မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၃

သီချင်း ၁၂၇ ဘယ်လိုလူစားမျိုး ဖြစ်သင့်

သင့်ကို ယေဟောဝါ နှစ်သက်မြတ်နိုးသလား

သင့်ကို ယေဟောဝါ နှစ်သက်မြတ်နိုးသလား

“မင်းဟာ ငါ မြတ်နိုးတဲ့ ငါ့ရဲ့ ချစ်သားပဲ။”—လု. ၃:၂၂

အာရုံစိုက်ရာ

ကိုယ့်ကို ယေဟောဝါ နှစ်သက်မြတ်နိုးတယ်ဆိုတာ ဘယ်လို စိတ်ချလာနိုင်မလဲ။

၁။ သစ္စာရှိ ဘုရားကျေးကျွန်တချို့ ဘယ်လို တွေးမိနိုင်သလဲ။

 “ယေဟောဝါက မိမိရဲ့ လူတွေကို နှစ်သက်တယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ဆာ. ၁၄၉:၄) မိမိရဲ့ လူတွေကို အုပ်စုလိုက်အနေနဲ့ ယေဟောဝါ နှစ်သက်မြတ်နိုးကြောင်း သိရတာ စိတ်ချမ်းသာစရာပါပဲ။ ဒါပေမဲ့ ‘တစ်ယောက်ချင်းစီအနေနဲ့ဆိုရင်ကော ငါ့ကို နှစ်သက်မြတ်နိုးရဲ့လား’ လို့ တွေးပြီး တချို့ စိတ်ဓာတ်ကျမိနိုင်တယ်။ ကျမ်းစာမှာ ပါတဲ့ သစ္စာရှိ ဘုရားကျေးကျွန်များစွာ အဲဒီလို တွေးပြီး စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိတယ်။—၁ ရှ. ၁:၆-၁၀။ ယောဘ ၂၉:၂၊ ၄။ ဆာ. ၅၁:၁၁

၂။ ဘယ်သူတွေကို ယေဟောဝါ နှစ်သက်မြတ်နိုးသလဲ။

မစုံလင်သူတွေ ယေဟောဝါရဲ့ နှစ်သက်မှု ရနိုင်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ နှစ်သက်မှု ရဖို့ ဘာလုပ်ရမလဲ။ ယေရှုခရစ်ကို ယုံကြည်သက်ဝင်ပြီး နှစ်ခြင်းခံရမယ်။ (ယော. ၃:၁၆) ဒါက အပြစ်တွေအတွက် နောင်တယူပြီးကြောင်း၊ အလိုတော် ဆောင်ဖို့ ဘုရားကို ကတိပေးပြီးကြောင်း လူအများရှေ့ ဖော်ပြတာပဲ။ (တ. ၂:၃၈။ ၃:၁၉) မိမိနဲ့ ခင်မင်ရင်းနှီးချင်ကြောင်း ဒီနည်းတွေနဲ့ ပြတဲ့အခါ ယေဟောဝါ ဝမ်းသာတယ်။ ဆက်ကပ်အပ်နှံခြင်းကတိ တည်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသရွေ့ နှစ်သက်မြတ်နိုးတယ်။ မိတ်ဆွေလို့ သတ်မှတ်တယ်။—ဆာ. ၂၅:၁၄

၃။ ဘယ်မေးခွန်းတွေ ဆွေးနွေးကြမလဲ။

ဘုရား မနှစ်သက်ဘူးလို့ တချို့ ဘာကြောင့် ခံစားရနိုင်သလဲ။ နှစ်သက်မြတ်နိုးကြောင်း ဘုရား ဘယ်လို ပြသလဲ။ ဘုရားနှစ်သက်မှု ရထားကြောင်း ဘယ်လို စိတ်ချလာနိုင်သလဲ။

