မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၉

သီချင်း ၇၅ “ကျွန်တော့်ကို စေလွှတ်ပါ”

ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့ အဆင်သင့်ဖြစ်ပြီလား

ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့ အဆင်သင့်ဖြစ်ပြီလား

“ယေဟောဝါ လုပ်ပေးခဲ့တဲ့ ကောင်းမှုအားလုံးအတွက် ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ။”ဆာ. ၁၁၆:၁၂

အာရုံစိုက်ရာ

ယေဟောဝါဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာဖို့ ဒီဆောင်းပါးက ကူညီပေးနိုင်ပါတယ်။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမှ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံချင်လာမယ်။

၁-၂။ နှစ်ခြင်းမခံခင် ဘာလုပ်ရမလဲ။

 လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံသူ တစ်သန်းကျော် ရှိတယ်။ အများစုဟာ ပထမရာစုက တပည့် တိမောသေလိုပဲ “နို့စို့အရွယ်ကတည်းက” အမှန်တရား သိလာကြတာ။ (၂ တိ. ၃:၁၄၊ ၁၅) တချို့ကတော့ သက်လတ်ပိုင်း၊ သက်ကြီးပိုင်း ရောက်မှ သိလာကြတာ။ အမျိုးသမီးတစ်ယောက်ဆိုရင် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပြီး နှစ်ခြင်းခံချိန်မှာ အသက် ၉၇ နှစ် ရှိနေပြီ။

သင်ဟာ ကျမ်းစာသင်သား ဒါမှမဟုတ် သက်သေခံ မိဘလက်အောက်မှာ ကြီးပြင်းလာသူဆိုရင် နှစ်ခြင်းခံဖို့ ပန်းတိုင် ရှိသလား။ ဒါ သိပ်ကောင်းတဲ့ ပန်းတိုင်ပဲ။ ဒါပေမဲ့ နှစ်ခြင်းမခံခင် ယေဟောဝါဆီ ဆက်ကပ်အပ်နှံရမယ်။ ဆက်ကပ်အပ်နှံတယ်ဆိုတာ ဘာလဲ။ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် ဘာကြောင့် တွန့်ဆုတ်မနေသင့်သလဲ။

ဆက်ကပ်အပ်နှံတယ်ဆိုတာ ဘာလဲ

၃။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံသူတချို့ကို ဥပမာ ပေးပါ။

ကျမ်းစာမှာ ဆက်ကပ်အပ်နှံတယ်ဆိုတာ အထူးရည်ရွယ်ချက်အတွက် သီးသန့်ဖယ်ထားခံရတာကို ဆိုလိုတယ်။ အစ္စရေးတွေဟာ ယေဟောဝါဆီ လူမျိုးလိုက် ဆက်ကပ်ထားကြတယ်။ ဒါပေမဲ့ တစ်ယောက်ချင်း အထူး သီးသန့်ဆက်ကပ်သူ တချို့လည်း ရှိတယ်။ ဥပမာ၊ အာရုန်ဟာ “သန့်ရှင်းမြင့်မြတ်တဲ့ ဆက်ကပ်အပ်နှံခြင်း အမှတ်အသား” ရွှေစင်ပြားကို ခေါင်းပေါင်းအရှေ့ဘက်မှာ တပ်တယ်။ ဒါက အစ္စရေး ပုရောဟိတ်မင်းအဖြစ် အထူးနည်းနဲ့ အမှုဆောင်ဖို့ ရွေးချယ်ခံထားရကြောင်း ပြတယ်။ (ဝတ်. ၈:၉) နာဇရိလူတွေလည်း ယေဟောဝါဆီ အထူးနည်းနဲ့ ဆက်ကပ်ကြတယ်။ “နာဇရိလူ” ဆိုတာ “သီးသန့်ဖယ်ထားခံရသူ၊” “ဆက်ကပ်ထားသူ” လို့ အဓိပ္ပာယ်ရတဲ့ ဟီဘရူးစကားလုံး နာဇာ ကနေ ဆင်းသက်လာတယ်။ နာဇရိလူတွေ လိုက်နာရမယ့် အထူးတောင်းဆိုချက်တွေ မောရှေပညတ်မှာ ပါတယ်။—တော. ၆:၂-၈

