မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၁

ယေဟောဝါ သင့်ကို ခွန်အားပေးမယ်

ယေဟောဝါ သင့်ကို ခွန်အားပေးမယ်

“ကျွန်တော် အားနည်းတဲ့​အခါ အစွမ်း​ခွန်အား ပြည့်​နေလို့ပဲ။”—၂ ကော. ၁၂:၁၀

သီချင်း ၇၃ ရဲစွမ်းသတ္တိ​ပေး​ပါ

အကြို​သုံးသပ်ချက် *

၁-၂။ သက်သေခံ​များစွာ ဘယ်​အခက်အခဲ​တွေ ရင်ဆိုင်​နေရ​သလဲ။

အမှုဆောင်​လုပ်ငန်း​ကို ကျေပွန်​အောင် ဆောင်ရွက်ဖို့ တိမောသေ​ကို တမန်​တော်​ ပေါလု အားပေးခဲ့တယ်။ အဲဒါ ခရစ်ယာန်​အားလုံး​နဲ့​လည်း သက်ဆိုင်တယ်။ (၂ တိ. ၄:၅) ကျွန်တော်​တို့အားလုံး ပေါလု​ရဲ့​ အကြံဉာဏ်​ကို အတတ်နိုင်ဆုံး လိုက်နာ​နေကြ​တယ်။ ဒါပေမဲ့ အခက်အခဲ​တွေ ရှိတယ်။ ညီအစ်ကို/မများ​စွာ​ဟာ ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​ဖို့ သတ္တိ လိုတယ်။ (၂ တိ. ၄:၂) ဥပမာ၊ ကျွန်တော်​တို့ လုပ်ငန်း​ကို ကန့်သတ်၊ ပိတ်ပင်​ထား​တဲ့ နိုင်ငံ​မှာ နေရ​တဲ့ ညီအစ်ကို​တွေ​အကြောင်း စဉ်းစား​ကြည့်​ပါ။ ထောင်ချ​ခံရ​နိုင်တယ်​ဆိုတာ သိတဲ့​ကြား အမှုဆောင်​လုပ်ငန်းမှာ သူတို့ ပါဝင်​နေကြ​တယ်။

ယေဟောဝါ​ရဲ့​ လူမျိုးဟာ စိတ်ဓာတ်ကျ​စေ​တဲ့ အခက်အခဲ​များစွာ​ကိုလည်း ရင်ဆိုင်​နေကြ​ရတယ်။ ဥပမာ၊ မိသားစုရဲ့ အခြေခံ​ လိုအပ်ရာ​တွေ ရဖို့ နာရီ​ပေါင်း​များစွာ အလုပ်​လုပ်ကြ​ရတယ်။ တစ်ပတ်တာ​ရဲ့ အဆုံးပိုင်း​ရောက်တော့ အမှုဆောင်မှာ ပို​ပါဝင်​ချင်​ပေမဲ့ ခွန်အား သိပ်​မရှိကြ​တော့​ဘူး။ တချို့​ကျ​တော့​လည်း နာတာရှည် ကျန်းမာ​ရေး ပြဿနာ၊ အသက်အရွယ် အိုမင်း​မှု​ကြောင့် အိမ်ပြင် မထွက်​နိုင်​ကြဘူး။ တချို့​လည်း တန်ဖိုး​မရှိဘူး​ဆို​တဲ့ ခံစားချက်​ကို တိုက်လှန်​နေကြ​ရတယ်။ အရှေ့အလယ်ပိုင်း​မှာ​ နေတဲ့ ညီအစ်မ မေရီ *က “စိတ်ဓာတ်ကျ​တဲ့​အခါ အပျက်​သဘောထားတွေကို တိုက်လှန်​နေရ​တာ​နဲ့​ပဲ တအား​ စိတ်​ပင်ပန်း​ပြီး အမှုဆောင်မှာ ပါဝင်​ဖို့ အချိန်နဲ့ ခွန်အား​ မရှိတော့ဘူး။ ဒါ​ကြောင့် အပြစ်​ရှိတယ်လို့ ခံစား​ရတယ်” ဆိုပြီး ပြော​တယ်။

၃။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ကျွန်တော်​တို့ အခြေအနေ ဘယ်လိုပဲ ရှိပါစေ အခက်အခဲတွေကို ကျော်လွှား​ဖို့၊ အတတ်နိုင်ဆုံး ဆက်​အမှုဆောင်ဖို့ ယေဟောဝါ အစွမ်း​ခွန်အား ပေး​နိုင်တယ်။ ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်လို ကူညီ​ပေးတယ်​ဆိုတာ မဆွေးနွေး​ခင် အခက်အခဲ​တွေ​ကြား အမှုဆောင်​လုပ်ငန်း ပြီးမြောက်​ဖို့ ပေါလု​နဲ့ တိမောသေ​ကို ဘယ်လို ကူညီပေး​ခဲ့​ကြောင်း ဆွေးနွေး​ကြည့်ကြ​စို့။

