လေ့လာရန် ဆောင်းပါး ၁၉
ဖြောင့်မတ်သူကို ဘာကမှ တိုက်မိလဲအောင် မလုပ်နိုင်
“ပညတ်တော်ကို အလွန်နှစ်သက်သူတွေဟာ သိပ်ကို ငြိမ်သက်အေးချမ်းပါတယ်။ ဘာကမှ သူတို့ကို တိုက်မိလဲအောင် မလုပ်နိုင်ဘူး။”—ဆာ. ၁၁၉:၁၆၅။
သီချင်း ၁၂၂ မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်နေကြ
အကြိုသုံးသပ်ချက် *
၁-၂။ စာရေးဆရာတစ်ယောက် ဘာပြောခဲ့သလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
ဒီနေ့ခေတ် လူသန်းပေါင်းများစွာဟာ ယေရှုကို ယုံတယ်လို့ ပြောပေမဲ့ ယေရှုရဲ့ သွန်သင်ချက်တွေကို လက်မခံကြဘူး။ (၂ တိ. ၄:၃၊ ၄) စာရေးဆရာတစ်ယောက်က “လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်တုန်းက ယေရှု ပြောခဲ့တာတွေကို ပြောမယ့် နောက် ‘ယေရှု’ တစ်ယောက်သာ ဒီနေ့ခေတ်မှာ ပေါ်လာမယ်ဆိုရင် အရင်က ငြင်းပယ်ခဲ့သလို ဒီနေ့ခေတ်မှာလည်း ငြင်းပယ်ကြဦးမလား။ အဖြေကတော့ ငြင်းပယ်ကြဦးမှာပဲ” လို့ တစ်ခါက ပြောတယ်။
၂ တစ်ခေတ်တည်းသားများစွာဟာ ယေရှုရဲ့ သွန်သင်ချက်တွေကို ကြားပြီး အံ့ဖွယ်အမှုတွေကို မြင်ခဲ့ပေမဲ့ မယုံကြဘူး။ ဘာကြောင့်လဲ။ အကြောင်းရင်း လေးခုကို ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့ပြီ။ နောက်ထပ် အကြောင်းရင်း လေးခုကို ဆွေးနွေးကြည့်ကြစို့။ ဒီနေ့ခေတ် ယေရှုနောက်လိုက်တွေကိုလည်း လူတွေ ဘာကြောင့် ငြင်းပယ်ကြောင်း၊ ယုံကြည်ခြင်း မပျောက်ဆုံးသွားအောင် ကျွန်တော်တို့ ဘယ်လို ကာကွယ်နိုင်ကြောင်းကိုလည်း သိလာရပါမယ်။
(၁) ယေရှု မျက်နှာမလိုက်
၃။ ယေရှုရဲ့ ဘယ်လုပ်ရပ်ကြောင့် လူတချို့ ငြင်းပယ်ကြသလဲ။
၃ ယေရှု မြေကြီးပေါ် ရှိတုန်းက လူတန်းစားပေါင်းစုံနဲ့ ပေါင်းသင်းတယ်။ သူဌေးသူကြွယ်တွေ၊ ဩဇာအာဏာ ရှိသူတွေနဲ့ အတူစားသောက်ပေမဲ့ အများအားဖြင့်တော့ ဆင်းရဲသားတွေ၊ ဖိနှိပ်ခံရသူတွေနဲ့ ပေါင်းသင်းတယ်။ “အပြစ်သားတွေ” လို့ ယူမှတ်ခံရသူတွေကို အထူးသဖြင့် ထောက်ထားစာနာတယ်။ ယေရှုရဲ့ လုပ်ရပ်ကြောင့် မာနကြီးသူတွေ ယေရှုကို ငြင်းပယ်ကြတယ်။ “မင်းတို့က အခွန်ခံတွေ၊ အပြစ်သားတွေနဲ့လည်း အတူစားတာပဲလား” ဆိုပြီး တပည့်တွေကို သူတို့ မေးတဲ့အခါ ယေရှုက “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။ ကျွန်တော် လာတာ ဖြောင့်မတ်သူတွေအတွက် မဟုတ်ဘူး။ လု. ၅:၂၉-၃၂။
