မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၂

မမြင်နိုင်တဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ကြောင်း ပြပါ

မမြင်နိုင်တဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ကြောင်း ပြပါ

“မမြင်နိုင်တဲ့​အရာတွေကို . . . အာရုံစိုက်​ကြ [ပါ]။ မြင်နိုင်တဲ့​အရာတွေ​ဟာ တစ်ခဏ​သာ တည်တံ့​ပြီး မမြင်နိုင်တဲ့​အရာတွေ​ကတော့ ထာဝရ တည်တံ့​လို့​ပဲ။”—၂ ကော. ၄:၁၈

သီချင်း ၄၅ ကျွန်တော့်​နှလုံး​အကြံအစည်

အကြို​သုံးသပ်ချက် *

၁။ ကောင်းကင်​ဘဏ္ဍာ​အကြောင်း ယေရှု ဘာ​ပြောသလဲ။

လက်ဆောင်တွေ​ထဲမှာ မမြင်နိုင်တဲ့ လက်ဆောင်တွေ​လည်း ရှိတယ်။ တကယ်တော့ တန်ဖိုး​အကြီးဆုံး လက်ဆောင်တွေကို မမြင်​နိုင်ဘူး။ ရုပ်ပစ္စည်း​ပိုင်ဆိုင်မှု​ထက် များစွာ သာလွန်​တဲ့ ကောင်းကင်​ဘဏ္ဍာ​အကြောင်း တောင်ပေါ်​တရားတော်​မှာ ယေရှု ဖော်ပြခဲ့တယ်။ “ကိုယ့်​ဘဏ္ဍာ​ရှိတဲ့ နေရာမှာ ကိုယ့်​စိတ် ရောက်​နေတတ်တယ်” လို့ ဆက်ပြောတယ်။ (မ. ၆:၁၉-၂၁) လူတွေက ကိုယ်​တန်ဖိုး​ထားတဲ့ အရာတွေကို ပိုင်ဆိုင်​ဖို့ ကြိုးစား​ကြတယ်။ ကျွန်တော်တို့​ကတော့ ဘုရားသခင်ရှေ့ နာမည်ကောင်း ရဖို့ ကြိုးစားခြင်း​အားဖြင့် “ကောင်းကင်​ဘဏ္ဍာ” ကို စုဆောင်း​ကြတယ်။ ယေရှု ရှင်းပြ​သလိုပဲ အဲဒီ​ဘဏ္ဍာ​ကို ဖျက်ဆီး​လို့၊ ခိုးလို့ မရဘူး။

၂။ (က) ၂ ကောရိန္သု ၄:၁၇၊ ၁၈ မှာ ဘာကို အာရုံစိုက်​ဖို့ ပေါလု တိုက်တွန်း​သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း လေ့လာ​မလဲ။

‘မမြင်နိုင်တဲ့​အရာတွေကို အာရုံစိုက်’ ဖို့ တမန်တော် ပေါလု တိုက်တွန်း​တယ်။ (၂ ကောရိန္သု ၄:၁၇၊ ၁၈ ကိုဖတ်ပါ။) မမြင်နိုင်တဲ့​အရာတွေ​ထဲမှာ ကမ္ဘာသစ် ကောင်းချီးတွေ ပါဝင်တယ်။ အခု​ကတည်းက ကျွန်တော်တို့ကို အကျိုးပြု​နေတဲ့ မမြင်နိုင်တဲ့ လက်ဆောင် လေးခု​အကြောင်း ဒီ​ဆောင်းပါး​မှာ လေ့လာ​သွားပါမယ်။ အဲဒါတွေကတော့ ဘုရားနဲ့ မိတ်ဆွေ​ဖြစ်ခွင့်၊ ဆုတောင်းခွင့်၊ သန့်ရှင်းသော စွမ်းအားတော် အကူအညီ၊ အမှုဆောင်​လုပ်ငန်းမှာ ကောင်းကင်က ရတဲ့ ထောက်မမှု​တို့ ဖြစ်တယ်။ မမြင်နိုင်တဲ့ အဲဒီ​လက်ဆောင်တွေ​အတွက် ကျေးဇူးတင်ကြောင်း ပြနိုင်ပုံ​ကိုလည်း သုံးသပ်​ကြပါမယ်။