ဟောပြောခြင်း​လုပ်ငန်း ပြီးမြောက်​စေဖို့ ယေဟောဝါ ခွန်အား​ပေး

၄။ ဘယ်​အခက်အခဲ​တွေ ပေါလု ကြုံ​ခဲ့​ရသလဲ။

ပေါလု အခက်အခဲ​များစွာ ကြုံ​ခဲ့​ရတယ်။ အရိုက်ခံရ၊ ကျောက်ခဲ​နဲ့ ပေါက်​ခံရ၊ ထောင်ချ​ခံရ​ချိန်​တွေ​မှာ အထူးသဖြင့် ခွန်အား လိုအပ်​ခဲ့တယ်။ (၂ ကော. ၁၁:၂၃-၂၅) တစ်ခါ​တ​လေ အပျက်​သဘောထားတွေကို တိုက်လှန်​ရတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။ (ရော. ၇:၁၈၊ ၁၉၊ ၂၄) ဒါ့အပြင် ‘ကိုယ်ခန္ဓာ​မှာ​ စူးတဲ့ ဆူး’ ဒဏ်​ကိုလည်း ခံစား​ခဲ့​ရတယ်။ အဲဒါကို ဖယ်ရှား​ပေးဖို့ ဘုရားဆီ အကြိမ်ကြိမ် အသနားခံ​ခဲ့တယ်။—၂ ကော. ၁၂:၇၊ ၈

အမှုဆောင်​လုပ်ငန်း ဆက်​လုပ်ဆောင်ဖို့ ပေါလုကို ဘာက ကူညီပေး​သလဲ (စာပိုဒ် ၅-၆ ကိုကြည့်ပါ) *

၅။ အခက်အခဲ​တွေ​ကြား ပေါလု ဘာတွေ ပြီးမြောက်​ခဲ့​သလဲ။

အခက်အခဲ အမျိုးမျိုး​ကြား အမှုဆောင်​လုပ်ငန်း ပြီးမြောက်​နိုင်​ဖို့ ပေါလု​ကို ယေဟောဝါ ခွန်အား​ပေးတယ်။ ပေါလု ဘာတွေ ပြီးမြောက်​ခဲ့တယ်​ဆိုတာ စဉ်းစား​ကြည့်​ပါ။ ဥပမာ၊ ရောမမြို့မှာ အကျယ်ချုပ် ကျနေ​တုန်း ဂျူး​ခေါင်းဆောင်​တွေ​ကို ထက်ထက်သန်သန် ဟောပြောတယ်။ အဲဒီ​ထဲမှာ အစိုးရ အရာရှိ​တွေ​လည်း ပါဝင်​နိုင်တယ်။ (တ. ၂၈:၁၇။ ဖိ. ၄:၂၁၊ ၂၂) နန်းတော်​စောင့်​တပ်​ထဲ​က အစောင့်များ​စွာ​နဲ့ မိမိ​ဆီ လာလည်​ပတ်​သူ အား​လုံး​ကိုလည်း ဟောတယ်။ (တ. ၂၈:၃၀၊ ၃၁။ ဖိ. ၁:၁၃) တစ်ခေတ်​တည်း​သား ခရစ်ယာန်စစ်​တွေ​အတွက် အကျိုးရှိ​မယ့် စာ​တွေ​ကိုလည်း စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးခဲ့တယ်။ ပေါလု​ရဲ့ ပုံသက်သေ​က ရောမ အသင်းတော်မှာ ရှိတဲ့​သူတွေကို အားရှိစေတဲ့​အတွက် “ဘုရားသခင်ရဲ့ တရား​စကား​ကို သတ္တိရှိရှိ၊ မကြောက်​မရွံ့ ဟောပြော” ဖို့ သူတို့ အားပေးခံရ​တယ်။ (ဖိ. ၁:၁၄) ပေါလု​ဟာ အကန့်အသတ်​တွေ​ကြား အတတ်နိုင်ဆုံး ဟောပြောခဲ့တယ်။ ဒါက “သတင်းကောင်း​ ပျံ့နှံ့​ဖို့ အထောက်အကူ​ ဖြစ်​စေတယ်။”—ဖိ. ၁:၁၂

၆။ ၂ ကောရိန္သု ၁၂:၉၊ ၁၀ အရ အမှုဆောင်​လုပ်ငန်း ပြီးမြောက်​ဖို့ ပေါလု​ကို ဘာက ကူညီပေး​သလဲ။

