မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နူးညံ့​သိမ်မွေ့​ခြင်း—ကျွန်တော်တို့ကို ဘယ်လို အကျိုးပြု​သလဲ

နူးညံ့​သိမ်မွေ့​ခြင်း—ကျွန်တော်တို့ကို ဘယ်လို အကျိုးပြု​သလဲ

“ကျွန်မက ရှက်တတ်​တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု မရှိဘူး။ ဟော့ဟော့ရမ်းရမ်း ပြောဆို​တတ်တဲ့ လူတွေ​ကြားထဲ ရောက်ရင် အနေ​ကျုံ့​တယ်။ နူးညံ့​သိမ်မွေ့​တဲ့ ရိုးရိုးကုပ်ကုပ်သမားတွေနဲ့တော့ အဆင်ပြေတယ်။ အဲဒီလို​လူတွေကို ကိုယ့်​ခံစားချက်တွေ၊ ပြဿနာ​တွေ​အကြောင်း ပြောပြချင်တယ်။ သူတို့​လို​လူတွေက ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်းတွေ​ပဲ” လို့ စာရာ * ပြောတယ်။

နူးညံ့​သိမ်မွေ့​တာ​ကို လူတွေ ဘယ်လောက် နှစ်သက်​မှန်း စာရာရဲ့ စကားက ဖော်ပြတယ်။ နူးညံ့​သိမ်မွေ့​တာ​ကို ယေဟောဝါလည်း နှစ်သက်တယ်။ ‘နူးညံ့​သိမ်မွေ့​ခြင်း​ကို ဝတ်ဆင်​ကြပါ’ လို့ ကျမ်းစာမှာ အားပေး​ထားတယ်။ (ကော. ၃:၁၂) နူးညံ့​သိမ်မွေ့တယ်​ဆိုတာ ဘာလဲ။ နူးညံ့​သိမ်မွေ့​မှု​ကို ယေရှု ဘယ်လို ပြခဲ့သလဲ။ အဲဒီ​အရည်အသွေး​က ဘဝကို ဘယ်လို ပို​ပျော်ရွှင်စေနိုင်​သလဲ။

နူးညံ့​သိမ်မွေ့တယ်​ဆိုတာ ဘာလဲ

နူးညံ့​သိမ်မွေ့တယ်​ဆိုတာ စိတ်အေး​ချမ်း​ပြီး အေးအေးဆေးဆေး နေ​တတ်တာ ဖြစ်တယ်။ နူးညံ့​သိမ်မွေ့​သူဟာ တခြား​သူတွေကို နူးညံ့​ကြင်နာစွာ ဆက်ဆံတယ်။ စိတ်ရှုပ်စရာ​တွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်​နိုင်ပြီး ချုပ်တည်းမှု ရှိတယ်။

နူးညံ့​သိမ်မွေ့​သူဟာ အများ​ထင်သလို ပျော့​ညံ့​သူ မဟုတ်ဘူး။ ခိုင်မာ​ပြတ်သားသူ ဖြစ်တယ်။ “နူးညံ့​သိမ်မွေ့​ခြင်း” လို့ ပြန်ဆို​ထားတဲ့ ဂရိ​စကားလုံးကို ယဉ်ပါး​လာတဲ့ မြင်းရိုင်း​အတွက်လည်း သုံးတယ်။ မြင်းရိုင်း​ကို စိတ်ရှည်ရှည် လေ့ကျင့်​ပေးတဲ့​အခါ ခွန်အားကို ထိန်းချုပ်​တတ်လာတယ်။ ယဉ်ပါး​လာပေမဲ့ ခွန်အား​ရှိနေဆဲ​ပဲ။ အလားတူပဲ၊ ရိုင်းစိုင်း​တဲ့ စရိုက်​ကို ယဉ်ပါး​လာအောင်၊ တခြား​သူတွေနဲ့ သင့်သင့်မြတ်မြတ် နေတတ်အောင် ထိန်းချုပ်​တဲ့အခါ နူးညံ့​သိမ်မွေ့​လာတယ်။

