ဘဝအတ္ထုပ္ပတ္တိ
“တခြားသူတွေဆီကနေ များစွာ သင်ယူခဲ့ရ”
အယ်လ်ဂျီးရီးယား တောင်တန်းတွေပေါ်မှာ ကျွန်တော်တို့ရဲ့ ပြင်သစ်စစ်တပ် တပ်ချထားတယ်။ အဲဒီဒေသမှာ တိုက်ပွဲ ပြင်းထန်နေချိန်ပေါ့။ လမိုက်ညတစ်ည၊ သဲအိတ်တွေ နောက်မှာ သေနတ် ကိုင်ပြီး ကျွန်တော် တစ်ယောက်တည်း ကင်းစောင့်နေတယ်။ ရုတ်တရက် ကိုယ့်ဘက် လျှောက်လာတဲ့ ခြေသံ ကြားလို့ တုတ်တုတ်တောင် မလှုပ်ရဲလောက်အောင် ကြောက်သွားတယ်။ ကျွန်တော် အသက် ၂၀ လောက်ပဲ ရှိသေးတယ်။ ဘယ်သူ့ကိုမှ မသတ်ချင်သလို ကိုယ်တိုင်လည်း အသတ် မခံချင်ဘူး။ ဒါကြောင့် “ဘုရားသခင်၊ ကယ်ပါဦး” လို့ ဆုတောင်းလိုက်တယ်။
ဘဝမှာ ဦးဆုံးအကြိမ် ဘုရားတမိတဲ့ အဲဒီကြောက်စရာ ဖြစ်ရပ်က ကျွန်တော့်ဘဝကို ပြောင်းလဲသွားစေတယ်။ အဲဒီညမှာ ဘာဆက်ဖြစ်တယ်ဆိုတာ မပြောခင် ကျွန်တော့်အတွေးအခေါ်ကို ဩဇာလွှမ်းမိုးခဲ့တဲ့၊ ဘုရားကို ရှာဖို့ တွန်းအားပေးခဲ့တဲ့ ကလေးဘဝအကြောင်း ပြောပြပါရစေ။
အဖေ့ဆီက ရတဲ့ သင်ခန်းစာ
၁၉၃၇၊ ပြင်သစ်နိုင်ငံ မြောက်ပိုင်း၊ သတ္တုတွင်းမြို့လေး ဖြစ်တဲ့ ဂွီနင်မြို့မှာ ကျွန်တော် မွေးဖွားလာတယ်။ အဖေက ကျောက်မီးသွေးတွင်း လုပ်သား ဖြစ်တယ်။ အလုပ်ကြိုးစားဖို့ လိုတယ်ဆိုတာ အဖေ့ဆီကနေ သိခဲ့ရတယ်။ မတရားတာကို မုန်းဖို့လည်း အဖေ သင်ပေးတယ်။ ကျောက်မီးသွေးတွင်း လုပ်သား များစွာဟာ မျှမျှတတ ဆက်ဆံမခံရဘူး။ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင် အခြေအနေမှာ အလုပ်လုပ်နေရတယ်။ ဒါကို အဖေ သိလို့ ကူညီပေးချင်တယ်။ သူတို့အခြေအနေ တိုးတက်လာအောင် ကူညီပေးဖို့ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းခဲ့တယ်။ ဒေသခံ ဘုန်းတော်ကြီးတွေရဲ့ အယောင်ဆောင်မှုကိုလည်း အဖေ မကြိုက်ဘူး။ သူတို့ အများစုက ချမ်းသာပေမဲ့ တစ်နေ့စာ ရဖို့ မနည်း ရုန်းကန်နေရတဲ့ တွင်းလုပ်သားတွေဆီမှာ အစားအစာနဲ့ ပိုက်ဆံတွေ အလှူကောက်ကြတယ်။ ဘုန်းတော်ကြီးတွေရဲ့ အကျင့်ကို မကြိုက်လို့ ကျွန်တော့်ကို ဘာသာရေးအကြောင်း အဖေ ဘာမှ
