မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၉

အဆုံးပိုင်းကာလမှာ “မြောက်ဘုရင်” ဘယ်သူလဲ

အဆုံးပိုင်းကာလမှာ “မြောက်ဘုရင်” ဘယ်သူလဲ

“အဆုံးပိုင်း​ကာလမှာ တောင်​ဘုရင်​က သူ [မြောက်​ဘုရင်] နဲ့ အပြန်အလှန် တွန်း​ထိုး​ကြမယ်။”—ဒံ. ၁၁:၄၀

သီချင်း ၁၅၀ ကယ်တင်​ခံရဖို့ ဘုရားသခင်ကို ရှာပါ

အကြို​သုံးသပ်ချက် *

၁။ ကျမ်းစာ ပရောဖက်ပြုချက်​တွေ​က ဘာသိ​စေ​သလဲ။

မ​ဝေး​တော့​တဲ့ အနာဂတ်မှာ ယေဟောဝါရဲ့ လူမျိုး ဘာဖြစ်​မလဲ။ ခန့်မှန်း​နေစရာ မလိုပါဘူး။ ကျွန်တော်တို့ အားလုံး​နဲ့ သက်ဆိုင်တဲ့ အရေးကြီး ဖြစ်ရပ်တွေ​အကြောင်း ကျမ်းစာမှာ ကြိုဟော​ထားတယ်။ အထူးသဖြင့် ပရောဖက်ပြုချက်​တစ်ခုမှာ တန်ခိုး​အာဏာ အကြီးမားဆုံး ကမ္ဘာ့​အစိုးရ​တချို့ ဘာလုပ်​မယ်​ဆိုတာ ကြိုဟော​ထားတယ်။ ဒံယေလ အခန်းကြီး ၁၁ မှာပါတဲ့ အဲဒီ​ပရောဖက်ပြုချက်က ပြိုင်ဘက်​အင်အားစု နှစ်ခု​ဖြစ်တဲ့ မြောက်​ဘုရင်​နဲ့ တောင်​ဘုရင်​အကြောင်း ဖော်ပြတယ်။ အဲဒီ​ပရောဖက်ပြုချက်ရဲ့ အပိုင်း​အများစု ပြည့်စုံခဲ့​ပြီ​ဖြစ်လို့ ကျန်တာတွေ​လည်း ပြည့်စုံမယ်​ဆိုတာ စိတ်ချ​နိုင်တယ်။

၂။ ကမ္ဘာဦး ၃:၁၅၊ ဗျာဒိတ် ၁၁:၇၊ ၁၂:၁၇ မှာ ဖော်ပြတဲ့​အတိုင်း ဒံယေလ ပရောဖက်ပြုချက်ကို လေ့လာတဲ့​အခါ ဘယ်​အချက်တွေကို စိတ်စွဲမှတ်​ထားရမလဲ။

ဒံယေလ အခန်းကြီး ၁၁ မှာပါတဲ့ ပရောဖက်ပြုချက်ကို နားလည်ဖို့​ဆိုရင် ဒီပရောဖက်ပြုချက်ဟာ ဘုရားသခင့် လူမျိုးနဲ့ တိုက်ရိုက်​ဆက်နွှယ်မှု ရှိတဲ့ အစိုးရတွေ​အကြောင်းကိုပဲ ကြိုပြော​ထားတာ ဖြစ်ကြောင်း စိတ်​စွဲမှတ်​ထားရမယ်။ ကမ္ဘာ့​လူဦးရေ​နဲ့ နှိုင်းယှဉ်​ရင် လူနည်းစု​လေး​သာ​ဖြစ်တဲ့ ဘုရားသခင့် ကျေးကျွန်တွေဟာ အစိုးရတွေရဲ့ ပစ်မှတ် ဖြစ်လေ့​ရှိတယ်။ ဘာကြောင့်လဲ​ဆိုတော့ စာတန်နဲ့ စာတန့်​စနစ်​တစ်ခုလုံးရဲ့ အဓိက​ပန်းတိုင်ဟာ ယေဟောဝါနဲ့ ယေရှု​အတွက် အမှုဆောင်​သူတွေကို ဖျက်ဆီး​ပစ်ဖို့​ပဲ။ (ကမ္ဘာဦး ၃:၁၅။ ဗျာဒိတ် ၁၁:၇။ ၁၂:၁၇ ကိုဖတ်ပါ။) ဒါ့အပြင် ဒံယေလ ပရောဖက်ပြုချက်ဟာ ကျမ်းစာထဲက တခြား ပရောဖက်ပြုချက်တွေနဲ့ ကိုက်ညီနေရမယ်။ တကယ်တော့ ကျမ်းစာရဲ့ တခြား​အပိုင်း​တွေ​နဲ့ နှိုင်းယှဉ်​မှ​သာ ဒံယေလ ပရောဖက်ပြုချက်ကို မှန်ကန်စွာ နားလည်​နိုင်မယ်။

