မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၈

ယေရှုကြောင့် သင် တိုက်မိလဲမလား

ယေရှုကြောင့် သင် တိုက်မိလဲမလား

ကျွန်တော့်​ကြောင့် တိုက်​လဲစရာ​အကြောင်း မရှိတဲ့​သူဟာ ပျော်ရွှင်​ချမ်းမြေ့​လိမ့်မယ်။’—မ. ၁၁:၆၊ အောက်ခြေမှတ်ချက်။

သီချင်း ၅၄ ‘ဒီ​လမ်း​ပါ​ပဲ’

အကြို​သုံးသပ်ချက် *

၁။ တခြား​သူတွေကို ကျမ်းစာ​အကြောင်း စ​ပြောပြ​တုန်း​က သင် ဘာကြောင့် အံ့ဩ​မိ​နိုင်​သလဲ။

အမှန်တရား တွေ့​ပြီ​လို့ ဦးဆုံး​အကြိမ် ခံစား​ခဲ့​ရတဲ့ အချိန်ကို မှတ်မိသလား။ သိလာတဲ့ ကျမ်းစာ အမှန်တရား​တွေ ရှင်း​လွန်းလို့ တခြား​သူတွေလည်း သိချင်​မှာပဲ​လို့ ခံစား​မိတယ်။ ကျမ်းစာ​သတင်းတရား​က လူတွေကို လောလောဆယ် အဓိပ္ပာယ်​ရှိတဲ့ ဘဝနဲ့ သိပ်​ကောင်း​တဲ့ အနာဂတ် မျှော်လင့်ချက် ရရှိ​စေမယ်​ဆိုတာ သင် ယုံကြည်​စိတ်ချ​တယ်။ (ဆာ. ၁၁၉:၁၀၅) ဒါ​ကြောင့် မိတ်ဆွေ၊ ဆွေမျိုး​တွေ​ကို သိလာတဲ့ အမှန်တရား​အကြောင်း စိတ်အား​ထက်သန်​စွာ ပြောပြ​တယ်။ ဒါပေမဲ့ အများစုက လက်မခံ​လို့ သင် အံ့ဩ​မိ​မှာပဲ။

၂-၃။ ယေရှုနဲ့ ယေရှု​ဟောတဲ့ သတင်းတရားကို တစ်ခေတ်​တည်း​သား အများစု ဘယ်လို တုံ့ပြန်​ကြသလဲ။

ကျွန်တော်​တို့ ဟောတဲ့ သတင်းတရားကို တခြား​သူတွေ လက်မခံ​လို့ မ​အံ့ဩ​သင့်​ဘူး။ ယေရှုဟာ ဘုရား​အကူအညီ​နဲ့ အံ့ဖွယ်​အမှုတွေ လုပ်တာ​တောင် တစ်ခေတ်​တည်း​သား အများစု ငြင်းပယ်​ကြတယ်။ ဥပမာ၊ လာဇရု​ကို ယေရှု ထမြောက်​ပေး​တဲ့ အံ့ဖွယ်​အမှုကို ဆန့်ကျင်​သူတွေ မငြင်း​နိုင်ဘူး။ ဒါတောင် ယေရှုဟာ မေရှိယ ဖြစ်တယ်​ဆိုတာ ဂျူး​ဘာသာရေး​ ခေါင်းဆောင်​တွေ လက်မခံကြဘူး။ ယေရှုနဲ့ လာဇရု​ကို သတ်​ဖို့​တောင် ကြံစည်​ကြတယ်။—ယော. ၁၁:၄၇၊ ၄၈၊ ၅၃။ ၁၂:၉-၁၁

မိမိကို မေရှိယ​အဖြစ် လူအများစု လက်ခံ​မှာ မဟုတ်​ကြောင်း ယေရှု သိတယ်။ (ယော. ၅:၃၉-၄၄) ‘ကျွန်တော့်​ကြောင့် တိုက်​လဲစရာ * အကြောင်း မရှိတဲ့​သူဟာ ပျော်ရွှင်​ချမ်းမြေ့​လိမ့်မယ်’ လို့ နှစ်ခြင်း​ပေး​သူ ယောဟန်ရဲ့ တပည့်​တွေ​ကို ယေရှု ပြော​တယ်။ (မ. ၁၁:၂၊ ၃၊ ၆အောက်ခြေမှတ်ချက်) ယေရှုကို လူများစွာ ဘာကြောင့် ငြင်းပယ်​ကြသလဲ။

၄။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ယေရှုကို တစ်ခေတ်​တည်း​သား များစွာ မယုံ​ရတဲ့ အကြောင်းရင်း​တချို့​ကို ဒီ​ဆောင်းပါး​နဲ့ နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ကျွန်တော်​တို့ ဟောတဲ့ သတင်းတရားကို ဒီနေ့​ခေတ် လူများစွာ ဘာကြောင့် လက်မခံ​ကြောင်း​လည်း ဆွေးနွေး​ပါ​မယ်။ အရေးကြီးဆုံး​က​တော့ ယေရှု​အပေါ်​ ထား​တဲ့ ယုံကြည်ခြင်း မပျောက်ဆုံး​သွား​အောင် ဘယ်လို ကာကွယ်​နိုင်​မလဲ​ဆိုတာ သိလာ​ရပါမယ်။