မသင်ပေးဘူး။ တကယ်တော့ ဘုရားအကြောင်း ကျွန်တော်တို့ တစ်ခါမှ မပြောဖူးဘူး။ကျွန်တော် ကြီးပြင်းလာတော့ မတရားမှုကို မုန်းတတ်လာတယ်။ ပြင်သစ်မှာ နေတဲ့ နိုင်ငံခြားသားတွေကို ခွဲခြားဆက်ဆံတာဟာ မတရားမှုပဲလို့ ကျွန်တော် ယူဆတယ်။ တခြားနိုင်ငံကနေ ပြောင်းရွှေ့လာတဲ့ မိသားစုတွေထဲက ကလေးတွေနဲ့ ဘောလုံးကန်တယ်။ သူတို့နဲ့ ပေါင်းရတာ ကြိုက်တယ်။ တကယ်တော့ ကျွန်တော့်အမေလည်း ပြင်သစ်လူမျိုး မဟုတ်ဘူး။ ပိုလန်လူမျိုးပါ။ လူမျိုးရေး ခွဲခြားမှုတွေ မရှိဘဲ တန်းတူညီတူ ဖြစ်မယ့် အချိန်ကို ကျွန်တော် သိပ်တမ်းတမိတယ်။
ဘဝအကြောင်း အလေးအနက် စတွေးလာ
၁၉၅၇ မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတယ်။ ဒါကြောင့် အစောပိုင်းတုန်းက ပြောခဲ့တဲ့ အယ်လ်ဂျီးရီးယား တောင်တန်းတွေပေါ် ရောက်နေတာပေါ့။ “ဘုရားသခင်၊ ကယ်ပါဦး” လို့ ဆုတောင်းပြီး ကြည့်လိုက်တော့ ရန်သူစစ်သား မဟုတ်ဘဲ မြည်းရိုင်းတစ်ကောင် ဖြစ်နေလို့ တော်သေးတယ်။ အဲဒီအဖြစ်အပျက်နဲ့ စစ်ပွဲ အတွေ့အကြုံတွေကြောင့် ဘဝအဓိပ္ပာယ်အကြောင်း အလေးအနက် တွေးမိလာတယ်။ ကျွန်တော်တို့ ဘာကြောင့် ကမ္ဘာပေါ် ရောက်နေတာလဲ၊ ကျွန်တော်တို့ကို ဘုရား ဂရုစိုက်ရဲ့လား၊ တည်မြဲတဲ့ ငြိမ်းချမ်းမှု ရနိုင်ဦးမလား ဆိုတာတွေပေါ့။
နောက်ပိုင်း၊ မိဘအိမ်ကို ခွင့်နဲ့ ပြန်လာတုန်း ယေဟောဝါသက်သေတစ်ယောက်နဲ့ ဆုံတယ်။ သူက ကျမ်းစာတစ်အုပ် လက်ဆောင်ပေးတယ်။ အယ်လ်ဂျီးရီးယား ပြန်သွားပြီးနောက် အဲဒီကျမ်းစာကို စဖတ်ဖြစ်တယ်။ သိပ်ကြိုက်သွားတဲ့ ကျမ်းချက်ကတော့ ဗျာဒိတ် ၂၁:၃၊ ၄ ပါ။ “ဘုရားသခင်ရဲ့ တဲတော်ဟာ လူတွေနဲ့အတူ ရှိ . . . မယ်။ . . . ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး” လို့ ရေးထားတယ်။ * ဒီလို တစ်ခါမှ မဖတ်ဖူးဘူး။ ‘ဒါ အမှန်ပဲလား’ လို့ တွေးမိတယ်။ တကယ်တော့ အဲဒီတုန်းက ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း ဘာမှ မသိဘူး။