ယေဟောဝါ မနှစ်သက်ဘူးလို့ တချို့ ဘာကြောင့် ခံစားရနိုင်သလဲ

၄-၅။ အသုံးမကျဘူး၊ တန်ဖိုး မရှိဘူးလို့ ခံစားနေရရင်တောင် ဘာစိတ်ချနိုင်သလဲ။

အသုံးမကျဘူး၊ တန်ဖိုး မရှိဘူးဆိုတဲ့ ခံစားချက်နဲ့ ကြီးပြင်းလာသူများစွာ ရှိတယ်။ (ဆာ. ၈၈:၁၅) “ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မရှိဘူးလို့ အမြဲ ခံစားရတယ်။ ‘ကျွန်တော်က ပရဒိသု ရောက်ထိုက်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ မိသားစုကိုတော့ ပရဒိသု ရောက်စေချင်တယ်’ ဆိုပြီး ငယ်ငယ်တုန်းက ဆုတောင်းတာ မှတ်မိသေးတယ်” လို့ ညီအစ်ကို အေဒရီယန် ပြောတယ်။ “ချစ်တယ်၊ ဂုဏ်ယူတယ်လို့ မိဘတွေ တစ်ခါမှ မပြောဖူးဘူး။ ကျွန်တော် ဘာလုပ်လုပ် မိဘ အလိုမကျနိုင်ဘူးလို့ ခံစားရတယ်” ဆိုပြီး သက်သေခံ မိသားစုက မဟုတ်တဲ့ ညီအစ်ကို တိုနီ ပြောတယ်။

အသုံးမကျဘူး၊ တန်ဖိုး မရှိဘူးဆိုတဲ့ ခံစားချက် ဝင်လာရင် ယေဟောဝါကိုယ်တိုင် ကိုယ့်ကို ဆွဲဆောင်ထားတာ သတိရပါ။ (ယော. ၆:၄၄) ကိုယ်တိုင် မမြင်တဲ့ ကောင်းကွက်တွေ ဘုရား မြင်တယ်။ ကိုယ် ဘယ်လို လူစားမျိုးလဲ ကိုယ့်ထက် ပိုသိတယ်။ (၁ ရှ. ၁၆:၇။ ၂ ရာ. ၆:၃၀) ဒါကြောင့် ကိုယ့်ကို တန်ဖိုး ရှိပါတယ်လို့ ဘုရား ပြောရင် စိတ်ချလက်ချ ယုံလိုက်ပါ။—၁ ယော. ၃:၁၉၊ ၂၀

၆။ လုပ်ခဲ့မိတဲ့ အပြစ်တွေအတွက် တမန်တော် ပေါလု ဘယ်လို ခံစားရသလဲ။

အမှန်တရား မသိခင်က လုပ်ခဲ့မိတာတွေအတွက် အပြစ်ရှိတယ်လို့ တချို့ တနုံ့နုံ့ ခံစားနေရတုန်းပဲ။ (၁ ပေ. ၄:၃) သစ္စာရှိ ခရစ်ယာန်တချို့လည်း အားနည်းချက်တွေ တိုက်လှန်နေရတုန်းပဲ။ သင့်အဖြစ်ကော အဲဒီလိုပဲလား။ ယေဟောဝါ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးလို့ ခံစားရသလား။ တခြားသစ္စာရှိ ဘုရားကျေးကျွန်တွေလည်း အဲဒီလို ခံစားကြရတယ်။ ဥပမာ၊ မိမိအပြစ်တွေ စဉ်းစားမိတဲ့အခါ အဖြစ်ဆိုးလိုက်တာလို့ တမန်တော် ပေါလု ခံစားရတယ်။ (ရော. ၇:၂၄) တကယ်ဆိုရင် အပြစ်တွေအတွက် နောင်တယူပြီးပြီ။ နှစ်ခြင်းခံပြီးပြီ။ ဒါပေမဲ့ “တမန်တော်တွေထဲမှာ အရေးမပါဆုံးသူ၊” ‘အပြစ်ရှိသူတွေထဲမှာ အပြစ်အများဆုံးသူ’ လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်။—၁ ကော. ၁၅:၉။ ၁ တိ. ၁:၁၅