ယေဟောဝါ​ရဲ့ အမှုတော်မှာ မိမိ လုပ်ဆောင်သမျှ အရာအားလုံးဟာ ကိုယ့်​အစွမ်းအစ​ကြောင့် မဟုတ်ဘဲ ဘုရား​ရဲ့ အစွမ်း​ခွန်အား​ကြောင့်​ ဖြစ်တယ်​ဆိုတာ ပေါလု နားလည်တယ်။ ဘုရား​ရဲ့ ခွန်အား​က “အားနည်းတဲ့​အခါ အစွမ်း​ခွန်အား ပြည့်” စေတယ်​ဆိုတာ အသိအမှတ် ပြု​တယ်။ (၂ ကောရိန္သု ၁၂:၉၊ ၁၀ ကို​ဖတ်ပါ။) နှိပ်စက်​ညှဉ်းပန်းမှု၊ ထောင်ချ​ခံရ​မှု၊ တခြား အခက်အခဲ​တွေ​ကြား အမှုဆောင်​လုပ်ငန်း အပြည့်အဝ ပြီးမြောက်​နိုင်​ဖို့ သန့်ရှင်းသော စွမ်းအားတော်​က​တစ်ဆင့် ပေါလု​ကို ယေဟောဝါ ခွန်အား​ပေး​ခဲ့တယ်။

အမှုဆောင်​လုပ်ငန်း ဆက်​လုပ်ဆောင်ဖို့ တိမောသေ​ကို ဘာက ကူညီပေး​သလဲ (စာပိုဒ် ၇ ကိုကြည့်ပါ) *

၇။ အမှုဆောင်​လုပ်ငန်း ပြီးမြောက်​ဖို့ ဘယ်​အခက်အခဲ​တွေ တိမောသေ ကျော်လွှား​ခဲ့​ရသလဲ။

ပေါလု​ရဲ့ တွဲဖက် လူငယ်​ တိမောသေ​လည်း အမှုဆောင်​လုပ်ငန်းမှာ ဘုရား​ရဲ့ ခွန်အား​ကို အားကိုးခဲ့​တယ်။ ပေါလု​နဲ့​အတူ သာသနာပြု ခရီးစဉ်​တွေ​မှာ လိုက်ပါ​တဲ့​အပြင် အသင်းတော်တွေကို လည်ပတ်​အားပေးဖို့​လည်း စေလွှတ်​ခံ​ခဲ့​ရတယ်။ (၁ ကော. ၄:၁၇) အရည်အချင်း မပြည့်မီ​ဘူးလို့ တိမောသေ ခံစား​မိ​နိုင်တယ်။ ဒါ​ကြောင့်​လည်း “ငယ်ရွယ်သူ ဖြစ်နေ​လို့​ဆိုပြီး မင်းကို ဘယ်သူမှ အထင်မသေး​ပါစေ​နဲ့” လို့ ပေါလု အားပေးခဲ့​တာ ဖြစ်​နိုင်တယ်။ (၁ တိ. ၄:၁၂) အဲဒီအပြင် ကိုယ်ခန္ဓာ​မှာ စူးတဲ့​ဆူးလည်း ရှိတယ်။ “မကြာခဏ ခံစား​နေရ​တဲ့ အဖျား​အနာ” ဖြစ်တယ်။ (၁ တိ. ၅:၂၃) ဒါပေမဲ့ သတင်းကောင်း ဟော​ဖို့၊ ညီအစ်ကို​တွေ​ရဲ့ အကျိုး သယ်ပိုး​ဖို့ လိုအပ်​တဲ့ အစွမ်း​ခွန်အား​ကို ယေဟောဝါ ပေး​မယ်​ဆိုတာ တိမောသေ သိတယ်။—၂ တိ. ၁:၇

အခက်အခဲ​တွေ​ကြား ဆက်​သစ္စာ​ရှိနေဖို့ ယေဟောဝါ ခွန်အား​ပေး

၈။ ဒီနေ့​ခေတ် မိမိ​လူမျိုး​ကို ယေဟောဝါ ဘယ်လို ခွန်အား​ပေး​နေသလဲ။

ဒီနေ့လည်း သစ္စာရှိရှိ ဆက်​အမှုဆောင်​နိုင်​ဖို့ ကျွန်တော်​တို့ လိုအပ်​တဲ့ “သာမန်​ထက်​ ထူးကဲ​တဲ့ တန်ခိုး” ကို ယေဟောဝါ ပေး​နေတယ်။ (၂ ကော. ၄:၇) ကျွန်တော်​တို့ကို ခွန်အား​ပေးဖို့၊ ဆက်​သစ္စာ​ရှိအောင် ကူညီ​ပေးဖို့ ယေဟောဝါ ပြင်ဆင်​ပေး​ထား​တဲ့​အရာ လေးခု​ကို စဉ်းစား​ကြည့်​ပါ။ ဆုတောင်းခြင်း၊ ကျမ်းစာ၊ ခရစ်ယာန် ညီအစ်ကို/မ၊ အမှုဆောင်​လုပ်ငန်း​တို့ ဖြစ်တယ်။

ဆုတောင်းခြင်းက​တစ်ဆင့် ယေဟောဝါ ခွန်အား​ပေး (စာပိုဒ် ၉ ကိုကြည့်ပါ)