၃။ ဒီ​ဆောင်းပါး​နဲ့ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

အခု ဒံယေလ ၁၁:၂၅-၃၉ ကို ဆွေးနွေးပါမယ်။ ၁၈၇၀ ကနေ ၁၉၉၁ အထိ မြောက်​ဘုရင်​နဲ့ တောင်​ဘုရင် ဘယ်သူတွေ ဖြစ်ခဲ့​ကြောင်း၊ ဒီ​ပရောဖက်ပြုချက်ရဲ့ အပိုင်းတစ်ပိုင်း​နဲ့​ပတ်သက်တဲ့ နားလည်မှု​ကို ပြုပြင်​ပြောင်းလဲဖို့ ဘာကြောင့် လိုအပ်ကြောင်း သိလာ​ပါ​မယ်။ နောက်​ဆောင်းပါး​မှာ​တော့ ဒံယေလ ၁၁:၄၀–၁၂:၁ ကို ဆွေးနွေးပါမယ်။ ၁၉၉၁ ကနေ အာမဂေဒုန်​အထိ အချိန်ကာလ​နဲ့​ပတ်သက်တဲ့ ပရောဖက်ပြုချက် နားလည်မှု ပို​ရှင်းလင်း​လာမယ်။ ဒီ​ဆောင်းပါး​နှစ်ခု​ကို လေ့လာတဲ့​အခါ “အဆုံးပိုင်း​ကာလ ပြိုင်ဘက် ဘုရင်များ” ဇယားကွက်​ကို သုံးသပ်​တာ အကျိုးရှိ​မယ်။ ဦးဆုံး၊ ဒီ​ပရောဖက်ပြုချက်မှာ​ပါတဲ့ ဘုရင်​နှစ်ပါး​က ဘယ်သူ​လဲ​ဆိုတာ သိဖို့ လိုတယ်။

မြောက်​ဘုရင်​နဲ့ တောင်​ဘုရင်ကို ခွဲခြား​သိရှိခြင်း

၄။ မြောက်​ဘုရင်​နဲ့ တောင်​ဘုရင်ကို ခွဲခြား​သိရှိဖို့ ဘယ်အချက် သုံးချက်​က ကူညီပေး​မလဲ။

အစ​တုန်း​ကတော့ “မြောက်​ဘုရင်” နဲ့ “တောင်​ဘုရင်” ဆိုတဲ့ နာမည်ဟာ အစ္စရေး​နိုင်ငံရဲ့ မြောက်ဘက်​နဲ့ တောင်ဘက်မှာ​ရှိတဲ့ နိုင်ငံရေး အင်အားစု​တွေကို ရည်ညွှန်းတယ်။ ဒံယေလ​ကို သတင်းပေး​တဲ့ ကောင်းကင်တမန်​က “ဒီ​စိတ်အာရုံဟာ နောင်​အနာဂတ်နဲ့ သက်ဆိုင်တဲ့​အတွက် အဆုံးပိုင်း​ကာလမှာ ခင်ဗျားရဲ့ လူတွေ ကြုံရမယ့်​အရာကို နားလည်အောင် ရှင်းပြဖို့ ကျုပ်​ရောက်လာတာ” ဆိုပြီး ပြောလို့​ပဲ။ (ဒံ. ၁၀:၁၄) အေဒီ ၃၃ အထိ ပကတိ အစ္စရေး​လူမျိုးဟာ ဘုရားသခင့်​လူမျိုး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ​နှစ်​က​စပြီး ယေရှုရဲ့ သစ္စာရှိ တပည့်တွေဟာ မိမိ​လူမျိုး​ဖြစ်ကြောင်း ယေဟောဝါ ရှင်းလင်းစွာ ဖော်ပြခဲ့တယ်။ ဒါကြောင့် ဒံယေလ အခန်းကြီး ၁၁ မှာပါတဲ့ ပရောဖက်ပြုချက်ရဲ့ အပိုင်း​အများစုဟာ ပကတိ အစ္စရေး​လူမျိုး​အကြောင်း မဟုတ်ဘဲ ခရစ်တော်ရဲ့ နောက်လိုက်​တွေ​အကြောင်း ဖြစ်တယ်။ (တ. ၂:၁-၄။ ရော. ၉:၆-၈။ ဂလ. ၆:၁၅၊ ၁၆) မြောက်​ဘုရင်​နဲ့ တောင်​ဘုရင်ဟာ အချိန်ကာလ​တစ်လျှောက် အမျိုးမျိုး ပြောင်းလဲခဲ့​တယ်။ ဒါပေမဲ့ သူတို့​အားလုံးမှာ ဆင်တူချက် အတော်များများ ရှိတယ်။ ပထမ၊ ဘုရင်တွေဟာ ဘုရားသခင့် လူမျိုးနဲ့ ထူးခြားတဲ့ ဆက်နွှယ်မှု တစ်ခု​မဟုတ် တစ်ခု ရှိတယ်။ ဒုတိယ၊ စစ်မှန်တဲ့​ဘုရား ယေဟောဝါကို မုန်း​ကြောင်း ဘုရား​လူမျိုးအပေါ် သူတို့ရဲ့ ဆက်ဆံပုံ​က ဖော်ပြတယ်။ တတိယ၊ ဘုရင်​နှစ်ပါး​ဟာ အာဏာ​ရဖို့ အချင်းချင်း ပြိုင်ဆိုင်​ကြတယ်။