စစ်မှုထမ်း ကာလ ပြီးဆုံးသွားတဲ့ ၁၉၅၉ မှာ ဖရန်ဆွာလို့ ခေါ်တဲ့ သက်သေခံတစ်ယောက်နဲ့ ဆုံတယ်။ သူက ကျမ်းစာအမှန်တရား အများကြီး သင်ပေးတယ်။ ဘုရားမှာ နာမည် ရှိကြောင်း၊ ယေဟောဝါ ဖြစ်ကြောင်း ကျမ်းစာကနေ ပြတယ်။ (ဆာ. ၈၃:၁၈) ယေဟောဝါက ကမ္ဘာမြေပေါ် တရားမျှတမှု ဆောင်ကြဉ်းပေးမယ်၊ တစ်ကမ္ဘာလုံး ပရဒိသု ဖြစ်အောင် လုပ်ပေးမယ်၊ ဗျာဒိတ် ၂၁:၃၊ ၄ မှာ ပါတဲ့ စကားတွေ ပြည့်စုံလာမယ်ဆိုတာတွေ ရှင်းပြတယ်။
ကျွန်တော့်အတွက်တော့ အဲဒီသွန်သင်ချက်တွေ တော်တော် ယုတ္တိရှိတယ်။ တော်တော်လည်း စိတ်ထိမိတယ်။ ကျမ်းစာမှာ မပါတာတွေ သွန်သင်ပေးတဲ့ ဘုန်းတော်ကြီးတွေကို ဒေါသထွက်လွန်းလို့ ပစ်ပစ်ခါခါ သွားပြောလိုက်ချင်တယ်။ အဖေ့စိတ်ဓာတ်တွေ ကျွန်တော့်မှာ ရှိနေတုန်းပဲ။ စိတ်မရှည်ဘူး။ ချက်ချင်း သွားရှင်းလိုက်ချင်တာ။
ကျွန်တော် စိတ်ဆိုးပြေဖို့ ဖရန်ဆွာနဲ့ တခြားသက်သေခံ မိတ်ဆွေတွေ ကူညီပေးတယ်။ ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းက တခြားသူတွေကို စီရင်ဖို့ မဟုတ်ဘူး။ နိုင်ငံတော် သတင်းကောင်းအားဖြင့် လူတွေကို မျှော်လင့်ချက် ပေးဖို့ပဲ ဆိုတာ သူတို့ ရှင်းပြတယ်။ ယေရှု အဲဒီလိုပဲ လုပ်ခဲ့တယ်။ နောက်လိုက်တွေကိုလည်း အဲဒီလို လုပ်ဖို့ မိန့်မှာတယ်။ (မ. ၂၄:၁၄။ လု. ၄:၄၃) လူတွေရဲ့ ယုံကြည်ချက် ဘယ်လိုပဲ ရှိရှိ ကြင်ကြင်နာနာ၊ လိမ္မာပါးနပ်စွာ ပြောဖို့လည်း သင်ယူခဲ့ရတယ်။ ‘ဘုရားသခင်ရဲ့ ကျွန်ဟာ ခိုက်ရန်ဖြစ်စရာ မလိုဘူး။ လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သိမ်မွေ့တဲ့သူ ဖြစ်ရမယ်’ လို့ ကျမ်းစာမှာ ပြောထားတယ်။—၂ တိ. ၂:၂၄။
ပြုပြင်စရာ ရှိတာတွေ ပြုပြင်ပြောင်းလဲပြီးနောက် ၁၉၅၉ တိုက်နယ်အစည်းအဝေးမှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။ အဲဒီအစည်းအဝေးမှာ အန်ဂျလီလို့ ခေါ်တဲ့ ညီအစ်မငယ်နဲ့ ဆုံတယ်။ သူ့ကို သဘောကျမိပြီး သူ့အသင်းတော်ကို သွားလည်တယ်။ ဒီလိုနဲ့ ၁၉၆၀ မှာ ကျွန်တော်တို့ လက်ထပ်လိုက်တယ်။ အန်ဂျလီဟာ သိပ်တော်တဲ့ ဇနီး၊ ယေဟောဝါဆီက အဖိုးတန် လက်ဆောင်ပါ။—အတွေ့အကြုံရှိ အမျိုးသားတွေဆီကနေ များစွာ သင်ယူခဲ့
နှစ်တွေတစ်လျှောက် ဉာဏ်ပညာ ရှိပြီး အတွေ့အကြုံရှိ ညီအစ်ကိုတွေဆီကနေ အရေးကြီး သင်ခန်းစာများစွာ သင်ယူခဲ့ရတယ်။ အရေးကြီးဆုံး သင်ခန်းစာ တစ်ခုကတော့ ခက်ခဲတဲ့ ဘယ်လို တာဝန်မျိုးမှာမဆို အောင်မြင်ဖို့ နှိမ့်ချမှု ရှိရမယ်၊ ‘အကြံပေးသူ များရင် အောင်မြင်တတ်တယ်’ ဆိုတဲ့ ပညာအလိမ္မာ ၁၅:၂၂ မှာ ပါတဲ့ အကြံဉာဏ်ကို လိုက်လျှောက်ရမယ် ဆိုတာပါပဲ။
အဲဒီစကားတွေ ဘယ်လောက် ပညာရှိကြောင်း ၁၉၆၄ မှာ ကျွန်တော် စသိလာတယ်။ အသင်းတော်တွေကို လည်ပတ်အားပေးရတဲ့ တိုက်နယ်ကြီးကြပ်မှူးအဖြစ် အဲဒီနှစ်မှာ စအမှုဆောင်လို့ပဲ။ အသက်က ၂၇ နှစ်ပဲ ရှိသေးတယ်။ ဘာအတွေ့အကြုံမှ မရှိဘူးဆိုတော့ အမှားတွေ လုပ်မိတာပေါ့။ ဒါပေမဲ့ အမှားတွေကနေ သင်ယူခဲ့တယ်။ အထူးသဖြင့်တော့ အရည်အချင်း ရှိပြီး အတွေ့အကြုံရှိ “အကြံပေးသူ” တွေဆီကနေ အဖိုးတန် သင်ခန်းစာတွေ သင်ယူခဲ့တယ်။
အဖြစ်အပျက် တစ်ခုကို အမှတ်ရနေတုန်းပဲ။ ပဲရစ်မြို့၊ အသင်းတော်တစ်ခုကို လည်ပတ်ချိန်မှာ ရင့်ကျက်တဲ့ ညီအစ်ကိုတစ်ယောက်က သီးသန့်စကားပြောလို့ ရမလားလို့ မေးတယ်။ “ရတာပေါ့” လို့ ကျွန်တော် ပြောလိုက်တယ်။
“ဆရာဝန်က အိမ်တစ်အိမ်ကို သွားတယ်ဆိုတာ ဘယ်သူ့ကို ကြည့်ဖို့လဲ” လို့ မေးတယ်။
“လူနာပေါ့” လို့ ကျွန်တော် ဖြေတယ်။
“မှန်တယ်။ ဒါပေမဲ့ ညီအစ်ကိုက အသင်းတော် ကြီးကြပ်မှူးတွေလိုမျိုး ဘုရားရေးရာဘက်မှာ ကျန်းမာနေသူတွေနဲ့ပဲ အချိန်ပေး ပေါင်းသင်းတယ်။ ကျွန်တော်တို့ အသင်းတော်မှာ စိတ်ဓာတ်ကျနေတဲ့၊ ရှက်တတ်တဲ့ ညီအစ်ကို/မတွေ၊ လူသစ်တွေ အများကြီး ရှိတယ်။ သူတို့ကို အချိန်ပေး ပေါင်းသင်းမယ်၊ သူတို့အိမ် သွားလည်မယ်ဆိုရင် သိပ်ကျေးဇူးတင်ကြမှာ” လို့ ပြောတယ်။
အဲဒီညီအစ်ကိုရဲ့ အကြံဉာဏ်က သိပ်လက်တွေ့ကျပြီး တန်ဖိုးရှိတယ်။ ယေဟောဝါရဲ့ သိုးတွေကို ချစ်တဲ့ သူ့မေတ္တာက ကျွန်တော့်စိတ်ကို အတော် ထိမိစေတယ်။ ဒါကြောင့် ကိုယ့်မာနကို ချိုးနှိမ်ပြီး သူပြောတဲ့အတိုင်း ချက်ချင်း လုပ်လိုက်တယ်။ အဲဒီလို ညီအစ်ကိုတွေ ပေးထားလို့ ယေဟောဝါကို သိပ်ကျေးဇူးတင်ပါတယ်။