၇။ လုပ်ခဲ့မိတဲ့ အပြစ်တွေနဲ့ပတ်သက်ပြီး ဘာစိတ်ချသင့်သလဲ။

နောင်တရရင် ခွင့်လွှတ်မယ်လို့ ကောင်းကင်ဘုံစံအဖ ကတိပေးထားတယ်။ (ဆာ. ၈၆:၅) ဒါကြောင့် လုပ်ခဲ့မိတဲ့ အပြစ်တွေအတွက် တကယ် နောင်တရရင် ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ စိတ်ချပါ။ ခွင့်လွှတ်မယ်လို့ ပြောထားတာပဲ။—ကော. ၂:၁၃

၈-၉။ ဘုရားနှစ်သက်မှု ရလောက်အောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူးလို့ ခံစားနေရရင် ဘာလုပ်နိုင်သလဲ။

ယေဟောဝါအတွက် ကျွန်တော်တို့အားလုံး အတတ်နိုင်ဆုံး အမှုဆောင်ချင်ကြတယ်။ ဒါပေမဲ့ ဘုရားနှစ်သက်မှု ရလောက်အောင် ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်တာ မရှိဘူးလို့ တချို့ ခံစားရနိုင်တယ်။ “ယေဟောဝါကို လက်ရှိထက် အမြဲ တိုးတိုးပြီး ပေးနေမှ အကောင်းဆုံး ပေးရာရောက်မယ်လို့ ကျွန်မ တွေးမိတယ်။ ဒါကြောင့် တတ်နိုင်တာထက် ပိုပေးဆက်ဖို့ ကြိုးစားတယ်။ မှန်းထားသလောက် မပေးဆက်နိုင်တဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်သလို ယေဟောဝါလည်း စိတ်ပျက်နေမှာပဲ” လို့ ညီအစ်မ အမန်ဒါ ပြောတယ်။

ဘုရားနှစ်သက်မှု ရလောက်အောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူးလို့ ခံစားနေရရင် ဘာလုပ်နိုင်သလဲ။ ယေဟောဝါ အကျိုးသင့်အကြောင်းသင့် ရှိတယ်ဆိုတာ သတိရပါ။ ကျွန်တော်တို့ တတ်နိုင်တာထက် ဘယ်တော့မှ ပိုမတောင်းဆိုဘူး။ အတတ်နိုင်ဆုံး ပေးဆက်နေသရွေ့ ပေးသလောက်ကို တန်ဖိုးထားတယ်။ ယေဟောဝါအတွက် စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်ခဲ့တဲ့ ကျမ်းစာစံနမူနာရှင်တွေအကြောင်းလည်း စဉ်းစားကြည့်ပါ။ ဥပမာ၊ ပေါလုဟာ နှစ်ပေါင်းများစွာ အားသွန်ခွန်စိုက် အမှုဆောင်တယ်။ မိုင်ထောင်ချီ ခရီးသွားတယ်။ အသင်းတော် အများကြီး တည်ထောင်တယ်။ ဒါပေမဲ့ အခြေအနေ ပြောင်းသွားလို့ အရင်ကလောက် မဟောပြောနိုင်ချိန်မှာ ဘုရားနှစ်သက်မှု ဆုံးရှုံးသွားသလား။ မဆုံးရှုံးဘူး။ တတ်နိုင်တာ ပေါလု ဆက်လုပ်တယ်။ ယေဟောဝါ ကောင်းချီးပေးတယ်။ (တ. ၂၈:၃၀၊ ၃၁) ကျွန်တော်တို့လည်း ပေးဆက်နိုင်တာတွေ ပြောင်းသွားနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါအတွက် အရေးကြီးတာ ကျွန်တော်တို့ရဲ့ စိတ်ရင်းပါ။ ကျွန်တော်တို့ကို နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ ပြတဲ့ နည်းတချို့ သုံးသပ်ကြည့်ရအောင်။

နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ

၁၀။ ကျွန်တော်တို့ကို နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ ပြောတာ ဘယ်လို “ကြား” နိုင်သလဲ။ (ယောဟန် ၁၆:၂၇)