ယေဟောဝါနဲ့ မိတ်ဆွေ​ဖြစ်ခွင့်

၃။ မမြင်နိုင်တဲ့ တန်ဖိုး​အကြီးဆုံး လက်ဆောင်​က ဘာလဲ။ ဘယ်လိုနည်းနဲ့ ရနိုင်သလဲ။

မမြင်နိုင်တဲ့ တန်ဖိုး​အကြီးဆုံး လက်ဆောင်​ကတော့ ယေဟောဝါနဲ့ မိတ်ဆွေ​ဖြစ်ခွင့်​ပါပဲ။ (ဆာ. ၂၅:၁၄) ဘုရားသခင်ဟာ အပြစ်​ရှိတဲ့ လူသားတွေနဲ့ မိတ်ဖွဲ့​ရင်း​နဲ့​တောင် ဘယ်လို ဆက်​သန့်ရှင်း​နေနိုင်သလဲ။ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ​က “ဒီ​လောကရဲ့ အပြစ်ကို ဖယ်ရှား​ပေး” လို့​ပဲ။ (ယော. ၁:၂၉) လူသားတွေကို ကယ်တင်ဖို့ သေတဲ့အထိ ယေရှု သစ္စာ​ရှိမယ်​ဆိုတာ ယေဟောဝါ ကြိုသိ​တယ်။ ဒါကြောင့် ခရစ်တော် မတိုင်ခင်​မှာ အသက်ရှင်ခဲ့သူတွေ​နဲ့​တောင် ဘုရား မိတ်ဖွဲ့​ခဲ့တယ်။—ရော. ၃:၂၅

၄။ ခရစ်ယာန်ခေတ် မတိုင်ခင်​က ဘုရားနဲ့ မိတ်ဆွေ​ဖြစ်ခဲ့​သူ တချို့ကို ဥပမာ​ပေးပါ။

ခရစ်ယာန်ခေတ် မတိုင်ခင်​က ဘုရားရဲ့ မိတ်ဆွေ​တချို့​အကြောင်း သုံးသပ်​ကြည့်ပါ။ အာဗြဟံဟာ ယုံကြည်ခြင်း ခိုင်မာ​သူ ဖြစ်တယ်။ အာဗြဟံ သေဆုံး​ပြီး နှစ်ပေါင်း ၁,၀၀၀ ကျော်​မှာ သူ့ကို ယေဟောဝါ​က “ငါ့​မိတ်ဆွေ” လို့ ခေါ်ခဲ့တယ်။ (ဟေရှာ. ၄၁:၈) ဒါကြောင့် သေခြင်းက​တောင် ယေဟောဝါနဲ့ ရင်းနှီးမှု​နှောင်ကြိုး​ကို မပြတ်တောက်​စေနိုင်​ဘူး။ ယေဟောဝါရဲ့ မှတ်ဉာဏ်​ထဲမှာ အာဗြဟံ အသက်ရှင်နေ​ဆဲ​ပဲ။ (လု. ၂၀:၃၇၊ ၃၈) နောက်​တစ်ယောက်ကတော့ ယောဘ။ ကောင်းကင်တမန် အစုအဝေး​ရှေ့မှာ ယောဘ​အကြောင်း ယုံကြည်​စိတ်ချမှု အပြည့်​နဲ့ ယေဟောဝါ ပြောခဲ့တယ်။ ယောဘ​ကို “ရိုး​ဖြောင့်​သူ၊ သမာဓိ​ရှိသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်​တဲ့​သူ” လို့ ခေါ်တယ်။ (ယောဘ ၁:၆-၈) အယူမှား တိုင်းပြည်မှာ နှစ်ပေါင်း ၈၀ လောက် သစ္စာရှိ​ရှိ အမှုဆောင်ခဲ့တဲ့ ဒံယေလ​နဲ့​ပတ်သက်​ရင်​ကော ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။ အသက်ကြီးသူ ဒံယေလဟာ ဘုရား “သိပ်​တန်ဖိုး​ထားရတဲ့​သူ” ဖြစ်တယ်လို့ ကောင်းကင်တမန်တွေ သုံးကြိမ် ပြောခဲ့တယ်။ (ဒံ. ၉:၂၃။ ၁၀:၁၁၊ ၁၉) ယေဟောဝါဟာ သေလွန်​သွားတဲ့ ချစ်​မိတ်ဆွေတွေကို ထမြောက်​ပေးချင်​စိတ် ပြင်းပြ​နေတယ်​ဆိုတာ ကျွန်တော်တို့ စိတ်ချ​နိုင်ပါတယ်။—ယောဘ ၁၄:၁၅

မမြင်နိုင်တဲ့ လက်ဆောင်တွေ​အတွက် ကျေးဇူးတင်ကြောင်း ပြ​နိုင်တဲ့ နည်းလမ်း​တချို့က ဘာတွေလဲ (စာပိုဒ် ၅ ကို​ကြည့်ပါ) *

