မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၁

ဘုရားပေးလက်ဆောင်တွေအတွက် ကျေးဇူးတင်သလား

ဘုရားပေးလက်ဆောင်တွေအတွက် ကျေးဇူးတင်သလား

“ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေ၊အံ့ဖွယ်​အမှုတွေ၊ ကျွန်တော်တို့နဲ့​ပတ်သက်တဲ့ အကြံအစည်​တွေဟာ များပြား​လိုက်တာ။” —ဆာ. ၄၀:၅

သီချင်း ၅ ဘုရားသခင့် အံ့ဖွယ်အမှု​တော်​များ

အကြို​သုံးသပ်ချက် *

၁-၂။ ဆာလံ ၄၀:၅ အရ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်​လက်ဆောင်တွေ ပေးထား​သလဲ။ အဲဒါတွေ​အကြောင်း ဒီ​ဆောင်းပါး​မှာ ဘာကြောင့် ဆွေးနွေးကြမလဲ။

ယေဟောဝါဟာ ရက်ရောတဲ့​ဘုရား ဖြစ်တယ်။ ဘုရားပေး လက်ဆောင်​တချို့ကို စဉ်းစား​ကြည့်ပါ။ ထူးခြား​လှပတဲ့ ကမ္ဘာမြေ၊ အံ့ဖွယ်​ဒီဇိုင်း​နဲ့ ဦးနှောက်၊ အဖိုးတန် သမ္မာကျမ်းစာ​တို့ ဖြစ်တယ်။ အဲဒီ​လက်ဆောင် သုံးခု ပေးထားလို့ ကျွန်တော်တို့ နေစရာ နေရာ ရတယ်၊ တွေးခေါ်​ဆက်သွယ်​နိုင်တယ်၊ အရေးကြီးဆုံး မေးခွန်းတွေရဲ့ အဖြေကို ရတယ်။ဆာလံ ၄၀:၅ ကိုဖတ်ပါ။

ဒီ​ဆောင်းပါး​မှာ အဲဒီ​လက်ဆောင် သုံးခု​အကြောင်း အကျဉ်းချုပ် ဆွေးနွေး​သွားပါမယ်။ အဲဒါတွေကို ပို​တွေးတော​လေ မေတ္တာ​ရှိတဲ့ ဖန်ဆင်းရှင် ယေဟောဝါရဲ့ နှစ်သက်မှု ရ​လို​တဲ့ ဆန္ဒ ပို​တိုးများ​လေ ဖြစ်မယ်။ (ဗျာ. ၄:၁၁) မှားယွင်းတဲ့ ဆင့်ကဲ​အယူ​ကြောင့် လမ်းလွဲ​နေသူတွေကို​လည်း ပို​ထိရောက်​စွာ ကူညီပေး​နိုင်​ပါလိမ့်မယ်။

ထူးခြားတဲ့ ကမ္ဘာမြေ

၃။ ကမ္ဘာမြေဟာ ဘာကြောင့် ထူးခြား​သလဲ။

ကမ္ဘာ့​စံအိမ်ကို တည်ဆောက်​ထား​ပုံ​မှာ ဘုရားသခင့် ဉာဏ်ပညာ​ကို အထင်အရှား တွေ့မြင်​ရတယ်။ (ရော. ၁:၂၀။ ဟီ. ၃:၄) နေကို လှည့်ပတ်​နေတဲ့ တခြား​ဂြိုဟ်​တွေ ရှိပေမဲ့ ကမ္ဘာဂြိုဟ်​ဟာ လူ့​အသက်ကို ထောက်မ​ပေးဖို့ အဘက်ဘက်က​နေ ပြည့်စုံတဲ့​အတွက် ထူးခြားတဲ့ ဂြိုဟ်​ဖြစ်တယ်။

၄။ ကမ္ဘာမြေကို ပုံစံပြုထား​ပုံ​မှာ ဘုရားသခင့် ဉာဏ်ပညာ​ကို ဘယ်လို တွေ့မြင်​ရသလဲ။ ဥပမာ​ပေးပါ။