(၁) ယေရှုရဲ့ နောက်ခံ

ယေရှုရဲ့ နောက်ခံကြောင့် ယေရှုကို လူများစွာ ငြင်းပယ်။ အဲဒီ​အကြောင်းရင်း​ကြောင့်​ပဲ ဒီနေ့​ခေတ် လူတချို့​လည်း ငြင်းပယ်​မိ​နိုင် (စာပိုဒ် ၅ ကိုကြည့်ပါ) *

၅။ ယေရှုဟာ ကြို​ဟောထားတဲ့ မေရှိယ မဖြစ်​နိုင်ဘူး​လို့ လူတချို့ ဘာကြောင့် ထင်​မိ​နိုင်​သလဲ။

ယေရှုရဲ့ နောက်ခံ​ကြောင့် လူများစွာ လက်မခံကြ​တာ ဖြစ်တယ်။ ယေရှုဟာ သိပ်​တော်​တဲ့ ဆရာ ဖြစ်​မှန်း၊ အံ့ဖွယ်​အမှုတွေ လုပ်နိုင်မှန်း လူတွေ အသိအမှတ် ပြု​ကြ​ပေမဲ့ ဆင်းရဲသား လက်သမား​ရဲ့ သားတစ်ယောက်​ထက်​တော့ မ​ပို​ဘူး။ အဲဒီအပြင် ယေရှုဟာ သိပ်​အရေး​မပါဘူး​လို့ ယူမှတ်​ခံရ​တဲ့ နာဇရက်​မြို့သား ဖြစ်တယ်။ ယေရှုရဲ့ တပည့် ဖြစ်လာတဲ့ နာသနေလ​တောင် “နာဇရက်​မြို့ကနေ ကောင်း​တာ​တစ်ခုခု ထွက်​နိုင်​လို့လား” လို့ ပြော​တယ်။ (ယော. ၁:၄၆) အဲဒီလို​ပြော​တာ ယေရှု နေထိုင်တဲ့ နာဇရက်​မြို့ကို နာသနေလ အထင်မကြီး​လို့ ဖြစ်​နိုင်တယ်။ မေရှိယဟာ နာဇရက်​မြို့မှာ မဟုတ်ဘဲ ဘက်သလီဟင်​မြို့မှာ မွေး​မယ်​ဆို​တဲ့ မိက္ခာ ၅:၂ မှာပါတဲ့ ပရောဖက်ပြုချက်​ကို သိထားလို့​လည်း ဖြစ်​နိုင်တယ်။

၆။ ယေရှုဟာ မေရှိယ ဖြစ်​မှန်း သိဖို့ ဘယ်​အချက်​တွေ​က ထောက်ကူ​ပေး​သင့်သလဲ။

ကျမ်းစာ​မှာ ဘာ​ပြော​ထား​သလဲ။ မေရှိယရဲ့ “မျိုးရိုး​ဇာတိ​အကြောင်း အသေးစိတ်​ကို” ရန်သူတွေ အရေး​လုပ်မှာ မဟုတ်ဘူးလို့ ပရောဖက် ဟေရှာယ ကြို​ဟောတယ်။ (ဟေရှာ. ၅၃:၈) အဲဒီ​အသေးစိတ်​အချက်​များစွာ​ကို ကြိုဟော​ပြီး​သား ဖြစ်တယ်။ လူတွေ​သာ အချက်အလက်​အားလုံး သိဖို့ ကြိုးစား​မယ်​ဆိုရင် ယေရှုဟာ ဘက်သလီဟင်​မြို့မှာ မွေးဖွား​ခဲ့​ကြောင်း၊ ဘုရင် ဒါဝိဒ်ရဲ့ မျိုးဆက် ဖြစ်​ကြောင်း သိ​ကြ​ပါ​လိမ့်မယ်။ (လု. ၂:၄-၇) တကယ်တော့ ယေရှုရဲ့ မွေးရပ်​ဟာ မိက္ခာ ၅:၂ မှာ ကြို​ဟောထားတဲ့ နေရာ​နဲ့ ကိုက်ညီတယ်။ ဒါဆိုရင် ပြဿနာ​က ဘာလဲ။ လူတွေဟာ အချက်အလက်​အားလုံး မသိဘဲ အလျင်စလို ကောက်ချက်​ချ​လို့ ဖြစ်တယ်။ ဒါ​ကြောင့် ယေရှုကို ငြင်းပယ်​ခဲ့​ကြ​တာ။