၅။ အေဒီ ၁၀၀ ကနေ ၁၈၇၀ ကြားမှာ မြောက်​ဘုရင်​နဲ့ တောင်​ဘုရင် ရှိသလား။ ရှင်းပြပါ။

အေဒီ ဒုတိယရာစု တစ်ချိန်ချိန်မှာ အယူမှား သွန်သင်ချက်တွေကို သင်ပေးတဲ့၊ ကျမ်းစာ​အမှန်တရားကို ဖုံးကွယ်​ထားတဲ့ ခရစ်ယာန် အတုအယောင်တွေက စစ်မှန်တဲ့ ခရစ်ယာန်​အသင်းတော်ကို လွှမ်းမိုး​လာတယ်။ အဲဒီ​အချိန်​က​စပြီး ၁၉ ရာစု နှောင်းပိုင်း​အထိ မြေကြီးပေါ်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ဘုရား​ကျေးကျွန်တွေ မရှိသေးဘူး။ ခရစ်ယာန် အတုအယောင် ပေါင်းပင်​တွေ ကြီးထွား​လာပြီး ခရစ်ယာန်စစ်​တွေကို ခွဲခြား​သိဖို့ ခက်​လာတယ်။ (မ. ၁၃:၃၆-၄၃) အဲဒီ​အချက်​က ဘာကြောင့် အရေးကြီး​သလဲ။ အေဒီ ၁၀၀ ကနေ ၁၈၇၀ အတွင်း မြောက်​ဘုရင်​နဲ့ တောင်​ဘုရင် တိုက်ခိုက်​ဖို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ဘုရား​အဖွဲ့အစည်း မရှိဘူး။ * ဒါကြောင့် မြောက်​ဘုရင်​နဲ့ တောင်​ဘုရင်ဟာ အဲဒီ​အတောအတွင်း တစ်ချိန်ချိန်မှာ အာဏာ​ရခဲ့တဲ့ အုပ်စိုးရှင်​တွေ၊ နိုင်ငံတွေ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ၁၈၇၀ နောက်ပိုင်း ပေါ်လာမယ်လို့ မျှော်လင့်​နိုင်ပါတယ်။ ဘာကြောင့်လဲ။

၆။ ဘုရား​လူမျိုး ဘယ်သူတွေ ဖြစ်တယ်ဆိုတာ ဘယ်​အချိန်မှာ ပြန်​ထင်ရှား​လာသလဲ။ ရှင်းပြပါ။

၁၈၇၀ ပြည့်နှစ်​က​စပြီး ဘုရား​လူမျိုးဟာ အု​ပ်​စု​တစ်စု​အဖြစ် စနစ်တကျ စတင်​ဖွဲ့စည်း​ခံရတယ်။ အဲဒီ​နှစ်မှာ စီတီရပ်စယ်လ်​နဲ့ အပေါင်းပါ​တွေဟာ အုပ်စုဖွဲ့​ပြီး ကျမ်းစာ လေ့လာတယ်။ သူတို့ဟာ မေရှိယနိုင်ငံ မတည်ထောင်မီ ‘လမ်းကို အသင့်ပြင်​ပေးမယ့်’ ကြို​ဟောထားတဲ့ စေတမန် ဖြစ်တယ်။ (မာ​လ. ၃:၁) ဘုရား​လူမျိုး ဘယ်သူတွေ ဖြစ်တယ်ဆိုတာ ပြန်​ထင်ရှား​လာ​ပါပြီ။ ဘုရား​ကျေးကျွန်တွေ​အပေါ် ထူးထူးခြားခြား သက်ရောက်မှု​ရှိ​မယ့် ကမ္ဘာ့​အင်အားကြီး​နိုင်ငံတွေ အဲဒီအချိန်မှာ ရှိသလား။ အောက်ပါ​အချက်တွေကို စဉ်းစား​ကြည့်ပါ။