၉။ ဆုတောင်းခြင်း​က ဘယ်လို ကူညီပေး​နိုင်​သလဲ။

ဆုတောင်းခြင်း​ကနေ ခွန်အား​ရ။ “အချိန်​အခါတိုင်း​မှာ” ဘုရားဆီ ဆုတောင်း​ဖို့ ဧဖက် ၆:၁၈ မှာ ပေါလု အားပေးထား​တယ်။ ကျွန်တော်​တို့ ဆုတောင်း​မယ်​ဆိုရင် ဘုရားသခင် ကူညီပေး​ပါ​လိမ့်မယ်။ ဘိုလီးဗီးယားမှာ နေတဲ့ ဂျော်နီ​ဟာ အခက်အခဲ​တွေ ကြုံ​ရတဲ့အခါ ယေဟောဝါ ပေး​တဲ့ ကူညီ​ထောက်မမှု ခံစား​ခဲ့​ရတယ်။ ဇနီး​နဲ့ မိဘ နှစ်ပါးစလုံး တစ်ချိန်တည်း​မှာ ကျန်းမာ​ရေး ပြဿနာ အကြီးအကျယ် ကြုံ​ရတယ်။ သူတို့ သုံးယောက်ရဲ့ လိုအပ်ရာ​တွေ​ကို ထောက်မပေးဖို့ ဂျော်နီ ခက်ခက်ခဲခဲ ရုန်းကန်​ခဲ့​ရတယ်။ အမေဖြစ်သူ သေဆုံး​သွားတယ်။ ဇနီး​နဲ့ အဖေက အချိန်​တော်​တော်​ကြာ​မှ ပြန်​ကျန်းမာ​လာကြတယ်။ “အကြီးအကျယ် စိုးရိမ်​ပူပန်​တဲ့​အခါ ကျွန်တော့်​ကို အမြဲ ကူညီပေး​တာ​က​တော့ သတ်သတ်မှတ်မှတ် ဆုတောင်းခြင်း​ပဲ” လို့ ဂျော်နီ ပြော​တယ်။ ခံရပ်​နိုင်​ဖို့ လိုအပ်​တဲ့ အစွမ်း​ခွန်အား​ကို ယေဟောဝါ ပေး​ခဲ့တယ်။ ဘိုလီးဗီးယားမှာ နေတဲ့ အကြီးအကဲ ရော်နယ်​လည်း အမေဖြစ်သူ​မှာ ကင်ဆာ​ရောဂါ ရှိ​မှန်း သိလိုက်​ရတယ်။ တစ်လ​ကြာပြီးနောက် အမေ ဆုံး​သွားတယ်။ ခံရပ်​နိုင်​ဖို့ ဘာက ကူညီပေး​သလဲ။ “ယေဟောဝါ​ဆီ ရင်ဖွင့်​ဆုတောင်း​ပြီး ခံစားချက်​တွေ ပြောပြ​တယ်။ ကိုယ့်ကို တခြား​လူတွေ​ထက်၊ ကိုယ့်ကိုယ်ကိုယ်​ထက် ယေဟောဝါ ပို​နားလည်တယ်​ဆိုတာ သိတယ်” လို့ ပြော​တယ်။ တစ်ခါ​တ​လေ ထူ​ပူ​လွန်းလို့ ဘာ​ဆုတောင်း​ရ​မှန်း မသိ ဖြစ်နေ​နိုင်တယ်။ ဒါပေမဲ့ ကိုယ့်​အတွေး၊ ခံစားချက်​တွေ​ကို စကားလုံး​တွေ​နဲ့ ထုတ်​မပြော​နိုင်​ရင်တောင် ဆုတောင်း​ပါ​ဆိုပြီး ယေဟောဝါ ဖိတ်ခေါ်​ထား​တယ်။—ရော. ၈:၂၆၊ ၂၇

ကျမ်းစာက​တစ်ဆင့် ယေဟောဝါ ခွန်အား​ပေး (စာပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ ဟီဘရူး ၄:၁၂ မှာ ဖော်ပြ​ထား​တဲ့​အတိုင်း ကျမ်းစာ ဖတ်​ပြီး တွေးတော​ဆင်ခြင်​တာ ဘာကြောင့် အရေးကြီး​သလဲ။