၇။ ဒီနေ့​ခေတ် လူများစွာဟာ ယေဟောဝါ​ရဲ့ လူမျိုး​ကို ဘာကြောင့် လက်မခံ​ကြသလဲ။

ဒီနေ့​ခေတ်​မှာ​ကော အလားတူ ပြဿနာ ရှိသလား။ ရှိပါတယ်။ ယေဟောဝါ​ရဲ့ လူမျိုး​မှာ အများစုဟာ မချမ်းသာကြဘူး။ ထင်ပေါ်​သူတွေ မဟုတ်​ကြဘူး။ “ပညာ​မတတ်​သူတွေ၊ သာမန်​လူတွေ” ဖြစ်တယ်။ (တ. ၄:၁၃) ယေဟောဝါ​ရဲ့ လူမျိုးဟာ နာမည်ကြီး ဘာသာရေး​ကျောင်း​တွေ​မှာ ပညာ မသင်​ထား​တဲ့​အတွက် ကျမ်းစာ​အကြောင်း သွန်သင်ပေး​နိုင်​မှာ မဟုတ်ဘူးလို့ လူတချို့ ထင်​ကြတယ်။ တချို့က​လည်း ယေဟောဝါ​သက်သေတွေကို “အမေရိကန် ဘာသာ” လို့ ပြော​ကြတယ်။ တကယ်တော့ အမေရိကန်မှာ ယေဟောဝါသက်သေ ၁၄ ရာခိုင်နှုန်း​လောက်​ပဲ ရှိတာ။ တချို့​ကျ​တော့​လည်း ယေဟောဝါသက်သေ​တွေ ယေရှုကို လက်မခံဘူးလို့ ပြော​ကြတယ်။ နှစ်တွေ​တစ်လျှောက် လူတွေက သက်သေခံတွေကို “မိသားစု ဖြိုခွဲ​သူတွေ၊” “အမေရိကန် သူလျှိုတွေ၊” “အစွန်းရောက်​သမား​တွေ” လို့ စွပ်စွဲ​ကြတယ်။ တကယ်တော့ အဲဒီ​လူတွေဟာ အချက်အလက်​အားလုံး မသိလို့ ဒါမှ​မဟုတ် လက်မခံ​လို့ ဘုရား​လူမျိုး​ကို ငြင်းပယ်​ကြ​တာ ဖြစ်တယ်။

၈။ တမန်​တော် ၁၇:၁၁ အရ ဒီနေ့​ခေတ် ဘုရား​လူမျိုး​ကို ခွဲခြား​သိဖို့ ဘာလုပ်ရမလဲ။

ယေဟောဝါ​ရဲ့​ လူမျိုး​အကြောင်း အမှန်အတိုင်း သိအောင် ဘာက ကူညီပေး​မလဲ။ အချက်အလက်​အားလုံး​ကို အသေအချာ ဆန်းစစ်​ဖို့ လိုတယ်။ ခရစ်ဝင်​ကျမ်း​ရေးသူ လုကာ အဲဒီအတိုင်း လုပ်ခဲ့တယ်။ “အကြောင်းအရာ အားလုံး​ကို အစ​ကနေ အတိအကျ ရှာဖွေ လေ့လာ” တယ်။ ယေရှုနဲ့​ပတ်သက်ပြီး “အကြွင်းမဲ့​ မှန်ကန်” တဲ့​ အချက်​တွေ သိစေချင်​လို့​ပဲ။ (လု. ၁:၁-၄) ရှေးခေတ် ဗေရိ​မြို့မှာ နေတဲ့ ဂျူးတွေ​လည်း လုကာ​လို​ပဲ လုပ်ကြတယ်။ ယေရှုနဲ့​ပတ်သက်​တဲ့ သတင်းကောင်းကို ကြား​တဲ့​အခါ မှန်​မမှန် သိဖို့ ဟီဘရူး​ ကျမ်းစောင်​တွေ​မှာ အသေအချာ လေ့လာ​ဆန်းစစ်​ကြတယ်။ (တမန်​တော် ၁၇:၁၁ ကို​ဖတ်ပါ။) ဒီနေ့​ခေတ် လူတွေလည်း အချက်အလက်​အားလုံး​ကို ဆန်းစစ်​ဖို့ လိုတယ်။ ဘုရား​လူမျိုး ပြော​တာ​ကို ကျမ်းစာ​မှာ ပြော​ထား​တာ​နဲ့ နှိုင်းယှဉ်​ရမယ်။ ဘုရား​လူမျိုး​ရဲ့ ခေတ်​သစ်​သမိုင်းကြောင်း​ကိုလည်း လေ့လာ​ဖို့ လိုတယ်။ “နောက်ကြောင်း” ကို သေသေချာချာ ဆန်းစစ်​မယ်​ဆိုရင် တစ်​ဖက်​သတ်​အစွဲတွေ၊ ကော​လာ​ဟ​လတွေ​ကြောင့် အမှန်​ကို မမြင်​တာ​မျိုး ဖြစ်​တော့​မှာ မဟုတ်ဘူး။

(၂) ယေရှုဟာ လူတွေ အထင်ကြီး​အောင် အံ့ဖွယ်​အမှုတွေ မ​လုပ်

လူ​အထင်ကြီး​အောင် အံ့ဖွယ်​အမှုတွေ မ​လုပ်ပြ​လို့ ယေရှုကို လူများစွာ ငြင်းပယ်။ အဲဒီ​အကြောင်းရင်း​ကြောင့်​ပဲ ဒီနေ့​ခေတ် လူတချို့​လည်း ငြင်းပယ်​မိ​နိုင် (စာပိုဒ် ၉-၁၀ ကိုကြည့်ပါ) *

၉။ ဘုရား​ဆီက အံ့ဖွယ်အမှု တစ်ခု ပြဖို့ တောင်းဆို​တာ​ကို ယေရှု ငြင်း​လိုက်တဲ့အခါ ဘာဖြစ်​သလဲ။