၁၀ ကျမ်းစာကတစ်ဆင့် ပြတယ်။ နှစ်သက်မြတ်နိုးရသူတွေကို နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ ပြတယ်။ ယေရှုဟာ မိမိ မြတ်နိုးတဲ့ ချစ်သား ဖြစ်ကြောင်း ယေဟောဝါ နှစ်ကြိမ် ပြောတာကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ (မ. ၃:၁၇။ ၁၇:၅) သင်ကော ကိုယ့်ကို နှစ်သက်မြတ်နိုးတယ်လို့ ယေဟောဝါ ပြောတာ ကြားချင်ပါသလား။ ကောင်းကင်ကနေ လှမ်းမပြောပေမဲ့ ကျမ်းစာကတစ်ဆင့် ပြောတယ်။ ခရစ်ဝင်ကျမ်းတွေမှာ ပါတဲ့ ယေရှုစကားတွေ ဖတ်တဲ့အခါ ယေဟောဝါအသံ “ကြား” ရသလိုပါပဲ။ (ယောဟန် ၁၆:၂၇ ကို ဖတ်ပါ။) ဖခင်ကို ယေရှု အပြည့်အဝ အတုယူတယ်။ ဒါကြောင့် မစုံလင်ကြပေမဲ့ သစ္စာရှိတဲ့ နောက်လိုက်တွေကို ချစ်မြတ်နိုးကြောင်း ယေရှု ပြောတာ ဖတ်ရတဲ့အခါ ကိုယ့်ကို ယေဟောဝါ ပြောနေတယ်လို့ ကြားယောင်နိုင်တယ်။—ယော. ၁၅:၉၊ ၁၅

ကျွန်တော်တို့ကို နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ နည်းအမျိုးမျိုးနဲ့ ပြ (စာပိုဒ် ၁၀ ကို ကြည့်ပါ)


၁၁။ ဒုက္ခကြုံရတာဟာ ဘုရားနှစ်သက်မှု ဆုံးရှုံးတာ ဘာကြောင့် မဟုတ်သလဲ။ (ယာကုပ် ၁:၁၂)

၁၁ လုပ်ရပ်နဲ့ ပြတယ်။ ကျွန်တော်တို့ကို ယေဟောဝါ သိပ်ကူညီပေးချင်တယ်။ လိုအပ်တာ ဖြည့်ဆည်းပေးချင်တယ်။ တစ်ခါတလေတော့ ဖြောင့်မတ်သူ ယောဘအဖြစ်မှာလို ဒုက္ခကြုံဖို့ ခွင့်ပြုနိုင်တယ်။ (ယောဘ ၁:၈-၁၁) ဒုက္ခကြုံရတာဟာ ဘုရားနှစ်သက်မှု ဆုံးရှုံးတာ မဟုတ်ဘူး။ ဘုရားကို ချစ်တယ်၊ ကိုးစားတယ်ဆိုတာ ပြဖို့၊ ကိုယ့်ကို ဘုရား ချစ်တယ်၊ ကြံ့ကြံ့ခံရပ်ဖို့ ကူညီပေးတယ်ဆိုတာ မြင်ဖို့ အခွင့်အရေးတောင် ရသေးတယ်။—ယာကုပ် ၁:၁၂ ကို ဖတ်ပါ။