‘ငါ့ရဲ့ ပင်ကိုစရိုက်​ကို​က နူးညံ့​သိမ်မွေ့​သူ မဟုတ်ဘူး’ လို့ ကျွန်တော်တို့ တွေးမိ​နိုင်တယ်။ ရန်လိုမှု၊ စိတ်မရှည်​မှု​တွေ အဖြစ်​များ​လာတဲ့ လောကမှာ အသက်ရှင်​နေရတဲ့​အတွက် နူးညံ့​သိမ်မွေ့​ဖို့ ခက်​နိုင်တယ်။ (ရော. ၇:၁၉) နူးညံ့​သိမ်မွေ့​မှု​ကို မွေးမြူဖို့ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်​က ကူညီ​ပေးမှာ မှန်ပေမဲ့ ကြိုးစား​အားထုတ်​ရမယ်။ (ဂလ. ၅:၂၂၊ ၂၃) ဘာကြောင့်လဲ။

နူးညံ့​သိမ်မွေ့​မှု​ဟာ လူတွေကို ဆွဲဆောင်​နိုင်တဲ့ အရည်အသွေး ဖြစ်တယ်။ အစောပိုင်းမှာ ပါတဲ့ စာရာ ပြော​သလို နူးညံ့​သူတွေနဲ့ နေရတာ စိတ်​လက်​ပေါ့ပါး​တယ်။ ယေရှုဟာ နူးညံ့​ကြင်နာမှု ပြရာ​မှာ ပုံသက်သေ​ကောင်း​သူ ဖြစ်တယ်။ (၂ ကော. ၁၀:၁) ယေရှုကို မသိတဲ့ ကလေးတွေ​တောင် ယေရှု​အနား ကပ်​ချင်ကြတယ်။—မာ. ၁၀:၁၃-၁၆

နူးညံ့​သိမ်မွေ့​မှု​က ကျွန်တော်တို့ကိုရော ကိုယ့်​ဝန်းကျင်​က လူတွေကို​ပါ ကာကွယ်​ပေးတယ်။ ကျွန်တော်တို့ နူးညံ့​သိမ်မွေ့​မယ်​ဆိုရင် ထစ်ခနဲဆို ရှူးရှူးရှဲရှဲနဲ့ ဒေါသ​ထွက်​မှာ မဟုတ်ဘူး။ (ပညာ. ၁၆:၃၂) ဒီ​နည်း​အားဖြင့် ကိုယ်​ချစ်ရ​သူတွေကို စိတ်​ထိခိုက်အောင် လုပ်မိပြီး​မှ အပြစ်​ရှိတယ်လို့ ခံစား​ရတာ​မျိုး ရှောင်နိုင်မယ်။ ချုပ်တည်း​မှု မရှိလို့ ကိုယ့်​ဝန်းကျင်​က လူတွေ စိတ်နာ​သွားတာမျိုး မဖြစ်အောင် ကာကွယ်​နိုင်မယ်။

နူးညံ့​သိမ်မွေ့​မှု ပြရာ​မှာ အကောင်းဆုံး ပုံသက်သေ

ယေရှုဟာ တာဝန်ကြီးတွေ ရထား​ပြီး အလုပ်များ​ပေမဲ့ လူအားလုံးကို နူးညံ့​သိမ်မွေ့စွာ ဆက်ဆံတယ်။ ယေရှု​ခေတ်မှာ လူများစွာဟာ ပင်ပန်း​ခက်ခဲ​ပြီး ဝန်ပိနေ​ကြတယ်။ လန်းဆန်းမှု လိုအပ်​နေတယ်။ ‘ကျွန်တော့်​ဆီ လာ​ကြပါ။ ကျွန်တော်ဟာ နူးညံ့​သိမ်မွေ့​ပြီး စိတ်​နှိမ့်ချတယ်’ လို့ ယေရှု ပြောတဲ့အခါ သူတို့ အင်မတန် စိတ်သက်သာ​သွားမှာပဲ။—မ. ၁၁:၂၈၊ ၂၉

