မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယေဟောဝါကို ဝမ်းမြောက်စွာ ဝတ်ပြု” ဖို့ “တိုင်းတစ်ပါးသားတွေကို” ကူညီပေးခြင်း

“ယေဟောဝါကို ဝမ်းမြောက်စွာ ဝတ်ပြု” ဖို့ “တိုင်းတစ်ပါးသားတွေကို” ကူညီပေးခြင်း

“ယေဟောဝါက တိုင်းတစ်ပါး​သားတွေ​ကို ကာကွယ်​တယ်။”— ဆာ. ၁၄၆:၉

သီချင်း– ၈၄၊ ၇၃

၁၊ ၂။ (က) ညီအစ်ကို/မတ​ချို့ ဘာ​အခက်အခဲ​တွေ ကြုံတွေ့​နေရ​သလဲ။ (ခ) ဘယ်​မေးခွန်းတွေ ပေါ်​လာ​သလဲ။

“ဘူရွန်ဒီ​မှာ ပြည်တွင်းစစ် စ​ဖြစ်​တဲ့အခါ ကျွန်တော်တို့ မိသားစု တိုက်နယ်​အစည်းအဝေး တက်​နေတယ်။ လူတွေ ပြေးလွှား​နေတာ၊ ပစ်ခတ်​နေတာ​တွေ မြင်​နေရတယ်။ မိဘ​နဲ့ ကျွန်တော်​တို့​မောင်နှမ ၁၁ ယောက်​ဟာ အသက်ဘေး​လွတ်ဖို့ အဝတ်​တစ်ထည်​ကိုယ်​တစ်ခုနဲ့ ထွက်ပြေး​ခဲ့ကြတယ်။ မိသားစုဝင်​တချို့က မိုင် ၁,၀၀၀ (ကီလိုမီတာ ၁,၆​၀၀) ကျော် ဝေးတဲ့ မာ​လာ​ဝီ​နိုင်ငံ​က ဒုက္ခသည်​စခန်း​ကို ရောက်​သွားတယ်။ ကျန်​တဲ့သူ​တွေကတော့ တကွဲ​တ​ပြား ဖြစ်​ကုန်​တယ်” လို့ ညီအစ်ကို လီ​ဂျာ ပြောပြတယ်။

ကမ္ဘာ​တစ်ဝန်း​မှာ စစ်၊ နှိပ်စက်​ညှဉ်းပန်း​မှုကြောင့် အိုးအိမ် စွန့်​တဲ့ ဒုက္ခသည် ၆၅ သန်း​ကျော် ရှိတယ်။ ဒါ အများဆုံး မှတ်တမ်း​ပဲ။ * ဒီ​ထဲမှာ ယေဟောဝါသက်သေ​တွေ ထောင်နဲ့​ချီ​ရှိတယ်။ အများစုဟာ ချစ်ရသူ​တွေနဲ့ ပိုင်ဆိုင်ရာ​အားလုံးနီးပါး ဆုံးၡုံး​ခဲ့ရတယ်။ တခြား​ဘာ​အခက်အခဲ​တွေ ကြုံ​ကြ​သေး​သလဲ။ အခက်အခဲ​ကြားမှာ “ယေဟောဝါကို ဝမ်းမြောက်​စွာ ဝတ်ပြု” ဖို့ ညီအစ်ကို/မတွေကို ဘယ်လို ကူညီပေး​နိုင်သလဲ။ (ဆာ. ၁၀၀:၂) ယေဟောဝါကို မသိ​သေး​တဲ့ ဒုက္ခသည်​တွေကို ဘယ်လိုနည်းနဲ့ ထိထိရောက်ရောက် သတင်းကောင်း ဟောပြော​နိုင်မလဲ။

ဒုက္ခသည်​ဘဝ

၃။ ယေရှုနဲ့ တပည့်များ​စွာ ဘာကြောင့် ဒုက္ခသည်​တွေ ဖြစ်သွား​ကြ​သလဲ။

ဘုရင်​ဟေရုဒ်​က ယေရှုကို သတ်ချင်​နေ​ကြောင်း ယောသပ်​ကို ယေဟောဝါရဲ့ ကောင်းကင်တမန် သတိပေး​ပြီးနောက်​မှာ ယေရှုနဲ့ မိဘတွေ အီဂျစ်ပြည်​မှာ ဒုက္ခသည်​အဖြစ် နေခဲ့ရ​တယ်။ ဟေရုဒ် ကွယ်လွန်​တဲ့အထိ အဲဒီမှာ နေခဲ့​တယ်။ (မ. ၂:၁၃၊ ၁၄၊ ၁၉-၂၁) ဆယ်စုနှစ်​တွေ ကြာပြီး​နောက် ယေရှုရဲ့ အစောပိုင်း​တပည့်​တွေဟာ နှိပ်စက်​ညှဉ်းပန်း​မှုကြောင့် “ယုဒပြည်၊ ရှမာရိ​ပြည်​အနှံ့ ကွဲလွင့်​သွား” ကြ​တယ်။ (တ. ၈:၁) နောက်လိုက်များ​စွာ အိမ်​က​နေ မဖြစ်​မနေ ထွက်ပြေး​ရမယ်လို့ ယေရှု ကြိုမြင်​ခဲ့တယ်။ “ဒီ​မြို့မှာ ညှဉ်းဆဲ​ရင် နောက်​တစ်မြို့​ကို ထွက်ပြေး​ပါ” လို့ပြောခဲ့တယ်။ (မ. ၁၀:၂၃) ဘာကြောင့်​ပဲ ပြေး​ပြေး မလွယ်​ပါဘူး။

