မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၀

အမှုဆောင်လုပ်ငန်းမှာ အပြုသဘောထား ဆက်ရှိနေပါ

အမှုဆောင်လုပ်ငန်းမှာ အပြုသဘောထား ဆက်ရှိနေပါ

“မျိုးစေ့ကြဲ​ပါ။ . . . လက်ကို အနား​မပေး​ပါ​နဲ့။”—ဒေ. ၁၁:၆

သီချင်း ၇၀ ထိုက်တန်​သူတို့ကို ရှာဖွေပါ

အကြို​သုံးသပ်ချက် *

ယေရှု ကောင်းကင် တက်​သွားပြီး​နောက် ဂျေရုဆလင်​မြို့​နဲ့ တခြားမြို့တွေမှာ တပည့်​တွေ ဇွဲ​ထက်သန်​စွာ ဟောပြောကြ (စာပိုဒ် ၁ ကိုကြည့်ပါ)

၁။ နောက်လိုက်​တွေ​အတွက် ယေရှု ဘယ်​ပုံသက်သေ ချမှတ်​ခဲ့​သလဲ။ နောက်လိုက်​တွေ ဘယ်လို တုံ့ပြန်​သလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

ယေရှုဟာ မြေကြီးပေါ် အမှုဆောင်ချိန်​တစ်လျှောက် အပြုသဘောထား ဆက်​ရှိနေတယ်။ နောက်လိုက်​တွေ​ကိုလည်း အမှုဆောင်မှာ အပြုသဘောထား ဆက်​ရှိစေချင်တယ်။ (ယော. ၄:၃၅၊ ၃၆) တပည့်​တွေ​ဟာ ယေရှုနဲ့ အတူ​ရှိ​နေချိန်မှာ ဇွဲ​ရှိရှိ ဟောပြော​ကြတယ်။ (လု. ၁၀:၁၊ ၅-၁၁၊ ၁၇) ဒါပေမဲ့ ယေရှု အဖမ်းခံရ၊ အသတ်ခံရ​ပြီး​နောက်​မှာ ဟောပြောချင်​စိတ် ခဏ ပျောက်ဆုံး​သွားတယ်။ (ယော. ၁၆:၃၂) ဒါ​ကြောင့် ဟောပြောခြင်း​လုပ်ငန်း​ကို ပြန်​အာရုံစိုက်​ဖို့ ယေရှု ထမြောက်​ပြီး​နောက် တပည့်​တွေ​ကို အားပေးတယ်။ ယေရှု ကောင်းကင်​တက်ပြီး​နောက် တပည့်​တွေ ထက်ထက်သန်သန် ဟောပြောကြ​လို့ “ဂျေရုဆလင်​တစ်မြို့လုံး​ကို မင်းတို့ရဲ့​ သွန်သင်ချက် ပြည့်နေ​အောင် လုပ်လိုက်​ကြပြီ” လို့ ရန်သူတွေ ပြော​ရတဲ့​အထိ​ပဲ။—တ. ၅:၂၈

၂။ ဟောပြောခြင်း​လုပ်ငန်း​ကို ယေဟောဝါ ဘယ်လို ကောင်းချီး​ပေး​သလဲ။

ပထမ​ရာစု ခရစ်ယာန်​တွေ​ရဲ့ ဟောပြောခြင်း​လုပ်ငန်း​ကို ယေရှု လမ်းညွှန်​ပေးတယ်။ ယေဟောဝါ​လည်း ကောင်းချီး​ပေးတယ်။ ဥပမာ၊ အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​မှာ လူ ၃၀၀၀ လောက် နှစ်ခြင်း​ခံ​တယ်။ (တ. ၂:၄၁) တပည့်​အရေအတွက် များသည်ထက် များ​လာတယ်။ (တ. ၆:၇) ဒါပေမဲ့ နောက်ဆုံး​ကာလ​မှာ ဟောပြောခြင်း​လုပ်ငန်း ပို​အောင်မြင်​မယ်​လို့ ယေရှု ကြိုပြော​ခဲ့တယ်။—ယော. ၁၄:၁၂။ တ. ၁:၈