ကမ္ဘာမြေဟာ ကျယ်ပြော​လှတဲ့ ပင်လယ်ပြင်​ထဲ မျောနေတဲ့ သင်္ဘော​နဲ့ တူတယ်။ ဒါပေမဲ့ လူ​အပြည့် တင်ထားတဲ့ လူ​လုပ်​သင်္ဘော​နဲ့ ကမ္ဘာမြေမှာ ကွာခြားချက်​တွေ ရှိတယ်။ ဥပမာ၊ အောက်ဆီဂျင်၊ ရေ၊ အစားအစာကို ကိုယ့်ဘာသာကိုယ် ထုတ်လုပ်​ရမယ်၊ စွန့်ပစ်​ပစ္စည်းတွေကို ရေ​ထဲ စွန့်ပစ်​လို့ မရဘူး​ဆိုရင် သင်္ဘော​ပေါ်​က လူတွေ ဘယ်လောက်​ကြာကြာ အသက်ရှင်​နိုင်မှာလဲ။ မကြာခင် သေဆုံး​သွားမှာပဲ။ ကမ္ဘာမြေ​ကတော့ သက်ရှိ သန်းပေါင်း​များစွာကို ထောက်ပံ့​ပေးဖို့ အောက်ဆီဂျင်၊ အစားအစာ၊ ရေ​တွေ ထုတ်လုပ်​ပေးတယ်။ အဲဒီ​အထောက်အပံ့​တွေ ကုန်​သွားတာမျိုး မရှိဘူး။ စွန့်ပစ်​ပစ္စည်းတွေကိုလည်း အာကာသ​ထဲ စွန့်ပစ်ဖို့ မလိုဘူး။ ဒါတောင် ကမ္ဘာမြေဟာ လှပ​ဆဲ၊ နေထိုင်​လို့ ရ​နေဆဲပဲ။ ဘာကြောင့်လဲ။ ယေဟောဝါ​က စွန့်ပစ်​ပစ္စည်းတွေကို ပြန်လည်​အသုံးချ​နိုင်တဲ့​အစွမ်း​နဲ့ ကမ္ဘာမြေကို ပုံစံပြုထား​လို့​ပဲ။ အောက်ဆီဂျင် သံသရာ​နဲ့ ရေ သံသရာ​က ယေဟောဝါရဲ့ ဉာဏ်ပညာ​ကို ဘယ်လို ဖော်ပြ​ကြောင်း ဆွေးနွေး​ကြရအောင်။

၅။ အောက်ဆီဂျင် သံသရာ​ဆိုတာ ဘာလဲ။ ဘာကို အတည်ပြု​ပေး​သလဲ။

အောက်ဆီဂျင်ဟာ အသက်ကို ထောက်ပံ့​ပေးနိုင်တဲ့ ဓာတ်ငွေ့ ဖြစ်တယ်။ ခန့်မှန်းချက်​တစ်ခု​အရ ကျွန်တော်တို့ အပါအဝင် သက်ရှိ​တချို့ဟာ နှစ်စဉ် အောက်ဆီဂျင် တန်ချိန် သန်း​ထောင်ပေါင်း​များစွာ ရှူရှိုက်​ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ထုတ်​ကြတယ်။ ဒါပေမဲ့ အောက်ဆီဂျင် ကုန်​သွားတာ၊ စွန့်ထုတ်​လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လေထု​ထဲ ပြည့်ကျပ်​သွားတာမျိုး မရှိဘူး။ ဘာကြောင့်လဲ​ဆိုတော့ ယေဟောဝါ ဖန်ဆင်း​ထားတဲ့ သစ်ပင် အရွယ်အစား မျိုးစုံ​က ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူ​ပြီး အောက်ဆီဂျင်​ကို ပြန်​ထုတ်ပေး​လို့​ပဲ။ ‘ဘုရားသခင်ဟာ လူအားလုံးကို အသက်နဲ့ ထွက်သက်​ဝင်​သက်​ကို ပေးတယ်’ ဆိုတဲ့ တမန်တော် ၁၇:၂၄၊ ၂၅ မှန်ကန်ကြောင်း အောက်ဆီဂျင် သံသရာ​က အတည်ပြု​ပေးတယ်။

၆။ ရေသံသရာ​ဆိုတာ ဘာလဲ။ ဘာ​ပေါ်လွင်​ထင်ရှား​သလဲ။ (“ ယေဟောဝါ​ပေးတဲ့ လက်ဆောင် ရေသံသရာ” လေးထောင့်ကွက်​ကိုလည်း ကြည့်ပါ။)