တောင်​ဘုရင် ဘယ်သူ​လဲ

၇။ ပထမ​ကမ္ဘာစစ်​မှာ တောင်​ဘုရင်​က ဘယ်သူ​လဲ။

၁၈၇၀ ပြည့်နှစ်မှာ ဗြိတိန်​ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အင်ပါယာ ဖြစ်လာတယ်။ အင်အား​အကြီးမားဆုံး စစ်တပ်​ကို ပိုင်ဆိုင်​ထားတယ်။ ဒံယေလ ပရောဖက်ပြုချက်မှာ ချို​သုံးချောင်း​ကို ချိုး​ပစ်​တဲ့ ချိုငယ်​အကြောင်း ကြိုဟော​ထားတယ်။ အဲဒီ​ချိုငယ်​ဟာ ဗြိတိန်​အင်ပါယာ ဖြစ်ပြီး သူ ချိုးပစ်​တဲ့ ချို​သုံးချောင်း​ဟာ ပြင်သစ်၊ စပိန်၊ နယ်သာလန် ဖြစ်တယ်။ (ဒံ. ၇:၇၊ ၈) ဗြိတိန်​ဟာ ပထမ​ကမ္ဘာစစ်​အထိ တောင်​ဘုရင် ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ​ပဲ အမေရိကန်​ဟာ စီးပွားရေး အတောင့်တင်းဆုံးနိုင်ငံ ဖြစ်လာပြီး ဗြိတိန်နဲ့ မဟာမိတ် ဖြစ်လာတယ်။

၈။ နောက်ဆုံး​ကာလ တစ်လျှောက်လုံး တောင်​ဘုရင်​က ဘယ်သူ​လဲ။

ပထမ​ကမ္ဘာစစ်​အတွင်း အမေရိကန်​နဲ့ ဗြိတိန်​ဟာ စစ်ရေးမှာ အင်အားကြီး​မဟာမိတ် ဖြစ်လာပြီး အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့​အာဏာစက် ဖြစ်လာတယ်။ ဒံယေလ ကြိုဟောတဲ့​အတိုင်း “အင်အား​ကြီးမားတဲ့ တပ်မဟာ” ကို ပိုင်ဆိုင်​ထားတယ်။ (ဒံ. ၁၁:၂၅) နောက်ဆုံး​ကာလ တစ်လျှောက်လုံး အင်္ဂလိပ်-အမေရိကန်​ဟာ တောင်​ဘုရင် ဖြစ်တယ်။ * ဒါဆိုရင် မြောက်​ဘုရင် ဘယ်သူ​လဲ။

မြောက်​ဘုရင် ပြန်​ပေါ်လာ

၉။ ဘယ်​အချိန်မှာ မြောက်​ဘုရင် ပြန်​ပေါ်လာ​သလဲ။ ဒံယေလ ၁၁:၂၅ ဘယ်လို ပြည့်စုံခဲ့​သလဲ။

ရပ်စယ်လ်​နဲ့ အပေါင်းပါ​တွေ ကျမ်းစာ​လေ့လာမှု အုပ်စု ဖွဲ့​ပြီး နောက်​တစ်နှစ် ၁၈၇၁ မှာ မြောက်​ဘုရင် ပြန်ပေါ်​လာတယ်။ အဲဒီ​နှစ်မှာ အော​တို ဗွန် ဘစ်စမက်ဟာ ဂျာမန် အင်ပါယာ​ကို တည်ထောင်​နိုင်ဖို့ ကူညီ​ပေးခဲ့တယ်။ ပရပ်ရှား ဘုရင် ဝီဟမ် ၁ ဟာ ဦးဆုံး ဧကရာဇ် ဖြစ်လာပြီး ဘစ်စမက်ကို ဦးဆုံး ဝန်ကြီးချုပ်​အဖြစ် ခန့်အပ်​ခဲ့တယ်။ * ဆယ်စုနှစ် အနည်းငယ် ကြာပြီးနောက် ဂျာမနီ​ဟာ အာဖရိက​တိုက်​နဲ့ ပစိဖိတ် သမုဒ္ဒရာ​ထဲ​က နိုင်ငံတွေကို သိမ်းပိုက်​ပြီး ဗြိတိန်နဲ့ အပြိုင် ဖြစ်လာတယ်။ (ဒံယေလ ၁၁:၂၅ ကိုဖတ်ပါ။) ဂျာမန် အင်ပါယာဟာ အင်အားကြီး စစ်တပ်​နဲ့ ကမ္ဘာ့ ဒုတိယ​အကြီးဆုံး ရေတပ်​ကို တည်ဆောက်ခဲ့​တယ်။ ပထမ​ကမ္ဘာစစ်​မှာ အဲဒီ​စစ်​အင်အား​ကို ထုတ်သုံး​ခဲ့တယ်။