၁၂။ ဒီမီထရီရဲ့ တွေ့ကြုံမှုကနေ ဘာသိရသလဲ။

၁၂ အာရှမှာ နေတဲ့ ညီအစ်ကို ဒီမီထရီအကြောင်း စဉ်းစားကြည့်ပါ။ ဒီမီထရီ အလုပ်ပြုတ်သွားတယ်။ တော်တော်နဲ့ အလုပ် မရဘူး။ ဒါပေမဲ့ ယေဟောဝါကို ကိုးစားကြောင်း ပြတဲ့အနေနဲ့ အမှုဆောင်မှာ တိုးပြီး ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အချိန်တွေသာ ကြာသွားတယ်။ အလုပ် မရသေးဘူး။ နောက်တော့ အကြီးအကျယ် နေမကောင်း ဖြစ်လို့ အိပ်ရာထဲပါ လဲသွားတယ်။ ခင်ပွန်းကောင်း၊ ဖခင်ကောင်း မပီသဘူးလို့ ခံစားလာရတယ်။ ဘုရားနှစ်သက်မှု ဆုံးရှုံးသွားလို့ များလားဆိုပြီး သံသယ ဝင်လာတယ်။ တစ်ညနေတော့ ဟေရှာယ ၃၀:၁၅ မှာ ပါတဲ့ ကျမ်းစကားတွေကို သမီးလေး ပရင့်ထုတ်လာတယ်။ “တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်” တဲ့။ “ဖေဖေ၊ စိတ်မကောင်းဖြစ်တဲ့ အချိန်တွေမှာ ဒီကျမ်းပိုဒ် သတိရနော်” လို့ ပြောပြီး အိပ်ရာဘေးမှာ ထားသွားတယ်။ စဉ်းစားကြည့်လိုက်တော့ မိသားစုမှာ စားစရာ၊ ဝတ်စရာ၊ နေစရာ ရှိနေတာ ဘုရားကျေးဇူးကြောင့်ပဲဆိုတာ ဒီမီထရီ သဘောပေါက်သွားတယ်။ “တည်ငြိမ်နေဖို့၊ ဘုရားကို ဆက်ကိုးစားဖို့ပဲ လိုတာ” လို့ ပြောတယ်။ သင်လည်း ဒုက္ခကြုံနေရတယ်ဆိုရင် ယေဟောဝါ ဂရုစိုက်တယ်၊ ကြံ့ကြံ့ခံရပ်ဖို့ ကူညီပေးမယ်ဆိုတာ စိတ်ချပါ။

ကျွန်တော်တို့ကို နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ နည်းအမျိုးမျိုးနဲ့ ပြ (စာပိုဒ် ၁၂ ကို ကြည့်ပါ) a


၁၃။ ကျွန်တော်တို့ကို နှစ်သက်မြတ်နိုးကြောင်း ပြဖို့ ဘယ်သူတွေကို ယေဟောဝါ သုံးနိုင်သလဲ။ ဘယ်လိုနည်းနဲ့လဲ။

၁၃ ယုံကြည်သူတွေကတစ်ဆင့် ပြတယ်။ ကျွန်တော်တို့ကို နှစ်သက်မြတ်နိုးကြောင်း ပြဖို့ ညီအစ်ကို/မတွေကို ယေဟောဝါ သုံးတယ်။ ဥပမာ၊ လိုအပ်ချိန် ကွက်တိမှာ အားပေးစကား ပြောဖို့ သူတို့ကို လှုံ့ဆော်ပေးနိုင်တယ်။ အာရှမှာ နေတဲ့ ညီအစ်မတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ ညီအစ်မ တအား စိတ်ဖိစီးနေတယ်။ အလုပ်က ပြုတ်၊ ကျန်းမာရေးက မကောင်းနဲ့။ ဒီကြားထဲ ခင်ပွန်းဖြစ်သူ ကြီးလေးတဲ့အပြစ် ကျူးလွန်လို့ အကြီးအကဲတာဝန် နားလိုက်ရတယ်။ “ဘာကြောင့် ဒါတွေ ကြုံရသလဲ စဉ်းစားလို့ကို မရဘူး။ ကျွန်မ အမှားတစ်ခုခု လုပ်ခဲ့မိလို့ ဘုရားနှစ်သက်မှု ဆုံးရှုံးသွားတာများလား” လို့ ပြောတယ်။ ဒါနဲ့ ယေဟောဝါ ချစ်ရင် ချစ်တယ်ဆိုတာ ပြပေးပါလို့ ဆုတောင်းလိုက်တယ်။ ယေဟောဝါ ဘယ်လို ပြသလဲ။ “ကျွန်မကို ယေဟောဝါ ချစ်နေတုန်းပဲဆိုတာ နားလည်လာအောင် အကြီးအကဲတွေ ကူညီပေးကြတယ်” လို့ ပြောတယ်။ နောက်ပိုင်း၊ နည်းနည်း ကြာတော့ ထပ်ဆုတောင်းပြန်တယ်။ “အဲဒီနေ့မှာပဲ အသင်းတော်က ညီအစ်ကို/မတစ်စုဆီကနေ စာတစ်စောင် ရတယ်။ စာထဲမှာ ပါတဲ့ အားပေးစကားတွေ ဖတ်လိုက်ရတော့ ကျွန်မဆုတောင်းချက်ကို ယေဟောဝါ ကြားတယ်ဆိုတာ သေချာသွားတယ်” လို့ ပြောတယ်။ မှန်ပါတယ်၊ ကြင်နာမှု ရှိတဲ့ စကားတွေ ပြောဖို့ တခြားသူတွေကို လှုံ့ဆော်ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ ပြတယ်။—ဆာ. ၁၀:၁၇