ကမ္ဘာမြေဟာ နေ​နဲ့ အ​လော​တော် အကွာအဝေး​မှာ ရှိတဲ့​အတွက် ရေဟာ အရည်​အဖြစ် ကမ္ဘာပေါ်မှာ ရှိနေတယ်။ နေ​နဲ့​သာ အခု​ထက် နည်းနည်းလေး ပို​နီး​ရင် ရေ​အားလုံး အငွေ့ပျံ​ပြီး ကမ္ဘာဟာ ပူပြင်း​ခြောက်သွေ့​သွားမယ်။ ဘယ်​သက်ရှိ​မှ ရှင်သန်​နိုင်မှာ မဟုတ်ဘူး။ နေ​နဲ့​သာ အခု​ထက် နည်းနည်းလေး ပို​ဝေး​ရင် ရေ​အားလုံး အေးခဲ​ပြီး ကမ္ဘာဟာ ရေခဲတုံးကြီး ဖြစ်နေ​လိမ့်မယ်။ ယေဟောဝါဟာ ကမ္ဘာကို အကောင်းဆုံး နေရာမှာ ထားတဲ့​အတွက် ရေသံသရာ​အားဖြင့် သက်ရှိတွေ ရှင်သန်​နိုင်တယ်။ နေဟာ ပင်လယ်နဲ့ ကမ္ဘာပေါ်​က ရေ​တွေကို အငွေ့ပျံ​စေတယ်။ အငွေ့ပျံ​သွားတဲ့ ရေ​တွေဟာ တိမ်​တွေ ဖြစ်သွားတယ်။ နှစ်​တိုင်း နေဟာ ရေ​ကုဗမိုင် ၁၂၀,၀၀၀ နီးပါး​ကို အငွေ့ပျံ​စေတယ်။ အဲဒီ​ရေဟာ ဆယ်ရက်​လောက် ကြာ​မှ မိုး ဒါမှမဟုတ် နှင်း​အဖြစ် ရွာ​ချတယ်။ နောက်ဆုံး ပင်လယ်ထဲ ပြန်ရောက်​ပြီး သံသရာ တစ်ပတ်လည်​သွားတယ်။ ယေဟောဝါရဲ့ ဉာဏ်ပညာနဲ့ တန်ခိုး ပေါ်လွင်​ထင်ရှားတယ်။—ယောဘ ၃၆:၂၇၊ ၂၈။ ဒေ. ၁:၇

၇။ ဆာလံ ၁၁၅:၁၆ မှာ ဖော်ပြ​ထားတဲ့ လက်ဆောင်​အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြ​နိုင်တဲ့ နည်း​တချို့က ဘာတွေလဲ။

အံ့ဖွယ်​ကမ္ဘာမြေ​နဲ့ အထောက်အပံ့ အားလုံး​အတွက် ကျေးဇူးတင်စိတ် ဘယ်လို တိုးများ​စေနိုင်သလဲ။ (ဆာလံ ၁၁၅:၁၆ ကိုဖတ်ပါ။) တစ်နည်း​ကတော့ ယေဟောဝါ ပြုလုပ်ပေး​ထားတာတွေကို တွေးတော​ဆင်ခြင်ခြင်း​ပါပဲ။ ဒါက ယေဟောဝါ ပေးထားတဲ့ ကောင်းမွန်​ရာတွေ​အတွက် နေ့တိုင်း ကျေးဇူးတင်ဖို့ လှုံ့ဆော်​ပေးပါလိမ့်မယ်။ ကိုယ့်​ဝန်းကျင်​ကို အတတ်နိုင်ဆုံး သန့်ရှင်း​အောင် ထားခြင်း​အားဖြင့်လည်း ကမ္ဘာမြေ​အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်တယ်။

ထူးခြားတဲ့ ဦးနှောက်

၈။ ဦးနှောက်​ဟာ အံ့ဖွယ် အင်ဂျင်နီယာ ဒီဇိုင်း ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