၄၊ ၅။ (က) ဒုက္ခသည်​တွေ ထွက်ပြေး​တဲ့အခါ ဘာ​အန္တရာယ်​တွေ ရှိ​သလဲ။ (ခ) ဒုက္ခသည်​စခန်း​မှာ နေထိုင်​တဲ့အခါ ဘာ​အန္တရာယ်​တွေ ရှိ​သလဲ။

ဒုက္ခသည်​တွေ ထွက်ပြေး​တဲ့အခါ၊ ဒုက္ခသည်​စခန်း​မှာ နေထိုင်​တဲ့အခါ အန္တရာယ်​တွေ ကြုံတွေ့​ရနိုင်​တယ်။ “လူသေ​အလောင်း​ရာနဲ့ချီ​ကို ဖြတ်ကျော်​ပြီး သီတင်းပတ်​နဲ့​ချီ လမ်းလျှောက်​ခဲ့ရတယ်။ ကျွန်တော် ၁၂ နှစ်ပဲ ရှိသေးတယ်။ ခြေထောက်​တွေ ရောင်ကိုင်း​လာ​လို့ ကျွန်တော့်ကို ထားခဲ့​ဖို့ ပြောတယ်။ အဖေ​က သူပုန်​တွေ​ကြားမှာ ကျွန်တော့်ကို မထား​ခဲ့​ဘဲ ပိုး​သွားတယ်။ တစ်ရက်​ပြီး တစ်ရက် ကျော်ဖြတ်​ခဲ့တယ်။ ယေဟော​ဝါကို အားကိုး​ပြီး ဆုတောင်း​တယ်။ တစ်ခါတလေ လမ်းတစ်လျှောက်​မှာ ပေါက်​နေတဲ့ သ​ရက်​သီး​တွေပဲ စား​ရတယ်” လို့ လီ​ဂျာ​ရဲ့ ညီ ဂတ် ပြောတယ်။—ဖိ. ၄:၁၂၊ ၁၃

လီ​ဂျာ​ရဲ့ မိသားစုဝင်​အများစုဟာ ကုလသမဂ္ဂ ဒုက္ခသည်​စခန်း​တွေမှာ နှစ်ပေါင်း​များစွာ နေထိုင်ခဲ့ရတယ်။ အဲဒီ​မှာ​လည်း မ​လုံခြုံ​ဘူး။ အခု တိုက်နယ်ကြီးကြပ်မှူး ဖြစ်နေ​တဲ့ လီဂျာ​က ပြောတယ်– “လူအများ​စု​မှာ အလုပ်​မရှိဘူး။ အတင်း​ပြောတယ်။ သောက်​စား​တယ်။ လောင်းကစား လုပ်တယ်။ ခိုး​တယ်။ အကျင့်ပျက်​ကြ​တယ်။” မကောင်းတဲ့ ဩဇာ​တွေကို တွန်းလှန်​ဖို့ စခန်း​မှာ နေတဲ့ သက်သေခံ​တွေ​က အသင်း​တော် လုပ်ငန်းဆောင်တာ​တွေမှာ အပြည့်အဝ ပါဝင်​နေဖို့ လိုတယ်။ (ဟီ. ၆:၁၁၊ ၁၂။ ၁၀:၂၄၊ ၂၅) ဘုရား​နဲ့​ဆက်ဆံရေး ကောင်း​နေဖို့ အချိန်ကို အကျိုးရှိရှိ သုံး​ကြ​တယ်။ ရှေ့ဆောင် လုပ်ကြတယ်။ တောကန္တာရ​မှာ အစ္စရေးတွေ ခရီးကြမ်းနှင်​တဲ့​အချိန် ကုန်ဆုံး​သလို ဒုက္ခသည်​စခန်း​မှာ နေရ​တဲ့​အချိန်တွေ​လည်း ကုန်ဆုံး​သွားမယ်​ဆိုတဲ့ အကောင်းမြင် သဘောထားကို ထိန်းသိမ်း​ခဲ့ကြတယ်။— ၂ ကော. ၄:၁၈

ဒုက္ခသည်​များ​ကို မေတ္တာပြ​ခြင်း

၆၊ ၇။ (က) “ဘုရားသခင်ကို ချစ်တဲ့” မေတ္တာ​က လိုအပ်​နေတဲ့ ညီအစ်​ကိုတွေ​ကို ကူညီဖို့ ဘယ်လို လှုံ့ဆော်ပေး​သလဲ။ (ခ) ဥပမာတစ်ခု​ ပြောပြပါ။

