစ်လိုက်နုတ်ရတဲ့ အဖြစ်မျိုး မရောက်တော့ဘူး။ “လူဆိုးတွေရဲ့ လမ်း” ကို “ရှောင်သွား” မှာ ဖြစ်တယ်။—ပညာ. ၄:၁၄၊ ၁၅

၉။ ဆက်ကပ်အပ်နှံခြင်းကတိကို ပြန်စဉ်းစားတာက ဝတ်ပြုရေးကို ဦးစားထားဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

အစည်းအဝေး ပျက်မယ့်အလုပ် ကမ်းလှမ်းခံရတဲ့အခါ ဘာလုပ်မလဲ။ အလုပ် ကမ်းလှမ်းမခံရခင်ကတည်းက အဲဒီလိုအလုပ်မျိုး ငြင်းမယ်လို့ ဆုံးဖြတ်ပြီးသားပဲ။ ဒါဆိုရင် အစည်းအဝေး ပျက်မယ့်အလုပ်မှန်း သိလျက်နဲ့ လက်ခံပြီးခါမှ အစည်းအဝေး မပျက်အောင် ဖြေရှင်းနည်း ရှာရတဲ့ အဖြစ်မျိုး မရောက်တော့ဘူး။ အဖ စိတ်ရွှင်လန်းအောင် လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ယေရှုရဲ့ စံနမူနာကို စဉ်းစားတာ အကူအညီ ဖြစ်စေတယ်။ ယေရှုလိုပဲ ကိုယ်ဆက်ကပ်အပ်နှံထားတဲ့ အဖ မနှစ်မြို့မယ့်အရာမှန်သမျှ ချက်ချင်း ပြတ်ပြတ်သားသား ငြင်းပယ်ဖို့ ဆုံးဖြတ်ထားပါ။—မ. ၄:၁၀။ ယော. ၈:၂၉

၁၀။ နှစ်ခြင်းခံပြီးရင်လည်း ယေရှုနောက် “အမြဲ လိုက်” နိုင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးမလဲ။

၁၀ အခက်အခဲတွေ၊ စမ်းသပ်မှုတွေဟာ ယေရှုနောက် “အမြဲ လိုက်” ချင်ကြောင်း သက်သေပြဖို့ အခွင့်အရေးပဲ။ ယေရှုနောက် အမြဲ လိုက်နိုင်အောင် ယေဟောဝါ ကူညီပေးမယ်။ “ဘုရားသခင်ဟာ သစ္စာရှိတဲ့အတွက် ခင်ဗျားတို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါ့အပြင် သွေးဆောင်ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။—၁ ကော. ၁၀:၁၃

ယေရှုနောက် အမြဲ လိုက်နိုင်ပုံ

၁၁။ ယေရှုနောက် အမြဲ လိုက်နိုင်တဲ့ အကောင်းဆုံး တစ်နည်းက ဘာလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၁ ယေရှု စိတ်နှလုံး အကြွင်းမဲ့ ဘုရားအလိုတော် ဆောင်တယ်။ ဆုတောင်းခြင်းအားဖြင့် ဘုရားနဲ့ အမြဲ ရင်းနှီးအောင် လုပ်တယ်။ (လု. ၆:၁၂) ဒါကြောင့် ယေရှုနောက် အမြဲ လိုက်နိုင်တဲ့ အကောင်းဆုံး တစ်နည်းက နှစ်ခြင်းခံပြီးနောက် ယေဟောဝါနဲ့ ပိုရင်းနှီးစေမယ့်အရာတွေ ဆက်လုပ်တာပဲ။ “ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီ ဖြစ်လို့ ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဖိ. ၃:၁၆) ဘုရားကျေးကျွန်တွေဟာ ဘုရားအမှု ပိုဆောင်နိုင်ဖို့ နည်းလမ်း ရှာကြတယ်။ (တ. ၁၆:၉) သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း တက်ဖို့၊ ပိုလိုအပ်တဲ့ နေရာမှာ အမှုဆောင်ဖို့ ဆုံးဖြတ်တဲ့ ညီအစ်ကို/မတွေရဲ့ တွေ့ကြုံမှု ကြားဖူးမှာပါ။ အခြေအနေ ပေးရင် သင်လည်း အဲဒီလိုပန်းတိုင်တွေ ထားနိုင်တယ်။ အခြေအနေ မပေးရင်ကော။ တခြားသူတွေလောက် မလုပ်နိုင်ဘူးဆိုပြီး သိမ်ငယ်မသွားပါနဲ့။ အရေးကြီးတာက ခံနိုင်ရည် ရှိဖို့ပါပဲ။ (မ. ၁၀:၂၂) ကိုယ့်အခြေအနေ၊ အစွမ်းအစနဲ့အညီ အမှုဆောင်တဲ့အခါ ဘုရား နှစ်သက်တယ်။—ဆာ. ၂၆:၁