ယေရှု ပြခဲ့တဲ့ နူးညံ့​သိမ်မွေ့​မှု​ကို ကျွန်တော်တို့ ဘယ်လို မွေးမြူ​နိုင်မလဲ။ လူတွေနဲ့ ယေရှု ဘယ်လို ဆက်ဆံ​ကြောင်း၊ ခက်ခဲတဲ့ အခြေအနေတွေကို ဘယ်လို ကိုင်တွယ်​ကြောင်း သိဖို့ ကျမ်းစာ​လေ့လာ​ရမယ်။ ပြီးနောက် နူးညံ့​သိမ်မွေ့​ဖို့ ခက်တဲ့ အခြေအနေ​တွေ ကြုံ​လာတဲ့အခါ ယေရှုကို တုပ​ဖို့ ကြိုးစား​ရမယ်။ (၁ ပေ. ၂:၂၁) နူးညံ့​သိမ်မွေ့​ဖို့ ယေရှုကို ကူညီ​ပေးတဲ့ အချက်​သုံးချက်​ကို စဉ်းစား​ကြည့်ပါ။

ယေရှုဟာ စိတ်ရင်းမှန်နဲ့ နှိမ့်ချတယ်။ “ကျွန်တော်ဟာ နူးညံ့​သိမ်မွေ့​ပြီး စိတ်​နှိမ့်ချတယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၁:၂၉) နူးညံ့​သိမ်မွေ့​မှု​ဟာ နှိမ့်ချမှုနဲ့ အနီးကပ် ဆက်စပ်​နေတဲ့​အတွက် ကျမ်းစာမှာ အဲဒီ​အရည်အသွေး​နှစ်ခု​ကို အတူ​ဖော်ပြလေ့​ရှိတယ်။—ဧ. ၄:၁-၃

နှိမ့်ချမှုဟာ ရေး​ကြီး​ခွင့်​ကျယ် မ​လုပ်ဖို့၊ ဆတ်ဆတ်ထိ မခံ မဖြစ်ဖို့ ကူညီ​ပေးတယ်။ “စားကြူး​သောက်ကြူး​သူ” လို့ မတရား ပြစ်တင်​ဝေဖန်​ခံရတဲ့​အခါ ယေရှု ဘယ်လို တုံ့ပြန်​သလဲ။ အလုပ်နဲ့​ပဲ သက်သေ​ပြတယ်။ “ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်​ဆိုတာကို လုပ်ရပ်တွေနဲ့ သက်သေပြ​လိမ့်မယ်” လို့ ပြောပြီး အေးအေးဆေးဆေး တုံ့ပြန်​ခဲ့တယ်။—မ. ၁၁:၁၉

တစ်ယောက်ယောက်​က သင့်​လူမျိုး၊ နောက်ခံ​နဲ့​ပတ်သက်ပြီး စာနာ​မှု မရှိတဲ့ စကားတွေ ပြောလာရင် နူးညံ့​သိမ်မွေ့စွာ တုံ့ပြန်​ဖို့ ကြိုးစားပါ။ “တစ်ယောက်ယောက်ရဲ့ စကား​ကြောင့် စိတ်ဆိုး​မိ​တဲ့အခါ ‘ယေရှု​သာ​ဆိုရင် ဘယ်လို တုံ့ပြန်​မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ဘာ​မဟုတ်တာ​လေး​တွေကို ရေး​ကြီး​ခွင့်​ကျယ် မလုပ်ဖို့ နားလည်​လာတယ်” လို့ တောင်အာဖရိက​မှာ နေတဲ့ အကြီးအကဲ ပီတာ ပြောတယ်။