“ဘုရားသခင်ကို ချစ်တဲ့” မေတ္တာ​က အချင်းချင်း ချစ်ဖို့၊​ အထူးသဖြင့် အခက်အခဲ​တွေ ကြုံ​တဲ့အခါ မေတ္တာပြ​ဖို့ လှုံ့ဆော်​ပေး​တယ်။ (၁ ယောဟန် ၃:၁၇၊ ၁၈ ကိုဖတ်ပါ။) ပထမရာစု​မှာ ယုဒပြည်​က ခရစ်ယာန်တွေ အငတ်ဘေး ကြုံ​တဲ့အခါ ကူညီပေးဖို့ အသင်းတော်​က စီစဉ်​ခဲ့တယ်။ (တ. ၁၁:၂၈၊ ၂၉) အချင်းချင်း ဧည့်ဝတ်ပြု​ဖို့ ခရစ်ယာန်တွေကို တမန်တော်ပေါလု​နဲ့ ပေတရုတို့ တိုက်တွန်း​ခဲ့တယ်။ (ရော. ၁၂:၁၃။ ၁ ပေ. ၄:၉) အလည်​လာတဲ့ ညီအစ်ကိုတွေ​ကို​တောင် လက်ခံ​ကြိုဆို​ရမယ်​ဆိုရင် အသက်အန္တရာယ် ကြုံနေ​ရတဲ့၊ ယုံကြည်​ခြင်း​ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံရတဲ့ ခရစ်ယာန်ချင်း​တွေကို ပိုပြီး​ကြိုဆို​သင့်ပါတယ်။ပညာအလိမ္မာ ၃:၂၇ ကိုဖတ်ပါ။ *

မကြာသေးခင်က ယောက်ျား၊ မိန်းမ၊ ကလေး အပါအဝင် ယေဟောဝါသက်သေ ထောင်နဲ့​ချီ​ဟာ ယူကရိန်း​အရှေ့ပိုင်း​မှာ ဖြစ်ပွားတဲ့ ပဋိပက္ခ၊ နှိပ်စက်​ညှဉ်းပန်း​မှုကြောင့် ထွက်ပြေး​ခဲ့ရတယ်။ ဝမ်းနည်းစရာ​က တချို့ အသတ်ခံရ​တယ်။ ဒါပေမဲ့ အများစုကို ယူကရိန်း​နိုင်ငံ တခြားနေရာ​မှာရှိတဲ့ ညီအစ်ကိုတွေ​က ခေါ်ထား​ကြ​တယ်။ တချို့ကို ရုရှားနိုင်ငံ​က သက်သေခံ​တွေ​က နေရာ​ပေးကြတယ်။ နှစ်နိုင်ငံ​စလုံး​မှာရှိတဲ့ သူတို့ဟာ ‘ဒီလောက​နဲ့ မပတ်သက်’ ကြ​လို့ နိုင်ငံရေးမှာ ကြားနေ​ကြ​တယ်။ “တရားစကားတော်​မှာပါတဲ့ သတင်းကောင်းကို” ထက်ထက်သန်သန် ဆက် “ဟောပြော” ကြ​တယ်။—ယော. ၁၅:၁၉။ တ. ၈:၄

ယုံကြည်ခြင်း ခိုင်ခံ့​လာ​စေဖို့ ဒုက္ခသည်​များ​ကို ကူညီပေးခြင်း

၈၊ ၉။ (က) တိုင်းပြည်​သစ်​မှာ ဒုက္ခသည်​တွေ ဘာ​အခက်အခဲ​တွေ ကြုံရ​နိုင်သလဲ။ (ခ)  ဘာကြောင့် စိတ်ရှည်ရှည် ကူညီပေး​ရ​မလဲ။

တချို့က ကိုယ့်​နိုင်ငံ​ထဲမှာ​ပဲ နေကြ​ရပေမဲ့ တချို့ကျတော့ အ​ကျွမ်း​မဝင်​တဲ့ နယ်မြေသစ်​ကို ပြောင်းရွှေ့​ရတယ်။ အစိုးရ​က စားဝတ်နေရေး စီစဉ်​ပေးပေမဲ့ စား​နေ​ကျ အစားအစာ​တော့ မရနိုင်ဘူး။ အပူပိုင်း​နိုင်ငံ​တွေ​က ဒုက္ခသည်​တွေဟာ အေးခဲ​တဲ့ ရာသီဥတု​ကို ဦးဆုံး​ကြုံရချိန်​မှာ နွေး​နွေးထွေး​ထွေး မ​ဝတ်ဆင်​တတ်ကြ​ဘူး။ ကျေးလက်ဒေသ​က လူတွေဟာ ခေတ်မီ အိမ်သုံး​ပစ္စည်း​တွေကို မ​သုံး​တတ်ကြ​ဘူး။