၁၀ ကျမ်းစာ​ကနေ ခွန်အား​ရ။ ပေါလု​လို​ပဲ ကျွန်တော်​တို့​လည်း ကျမ်းစာ​ကနေ အစွမ်း​ခွန်အား​နဲ့ နှစ်သိမ့်မှု ရနိုင်တယ်။ (ရော. ၁၅:၄) ကျမ်းစာ​ဖတ်​ပြီး တွေးတော​ဆင်ခြင်​တဲ့​အခါ ကိုယ့်​အခြေအနေ​နဲ့ သက်ဆိုင်​တဲ့ ကျမ်းစာ အကြံဉာဏ်​တွေ တွေ့​အောင် စွမ်းအားတော်​က​တစ်ဆင့် ယေဟောဝါ ကူညီပေး​နိုင်တယ်။ (ဟီဘရူး ၄:၁၂ ကို​ဖတ်ပါ။) အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ရော်နယ်​က “ည​တိုင်း ကျမ်းစာ​ဖတ်​တဲ့ အလေ့အကျင့် ရှိလို့ ကျေးဇူး​တင်​မိတယ်။ ယေဟောဝါ​ရဲ့ အရည်အသွေးတွေ​အကြောင်း၊ ရှေးခေတ် ကျေးကျွန်​တွေ​နဲ့ ဆက်ဆံပုံ​အကြောင်း တွေးတော​ဆင်ခြင်​တယ်။ ဒါက ခွန်အား​ပြန်​ရဖို့ ကူညီ​ပေးတယ်” လို့ ပြော​တယ်။

၁၁။ ဝမ်းနည်းပူဆွေး​နေတဲ့ ညီအစ်မကို ကျမ်းစာ​က ဘယ်လို ခွန်အား​ပေး​သလဲ။

၁၁ ကျမ်းစာ ဖတ်​ပြီး တွေးတော​ဆင်ခြင်​တာ​က ကိုယ့်​အခြေအနေ​ကို အရှိအတိုင်း မြင်တတ်ဖို့ ကူညီပေး​နိုင်တယ်။ ဝမ်းနည်းပူဆွေး​နေတဲ့ မုဆိုးမတစ်ယောက်ကို ကျမ်းစာ​က ဘယ်လို ကူညီပေး​ကြောင်း သုံးသပ်ကြည့်​ပါ။ ယောဘ​ကျမ်း​ကနေ အထောက်အကူ ရနိုင်တယ်​ဆိုပြီး အကြီးအကဲ​တစ်ယောက် အကြံ​ပေးတယ်။ ယောဘ​ကျမ်း​ကို ဖတ်​တဲ့​အခါ ယောဘဟာ “ပြဿနာ​တွေ​ကို သိပ်​အာရုံစိုက်လွန်း​တယ်” လို့ ထင်​ပြီး အစပိုင်း​မှာ အပြစ်တင်​မိတယ်။ ဒါပေမဲ့ ကိုယ့်​သဘောထား​က ယောဘရဲ့ သဘောထား​နဲ့ အတော်​ တူ​နေမှန်း သိလာတယ်။ ဒါက ကိုယ့်​သဘောထားကို ပြုပြင်​ဖို့ ထောက်ကူ​ပေးတယ်။ ခင်ပွန်း​ သေဆုံး​လို့ ဝမ်းနည်း​ကြေကွဲ​နေတဲ့ ခံစားချက်​တွေ သက်သာ​လာတယ်။

ခရစ်ယာန် ညီအစ်ကို/မတွေက​တစ်ဆင့် ယေဟောဝါ ခွန်အား​ပေး (စာပိုဒ် ၁၂ ကိုကြည့်ပါ)

၁၂။ ညီအစ်ကို/မတွေ​က​တစ်ဆင့် ယေဟောဝါ ဘယ်လို ခွန်အား​ပေး​သလဲ။

၁၂ ညီအစ်ကို/မတွေ​ဆီက ခွန်အား​ရ။ ကျွန်တော်​တို့ကို ယေဟောဝါ ခွန်အား​ပေး​တဲ့ နောက်တစ်နည်း​က​တော့ ယုံကြည်သူချင်းတွေ​က​တစ်ဆင့် ဖြစ်တယ်။ ညီအစ်ကို/မတွေ​နဲ့ “အပြန်အလှန် အားပေး​ခွင့်” ရချင်တယ်​လို့ ပေါလု ရေးတယ်။ (ရော. ၁:၁၁၊ ၁၂) အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ မေရီ ဒီလို​ပြော​တယ်– “ကိုယ့်​ပြဿနာ​အကြောင်း လုံးဝ မသိတဲ့ ညီအစ်ကို/မတွေ​ကို ယေဟောဝါ သုံးလေ့​ရှိတယ်။ သူတို့ရဲ့ အားပေး​စကား​လေး တစ်ခွန်း၊ ကတ်​လေး တစ်ခု​က ကျွန်မ လိုအပ်​နေတာ​နဲ့ ကွက်တိ​ပဲ။ ကိုယ့်​လို ပြဿနာ​တွေ ရင်ဆိုင်ခဲ့​ရတဲ့ ညီအစ်မတွေ​နဲ့ စကားပြော​တဲ့​အခါမှာလည်း သူတို့ အတွေ့အကြုံ​ကနေ အများကြီး သင်ယူ​ရတယ်။ အကြီးအကဲ​တွေ​က​လည်း အသင်းတော်မှာ တန်ဖိုး​ရှိသူ တစ်ယောက်လို ခံစား​ရအောင် အမြဲ ကူညီပေး​ကြတယ်။”