ယေရှု​က လူ့​အားနည်းချက်ကို နားလည်တယ်။ ယေရှုရဲ့ တပည့်တွေဟာ စိတ်ရင်းကောင်း​ပေမဲ့ မစုံလင်တဲ့​အတွက် တစ်ခါတလေ စိတ်ရင်း​အတိုင်း မ​လုပ်မိတဲ့​အခါ​တွေ ရှိတယ်။ ဥပမာ၊ ယေရှု မသေဆုံးခင်​ညမှာ ပေတရု၊ ယာကုပ်၊ ယောဟန်တို့​ဟာ ယေရှုကို စိတ်ပိုင်း​အရ ထောက်မ​ပေးဖို့ ပျက်ကွက်ခဲ့​ကြတယ်။ ဒါပေမဲ့ “စိတ်​ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာ​က အားနည်းတယ်” ဆိုတာ ယေရှု အသိအမှတ်​ပြုတယ်။ (မ. ၂၆:၄၀၊ ၄၁) သူတို့ မစုံလင်​ဘူးဆိုတာ နားလည်တဲ့​အတွက် စိတ်မဆိုး​ဘူး။

ညီအစ်မ မန်ဒီဟာ တော်​တော် အပြစ်ရှာတတ်သူ ဖြစ်ခဲ့ပေမဲ့ အခု ယေရှုရဲ့ နူးညံ့​သိမ်မွေ့​မှု ပုံသက်သေကို ကြိုးစားတုပနေ​တယ်။ “လူအားလုံး မစုံလင်​ဘူးဆို​တာ သတိ​ရဖို့၊ ယေဟောဝါလိုပဲ လူတွေရဲ့ ကောင်းကွက်​တွေကို အာရုံစိုက်​ဖို့ ကြိုးစားတယ်” လို့ ပြောတယ်။ လူ့အားနည်းချက်တွေကို ထောက်ထား​စာနာ​ပေးတဲ့ ယေရှု​က တခြား​သူတွေကို သင် နူးညံ့​သိမ်မွေ့စွာ ဆက်ဆံ​ဖို့ ကူညီပေး​နိုင်ပါတယ်။

ယေရှု​က ကိစ္စရပ်​တွေကို ဘုရား​လက်ထဲ အပ်​ထားတယ်။ မြေကြီးပေါ်မှာ မတရား ဆက်ဆံခံရ​တာတွေကို သည်းခံ​ခဲ့တယ်။ အထင်လွဲ​ခံရ၊ အထင်သေး​ခံရ၊ သစ်တိုင်တင် အသတ်​ခံရ​တာ​တောင် ဆက်​နူးညံ့​သိမ်မွေ့​နေပြီး “ဖြောင့်မတ်​စွာ တရား​စီရင်​ပေးမယ့်​အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်​ခဲ့တယ်။” (၁ ပေ. ၂:၂၃) ကောင်းကင်ဖခင် ဂရုစိုက်​စောင့်ရှောက်​ပေးမယ်၊ မတရားမှုတွေကို သင့်တော်​တဲ့အချိန်​မှာ ဖြေရှင်း​ပေးမယ်​ဆိုတာ ယေရှု သိတယ်။

ကျွန်တော်တို့ ဒေါသ​ထွက်ပြီး မတရားမှု​အတွက် ကိုယ်တိုင် လက်စားချေ​ဖို့ ကြိုးစားမယ်​ဆိုရင် လက်​လွန်ပြီး အခြေအနေ ပို​ဆိုး​သွားနိုင်တယ်။ ဒါကြောင့် “လူတစ်ယောက်ရဲ့ ဒေါသ​က ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေဘူး” လို့ ကျမ်းစာမှာ ပြော​ထားတယ်။ (ယာ. ၁:၂၀) ဒေါသ​ထွက်​သင့်တဲ့ အခြေအနေ ဖြစ်ရင်တောင် မစုံလင်တဲ့​အတွက် မမှန်ကန်တဲ့​နည်းနဲ့ တုံ့ပြန်​မိ​နိုင်တယ်။