ပညာအလိမ္မာ ၁၅:၂၂ မှာ ပါတဲ့အတိုင်း ပညာရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းပဲ။ အစားအသောက် လုပ်ငန်းမှာ အတွေ့အကြုံရှိတဲ့ ရင့်ကျက်တဲ့ အမျိုးသားတွေဆီ ကျွန်တော် အကြံဉာဏ် တောင်းတယ်။ အဲဒီထဲမှာ အသားရောင်းသူ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ၊ စားဖိုမှူး၊ အရောင်းအဝယ်သမားတွေ ပါတယ်။ ကျွန်တော်တို့ အတူပူးပေါင်းပြီး တောင်လောက် ကြီးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တယ်။
၁၉၆၉ နဲ့ ၁၉၇၃၊ ပဲရစ်မြို့၊ ကိုလမ်ဘတ် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး နှစ်ခုမှာ အစားအသောက်ဌာနကို ကြီးကြပ်ဖို့ တာဝန်ရတယ်။ ၁၉၇၃ ခရိုင်အစည်းအဝေးမှာ ငါးရက်တိတိ လူ ၆၀,၀၀၀ လောက်ကို ကျွေးမွေးရမှာ။ ဒီတာဝန်ကို လက်ခံဖို့ အစပိုင်းမှာ တွန့်ဆုတ်မိတယ်။ ဒါပေမဲ့ အောင်မြင်နိုင်ဖို့ အဓိက သော့ချက်ကတော့၁၉၇၃ မှာ ပြင်သစ် ဗေသလမှာ အမှုဆောင်ဖို့ ကျွန်တော်တို့ ဇနီးမောင်နှံ ဖိတ်ခေါ်ခံရတယ်။ ကျွန်တော်ရတဲ့ ဦးဆုံးတာဝန်ကတော့ နောက်ထပ် အခက်အခဲကြီးတစ်ခုပါပဲ။ အာဖရိကတိုက်မှာ ရှိတဲ့ ကင်မရွန်းနိုင်ငံက ညီအစ်ကိုတွေအတွက် စာပေတွေ ပို့ပေးရမယ်။ ၁၉၇၀ ကနေ ၁၉၉၃ အထိ အဲဒီနိုင်ငံမှာ ကျွန်တော်တို့လုပ်ငန်းကို ပိတ်ပင်ထားတာ။ အခုတစ်ကြိမ်မှာလည်း တော်တော် ခေါင်းကြီးသွားတယ်။ ဒါကို ပြင်သစ် ဌာနခွဲ ကြီးကြပ်မှူး သတိထားမိတယ်။ “ကင်မရွန်းမှာ ရှိတဲ့ ညီအစ်ကိုတွေ အချိန်တန်အစာ သိပ်လိုနေတာ။ သူတို့ကို ကျွေးမွေးကြစို့” လို့ ပြောပြီး ကျွန်တော့်ကို အားပေးတယ်။ တကယ်လည်း ကျွန်တော်တို့ ကျွေးမွေးနိုင်ခဲ့တယ်။
ကင်မရွန်းနိုင်ငံက အကြီးအကဲတွေနဲ့ တွေ့ဖို့ ကင်မရွန်း နယ်စပ်နိုင်ငံတွေကို အကြိမ်ကြိမ် ခရီးသွားခဲ့ရတယ်။ သတ္တိ ရှိပြီး သတိပညာ ရှိတဲ့ အဲဒီအကြီးအကဲတွေဟာ ကင်မရွန်းနိုင်ငံထဲ စာပေ ပုံမှန် တင်သွင်းနိုင်မယ့် နည်းတွေ ရှာတွေ့အောင် ကူညီပေးကြတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးတယ်။ ကင်မရွန်း ညီအစ်ကို/မတွေဟာ နှစ်ပေါင်း ၂၀ လုံး လစဉ်ထုတ် ကင်းမျှော်စင် နဲ့ ကျွန်ုပ်တို့၏ နိုင်ငံတော် ဓမ္မအမှု တစ်စောင်မှ မပြတ်လပ်ခဲ့ဘူး။