အစိုးရ​တချို့က ဒုက္ခသည်​တွေကို အခြေအနေ​သစ်​နဲ့အညီ နေသားကျ​အောင် အစီအစဉ်​တွေ လုပ်ပေး​တယ်။ ဒါပေမဲ့ လ​ပိုင်း​အတွင်း ကိုယ့်ဘာသာကိုယ် ရပ်တည်​စေချင်တယ်။ အပြောင်းအလဲ​က စိတ်ဖိစီး​စေနိုင်​တယ်။ စဉ်းစားကြည့်ပါ၊ ဘာသာစကား​အသစ် သင်ယူ​ရမယ်။ အမူအကျင့်၊ အချိန်တိကျမှု၊ အခွန်ဆောင်​ခြင်း၊ ငွေပေး​ချေ​ခြင်း၊ ကျောင်းတက်​ခြင်း၊ သားသမီး​ဆုံးမခြင်း​စတဲ့ ဥပဒေ​အသစ်​နဲ့အညီ နေသားကျ​အောင် လုပ်ကြ​ရတယ်။ ဒီလို​အခက်အခဲ ကြုံနေ​ရတဲ့ ညီအစ်​ကို/မတွေကို စိတ်ရှည်ရှည်၊ လေးလေးစားစား ကူညီပေး​နိုင်မလား။—ဖိ. ၂:၃၊ ၄

၁၀။ ရောက်လာ​တဲ့ ဒုက္ခသည်​တွေရဲ့ ယုံကြည်ခြင်း​ကို ဘယ်လို ခိုင်ခံ့​စေနိုင်​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

၁၀ အသင်းတော်​နဲ့ ဆက်သွယ်​တဲ့ ညီအစ်ကိုတွေ​ဟာ တစ်ခါ​တလေ အာဏာပိုင်​တွေကြောင့် အခက်အခဲ ကြုံရ​တယ်။ အစည်းအဝေး ပျက်​မယ့် အလုပ်တွေ လက်မခံ​ဘူးဆို​ရင် အထောက်အပံ့ ဖြတ်​မယ်၊ ခိုလှုံ​ခွင့် မပေး​ဘူးလို့ ညီအစ်ကိုတွေ​ကို အကျိုးဆောင်​တချို့က ခြိမ်းခြောက်​တယ်။ ကြောက်လန့်​လို့၊ အကူအညီ မရမှာ​စိုး​လို့ ဖိအား​တွေကို ညီအစ်ကို​တချို့ အလျှော့ပေး​လိုက်​ကြ​တယ်။ ဒါကြောင့် ရောက်​လာတဲ့​ ဒုက္ခသည် ညီအစ်ကိုတွေ​ကို ချက်ချင်း​ဆက်သွယ်​ဖို့ အရေးကြီးတယ်။ သူတို့ကို ဂရုစိုက်​ကြောင်း သိ​စေ​ရမယ်။ ကျွန်တော်တို့ရဲ့ ထောက်ထားစာနာမှု၊ လက်တွေ့ကျ အကူအညီ​တွေ​က သူတို့ရဲ့ ယုံကြည်ခြင်း​ကို ခိုင်ခံ့​စေနိုင်​တယ်။—ပညာ. ၁၂:၂၅။ ၁၇:၁၇

ဒုက္ခသည်​များ​ကို လက်တွေ့ကျကျ ကူညီခြင်း

၁၁။ (က) အရင်ဆုံး ဒုက္ခသည်​တွေ ဘာ​လိုအပ်​သလဲ။ (ခ) ဒုက္ခသည်​တွေ ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၁ အရင်ဆုံး အစားအစာ၊ အဝတ်​အထည်၊ တခြား အခြေခံ လိုအပ်ရာ​တွေ ထောက်ပံ့​ပေး​ရမယ်။ * လည်​စည်း​တစ်ခု ပေးတာ​လေး​တောင် အကျိုးအများကြီး ရှိ​နိုင်တယ်။ ဒုက္ခသည်​တွေ ဘာမှ မတောင်းဆို​ဘဲ ကျေးဇူးတင်ကြောင်း ပြတဲ့​အခါ အိမ်ရှင်​တွေ ပေးကမ်း​ရတာ ပျော်ရွှင်​တယ်။ တခြားသူတွေရဲ့ ရက်ရောမှု​အပေါ် မှီခို​နေမယ်​ဆိုရင် ဒုက္ခသည်​တွေ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်ဆုံး​သွားနိုင်တယ်။ တခြား​ညီအစ်ကိုတွေ​နဲ့ ဆက်ဆံရေး ထိခိုက်​သွားနိုင်တယ်။ (၂ သက်. ၃:၇-၁၀) ဒါပေမဲ့ လက်တွေ့ကျ အကူအညီ လိုအပ်​ကြ​တယ်။

ဒုက္ခသည် ညီအစ်ကို/မတွေကို ဘယ်လို ကူညီပေး​နိုင်သလဲ (အပိုဒ် ၁၁-၁၃ ကိုကြည့်ပါ)