နှစ်ခြင်းခံပြီးနောက် ဘုရားနဲ့ ပိုရင်းနှီးစေမယ့်အရာတွေ ဆက်လုပ်ဖို့ ပန်းတိုင် ထားပါ (စာပိုဒ် ၁၁ ကို ကြည့်ပါ)


၁၂-၁၃။ ဇွဲလျော့လာပြီဆိုရင် ဘာလုပ်နိုင်သလဲ။ (၁ ကောရိန္သု ၉:၁၆၊ ၁၇) (“ ပြေးပွဲမှာ ဆက်ပြေးပါ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၂ နှစ်ခြင်းခံပြီးနောက် အရင်ကလောက် စိတ်ပါလက်ပါ ဆုမတောင်းတော့ရင်၊ ကျမ်းစာဖတ်ရတာ၊ အမှုဆောင် ထွက်ရတာ မပျော်တော့ရင်ကော။ စွမ်းအားတော် မရတော့လို့ပဲဆိုပြီး ကောက်ချက် မချလိုက်ပါနဲ့။ မစုံလင်သူမို့ စိတ်အတက်အကျ ရှိနိုင်တယ်။ ဇွဲလျော့လာပြီဆိုရင် တမန်တော် ပေါလုအကြောင်း စဉ်းစားလိုက်ပါ။ ယေရှုကို ကြိုးစားအတုယူပေမဲ့ လုပ်သင့်တာ လုပ်ဖို့ စိတ်မပါတဲ့အချိန်တွေ ရှိနိုင်မှန်း ပေါလု သိတယ်။ (၁ ကောရိန္သု ၉:၁၆၊ ၁၇ ကို ဖတ်ပါ။) “စိတ်မပါရင်တောင် ကျွန်တော့်ကို ပေးအပ်ထားတဲ့ တာဝန်ကို လုပ်ဆောင်ရမှာပဲ” လို့ ပြောတယ်။ စိတ်အခြေအနေ ဘယ်လိုရှိရှိ အမှုဆောင်တာဝန် ကျေပွန်ဖို့ ဆုံးဖြတ်ထားတယ်။

၁၃ သင်လည်း စိတ်အလို မလိုက်ပါနဲ့။ စိတ်အခြေအနေ ဘယ်လိုရှိရှိ မှန်ရာ လုပ်ဖို့ ဆုံးဖြတ်ထားပါ။ လုပ်စရာ ရှိတာ ဆက်လုပ်တဲ့အခါ စိတ်အခြေအနေ ပြောင်းလာနိုင်တယ်။ ကျမ်းစာ လေ့လာတာ၊ ဆုတောင်းတာ၊ အစည်းအဝေး တက်တာ၊ ဟောပြောတာ မပျက်ပါစေနဲ့။ ဒါ ယေရှုနောက် အမြဲ လိုက်ကြောင်း ပြနေတာပဲ။ သင် ခံနိုင်ရည် ရှိတာကို မြင်တဲ့အခါ ညီအစ်ကို/မတွေ အားရှိလာကြမယ်။—၁ သက်. ၅:၁၁

“အမြဲ ဆန်းစစ်ပါ . . . အမြဲ စစ်ဆေးပါ”

၁၄။ ကိုယ့်ကိုယ်ကိုယ် ဘာတွေ ဆန်းစစ်ရမလဲ။ ဘာကြောင့်လဲ။ (၂ ကောရိန္သု ၁၃:၅)