၁၀။ ဒံယေလ ၁၁:၂၅၊ ၂၆ ဘယ်လို ပြည့်စုံခဲ့​သလဲ။

၁၀ ဂျာမန် အင်ပါယာ​နဲ့ သူ​တည်ဆောက်​ထားတဲ့ စစ်​အင်အား ဘာဖြစ်​သွားမယ်​ဆိုတာကို ဒံယေလ ဆက်ပြောတယ်။ မြောက်​ဘုရင် “ရပ်တည်​နိုင်မှာ မဟုတ်ဘူး” လို့ ပရောဖက်ပြုချက်မှာ ပြောတယ်။ ဘာကြောင့်လဲ​ဆိုတော့ ‘သူ့ကို လုပ်ကြံ​ဖို့ လျှို့ဝှက်​ကြံစည်​ကြ​မှာ ဖြစ်လို့ပဲ။ သူ့ရဲ့ ပွဲတော်​စာ​ကို စားသုံးသူ​တွေရဲ့ လက်ချက်​နဲ့ သူ ကျဆုံး​လိမ့်မယ်။’ (ဒံ. ၁၁:၂၅၊ ၂၆) ဒံယေလ​ခေတ်မှာ ဘုရင့် “ပွဲတော်​စာ​ကို စားသုံးသူ​တွေ” ထဲမှာ ဘုရင့်​ဆီ “အမှုထမ်း” တဲ့ မင်းမှုထမ်း​တွေ ပါဝင်တယ်။ (ဒံ. ၁:၅) ဒီ​ပရောဖက်ပြုချက်က ဘယ်သူ့ကို ရည်ညွှန်း​သလဲ။ ဗိုလ်ချုပ်​တွေ၊ စစ်ရေး အကြံပေး​အရာရှိတွေ အပါအဝင် ဂျာမန် အင်ပါယာရဲ့ အကြီး​တန်း အရာရှိတွေကို ရည်ညွှန်းတယ်။ သူတို့​ကြောင့် ဘုရင်စနစ် ကျဆုံးသွား​တယ်။ * ပရောဖက်ပြုချက်က အင်ပါယာ ကျဆုံး​မယ့်​အကြောင်း​သာမက တောင်​ဘုရင်​နဲ့ တိုက်​တဲ့ စစ်ပွဲ ရလဒ်ကို​ပါ ပြောတယ်။ “သူ့​စစ်တပ်ဟာ တိုက်ချ​ခံရပြီး အတုံးအရုံး သေကျေပျက်စီး​လိမ့်မယ်” လို့ မြောက်​ဘုရင်​နဲ့​ပတ်သက်ပြီး ပြောတယ်။ (ဒံ. ၁၁:၂၆) ကြိုဟောတဲ့​အတိုင်း ပထမ​ကမ္ဘာစစ်​မှာ ဂျာမန်​စစ်တပ်ဟာ “တိုက်ချ​ခံရ” ပြီး “အတုံးအရုံး သေကျေပျက်စီး” ခဲ့တယ်။ အဲဒီ​အချိန်အထိ ဖြစ်ခဲ့သမျှ စစ်ပွဲတွေ​ထဲမှာ သေကျေပျက်စီး​မှု အများဆုံး​စစ်ပွဲ ဖြစ်တယ်။

၁၁။ မြောက်​ဘုရင်​နဲ့ တောင်​ဘုရင် ဘာ​လုပ်ကြ​သလဲ။

၁၁ ပထမ​ကမ္ဘာစစ် မဖြစ်ခင်​လေးမှာ မြောက်​ဘုရင်​နဲ့ တောင်​ဘုရင်ဟာ “တစ်​စားပွဲ​တည်း ထိုင်​နေပေမဲ့ အချင်းချင်း လိမ်ပြော​ကြ​လိမ့်မယ်” လို့ ဒံယေလ ၁၁:၂၇၊ ၂၈ မှာ ပြောတယ်။ မြောက်​ဘုရင်ဟာ “ပစ္စည်းဥစ္စာ အများကြီး” ရမယ်လို့လည်း ပြောတယ်။ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ ဂျာမနီ​နဲ့ ဗြိတိန်​ဟာ ငြိမ်းချမ်းရေး လိုချင်တယ်လို့ အချင်းချင်း ပြောပေမဲ့ ၁၉၁၄ မှာ ဖြစ်တဲ့ စစ်​က သူတို့ လိမ်ပြော​ခဲ့​မှန်း သိသာ​စေတယ်။ ၁၉၁၄ မတိုင်ခင် ဆယ်စုနှစ်တွေမှာ ဂျာမနီ​ဟာ ကြွယ်ဝချမ်းသာ​လာပြီး ကမ္ဘာမှာ ဒုတိယ အချမ်းသာဆုံး​နိုင်ငံ ဖြစ်လာတယ်။ ပြီးနောက် ဒံယေလ ၁၁:၂၉ နဲ့ အခန်းငယ် ၃၀ ပထမအပိုင်း ပြည့်စုံတဲ့​အနေနဲ့ ဂျာမနီ​ဟာ တောင်​ဘုရင်​နဲ့ တိုက်ခိုက်တယ်။ ဒါပေမဲ့ စစ်ရှုံး​သွားတယ်။