၁၂၊ ၁၃။ (က) ဒုက္ခသည်​တွေကို လက်တွေ့ကျ အကူအညီ ဘယ်လို ပေးနိုင်သလဲ။ (ခ) ဥပမာတစ်ခု ပြောပြပါ။

၁၂ ဒုက္ခသည်​တွေကို လက်တွေ့ကျကျ ကူညီပေးဖို့ ငွေ​အများကြီး မလို​ပါဘူး။ အချိန်နဲ့ ဂရုစိုက်မှု​ပဲ အဓိက လိုတယ်။ အများသုံး​ယာဉ် အသုံးပြုပုံ၊ ကျန်းမာရေး​နဲ့ ညီညွတ်​ပြီး ဈေးသက်သာ​တဲ့ အစားအစာ ဝယ်​နိုင်​ပုံ၊ အပ်​ချုပ်စက်၊ မြက်​ရိတ်​စက်​စတဲ့ စက်ကိရိယာ​တွေ ရယူ​နိုင်​ပုံ၊ ဝင်ငွေ ရှာ​ပုံ​တို့ကို​ ပြပေး​နိုင်​ပါတယ်။ ပို​အရေးကြီးတာက​တော့ အသင်းတော်သစ်​မှာ အပြည့်အဝ ပါဝင်လာ​ဖို့ ကူညီပေး​နိုင်တယ်။ ဖြစ်နိုင်​မယ်ဆိုရင် အစည်းအဝေး​တွေ တက်ဖို့ ကြို​ပို့ပေး​နိုင်တယ်။ ရပ်ကွက်​မှာ သတင်းကောင်း ဟောပြော​ဖို့ လူတွေ​ဆီ ချဉ်းကပ်​ပုံ​အကြောင်း ရှင်းပြပါ။ ဒုက္ခသည် ညီအစ်ကို/မတွေကို အမှုဆောင်ဖို့ ခေါ်သွား​ပါ။

၁၃ အသင်းတော်​တစ်ခုကို လူပျို​ပေါက် ဒုက္ခသည်​လေးဦး ရောက်လာ​တဲ့အခါ ကားမောင်း​နည်း၊ စာ​ရိုက်​နည်း၊ အလုပ်​လျှောက်​နည်း၊ ယေဟောဝါကို အပြည့်အဝ အမှုဆောင်ဖို့ ဇယား​ဆွဲနည်း​တို့ကို အကြီးအကဲတွေ သင်ပေး​ကြ​တယ်။ (ဂလ.​ ၆:၁၀) မကြာခင်​မှာပဲ လေးယောက်​စလုံး ရှေ့ဆောင်​တွေ ဖြစ်လာတယ်။ ဘုရားရေးရာ​ပန်းတိုင်တွေ ပြည့်မီ​ဖို့ ကိုယ်တိုင်​ကြိုးစားမှု​နဲ့ လမ်းညွှန်ချက်တွေ​က တက်ကြွလှုပ်ရှား​နေဖို့၊ စာတန့်​စနစ်​ရဲ့ ဝါးမျိုး​မခံ​ရဖို့ ကူညီပေးတယ်။

၁၄။ (က) ဒုက္ခသည်​တွေ ဘယ်​သွေးဆောင်မှု​ကို တိုက်လှန်​ရသလဲ။ (ခ) ဥပမာတစ်ခု ပြောပြပါ။

၁၄ တခြား​ခရစ်ယာန်တွေ​လိုပဲ ဒုက္ခသည်​တွေလည်း ယေဟောဝါနဲ့ ဆက်ဆံရေး အထိ​ခိုက်​ခံ​ပြီး ရုပ်​ဝတ္ထု​ပစ္စည်း​တွေ ရယူ​ဖို့ သွေးဆောင်မှု၊ ဖိအား​တွေကို တွန်းလှန်​ရမယ်။ * အစပိုင်း​မှာ ဖော်ပြခဲ့တဲ့ လီ​ဂျာ​နဲ့ မောင်နှမ​တွေလည်း ထွက်ပြေး​ချိန်မှာ ဖခင် သင်ပေး​တဲ့ ယုံကြည်ခြင်း​ဆိုင်ရာ သင်ခန်းစာ​တွေကို အမှတ်ရနေ​ကြ​တယ်။ “သယ်​လာတဲ့ မရှိမဖြစ် မဟုတ်တဲ့ ပိုင်ဆိုင်ရာ​တွေကို တစ်ခု​ပြီး တစ်ခု ဖယ်ထုတ်​ခဲ့တယ်။ နောက်ဆုံး အိတ်​အလွတ်​ကို ကိုင်​ပြီး ‘တွေ့​လား၊ ငါ​တို့​လိုတာ ဒါ​ပဲ’ လို့​ ပြုံး​ပြီး ပြောခဲ့တယ်။”၁ တိမောသေ ၆:၈ ကိုဖတ်ပါ။