၄။ (က) ယေဟောဝါဆီ ဆက်ကပ်အပ်နှံတာဟာ ဘာလုပ်ဖို့ ရွေးချယ်လိုက်တာလဲ။ (ခ) “ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်” ဆိုတာ ဘာကို ဆိုလိုသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံတာဟာ ယေရှုခရစ်နောက် လိုက်ဖို့၊ ဘဝမှာ ဘုရားအလိုတော် ဦးစားထားဖို့ ရွေးချယ်လိုက်တာပဲ။ “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၆:၂၄) ဒါကြောင့် ဆက်ကပ်အပ်နှံထားသူဟာ ဘုရား မကြိုက်တာ မှန်သမျှ ငြင်းပယ်ရမယ်။ (၂ ကော. ၅:၁၄၊ ၁၅) ငြင်းပယ်ရမယ့်အထဲမှာ လိင်အကျင့်ယိုယွင်းခြင်းလိုမျိုး “အပြစ်ရှိတဲ့ အကျင့်တွေ” ပါတယ်။ (ဂလ. ၅:၁၉-၂၁။ ၁ ကော. ၆:၁၈) ဆောင်ရန်၊ ရှောင်ရန်တွေ များလို့ စိတ်ကျဉ်းကျပ်သွားမလား။ ဘုရားကို ချစ်ရင်၊ ဘုရားပညတ်တွေဟာ ကိုယ့်အကျိုးအတွက်ပဲဆိုတာ သိထားရင် စိတ်ကျဉ်းကျပ်မှာ မဟုတ်ဘူး။ (ဆာ. ၁၁၉:၉၇။ ဟေရှာ. ၄၈:၁၇၊ ၁၈) “ယေဟောဝါရဲ့ စံနှုန်းတွေဟာ လုပ်ချင်တာ လုပ်ခွင့် မရအောင် ကာဆီးထားတဲ့ အကျဉ်းခန်း သံတိုင်နဲ့ တူတယ်လို့ မြင်ချင်ရင် မြင်နိုင်တယ်။ ဒါမှမဟုတ် ခြင်္သေ့ရန်ကနေ ကာကွယ်ပေးတဲ့ လှောင်အိမ် သံတိုင်နဲ့ တူတယ်လို့ မြင်ချင်ရင် မြင်နိုင်တယ်” လို့ ညီအစ်ကို နီကိုးလတ် ပြောတယ်။

လုပ်ချင်တာ လုပ်ခွင့် မရအောင် ကာဆီးထားတဲ့ အကျဉ်းခန်း သံတိုင်လို့ ယေဟောဝါရဲ့ စံနှုန်းတွေကို မြင်သလား၊ ခြင်္သေ့ရန်ကနေ ကာကွယ်ပေးတဲ့ လှောင်အိမ် သံတိုင်လို့ မြင်သလား (စာပိုဒ် ၄ ကို ကြည့်ပါ)


၅။ (က) ယေဟောဝါဆီ ဘယ်လို ဆက်ကပ်အပ်နှံရမလဲ။ (ခ) ဆက်ကပ်အပ်နှံတာနဲ့ နှစ်ခြင်းခံတာ ဘာကွာသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ယေဟောဝါဆီ ဘယ်လို ဆက်ကပ်အပ်နှံရမလဲ။ ယေဟောဝါဘုရားတစ်ပါးတည်းကိုပဲ ဝတ်ပြုမယ်၊ ဘဝမှာ ဘုရားအလိုတော် ဦးစားထားမယ်လို့ ဆုတောင်းကတိပေးရမယ်။ ဒါက ဘုရားကို “စိတ်စွမ်း ရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှ၊ ခွန်အား ရှိသမျှနဲ့” ချစ်မြဲ ချစ်မယ်လို့ ကတိပေးလိုက်တာပဲ။ (မာ. ၁၂:၃၀) ဆက်ကပ်အပ်နှံတယ်ဆိုတာ ဘုရားကို နှစ်ကိုယ်ကြား ကတိပေးတာ။ နှစ်ခြင်းခံတာကျတော့ ဘုရားဆီ ဆက်ကပ်အပ်နှံပြီးကြောင်း လူအများရှေ့ ဖော်ပြတာ။ ဆက်ကပ်အပ်နှံခြင်းကတိဟာ လေးနက်တယ်။ ကတိတည်သင့်တယ်။ ကတိတည်ဖို့ ဘုရား မျှော်လင့်တယ်။—ဒေ. ၅:၄၊ ၅