အပြစ်သားတွေ နောင်တရစေဖို့ လာတာ” လို့ ပြောတယ်။—၄။ ပရောဖက် ဟေရှာယရဲ့ ကြိုဟောချက်အရ မေရှိယနဲ့ပတ်သက်ပြီး ဂျူးတွေ ဘာမျှော်လင့်ထားသင့်သလဲ။
၄ ကျမ်းစာမှာ ဘာပြောထားသလဲ။ လောကက လူအများစု မေရှိယကို လက်ခံမှာ မဟုတ်ကြောင်း ကြာမြင့်စွာကတည်းက ပရောဖက် ဟေရှာယ ကြိုဟောထားတယ်။ “သူ့ကို လူတွေ အထင်သေးကြတယ်၊ ကြဉ်ထားကြတယ်။ . . . ငါတို့ မမြင်အောင် သူ့မျက်နှာကို ဖုံးထားသလို ဖြစ်နေတယ်။ သူဟာ အထင်သေးခံရတယ်။ သူ့ကို ငါတို့ အရေးမလုပ်ခဲ့ကြဘူး” လို့ ပြောတယ်။ (ဟေရှာ. ၅၃:၃) မေရှိယကို လူတွေ “ကြဉ်ထား” မယ်လို့ ပရောဖက်ပြုချက်မှာ ကြိုဟောထားလို့ ယေရှုကို လူတွေ ငြင်းပယ်မယ်ဆိုပြီး တစ်ခေတ်တည်းသား ဂျူးတွေ မျှော်လင့်ထားသင့်တယ်။
၅။ ဒီနေ့ခေတ် ယေရှုရဲ့ နောက်လိုက်တွေကို လူများစွာ ဘယ်လို ရှုမြင်ကြသလဲ။
၅ ဒီနေ့ခေတ်မှာကော အလားတူ ပြဿနာ ရှိသလား။ ရှိပါတယ်။ ဘာသာရေး ခေါင်းဆောင် များစွာဟာ ထင်ပေါ်တဲ့ သူဌေးသူကြွယ်တွေ၊ ပညာတတ်လို့ လောကက ယူမှတ်သူတွေကို အသင်းသားတွေအဖြစ် မျက်နှာသာ ပိုပေးကြတယ်။ ဘုရားစံနှုန်းနဲ့ မကိုက်ညီတဲ့ ကိုယ်ကျင့်တရားနဲ့ ဘဝပုံစံ ရှိနေရင်တောင် အဲဒီလို မျက်နှာသာ ပေးကြတယ်။ ဇွဲထက်သန်ပြီး ကိုယ်ကျင့်တရား စင်ကြယ်တဲ့ ဘုရားကျေးကျွန်တွေကိုတော့ အထင်သေးကြတယ်။ လောကမှာ ထင်ပေါ်သူတွေ မဟုတ်ကြလို့ပဲ။ ပေါလု ပြောသလို ဘုရားသခင်က “အထင်သေးခံရ” သူတွေကို ရွေးချယ်ထားတယ်။ (၁ ကော. ၁:၂၆-၂၉) ဒါပေမဲ့ သစ္စာရှိ ကျေးကျွန်အားလုံး ယေဟောဝါအတွက် တန်ဖိုးရှိတယ်။
၆။ မဿဲ ၁၁:၂၅၊ ၂၆ အရ ယေရှုရဲ့ သဘောထားကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။
၆ ယုံကြည်ခြင်း မပျောက်ဆုံးအောင် ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ။ (မဿဲ ၁၁:၂၅၊ ၂၆ ကိုဖတ်ပါ။) ဘုရားလူမျိုးကို လောက မြင်သလို မမြင်ပါနဲ့။ အလိုတော် ဆောင်ဖို့ နှိမ့်ချသူတွေကိုပဲ ယေဟောဝါ သုံးတယ်ဆိုတာ အသိအမှတ်ပြုပါ။ (ဆာ. ၁၃၈:၆) ပညာမတတ်ဘူးလို့ လောက ယူမှတ်ထားသူတွေကို ဘုရား သုံးပြီး ဘယ်လောက်တောင် ပြီးမြောက်နေသလဲဆိုတာ စဉ်းစားပါ။
(၂) မှားယွင်းတဲ့ သွန်သင်ချက်တွေကို ယေရှု ဖော်ထုတ်
၇။ ဖာရိရှဲတွေကို သူတော်ကောင်း ယောင်ဆောင်သူတွေလို့ ယေရှု ဘာကြောင့် ခေါ်သလဲ။ သူတို့ ဘယ်လို တုံ့ပြန်ကြသလဲ။