၅။ ယေဟောဝါနဲ့ မိတ်ဆွေ​ဖြစ်ဖို့ ဘာလိုအပ်​သလဲ။

ဒီနေ့ မစုံလင်တဲ့ လူသား ဘယ်​နှယောက် ယေဟောဝါနဲ့ မိတ်ဆွေ​ဖြစ်ခွင့် ရ​နေကြ​သလဲ။ သန်းနဲ့​ချီ ရှိတယ်။ ကမ္ဘာတစ်ဝန်းမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးများ​စွာ​ဟာ ဘုရား​မိတ်ဆွေ ဖြစ်ချင်​ကြောင်း လုပ်ရပ်​နဲ့ သက်သေပြ​နေကြတယ်။ ယေဟောဝါ​က ‘ရိုး​ဖြောင့်​သူကို ခင်မင်​ရင်းနှီးတယ်။’ (ပညာ. ၃:၃၂) ကျွန်တော်တို့ဟာ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ​ကြောင့်​သာ ယေဟောဝါနဲ့ မိတ်ဆွေ​ဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်းခံ​နိုင်တယ်။ ဒီ​နည်း​အားဖြင့် စကြဝဠာမှာ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်​နဲ့ “ခင်မင်​ရင်းနှီး” နေတဲ့ ဆက်ကပ်​အပ်နှံ နှစ်ခြင်းခံ​ပြီးသား ခရစ်ယာန် သန်းပေါင်း​များစွာ​ထဲမှာ ကျွန်တော်တို့ ပါဝင်​နေကြတယ်။

၆။ ဘုရားနဲ့ မိတ်ဆွေ​ဖြစ်ခွင့်​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

ဘုရားနဲ့ မိတ်ဆွေ​ဖြစ်ခွင့်​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။ နှစ်​တစ်​ရာ​ကျော် ဘုရား​အပေါ် သစ္စာ​စောင့်သိ​ခဲ့​တဲ့ အာဗြဟံ၊ ယောဘ​တို့​လို​ပဲ ကျွန်တော်တို့လည်း ယေဟောဝါ​အတွက် အမှုဆောင်တာ ဘယ်လောက်​ပဲ ကြာနေ​ပါစေ ဆက်သစ္စာ​ရှိရမယ်။ ဒံယေလ​လို​ပဲ ဘုရားနဲ့ ဆက်ဆံရေးကို အသက်​ထက် ပို​တန်ဖိုးထား​ရမယ်။ (ဒံ. ၆:၇၊ ၁၀၊ ၁၆၊ ၂၂) ယေဟောဝါရဲ့ အကူအညီ​ကြောင့် ဘယ်​အခက်အခဲ​ကို​မဆို ခံရပ်နိုင်​ပြီး ဘုရားနဲ့ ဆက်​ရင်းနှီး​နေနိုင်​ပါလိမ့်မယ်။—ဖိ. ၄:၁၃

ဆုတောင်းခွင့်

၇။ (က) ပညာအလိမ္မာ ၁၅:၈ အရ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို သဘောထား​သလဲ။ (ခ) ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို အဖြေပေး​သလဲ။

မမြင်နိုင်တဲ့ နောက်​လက်ဆောင်​တစ်ခုကတော့ ဆုတောင်း​ခွင့်​ပါပဲ။ ရင်းနှီးတဲ့ မိတ်ဆွေတွေဟာ ကိုယ့်​အတွေး၊ ခံစားချက်တွေကို အချင်းချင်း ဝေမျှ​ကြတယ်။ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး​မှာ​ကော အဲဒီလိုပဲ​လား။ အဲဒီလို​ပါပဲ။ ယေဟောဝါ​က ကျမ်းစာက​တစ်ဆင့် ကျွန်တော်တို့ကို စကား​ပြောတယ်။ မိမိရဲ့ အတွေး၊ ခံစားချက်တွေကို ဖော်ပြတယ်။ ကျွန်တော်တို့​က​လည်း ကိုယ့်​အတွေး၊ ခံစားချက်တွေကို ယေဟောဝါ​ဆီ ဆုတောင်း​ပြောပြတယ်။ ဆုတောင်းချက်​တွေ နားထောင်​ရတာကို ယေဟောဝါ နှစ်သက်တယ်။ (ပညာအလိမ္မာ ၁၅:၈ ကိုဖတ်ပါ။) မေတ္တာ​ရှိတဲ့ မိတ်ဆွေ​လို​ပဲ ယေဟောဝါ​က ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို နားထောင်​ရုံ​သာမက အဖြေ​လည်း ပေးတယ်။ တစ်ခါတလေ ချက်ချင်း အဖြေ​ပေးတယ်။ တစ်ခါတလေ​ကျရင်​တော့ ကိစ္စ​တစ်ခုနဲ့​ပတ်သက်ပြီး ဆက်​ဆုတောင်း​ရတာ​မျိုး ရှိ​နိုင်တယ်။ ဘာပဲ​ဖြစ်ဖြစ် အသင့်တော်ဆုံး​အချိန်မှာ အကောင်းဆုံးနည်းနဲ့ ယေဟောဝါ ဖြေကြား​ပေးမယ်​ဆိုတာ စိတ်ချ​နိုင်ပါတယ်။ ဘုရားရဲ့ အဖြေ​က ကိုယ်​မျှော်လင့်​ထား​သလို​တော့ ဟုတ်​ချင်​မှ ဟုတ်​မယ်။ ဥပမာ၊ အခက်အခဲ​ကို ဖယ်ရှား​ပေးမယ့်​အစား ဉာဏ်ပညာနဲ့ “ခံရပ်​နိုင်ဖို့” ခွန်အား ပေးတာမျိုး ဖြစ်နိုင်တယ်။—၁ ကော. ၁၀:၁၃