၁၃။ အသင်းတော် အစည်းအဝေး​မှာ အချင်းချင်း ဘယ်လို အားပေးနိုင်​သလဲ။

၁၃ အချင်းချင်း အားပေးနိုင်​တဲ့ အကောင်းဆုံး​နေရာ တစ်ခု​က​တော့ အသင်းတော် အစည်းအဝေးတွေ​ပါ​ပဲ။ အစည်းအဝေး တက်​တဲ့​အခါ မေတ္တာပါ​တဲ့ စကား၊ ကျေးဇူး​တင်​လေးမြတ်​တဲ့ စကား​တွေ​အားဖြင့် တခြား​သူတွေကို အားပေးဖို့ အစပြု လုပ်ဆောင်ပါ။ ဥပမာ၊ အစည်းအဝေးတစ်ခု မစခင် အကြီးအကဲ ညီအစ်ကို ပီတာ​က မယုံကြည်​သူ ခင်ပွန်း​ရှိတဲ့ ညီအစ်မကို “အစည်းအဝေး​မှာ ညီအစ်မကို တွေ့ရတာ သိပ်​အားရှိ​တာ​ပဲ။ ကလေး ခြောက်​ယောက်​ကိုလည်း မှတ်ချက်​ပေးဖို့ အမြဲ ပြင်ပေး​ထား​တယ်” လို့ ပြော​တယ်။ အဲဒီအခါ ညီအစ်မက ကျေးဇူး​တင်​လွန်းလို့ မျက်ရည်ဝဲ​လာပြီး “ဒီလို စကား​မျိုး​ ကြား​ဖို့ ဒီနေ့ သိပ်​လိုအပ်​နေတာ” လို့ ပြန်ပြော​တယ်။

အမှုဆောင်​လုပ်ငန်း​က​တစ်ဆင့် ယေဟောဝါ ခွန်အား​ပေး (စာပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ အမှုဆောင်​လုပ်ငန်းမှာ ပါဝင်​တာ​က ကျွန်တော်​တို့ကို ဘယ်လို အကျိုးပြု​သလဲ။

၁၄ အမှုဆောင်​လုပ်ငန်း​ကနေ ခွန်အား​ရ။ တခြား​သူတွေကို ကျမ်းစာ အမှန်တရား​အကြောင်း ပြောပြ​တဲ့​အခါ သူတို့ နားထောင်​သည်​ဖြစ်စေ၊ နားမထောင်​သည်​ဖြစ်စေ ကိုယ်တိုင် လန်းဆန်း​အားတက်​ရတယ်။ (ပညာ. ၁၁:၂၅) အမှုဆောင်​လုပ်ငန်း​က ဘယ်လောက် အားပေးမှု ဖြစ်စေ​နိုင်​ကြောင်း ညီအစ်မ စ​တေ​စီ ကိုယ်တွေ့ ကြုံ​ခဲ့တယ်။ မိသားစုဝင်​တစ်ယောက် နှင်ထုတ်​ခံရတဲ့​အခါ စိတ်ဓာတ်ကျ​ပြီး ဘာမှ မကူညီ​ပေး​နိုင်​လို့ တစ်ချိန်​လုံး စိတ်မကောင်း ဖြစ်​ခဲ့တယ်။ ခေါင်း​ထဲ​က ထုတ်​မရနိုင်​အောင် ဖြစ်​ခဲ့တယ်။ ဘယ်လို ရင်ဆိုင်​ဖြေရှင်း​ခဲ့​သလဲ။ အမှုဆောင်​လုပ်ငန်း​အားဖြင့်​ပါ​ပဲ။ ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​တဲ့​အခါ ကိုယ့်​အကူအညီ လိုအပ်​နေသူတွေကို ပို​အာရုံစိုက်မိ​လာတယ်။ “ဒီ​အချိန်အတွင်း တိုးတက်မှု မြန်ဆန်​တဲ့ ကျမ်းစာ​သင်သား တစ်ယောက် ရဖို့ ယေဟောဝါ ကူညီ​ပေးတယ်။ ဒါက ကျွန်မကို သိပ်​အားပေးမှု ဖြစ်​စေတယ်။ အမှုဆောင်​လုပ်ငန်းမှာ ပါဝင်​တာ​က စိတ်​တည်ငြိမ်​ဖို့ အထောက်အကူ အပြု​ဆုံး အရာ​ပါ​ပဲ” လို့ စ​တေ​စီ ပြော​တယ်။