၇ မိမိခေတ်မှာ ရှိတဲ့ အယောင်ဆောင် ဘာသာရေး ထုံးစံတွေကို ယေရှု သတ္တိရှိရှိ ပြစ်တင်ရှုတ်ချတယ်။ ဥပမာ၊ မိဘကို ပြုစုစောင့်ရှောက်တဲ့ ကိစ္စထက် လက်ဆေးတဲ့ ကိစ္စကို ပိုရေးကြီးခွင့်ကျယ် လုပ်တဲ့ ဖာရိရှဲတွေရဲ့ အယောင်ဆောင်မှုကို ဖော်ထုတ်တယ်။ (မ. ၁၅:၁-၁၁) ယေရှုစကားကြောင့် တပည့်တွေ အံ့ဩသွားပြီး “သခင် ပြောတဲ့ စကားကြောင့် ဖာရိရှဲတွေ စိတ်ခုသွားတာကို သိပါသလား” လို့ မေးတဲ့အခါ ယေရှုက “ကောင်းကင်အဖ မစိုက်ပျိုးတဲ့ အပင်အားလုံးဟာ အနုတ်ခံရမှာပဲ။ သူတို့ကို ရှိပါစေ။ သူတို့ဟာ မျက်ကန်းလမ်းပြတွေပဲ။ မျက်ကန်းချင်း လမ်းပြရင် နှစ်ယောက်စလုံး တွင်းထဲ ကျသွားမယ်” လို့ ဖြေတယ်။ (မ. ၁၅:၁၂-၁၄) ဘာသာရေး ခေါင်းဆောင်တွေ ဒေါသထွက်မှာ ကြောက်ပြီး ယေရှု အမှန်အတိုင်း မပြောဘဲ မနေဘူး။
၈။ ဘာသာရေး ယုံကြည်ချက်အားလုံးကို ဘုရား နှစ်သက်လက်ခံတာ မဟုတ်ကြောင်း ယေရှု ဘယ်လို ပြောသလဲ။
၈ မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တွေကိုလည်း ယေရှု ဖော်ထုတ်တယ်။ ဘာသာရေး ယုံကြည်ချက်အားလုံးကို ဘုရား နှစ်သက်လက်ခံတယ်လို့ မပြောဘူး။ အဲဒီအစား လူများစွာဟာ ပျက်စီးခြင်းကို ပို့ဆောင်တဲ့ လမ်းကျယ်ပေါ် ရှိနေပြီး လူအနည်းငယ်ပဲ အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ လမ်းကျဉ်းပေါ် ရှိမယ်လို့ ပြောတယ်။ (မ. ၇:၁၃၊ ၁၄) လူတချို့က ဘုရားကို ဝတ်ပြုနေတယ်လို့ ထင်ရပေမဲ့ တကယ် ဝတ်ပြုနေတာ မဟုတ်ဘူးလို့လည်း ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ “သိုးရေခြုံပြီး ဝင်လာတဲ့ ပရောဖက် အတုအယောင်တွေကို သတိထားကြ။ တကယ်တော့ သူတို့ဟာ ငမ်းငမ်းတက် ဖြစ်နေတဲ့ ဝံပုလွေတွေပဲ။ သူတို့ရဲ့ အသီးကို ကြည့်ပြီး သူတို့ကို ခွဲခြားသိလိမ့်မယ်” လို့ သတိပေးတယ်။—မ. ၇:၁၅-၂၀။
၉။ ယေရှု ဖော်ထုတ်ခဲ့တဲ့ မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တချို့က ဘာတွေလဲ။
၉ ကျမ်းစာမှာ ဘာပြောထားသလဲ။ မေရှိယဟာ ယေဟောဝါရဲ့ အိမ်တော်အတွက် တောက်လောင်တဲ့ စိတ်ထက်သန်မှု ရှိမယ်လို့ ပရောဖက်ပြုချက်မှာ ကြိုဟောထားတယ်။ (ဆာ. ၆၉:၉။ ယော. ၂:၁၄-၁၇) အဲဒီစိတ်ထက်သန်မှုကြောင့် မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တွေ၊ ဓလေ့ထုံးစံတွေကို ယေရှု ဖော်ထုတ်ခဲ့တာ ဖြစ်တယ်။ ဥပမာ၊ ဝိညာဉ် မသေဘူးလို့ ဖာရိရှဲတွေ ယုံကြည်ပေမဲ့ ယေရှုကတော့ လူသေတွေ အိပ်ပျော်နေတယ်လို့ သွန်သင်တယ်။ (ယော. ၁၁:၁၁) ရှင်ပြန်ထမြောက်ခြင်းကို ဇဒ္ဒုကဲတွေ မယုံပေမဲ့ မိတ်ဆွေ လာဇရုကို ယေရှု ရှင်ပြန်ထမြောက်ပေးတယ်။ (ယော. ၁၁:၄၃၊ ၄၄။ တ. ၂၃:၈) အရာအားလုံးကို ကံကြမ္မာ ဒါမှမဟုတ် ဘုရား ကြိုတင်သတ်မှတ်ပြီးသားလို့ ဖာရိရှဲတွေ သွန်သင်ပေမဲ့ ယေရှုကတော့ ဘုရားကို ဝတ်ပြု၊ မပြုဆိုတာ လူတွေ ရွေးချယ်နိုင်တဲ့အရာ ဖြစ်တယ်လို့ သွန်သင်တယ်။—မ. ၁၁:၂၈။
၁၀။ ဘယ်သွန်သင်ချက်တွေကြောင့် ကျွန်တော်တို့ကို လူများစွာ ငြင်းပယ်ကြသလဲ။
၁၀ ဒီနေ့ခေတ်မှာကော အလားတူ ပြဿနာ ရှိသလား။ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကျမ်းစာ အခြေပြု သွန်သင်ချက်တွေဟာ မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တွေကို ဖော်ထုတ်တဲ့အတွက် လူများစွာ ကျွန်တော်တို့ကို ငြင်းပယ်ကြတယ်။ လူဆိုးတွေကို မီးငရဲမှာ ဘုရား ပြစ်ဒဏ်ပေးတယ်လို့ ဘာသာရေး ခေါင်းဆောင်တွေ သွန်သင်တယ်။ တကယ်တော့ လူတွေကို ထိန်းချုပ်ချင်လို့ အဲဒီလို သွန်သင်ကြတာ။ မေတ္တာရှင်ဘုရား ယေဟောဝါကို ဝတ်ပြုတဲ့ ကျေးကျွန်တွေကတော့ အဲဒီမှားယွင်းတဲ့ သွန်သင်ချက်ကို ဖော်ထုတ်ကြတယ်။ ဝိညာဉ် မသေဘူးလို့လည်း ဘာသာရေး ခေါင်းဆောင်တွေ သွန်သင်တယ်။ ကျမ်းစာမှာ အဲဒီသွန်သင်ချက် မပါကြောင်း ကျွန်တော်တို့ ဖော်ထုတ်တယ်။ အဲဒီသွန်သင်ချက်သာ မှန်မယ်ဆိုရင် ရှင်ပြန်ထမြောက်ခြင်း လိုတော့မှာ မဟုတ်ဘူး။ အရာရာကို ဘုရား ကြိုတင်သတ်မှတ်ထားတယ်လို့လည်း ဘာသာတရားများစွာက သွန်သင်ပေမဲ့ ကျွန်တော်တို့ကတော့ လူတွေမှာ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပြီး ဘုရားကို ဝတ်ပြုဖို့ ရွေးချယ်နိုင်တယ်လို့ သွန်သင်တယ်။ အဲဒီလို သွန်သင်ချက်တွေကြောင့် ကျွန်တော်တို့ကို ဘာသာရေး ခေါင်းဆောင်တွေ ဒေါသထွက်ကြတယ်။
၁၁။ ယောဟန် ၈:၄၅-၄၇ မှာပါတဲ့ ယေရှုရဲ့ စကားတွေအရ မိမိလူမျိုးဆီကနေ ဘုရား ဘာတောင်းဆိုထားသလဲ။
ယောဟန် ၈:၄၅-၄၇ ကိုဖတ်ပါ။) စာတန်မာရ်နတ်လို မဟုတ်ဘဲ အမှန်တရားကို မြဲမြဲ ဆုပ်ကိုင်ထားရမယ်။ ကိုယ့်ယုံကြည်ချက်တွေကို ဘယ်တော့မှ အလျှော့မပေးရဘူး။ (ယော. ၈:၄၄) ယေရှုလိုပဲ ‘ဆိုးညစ်တဲ့အရာကို ရွံမုန်းပြီး ကောင်းတဲ့အရာကို တွယ်တာ’ ဖို့ ဘုရား တောင်းဆိုထားတယ်။—ရော. ၁၂:၉။ ဟီ. ၁:၉။