(စာပိုဒ် ၈ ကို​ကြည့်ပါ) *

၈။ ဆုတောင်းခွင့်​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

ဆုတောင်းခွင့်​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။ တစ်နည်း​ကတော့ “အမြဲမပြတ် ဆုတောင်း​နေကြပါ” ဆိုတဲ့ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို နာခံခြင်း​အားဖြင့်​ပါပဲ။ (၁ သက်. ၅:၁၇) ဆုတောင်းဖို့ ကျွန်တော်တို့ကို ယေဟောဝါ ဖိအား​မပေးဘူး။ ကျွန်တော်တို့ရဲ့ လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့်​ကို လေးစား​ပြီး “ဇွဲမလျှော့​တမ်း ဆုတောင်း” ဖို့ တိုက်တွန်း​တယ်။ (ရော. ၁၂:၁၂) တစ်နေ့​တာ​အတွင်း မကြာခဏ ဆုတောင်းခြင်း​အားဖြင့် ကျေးဇူးတင်ကြောင်း ပြ​နိုင်တယ်။ ဆုတောင်းတဲ့အခါ ယေဟောဝါကို ကျေးဇူးတင် ချီးမွမ်း​တဲ့​စကားတွေ ထည့်​တောင်း​သင့်တယ်။—ဆာ. ၁၄၅:၂၊ ၃

၉။ ဆုတောင်းခြင်းနဲ့​ပတ်သက်ပြီး ညီအစ်ကို​တစ်ယောက် ဘယ်လို ခံစား​ရသလဲ။ သင်​ကော ဘယ်လို ခံစား​ရသလဲ။

ယေဟောဝါရဲ့ အမှုတော်မှာ သက်တမ်းကြာ​လေ၊ ဆုတောင်းချက်​တွေ ဖြေကြား​ပေး​ပုံကို များများ​မြင်တွေ့ရ​လေ၊ ဆုတောင်းခွင့်​အတွက် ကျေးဇူးတင်စိတ် တိုးများ​လေ ဖြစ်သင့်တယ်။ ဥပမာ၊ အချိန်ပြည့် လုပ်ငန်းမှာ ၄၇ နှစ်​ကြာ ပါဝင်​ခဲ့​တဲ့ ညီအစ်ကို ခရစ္စ ဒီလို​ပြောတယ်– “မနက်စောစော ထပြီး ယေဟောဝါ​ဆီ အချိန်​အကြာကြီး စကားပြော​ရတာကို ကြိုက်တယ်။ မနက်ခင်း နေ​ခြည်​ကြောင့် အရာရာ လှပ​နေချိန်မှာ ယေဟောဝါ​ဆီ ဆုတောင်း​ရတာ ကြည်နူးစရာ ကောင်း​လိုက်တာ။ ဒါက ဆုတောင်းခွင့် အပါအဝင် ဘုရားပေး လက်ဆောင်​အားလုံး​အတွက် ကျေးဇူးတင်ဖို့ လှုံ့ဆော်​ပေးတယ်။ တစ်နေ့​တာ​အကုန်​မှာ ဆုတောင်းတာ​က​လည်း စိတ်​ကြည်ကြည်​နဲ့ အိပ်ပျော်​စေတယ်။”

သန့်ရှင်းသော စွမ်းအားတော်

၁၀။ ဘုရားသခင့် စွမ်းအားတော်ကို ဘာကြောင့် တန်ဖိုးထား​သင့်သလဲ။

၁၀ ကျွန်တော်တို့ တန်ဖိုးထား​သင့်တဲ့ မမြင်နိုင်တဲ့ နောက်​လက်ဆောင်​တစ်ခုကတော့ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်​ပါပဲ။ သန့်ရှင်းသော စွမ်းအားတော် ရဖို့ တောင်း​မြဲ တောင်းပါ​လို့ ယေရှု တိုက်တွန်း​တယ်။ (လု. ၁၁:၉၊ ၁၃) စွမ်းအားတော်​က​တစ်ဆင့် ကျွန်တော်တို့ကို “သာမန်​ထက်​ထူးကဲ​တဲ့ တန်ခိုး” ယေဟောဝါ ပေးတယ်။ (၂ ကော. ၄:၇။ တ. ၁:၈) စွမ်းအားတော် အကူအညီ​ကြောင့် ဘယ်​အခက်အခဲ​ကို​မဆို ခံရပ်နိုင်​ပါလိမ့်မယ်။