ယေရှု​ခေတ်​မှာ လူ​တချို့က ယေရှုရဲ့ သွန်သင်ချက်​တွေ ကြား​ရုံ​လောက်​နဲ့​ပဲ မကျေနပ်​ကြဘူး။ ဒီ့​ထက် ပို​လိုချင်​ကြတယ်။ မေရှိယ ဖြစ်​မှန်း သက်သေ​ပြဖို့ “ဘုရား​ဆီက အံ့ဖွယ်အမှု တစ်ခုလောက်” ပြ​ပါ​လို့ တောင်းဆို​ကြတယ်။ (မ. ၁၆:၁) ဒီလို​တောင်းဆို​တာ​ဟာ ဒံယေလ ၇:၁၃၊ ၁၄ ကို အဓိပ္ပာယ်​ကောက် လွဲလို့ ဖြစ်​နိုင်တယ်။ ဒါပေမဲ့ အဲဒီ​ပရောဖက်ပြုချက် ပြည့်စုံ​ဖို့ ယေဟောဝါ သတ်မှတ်​ထား​တဲ့ အချိန် မ​ရောက်​သေး​ဘူး။ တကယ်တော့ ယေရှုရဲ့ သွန်သင်ချက်​တွေ​လောက်​နဲ့​ပဲ ယေရှုဟာ မေရှိယ ဖြစ်​ကြောင်း လူတွေ ယုံကြည်​စိတ်ချ​သင့်တယ်။ လူတွေ မြင်​ချင်​တဲ့ အံ့ဖွယ်အမှု မ​လုပ်ပြ​တဲ့​အခါ ယေရှု ငြင်းပယ်​ခံရ​တယ်။—မ. ၁၆:၄

၁၀။ မေရှိယ​နဲ့​ပတ်သက်​တဲ့ ဟေရှာယ ပရောဖက်ပြုချက်​ကို ယေရှု ဘယ်လို ပြည့်စုံ​စေ​သလဲ။

၁၀ ကျမ်းစာ​မှာ ဘာ​ပြော​ထား​သလဲ။ မေရှိယ​နဲ့​ပတ်သက်ပြီး ပရောဖက် ဟေရှာယ​က “သူ အော်ဟစ်မှာ၊ ကြွေးကြော်​မှာ မဟုတ်ဘူး။ လမ်းမှာ သူ့​အသံကို လူတွေ ကြား​အောင် လုပ်မှာ မဟုတ်ဘူး” လို့ ရေးတယ်။ (ဟေရှာ. ၄၂:၁၊ ၂) ယေရှုဟာ လူတွေ အာရုံစိုက်​တာ မခံ​ရအောင် အမှုဆောင်​လုပ်ငန်း​ကို သိုသိုသိပ်သိပ် လုပ်ဆောင်တယ်။ ကြီးကျယ်​ခမ်းနား​တဲ့ ဗိမာန်တွေ မ​ဆောက်​ဘူး။ တောက်ပြောင်​တဲ့ ဘာသာရေး ဝတ်ရုံ​တွေ မ​ဝတ်​ဘူး။ ဘာသာရေး ဘွဲ့ထူး​ဂုဏ်​ထူး​တွေ​နဲ့ အခေါ်​မခံ​ဘူး။ ယေရှု ရုံးတင်​စစ်ဆေးခံ​ရချိန်မှာ အံ့ဖွယ်အမှု လုပ်ပြဖို့ ဟေရုဒ်​မင်း တောင်းဆို​ပေမဲ့ ယေရှု မ​လုပ်​ဘူး။ (လု. ၂၃:၈-၁၁) ယေရှု အံ့ဖွယ်အမှု​တချို့ လုပ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ သတင်းကောင်း ဟော​ဖို့​ပဲ အဓိက အာရုံစိုက်​တယ်။ “ဒီ​အတွက်ပဲ ကျွန်တော်​လာတာ” လို့ ပြော​တယ်။—မာ. ၁:၃၈

၁၁။ ဒီနေ့​ခေတ် လူများစွာ​မှာ ဘယ်လို အမြင်မှား​တွေ ရှိနေသလဲ။

၁၁ ဒီနေ့​ခေတ်​မှာ​ကော အလားတူ ပြဿနာ ရှိသ​လား။ ရှိပါတယ်။ ဒီနေ့​ခေတ် လူများစွာဟာ တခမ်းတနား အလှဆင်​ထား​တဲ့ ဘုရား​ရှိခိုး​ကျောင်း​တွေ၊ ဘွဲ့ထူး​ဂုဏ်ထူး ခံယူ​ထား​တဲ့ ဘာသာရေး ခေါင်းဆောင်​တွေ၊ ခရစ်ယာန် ဇာစ်​မြစ်​ကနေ ဆင်းသက်​လာတာ မဟုတ်တဲ့ ပွဲနေ့​တွေ​ကိုပဲ အထင်ကြီး​ကြတယ်။ ဒါပေမဲ့ အဲဒီလို​နေရာတွေမှာ ဘုရားကျောင်း တက်​သူတွေဟာ ဘုရား​အကြောင်း၊ ဘုရား​ရည်ရွယ်ချက်​အကြောင်း ဘယ်လောက် သိလာ​ကြသလဲ။ ကျွန်တော်​တို့​ရဲ့ ခရစ်ယာန် အစည်းအဝေးတွေကို တက်ရောက်​သူတွေကတော့ ယေဟောဝါ​ရဲ့ တောင်းဆိုချက်​တွေ၊ ဘုရား​အလိုတော်​နဲ့​အညီ အသက်ရှင်​နည်းတွေကို သိ​လာကြတယ်။ နိုင်ငံတော်​ခန်းမ​တွေ​ဟာ မခမ်းနား၊ မကြီး​ကျယ်​ပေမဲ့ သန့်ရှင်း​သပ်ရပ်​တယ်။ ဦးဆောင်​သူတွေဟာ​လည်း ထူးခြား​ဆန်းပြား​တဲ့ ဝတ်ရုံ​တွေ ဝတ်​တာ​မျိုး၊ ဘွဲ့ထူး​ဂုဏ်​ထူး​တွေ ခံယူတာမျိုး မရှိကြဘူး။ သွန်သင်ချက်​တွေ၊ ယုံကြည်ချက်တွေ​ဟာ ကျမ်းစာ​ကို အခြေခံ​တယ်။ ဒါတောင် ဝတ်ပြုပုံ ရိုးရှင်း​လွန်းလို့ လူများစွာ မကြိုက်ကြဘူး။ ကျွန်တော်​တို့ ဟောပြော​သွန်သင်​တာ​တွေ​ဟာ သူတို့ ကြား​ချင်​တာ​နဲ့ တခြား​စီ ဖြစ်​နေတယ်။

