မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဆုံးပိုင်းကာလ ပြိုင်ဘက် ဘုရင်များ

အဆုံးပိုင်းကာလ ပြိုင်ဘက် ဘုရင်များ

ဒီ​ဇယားကွက်​မှာပါတဲ့ ပရောဖက်ပြုချက်​တချို့ဟာ တစ်ချိန်တည်းမှာ ဖြစ်မယ့် ဖြစ်ရပ်တွေ​ပါ။ အဲဒါတွေက “အဆုံးပိုင်း​ကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေ​ရ​ကြောင်း နည်း​များစွာနဲ့ ဖော်ပြတယ်။—ဒံ. ၁၂:၄

  • ကျမ်းချက်များ ဗျာ. ၁၁:၇။ ၁၂:၁၃၊ ၁၇။ ၁၃:၁-၈၊ ၁၂

    ပရောဖက်ပြုချက် “သားရဲ” ဟာ ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ အုပ်စိုး​တယ်။ အဆုံးပိုင်း​ကာလမှာ သားရဲ​ရဲ့ ခုနစ်လုံး​မြောက် ခေါင်း ဒဏ်ရာ​ရတယ်။ နောက်ပိုင်း အဲဒီ​ခေါင်း ဒဏ်ရာ ပျောက်ကင်း​သွားတယ်။ “မြေတစ်ပြင်လုံးမှာ​ရှိတဲ့ လူတွေ” သားရဲ​နောက် လိုက်ကြတယ်။ “ကျန်ကြွင်း​သူတွေကို စစ်တိုက်​ဖို့” သားရဲ​ကို စာတန် အသုံးပြုတယ်။

    ပြည့်စုံချက် ရေလွှမ်းမိုး​ဘေး ပြီးနောက် ယေဟောဝါကို ဆန့်ကျင်တဲ့ လူ့​အစိုးရတွေ ပေါ်ထွက်​လာတယ်။ ရာစုနှစ်များစွာ ကြာပြီးနောက် ပထမ​ကမ္ဘာစစ်​အတွင်း ဗြိတိသျှ အင်ပါယာဟာ တန်ခိုး​အာဏာ ကျဆင်း​လာတယ်။ အမေရိကန်​နဲ့ ပေါင်း​တော့​မှ ပြန်​ခွန်အားကြီး​လာတယ်။ အထူးသဖြင့် အဆုံးပိုင်း​ကာလမှာ ဘုရားလူမျိုးကို နှိပ်စက်​ညှဉ်းပန်း​ဖို့ နိုင်ငံရေး​စနစ် တစ်ခုလုံးကို စာတန် အသုံးပြု​နေတယ်။

  • ကျမ်းချက်များ ဒံ. ၁၁:၂၅-၄၅

    ပရောဖက်ပြုချက် အဆုံးပိုင်း​ကာလမှာ မြောက်​ဘုရင်​နဲ့ တောင်​ဘုရင်​ကြား ပြိုင်ဆိုင်မှု​တွေ ရှိတယ်။

    ပြည့်စုံချက် ဂျာမနီ​နဲ့ အင်္ဂလိပ်-အမေရိကန် အာဏာစက် ပြိုင်ဆိုင်​တိုက်ခိုက်​ကြတယ်။ ၁၉၄၅ မှာ ဆိုဗီယက်​ပြည်ထောင်စု​နဲ့ မဟာမိတ်​တွေ မြောက်​ဘုရင် ဖြစ်လာတယ်။ ၁၉၉၁ မှာ ဆိုဗီယက်​ပြည်ထောင်စု ပြိုကွဲ​သွားပြီး နောက်ပိုင်း ရုရှား​နဲ့ မဟာမိတ်​တွေ မြောက်​ဘုရင် ဖြစ်လာတယ်။

  • ကျမ်းချက်များ ဟေရှာ. ၆၁:၁။ မာ​လ. ၃:၁။ လု. ၄:၁၈

    ပရောဖက်ပြုချက် ယေဟောဝါ​က မေရှိယနိုင်ငံ မတည်ထောင်​ခင် ‘လမ်းကို အသင့်ပြင်​ပေး’ ဖို့ “စေတမန်” ကို စေလွှတ်တယ်။ အဲဒီ​စေတမန်​က “နွမ်းပါး​သူတွေကို သတင်းကောင်း ကြေညာ” တယ်။