လူ့​ဦးနှောက်​ဟာ အံ့ဖွယ် အင်ဂျင်နီယာ ဒီဇိုင်း​ပါပဲ။ မိခင်​ဝမ်း​ထဲ သင် ရှိ​စဉ်​မှာ ဦးနှောက်​ဟာ ဒီဇိုင်းဆွဲ​ထားပြီး​သား ပုံစံ​အတိုင်း ဖွံ့ဖြိုး​လာတယ်။ မိနစ်​တိုင်း ဦးနှောက်​ဆဲလ်​အသစ် ထောင်ပေါင်း​များစွာ ဖြစ်ပေါ်​တယ်။ လူကြီး​တစ်ယောက်ရဲ့ ဦးနှောက်​မှာ နျူရွန်လို့​ခေါ်တဲ့ အထူး​ဆဲလ် ဘီလီယံ ၁၀၀ နီးပါး ရှိတယ်လို့ ပညာရှင်​တွေ ခန့်မှန်း​ကြတယ်။ ၃.၃ ပေါင်​လောက် ရှိတဲ့ ဦးနှောက်ကို အဲဒီ​ဆဲလ်​တွေ​နဲ့ ဖွဲ့စည်း​ထားတယ်။ ဦးနှောက်ရဲ့ အံ့ဖွယ်​စွမ်းရည်​တချို့ကို စဉ်းစား​ကြည့်ပါ။

၉။ စကား​ပြောနိုင်စွမ်း​ဟာ ဘုရားပေး လက်ဆောင် ဖြစ်ကြောင်း ဘာက သက်သေထူ​သလဲ။

စကား​ပြောနိုင်စွမ်း​ဟာ အံ့ဖွယ်​ပါပဲ။ စကား​တစ်ခွန်း ပြောလိုက်​တိုင်း လျှာ၊ လည်ချောင်း၊ နှုတ်ခမ်း၊ မေးရိုး၊ ရင်ဘတ် ကြွက်သား ၁၀၀ လောက်​ကို ဦးနှောက်​က ထိန်းညှိ​ပေးတယ်။ စကားလုံးတွေကို ရှင်းလင်း​ပြတ်သား​စွာ ပြောနိုင်ဖို့ အဲဒီ​ကြွက်သား​အားလုံး အချိန်ကိုက် လှုပ်ရှား​ကြရတယ်။ ဘာသာစကား ပြောဆိုနိုင်စွမ်း​နဲ့​ပတ်သက်ပြီး ၂၀၁၉ လေ့လာမှု​တစ်ခု​အရ မွေးကင်းစ ကလေးတွေဟာ စကားလုံးတွေကို မှတ်မိ​ပြီး တုံ့ပြန်​နိုင်ကြောင်း တွေ့ရတယ်။ ဒီ​တွေ့ရှိချက်​က လူသားတွေဟာ မွေး​ကတည်းက ဘာသာစကား​တွေကို မှတ်မိ​ပြီး သင်ယူနိုင်စွမ်း ရှိတယ်ဆိုတဲ့ ပညာရှင်​တွေ လက်ခံ​ထားပြီး​သား အချက်ကို အတည်ပြု​ပေးတယ်။ စကား​ပြောနိုင်စွမ်း​ဟာ ဘုရားပေး လက်ဆောင်ပါပဲ။—ထွ. ၄:၁၁

၁၀။ ဘုရား​ပေးတဲ့ စကား​ပြောနိုင်စွမ်း လက်ဆောင်​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

၁၀ စကား​ပြောနိုင်စွမ်း လက်ဆောင်​အတွက် ကျေးဇူးတင်ကြောင်း ပြ​နိုင်တဲ့ တစ်နည်း​ကတော့ ဖန်ဆင်းရှင်ကို ကျွန်တော်တို့ ဘာကြောင့် ယုံကြည်​ကြောင်း ဆင့်ကဲဝါဒီ​တွေကို ရှင်းပြ​ခြင်း​ပါပဲ။ (ဆာ. ၉:၁။ ၁ ပေ. ၃:၁၅) ကမ္ဘာမြေ​နဲ့ ကမ္ဘာပေါ်​က သက်ရှိ​အားလုံးဟာ မတော်တဆ ဖြစ်လာတာလို့ ဆင့်ကဲဝါဒီ​တွေ ပြော​ကြတယ်။ ကျမ်းစာနဲ့ ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ထားတဲ့ အချက်တချို့ကို သုံးပြီး ကောင်းကင်ဖခင်​အကြောင်း ကျွန်တော်တို့ ခုခံ​ပြောဆို​နိုင်တယ်။ ယေဟောဝါဟာ ကောင်းကင်၊ မြေကြီး ဖန်ဆင်းရှင် ဖြစ်တယ်လို့ ကျွန်တော်တို့ ဘာကြောင့် ယုံကြည်​ကြောင်း နားထောင်​လိုသူတွေကို ရှင်းပြ​နိုင်တယ်။—ဆာ. ၁၀၂:၂၅။ ဟေရှာ. ၄၀:၂၅၊ ၂၆