၁၁ ယုံကြည်ခြင်း မပျောက်ဆုံးအောင် ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ။ အမှန်တရားကို ချစ်မြတ်နိုးတယ်ဆိုရင် ဘုရားသခင့် တရားစကားကို လက်ခံရမယ်။ ((၃) ယေရှု နှိပ်စက်ညှဉ်းပန်းခံရ
၁၂။ ယေရှု သေဆုံးတဲ့ ပုံစံကို ဂျူးများစွာ ဘာကြောင့် လက်မခံနိုင်ကြသလဲ။
၁၂ ယေရှုကို တစ်ခေတ်တည်းသား ဂျူးတချို့ ငြင်းပယ်ရတဲ့ နောက်အကြောင်းရင်းက ဘာလဲ။ ‘ကျွန်တော်တို့ကတော့ သစ်တိုင်ပေါ် ကွပ်မျက်ခံခဲ့ရတဲ့ ခရစ်တော်အကြောင်း ဟောပြောတယ်။ ဒီအကြောင်းအရာဟာ ဂျူးတွေအတွက် တိုက်မိလဲစရာ ဖြစ်နေတယ်’ လို့ ပေါလု ပြောတယ်။ (၁ ကော. ၁:၂၃) ယေရှု သေဆုံးတဲ့ ပုံစံကို ဂျူးများစွာ ဘာကြောင့် လက်မခံနိုင်ကြတာလဲ။ ယေရှု သစ်တိုင်ပေါ် သေဆုံးတာဟာ သူတို့အတွက် ရာဇဝတ်သား၊ အပြစ်သားပုံ ပေါက်နေတဲ့အတွက် မေရှိယအဖြစ် လက်မခံနိုင်ကြတာ ဖြစ်တယ်။—တရား. ၂၁:၂၂၊ ၂၃။
၁၃။ ယေရှုကို ငြင်းပယ်သူတွေ ဘယ်အချက်ကို အသိအမှတ် မပြုကြသလဲ။
၁၃ ယေရှုကို ငြင်းပယ်တဲ့ ဂျူးတွေဟာ ယေရှု အပြစ်ကင်းတယ်၊ မတရား စွပ်စွဲခံရတယ်၊ မမျှမတ ဆက်ဆံခံရတယ်ဆိုတာ အသိအမှတ် မပြုကြဘူး။ ယေရှုကို ရုံးတင်စစ်ဆေးသူတွေဟာ တရားမျှတမှု စံနှုန်းကို အရေးမလုပ်ကြဘူး။ ဂျူးတရားရုံးချုပ်က ယေရှုကို ဥပဒေ လုပ်ထုံးလုပ်နည်းအရ မဟုတ်ဘဲ အလောတကြီး အမှုစစ်ကြတယ်။ (လု. ၂၂:၅၄။ ယော. ၁၈:၂၄) စွဲချက်တွေ၊ သက်သေအထောက်အထားတွေ ကြားနာရာမှာ တရားမျှတမှု မရှိဘူး။ တရားသူကြီးတွေ ကိုယ်တိုင် “ယေရှုကို သေဒဏ်စီရင်နိုင်ဖို့ မဟုတ်မမှန် သက်သေထွက်ဆိုမယ့် သူတွေကို ရှာကြတယ်။” အဲဒါလည်း မအောင်မြင်တော့ ပုရောဟိတ်မင်းက ယေရှုရဲ့ စကားထဲမှာ အပြစ်ရှာဖို့ ကြိုးစားတယ်။ ဒါဟာ ဥပဒေနဲ့ လုံးဝ ဆန့်ကျင်တယ်။ (မ. ၂၆:၅၉။ မာ. ၁၄:၅၅-၆၄) ယေရှု ထမြောက်ပြီးနောက်မှာတောင် အဲဒီမဖြောင့်မတ်တဲ့ တရားသူကြီးတွေဟာ သင်္ချိုင်းဂူ စောင့်တဲ့ အစောင့်စစ်သည်တွေကို ‘ငွေ ပုံပေး’ ပြီး သင်္ချိုင်းဂူ ဘာကြောင့် ဟင်းလင်း ဖြစ်နေကြောင်း ကောလာဟလတွေ ဖြန့်ခိုင်းကြတယ်။—မ. ၂၈:၁၁-၁၅။
၁၄။ မေရှိယ သေဆုံးတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို ကြိုဟောထားသလဲ။