၃-၄။ ဟောပြောခြင်း​လုပ်ငန်း လုပ်ဆောင်ဖို့ တချို့​အတွက် ဘာကြောင့် ခက်​နိုင်​သလဲ။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ကျွန်တော်​တို့အားလုံး အမှုဆောင်​လုပ်ငန်းမှာ အပြုသဘောထား ဆက်​ရှိဖို့ ကြိုးစား​ကြတယ်။ နိုင်ငံ​တချို့​မှာ​တော့ လွယ်တယ်။ ကျမ်းစာ လေ့လာ​ချင်​သူ များလွန်းလို့ တချို့​ဆို ကိုယ့်​အလှည့် ရောက်​မယ့်​အချိန်ကို စောင့်​ရတဲ့​အထိ​ပဲ။ နိုင်ငံ​တချို့​မှာ​တော့ ပို​ခက်တယ်။ အိမ်တွေမှာ လူ​မရှိတာ များ​တယ်။ ရှိ​ပြန်​ရင်​လည်း ကျမ်းစာ​အကြောင်း စိတ်မဝင်စား​ကြဘူး။

ဟောပြောခြင်း​လုပ်ငန်း လုပ်ဆောင်ဖို့ ခက်​တဲ့ ဒေသမှာ သင် နေထိုင်တယ်​ဆိုရင် ဒီ​ဆောင်းပါး​မှာ ပါ​တဲ့ အကြံပြုချက်တွေက ကူညီပေး​နိုင်​ပါ​တယ်။ အမှုဆောင်​လုပ်ငန်းမှာ လူများ​နိုင်​သမျှ များများ​နဲ့ တွေ့​ဖို့ တချို့ ဘာတွေ လုပ်ဆောင်ခဲ့ကြောင်း၊ လူတွေ နားထောင်​သည်​ဖြစ်စေ၊ နားမထောင်​သည်​ဖြစ်စေ အပြုသဘောထား ဘယ်လို ဆက်​ရှိ​နိုင်​ကြောင်း ဒီဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

လူတွေနဲ့ တွေ့​ဖို့ ခက်​ရင်တောင် အပြုသဘောထား ဆက်​ရှိ​နေပါ

၅။ သက်သေခံ​များစွာ ဘယ်​အခက်အခဲ​တွေ ကြုံနေ​ရသလဲ။

သက်သေခံ​များစွာ​အတွက် အိမ်တွေမှာ လူတွေ့​ဖို့ ပို​ခက်​လာတယ်။ တချို့က လုံခြုံရေး တင်းကျပ်​တဲ့ အဆောက်အအုံ​တွေ ရှိတဲ့ ဒေသမှာ နေထိုင်​ကြတယ်။ လုံခြုံရေး ဝန်ထမ်း​တွေ​က အိမ်ရှင်​တစ်ယောက်ယောက် ဖိတ်ခေါ်​ထား​တာ မရှိရင် ဝင်ခွင့်​မပြု​တာ​မျိုး ဖြစ်​နိုင်တယ်။ သက်သေခံ​တချို့က​တော့ တစ်အိမ်​တက်​ဆင်း လွတ်လွတ်လပ်လပ် သွား​နိုင်​ပေမဲ့ အိမ်တွေမှာ လူ​သိပ်​မ​တွေ့​တော့​ဘူး။ တချို့​ကျ​တော့ လူနေ​ကျဲ​တဲ့၊ ဝေးလံတဲ့ ကျေးလက်​ဒေသ​တွေ​မှာ ဟောပြောကြ​ရတယ်။ လူ​ရှိမရှိ မသေချာ​တဲ့ အိမ်​လေး​တစ်အိမ် ရောက်​ဖို့ အဝေးကြီး သွား​ရနိုင်တယ်။ အဲဒီလို အခက်အခဲ​တွေ ကြုံနေ​ရတယ်​ဆိုရင် လက်မလျှော့​ပါ​နဲ့။ အဲဒီ​အခက်အခဲတွေကို ကျော်လွှား​ဖို့၊ အမှုဆောင်မှာ ပို​ထိရောက်​ဖို့ ဘာတွေ လုပ်နိုင်သလဲ။

၆။ သတင်းကောင်း ဟောပြော​သူတွေဟာ ဘယ်​နည်းနဲ့ တံငါသည်​တွေ​နဲ့ တူ​သလဲ။

ယေရှု​က ဟောပြောခြင်း​လုပ်ငန်း​ကို တံငါ​လုပ်ငန်း​နဲ့ နှိုင်းယှဉ်ခဲ့​တယ်။ (မာ. ၁:၁၇) တံငါသည်​တချို့ဟာ ငါး​တစ်ကောင်​မှ မရတဲ့ နေ့​တွေ ရှိ​နိုင်တယ်။ ဒါပေမဲ့ စိတ်ဓာတ်​မကျ​ဘူး။ ငါးဖမ်း​တဲ့ အချိန်၊ နေရာ၊ ငါးဖမ်း​နည်းကို ပြောင်းလဲ​ကြတယ်။ ကျွန်တော်​တို့​လည်း အမှုဆောင်​လုပ်ငန်းမှာ အလားတူ ပြောင်းလဲမှု​တွေ လုပ်​နိုင်တယ်။ အကြံပြုချက်​တချို့ သုံးသပ်ကြည့်​ပါ။

အိမ်မှာ လူ​သိပ်​မရှိတဲ့ ဒေသမှာ ဟောပြောတဲ့​အခါ သူတို့နဲ့ တွေ့​နိုင်​ဖို့ အချိန်၊ နေရာ၊ ဟောပြော​နည်း​တွေ ပြောင်း​ကြည့်​ပါ (စာပိုဒ် ၇-၁၀ ကိုကြည့်ပါ) *

၇။ အချိန်​ပြောင်း​ပြီး ဟောပြော​ကြည့်​ရင် ဘာ​ရလဒ်​တွေ ရနိုင်သလဲ။

လူတွေကို တွေ့​ဖို့ အချိန် ပြောင်း​ကြည့်​ပါ။ အိမ်မှာ လူ​ရှိ​မယ့်​အချိန် သွား​မှ လူတွေနဲ့ တွေ့​နိုင်​မယ်။ တစ်ချိန်ချိန်​မှာ​တော့ လူတိုင်း အိမ်ပြန်လာ​ကြ​ရတာပဲ။ ညီအစ်ကို/မ​များ​စွာ​ဟာ လူ​ပို​တွေ့​နိုင်​မယ့် မွန်းလွဲပိုင်း၊ ညနေပိုင်း​တွေ​မှာ ဟောပြောတာ ပို​လက်တွေ့ကျ​ကြောင်း တွေ့ရှိခဲ့​ကြတယ်။ အဲဒီလို​အချိန်တွေမှာ အိမ်ရှင်​တွေ ပို​အေးအေးဆေးဆေး ဖြစ်နေ​ပြီး လိုလိုလားလား စကားပြော​ကြတယ်။ အကြီးအကဲ ညီအစ်ကို ဒေးဗစ်​ရဲ့ အကြံပြုချက်ကိုလည်း စမ်း​ကြည့်​နိုင်တယ်။ သူနဲ့ သူ့​တွဲဖက်​က ရပ်ကွက်​တစ်ခု​မှာ ဟော​ပြီး​နောက် လူ​မရှိတဲ့​ အိမ်တွေကို ပြန်သွား​ကြတယ်။ “ဒုတိယ​အကြိမ် ပြန်သွားတဲ့အခါ အိမ်​အတော်များများမှာ အိမ်ရှင်​တွေ​နဲ့ တွေ့ရလို့ အံ့ဩ​မိတယ်” လို့ ဒေးဗစ် ပြော​တယ်။ *

အိမ်မှာ လူ​သိပ်​မရှိတဲ့ ဒေသမှာ ဟောပြောတဲ့​အခါ သူတို့နဲ့ တွေ့​နိုင်​ဖို့ အချိန် ပြောင်း​ကြည့်​ပါ (စာပိုဒ် ၇-၈ ကိုကြည့်ပါ)

၈။ ဒေသနာ ၁၁:၆ ကို အမှုဆောင်​လုပ်ငန်းမှာ ဘယ်လို ကျင့်သုံး​နိုင်​သလဲ။

ကျွန်တော်​တို့ လက်မလျှော့​သင့်​ဘူး။ ဒီ​ဆောင်းပါး​ရဲ့ အဓိက​ကျမ်းချက်​က ကျွန်တော်​တို့​မှာ ရှိ​သင့်တဲ့ သဘောထားကို အမှတ်​ရစေတယ်။ (ဒေသနာ ၁၁:၆ ကို​ဖတ်ပါ။) အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ဒေးဗစ် လက်မလျှော့​ခဲ့​ဘူး။ အိမ်​တစ်အိမ်​ကို အကြိမ်ကြိမ် သွားပြီး​နောက်​မှ အိမ်ရှင်​နဲ့ တွေ့​တယ်။ အိမ်ရှင်​က ကျမ်းစာ​အကြောင်း စိတ်ဝင်စား​ပြီး “ဒီမှာ နေ​လာတာ ရှစ်နှစ်​လောက် ရှိပြီ။ ယေဟောဝါသက်သေ​တွေ အိမ်ကို ရောက်လာ​တာ တစ်ခါ​မှ မကြုံဖူး​ဘူး” လို့ ပြော​တယ်။ “အိမ်မှာ တွေ့ရ​တဲ့ လူတွေက သတင်းကောင်းကို ပို​နားထောင်​လေ့​ရှိတယ် ဆိုတာ သိလာတယ်” လို့ ဒေးဗစ် ပြော​တယ်။