၁၅။ မေရီ​ရဲ့ စကား​ကနေ ဘာ​သိရသလဲ။

၁၅ တချို့​လည်း ကိုယ့်​အခြေအနေ​ကြောင့် အမှုဆောင်​လုပ်ငန်းမှာ သိပ်​မပါဝင်​နိုင်ဘူး​လို့ ခံစား​ရနိုင်တယ်။ အဲဒီလို ခံစား​နေ​ရတယ်​ဆိုရင် သင် အတတ်နိုင်ဆုံး ကြိုးစား​လုပ်ဆောင်တာ​ကို ယေဟောဝါ နှစ်သက်​ကြောင်း သတိရပါ။ မေရီ​အကြောင်း ပြန်​စဉ်းစား​ကြည့်​ပါ။ ဘာသာ​ခြား​ စကားပြော အသင်းတော်ကို ပြောင်း​သွားတဲ့အခါ ဘာမှ သိပ်​မလုပ်နိုင်ဘူး​လို့ ခံစား​ခဲ့​ရတယ်။ “အချိန်​အတော်ကြာ​တဲ့​အထိ မှတ်ချက်တို​လေး ပေး​ရုံ၊ ကျမ်းချက်​လေး ဖတ်​ရုံ၊ အမှုဆောင်မှာ ဝေစာ​လေး ကမ်း​ရုံ​လောက်​ပဲ လုပ်နိုင်​ခဲ့တယ်” လို့ ပြော​တယ်။ ဘာသာ​စကား ကျွမ်းကျင်​သူတွေနဲ့ ယှဉ်​ပြီး ကိုယ့်ကိုယ်ကိုယ် အရည်အချင်း မပြည့်မီ​ဘူးလို့ ခံစား​ခဲ့​ရတယ်။ ဒါပေမဲ့ ကိုယ့်​အမြင်ကို ပြောင်း​ခဲ့တယ်။ ကိုယ့်​မှာ အရည်အချင်း အကန့်အသတ်​ပဲ ရှိပေမဲ့ ယေဟောဝါ အသုံးပြုနိုင်တယ်​ဆို​တာ သဘောပေါက်​လာတယ်။ “အသက်ကယ် အမှန်တရားက သိပ်​ရိုးရှင်း​တယ်။ လူတွေရဲ့ ဘဝကို ပြုပြင်​ပြောင်းလဲ​ပေး​နိုင်တယ်” လို့ မေရီ ပြော​တယ်။

၁၆။ အိမ်ထဲ​က အိမ်ပြင် မထွက်​နိုင်​သူတွေ ဘယ်လို ခွန်အား​ရနိုင်သလဲ။

၁၆ အိမ်ထဲ​က အိမ်ပြင် မထွက်​နိုင်​ရင်တောင် အမှုဆောင်​လုပ်ငန်းမှာ ကျွန်တော်​တို့ ပါဝင်​ချင်စိတ် ရှိတာကို ယေဟောဝါ မြင်ပြီး တန်ဖိုး​ထား​တယ်။ ပြုစု​စောင့်ရှောက်​ပေး​သူတွေ၊ ကျန်းမာ​ရေး​ ဝန်ထမ်းတွေကို သက်သေခံဖို့ အခွင့်အလမ်း ဖွင့်ပေး​နိုင်တယ်။ အရင်က လုပ်ခဲ့တာနဲ့ လောလောဆယ် လုပ်နိုင်တာ​ကို နှိုင်းယှဉ်​မယ်​ဆိုရင်တော့ စိတ်ဓာတ်ကျ​လာနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ အခု ဘယ်လို ကူညီ​နေတယ်​ဆိုတာ အသိအမှတ် ပြု​မယ်​ဆိုရင် ဘယ်​အခက်အခဲ​ကို​မဆို ဝမ်းမြောက်​စွာ ခံရပ်​နိုင်​ဖို့ ခွန်အား​ရပါလိမ့်မယ်။

၁၇။ ဒေသနာ ၁၁:၆ အရ ရလဒ်ကောင်းတွေ ချက်ချင်း မရ​ရင်တောင် အမှုဆောင်​လုပ်ငန်းမှာ ဘာကြောင့် ဆက်​ပါဝင်​သင့်သလဲ။