၁၄ ကျမ်းစာမှာ ဘာပြောထားသလဲ။ မေရှိယ သေဆုံးမယ်လို့ ယေရှုခေတ်က ဂျူးတွေ မမျှော်လင့်ထားကြပေမဲ့ ပရောဖက်ပြုချက်မှာတော့ “သူဟာ အသက်စွန့်ပြီး ပေးဆက်ခဲ့တယ်။ အပြစ်ကျူးလွန်သူတွေနဲ့အတူ ရေတွက်ခံခဲ့တယ်။ လူများစွာရဲ့ အပြစ်ကို သယ်ဆောင်ပေးခဲ့တယ်။ အပြစ်ကျူးလွန်သူတွေအတွက် ကြားဝင် အသနားခံပေးခဲ့တယ်” လို့ ပြောထားတယ်။ (ဟေရှာ. ၅၃:၁၂) ဒါကြောင့် အပြစ်သားအနေနဲ့ ယေရှု ကွပ်မျက်ခံရတာကို ဂျူးတွေ လက်မခံနိုင်စရာ ဘာအကြောင်းမှ မရှိသင့်ဘူး။
၁၅။ ယေဟောဝါသက်သေတွေကို လူတချို့ ဘာကြောင့် ငြင်းပယ်ကြသလဲ။
၁၅ ဒီနေ့ခေတ်မှာကော အလားတူ ပြဿနာ ရှိသလား။ ရှိပါတယ်။ မတရား စွပ်စွဲခံရပြီး ပြစ်ဒဏ် စီရင်ခံရတဲ့ ယေရှုလိုပဲ ယေဟောဝါသက်သေတွေလည်း မမျှမတ ဆက်ဆံခံရတယ်။ ဥပမာ၊ အမေရိကန်မှာ ၁၉၃၀ နဲ့ ၁၉၄၀ ပြည့်လွန်နှစ်တွေအတွင်း လွတ်လပ်စွာ ဝတ်ပြုခွင့်ကို တရားရုံးတွေက ပိတ်ပင်ခဲ့တယ်။ တရားသူကြီးတချို့မှာ တစ်ဖက်သတ်အစွဲတွေ ရှိတာ သိပ်ထင်ရှားတယ်။ ကနေဒါနိုင်ငံ၊ ကွီဘက်ပြည်နယ်မှာ ချာ့ခ်ျနဲ့ အစိုးရ ပေါင်းပြီး ကျွန်တော်တို့လုပ်ငန်းကို ပိတ်ပင်ဖို့ ကြိုးစားတယ်။ ကြေညာသူများစွာဟာ ဘုရားနိုင်ငံတော်အကြောင်း ဟောရုံလေးနဲ့ ထောင်ချခံရတယ်။ နာဇီဂျာမနီမှာလည်း သစ္စာရှိ လူငယ်ညီအစ်ကိုများစွာ အသတ်ခံရတယ်။ မကြာသေးခင်နှစ်တွေတုန်းက ရုရှားမှာ ညီအစ်ကိုများစွာဟာ ကျမ်းစာအကြောင်း ဆွေးနွေးလို့ ထောင်ချခံရတယ်။ အဲဒါကို “အစွန်းရောက် လုပ်ရပ်” အဖြစ် သတ်မှတ်ကြလို့ပဲ။ ရုရှားစကားနဲ့ ထုတ်ဝေထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုလည်း ယေဟောဝါ နာမည် သုံးထားလို့ “အစွန်းရောက် စာပေ” အဖြစ် သတ်မှတ်ပြီး ပိတ်ပင်တယ်။
၁၆။ ၁ ယောဟန် ၄:၁ အရ ယေဟောဝါလူမျိုးနဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဘာကြောင့် မယုံသင့်သလဲ။
၁၆ ယုံကြည်ခြင်း မပျောက်ဆုံးအောင် ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ။ အချက်အလက်အားလုံး သိအောင် လုပ်ပါ။ နောက်လိုက်တွေ ‘မဟုတ်မမှန် စွပ်စွဲခံရမယ်’ လို့ တောင်ပေါ်တရားတော်မှာ ယေရှု သတိပေးတယ်။ (မ. ၅:၁၁) အဲဒီမဟုတ်မမှန် စွပ်စွဲချက်တွေရဲ့ ဇာစ်မြစ်က စာတန်ပဲ။ အမှန်တရား မြတ်နိုးသူတွေအကြောင်း မဟုတ်မမှန် သတင်းဖြန့်ဖို့ ဆန့်ကျင်သူတွေကို စာတန် သွေးထိုးလှုံ့ဆော်ပေးတယ်။ (ဗျာ. ၁၂:၉၊ ၁၀) ရန်သူတွေ ပြောတဲ့ မုသားစကားတွေကို ကျွန်တော်တို့ ငြင်းပယ်ရမယ်။ အဲဒီစကားတွေကြောင့် ကြောက်ရွံ့တုန်လှုပ်သွားတာ၊ ယုံကြည်ခြင်း ပျောက်ဆုံးသွားတာမျိုး ဘယ်တော့မှ အဖြစ်မခံသင့်ဘူး။—၁ ယောဟန် ၄:၁ ကိုဖတ်ပါ။