ကျွန်တော်တို့ကို နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ နည်းအမျိုးမျိုးနဲ့ ပြ (စာပိုဒ် ၁၃ ကို ကြည့်ပါ) b


၁၄။ ကျွန်တော်တို့ကို နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ ပြတဲ့ နောက်တစ်နည်းက ဘာလဲ။

၁၄ လိုအပ်ချိန်မှာ အကြံပေးဆုံးမဖို့ ညီအစ်ကို/မတွေကို သုံးခြင်းအားဖြင့်လည်း ကျွန်တော်တို့ကို နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ ပြတယ်။ ဥပမာ၊ ပထမရာစု ခရစ်ယာန်တွေဆီ စာ ၁၄ စောင် ရေးဖို့ တမန်တော် ပေါလုကို စွမ်းအားတော်နဲ့ လမ်းညွှန်တယ်။ စာမှာ ပါတဲ့ အကြံပေးဆုံးမစကားတွေဟာ တဲ့တိုးကျပေမဲ့ မေတ္တာပါတယ်။ အဲဒီလို အကြံပေးဆုံးမဖို့ ယေဟောဝါ ဘာကြောင့် လမ်းညွှန်သလဲ။ “ချစ်ရတဲ့” သားသမီးတွေကို ဆုံးမပဲ့ပြင်တဲ့ ဖခင်ကောင်း ဖြစ်လို့ပါ။ (ပညာ. ၃:၁၁၊ ၁၂) ဒါကြောင့် ကျမ်းစာကို အခြေခံပြီး အကြံပေးဆုံးမခံရတာဟာ ဘုရားနှစ်သက်မှု ဆုံးရှုံးတဲ့ အထောက်အထား မဟုတ်ဘဲ နှစ်သက်မှု ရတဲ့ အထောက်အထား ဖြစ်တယ်။ (ဟီ. ၁၂:၆) နောက်ထပ် ဘာအထောက်အထားတွေ ရှိသေးသလဲ။

ယေဟောဝါ နှစ်သက်မြတ်နိုးကြောင်း နောက်ထပ် အထောက်အထားများ

၁၅။ ဘယ်သူတွေကို သန့်ရှင်းသော စွမ်းအားတော် ယေဟောဝါ ပေးသလဲ။ ဒါက ကျွန်တော်တို့ကို ဘာကြောင့် ယုံကြည်စိတ်ချမှု ရှိစေသလဲ။

၁၅ ချစ်မြတ်နိုးရသူတွေကို သန့်ရှင်းသော စွမ်းအားတော် ယေဟောဝါ ပေးတယ်။ (မ. ၁၂:၁၈) ‘စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ငါ ပြနိုင်ပြီလား’ လို့ စဉ်းစားကြည့်ပါ။ အမှန်တရား မသိခင်ကထက် စိတ်ရှည်တတ်နေပြီလား။ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ပြနိုင်လေ ဘုရားနှစ်သက်မှု ရနေတယ်ဆိုတာ စိတ်ချနိုင်လေပဲ။—“ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” လေးထောင့်ကွက်ကို ကြည့်ပါ။