၁၁။ ဦးနှောက်​ဟာ အံ့ဖွယ် ဖြစ်တယ်လို့ ပြောနိုင်တဲ့ အကြောင်းရင်း တစ်ခုက ဘာလဲ။

၁၁ မှတ်မိ​နိုင်စွမ်း​ဟာ အံ့ဖွယ်​ပါပဲ။ လူ့​ဦးနှောက်​ဟာ စာအုပ် သန်း ၂၀ နဲ့ ညီမျှ​တာတွေကို မှတ်မိ​နိုင်စွမ်း ရှိတယ်လို့ အရင်က စာရေး​ဆရာ​တစ်ယောက် ခန့်မှန်း​ခဲ့တယ်။ အခုတော့ မှတ်မိ​နိုင်စွမ်း​ဟာ အဲဒီထက်​ပို​တယ်လို့ ယူဆကြတယ်။ မှတ်မိ​နိုင်စွမ်း​ကြောင့် ကျွန်တော်တို့ ဘာတွေ လုပ်နိုင်သလဲ။

၁၂။ သင်ခန်းစာ ယူ​နိုင်စွမ်း​က လူသားတွေနဲ့ တိရစ္ဆာန်တွေကို ဘယ်လို ကွာခြားစေ​သလဲ။

၁၂ ကမ္ဘာပေါ်​က သက်ရှိ​အားလုံး​ထဲမှာ လူတွေပဲ အတိတ်​ဖြစ်ရပ်တွေကို မှတ်မိ​နိုင်စွမ်း၊ ဆန်းစစ်​နိုင်စွမ်း၊ သင်ခန်းစာ ယူ​နိုင်စွမ်း ရှိတယ်။ ဒါကြောင့် ကိုယ်ကျင့်တရား စံနှုန်းတွေ ပို​ကောင်း​လာပြီး အတွေးအခေါ်၊ အသက်ရှင်နေ​ထိုင်​ပုံကို ပြောင်းလဲ​နိုင်တယ်။ (၁ ကော. ၆:၉-၁၁။ ကော. ၃:၉၊ ၁၀) အမှားအမှန် ခွဲခြား​တတ်ဖို့ သိစိတ်ကို လေ့ကျင့်ပေး​နိုင်တယ်။ (ဟီ. ၅:၁၄) မေတ္တာ၊ ထောက်ထား​စာနာမှု၊ ကရုဏာ၊ တရား​မျှတမှု ပြဖို့ သင်ယူနိုင်တယ်။