အဖိုးတန် ဇနီးဆီက များစွာ သင်ယူခဲ့
ရည်းစားဘဝမှာကတည်းက အန်ဂျလီရဲ့ ဘုရားရေးရာ အရည်အသွေးတွေကို ကျွန်တော် သတိပြုမိတယ်။ အဲဒီအရည်အသွေးတွေ
ဟာ အိမ်ထောင်သည်ဘဝမှာ ပိုသိသာထင်ရှားလာတယ်။ မင်္ဂလာဆောင်တဲ့နေ့ ညနေပိုင်းမှာပဲ ယေဟောဝါကို ဇနီးမောင်နှံ နှစ်ယောက်အတူ အပြည့်အဝ အမှုဆောင်ချင်တဲ့ ဆန္ဒအကြောင်း ဆုတောင်းပေးဖို့ ကျွန်တော့်ကို အန်ဂျလီ တောင်းဆိုတယ်။ အဲဒီဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးခဲ့တယ်။ယေဟောဝါကို ပိုယုံကြည်ကိုးစားတတ်လာဖို့လည်း အန်ဂျလီ ကူညီပေးတယ်။ ဥပမာ၊ ၁၉၇၃ တုန်းက ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတဲ့အခါ တိုက်နယ်လုပ်ငန်းကို မြတ်နိုးစိတ်ကြောင့် ကျွန်တော် ချီတုံချတုံ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားတာ ဖြစ်လို့ ဘုရားအဖွဲ့အစည်း တောင်းဆိုတာ မှန်သမျှကို လုပ်သင့်တယ် မဟုတ်လားလို့ သူ ပြောတယ်။ (ဟီ. ၁၃:၁၇) ကျွန်တော် ဘယ်ငြင်းနိုင်တော့မှာလဲ။ ဒီလိုနဲ့ ဗေသလ ရောက်လာကြတယ်။ အတူလက်တွဲလာတဲ့ ဘဝတစ်လျှောက်လုံး ဇနီးရဲ့ သတိပညာ ရှိမှု၊ ဉာဏ်အမြော်အမြင် ရှိမှု၊ ဘုရားရေးရာ အမြင်တွေက အိမ်ထောင်ကို ခိုင်ခံ့မြဲမြံစေပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ကူညီပေးတယ်။
အသက်ကြီးလာတဲ့အခါမှာလည်း အန်ဂျလီဟာ သိပ်တော်ပြီး ထောက်မတဲ့ ဇနီး ဖြစ်နေတုန်းပဲ။ ဥပမာ၊ အင်္ဂလိပ်လိုပဲ ကျင်းပတာ များတဲ့ ကျမ်းစာသင်တန်းတွေ တက်ဖို့ ကျွန်တော်တို့ နှစ်ယောက်စလုံး အင်္ဂလိပ်စကား ကြိုးစားလေ့လာခဲ့ရတယ်။ အင်္ဂလိပ်စကား တိုးတက်ဖို့ အသက် ၇၅ နှစ်လောက်မှ အင်္ဂလိပ် စကားပြော အသင်းတော်ကို ပြောင်းခဲ့ရတယ်။ ပြင်သစ် ဌာနခွဲ ကော်မတီဝင်တစ်ယောက်အဖြစ် တာဝန်ကြီးတွေ ထမ်းဆောင်နေရတဲ့ကြား ဘာသာစကား အသစ် သင်ရတာ တကယ့် စိန်ခေါ်ချက်ပါပဲ။ ဒါပေမဲ့ အန်ဂျလီနဲ့ ကျွန်တော် အချင်းချင်း ကူညီပေးတယ်။ အခု အသက် ၈၀ ကျော်မှာလည်း အသင်းတော် အစည်းအဝေးတွေအတွက် အင်္ဂလိပ်လိုရော ပြင်သစ်လိုပါ ပြင်ဆင်နေကြတုန်းပဲ။ အသင်းတော် အစည်းအဝေးနဲ့ အမှုဆောင်မှာလည်း အတတ်နိုင်ဆုံး ပါဝင်ဖို့ ကြိုးစားတယ်။ အင်္ဂလိပ်စကား သင်ယူဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးတယ်။
အထူးခြားဆုံး ကောင်းချီးကို ၂၀၁၇ မှာ ရခဲ့တယ်။ နယူးယောက်၊ ပက်တာစင်၊ ကင်းမျှော်စင် ပညာပေးဌာနမှာ ကျင်းပတဲ့ ဌာနခွဲ ကော်မတီဝင်များနဲ့ ဇနီးများအတွက် သင်တန်း တက်ခွင့်ရတယ်။
ယေဟောဝါဟာ တကယ့်ကို မဟာသွန်သင်ရှင်ပါပဲ။ (ဟေရှာ. ၃၀:၂၀) လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ ယေဟောဝါရဲ့လူမျိုး အားလုံး အကောင်းဆုံး ပညာရေး ရနေတာ အံ့ဩစရာ မဟုတ်ပါဘူး။ (တရား. ၄:၅-၈) ယေဟောဝါရဲ့ စကားကိုရော၊ အတွေ့အကြုံရှိ ညီအစ်ကို/မတွေရဲ့ စကားကိုပါ နားထောင်တဲ့ လူငယ်တွေ ဘုရားရေးရာဘက် တိုးတက်လာပြီး အောင်မြင်တဲ့ လူကြီးတွေ ဖြစ်လာတာ ကျွန်တော် မြင်ခဲ့ရတယ်။ “ဉာဏ်ပညာရှိသူကို ဝေမျှပါ။ သူ ဉာဏ်ပညာ ပိုရှိလာလိမ့်မယ်။ ဖြောင့်မတ်သူကို သင်ကြားပါ။ သူ ပိုတတ်မြောက်လာလိမ့်မယ်” လို့ ပညာအလိမ္မာ ၉:၉ မှာ ပြောထားတယ်။
လွန်ခဲ့တဲ့ နှစ် ၆၀ လောက်တုန်းက အယ်လ်ဂျီးရီးယား တောင်တန်းတွေပေါ်က လမိုက်ညအကြောင်း ကျွန်တော် မကြာခဏ စဉ်းစားမိတယ်။ ကျွန်တော့်အတွက် ဘယ်လို ပျော်စရာကောင်းတဲ့ အနာဂတ် စောင့်ကြိုနေတယ်ဆိုတာ အဲဒီတုန်းက မသိခဲ့ဘူး။ တခြားသူတွေဆီကနေ များစွာ သင်ယူခဲ့ရတယ်။ ကျွန်တော့်ကိုရော အန်ဂျလီကိုပါ ပျော်ရွှင်ကျေနပ်စရာ ကောင်းတဲ့ဘဝ ယေဟောဝါ ပေးထားတယ်။ ဒါကြောင့် ကောင်းကင်ဖခင် ယေဟောဝါဆီကနေရော၊ ဉာဏ်ပညာ ရှိပြီး အတွေ့အကြုံရှိတဲ့ ညီအစ်ကို/မတွေဆီကနေပါ ဆက်သင်ယူဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
^ အပိုဒ်၊ 11 ကမ္ဘာသစ် ဘာသာပြန်ကျမ်း။