(စာပိုဒ် ၁၁ ကို​ကြည့်ပါ) *

၁၁။ သန့်ရှင်းသော စွမ်းအားတော်​က ကျွန်တော်တို့ကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၁၁ သန့်ရှင်းသော စွမ်းအားတော်​က ဘုရား​အမှုတော်မှာ တာဝန်တွေကို ထမ်းဆောင်​နိုင်အောင် ကူညီ​ပေးတယ်။ အရည်အချင်း၊ အရည်အသွေး တိုးတက်လာ​စေတယ်။ ဘုရား​အမှုတော်မှာ ရတဲ့ အောင်မြင်မှု​တွေဟာ ကိုယ့်​အစွမ်းအစ​ကြောင့် မဟုတ်ဘဲ စွမ်းအားတော် အကူအညီ​ကြောင့်​သာ ဖြစ်ကြောင်း ကျွန်တော်တို့ သဘောပေါက်​ကြတယ်။

၁၂။ ဆာလံ ၁၃၉:၂၃၊ ၂၄ အရ ကျွန်တော်တို့ ဘာ​လုပ်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် အကူအညီ တောင်း​သင့်သလဲ။

၁၂ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်​အတွက် ကျေးဇူးတင်ကြောင်း ပြ​နိုင်တဲ့ နောက်​တစ်နည်း​ကတော့ ကျွန်တော်တို့​စိတ်နှလုံး​ထဲ​က အတွေးအခေါ်၊ ဆန္ဒ​အမှားတွေကို မြင်​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်းခြင်း ဖြစ်တယ်။ (ဆာလံ ၁၃၉:၂၃၊ ၂၄ ကိုဖတ်ပါ။) အဲဒီလို​တောင်းတဲ့​အခါ ယေဟောဝါ​က စွမ်းအားတော်​က​တစ်ဆင့် ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊ ဆန္ဒ​အမှားတွေကို သတိပြုမိ​စေတယ်။ အဲဒါတွေကို သတိပြုမိ​တဲ့အခါ တွန်းလှန်ဖို့ ခွန်အားပေး​နိုင်တဲ့ စွမ်းအားတော်ကို တောင်းခံ​သင့်တယ်။ ဒီ​နည်း​အားဖြင့် စွမ်းအားတော်ကို အတားအဆီး​ဖြစ်စေတဲ့ ဘယ်အရာကို​မှ မ​လုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားကြောင်း ပြရာ​ရောက်တယ်။—ဧ. ၄:၃၀

၁၃။ သန့်ရှင်းသော စွမ်းအားတော်​အတွက် ကျေးဇူးတင်စိတ် ဘယ်လို တိုးများ​လာနိုင်သလဲ။

၁၃ ဒီနေ့​ခေတ်မှာ စွမ်းအားတော် ပြီးမြောက်​စေတဲ့​အရာတွေကို တွေးတော​ဆင်ခြင်ခြင်း​အားဖြင့် ကျေးဇူးတင်စိတ် တိုးများ​လာမယ်။ “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုး ရပြီး . . . ကမ္ဘာမြေ​အစွန်အဖျား​အထိ ကျွန်တော့်​အကြောင်း သက်သေခံ​ကြ​လိမ့်မယ်” လို့ ကောင်းကင် မ​တက်ကြွ​ခင် တပည့်တွေကို ယေရှု ပြောတယ်။ (တ. ၁:၈) အဲဒီ​စကားတွေ ဒီနေ့ ပြည့်စုံ​နေတယ်။ သန့်ရှင်းသော စွမ်းအားတော် အကူအညီ​ကြောင့် ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါရဲ့ ကျေးကျွန် ရှစ်​သန်း​ခွဲ​လောက် စုသိမ်း​ခံ​ထား​ရတယ်။ ဘုရားသခင့် စွမ်းအားတော်​က ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်းခြင်း စတဲ့ “စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” မွေးမြူဖို့ ကူညီ​ပေးတဲ့​အတွက် ဘုရားသခင့် လူမျိုးဟာ စည်းလုံး ငြိမ်သက်​နေတယ်။ (ဂလ. ၅:၂၂၊ ၂၃) သန့်ရှင်းသော စွမ်းအားတော်ဟာ တကယ့်ကို အဖိုးတန်​လက်ဆောင်ပါပဲ။