ဘုရားလူမျိုးကို ဘုရင်တွေ တိုက်ခိုက်

၁၂။ ပထမ​ကမ္ဘာစစ်​မှာ မြောက်​ဘုရင်​နဲ့ တောင်​ဘုရင် ဘာလုပ်ခဲ့သလဲ။

၁၂ ၁၉၁၄ က​စပြီး ဘုရင်​နှစ်ပါး​ဟာ အချင်းချင်း​ရော ဘုရားလူမျိုးကို​ပါ ပို​တိုက်ခိုက်​လာတယ်။ ဥပမာ၊ ပထမ​ကမ္ဘာစစ်​မှာ ဂျာမန်​နဲ့ ဗြိတိန် အစိုးရ နှစ်ခုစလုံးက ဘုရား​ကျေးကျွန်တွေ လက်နက် မကိုင်​လို့ နှိပ်စက်​ခဲ့တယ်။ အမေရိကန် အစိုးရက ဟောပြောခြင်း​လုပ်ငန်းမှာ ဦးဆောင်နေသူ​တွေကို ထောင်ချတယ်။ ဒါက ဗျာဒိတ် ၁၁:၇-၁၀ မှာပါတဲ့ ပရောဖက်ပြုချက် ပြည့်စုံတာ ဖြစ်တယ်။

၁၃။ ၁၉၃၀ ပြည့်လွန်​နှစ်တွေ​နဲ့ ဒုတိယ​ကမ္ဘာစစ်​အတွင်း မြောက်​ဘုရင် ဘာလုပ်ခဲ့သလဲ။

၁၃ ၁၉၃၀ ပြည့်လွန်​နှစ်တွေ၊ အထူးသဖြင့် ဒုတိယ​ကမ္ဘာစစ်​အတွင်းမှာ မြောက်​ဘုရင်ဟာ ဘုရားလူမျိုးကို မညှာမတာ တိုက်ခိုက်တယ်။ ဂျာမနီမှာ နာဇီ​ပါတီ အာဏာ​ရလာ​ပြီး ဟစ်​တ​လာ​နဲ့ နောက်လိုက်​တွေ​က ဘုရား​လူမျိုးရဲ့ လုပ်ငန်းကို ပိတ်ပင်​လိုက်တယ်။ ယေဟောဝါရဲ့ လူမျိုး ၁၅၀၀ လောက်​ကို သတ်ပစ်​ပြီး ထောင်နဲ့​ချီကို ချွေးတပ်စခန်း​တွေ​ဆီ ပို့​ခဲ့တယ်။ အဲဒီ​ဖြစ်ရပ်တွေကို ဒံယေလ ကြိုဟော​တယ်။ မြောက်​ဘုရင်ဟာ ယေဟောဝါရဲ့ နာမည်​အကြောင်း ဘုရား​လူမျိုး လွတ်လပ်​စွာ မ​ကြေညာ​နိုင်အောင် တင်းတင်းကျပ်ကျပ် ကန့်သတ်​ချုပ်ချယ်ခြင်း​အားဖြင့် ‘သန့်ရှင်း​ရာ​ဌာနတော်​ကို ညစ်ညူး​စေ’ ပြီး “ပုံမှန်​ဆက်သ​နေ​ကျ ပူဇော်သက္ကာ​ကိုလည်း ဖယ်ရှား” နိုင်ခဲ့တယ်။ (ဒံ. ၁၁:၃၀၊ ၃၁) ခေါင်းဆောင် ဟစ်​တ​လာ​က ဂျာမနီမှာ​ရှိတဲ့ ဘုရားလူမျိုးကို ချေမှုန်း​ပစ်​မယ်​လို့​တောင် ကြုံးဝါးခဲ့​တယ်။

မြောက်​ဘုရင်​အသစ် ထွက်ပေါ်​လာ

၁၄။ ဒုတိယ​ကမ္ဘာစစ် ပြီးနောက် ဘယ်သူ မြောက်​ဘုရင် ဖြစ်လာ​သလဲ။ ရှင်းပြပါ။

၁၄ ဒုတိယ​ကမ္ဘာစစ် ပြီးနောက် ဆိုဗီယက်​ပြည်ထောင်စု​ရဲ့ ကွန်မြူနစ် အစိုးရဟာ ဂျာမနီ​ဆီက သိမ်းပိုက်​ထားတဲ့ နယ်မြေ​များစွာကို ထိန်းချုပ်​ပြီး မြောက်​ဘုရင် ဖြစ်လာတယ်။ နာဇီ​အစိုးရ​လို​ပဲ ဆိုဗီယက်​ပြည်ထောင်စု​နဲ့ မဟာမိတ်​တွေဟာ စစ်မှန်တဲ့ ဝတ်ပြုရေး ဦးစား​ထားသူတွေ​ကို မုန်းတယ်။