ယေဟောဝါဆီ ဆက်ကပ်အပ်နှံတယ်ဆိုတာ ယေဟောဝါတစ်ပါးတည်းကိုပဲ ဝတ်ပြုမယ်၊ ဘဝမှာ ဘုရားအလို ဦးစားထားမယ်လို့ ကတိပေးတာ ဖြစ် (စာပိုဒ် ၅ ကို ကြည့်ပါ)


ဘာကြောင့် ယေဟောဝါဆီ ဆက်ကပ်အပ်နှံရမလဲ

၆။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံရတဲ့ အဓိက အကြောင်းရင်းက ဘာလဲ။

ဆက်ကပ်အပ်နှံရတဲ့ အဓိက အကြောင်းရင်းဟာ ဘုရားကို ချစ်လို့ပဲ။ ဘုရားကို ချစ်တာဟာ ခံစားချက်ကိုပဲ အခြေမခံဘူး။ ဘုရားအကြောင်း၊ ဘုရားရည်ရွယ်ချက်အကြောင်း “တိကျမှန်ကန်စွာ သိကျွမ်း” ခြင်းကို အခြေခံတယ်။ (ကော. ၁:၉) သင် ကျမ်းစာလေ့လာလို့ ဘာတွေ တိတိကျကျ သိလာသလဲ။ (၁) ယေဟောဝါ တကယ် ရှိတယ်၊ (၂) ကျမ်းစာဟာ ဘုရားရဲ့ တရားစကား ဖြစ်တယ်၊ (၃) အလိုတော် ပြီးမြောက်ဖို့ အဖွဲ့အစည်းကို ဘုရား သုံးနေတယ်ဆိုတာ သိလာတယ်။

၇။ ယေဟောဝါဆီ မဆက်ကပ်ခင် ဘာတွေ လုပ်နေသင့်သလဲ။

ယေဟောဝါဆီ မဆက်ကပ်ခင်ကတည်းက အခြေခံ ကျမ်းစာသွန်သင်ချက်တွေ သိနေသင့်တယ်။ ဘုရားစံနှုန်း လိုက်နာနေသင့်တယ်။ တခြားသူတွေကို ကိုယ့်ယုံကြည်ချက် အတတ်နိုင်ဆုံး ပြောပြနေသင့်တယ်။ (မ. ၂၈:၁၉၊ ၂၀) ဒီလိုနဲ့ ဘုရားကို ချစ်သည်ထက် ချစ်လာတဲ့အခါ ဘုရားတစ်ပါးတည်းကိုပဲ ဝတ်ပြုချင်လာမယ်။ သင်ကော ဘုရားကို ချစ်ပါသလား။ ဘုရားကိုသာ ချစ်ရင် ကျမ်းစာသင်ပေးသူ ဒါမှမဟုတ် မိဘကို စိတ်ချမ်းသာစေချင်လို့၊ အပေါင်းအသင်းတွေကို အားကျလို့ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတာမျိုး မဖြစ်တော့ဘူး။

၈။ ကျေးဇူးတင်စိတ်က ဘုရားဆီ ဆက်ကပ်အပ်နှံချင်စိတ် ဘယ်လို ပေါ်လာစေသလဲ။ (ဆာလံ ၁၁၆:၁၂-၁၄)

ကိုယ့်အတွက် ယေဟောဝါ လုပ်ပေးသမျှ စဉ်းစားတဲ့အခါ ကျေးဇူးတင်စိတ်၊ ဆက်ကပ်အပ်နှံချင်စိတ် တဖွားဖွား ပေါ်လာမယ်။ (ဆာလံ ၁၁၆:၁၂-၁၄ ကို ဖတ်ပါ။) ယေဟောဝါဟာ “ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှ” ပေးတဲ့အရှင် ဖြစ်တယ်။ (ယာ. ၁:၁၇) တန်ဖိုး အကြီးမားဆုံး လက်ဆောင်ကတော့ သားတော်ယေရှုရဲ့ ရွေးဖိုးပါ။ ရွေးဖိုးကြောင့်သာ ဘုရားနဲ့ ရင်းနှီးနိုင်တာ။ ဒါ့အပြင် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက်လည်း ဘုရား ပေးထားတယ်။ (၁ ယော. ၄:၉၊ ၁၀၊ ၁၉) ကောင်းချီးအားလုံးနဲ့ ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံးနည်းက ဘုရားဆီ ဆက်ကပ်အပ်နှံတာပါပဲ။ (တရား. ၁၆:၁၇။ ၂ ကော. ၅:၁၅) ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာ ၄၆ အချက် ၄ မှာ ပါတဲ့ ဘုရားသခင်ဆီ လက်ဆောင်တွေ ဆက်သပါ သုံးမိနစ်စာ ဗီဒီယိုမှာ ဒီအကြောင်း ဖော်ပြထားတယ်။

ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်ပြီလား

၉။ ဆက်ကပ်အပ်နှံဖို့ ဘာကြောင့် မလောသင့်သလဲ။

ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သင် ခံစားမိနိုင်တယ်။ ဘုရားစံနှုန်းနဲ့ ကိုက်အောင် အပြောင်းအလဲတွေ လုပ်ဖို့ လိုနေသေးတာ၊ ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်ဖို့ အချိန် လိုနေသေးတာ ဖြစ်နိုင်တယ်။ (ကော. ၂:၆၊ ၇) ကျမ်းစာသင်သား တစ်ယောက်နဲ့ တစ်ယောက် တိုးတက်တဲ့နှုန်း မတူကြဘူး။ လူငယ် တစ်ယောက်နဲ့ တစ်ယောက် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်တဲ့ အသက်အရွယ် မတူကြဘူး။ ကိုယ့်တိုးတက်မှုကို ကိုယ့်ပေတံနဲ့ပဲ တိုင်းပါ။ တခြားသူပေတံနဲ့ မတိုင်းပါနဲ့။—ဂလ. ၆:၄၊ ၅

၁၀။ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ အဆင်သင့် မဖြစ်သေးရင်တောင် ဘာလုပ်နိုင်သလဲ။ (“ သက်သေခံ မိဘလက်အောက်မှာ ကြီးပြင်းလာသူတွေအတွက်” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၀ အဆင်သင့် မဖြစ်သေးရင်တောင် ဆက်ကပ်အပ်နှံဖို့ ပန်းတိုင်တော့ ဆက်ထားနေပါ။ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ (ဖိ. ၂:၁၃။ ၃:၁၆) ဆုတောင်းသံကို ဘုရား ကြားပြီး ကူညီပေးမယ်ဆိုတာ စိတ်ချပါ။—၁ ယော. ၅:၁၄

တချို့ ဘာကြောင့် တွန့်ဆုတ်နေသလဲ

၁၁။ ဆက်သစ္စာရှိဖို့ ယေဟောဝါ ဘယ်လို ကူညီပေးမလဲ။

၁၁ တချို့က ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်ပေမဲ့ တွန့်ဆုတ်နေကြတယ်။ ‘နှစ်ခြင်းခံပြီးမှ ကြီးလေးတဲ့အပြစ် လုပ်မိလို့ နှင်ထုတ်ခံရရင် ဘယ်လို လုပ်မလဲ’ ဆိုပြီး တွေးကြောက်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အသင်းတော်ကနေ နှင်ထုတ်ခံရတယ်ဆိုတာ တော်တော် ရှားပါတယ်။ မိမိလူမျိုး ဆက်သစ္စာရှိဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ “နှစ်သက်လက်ခံမှုကို အပြည့်အဝ ရရှိပြီး [မိမိ] နဲ့ ထိုက်တန်စွာ လျှောက်လှမ်းနိုင်” ဖို့ လိုအပ်သမျှ ပေးတယ်။ (ကော. ၁:၁၀) မှန်ရာ လုပ်နိုင်စွမ်း ပေးတယ်။ ဘုရားအကူအညီကြောင့် မှန်ရာ လုပ်နိုင်သူများစွာကို သင် တွေ့နေတာပဲ။—၁ ကော. ၁၀:၁၃