အမှုဆောင်​လုပ်ငန်းမှာ ကောင်းကင်က ရတဲ့ ထောက်မမှု

၁၄။ အမှုဆောင်​လုပ်ငန်းမှာ မမြင်နိုင်တဲ့ ဘယ်​ထောက်မမှု​တွေ ရထား​သလဲ။

၁၄ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်တမန်တွေနဲ့ “လုပ်ဖော်ဆောင်ဖက်” ဖြစ်ခွင့် ရထားတာဟာလည်း မမြင်နိုင်တဲ့ လက်ဆောင်​ပါပဲ။ (၂ ကော. ၆:၁) တပည့်ဖြစ်စေခြင်း​လုပ်ငန်းမှာ ပါဝင်တဲ့​အချိန်တိုင်း အဲဒီ​အခွင့်အရေး ရ​နေတယ်။ “ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေပါ” လို့ ပေါလု ပြောတယ်။ (၁ ကော. ၃:၉) အမှုဆောင်​လုပ်ငန်းမှာ ပါဝင်တဲ့​အခါ ယေရှုရဲ့ လုပ်ဖော်ဆောင်ဖက်​လည်း ဖြစ်ခွင့်​ရတယ်။ ‘လူမျိုးတကာ​ဆီ သွားပြီး တပည့် ဖြစ်လာအောင် သွန်သင်ပေး’ ဖို့ နောက်လိုက်​တွေကို မိန့်မှာ​ပြီးနောက် “ခင်ဗျားတို့နဲ့​အတူ ကျွန်တော် အမြဲ​ရှိနေမယ်” လို့ ယေရှု ပြောတာကို သတိရပါ။ (မ. ၂၈:၁၉၊ ၂၀) ကောင်းကင်တမန်တွေ​ကော။ ‘ကမ္ဘာပေါ်​နေထိုင်သူတွေ​ကို ထာဝရ​သတင်းကောင်း ကြေညာ’ တဲ့ လုပ်ငန်းမှာ ကောင်းကင်တမန်တွေရဲ့ လမ်းညွှန်မှု ရထားတာ တကယ့်​ကောင်းချီးပါပဲ။—ဗျာ. ၁၄:၆

၁၅။ အမှုဆောင်​လုပ်ငန်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ​ကနေ ယေဟောဝါ ပါဝင်​နေကြောင်း ကျမ်းစာ နမူနာ​တစ်ခု ပြောပြပါ။

၁၅ ကောင်းကင်က ရတဲ့ ထောက်မမှု​ကြောင့် ဘာတွေ ပြီးမြောက်​နေသလဲ။ နိုင်ငံတော် သတင်းတရား​မျိုးစေ့ ကြဲ​တဲ့အခါ မျိုးစေ့​တချို့ဟာ ကောင်းတဲ့​မြေပေါ် ကျ​ပြီး သီးပွင့်​ဖြစ်ထွန်း​လာတယ်။ (မ. ၁၃:၁၈၊ ၂၃) အဲဒီ​မျိုးစေ့တွေ​ကို သီးပွင့်​ဖြစ်ထွန်း​စေ​တာ ဘယ်သူ​လဲ။ “[အဖဘုရား] သာ မ​ဆွဲဆောင်​ရင်” ဘယ်သူမှ မိမိ​နောက်လိုက် ဖြစ်မလာ​နိုင်ဘူး​လို့ ယေရှု ရှင်းပြတယ်။ (ယော. ၆:၄၄) ကျမ်းစာ နမူနာ​တစ်ခုကို သုံးသပ်​ကြည့်ပါ။ ဖိလိပ္ပိ​မြို့ပြင်​က အမျိုးသမီး​တစ်စုကို ပေါလု သက်သေခံ​တယ်။ လုဒိ​လို့ ခေါ်တဲ့ အမျိုးသမီးနဲ့​ပတ်သက်ပြီး ကျမ်းစာမှာ ဒီလို​ပြောတယ်​– “ပေါလု ဟောပြော​နေတာကို အာရုံစိုက် နားထောင်​နိုင်ဖို့ သူ့​စိတ်နှလုံးကို ယေဟောဝါ ဖွင့်​ပေးတယ်။” (တ. ၁၆:၁၃-၁၅) လုဒိ​လို​ပဲ တခြားသူ သန်းပေါင်း​များစွာကို​လည်း ယေဟောဝါ ဆွဲဆောင်​နေတယ်။