    ပြည့်စုံချက် ၁၈၇၀ ပြည့်နှစ်​က​စပြီး စီတီရပ်စယ်လ်​နဲ့ အပေါင်းပါ​တွေဟာ ကျမ်းစာ​အမှန်တရားတွေကို ထက်ထက်သန်သန် ရှာဖွေကြ​တယ်။ ဘုရားသခင့် ကျေးကျွန်တွေ ဟောပြောဖို့ အလွန်​အရေးကြီးကြောင်း ၁၈၈၁ မှာ သူတို့ နားလည်​လာတယ်။ “ဟောပြောသူ ၁၀၀၀ အလိုရှိ​သည်၊” “ဟောပြောဖို့ ဘိသိက်ပေး​ခံရ” ဆိုတဲ့ ဆောင်းပါး​တွေ ထုတ်ဝေ​တယ်။

  • ကျမ်းချက်များ မ. ၁၃:၂၄-၃၀၊ ၃၆-၄၃

    ပရောဖက်ပြုချက် ရန်သူက ဂျုံခင်း​ထဲ ပေါင်းမျိုးစေ့​တွေ ကြဲ​သွားတယ်။ ပေါင်းပင်​တွေ ကြီးထွား​လာပြီး ဂျုံပင်​တွေကို လွှမ်းမိုး​သွားတယ်။ ရိတ်သိမ်းချိန်​မှာ ပေါင်းပင်​တွေကို ဂျုံပင်​တွေ​နဲ့ ခွဲခြား​တယ်။

    ပြည့်စုံချက် ၁၈၇၀ ပြည့်နှစ်​က​စပြီး ခရစ်ယာန်စစ်နဲ့ အတုအယောင်​တွေ သိသိသာသာ ကွဲပြား​လာတယ်။ အဆုံးပိုင်း​ကာလမှာ ခရစ်ယာန်စစ်​တွေ စုသိမ်း​ခံရပြီး ခရစ်ယာန် အတုအယောင်​တွေ​နဲ့ ခွဲခြား​ခံရတယ်။

  • ကျမ်းချက်များ ဒံ. ၂:၃၁-၃၃၊ ၄၁-၄၃

    ပရောဖက်ပြုချက် သတ္တု အမျိုးမျိုးနဲ့ ပြုလုပ်​ထားတဲ့ ရုပ်တုကြီး​ရဲ့ သံနဲ့ ရွှံ့စေး ရော​နေတဲ့ ခြေထောက်။

    ပြည့်စုံချက် ရွှံ့စေး​က အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့​အာဏာစက်​ထဲ​က ပြည်သူ​လူထု​ကို ဆိုလိုတယ်။ သူတို့​ကြောင့် အစိုးရတွေ​က သံ​လို မာကျော​တဲ့ အာဏာကို အပြည့်အဝ မသုံးနိုင်ဘူး။

  • ကျမ်းချက်များ မ. ၁၃:၃၀။ ၂၄:၁၄၊ ၄၅။ ၂၈:၁၉၊ ၂၀

    ပရောဖက်ပြုချက် “ဂျုံပင်” ကို “ကျီ” ထဲ စုသိမ်း​တယ်။ “အိမ်သူအိမ်သားတွေ” အတွက် “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” ကို ခန့်အပ်တယ်။ “နိုင်ငံတော် သတင်းကောင်း” ကို “လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ” စတင် ဟောပြောတယ်။

    ပြည့်စုံချက် ၁၉၁၉ မှာ ဘုရား​လူမျိုး​အတွက် သစ္စာရှိ​ကျွန်ကို ခန့်အပ်တယ်။ အဲဒီ​အချိန်​က​စပြီး ကျမ်းစာ​ကျောင်းသားတွေဟာ ဟောပြောခြင်း​ လုပ်ငန်းကို အရှိန်မြှင့်​ခဲ့​ကြတယ်။ ဒီနေ့​ခေတ် ယေဟောဝါ​သက်သေတွေဟာ နိုင်ငံ​ပေါင်း ၂၀၀ ကျော်​မှာ ဟောပြော​နေပြီး ကျမ်းစာ​အခြေပြု​စာပေတွေကို ဘာသာစကား ၁၀၀၀ ကျော်နဲ့ ထုတ်ဝေ​နေတယ်။