ယေဟောဝါ နှစ်သက်မြတ်နိုးကြောင်း အထောက်အထားတွေ ဘယ်လို တွေ့နိုင်သလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


၁၆။ သတင်းကောင်း ဟောဖို့ ဘယ်သူတွေကို ယေဟောဝါ သုံးသလဲ။ သင် ဘယ်လို ခံစားရသလဲ။ (၁ သက်သာလောနိတ် ၂:၄)

၁၆ ချစ်မြတ်နိုးရသူတွေကို သတင်းကောင်း ဟောပြောတဲ့ တာဝန် ယေဟောဝါ ပေးတယ်။ (၁ သက်သာလောနိတ် ၂:၄ ကို ဖတ်ပါ။) သတင်းကောင်း ဟောခြင်းရဲ့ အကျိုးကို ညီအစ်မ ဂျစလင်း ခံစားရတယ်။ တစ်ရက်၊ ဂျစလင်း အိပ်ရာနိုးလာတော့ တော်တော်လေး စိတ်ဓာတ်ကျနေတယ်။ “ဘယ်နေရာမှ အသုံးမဝင်သူလို့ ခံစားရတယ်။ ဒါပေမဲ့ အဲဒီတုန်းက ရှေ့ဆောင် လုပ်နေတာ။ အမှုဆောင် ထွက်မယ့်ရက်ဆိုတော့ ဆုတောင်းပြီး အမှုဆောင် သွားလိုက်တယ်” လို့ ပြောတယ်။ အဲဒီမနက်မှာ မေရီလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံတယ်။ မေရီ ကျမ်းစာလေ့လာမှု လက်ခံတယ်။ ဂျစလင်း တံခါးလာခေါက်ချိန်ဟာ အကူအညီ ရဖို့ ဘုရားဆီ ဆုတောင်းနေချိန် ဖြစ်ကြောင်း လအတော်ကြာမှာ မေရီ ပြောပြတယ်။ “‘သမီးဟာ ငါ မြတ်နိုးတဲ့ ငါ့ချစ်သမီးပဲ’ ဆိုပြီး ကျွန်မကို ယေဟောဝါ ပြောလိုက်သလိုပဲ” လို့ ဂျစလင်း ပြောတယ်။ ကျွန်တော်တို့ ဟောတဲ့အခါ လူတိုင်း လက်ခံတုံ့ပြန်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားဟောပြောတဲ့အခါ ယေဟောဝါ ဝမ်းသာတယ်ဆိုတာ စိတ်ချပါ။

ယေဟောဝါ နှစ်သက်မြတ်နိုးကြောင်း အထောက်အထားတွေ ဘယ်လို တွေ့နိုင်သလဲ (စာပိုဒ် ၁၆ ကို ကြည့်ပါ) c


၁၇။ ရွေးဖိုးနဲ့ပတ်သက်ပြီး ဗစ်ကီရဲ့ စကားကနေ ဘာသင်ယူရသလဲ။ (ဆာလံ ၅:၁၂)