၁၄ နှစ်ခြင်းခံပြီးရင်လည်း ကိုယ့်ကိုယ်ကိုယ် မှန်မှန် ဆန်းစစ်နေဖို့ အရေးကြီးတယ်။ (၂ ကောရိန္သု ၁၃:၅ ကို ဖတ်ပါ။) နေ့တိုင်း ဆုတောင်းသလား၊ ကျမ်းစာ ဖတ်သလား၊ လေ့လာသလား၊ မှန်မှန် အစည်းအဝေး တက်သလား၊ အမှုဆောင်မှာ ပါဝင်သလားလို့ မကြာမကြာ ဆန်းစစ်ပါ။ ဒီလုပ်ဆောင်မှုတွေကနေ ပိုအကျိုးရစေမယ့်နည်းတွေ ရှာပါ။ ‘တခြားသူတွေကို အခြေခံ ကျမ်းစာသွန်သင်ချက်တွေ ငါ ရှင်းပြနိုင်သလား။ အမှုဆောင်လုပ်ငန်းမှာ ပိုပျော်စေမယ့်နည်းတွေ ရှိသလား။ သတ်သတ်မှတ်မှတ် ဆုတောင်းသလား။ ဘုရားကို အပြည့်အဝ ကိုးစားကြောင်း ငါ့ဆုတောင်းချက်တွေက ပြသလား။ အစည်းအဝေး မှန်မှန် တက်သလား။ အစည်းအဝေးမှာ ပိုပါဝင်ဖို့၊ ပိုအာရုံစိုက်ဖို့ ဘာလုပ်နိုင်သလဲ’ လို့ စဉ်းစားပါ။

၁၅-၁၆။ သွေးဆောင်မှု တွန်းလှန်တာနဲ့ပတ်သက်ပြီး ညီအစ်ကို ရောဘတ်ရဲ့ တွေ့ကြုံမှုကနေ ဘာသိရသလဲ။

၁၅ ကိုယ့်အားနည်းချက်ကိုယ် သိဖို့လည်း အရေးကြီးတယ်။ ညီအစ်ကို ရောဘတ်ရဲ့ တွေ့ကြုံမှု သုံးသပ်ကြည့်ပါ။ “ကျွန်တော် အသက် ၂၀ လောက်မှာ အချိန်ပိုင်းအလုပ်တစ်ခု လုပ်တယ်။ တစ်ရက်၊ အလုပ်ဆင်းတော့ အိမ်လိုက်ခဲ့ဖို့ အလုပ်ဖော် မိန်းကလေးက ခေါ်တယ်။ နှစ်ယောက်တည်း ရှိနေမှာ၊ ‘အချိန်ကောင်းလေးပဲ’ လို့ ပြောတယ်။ ကျွန်တော် ငြင်းတော့ ငြင်းတယ်။ ဒါပေမဲ့ ဝေ့လည်ကြောင်ပတ် ဖြစ်နေတယ်။ နောက်ဆုံးတော့ မလိုက်ဘူးလို့ အပြတ် ငြင်းပြီး အကြောင်းရင်းပါ ရှင်းပြလိုက်တယ်” လို့ ရောဘတ် ပြောတယ်။ ရောဘတ် သွေးဆောင်မှု တွန်းလှန်နိုင်ခဲ့တယ်။ ဒါ ချီးကျူးစရာပဲ။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကို နောက်ပိုင်း ပြန်စဉ်းစားကြည့်တဲ့အခါ ကိုယ့်တုံ့ပြန်ပုံကို သိပ်အားမရဘူး။ “ပေါတိဖာရဲ့ မိန်းမကို ယောသပ် ငြင်းသလို ချက်ချင်း ပြတ်ပြတ်သားသား ကျွန်တော် မငြင်းနိုင်ခဲ့ဘူး။ (က. ၃၉:၇-၉) သွေးဆောင်မှုကို ငြင်းဖို့ အဲဒီလောက် ခက်ပါလားဆိုတာ သဘောပေါက်သွားတယ်။ ဘုရားနဲ့ ဆက်ဆံရေး ပိုခိုင်ခံ့အောင် လုပ်ဖို့ လိုနေမှန်း မြင်လာတယ်” လို့ ပြောတယ်။