ဒုက္ခသည်​တွေ အလိုအပ်ဆုံး​အရာ​ကို ဂရုစိုက်​ပေးခြင်း

၁၅၊ ၁၆။ (က) ဒုက္ခသည်​တွေကို ဘုရားရေးရာ​မှာ ဘယ်လို ကူညီပေး​နိုင်သလဲ။ (ခ) ဒုက္ခသည်​တွေကို စိတ်ပိုင်းဆိုင်ရာ​မှာ ဘယ်လို ကူညီ​ပေး​နိုင်သလဲ။

၁၅ ဒုက္ခသည်​တွေဟာ ရုပ်ပစ္စည်း​ထက် ဘုရားရေးရာ​နဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီ ပိုလိုအပ်​တယ်။ (မ. ၄:၄) ဒုက္ခသည်​တွေရဲ့ မိခင်ဘာသာစကား​နဲ့ စာပေ​တွေ ရရှိနိုင်​အောင်၊ စကားတူ​တဲ့ ညီအစ်ကိုတွေ​နဲ့ အဆက်အသွယ်​ရ​အောင် အကြီးအကဲတွေ ကူညီပေး​နိုင်တယ်။ ဒုက္ခသည်​များစွာ​ဟာ မိသားစု၊ အသိုင်းအဝိုင်း၊ အသင်းတော်တွေ​နဲ့ ဝေးကွာ​နေကြတယ်။ ခရစ်ယာန်ချင်း​တွေ​အလယ်​မှာ ယေဟောဝါရဲ့ မေတ္တာနဲ့ ထောက်ထားစာနာမှု ခံစားရ​ဖို့ လိုတယ်။ မဟုတ်​ရင် မယုံကြည်သူ ဆွေမျိုး​တွေ၊ ယဉ်ကျေးမှု​နောက်ခံ​တူ​တဲ့ တစ်​နယ်​တည်း​သားတွေ​ဆီ ရောက်​သွားနိုင်တယ်။ (၁ ကော. ၁၅:၃၃) အသင်းတော်​မှာ အပြည့်အဝ လက်ခံ​ကြိုဆို​တယ်လို့ ခံစား​စေခြင်း​အားဖြင့် “တိုင်းတစ်ပါး​သားတွေ​ကို ကာကွယ်” ပေးတဲ့ ယေဟောဝါနဲ့​အတူ လုပ်ဆောင်​ရတဲ့ အခွင့်ထူး ရရှိ​ထားပါတယ်။—ဆာ. ၁၄၆:၉

၁၆ ဒုက္ခသည် သူငယ် ယေရှုနဲ့ မိသားစု​ဟာ ဖိနှိပ်​သူတွေ ရှိနေ​သေး​သ​ရွေ့ နေရင်းပြည်​ကို မပြန်​နိုင်ခဲ့​ကြဘူး။ “မိသားစုဝင်​တွေ မုဒိမ်းကျင့် ခံရ​တာ၊ အသတ်ခံရ​တာ​ကို မြင်ခဲ့​ရတဲ့ မိဘတွေဟာ အဖြစ်ဆိုး​တွေ ကြုံတွေ့​ရတဲ့​နေရာတွေ​ဆီ သားသမီးတွေကို ပြန်​မ​ခေါ်သွား​ချင်​ကြဘူး” လို့ လီ​ဂျာ ပြောတယ်။ အဲဒီလို စိတ်ဒဏ်ရာ ရသွား​တဲ့သူ​တွေကို ကူညီပေးဖို့ ဒုက္ခသည်​တွေကို လက်ခံ​ထားတဲ့ တိုင်းပြည်​က ညီအစ်ကိုတွေ​မှာ ‘ကိုယ်ချင်းစာ​မှု၊ ညီ​ရင်း​အစ်ကို​မေတ္တာ၊ ချစ်ခင်​စာနာမှု၊ နှိမ့်ချမှု’ ရှိ​ရမယ်။ (၁ ပေ. ၃:၈) နှိပ်စက်​ညှဉ်းပန်း​မှုတွေ​ကြောင့် ဒုက္ခသည်​တချို့ဟာ လူတွေနဲ့ ခပ်ခွာခွာ နေကြတယ်။ အထူးသဖြင့် သားသမီး​တွေ​ရှေ့မှာ သူတို့ရဲ့ ဒုက္ခ​အကြောင်း မပြော​ချင်​ကြဘူး။ ‘ငါ​သာ သူတို့​နေရာမှာ​ဆိုရင် ဘယ်လို ဆက်ဆံ​တာမျိုး လိုချင်​သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။—မ. ၇:၁၂