အိမ်မှာ လူ​သိပ်​မရှိတဲ့ ဒေသမှာ ဟောပြောတဲ့​အခါ သူတို့နဲ့ တွေ့​နိုင်​ဖို့ နေရာ ပြောင်း​ကြည့်​ပါ (စာပိုဒ် ၉ ကိုကြည့်ပါ)

၉။ အိမ်မှာ တွေ့​ဖို့ ခက်​တဲ့​သူတွေနဲ့ ဆုံ​ဖို့ သက်သေခံ​တချို့ ဘာလုပ်​ကြသလဲ။

နေရာ ပြောင်း​ကြည့်​ပါ။ ကြေညာသူ​တချို့ဟာ အိမ်တွေမှာ လူတွေ့​ဖို့ ခက်​လာလို့ ဟောပြောတဲ့ နေရာကို ပြောင်း​ခဲ့​ကြတယ်။ ဥပမာ၊ တစ်အိမ်​တက်​ဆင်း သွား​လို့ မရတဲ့ အဆောက်အအုံ​ကြီး​တွေ​မှာ နေထိုင်​သူတွေကို တွေ့​ဖို့ လမ်းပေါ် သက်သေခံ​တာ၊ အများ​ရှေ့ သက်သေခံ​တာ​တွေ​ဟာ ထိရောက်တဲ့ နည်း​တွေ ဖြစ်တယ်။ ဘယ်လိုနည်းနဲ့​မှ မ​တွေ့​နိုင်​သူတွေကို မျက်နှာ​ချင်း​ဆိုင် စကားပြော​ခွင့် ရစေတယ်။ ပန်းခြံ၊ ဈေး၊ စီးပွားရေး​ ရပ်ကွက်တွေမှာ​လည်း လူတွေဟာ စကားစမြည် ပြော​ဖို့၊ စာပေ လက်ခံဖို့ ပို​လိုလိုလားလား ရှိကြောင်း ကြေညာသူ​များစွာ တွေ့ရှိ​ကြတယ်။ ဘိုလီးဗီးယား​နိုင်ငံ​က တိုက်နယ်​ကြီးကြပ်မှူး ဖ​လို​ရန်​က “ဈေး​နဲ့ စီးပွားရေး​ ရပ်ကွက်​တွေ​ကို အရောင်းအဝယ် ပါး​တဲ့ မွန်းလွဲ ၁ နာရီ​ကနေ ၃ နာရီ​ကြား​မှာ သွားတယ်။ လူတွေနဲ့ စကား ကောင်းကောင်း ပြော​ခွင့်​ရပြီး ကျမ်းစာ​သင်အံမှု​တွေ​တောင် စ​နိုင်တယ်” လို့ ပြော​တယ်။

အိမ်မှာ လူ​သိပ်​မရှိတဲ့ ဒေသမှာ ဟောပြောတဲ့​အခါ သူတို့နဲ့ တွေ့​နိုင်​ဖို့ ဟောပြော​နည်း ပြောင်း​ကြည့်​ပါ (စာပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ လူတွေ​ဆီ ရောက်​နိုင်​ဖို့ ဘယ်နည်း​တွေ သုံးနိုင်​သလဲ။

၁၀ ချဉ်းကပ်​နည်း ပြောင်း​ကြည့်​ပါ။ တစ်ယောက်ယောက်​ကို ဆက်သွယ်​ဖို့ အကြိမ်ကြိမ် ကြိုးစား​ပြီးပြီ ဆိုပါစို့။ အချိန်​ပြောင်း​ပြီး သွား​ကြည့်​တယ်။ ဒါပေမဲ့ အိမ်မှာ မ​တွေ့​ဘူး။ တခြား​နည်း​တွေ ရှိ​ဦး​မလား။ ကက်တရီနာ ဒီလို​ပြော​တယ်– “အိမ်တွေမှာ တစ်ခါ​မှ မ​တွေ့​တဲ့​သူတွေဆီ စာရေး​တယ်။ ပြောပြ​ချင်​တဲ့​အကြောင်း​တွေ ထည့်​ရေးတယ်။” ဘာ​သိရသလဲ။ အမှုဆောင်​လုပ်ငန်းမှာ လူတိုင်း​ဆီ ရောက်​နိုင်​ဖို့ တစ်နည်း​မဟုတ် တစ်​နည်းကို စမ်း​ကြည့်​ပါ။