‘ကိုယ့်ကိုယ်ကိုယ် မကာကွယ်​ရင် ဘယ်သူမှ ကာကွယ်​ပေးမှာ မဟုတ်ဘူး’ ဆိုတဲ့ အတွေးမျိုး ဂျာမနီ​နိုင်ငံက ညီအစ်မ ကက်သီမှာ ရှိ​ဖူး​တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်​ကိုးစား​တတ်လာတဲ့​အခါ အတွေးအခေါ် ပြောင်းလဲ​သွားတယ်။ “ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ အမြဲ ကြိုးစား မနေ​တော့​ဘူး။ အရာရာကို ယေဟောဝါ ပြန်​တည့်မတ်​ပေးမယ်​ဆိုတာ သိလို့ နူးညံ့​သိမ်မွေ့စွာ တုံ့ပြန်​တတ်လာ​ပြီ” လို့ ပြောတယ်။ သင်ဟာ မတရား​ခံ​နေရသူ ဖြစ်မယ်ဆိုရင် ဘုရားကို ယုံကြည်​ကိုးစား​တဲ့ ယေရှုရဲ့ ပုံသက်သေကို တုပခြင်းက နူးညံ့​သိမ်မွေ့​နေဖို့ ကူညီ​ပေးပါလိမ့်မယ်။

“နူးညံ့​သိမ်မွေ့​သူတွေ ပျော်ရွှင်​ချမ်းမြေ့တယ်”

ခက်ခဲတဲ့ အခြေအနေတွေမှာ နူးညံ့​သိမ်မွေ့​မှု​က ဘယ်လို ကူညီ​ပေးနိုင်​သလဲ

နူးညံ့​သိမ်မွေ့​မှု​ဟာ ပျော်ရွှင်မှုနဲ့ အနီးကပ် ဆက်စပ်နေတယ်လို့ ယေရှု ထောက်ပြတယ်။ “နူးညံ့​သိမ်မွေ့​သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ပြောတယ်။ (မ. ၅:၅) နူးညံ့​သိမ်မွေ့​တာ​က အောက်ပါ အခြေအနေတွေမှာ ဘယ်လို ကူညီပေး​ကြောင်း သုံးသပ်​ကြည့်ပါ။

နူးညံ့​သိမ်မွေ့​တာ​က အိမ်ထောင်ရေး တင်းမာမှု​ကို ပြေလည်​စေတယ်။ “ကျွန်တော့်​ဇနီးကို မရည်ရွယ်​ဘဲ စိတ်နာ​ကြည်း​အောင် ပြော​မိ​တဲ့အခါ​တွေ အများကြီး​ပဲ။ ဒါပေမဲ့ ဒေါသတကြီး ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့တဲ့ စကားကို ပြန်​နုတ်​လို့ မရတော့ဘူး။ သူ ဘယ်လောက် စိတ်ထိခိုက်​သွား​မှန်း သိရ​တော့ တော်​တော် စိတ်မကောင်း​ဖြစ်​မိတယ်” လို့ ဩစတြေးလျ​က ညီအစ်ကို ရောဘတ် ပြောတယ်။

“ကျွန်တော်တို့​အားလုံး ခဏခဏ မှား​တတ်ကြတယ်။” မစဉ်းစား မဆင်ခြင်ဘဲ ပြောလိုက်တဲ့ စကားက အိမ်ထောင်မှာ ပြဿနာ ဖြစ်စေ​နိုင်တယ်။ (ယာ. ၃:၂) အဲဒီလို အခြေအနေ​မျိုးမှာ နူးညံ့​သိမ်မွေ့​မှု​က စိတ်တည်ငြိမ်​ဖို့၊ လျှာ​ကို ထိန်း​နိုင်ဖို့ ကူညီ​ပေးတယ်။—ပညာ. ၁၇:၂၇

စိတ်တည်ငြိမ်​ဖို့၊ ချုပ်တည်း​ဖို့ ရောဘတ် ကြိုးစားခဲ့တယ်။ ဘာ​ရလဒ် ရသလဲ။ “အခုတော့ သဘောထား မ​တိုက်ဆိုင်​ချိန်​တိုင်းမှာ အသေအချာ နားထောင်ဖို့၊ နူး​နူးညံ့​ညံ့ ပြောဖို့၊ ဒေါသ မ​ထွက်​ဖို့ ကြိုးစား​လို့ ဇနီးနဲ့ ဆက်ဆံရေး တော်​တော် ကောင်း​လာပြီ” လို့ ပြောတယ်။