၁၆ သင်လည်း ရောဘတ်လို ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နိုင်တယ်။ သွေးဆောင်မှုကို ငြင်းနိုင်ခဲ့ရင်တောင် ‘ငြင်းဖို့ ဘယ်လောက်ကြာကြာ အချိန်ယူလိုက်ရသလဲ’ ဆိုတာ စဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ် အားမရတာတွေ ရှိရင်တောင် စိတ်ဓာတ်မကျပါနဲ့။ အားနည်းချက် သိရတာပဲ ဝမ်းသာလိုက်ပါ။ ကိုယ့်အားနည်းချက်အကြောင်း ယေဟောဝါဆီ ဆုတောင်းပြောပြပါ။ ဘုရား ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းအတိုင်း အသက်ရှင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာစေမယ့်အရာတွေ လုပ်ပါ။—ဆာ. ၁၃၉:၂၃၊ ၂၄

၁၇။ ရောဘတ်အဖြစ်မှာ ယေဟောဝါရဲ့ နာမည် ဘယ်လို ပါဝင်ပတ်သက်နေသလဲ။

၁၇ ရောဘတ်ရဲ့ တွေ့ကြုံမှုကနေ သင်ခန်းစာ နောက်တစ်ခု ရသေးတယ်။ “ကျွန်တော် ငြင်းလိုက်တော့ ‘ရှင့်ကို ဒါမျိုး စမ်းလို့ မရဘူးပဲ’ လို့ အလုပ်ဖော် မိန်းကလေး ပြောတယ်။ ‘ဘာပြောချင်တာလဲ’ လို့ ကျွန်တော် မေးလိုက်တယ်။ သူ့သူငယ်ချင်း ကောင်လေးတစ်ယောက်ဟာ အရင်က ယေဟောဝါသက်သေ။ သက်သေခံ လူငယ်အားလုံး ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တဲ့သူချည်းပဲ၊ အခွင့်အရေး ရရင် ယူမယ့်သူချည်းပဲလို့ ပြောထားတာ။ ဒါနဲ့ ဟုတ်မဟုတ် သိရအောင် ကျွန်တော့်ကို လာစမ်းတာ။ ယေဟောဝါနာမည် ဂုဏ်တက်အောင် လုပ်ခွင့် ရလို့ ကျွန်တော် သိပ်ပျော်တယ်” လို့ ရောဘတ် ပြောတယ်။

၁၈။ နှစ်ခြင်းခံပြီးနောက် ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားရမလဲ။ (“ အကြိုက်တွေ့သွားမယ့် ဆောင်းပါးနှစ်ခု” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၈ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာဟာ ဘယ်လို အခြေအနေမှာမဆို ဘုရားနာမည် သန့်ရှင်းမြင့်မြတ်အောင် လုပ်ချင်ကြောင်း ပြတာပဲ။ ဘာစမ်းသပ်မှုတွေ၊ ဘာအခက်အခဲတွေ သင် ကြုံနေရမှန်း ယေဟောဝါ သိတယ်။ သစ္စာစောင့်သိဖို့ သင် ကြိုးစားနေတဲ့အတွက် ဆုချမယ်။ သန့်ရှင်းသော စွမ်းအားတော် ပေးမယ်။ (လု. ၁၁:၁၁-၁၃) ဘုရားအကူအညီကြောင့် နှစ်ခြင်းခံပြီးရင်လည်း ယေရှုနောက် သင် အမြဲ လိုက်နိုင်ပါလိမ့်မယ်။

သင် ဘယ်လို ဖြေမလဲ

  • ခရစ်ယာန်တွေ ဘယ်လိုနည်းနဲ့ “ဒုက္ခသစ်တိုင်ကို ထမ်းပြီး” ယေရှုနောက် “အမြဲ လိုက်” ကြသလဲ။

  • နှစ်ခြင်းခံပြီးရင်လည်း ယေရှုနောက် ဘယ်လို “အမြဲ လိုက်” နိုင်သလဲ။

  • ဆက်ကပ်အပ်နှံခြင်းကတိကို ပြန်စဉ်းစားတာက သစ္စာစောင့်သိဖို့ ဘယ်လို ကူညီပေးသလဲ။

သီချင်း ၈၉ နားထောင်၊ နာခံ၊ ကောင်းချီးစံ