သက်သေခံ မဟုတ်တဲ့ ဒုက္ခသည်​များ​ကို ဟောပြောခြင်း

၁၇။ ဟောပြောခြင်း​က ဒုက္ခသည်​တွေကို ဘယ်လို သက်သာရာရ​စေ​သလဲ။

၁၇ ဒီနေ့ ဒုက္ခသည်​များစွာ​ဟာ ဟောပြောခြင်းလုပ်ငန်း​ကို ပိတ်ပင်​ထားတဲ့ နိုင်ငံ​တွေ​က လာကြတယ်။ ဒုက္ခသည်​တွေကို လက်ခံ​တဲ့ နိုင်ငံ​တွေ​က ထက်သန်တဲ့ သက်သေခံ​တွေကြောင့် ထောင်နဲ့​ချီတဲ့ ဒုက္ခသည်​တွေဟာ “နိုင်ငံတော်သတင်း” ကို ပထမဆုံးအကြိမ် ကြား​ရကြ​တယ်။ (မ. ၁၃:၁၉၊ ၂၃) “ဝန်ပိ” နေ​သူများ​စွာ​ဟာ အစည်းအဝေးတွေမှာ လန်းဆန်းမှု ရှာတွေ့​ကြ​လို့ “ခင်ဗျား​တို့​နဲ့အတူ ဘုရားသခင် တကယ်​ရှိတာ​ပဲ” လို့ ချက်ချင်း အသိအမှတ် ပြု​ကြ​တယ်။—မ. ၁၁:၂၈-၃၀။ ၁ ကော. ၁၄:၂၅

၁၈၊ ၁၉။ ဒုက္ခသည်​တွေကို ဟောပြော​ချိန်မှာ ဉာဏ်​ပညာရှိကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၈ ဒုက္ခသည်​တွေကို ဟောပြောသူ​တွေဟာ “သတိကြီး” ရမယ်။ “အမြော်အမြင် ရှိ” ရမယ်။ (မ. ၁၀:၁၆။ ပညာ. ၂၂:၃) သူတို့ရဲ့ အရေးကိစ္စ​တွေကို စိတ်ရှည်ရှည် နားထောင်ပေး​ပါ။ နိုင်ငံရေး​အကြောင်း​တော့ မဆွေးနွေး​ပါနဲ့။ ဌာနခွဲရုံး​နဲ့ ဒေသခံ အာဏာပိုင်​တွေရဲ့ လမ်းညွှန်ချက်ကို လိုက်နာ​ပါ။ ကိုယ်တိုင်​နဲ့ တခြားသူတွေ​အပေါ်​ အန္တရာယ်​ မဖြစ်​စေ​ပါနဲ့။ ဒုက္ခသည်​တွေရဲ့ ဘာသာ​နဲ့ ယဉ်ကျေး​မှု​ကို လေ့လာ​ပါ၊ လေးစား​ပါ။ ဥပမာ၊ တချို့​နိုင်ငံ​က လူတွေဟာ အမျိုးသမီး အဝတ်အစား​နဲ့ပတ်သက်ပြီး အလွန်​အကဲဆတ်​ကြ​တယ်။ ဒါကြောင့် ဒုက္ခသည်​တွေကို ဟောပြော​တဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်စေ​နိုင်တဲ့ အဝတ်အစား​တွေ မဝတ်​ဆင်​ပါနဲ့။

၁၉ ယေရှုရဲ့ ပုံဥပမာ​ထဲက ရှမာရိလူ​လိုပဲ သက်သေခံ​ မဟုတ်​သူတွေ အပါအဝင် ဒုက္ခရောက်​နေ​သူ​အားလုံးကို ကူညီပေး​ချင်​ကြပါ​တယ်။ (လု. ၁၀:၃၃-၃၇) အကောင်းဆုံး ကူညီပေး​နိုင်တဲ့​နည်း​က​တော့ သူတို့ကို သတင်းကောင်း ဟောပြောခြင်း​ပါပဲ။ “ကျွန်တော်တို့ သက်သေခံ​တွေ​ဖြစ်ကြောင်း၊ ကျွန်တော်တို့ရဲ့ အဓိက​တာဝန်​က ရုပ်ပစ္စည်း ထောက်ပံ့​ပေးဖို့ မဟုတ်ဘဲ ဘုရားရေးရာ​မှာ ကူညီပေးဖို့​ဖြစ်ကြောင်း ချက်ချင်း​ အသိပေး​ဖို့ အရေးကြီးတယ်။​ မဟုတ်​ရင် အခွင့်အရေး​ရဖို့​ပဲ ကျွန်တော်တို့​နဲ့ ပေါင်းသင်း​တာမျိုး ဖြစ်နိုင်တယ်” လို့ ဒုက္ခသည်​များစွာကို ကူညီပေး​ခဲ့တဲ့ အကြီးအကဲ​တစ်ယောက် ပြောတယ်။

ဝမ်းသာစရာ ရလဒ်များ

၂၀၊ ၂၁။ (က) ဒုက္ခသည်​တွေကို ခရစ်ယာန်​မေတ္တာ ပြ​တာ​ကြောင့် ဘာ​ရလဒ်ကောင်း​တွေ ရရှိ​သလဲ။ (ခ) နောက်​ဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်​ကြ​မလဲ။