(၄) ယေရှု သစ္စာဖောက်ခံရပြီး စွန့်ပစ်ခံရ
၁၇။ ယေရှု မသေဆုံးခင်က ဘယ်ဖြစ်ရပ်တွေကြောင့် တချို့ တပည့် ဖြစ်မလာတာ ဖြစ်နိုင်သလဲ။
၁၇ ယေရှု မသေဆုံးခင်လေးမှာ တမန်တော် ၁၂ ယောက်ထဲက တစ်ယောက် သစ္စာဖောက်သွားတယ်။ တမန်တော် နောက်တစ်ယောက်လည်း ယေရှုကို သုံးကြိမ် ငြင်းပယ်တယ်။ ယေရှု မသေဆုံးခင် ညမှာ တမန်တော်အားလုံး စွန့်ခွာထွက်ပြေးသွားကြတယ်။ (မ. ၂၆:၁၄-၁၆၊ ၄၇၊ ၅၆၊ ၇၅) ဒါကို ယေရှု မအံ့ဩဘူး။ အဲဒီလို ဖြစ်မယ်လို့တောင် ကြိုပြောခဲ့တယ်။ (ယော. ၆:၆၄။ ၁၃:၂၁၊ ၂၆၊ ၃၈။ ၁၆:၃၂) အဲဒီလို ဖြစ်ရပ်တွေကို မြင်တဲ့အခါ ‘တမန်တော်တွေ ဖြစ်ပြီး အဲဒီလို လုပ်မှတော့ သူတို့နဲ့ မပူးပေါင်းချင်ဘူး’ လို့ တချို့ တွေးပြီး တပည့် ဖြစ်မလာတာ ဖြစ်နိုင်တယ်။
၁၈။ ယေရှု မသေဆုံးခင်လေးမှာ ဖြစ်တဲ့ ဖြစ်ရပ်တွေကြောင့် ဘယ်ပရောဖက်ပြုချက်တွေ ပြည့်စုံလာသလဲ။
၁၈ ကျမ်းစာမှာ ဘာပြောထားသလဲ။ မေရှိယဟာ ငွေစ ၃၀ နဲ့ သစ္စာဖောက်ခံရမယ်ဆိုပြီး ရာစုနှစ်များစွာကတည်းက ကျမ်းစာမှာ ယေဟောဝါ ကြိုဟောထားတယ်။ (ဇာ. ၁၁:၁၂၊ ၁၃) ယေရှုရဲ့ မိတ်ဆွေရင်းတစ်ယောက်က အဲဒီလို သစ္စာဖောက်မှာ။ (ဆာ. ၄၁:၉) “သိုးထိန်းကို ရိုက်သတ်လိုက်။ သိုးတွေ ကွဲလွင့်သွားပါစေ” လို့လည်း ပရောဖက် ဇာခရိ ကြိုဟောတယ်။ (ဇာ. ၁၃:၇) စိတ်ရိုးဖြောင့်သူတွေဟာ အဲဒီဖြစ်ရပ်တွေကြောင့် ယေရှုကို ငြင်းပယ်မယ့်အစား အဲဒီပရောဖက်ပြုချက်တွေ ပြည့်စုံတာကို မြင်ပြီး ယုံကြည်ခြင်းတောင် ပိုခိုင်မာလာသင့်တယ်။
၁၉။ စိတ်ရိုးဖြောင့်သူတွေ ဘာကို သိကြသလဲ။
၁၉ ဒီနေ့ခေတ်မှာကော အလားတူ ပြဿနာ ရှိသလား။ ရှိပါတယ်။ ဒီနေ့ခေတ်မှာ ထင်ပေါ်တဲ့ သက်သေခံတချို့ အမှန်တရားကို ကျောခိုင်းပြီး အယူဖောက်ပြန်သူတွေ ဖြစ်သွားတယ်။ တခြားသူတွေကိုလည်း လမ်းလွဲအောင် ဖြားယောင်းနေတယ်။ သတင်း မီဒီယာနဲ့ အင်တာနက်ကတစ်ဆင့် ယေဟောဝါသက်သေတွေအကြောင်း မကောင်းသတင်းတွေ၊ အမှန်တစ်ဝက် အမှားတစ်ဝက် ပါတဲ့ သတင်းတွေ၊ အလိမ်အညာ သတင်းတွေ ဖြန့်နေတယ်။ ဒါပေမဲ့ စိတ်ရိုးဖြောင့်သူတွေကိုတော့ လှည့်စားလို့ မရဘူး။ အဲဒီလို ဖြစ်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားကြောင်း သူတို့ သိကြတယ်။—မ. ၂၄:၂၄။ ၂ ပေ. ၂:၁၈-၂၂။
၂၀။ အမှန်တရားကို ကျောခိုင်းသွားသူတွေကြောင့် ယုံကြည်ခြင်း မပျောက်ဆုံးသွားအောင် ဘယ်လို ကာကွယ်မလဲ။ (၂ တိမောသေ ၄:၄၊ ၅)