၁၇ ကျွန်တော်​တို့ ကြဲ​လိုက်တဲ့ ဘယ်​အမှန်တရား မျိုးစေ့ အမြစ်စွဲ​ပြီး အပင်ပေါက်​လာမယ်​ဆိုတာ ကျွန်တော်​တို့ မသိ​ဘူး။ (ဒေသနာ ၁၁:၆ ကို​ဖတ်ပါ။) ဥပမာ၊ အသက် ၈၀ ကျော်​အရွယ် ညီအစ်မ ဘာ​ဘ​ရာ​ဟာ တယ်လီဖုန်း​နဲ့ သက်သေခံ​တယ်။ စာရေး​ပြီး သက်သေခံ​တယ်။ သူ့ရဲ့ စာ​တစ်စောင်​မှာ ၂၀၁၄၊ မတ် ၁ ရက်ထုတ် ကင်းမျှော်စင် သင့်အတွက် ဘုရားသခင် ပြုလုပ်​ပေး​ထား​ရာ​များ” ဆောင်းပါး​ကို ထည့်​ပေး​လိုက်တယ်။ အဲဒီ​စာ​က ယေဟောဝါသက်သေ မဟုတ်​တော့​တဲ့ မောင်နှံ​တစ်စုံ​ဆီ ရောက်သွား​မှန်း ညီအစ်မ မသိလိုက်ဘူး။ အဲဒီ​မောင်နှံဟာ အသင်းတော်​နဲ့ မပူးပေါင်း​တော့​တာ ၂၇ နှစ်​ကျော် ရှိပြီ။ မဂ္ဂဇင်း​ကို သူတို့ အကြိမ်ကြိမ် ဖတ်​ကြတယ်။ သူတို့ကို ယေဟောဝါ တိုက်ရိုက် စကားပြော​နေတယ်လို့ ခံစား​ရတယ်​ဆိုပြီး ခင်ပွန်း​ဖြစ်သူ ပြော​တယ်။ အစည်းအဝေးတွေ စတက်​လာတယ်။ နောက်ဆုံး​မှာ အသင်းတော်​နဲ့ ပြန်​ပူးပေါင်း​လာကြတယ်။ စာ​လေး တစ်စောင်​ကြောင့် အဲဒီလို ရလဒ်ကောင်းတွေ ရတာကို မြင်ရ​တဲ့​အခါ ညီအစ်မ ဘာ​ဘ​ရာ ဘယ်လောက် အားရှိသွား​မလဲ​ဆိုတာ စဉ်းစား​ကြည့်​ပါ။

(၁) ဆုတောင်းခြင်း၊ (၂) ကျမ်းစာ၊ (၃) ခရစ်ယာန် ညီအစ်ကို/မ၊ (၄) အမှုဆောင်​လုပ်ငန်း​က​တစ်ဆင့် ယေဟောဝါ ခွန်အား​ပေး (စာပိုဒ် ၉-၁၀၊ ၁၂၊ ၁၄ ကိုကြည့်ပါ)

၁၈။ ဘုရား​ရဲ့ အစွမ်း​ခွန်အား​ကနေ အကျိုး​ရဖို့ ဘာလုပ်ရမလဲ။

၁၈ ယေဟောဝါ​က နည်းလမ်း​မျိုးစုံ သုံးပြီး ကျွန်တော်​တို့ကို ခွန်အား ပေး​နေတယ်။ ဆုတောင်းခြင်း၊ ကျမ်းစာ၊ ခရစ်ယာန် ညီအစ်ကို/မ၊ အမှုဆောင်​လုပ်ငန်း စတဲ့ ယေဟောဝါ ပြင်ဆင်​ပေး​ထား​တာ​တွေ​ကနေ အကျိုး​အပြည့်အဝ ရယူ​မယ်​ဆိုရင် ယေဟောဝါ​ရဲ့ ကူညီ​နိုင်စွမ်း​နဲ့ ကူညီပေး​ချင်စိတ်​ကို ယုံကြည်​ကိုးစား​ကြောင်း ဖော်ပြ​ရာရောက်တယ်။ ဒါ​ကြောင့် ကောင်းကင်ဖခင်​ကို အမြဲ ယုံကြည်​ကိုးစား​ကြပါစို့။ ယေဟောဝါ​ဟာ “စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​သူတွေရဲ့ အကျိုးအတွက် အစွမ်း​တန်ခိုး ပြ” ရတာကို နှစ်သက်တဲ့​ဘုရား ဖြစ်တယ်။—၂ ရာ. ၁၆:၉

သီချင်း ၆၁ သက်သေ​များ ရှေ့သို့​ချီ​ပါ

^ အပိုဒ်၊ 5 ခက်ခဲ​တဲ့​အချိန်​မှာ အသက်ရှင်နေ​ရပေမဲ့ ကျွန်တော်တို့ ခံရပ်​နိုင်​ဖို့ ယေဟောဝါ ကူညီပေးနေတယ်။ အခက်အခဲ​တွေ​ကြား ဆက်အမှုဆောင်​နိုင်​ဖို့ တမန်​တော်​ ပေါလု​နဲ့ တိမောသေ​ကို ယေဟောဝါ ဘယ်လို ကူညီပေးခဲ့​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ဒီနေ့​အချိန်​မှာ ကျွန်တော်​တို့ ခံနိုင်ရည်​ ရှိဖို့ ယေဟောဝါ ပြင်ဆင်​ပေး​ထား​ရာ လေးခု​ကိုလည်း ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 2 အမည်​လွှဲ။

^ အပိုဒ်၊ 53 ပုံ​အညွှန်း– ရောမမြို့မှာ အကျယ်ချုပ် ကျနေ​တုန်း အသင်းတော်တွေဆီ ပေါလု စာရေး​တယ်။ လာလည်တဲ့​သူတွေကို သတင်းကောင်း ဟောပြောတယ်။

^ အပိုဒ်၊ 55 ပုံ​အညွှန်း– တိမောသေ အသင်းတော်တွေကို လည်ပတ်​ပြီး ညီအစ်ကို​တွေ​ကို အားပေးတယ်။