  • ကျမ်းချက်များ ဒံ. ၁၂:၁၁။ ဗျာ. ၁၃:၁၁၊ ၁၄၊ ၁၅

    ပရောဖက်ပြုချက် ချို​နှစ်ချောင်း​ရှိတဲ့ သားရဲ​ဟာ “သားရဲ​ရဲ့ ရုပ်တု ထုလုပ်” ရာ​မှာ ဦးဆောင်​ပြီး “ရုပ်တုကို အသက်သွင်း​ပေး” တယ်။

    ပြည့်စုံချက် အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့​အာဏာစက်ဟာ နိုင်ငံ​ပေါင်းချုပ်​အသင်း တည်ထောင်​ရာ​မှာ ဦးဆောင်​တယ်။ အဲဒီ​အသင်း​ကို တခြား​နိုင်ငံတွေ ထောက်ခံတယ်။ မြောက်​ဘုရင်လည်း အဲဒီ​အသင်း​ထဲမှာ ပါတယ်။ ဒါပေမဲ့ ၁၉၂၆-၁၉၃၃ အထိ​သာ ဖြစ်တယ်။ နိုင်ငံ​ပေါင်းချုပ်​အသင်း​ဟာ သူ့​နောက်မှာ ပေါ်လာတဲ့ ကုလသမဂ္ဂ​လို​ပဲ ဘုရား​နိုင်ငံတော်​သာ ရထိုက်တဲ့ ချီးမွမ်းမှုကို ရခဲ့တယ်။

  • ကျမ်းချက်များ ဒံ. ၈:၂၃၊ ၂၄

    ပရောဖက်ပြုချက် မျက်နှာထား ကြမ်းကြုတ်​တဲ့ ဘုရင်​က “သိမ်း​ရုံး​ဖျက်ဆီး” တယ်။

    ပြည့်စုံချက် အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့​အာဏာစက်​က သိမ်း​ရုံး​ဖျက်ဆီး​တယ်။ ဥပမာ၊ ဒုတိယ​ကမ္ဘာစစ်​အတွင်း အမေရိကန်​ဟာ ပြိုင်ဘက် ကမ္ဘာ့​အာဏာစက်​အပေါ် အဏုမြူ​ဗုံး​နှစ်လုံး ကြဲ​ချ​ခြင်းအားဖြင့် မပြောပြ​နိုင်လောက်အောင် ပျက်စီး​ဆုံးရှုံး​စေတယ်။

  • ကျမ်းချက်များ ဒံ. ၁၁:၃၁။ ဗျာ. ၁၇:၃၊ ၇-၁၁

    ပရောဖက်ပြုချက် တွင်း​နက်​ကြီး​ထဲ​ကနေ ချိုဆယ်ချောင်း ရှိတဲ့ “နီ​မြန်း​တဲ့” သားရဲ တက်​လာတယ်။ အဲဒီ​သားရဲ​ဟာ ရှစ်ပါးမြောက် ဘုရင်​ဖြစ်တယ်။ အဲဒီ​ဘုရင်ကို ဒံယေလ​ကျမ်းမှာ “ဖျက်ဆီး​တတ်တဲ့ ရွံရှာဖွယ်​ရာ” အဖြစ် ဖော်ပြ​ထားတယ်။

    ပြည့်စုံချက် ဒုတိယ​ကမ္ဘာစစ်​အတွင်း နိုင်ငံ​ပေါင်းချုပ်​အသင်း အဆုံးတိုင်​သွားတယ်။ စစ်​ပြီးနောက် ကုလသမဂ္ဂ​ကို “နေရာ​ချထား” ကြတယ်။ ကုလသမဂ္ဂ​ဟာ အရင်က နိုင်ငံ​ပေါင်းချုပ်​အသင်း​လို​ပဲ ဘုရား​နိုင်ငံတော်​သာ ရထိုက်တဲ့ ချီးမွမ်းမှုကို ရတယ်။ ဘာသာရေး​ကို ကုလသမဂ္ဂ တိုက်ခိုက်​ပါလိမ့်မယ်။