၂၀ ယုံကြည်ခြင်း မပျောက်ဆုံးအောင် ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ။ ပုံမှန် ကျမ်းစာ ဖတ်ရှုလေ့လာခြင်း၊ မပြတ် ဆုတောင်းခြင်း၊ ယေဟောဝါ ပေးအပ်ထားတဲ့ လုပ်ငန်းမှာ အလုပ်များနေခြင်းအားဖြင့် ယုံကြည်ခြင်း ခိုင်မာအောင် တည်ဆောက်ဖို့ လိုတယ်။ (၂ တိမောသေ ၄:၄၊ ၅ ကိုဖတ်ပါ။) ယုံကြည်ခြင်း ရှိမယ်ဆိုရင် မကောင်းသတင်းတွေကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်မှာ မဟုတ်ဘူး။ (ဟေရှာ. ၂၈:၁၆) ယေဟောဝါ၊ ကျမ်းစာ၊ ညီအစ်ကို/မတွေကို ချစ်တဲ့ မေတ္တာက အမှန်တရားကို ကျောခိုင်းသွားသူတွေကြောင့် ယုံကြည်ခြင်း မပျောက်ဆုံးသွားအောင် ကာကွယ်ပေးပါလိမ့်မယ်။
၂၁။ ဒီနေ့ခေတ် လူအများစု သတင်းကောင်းကို ငြင်းပယ်တာတောင် ဘာကို စိတ်ချနိုင်သလဲ။
၂၁ ပထမရာစုမှာ ယေရှုကို ငြင်းပယ်သူ များစွာ ရှိသလို လက်ခံသူ များစွာလည်း ရှိပါတယ်။ အဲဒီထဲမှာ ဂျူးတရားရုံးချုပ် အဖွဲ့ဝင် အနည်းဆုံး တစ်ယောက်နဲ့ “ပုရောဟိတ် အတော်များများ” ပါဝင်တယ်။ (တ. ၆:၇။ မ. ၂၇:၅၇-၆၀။ မာ. ၁၅:၄၃) ဒီနေ့လည်း လူသန်းပေါင်းများစွာဟာ ယေရှုနောက် လိုက်ဖို့ ဆုံးဖြတ်ထားကြတယ်။ ကျမ်းစာ အမှန်တရားတွေကို သိပြီး မြတ်နိုးကြလို့ပဲ။ “ပညတ်တော်ကို အလွန်နှစ်သက်သူတွေဟာ သိပ်ကို ငြိမ်သက်အေးချမ်းပါတယ်။ ဘာကမှ သူတို့ကို တိုက်မိလဲအောင် မလုပ်နိုင်ဘူး” လို့ ကျမ်းစာမှာ ပြောထားတယ်။—ဆာ. ၁၁၉:၁၆၅။
သီချင်း ၁၂၄ သစ္စာမြဲပါ
^ အပိုဒ်၊ 5 ယေရှုကို တစ်ခေတ်တည်းသားတွေ ငြင်းပယ်ရတဲ့၊ ဒီနေ့ခေတ် ယေရှုနောက်လိုက်တွေကို လူတွေ ငြင်းပယ်ရတဲ့ အကြောင်းရင်း လေးခုကို ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တယ်။ ဒီဆောင်းပါးမှာ နောက်ထပ် အကြောင်းရင်း လေးခုကို ဆွေးနွေးကြပါမယ်။ ယေဟောဝါဘုရားကို ချစ်မြတ်နိုးတဲ့ စိတ်ရိုးဖြောင့်သူတွေဟာ ဘာအကြောင်းကြောင့်နဲ့မှ ဘုရားကို ငြင်းပယ်မှာ မဟုတ်ဘူးဆိုတာလည်း သိလာရပါမယ်။
^ အပိုဒ်၊ 60 ပုံအညွှန်း– မဿဲ၊ တခြားအခွန်ခံတွေနဲ့ ယေရှု စားသောက်နေ။
^ အပိုဒ်၊ 62 ပုံအညွှန်း– ရောင်းဝယ်သူတွေကို ဗိမာန်တော်ကနေ ယေရှု နှင်ထုတ်နေ။
^ အပိုဒ်၊ 64 ပုံအညွှန်း– ယေရှု သစ်တိုင် ထမ်းသွားနေ။
^ အပိုဒ်၊ 66 ပုံအညွှန်း– ယေရှုကို နမ်းပြီး ယုဒ သစ္စာဖောက်။