လူတွေ စိတ်မဝင်စား​တဲ့​အခါ အပြုသဘောထား ဆက်​ရှိ​နေပါ

၁၁။ သတင်းတရားကို လူတချို့ ဘာကြောင့် စိတ်မဝင်စား​ကြသလဲ။

၁၁ လူ​တချို့က သတင်းတရားကို စိတ်မဝင်စား​ကြဘူး။ သူတို့​အတွက် ဘုရား ဒါမှ​မဟုတ် ကျမ်းစာ လိုအပ်​တယ်လို့ မခံစားရဘူး။ ကမ္ဘာ​ပေါ်မှာ ဖြစ်​နေတဲ့ ဆင်းရဲ​ဒုက္ခတွေကို မြင်ရလို့ ဘုရား​ကို မယုံကြ​တော့​ဘူး။ ကျမ်းစာ စံနှုန်း​တွေ​အတိုင်း နေထိုင်တယ်​လို့ ပြော​တဲ့ ဘာသာရေး ခေါင်းဆောင်​တွေ​ရဲ့ အယောင်ဆောင်​မှု​တွေ တွေ့​ရလို့ ကျမ်းစာ​ကို မယုံကြ​တော့​ဘူး။ တချို့​ကျ​တော့​လည်း အလုပ်၊ မိသားစု၊ ကိုယ်ရေးကိုယ်တာ ပြဿနာ​တွေ​နဲ့​ပဲ လုံးပန်း​နေပြီး ကျမ်းစာ​က သူတို့​ဘဝကို တိုးတက်စေ​နိုင်တယ်​လို့ မထင်ကြ​ဘူး။ အဲ​ဒီ​လို​လူတွေနဲ့ တွေ့​တဲ့​အခါ အမှုဆောင်​လုပ်ငန်းမှာ ရွှင်လန်းမှု ဘယ်လို ဆက်​ထိန်းထား​နိုင်​မလဲ။

၁၂။ ဖိလိပ္ပိ ၂:၄ မှာပါတဲ့ စကား​တွေ​ကို ကျင့်သုံး​ခြင်း​က အမှုဆောင်​လုပ်ငန်းမှာ ဘယ်လို ကူညီပေး​နိုင်​သလဲ။

၁၂ စိတ်ဝင်စားမှု ပြ​ပါ။ အစပိုင်း​မှာ သတင်းကောင်းကို စိတ်မဝင်စား​ပေမဲ့ ကြေညာသူ​တွေ​ရဲ့ စိတ်ရင်းမှန်​နဲ့ စိတ်ဝင်စားမှု​ကြောင့် နောက်ပိုင်း လက်ခံ​တုံ့ပြန်​လာ​သူများစွာ ရှိတယ်။ (ဖိလိပ္ပိ ၂:၄ ကို​ဖတ်ပါ။) ဥပမာ၊ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ဒေးဗစ် ဒီလို​ပြော​တယ်– “စိတ်မဝင်စား​ဘူးလို့ တစ်ယောက်ယောက် ပြော​တဲ့​အခါ ကျမ်းစာ ဒါမှ​မဟုတ် ကျမ်းစာ​စာပေ​ကို အသာလေး ဘေးဖယ်​ထား​လိုက်ပြီး ‘ဘာကြောင့် စိတ်မဝင်စား​တာလဲ​ဆိုတာ သိခွင့် ရှိ​မလား’ လို့ ကျွန်တော် မေးလေ့​ရှိတယ်” ဆိုပြီး ပြော​တယ်။ လူတွေက သူတို့ကို စိတ်ဝင်စား​မှန်း ခံစား​သိရှိ​နိုင်​ကြတယ်။ ကိုယ်​ပြောလိုက်​တဲ့​ စကား​ကို အတိအကျ မှတ်မိ​ချင်​မှ မှတ်မိမယ်။ ဒါပေမဲ့ ကိုယ်​ ဘယ်လို စိတ်ဝင်စားမှု ပြ​လိုက်တယ် ဆိုတာ​ကို​တော့ အမြဲ အမှတ်ရနေ​တတ်တယ်။ ဒါ​ကြောင့် ကျွန်တော်​တို့ စကားပြော​ခွင့် မရ​လိုက်ရင်​တောင် ကိုယ့်ရဲ့ သဘောထား​နဲ့ မျက်နှာ အမူအရာ​အားဖြင့် သူတို့ကို စိတ်ဝင်စား​ကြောင်း ပြ​နိုင်တယ်။