၁၆။ အမှုဆောင်​လုပ်ငန်းမှာ ရတဲ့ အောင်မြင်မှု​တွေ​အတွက် ဘယ်သူ ဂုဏ်တင်​ခံထိုက်​သလဲ။

၁၆ အမှုဆောင်​လုပ်ငန်းမှာ ရတဲ့ အောင်မြင်မှု​တွေ​အတွက် ဘယ်သူ ဂုဏ်တင်​ခံထိုက်​သလဲ။ “ကျွန်တော်က စိုက်ပျိုးတယ်။ အာပေါလုက ရေ​လောင်းတယ်။ အပင်ကို ကြီးထွား​စေ​တာ​ကတော့ ဘုရားသခင်ပဲ။ စိုက်ပျိုး​သူနဲ့ ရေလောင်း​သူက အရေး​ပါတာ မဟုတ်ဘူး။ အပင်ကို ကြီးထွား​စေတဲ့ ဘုရားသခင်က​သာ အရေး​ပါတာ​ပါ” လို့ ကောရိန္သု​အသင်းတော်​ဆီ ရေး​တဲ့ စာမှာ ပေါလု အဖြေ​ပေးတယ်။ (၁ ကော. ၃:၆၊ ၇) ပေါလု​လို​ပဲ ကျွန်တော်တို့လည်း အမှုဆောင်​လုပ်ငန်းမှာ ရတဲ့ ဘယ်​အောင်မြင်မှု​အတွက်​မဆို ယေဟောဝါကိုပဲ အမြဲ ဂုဏ်တင်​သင့်တယ်။

၁၇။ ဘုရားသခင်၊ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့ “လုပ်ဖော်ဆောင်ဖက်” ဖြစ်ခွင့်​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။

၁၇ ဘုရားသခင်၊ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့ “လုပ်ဖော်​ဆောင်ဖက်” ဖြစ်ခွင့်​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြ​နိုင်သလဲ။ သတင်းကောင်း ဟောပြောဖို့ အခွင့်အရေး​ကို ထက်သန်​စွာ ရှာဖွေခြင်း​အားဖြင့်​ပါပဲ။ ‘လူအများရှေ့၊ တစ်အိမ်တက်ဆင်း’ စတဲ့ နည်းလမ်းများစွာ ရှိတယ်။ (တ. ၂၀:၂၀) အလွတ်သဘော​လည်း သက်သေ​ခံနိုင်တယ်။ သူစိမ်း​တစ်ယောက်ကို တွေ့တဲ့​အခါ ရင်းရင်းနှီးနှီး နှုတ်ဆက်​ပြီး စကားစမြည် ပြောဖို့ ကြိုးစား​နိုင်တယ်။ ကောင်းစွာ တုံ့ပြန်​သူတွေကို လိမ္မာ​ပါးနပ်စွာ သတင်းကောင်း ပြောပြ​နိုင်တယ်။

(စာပိုဒ် ၁၈ ကို​ကြည့်ပါ) *

၁၈-၁၉။ (က) အမှန်တရား​မျိုးစေ့ကို ကျွန်တော်တို့ ဘယ်လို ရေလောင်း​ပေး​ကြသလဲ။ (ခ) ကျမ်းစာ​သင်သား​တစ်ယောက်ကို ယေဟောဝါ ကူညီ​ပေးခဲ့တဲ့ တွေ့ကြုံမှု​တစ်ခု ပြောပြပါ။

၁၈ “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ” အနေနဲ့ ကျွန်တော်တို့​က အမှန်တရား​မျိုးစေ့ကို ကြဲ​ရုံ​သာမက ရေလည်း လောင်း​ကြတယ်။ လူတစ်ယောက် အမှန်တရားကို စိတ်ဝင်စားကြောင်း ပြ​တဲ့အခါ သူ့​ဆီ ပြန်လည်ပတ်​ဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ ကျမ်းစာ​သင်အံမှု စတင်​နိုင်ဖို့ စီစဉ်​ပေးတယ်။ ကျမ်းစာ​သင်သားရဲ့ စဉ်းစား​တွေးခေါ်ပုံ ပြောင်းလဲ​လာအောင် ယေဟောဝါ ကူညီ​ပေးတာကို မြင်ရတဲ့အခါ ကျွန်တော်တို့ ပျော်ရွှင်​ကြတယ်။

၁၉ တောင်အာဖရိက​မှာ နေတဲ့ ပယောဂ​ဆရာ ရာ​ပါ​လာ​လာ​နီ​အကြောင်း စဉ်းစား​ကြည့်ပါ။ ကျမ်းစာ​လေ့လာမှု​ကနေ သိလာတာတွေကို သူ နှစ်သက်တယ်။ ဒါပေမဲ့ လူသေကို မေးမြန်းခြင်း​နဲ့​ပတ်သက်တဲ့ ကျမ်းစာ သွန်သင်ချက်ကို လက်ခံဖို့ ခက်​နေတယ်။ (တရား. ၁၈:၁၀-၁၂) ဘုရားရဲ့ ပုံသွင်းပေး​မှု​ကို လက်ခံ​တဲ့​အတွက် စဉ်းစား​တွေးခေါ်ပုံ ပြောင်းလာ​ပြီး ဝင်ငွေ​ကောင်းတဲ့ ပယောဂ​ဆရာ အလုပ်ကို စွန့်လွှတ်​လိုက်တယ်။ “နည်းလမ်း​များစွာနဲ့ ကူညီပေး​ကြ​တဲ့ ယေဟောဝါ​သက်သေတွေကို သိပ်​ကျေးဇူး​တင်တယ်။ ကျွန်တော့်​အတွက် အလုပ် ရှာပေး​ကြတယ်။ ယေဟောဝါကို​တော့ ကျေးဇူး​အတင်​ဆုံး​ပါပဲ။ ကျွန်တော့်​ဘဝကို ပြုပြင်​ပြောင်းလဲ​နိုင်အောင် ကူညီ​ပေးတဲ့​အတွက် နှစ်ခြင်းခံ​ပြီးသား သက်သေခံ​တစ်ယောက်​အနေနဲ့ အမှုဆောင်​လုပ်ငန်းမှာ ပါဝင်နိုင်​ပြီ” လို့ အခု အသက် ၆၀ ရှိပြီ​ဖြစ်တဲ့ ရာ​ပါ​လာ​လာ​နီ ပြောတယ်။