၁၃။ ဆာလံ ၇၇:၁၁၊ ၁၂ အရ မှတ်မိ​နိုင်စွမ်း လက်ဆောင်​ကို ဘယ်လို သုံးသင့်​သလဲ။

၁၃ မှတ်မိ​နိုင်စွမ်း လက်ဆောင်​အတွက် ကျေးဇူးတင်ကြောင်း ပြ​နိုင်တဲ့ တစ်နည်း​ကတော့ ယေဟောဝါ အရင်က ကူညီ၊ နှစ်သိမ့်​ပေးခဲ့​တာတွေကို အမြဲ အမှတ်ရနေ​ခြင်း​ပါပဲ။ ဒါက အနာဂတ်မှာလည်း ဘုရား ကူညီ​ပေးမယ်​ဆိုတာ ယုံကြည်​စိတ်ချ​စေတယ်။ (ဆာလံ ၇၇:၁၁၊ ၁၂ ကိုဖတ်ပါ။ ၇၈:၄၊ ) နောက်​တစ်နည်း​ကတော့ တခြားသူတွေ လုပ်ပေးတဲ့ ကောင်းမွန်​ရာတွေကို မှတ်မိ​နေခြင်း၊ ကျေးဇူးတင်​နေခြင်း ဖြစ်တယ်။ ကျေးဇူးတင်​တတ်​သူတွေဟာ ပို​ပျော်ရွှင်​ကြောင်း ပညာရှင်​တွေ တွေ့ရှိခဲ့တယ်။ ကိစ္စ​တချို့ကို မေ့​ပစ်​ရာ​မှာလည်း ယေဟောဝါကို တုပ​သင့်တယ်။ ဥပမာ၊ ယေဟောဝါမှာ ပြည့်ဝ​စုံလင်တဲ့ မှတ်ဉာဏ်​ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောင်တ​ရတဲ့အခါ အမှားတွေကို ခွင့်လွှတ်​ပြီး မေ့ပျောက်​ပေးတယ်။ (ဆာ. ၂၅:၇။ ၁၃၀:၃၊ ၄) တခြားသူတွေ ကျွန်တော်တို့ကို စိတ်​ထိခိုက်အောင် လုပ်ပြီး အမှား​အတွက် နောင်တ​ရတဲ့အခါ ခွင့်လွှတ်​ရမယ်။ ယေဟောဝါ အဲဒီလိုပဲ လုပ်​စေချင်တယ်။—မ. ၆:၁၄။ လု. ၁၇:၃၊ ၄

ယေဟောဝါကို ဂုဏ်တင်ဖို့ ဦးနှောက်ကို သုံး​ခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ပြ​နိုင် (စာပိုဒ် ၁၄ ကို​ကြည့်ပါ) *

၁၄။ အံ့ဖွယ်​လက်ဆောင်​ ဦးနှောက်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

၁၄ ဖန်ဆင်းရှင်ကို ဂုဏ်တင်ဖို့ ဦးနှောက်ကို သုံး​ခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ပြ​နိုင်တယ်။ လူ​တချို့က ကိုယ်ကျိုး​အတွက်၊ ကိုယ်ပိုင် အမှားအမှန်​စံနှုန်း သတ်မှတ်​ဖို့​ ဦးနှောက်ကို သုံး​ကြတယ်။ ဒါပေမဲ့ ယေဟောဝါ ဖန်ဆင်း​ထားတဲ့ ဦးနှောက်ကို သုံးပြီး သတ်မှတ်​တဲ့ စံနှုန်းတွေဟာ ဘုရား​စံနှုန်းတွေ​ထက် ပို​ကောင်း​နိုင်​ပါ့မလား။ (ရော. ၁၂:၁၊ ၂) ဘုရား​စံနှုန်း​အတိုင်း အသက်ရှင်​ရင် ဘဝ ငြိမ်းချမ်း​မယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ဖန်ဆင်းရှင် ဖခင်​ကို ဂုဏ်တင်​ပြီး စိတ်ရွှင်လန်း​စေတဲ့​အတွက် ဘဝ​ရည်ရွယ်ချက် အစစ်အမှန် ရှိလာမယ်။—ပညာ. ၂၇:၁၁

ထူးခြားတဲ့ လက်ဆောင် ကျမ်းစာ

၁၅။ ကျမ်းစာ လက်ဆောင်ဟာ လူတွေ​အပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို ဘယ်လို ဖော်ပြသလဲ။