နူးညံ့​သိမ်မွေ့​မှု​က တခြား​သူတွေနဲ့ သင့်မြတ်​ဖို့ ကူညီ​ပေးတယ်။ ထစ်ခနဲဆို စိတ်ဆိုး​တတ်​သူ​မှာ မိတ်ဆွေ နည်းတယ်။ နူးညံ့​သိမ်မွေ့​မှု​ကတော့ ‘စည်းလုံးမှု​နှောင်ကြိုး​ကို ထိန်းသိမ်း’ နိုင်ဖို့ ကူညီ​ပေးတယ်။ (ဧ. ၄:၂၊ ၃) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ကက်သီက “ပေါင်းရခက်​သူတချို့ ရှိပေမဲ့ ကျွန်မ နူးညံ့​သိမ်မွေ့​မှု တင်ပြလို့ ပေါင်းသင်း​ဆက်ဆံရေး အဆင်ပြေ​လာပြီ” လို့ ပြောတယ်။

နူးညံ့​သိမ်မွေ့​မှု​က စိတ်​ငြိမ်သက်​စေတယ်။ နူးညံ့​သိမ်မွေ့​တာ၊ သင့်သင့်မြတ်မြတ် နေတတ်တာကို “အထက်​က​လာတဲ့ ဉာဏ်ပညာ” နဲ့ ကျမ်းစာမှာ ဆက်စပ်​ထားတယ်။ (ယာ. ၃:၁၃၊ ၁၇) နူးညံ့​သိမ်မွေ့​သူဟာ ‘စိတ်တည်ငြိမ်’ တယ်။ (ပညာ. ၁၄:၃၀) နူးညံ့​သိမ်မွေ့​မှု အရည်အသွေးကို ကြိုးစား​မွေးမြူ​နေတဲ့ မာတင်​က “အခု​ဆို ပို​အကျိုးသင့်အကြောင်းသင့် ရှိ​လာတယ်။ ဒေါသ​လည်း မကြီး​တော့​ဘူး။ ဒါကြောင့် ပို​စိတ်​ငြိမ်သက်​ပြီး ပို​ပျော်​လာတယ်” လို့ ပြောတယ်။

နူးညံ့​သိမ်မွေ့​တဲ့ စိတ်သဘော ရှိဖို့ ကြိုးစား​တိုက်လှန်​ရမယ်။ “ရိုးရိုးသားသား ပြော​ရ​ရင် အခုထိ တစ်ခါတလေ ဒေါသကြီး​မိ​တုန်း​ပဲ” လို့ ညီအစ်ကို​တစ်ယောက် ပြောတယ်။ ဒါပေမဲ့ နူးညံ့​သိမ်မွေ့​အောင် ကြိုးစားဖို့ ကျွန်တော်တို့ကို အားပေးနေ​တဲ့ ယေဟောဝါ​က ဒီ​တိုက်ပွဲ​မှာ အောင်မြင်​ဖို့ ကူညီ​ပေးမယ်။ (ဟေရှာ. ၄၁:၁၀။ ၁ တိ. ၆:၁၁) ကျွန်တော်တို့ကို “အပြည့်အဝ လေ့ကျင့်ပေး” ပြီး “ခွန်အား​ရှိစေမယ်။” (၁ ပေ. ၅:၁၀) ဒီလိုနဲ့ တမန်တော် ပေါလု​လို​ပဲ “ခရစ်တော်မှာ​ရှိတဲ့ နူးညံ့​သိမ်မွေ့​ခြင်း၊ ကြင်နာခြင်း” ကို ကျွန်တော်တို့ တင်ပြ​လာနိုင်​ပါလိမ့်မယ်။—၂ ကော. ၁၀:၁

^ အပိုဒ်၊ 2 အမည်​လွှဲ​များ။