၁၅။ ဒုတိယ​ကမ္ဘာစစ် ပြီးနောက် မြောက်​ဘုရင် ဘာ​လုပ်သလဲ။

၁၅ ဒုတိယ​ကမ္ဘာစစ် ပြီးနောက် မကြာခင်မှာ မြောက်​ဘုရင်​အသစ် ဖြစ်တဲ့ ဆိုဗီယက်​ပြည်ထောင်စု​နဲ့ မဟာမိတ်​တွေဟာ ဘုရားလူမျိုးကို ဆန့်ကျင်​တိုက်ခိုက်တယ်။ ဗျာဒိတ် ၁၂:၁၅-၁၇ မှာ ပရောဖက်ပြု​ထားတဲ့​အတိုင်း မြောက်​ဘုရင်ဟာ ဟောပြောခြင်း​လုပ်ငန်းကို ပိတ်ပင်​ပြီး ယေဟောဝါရဲ့ လူမျိုး ထောင်ပေါင်း​များစွာကို ဆိုက်ဘေးရီးယားဆီ နယ်​နှင်​ဒဏ် ပေးခဲ့တယ်။ နောက်ဆုံး​ကာလ​တစ်လျှောက် မြောက်​ဘုရင်​က နှိပ်စက်​ညှဉ်းပန်းမှု “မြစ်ရေ” ကို မှုတ်​ထုတ်​ပေမဲ့ ဘုရား​လူမျိုးရဲ့ လုပ်ငန်းကို​တော့ မတားဆီး​နိုင်​ခဲ့​ဘူး။ *

၁၆။ ဆိုဗီယက်​ပြည်ထောင်စု​က ဒံယေလ ၁၁:၃၇-၃၉ ကို ဘယ်လို ပြည့်စုံ​စေ​သလဲ။

၁၆ ဒံယေလ ၁၁:၃၇-၃၉ ကိုဖတ်ပါ။ အဲဒီ​ပရောဖက်ပြုချက် ပြည့်စုံတဲ့​အနေနဲ့ မြောက်​ဘုရင်ဟာ ‘ဘိုးဘေး​တို့ရဲ့ ဘုရားကို အရေး​မစိုက်​ဘူး။’ ဘယ်လို​နည်းနဲ့လဲ။ ဆိုဗီယက်​ပြည်ထောင်စု​ဟာ ဘာသာရေး​ကို ချေမှုန်း​ဖျက်ဆီးဖို့ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ဩဇာ​အာဏာကို ရုပ်သိမ်း​လိုက်တယ်။ ၁၉၁၈ ကတည်းက ဆိုဗီယက် အစိုးရဟာ ဘုရားမဲ့​ဝါဒ​ကို ကျောင်း​တွေ​မှာ သင်ပေးဖို့ အမိန့်ထုတ်​ခဲ့တယ်။ မြောက်​ဘုရင်ဟာ ဘယ်လိုနည်းနဲ့ “ခံတပ်​စောင့် နတ်ဘုရားကို ဘုရင်အဖြစ် ဂုဏ်တင်” သလဲ။ ဆိုဗီယက်​ပြည်ထောင်စု​ဟာ စစ်တပ်​အင်အား ခိုင်ခံ့ဖို့၊ နျူကလီးယား လက်နက် ထောင်ပေါင်း​များစွာ ထုတ်လုပ်ဖို့ ငွေကြေး အမြောက်အမြား အကုန်အကျ ခံခဲ့တယ်။ ဒီလိုနဲ့ မြောက်​ဘုရင်​ရော တောင်​ဘုရင်​မှာပါ လူ​သန်း​ထောင်ပေါင်း​များစွာကို သတ်ဖို့ လက်နက်တွေ အလုံအလောက် ရှိ​လာတယ်။

ရှားရှားပါးပါး ပူးပေါင်း​ဆောင်ရွက်မှု

၁၇။ “ဖျက်ဆီး​တတ်တဲ့ ရွံရှာဖွယ်​ရာ” က ဘာလဲ။

၁၇ မြောက်​ဘုရင်ဟာ တောင်​ဘုရင်​နဲ့ ပူးပေါင်းပြီး “ဖျက်ဆီး​တတ်တဲ့ ရွံရှာဖွယ်​ရာ​ကို နေရာ​ချထား” တယ်။ (ဒံ. ၁၁:၃၁) အဲဒီ “ရွံရှာဖွယ်​ရာ” ဟာ ကုလသမဂ္ဂ ဖြစ်တယ်။

၁၈။ ကုလသမဂ္ဂ​ကို “ရွံရှာဖွယ်​ရာ” အဖြစ် ဘာကြောင့် ဖော်ပြသလဲ။

၁၈ ကုလသမဂ္ဂ​ကို “ရွံရှာဖွယ်​ရာ” လို့ ဘာကြောင့် ဖော်ပြသလဲ။ ဘုရား​နိုင်ငံတော်​က​ပဲ လုပ်ဆောင်ပေး​နိုင်မယ့် ကမ္ဘာ့​ငြိမ်းချမ်းရေး​ကို ဖော်ဆောင်​ပေးမယ်​ဆိုပြီး ကြုံးဝါးလို့ပဲ။ ရွံရှာဖွယ်​ရာ​က ‘ဖျက်ဆီး​တတ်တယ်’ လို့​လည်း ပရောဖက်ပြုချက်မှာ ပြောတယ်။ ဘာကြောင့်လဲ​ဆိုတော့ ကုလသမဂ္ဂ​ဟာ မှားယွင်းတဲ့ ဘာသာ​အားလုံးကို ဖျက်ဆီး​ရာ​မှာ အဓိက ပါဝင်​မှာ ဖြစ်လို့ပဲ။—“အဆုံးပိုင်း​ကာလ ပြိုင်ဘက် ဘုရင်များ” ဇယားကွက်​ကို ကြည့်ပါ။