၁၃။ အိမ်ရှင်​တစ်ယောက်စီ​ရဲ့ လိုအပ်ရာ​နဲ့​အညီ သတင်းတရားကို ဘယ်လို အလိုက်သင့်​ ပြောင်းလဲ​နိုင်​သလဲ။

၁၃ အိမ်ရှင်​တွေ​ရဲ့ လိုအပ်ရာ၊ စိတ်ဝင်စား​ရာ​နဲ့​အညီ သတင်းတရားကို အလိုက်သင့်​ ပြောင်းလဲခြင်း​အားဖြင့်လည်း စိတ်ဝင်စားမှု ပြ​နိုင်တယ်။ ဥပမာ၊ အိမ်မှာ ကလေးငယ်​တွေ ရှိသလား။ မိဘတွေဟာ သားသမီး ပြုစု​ပျိုးထောင်​ပုံ၊ ပျော်ရွှင်​တဲ့ မိသားစု​ဘဝ ရနိုင်ပုံ​နဲ့​ပတ်သက်​တဲ့ လက်တွေ့ကျ ကျမ်းစာ အကြံပြုချက်တွေကို စိတ်ဝင်စား​နိုင်တယ်။ အိမ်မှာ သော့​တွေ အများကြီး ခတ်​ထား​သလား။ ကမ္ဘာ​မှာ ဖြစ်​နေတဲ့ ရာဇဝတ်မှု​တွေ​အကြောင်း ပြော​နိုင်တယ်။ ရာဇဝတ်မှု​တွေ အဆုံးတိုင်တော့မယ့်​အကြောင်း သိရလို့ အိမ်ရှင် ကျေးဇူး​တင်​လေးမြတ်ပါ​လိမ့်မယ်။ ဘာပဲ​ဖြစ်ဖြစ် ကျမ်းစာ အကြံဉာဏ်​တွေ​က ဘဝကို တိုးတက်​ကောင်းမွန်​စေနိုင်​ကြောင်း သိလာအောင် တခြား​သူတွေကို ကူညီပေး​ပါ။ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ကက်တရီနာက “အမှန်တရား​ကြောင့် ကိုယ့်​ဘဝ ဘယ်လို တိုးတက်​ကောင်းမွန်​လာတယ် ဆိုတာ အမြဲ စဉ်းစား​တယ်” လို့ ပြော​တယ်။ အဲဒါက ဟောပြောတဲ့​အခါ ယုံကြည်​စိတ်ချမှု ပို​ရှိစေတယ်။

၁၄။ ပညာအလိမ္မာ ၂၇:၁၇ အရ အမှုဆောင်မှာ တွဲဖက်​အချင်းချင်း ဘယ်လို ကူညီပေး​နိုင်​သလဲ။

၁၄ တခြား​သူတွေဆီ​က အကူအညီ ရယူပါ။ ပထမ​ရာစု​မှာ ပေါလု​ဟာ မိမိရဲ့ ဟောပြော​သွန်သင်နည်း​တွေ တိမောသေ​ကို ပြောပြ​တယ်။ တခြား​သူတွေကိုလည်း အဲဒီ​နည်း​တွေ ဝေမျှ​ဖို့ အားပေးတယ်။ (၁ ကော. ၄:၁၇) တိမောသေ​လို​ပဲ ကျွန်တော်​တို့​လည်း အသင်းတော်မှာ ရှိတဲ့ အတွေ့အကြုံ ရှိသူတွေ​ဆီကနေ အကျိုး​ရနိုင်ပါတယ်။ (ပညာအလိမ္မာ ၂၇:၁၇ ကို​ဖတ်ပါ။) ညီအစ်ကို ရှောန်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ကိုယ့်​ဘာသာ​တရား​နဲ့​ကိုယ် ကျေနပ်​နေ​သူတွေ နေထိုင်တဲ့ ကျေးလက်​ဒေသမှာ အချိန်​အတော်ကြာ ရှေ့ဆောင်​လုပ်ခဲ့တယ်။ ပျော်ရွှင်မှု​ကို ဘယ်လို ဆက်​ထိန်း​သလဲ။ “ဖြစ်​နိုင်​တဲ့​အခါတိုင်း တွဲဖက်​တစ်ယောက်​နဲ့​အတူ အမှုဆောင်တယ်။ သွန်သင်ခြင်း စွမ်းရည် တိုးတက်​စေနိုင်​မယ့် နည်းတွေကို တစ်အိမ်နဲ့ တစ်အိမ် အကူး​မှာ အချင်းချင်း ဝေမျှ​ကြတယ်။ ဥပမာ၊ အိမ်ရှင် ဘာ​ပြော​လိုက်တယ်၊ ကိုယ်​ ဘယ်လို တုံ့ပြန်​လိုက်တယ်​ဆိုတဲ့ အကြောင်း​တွေ ပြော​ပြီး နောက်​တစ်ခါ အဲဒီလို ထပ်​ကြုံ​ရင် ဘယ်လို ပြန်​ပြော​မလဲ​ဆိုတာ ဆွေးနွေး​ကြတယ်” လို့ ရှောန် ပြော​တယ်။