၁၂။ ဟီဘရူး ၁၁:၁၊ ၆ အရ ယုံကြည်ခြင်းကို ဘယ်​အပေါ် တည်ဆောက်​သင့်သလဲ။

၁၂ ယုံကြည်ခြင်း မပျောက်ဆုံး​အောင် ကျွန်တော်​တို့ ဘယ်လို ကာကွယ်​မလဲ။ “လူတစ်ယောက်က ကြားနာ​ပြီး​မှ ယုံကြည်​လာတာ။ ခရစ်တော်​နဲ့​ဆိုင်​တဲ့ တရား​စကား​ကို ဟောပြောတဲ့​သူ ရှိ​မှ​ပဲ သူ ကြားနာ​ရတာ” လို့ ရောမ​မြို့က ခရစ်ယာန်​တွေ​ကို တမန်​တော် ပေါလု ပြော​တယ်။ (ရော. ၁၀:၁၇) ကျမ်းစာ​နဲ့ မညီတဲ့ ဘာသာရေး ပွဲနေ့​တွေ​ဟာ ဘယ်လောက်​ပဲ ပျော်စရာ ကောင်း​ပုံ ပေါက်​နေပါ​စေ အဲဒါတွေ ကျင်းပ​ခြင်း​အားဖြင့် မဟုတ်ဘဲ ကျမ်းစာ လေ့လာခြင်း​အားဖြင့်​သာ ကျွန်တော်​တို့ ယုံကြည်ခြင်း တည်ဆောက်​ကြတယ်။ “ယုံကြည်ခြင်း မရှိရင် ဘုရားသခင်ရဲ့ စိတ်တော်​နဲ့ မ​တွေ့​နိုင်” တဲ့​အတွက် တိကျ​မှန်ကန်​တဲ့ အသိပညာ​ပေါ် အခြေခံ​တဲ့၊ ခိုင်မာ​တဲ့ ယုံကြည်ခြင်း ရှိအောင် တည်ဆောက်​ကြတယ်။ (ဟီဘရူး ၁၁:၁၊ ကို​ဖတ်ပါ။) ဒါ​ကြောင့် အမှန်တရား တွေ့​ပြီ​ဆို​တဲ့ အထောက်အထား​အဖြစ် ဘုရား​ဆီက ထူးခြားတဲ့ အံ့ဖွယ်​အမှုတွေ မလိုပါဘူး။ ယုံကြည်ခြင်း ခိုင်မာ​စေ​တဲ့ ကျမ်းစာ​သွန်သင်ချက်​တွေ​ကို သေသေချာချာ ဆန်းစစ်​ရုံ​နဲ့ သံသယ​မှန်သမျှ ကင်းရှင်း​နိုင်​ပြီး အမှန်တရား တွေ့​ပြီ​ဆို​တဲ့ ယုံကြည်​စိတ်ချမှု ရှိလာနိုင်​ပါ​တယ်။

(၃) ဂျူး​ထုံးစံ အများစုကို ယေရှု မလိုက်

ထုံးတမ်း​စဉ်​လာ​တချို့​ကို မလိုက်​လို့ ယေရှုကို လူများစွာ ငြင်းပယ်။ အဲဒီ​အကြောင်းရင်း​ကြောင့်​ပဲ ဒီနေ့​ခေတ် လူတချို့​လည်း ငြင်းပယ်​မိ​နိုင် (စာပိုဒ် ၁၃ ကိုကြည့်ပါ) *

၁၃။ ယေရှုကို လူများစွာ ဘာကြောင့် ငြင်းပယ်​ကြသလဲ။

၁၃ ယေရှုရဲ့ တပည့်​တွေ အစာ​မရှောင်​လို့ နှစ်ခြင်း​ပေး​သူ ယောဟန်ရဲ့ တပည့်​တွေ အံ့ဩ​ကြတယ်။ မိမိ​အသက်ရှင်နေ​တုန်း တပည့်​တွေ အစာရှောင်​စ​ရာ မလိုဘူးလို့ ယေရှု ရှင်းပြတယ်။ (မ. ၉:၁၄-၁၇) အဲဒီလို ရှင်းပြ​တာ​တောင် ဖာရိရှဲတွေ၊ တခြား ဆန့်ကျင်​သူတွေက သူတို့ရဲ့ ဓလေ့​ထုံးစံတွေ မလိုက်​လို့ ယေရှုကို ပြစ်တင်​ရှုတ်ချ​တယ်။ ဥပုသ်​နေ့မှာ ဖျားနာ​သူတွေကို ကုပေး​လို့ စိတ်ဆိုး​ကြတယ်။ (မာ. ၃:၁-၆။ ယော. ၉:၁၆) ဥပုသ်​ပညတ်​ကို လိုက်နာတယ်လို့ ဖာရိရှဲတွေ ပြော​ပေမဲ့ ဗိမာန်တော်မှာ​တော့ ရောင်းဝယ်​ဖောက်​ကား​ခွင့် ပြု​ထား​တယ်။ အဲဒါကို ယေရှု ပြစ်တင်​ရှုတ်ချ​တဲ့​အခါ ဒေါသ​ထွက်ကြ​တယ်။ (မ. ၂၁:၁၂၊ ၁၃၊ ၁၅) နာဇရက်​မြို့ တရား​ဇရပ်​မှာ ယေရှုဟာ အစ္စရေး​ခေတ်​က နမူနာ​တချို့ သုံးပြီး လူတွေရဲ့ တစ်ကိုယ်ကောင်း​ဆန်​မှု​နဲ့ ယုံကြည်ခြင်း ကင်းမဲ့မှု​ကို ဖော်ထုတ်​လို့ စိတ်ဆိုး​ကြတယ်။ (လု. ၄:၁၆၊ ၂၅-၃၀) မိမိတို့ မျှော်လင့်​ထား​သလို မ​လုပ်လို့ ယေရှုကို ငြင်းပယ်​ကြတယ်။—မ. ၁၁:၁၆-၁၉