၁၇ ချစ်မြတ်နိုးရသူတွေအတွက် ရွေးဖိုးတန်ဖိုးကို ယေဟောဝါ သုံးတယ်။ (၁ တိ. ၂:၅၊ ၆) ဒါပေမဲ့ ရွေးဖိုးကို ယုံကြည်သက်ဝင်ပြီး နှစ်ခြင်းခံပြီးတာတောင် ကိုယ့်ကို ယေဟောဝါ နှစ်သက်မြတ်နိုးတယ်ဆိုတာ လက်ခံရ ခက်နေရင်ကော။ ကိုယ့်ခံစားချက်ကို အမြဲ ယုံလို့ မရကြောင်း၊ ယေဟောဝါကိုတော့ အမြဲ ယုံနိုင်ကြောင်း သတိရပါ။ ရွေးဖိုး ယုံကြည်သက်ဝင်သူတွေကို ဖြောင့်မတ်တယ်လို့ ယေဟောဝါ သတ်မှတ်တယ်။ ကောင်းချီးပေးမယ်လို့ ကတိပေးတယ်။ (ဆာလံ ၅:၁၂ ကို ဖတ်ပါ။ ရော. ၃:၂၆) ရွေးဖိုးအကြောင်း စဉ်းစားလို့ ညီအစ်မ ဗစ်ကီ အကျိုးရခဲ့တယ်။ တစ်ရက်၊ ရွေးဖိုးအကြောင်း ဗစ်ကီ လေးလေးနက်နက် စဉ်းစားဖြစ်တယ်။ “ကျွန်မအပေါ် ယေဟောဝါ တော်တော် စိတ်ရှည်တယ်။ . . . ဒါပေမဲ့ ကျွန်မလုပ်ရပ်က ‘ဘုရားရဲ့ မေတ္တာဟာ အဲဒီလောက် မကြီးမားပါဘူး။ ကျွန်မအပြစ်တွေကို ဖုံးအုပ်ဖို့ သားတော်ရဲ့ ပူဇော်သက္ကာနဲ့ မလောက်ဘူး’ လို့ ပြောနေခဲ့သလိုပဲ” လို့ ပြောတယ်။ ရွေးဖိုး လက်ဆောင်အကြောင်း စဉ်းစားလိုက်တော့ ယေဟောဝါ ချစ်တယ်ဆိုတာ ဗစ်ကီ ခံစားလာရတယ်။ ကျွန်တော်တို့လည်း ရွေးဖိုးအကြောင်း စဉ်းစားရင် ယေဟောဝါ နှစ်သက်မြတ်နိုးတယ်ဆိုတာ ခံစားလာရမယ်။

ယေဟောဝါ နှစ်သက်မြတ်နိုးကြောင်း အထောက်အထားတွေ ဘယ်လို တွေ့နိုင်သလဲ (စာပိုဒ် ၁၇ ကို ကြည့်ပါ)


၁၈။ ယေဟောဝါကို ချစ်မြဲ ချစ်ရင် ဘာစိတ်ချနိုင်သလဲ။

၁၈ ဆောင်းပါးမှာ ပါတဲ့ အကြံပြုချက်တွေ စမ်းကြည့်ပေမဲ့ စိတ်ဓာတ်ကျချိန်၊ ဘုရားနှစ်သက်မှု ဆုံးရှုံးသွားပြီလို့ ခံစားရချိန် တစ်ခါတလေ ရှိနိုင်တယ်။ “မိမိကို ချစ်မြဲ ချစ်နေသူတွေကို” ယေဟောဝါ နှစ်သက်မြတ်နိုးတယ်ဆိုတာ သတိရပါ။ (ယာ. ၁:၁၂) ယေဟောဝါနဲ့ ရင်းနှီးအောင် ဆက်ကြိုးစားပါ။ နှစ်သက်မြတ်နိုးကြောင်း ဘုရား ပြနေတဲ့ နည်းတွေကို မြင်အောင် ကြည့်ပါ။ ယေဟောဝါဟာ “ကျွန်တော်တို့တစ်ယောက်နဲ့မှ မဝေး” ကြောင်း အမြဲ သတိရပါ။—တ. ၁၇:၂၇

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါ မနှစ်သက်ဘူးလို့ တချို့ ဘာကြောင့် ခံစားရနိုင်သလဲ။

  • နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ ပြတဲ့ နည်းတချို့က ဘာတွေလဲ။

  • ဘုရားနှစ်သက်မှု ရထားကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။

သီချင်း ၈၈ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ

a ပုံအညွှန်း– ပြန်လည်သရုပ်ဖော်ပုံ

b ပုံအညွှန်း– ပြန်လည်သရုပ်ဖော်ပုံ

c ပုံအညွှန်း– ပြန်လည်သရုပ်ဖော်ပုံ