၁၅။ အမှုဆောင်​လုပ်ငန်းမှာ ပါဝင်​တဲ့​အခါ ဆုတောင်း​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၅ အကူအညီ ရဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ အမှုဆောင်​လုပ်ငန်းမှာ ပါဝင်​တဲ့​အခါတိုင်း ယေဟောဝါ​ရဲ့ လမ်းညွှန်မှု ရဖို့ ဆုတောင်း​ပါ။ သန့်ရှင်းသော စွမ်းအားတော် အကူအညီ​သာ မပါရင် ကျွန်တော်​တို့ ဘာမှ ပြီးမြောက်​နိုင်​မှာ မဟုတ်ဘူး။ (ဆာ. ၁၂၇:၁။ လု. ၁၁:၁၃) ယေဟောဝါ​ဆီ ဆုတောင်း​တဲ့​အခါ တိတိကျကျ တောင်း​ပါ။ ဥပမာ၊ တလိုတလား ရှိသူ၊ နားထောင်​လို​သူနဲ့ တွေ့​နိုင်အောင် ကူညီ​ပေးဖို့ ဆုတောင်း​ပါ။ ပြီး​နောက် ဆုံတွေ့​သမျှ လူတိုင်းကို ဟောပြောခြင်း​အားဖြင့် ဆုတောင်း​တဲ့​အတိုင်း လုပ်ဆောင်ပါ။

၁၆။ အမှုဆောင်​လုပ်ငန်းမှာ ထိရောက်​နိုင်​ဖို့​ဆိုရင် ကိုယ်ပိုင်​လေ့လာမှု လုပ်ဖို့ ဘာကြောင့် လိုအပ်​သလဲ။

၁၆ ကိုယ်ပိုင်​လေ့လာမှု​အတွက် အချိန်ဖယ်​ထား​ပါ။ ‘ဘုရားသခင်ရဲ့ ကောင်းမြတ်​တဲ့၊ လက်ခံဖွယ်​ ဖြစ်​တဲ့၊ ပြီးပြည့်စုံ​လင်​တဲ့ အလိုတော်ကို ကောင်းကောင်း သိပါ’ လို့ ကျမ်းစာ ပြော​တယ်။ (ရော. ၁၂:၂) ဘုရား​နဲ့​ပတ်သက်​တဲ့ အမှန်တရား​အကြောင်း ကောင်းကောင်း သိထားမယ်​ဆိုရင် အမှုဆောင်​လုပ်ငန်းမှာ ယုံကြည်​စိတ်ချမှု ပို​ရှိလာမယ်။ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ကက်တရီနာ ဒီလို​ပြော​တယ်– “အခြေခံ ကျမ်းစာ သွန်သင်ချက်​တချို့​နဲ့​ပတ်သက်ပြီး ယုံကြည်ခြင်း ခိုင်မာ​အောင် လုပ်ဖို့ လို​နေတယ်​ဆိုတာ ကျွန်မ သတိထား​မိတယ်။ ဒါ​ကြောင့် ဖန်ဆင်း​ရှင် ရှိတယ်၊ ကျမ်းစာ​ဟာ တကယ်ပဲ ဘုရား​စကား ဖြစ်တယ်၊ ဘုရား​ကို ကိုယ်စား​ပြု​တဲ့ အဖွဲ့အစည်း​တစ်ခု ရှိတယ်ဆိုတဲ့ အထောက်အထား​တွေ​ကို အသေးစိတ် လေ့လာ​ခဲ့တယ်။” ကိုယ်ပိုင်​လေ့လာမှု​ကြောင့် ယုံကြည်ခြင်း ခိုင်မာ​လာပြီး အမှုဆောင်​လုပ်ငန်းမှာ ပို​ပျော်​လာတယ်လို့ ကက်တရီနာ ပြော​တယ်။