ဒီ​သမိုင်းကြောင်းကို သိဖို့ ဘာကြောင့် လိုအပ်

၁၉-၂၀။ (က) ဒီ​သမိုင်းကြောင်းကို သိဖို့ ဘာကြောင့် လိုအပ်​သလဲ။ (ခ) နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

၁၉ ဒီ​သမိုင်းကြောင်းကို သိဖို့ လိုတယ်။ ဘာကြောင့်လဲ​ဆိုတော့ ၁၈၇၀ ပြည့်နှစ်​ကနေ ၁၉၉၁ အထိ မြောက်​ဘုရင်၊ တောင်​ဘုရင်​နဲ့​ပတ်သက်တဲ့ ဒံယေလ ပရောဖက်ပြုချက် ပြည့်စုံခဲ့​ကြောင်း သမိုင်းက ဖော်ပြလို့​ပဲ။ ဒါကြောင့် ပရောဖက်ပြုချက်ရဲ့ ကျန်အပိုင်း​လည်း ပြည့်စုံ​လာမယ်​ဆိုတာ ယုံကြည်​စိတ်ချ​နိုင်တယ်။

၂၀ ၁၉၉၁ မှာ ဆိုဗီယက်​ပြည်ထောင်စု ပြိုကွဲ​သွားတယ်။ ဒါဆိုရင် ဒီနေ့​ခေတ်မှာ မြောက်​ဘုရင် ဘယ်သူ​လဲ။ နောက်​ဆောင်းပါး​မှာ အဲဒီ​အကြောင်း ဆွေးနွေးပါမယ်။

သီချင်း ၁၂၈ အဆုံးအထိ ခံရပ်​နေပါ

^ အပိုဒ်၊ 5 “မြောက်​ဘုရင်၊” “တောင်​ဘုရင်” နဲ့​ပတ်သက်တဲ့ ဒံယေလ ပရောဖက်ပြုချက် ဆက်​ပြည့်စုံ​နေတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ပရောဖက်ပြုချက်ရဲ့ အသေးစိတ်​အချက်တွေကို နားလည်ဖို့ ဘာကြောင့် လိုအပ်​သလဲ။

^ အပိုဒ်၊ 5 ဒါကြောင့် ရောမ​ဧကရာဇ် အော်​ရီ​လီယန် (အေဒီ ၂၇၀-၂၇၅) ကို “မြောက်​ဘုရင်” အဖြစ်၊ ဘုရင်မ ဇနိုးဘီးယား (အေဒီ ၂၆၇-၂၇၂) ကို “တောင်​ဘုရင်” အဖြစ် ယူမှတ်​တော့​မှာ မဟုတ်ဘူး။ ဒါဟာ ဒံယေလ​၏ ပရောဖက်ပြုချက်ကို ဂရုပြု​လော့! စာအုပ်၊ အခန်း ၁၃၊ ၁၄ မှာပါတဲ့ နားလည်မှု​ကို ပြုပြင်​လိုက်တာ ဖြစ်တယ်။

^ အပိုဒ်၊ 9 ၁၈၉၀ မှာ ဂျာမန် ဘုရင် ကိုင်​ဇာ ဝီဟမ် ၂ က ဘစ်စမက်ကို ရာထူး​ဖြုတ်​လိုက်တယ်။

^ အပိုဒ်၊ 10 သူတို့ဟာ အင်ပါယာ ကျရှုံး​အောင် နည်းအမျိုးမျိုးနဲ့ ပူးပေါင်း​ကြံစည်​ကြတယ်။ ဥပမာ၊ ဘုရင်ကို မထောက်ခံ​တော့​ဘူး။ စစ်ပွဲ​ရဲ့ လျှို့ဝှက်ချက်​တွေကို ပေါက်​ကြားစေ​တယ်။ ထီးနန်း​စွန့်ဖို့ ဘုရင်ကို ဖိအား​ပေးတယ်။

^ အပိုဒ်၊ 15 ဒံယေလ ၁၁:၃၄ မှာ ဖော်ပြတဲ့​အတိုင်း မြောက်​ဘုရင် လက်အောက်မှာ ရှိတဲ့ ခရစ်ယာန်တွေဟာ သက်သာမှု ခဏ ရခဲ့တယ်။ ဥပမာ၊ ၁၉၉၁ ဆိုဗီယက်​ပြည်ထောင်စု ပြိုကွဲ​ချိန်မှာ ဖြစ်တယ်။