၁၂။ အမှားလုပ်ချင်စိတ် ကြွလာရင် ဘယ်လို ချိုးနှိမ်နိုင်သလဲ။

၁၂ မစုံလင်သူတွေမို့ အမှားလုပ်ချင်စိတ် ပေါ်လာတတ်တယ်။ (ယာ. ၁:၁၄) ဒါပေမဲ့ အမှားလုပ်ချင်စိတ် ပေါ်လာတဲ့အခါ လုပ်မလုပ် ကိုယ်တိုင် ရွေးနိုင်တယ်။ ဘယ်လို အသက်ရှင်မလဲဆိုတာ ကိုယ်နဲ့ပဲ ဆိုင်တယ်။ အတွေး၊ လုပ်ရပ်တွေကို မထိန်းချုပ်နိုင်ဘူးလို့ တချို့ ပြောကြပေမဲ့ ထိန်းချုပ်နိုင်ပါတယ်။ အမှားလုပ်ချင်စိတ် ကြွလာရင် ချိုးနှိမ်လိုက်နိုင်တယ်။ အဲဒီလို ချိုးနှိမ်နိုင်ဖို့ နေ့တိုင်း ဆုတောင်းပါ။ ကျမ်းစာ မှန်မှန် လေ့လာပါ။ အစည်းအဝေး တက်ပါ။ တခြားသူတွေကို ကိုယ့်ယုံကြည်ချက် ပြောပြပါ။ ဒါဆိုရင် ဆက်ကပ်အပ်နှံခြင်းကတိ တည်နိုင်မယ်။ ကတိ တည်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်။—ဂလ. ၅:၁၆

၁၃။ ယောသပ် ဘာစံနမူနာကောင်း ပြသလဲ။

၁၃ ဘယ်လို တုံ့ပြန်မလဲဆိုတာ သွေးဆောင်မခံရခင်ကတည်းက ဆုံးဖြတ်ထားရင် ဆက်သစ္စာရှိဖို့ လွယ်တယ်။ မစုံလင်ပေမဲ့ ဒီကဏ္ဍမှာ စံနမူနာကောင်း ပြသူများစွာအကြောင်း ကျမ်းစာမှာ ပါတယ်။ ဥပမာ၊ ယောသပ်ဟာ ပေါတိဖာရဲ့ မိန်းမ နေ့စဉ်ရက်ဆက် သွေးဆောင်တာကို ခံရတယ်။ ဒါပေမဲ့ “ဒီလိုကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး” လို့ ပြောပြီး သွေးဆောင်မှုကို “ငြင်းဆန်” တယ်။ (က. ၃၉:၈-၁၀) ဘယ်လို တုံ့ပြန်မလဲဆိုတာ သွေးဆောင်မခံရခင်ကတည်းက ယောသပ် ဆုံးဖြတ်ထားပြီးသားဆိုတာ ရှင်းနေပါတယ်။ ဒါကြောင့်လည်း သွေးဆောင်ခံရချိန်မှာ မှန်ရာ လုပ်ဖို့ လွယ်တာ။

၁၄။ သွေးဆောင်မှုတွေကို ငြင်းပယ်တတ်အောင် ဘယ်လို လုပ်ထားနိုင်သလဲ။

၁၄ ယောသပ်ကို ဘယ်လို အတုယူနိုင်မလဲ။ သွေးဆောင်ခံရရင် ဘယ်လို တုံ့ပြန်မလဲ အခုကတည်းက ဆုံးဖြတ်ထားပါ။ ယေဟောဝါ မုန်းတဲ့အရာတွေကို ချက်ချင်း ငြင်းပယ်တတ်အောင် လုပ်ထားပါ။ စဉ်းတောင် မစဉ်းစားပါနဲ့။ (ဆာ. ၉၇:၁၀။ ၁၁၉:၁၆၅) ဒါဆိုရင် သွေးဆောင်ခံရတဲ့အခါ ဝေခွဲမရ ဖြစ်နေမှာ မဟုတ်တော့ဘူး။ ဘယ်လို တုံ့ပြန်ရမလဲ သိနေမယ်။

၁၅။ ယေဟောဝါကို “ထက်ထက်သန်သန် ရှာဖွေ” ကြောင်း ဘယ်လို ပြနိုင်သလဲ။ (ဟီဘရူး ၁၁:၆)

၁၅ အမှန်တရား ရှာတွေ့ပြီဆိုတာ သိပေမဲ့၊ ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုချင်ပေမဲ့ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ သင် တွန့်ဆုတ်နေနိုင်တယ်။ ဒါဆိုရင် “အို ဘုရားသခင်၊ ကျွန်တော့်ကို အသေအချာ စစ်ဆေးလှည့်ပါ။ ကျွန်တော့်စိတ်ကို သိမြင်လှည့်ပါ။ အသေအချာ ဆန်းစစ်ပြီး ပူပန်သောကတွေကို သိမြင်လှည့်ပါ။ ကျွန်တော့်စိတ်ဟာ အန္တရာယ်လမ်းကို ဦးတည်နေသလားဆိုတာ ကြည့်ရှုပေးပါ။ ကျွန်တော့်ကို ထာဝရလမ်းထဲ ပို့ဆောင်ပေးပါ” လို့ ဘုရင် ဒါဝိဒ်လို ဆုတောင်းနိုင်တယ်။ (ဆာ. ၁၃၉:၂၃၊ ၂၄) “မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို” ဘုရား ဆုချတယ်။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ ပန်းတိုင်ထားကြိုးစားတာဟာ ဘုရားကို ထက်ထက်သန်သန် ရှာဖွေကြောင်း ပြနေတာပဲ။—ဟီဘရူး ၁၁:၆ ကို ဖတ်ပါ။