၁၄။ ကျမ်းစာ​နဲ့ မညီတဲ့ လူ့​ထုံးတမ်း​စဉ်​လာ​တွေ​ကို ယေရှု ဘာကြောင့် ပြစ်တင်​ရှုတ်ချ​သလဲ။

၁၄ ကျမ်းစာ​မှာ ဘာ​ပြော​ထား​သလဲ။ “ဒီ​လူမျိုးဟာ အပြော​နဲ့​ပဲ ငါ့​ဆီ လာကြတယ်။ နှုတ်​နဲ့​ပဲ ငါ့ကို ရိုသေ​ကြတယ်။ သူတို့ရဲ့​ စိတ်​က​တော့ ငါ​နဲ့ ဝေး​လှတယ်။ ငါ့ကို ကြောက်ရွံ့​ရိုသေ​ကြ​တာ​က​လည်း အလွတ်​ကျက်မှတ်ထား​တဲ့ လူ့​ထုံးတမ်း​စဉ်လာ​တွေ​ကြောင့်​ပဲ” လို့ ပရောဖက် ဟေရှာယ​က​တစ်ဆင့် ယေဟောဝါ ပြော​တယ်။ (ဟေရှာ. ၂၉:၁၃) ကျမ်းစာ​နဲ့ မညီတဲ့ လူ့​ထုံးတမ်း​စဉ်​လာ​တွေ​ကို ယေရှု ပြစ်တင်​ရှုတ်ချ​တာ တော်​သင့်​မှန်ကန်​တယ်။ အဲဒါတွေကို ကျမ်းစာ​ထက် ပို​အလေးပေး​သူတွေဟာ တကယ်တော့ ယေဟောဝါ​နဲ့ မေရှိယကို ငြင်းပယ်​လိုက်တာပဲ။

၁၅။ ဒီနေ့​ခေတ် ယေဟောဝါ​သက်သေတွေကို လူများစွာ မကြိုက်​ကြ​တာ ဘာကြောင့်လဲ။

၁၅ ဒီနေ့​ခေတ်​မှာ​ကော အလားတူ ပြဿနာ ရှိသလား။ ရှိပါတယ်။ မွေးနေ့၊ ခရစ်​စ​မတ် စတဲ့ ကျမ်းစာ​နဲ့ မညီတဲ့ ပွဲနေ့​တွေ မ​ကျင်းပ​လို့ ယေဟောဝါ​သက်သေတွေကို လူများစွာ မကြိုက်ကြဘူး။ တချို့​ကျ​တော့​လည်း နိုင်ငံရေး အခမ်းအနားတွေမှာ မပါဝင်​လို့၊ ကျမ်းစာ​နဲ့ မညီတဲ့ အသုဘ​ဓလေ့​ထုံးစံတွေ မလိုက်​လို့ ယေဟောဝါ​သက်သေတွေကို စိတ်ဆိုး​ကြတယ်။ အဲဒီလို အကြောင်းရင်း​တွေ​ကြောင့် ငြင်းပယ်​သူတွေဟာ ဘုရား​ကို နည်း​မှန်​လမ်း​ကျ ဝတ်ပြု​နေတယ်လို့ စိတ်ရင်းမှန်​နဲ့ ယူဆ​နေကြ​တယ်။ ဒါပေမဲ့ ကျမ်းစာ​မှာ ပါ​တဲ့ ရှင်းလင်း​တဲ့ သွန်သင်ချက်​တွေ​ထက် လောက ထုံးတမ်း​စဉ်လာ​တွေ​ကို ပို​နှစ်သက်​နေမယ်​ဆိုရင် ဘုရား​မျက်နှာသာ ရမှာ မဟုတ်ဘူး။—မာ. ၇:၇-၉

၁၆။ ဆာလံ ၁၁၉:၉၇၊ ၁၁၃၊ ၁၆၃-၁၆၅ အရ ကျွန်တော်​တို့ ဘာလုပ်ရမလဲ။ ဘာကို ငြင်းပယ်​ရမလဲ။

၁၆ ယုံကြည်ခြင်း မပျောက်ဆုံး​အောင် ကျွန်တော်​တို့ ဘယ်လို ကာကွယ်​မလဲ။ ယေဟောဝါ​ရဲ့ ပညတ်​နဲ့ မူတွေကို နှစ်နှစ်ကာကာ ချစ်တတ်​ဖို့ ကြိုးစား​ရမယ်။ (ဆာလံ ၁၁၉:၉၇၊ ၁၁၃၊ ၁၆၃-၁၆၅ ကို​ဖတ်ပါ။) ယေဟောဝါကို ချစ်မယ်​ဆိုရင် ဘုရား မနှစ်သက်တဲ့ ထုံးတမ်း​စဉ်​လာ မှန်သမျှကို ငြင်းပယ်​ပါ​လိမ့်မယ်။ ဘယ်အရာ​ကြောင့်​မှ ယေဟောဝါ​အပေါ် ထား​တဲ့ မေတ္တာကို အတားအဆီး​ ဖြစ်ခွင့် ပြု​မှာ မဟုတ်ဘူး။