  • ကျမ်းချက်များ ၁ သက်. ၅:၃။ ဗျာ. ၁၇:၁၆

    ပရောဖက်ပြုချက် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ နိုင်ငံတွေ ကြွေးကြော်​တယ်။ “ချိုဆယ်ချောင်း” နဲ့ “သားရဲ” က “ပြည့်တန်ဆာ” ကို တိုက်ခိုက် ဖျက်ဆီး​တယ်။ ပြီးနောက် နိုင်ငံတွေ ဖျက်ဆီး​ခံရတယ်။

    ပြည့်စုံချက် နိုင်ငံတွေက ငြိမ်းချမ်း​လုံခြုံ​အောင် လုပ်နိုင်ပြီ​လို့ ကြေညာ​ကြမယ်။ ပြီးနောက် ကုလသမဂ္ဂ​ကို ထောက်ခံ​တဲ့ နိုင်ငံတွေက မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်း​တွေကို ဖျက်ဆီးမယ်။ အဲဒါက ကြီးစွာသောဒုက္ခရဲ့ အစ​ဖြစ်မယ်။ အာမဂေဒုန်​မှာ လောက​စနစ် တစ်ခုလုံး ဖျက်ဆီး​ခံရတဲ့​အခါ ကြီးစွာသောဒုက္ခ အဆုံးသတ်​မယ်။

  • ကျမ်းချက်များ ယေဇ. ၃၈:၁၁၊ ၁၄-၁၇။ မ. ၂၄:၃၁

    ပရောဖက်ပြုချက် ဘုရား​လူမျိုးရဲ့ ပြည်​ကို ဂေါဂ ဝင်ရောက် ကျူးကျော်​တယ်။ ပြီးနောက် ကောင်းကင်တမန်တွေ​က “ရွေးချယ်​ခံရသူတွေ” ကို စုသိမ်း​တယ်။

    ပြည့်စုံချက် မြောက်​ဘုရင်​နဲ့ ကျန်တဲ့ ကမ္ဘာ့​အစိုးရတွေ ဘုရားလူမျိုးကို တိုက်ခိုက်တယ်။ အဲဒီ​တိုက်ခိုက်မှု စတင်​ပြီးနောက် တစ်ချိန်ချိန်မှာ ကျန်ရှိ​နေတဲ့ ဘိသိက်ခံ​တွေ ကောင်းကင်ကို စုသိမ်း​ခံရတယ်။

  • ကျမ်းချက်များ ယေဇ. ၃၈:၁၈-၂၃။ ဒံ. ၂:၃၄၊ ၃၅၊ ၄၄၊ ၄၅။ ဗျာ. ၆:၂။ ၁၆:၁၄၊ ၁၆။ ၁၇:၁၄။ ၁၉:၂၀

    ပရောဖက်ပြုချက် “မြင်းဖြူ” ပေါ်​က “မြင်းစီးသူရဲ” ဟာ ဂေါဂ​နဲ့ စစ်တပ်​ကို ဖျက်ဆီး​ပစ်​ခြင်းအားဖြင့် အပြီးသတ် “အောင်ပွဲခံ” တယ်။ “သားရဲ” ဟာ ‘ကန့်​တွေ လောင်​နေတဲ့ မီး​အိုင်​ထဲ ပစ်ချ​ခံရ’ တယ်။ ကျောက်​တစ်လုံး​က ရုပ်တုကြီး​ကို တိုက်ချ​သွားတယ်။

    ပြည့်စုံချက် ဘုရား​နိုင်ငံတော် ဘုရင် ယေရှုဟာ ဘုရားလူမျိုးကို ကယ်တင်တယ်။ တွဲဖက်​အုပ်ချုပ်သူ ၁၄၄,၀၀၀၊ ကောင်းကင်တမန် စစ်တပ်​နဲ့​အတူ ယေရှု​က နိုင်ငံ​ပေါင်း​စုံ ဖွဲ့စည်းထားတဲ့ စာတန့် နိုင်ငံရေး​စနစ် တစ်ခုလုံးကို ဖျက်ဆီး​တယ်။