ယေဟောဝါနဲ့ ရင်းနှီးအောင် ဆက်ကြိုးစားပါ

၁၆-၁၇။ သက်သေခံ မိဘလက်အောက်မှာ ကြီးပြင်းလာသူတွေကို ယေဟောဝါ ဘယ်လို ဆွဲဆောင်သလဲ။ (ယောဟန် ၆:၄၄)

၁၆ ယေဟောဝါ ဆွဲဆောင်ထားလို့ မိမိနောက်လိုက် ဖြစ်လာကြတာဆိုပြီး ယေရှု ပြောတယ်။ (ယောဟန် ၆:၄၄ ကို ဖတ်ပါ။) ဘယ်လောက် အားရှိစရာကောင်းလိုက်သလဲ။ တစ်ယောက်ချင်းစီမှာ ကောင်းကွက် တွေ့လို့ ဘုရား ဆွဲဆောင်တယ်။ တစ်ယောက်ချင်းစီကို ‘တန်ဖိုးထားရသူ’ လို့ မြင်တယ်။ (တရား. ၇:၆) သင့်ကိုလည်း အဲဒီလိုပဲ မြင်တယ်။

၁၇ သင်ဟာ သက်သေခံ မိဘလက်အောက်က လူငယ် ဖြစ်နိုင်တယ်။ ယေဟောဝါ ဆွဲဆောင်လို့ အမှန်တရားထဲ ရောက်လာတာ မဟုတ်ဘဲ မိဘနဲ့ အတွဲလိုက်လေး ပါလာတာလို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့ ကျမ်းစာ ဆိုတယ်။ (ယာ. ၄:၈။ ၁ ရာ. ၂၈:၉) ဆိုလိုတာက ဘုရားနဲ့ ရင်းနှီးအောင် သင့်ဘက်က စကြိုးစားရင် ဘုရားလည်း သင်နဲ့ ရင်းနှီးအောင် လုပ်လိမ့်မယ်။ သင့်ကို ဘယ်သူဘယ်ဝါရဲ့ မိသားစုဝင်လို့ပဲ မမြင်ဘူး။ သက်သေခံ မိဘလက်အောက်မှာ ကြီးပြင်းလာသူ ဖြစ်နေပါစေ ဘယ်သူ့ကိုမဆို တစ်ယောက်ချင်းစီ ဆွဲဆောင်တယ်။ ဒါကြောင့် ဘုရားနဲ့ ရင်းနှီးအောင်သာ စကြိုးစားရင် ယာကုပ် ၄:၈ မှာ ဖော်ပြသလို ဘုရား တုံ့ပြန်ပါလိမ့်မယ်။—၂ သက်သာလောနိတ် ၂:၁၃ နဲ့ နှိုင်းယှဉ်ပါ။

၁၈။ နောက်ဆောင်းပါးမှာ ဘာအကြောင်း လေ့လာမလဲ။ (ဆာလံ ၄၀:၈)

၁၈ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတာဟာ ဘုရား တောင်းဆိုသမျှ လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ဆက်သတဲ့ ယေရှုကို အတုယူနေတာပါပဲ။ (ဆာလံ ၄၀:၈ ကို ဖတ်ပါ။ ဟီ. ၁၀:၇) နှစ်ခြင်းခံပြီးနောက် ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုနိုင်ဖို့ ဘာက ကူညီပေးမလဲဆိုတာ နောက်ဆောင်းပါးမှာ လေ့လာပါမယ်။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါဆီ ဆက်ကပ်အပ်နှံတယ်ဆိုတာ ဘာလဲ။

  • ကျေးဇူးတင်စိတ်က ဆက်ကပ်အပ်နှံဖို့ ဘယ်လို ကူညီပေးသလဲ။

  • ကြီးလေးတဲ့အပြစ် မလုပ်မိဖို့ ဘာက ကူညီပေးမလဲ။

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်