(၄) နိုင်ငံရေး​စနစ်​ကို ယေရှု မပြောင်းလဲ​ခဲ့

နိုင်ငံရေး​ကိစ္စ​တွေ​ကို စိတ်မဝင်စား​လို့ ယေရှုကို လူများစွာ ငြင်းပယ်။ အဲဒီ​အကြောင်းရင်း​ကြောင့်​ပဲ ဒီနေ့​ခေတ် လူတချို့​လည်း ငြင်းပယ်​မိ​နိုင် (စာပိုဒ် ၁၇ ကိုကြည့်ပါ) *

၁၇။ မေရှိယ ဘာလုပ်​ပေး​မယ်​လို့ ယေရှု​ခေတ်​က လူများစွာ မျှော်လင့်​နေကြ​သလဲ။

၁၇ ယေရှု​ခေတ်​မှာ တချို့က နိုင်ငံရေး အပြောင်းအလဲ လိုလား​ကြတယ်။ ရောမ ဖိနှိပ်မှု​အောက်​ကနေ မိမိတို့ကို မေရှိယ လွတ်မြောက်​စေမယ်​လို့ မျှော်လင့်​နေကြ​တယ်။ ဒါပေမဲ့ ယေရှုကို ဘုရင်​မြှောက်​ဖို့ ကြိုးစား​တဲ့​အခါ ယေရှု ရှောင်ထွက်​သွားတယ်။ (ယော. ၆:၁၄၊ ၁၅) ပုရောဟိတ်​တွေ​နဲ့ တခြားသူ​တွေ​ကျ​တော့ ယေရှု နိုင်ငံရေး အပြောင်းအလဲ လုပ်မှာ​ကို စိုးရိမ်​ကြတယ်။ ရောမတွေ ဒေါသ​ထွက်​မှာ၊ ပေးထား​တဲ့ အခွင့်အာဏာ ရုပ်သိမ်း​လိုက်​မှာ စိုးလို့​ပဲ။ အဲဒီလို နိုင်ငံရေး​ကိစ္စ​တွေ​ကြောင့် ယေရှုကို ဂျူး​များစွာ ငြင်းပယ်​ကြ​တာ ဖြစ်တယ်။

၁၈။ မေရှိယ​နဲ့​ပတ်သက်​တဲ့ ဘယ်​ကျမ်းစာ ပရောဖက်ပြုချက်​တွေ​ကို လူများစွာ လျစ်လျူရှု​ကြသလဲ။

၁၈ ကျမ်းစာ​မှာ ဘာ​ပြော​ထား​သလဲ။ မေရှိယဟာ နောက်ဆုံး​မှာ အောင်ပွဲခံ​မယ်​လို့ ပရောဖက်ပြုချက်​များစွာ​မှာ ကြို​ဟောထား​ပေမဲ့ အရင်ဆုံး ကျွန်တော်​တို့​ရဲ့ အပြစ်တွေ​အတွက် အသေခံ​ရမယ်​လို့ ပြော​ထား​တဲ့ ပရောဖက်ပြုချက်​တွေ​လည်း ရှိတယ်။ (ဟေရှာ. ၅၃:၉၊ ၁၂) ဒါဆိုရင် မေရှိယ​နဲ့​ပတ်သက်ပြီး ဂျူး​တွေ ဘာကြောင့် တလွဲ​ မျှော်လင့်​နေကြ​သလဲ။ ကိုယ့်ရဲ့ လောလောလတ်လတ် ပြဿနာ​တွေ​ကို မဖြေရှင်း​ပေး​တဲ့ ဘယ်​ပရောဖက်ပြုချက်​ကို​မှ အရေး​မလုပ်ကြလို့ပဲ။—ယော. ၆:၂၆၊ ၂၇

၁၉။ ဘယ်​မှားယွင်းတဲ့ အယူအဆ​တွေ​ကြောင့် ဒီနေ့​ခေတ် လူများစွာ ကျွန်တော်​တို့ကို ငြင်းပယ်​ကြသလဲ။

၁၉ ဒီနေ့​ခေတ်​မှာ​ကော အလားတူ ပြဿနာ ရှိသလား။ ရှိပါတယ်။ ယေဟောဝါသက်သေ​တွေ နိုင်ငံရေး​မှာ ကြားနေ​လို့ ဒီနေ့​ခေတ် လူများစွာ မကြိုက်ကြဘူး။ ရွေးကောက်​ပွဲ​တွေ​မှာ ကျွန်တော်​တို့ မဲပေး​သင့်တယ်လို့ သူတို့ ယူဆတယ်။ ဒါပေမဲ့ လူ့​ခေါင်းဆောင်​တစ်ယောက်ကို ရွေးချယ်​တင်မြှောက်​တာ​ဟာ ယေဟောဝါ​ကို ငြင်းပယ်​လိုက်တာပဲ။ (၁ ရှ. ၈:၄-၇) ကျွန်တော်​တို့ ကျောင်း​တွေ၊ ဆေးရုံ​တွေ ဆောက်​ပြီး ပရဟိတ​လုပ်ငန်း​တွေ လုပ်ဆောင်​သင့်တယ်လို့​လည်း လူတချို့ ထင်​နိုင်တယ်။ လောလောလတ်လတ် ကမ္ဘာ့ ပြဿနာ​တွေ ဖြေရှင်း​ဖို့ မဟုတ်ဘဲ ဟောပြောခြင်း​လုပ်ငန်း​ကိုပဲ အာရုံစိုက်လို့ ကျွန်တော်​တို့ကို လူများစွာ ငြင်းပယ်​ကြတယ်။