၂၀ “တိုင်းတစ်ပါး​သားတွေ​ကို” ခရစ်ယာန်​မေတ္တာ​ ပြတာ​ကြောင့် ရလဒ်ကောင်း​တွေ ရရှိတယ်။ အီရီ​ထ​ရီ​ယား​နိုင်ငံမှာ နှိပ်စက်​ညှဉ်းပန်း ခံရ​လို့ မိသားစုနဲ့ ထွက်ပြေး​ခဲ့​ရ​တဲ့​အကြောင်း​ ညီအစ်မ​တစ်ယောက်​ ပြော​ပြ​တယ်။ သားသမီး​လေးယောက်​နဲ့အတူ သဲကန္တာရ​ကို ရှစ်​ရက်​ကြာ ပင်ပင်​ပန်းပန်း ဖြတ်​ပြီးတော့ ဆူ​ဒန်​နိုင်ငံ​ကို ရောက်လာ​ကြ​တယ်။ သူ ဒီလိုပြောတယ်– “အဲဒီ​မှာ​ရှိတဲ့ ညီအစ်ကိုတွေ​က ဆွေမျိုးရင်းချာ​တွေလိုပဲ ဆက်ဆံ​ကြ​တယ်။ စားဝတ်​နေရေး၊ သွားလာ​ရေး​အတွက် စီစဉ်​ပေးကြတယ်။ ဘုရားတစ်ပါးတည်း​ကို အတူ​ကိုးကွယ်​ရုံ​နဲ့ သူစိမ်း​တွေကို အိမ်​မှာ ဘယ်သူ​တွေ ကြိုဆို​မလဲ။ ယေဟောဝါသက်သေ​တွေပဲ​ပေါ့။”ယောဟန် ၁၃:၃၅ ကိုဖတ်ပါ။

၂၁ ဒုက္ခသည်​တွေ၊ ပြောင်းရွှေ့​လာ​သူ မိဘတွေ​နဲ့အတူ​ ပါလာ​တဲ့ သားသမီး​တွေ​ကော။ ယေဟောဝါကို ဝမ်းမြောက်​စွာ ဝတ်ပြု​ဖို့ ဘယ်လို ကူညီပေး​နိုင်မလဲ​ဆိုတာ နောက်​ဆောင်းပါးမှာ သုံးသပ်​ကြပါ​မယ်။

^ စာပိုဒ်၊ 2 ဒီဆောင်းပါးမှာ “ဒုက္ခသည်” ဆိုတဲ့ စကားလုံးက စစ်၊ နှိပ်စက်​ညှဉ်းပန်း​မှု၊ သဘာဝဘေး​တို့​ကြောင့် နယ်စပ်​ဒေသ၊ ပြည်တွင်း​တစ်နေရာ​ရာကို ပြောင်းရွှေ့​ရသူ​တွေကို ရည်ညွှန်း​တယ်။ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်​များ​ဆိုင်ရာ မဟာ​မင်းကြီး​များ​ရုံး) ရဲ့ မှတ်တမ်းအရ “၁၁၃ ယောက်​မှာ ၁ ယောက်​ဟာ မဖြစ်​မနေ အိမ်ရာ​တွေကို စွန့်ခွာ​ထွက်ပြေး​ရတယ်။”

^ စာပိုဒ်၊ 6 ၂၀​၁၆၊ အောက်တိုဘာ​လထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၈-၁၂ မှာပါတဲ့ “သူစိမ်း​တွေကို ကြင်နာမှု​ပြဖို့ မမေ့​ပါနဲ့” ဆောင်းပါးကို ကြည့်ပါ။

^ စာပိုဒ်၊ 11 ဒုက္ခသည်​တွေ ရောက်တာနဲ့ အကြီးအကဲတွေ​က “ယေဟောဝါရဲ့ အလိုတော်​ဆောင်ဖို့ ဖွဲ့စည်းထားခြင်း” စာအုပ် အခန်း ၈၊ အပိုဒ် ၃၀ မှာပါတဲ့ ညွှန်ကြားချက်ကို လိုက်လျှောက်သင့်​တယ်။ jw.org ကို သုံးပြီး ဒုက္ခသည်​တွေရဲ့ အရင် ဌာနခွဲ​ကို အကြီးအကဲတွေ ဆက်သွယ်​နိုင်တယ်။ အဲဒီအချိန်​မှာ ဒုက္ခသည်​ရဲ့ ယုံကြည်ခြင်း အခြေအနေကို သိနိုင်ဖို့ သူ့​အသင်းတော်​နဲ့ အမှုဆောင်လုပ်ငန်း​ကြောင်း သတိရှိရှိ မေး​နိုင်ပါတယ်။

^ စာပိုဒ်၊ 14 ၂၀​၁၄၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၅-၂၆ မှာပါတဲ့ “မည်သူမျှ သခင်​နှစ်ဦး​အစေ​ကို မခံနိုင်၊” “ရဲစွမ်းသတ္တိ​ရှိပါ—ယေဟောဝါဟာ သင့်ကို ကူညီမစ​တဲ့​အရှင် ဖြစ်တယ်” ဆောင်းပါး​တွေကို ကြည့်ပါ။