၂၀။ ဘာလုပ်ဖို့ သင် စိတ်ပိုင်းဖြတ်​ထားသလဲ။

၂၀ ဒီ​ဆောင်းပါး​မှာ မမြင်နိုင်တဲ့ လက်ဆောင် လေးခု​အကြောင်း ဆွေးနွေးခဲ့​ကြတယ်။ အကြီးမြတ်ဆုံး လက်ဆောင်​ကတော့ ယေဟောဝါနဲ့ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်ခွင့်ပါပဲ။ အဲဒီလက်ဆောင်​ကြောင့် တခြား​လက်ဆောင်တွေ​ကနေ အကျိုး​ရဖို့ လမ်းပွင့်​သွားတယ်။ အဲဒါတွေကတော့ ဆုတောင်းခွင့်၊ သန့်ရှင်းသော စွမ်းအားတော် အကူအညီ၊ အမှုဆောင်​လုပ်ငန်းမှာ ကောင်းကင်က ရတဲ့ ထောက်မမှု​တို့ ဖြစ်တယ်။ အဲဒီ​လက်ဆောင်တွေ​အတွက် ကျေးဇူးတင်စိတ် တိုးများ​အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားကြ​ပါစို့။ အကောင်းဆုံး​မိတ်ဆွေ ယေဟောဝါကို အမြဲ ကျေးဇူးတင်​နေကြပါ​စို့။

သီချင်း ၁၄၅ ဘုရား​ကတိတော် ပရဒိသု

^ အပိုဒ်၊ 5 ရှေ့​ဆောင်းပါး​မှာ ဘုရား​ပေးထားတဲ့ မြင်နိုင်တဲ့ လက်ဆောင်တွေ​အကြောင်း ဆွေးနွေးခဲ့​တယ်။ ဒီ​ဆောင်းပါး​မှာ​တော့ မမြင်နိုင်တဲ့ လက်ဆောင်တွေ​အကြောင်း၊ အဲဒီ​လက်ဆောင်တွေ​အတွက် ကျေးဇူး​တင်တယ်​ဆိုတာ ဘယ်လို ပြ​နိုင်ကြောင်း ဆွေးနွေးပါမယ်။ လက်ဆောင်​ရှင် ယေဟောဝါ​ဘုရားကို ပို​ကျေးဇူးတင်ဖို့ ကူညီပေးပါမယ်။

^ အပိုဒ်၊ 58 ပုံ​အညွှန်း– (၁) ညီအစ်မ​တစ်ယောက် ဖန်ဆင်းခြင်း​လက်ရာကို ကြည့်ရင်း ယေဟောဝါနဲ့ မိတ်ဆွေ​ဖြစ်ခွင့်​အကြောင်း တွေးတော​ဆင်ခြင်​နေ။

^ အပိုဒ်၊ 60 ပုံ​အညွှန်း– (၂) သက်သေ​ခံနိုင်ဖို့ ခွန်အား​ပေးပါ​ဆိုပြီး ယေဟောဝါ​ဆီ ညီအစ်မ ဆုတောင်းနေ။

^ အပိုဒ်၊ 62 ပုံ​အညွှန်း– (၃) အလွတ်သဘော သက်သေ​ခံနိုင်ဖို့ သတ္တိ​ရှိ​လာအောင် သန့်ရှင်းသော စွမ်းအားတော်​က ညီအစ်မ​ကို ကူညီပေး။

^ အပိုဒ်၊ 64 ပုံ​အညွှန်း– (၄) အလွတ်သဘော သက်သေခံ​ခဲ့​သူနဲ့ ကျမ်းစာ သင်အံမှု ကျင်းပ​နေ။ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း​လုပ်ငန်းကို ကောင်းကင်တမန်တွေရဲ့ အကူအညီ​နဲ့ ညီအစ်မ လုပ်ဆောင်နေ။