၂၀။ မဿဲ ၇:၂၁-၂၃ မှာပါတဲ့ ယေရှုရဲ့ စကား​တွေ​အရ ဘာကို အဓိက အာရုံစိုက်​သင့်သလဲ။

၂၀ ယုံကြည်ခြင်း မပျောက်ဆုံး​အောင် ကျွန်တော်​တို့ ဘယ်လို ကာကွယ်​မလဲ။ (မဿဲ ၇:၂၁-၂၃ ကို​ဖတ်ပါ။) ယေရှု မိန့်မှာ​ထား​တဲ့ အလုပ်ကိုပဲ ကျွန်တော်​တို့ အဓိက အာရုံစိုက်​သင့်တယ်။ (မ. ၂၈:၁၉၊ ၂၀) လောကရဲ့ နိုင်ငံရေး၊ လူမှုရေး​ကိစ္စ​တွေ​ကြောင့် အာရုံမလွဲ​သွား​သင့်​ဘူး။ လူတွေကို ချစ်​ပြီး သူတို့ရဲ့ ပြဿနာ​တွေ​ကို ဖြေရှင်း​ပေး​ချင်​ပေမဲ့ ကူညီ​နိုင်​တဲ့ အကောင်းဆုံးနည်း​က​တော့ နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း၊ ယေဟောဝါ​နဲ့ မိတ်ဆွေ​ ဖြစ်အောင် ကူညီ​ပေးခြင်း​ပဲ​ဆိုတာ ကျွန်တော်​တို့ သိတယ်။

၂၁။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်​ထား​သင့်သလဲ။

၂၁ ယေရှုကို တစ်ခေတ်​တည်း​သားတွေ ငြင်းပယ်​ရတဲ့၊ ဒီနေ့​ခေတ် နောက်လိုက်​တွေ​ကို လူများစွာ ငြင်းပယ်​ရတဲ့ အကြောင်းရင်း လေးခု​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့​ကြတယ်။ နောက်ထပ် အကြောင်းရင်း​လေးခု​ကို နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ယေရှုကို ဘယ်တော့မှ မငြင်းပယ်​မိဖို့၊ ယုံကြည်ခြင်း ခိုင်မာ​နေ​အောင် တည်ဆောက်​ဖို့ စိတ်ပိုင်းဖြတ်​ထား​ကြပါစို့။

သီချင်း ၅၆ အမှန်တရားကို ကိုယ်ပိုင်​ ဖြစ်စေ​ပါ

^ အပိုဒ်၊ 5 ယေရှုဟာ အသက်ရှင်ခဲ့သမျှ လူသားတွေ​ထဲမှာ အကြီးမြတ်ဆုံး​ ဆရာ ဖြစ်​ပေမဲ့ တစ်ခေတ်​တည်း​သား အများစုက ယေရှုကို ငြင်းပယ်​ကြတယ်။ ဘာကြောင့်လဲ။ အကြောင်းရင်း လေးခု​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ဒီနေ့​ခေတ် ယေရှုရဲ့ နောက်လိုက်စစ်​တွေ​ကို လူများစွာ ဘာကြောင့် လက်မခံ​ကြောင်း၊ အရေးကြီးဆုံး​က​တော့ ယေရှု​အပေါ်​ ထား​တဲ့ ယုံကြည်ခြင်း မပျောက်ဆုံး​သွား​အောင် ဘယ်လို ကာကွယ်​နိုင်​ကြောင်း ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 3 စကားလုံး ရှင်းလင်းချက်– ဒီ​ဆောင်းပါး​နဲ့ နောက်​ဆောင်းပါး​မှာ သုံး​ထား​တဲ့ “တိုက်မိ​လဲ” ဆို​တဲ့ စကားလုံး​ဟာ အကြောင်း​တစ်ခုခု​ကြောင့် ယေရှု​နောက် မလိုက်​တာ၊ ယေရှုကို ငြင်းပယ်​တာ​ကို ဆိုလိုတယ်။

^ အပိုဒ်၊ 61 ပုံအညွှန်း– ယေရှုနဲ့ တွေ့​ဖို့ နာသနေလ​ကို ဖိလိပ္ပု ပြော​နေ။

^ အပိုဒ်၊ 63 ပုံအညွှန်း– ယေရှု သတင်းကောင်း ဟော​နေ။

^ အပိုဒ်၊ 65 ပုံအညွှန်း– လက်တစ်ဖက် သေနေ​သူကို ယေရှု ကုပေး​တဲ့​အခါ ဆန့်ကျင်​သူတွေ ကြည့်​နေ။

^ အပိုဒ်၊ 67 ပုံအညွှန်း– ယေရှု တစ်ယောက်တည်း တောင်ပေါ် ထွက်သွား။