၁၅ ကျမ်းစာဟာ ဘုရားဆီက မေတ္တာ​လက်ဆောင် ဖြစ်တယ်။ မြေကြီးပေါ်​က သားသမီးတွေကို အလွန်​ဂရုစိုက်​တဲ့​အတွက် ကျမ်းစာ ရေးသား​ဖို့ လူတချို့ကို သန့်ရှင်းသော စွမ်းအားတော်​နဲ့ လမ်းညွှန်​ခဲ့တယ်။ ယေဟောဝါ​က ကျမ်းစာက​တစ်ဆင့် အရေးကြီးဆုံး မေးခွန်းတွေကို ဖြေပေး​တယ်။ ဥပမာ၊ လူသားတွေ ဘယ်က ဖြစ်လာတာလဲ၊ ဘဝ​ရည်ရွယ်ချက်​က ဘာလဲ၊ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ​စတဲ့ မေးခွန်းတွေ ဖြစ်တယ်။ အဲဒီ​မေးခွန်းတွေရဲ့ အဖြေကို သိစေချင်​တဲ့​အတွက် ရာစုနှစ်​တစ်လျှောက် ကျမ်းစာကို ဘာသာစကား​များစွာနဲ့ ဘာသာပြန်​စေခဲ့တယ်။ ဒီနေ့​ခေတ်မှာ တစ်အုပ်လုံး​ကို​ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း​ကို​ဖြစ်စေ ဘာသာစကား ၃၀၀၀ ကျော်နဲ့ ရရှိ​နိုင်ပြီ။ ကျမ်းစာဟာ သမိုင်း​တစ်လျှောက် ဘာသာ အပြန်​ရ​ဆုံး၊ အထုတ်​ဝေ​ရ​ဆုံး စာအုပ် ဖြစ်တယ်။ လူတွေ ဘယ်မှာ​ပဲ နေ​နေ၊ ဘယ်​ဘာသာစကား​ပဲ ပြောပြော အများစုက ကျမ်းစာ​သတင်းစကားကို မိခင်​ဘာသာစကားနဲ့ သင်ယူ​နိုင်ပြီ။—“ အာဖရိက ဘာသာစကားတွေနဲ့ ကျမ်းစာ ထုတ်ဝေခြင်း” လေးထောင့်ကွက်​ကို ကြည့်ပါ။

၁၆။ မဿဲ ၂၈:၁၉၊ ၂၀ အရ ကျမ်းစာ​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

၁၆ ကျမ်းစာ နေ့တိုင်း ဖတ်​ခြင်း၊ တွေးတော​ဆင်ခြင်ခြင်း၊ လက်တွေ့​ကျင့်သုံးခြင်း​အားဖြင့် ကျမ်းစာ​အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြ​နိုင်တယ်။ ကျမ်းစာ​သတင်းစကားကို လူများ​နိုင်သမျှ များများ ကြား​အောင် ဝေမျှခြင်း​အားဖြင့်လည်း ကျေးဇူးတင်ကြောင်း ပြ​နိုင်တယ်။—ဆာ. ၁:၁-၃။ မ. ၂၄:၁၄။ မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။

၁၇။ ဒီ​ဆောင်းပါး​မှာ ဘယ်​လက်ဆောင်တွေ​အကြောင်း လေ့လာ​ခဲ့သလဲ။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

၁၇ ဒီ​ဆောင်းပါး​မှာ ဘုရားပေး လက်ဆောင်တွေ ဖြစ်တဲ့ ကမ္ဘာ့​စံအိမ်၊ အံ့ဖွယ်​ဒီဇိုင်း​နဲ့ ဦးနှောက်၊ သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာအကြောင်း လေ့လာ​ခဲ့တယ်။ မျက်စိ​နဲ့ မမြင်နိုင်တဲ့ လက်ဆောင်တွေ​လည်း ယေဟောဝါ ပေးထား​သေးတယ်။ နောက်​ဆောင်းပါး​မှာ အဲဒီ​လက်ဆောင်တွေ​အကြောင်း ဆွေးနွေးပါမယ်။

သီချင်း ၁၂ ကြီးမြတ်သော​ဘုရား ယေဟောဝါ

^ အပိုဒ်၊ 5 ဒီ​ဆောင်းပါး​က ယေဟောဝါ​ဘုရားနဲ့ ဘုရားပေး လက်ဆောင် သုံးခု​အတွက် ကျေးဇူးတင်​လေးမြတ်စိတ် တိုးများ​စေပါလိမ့်မယ်။ ဘုရား ရှိတာကို သံသယ​ဖြစ်နေ​သူတွေနဲ့ ကျိုးကြောင်း​ဆင်ခြင်​နိုင်ဖို့​လည်း ကူညီ​ပေးပါလိမ့်မယ်။

^ အပိုဒ်၊ 64 ပုံ​အညွှန်း– ပြောင်းရွှေ့​လာ​သူတွေကို ကျမ်းစာ အမှန်တရား သင်ပေး​နိုင်ဖို့ ညီအစ်မ​တစ်ယောက် ဘာသာခြား​စကား သင်ယူ​နေ။