အမှုဆောင်​လုပ်ငန်းမှာ ဘာကြောင့် အပြုသဘော ဆက်​ရှိနေဖို့ လိုသလဲ

၁၇။ အမှုဆောင်​လုပ်ငန်းမှာ ယေရှု ဘာကြောင့် အပြုသဘောထား ဆက်​ရှိခဲ့သလဲ။

၁၇ သတင်းတရားကို လူတချို့ နားမထောင်​ပေမဲ့ ယေရှု အပြုသဘောထား ရှိ​ရှိ ဆက်​ဟောခဲ့တယ်။ ဘာကြောင့်လဲ။ လူတွေ အမှန်တရား သိဖို့ ဘယ်လောက် လို​မှန်း ယေရှု သိတယ်။ သတင်းတရားကို လက်ခံ​တုံ့ပြန်​နိုင်​ဖို့ လူများ​နိုင်​သမျှ များများ​ကို အခွင့်အရေး ပေး​ချင်​တယ်။ အစပိုင်း​မှာ နားမထောင်​ပေမဲ့ နောက်ပိုင်း လက်ခံ​လာနိုင်တယ်​ဆိုတာ​လည်း သိတယ်။ ယေရှုရဲ့ မိသားစုမှာပဲ ဘာဖြစ်​ခဲ့တယ်​ဆိုတာ စဉ်းစား​ကြည့်​ပါ။ ယေရှုရဲ့ အမှုဆောင်​လုပ်ငန်း သုံးနှစ်ခွဲ တစ်လျှောက်​လုံး ညီ​တစ်ယောက်မှ တပည့် ဖြစ်​မလာ​ဘူး။ (ယော. ၇:၅) ဒါပေမဲ့ ယေရှု ထမြောက်​ပြီး​နောက်​မှ ခရစ်ယာန် ဖြစ်လာ​ကြတယ်။—တ. ၁:၁၄

၁၈။ ဘာကြောင့် ဆက်​ဟော​နေရ​မလဲ။

၁၈ ကျမ်းစာ​အမှန်တရားကို နောက်ဆုံး​မှာ ဘယ်သူ လက်ခံမယ်​ဆိုတာ ကျွန်တော်​တို့ မသိ​ဘူး။ တချို့က အမှန်တရား လက်ခံဖို့ တခြား​သူတွေ​ထက် ပို​ကြာ​နိုင်တယ်။ သတင်းတရားကို နားမထောင်​သူတွေတောင် ကျွန်တော်​တို့​ရဲ့ အမူအကျင့်ကောင်းနဲ့ အပြုသဘောထား​ကို တွေ့​ပြီး “ဘုရား​ကို ဂုဏ်တင်​ချီးမွမ်း” လာနိုင်တယ်။—၁ ပေ. ၂:၁၂

၁၉။ ၁ ကောရိန္သု ၃:၆၊ ၇ အရ ဘာကို အသိအမှတ်ပြု​ရမလဲ။

၁၉ ကျွန်တော်​တို့​ဟာ စိုက်​ပျိုး​သူ၊ ရေလောင်း​သူ ဖြစ်​ပြီး အပင်​ကို ကြီးထွား​စေ​သူဟာ ဘုရားသခင် ဖြစ်​ကြောင်း အသိအမှတ်ပြု​ရမယ်။ (၁ ကောရိန္သု ၃:၆၊ ၇ ကို​ဖတ်ပါ။) အီသီယိုးပီးယား​မှာ အမှုဆောင်​နေတဲ့ ညီအစ်ကို ဂတ်တဟုန် ဒီလို​ပြော​တယ်– “ကျွန်တော်​နေတဲ့ ဒေသမှာ နှစ်ပေါင်း ၂၀ ကျော်​လောက် သက်သေခံ​ဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတယ်။ အခုတော့ ကြေညာသူ ၁၄ ယောက် ရှိနေပြီ။ ဇနီး​နဲ့ သားသမီး သုံးယောက် အပါအဝင် ၁၃ ယောက်​က နှစ်ခြင်း​ခံ​ပြီးပြီ။ အစည်းအဝေး တက်ရောက်သူ ပျမ်းမျှ ၃၂ ယောက် ရှိတယ်။” စိတ်​ရိုး​ဖြောင့်​သူတွေကို အဖွဲ့အစည်း​ထဲ ယေဟောဝါ ဆွဲဆောင်​မယ့် အချိန်ကို စိတ်ရှည်​စွာ စောင့်​ရင်း ဆက်​ဟောပြောခဲ့​လို့ ဂတ်တဟုန် ဝမ်းသာ​ပျော်ရွှင်​နေတယ်။—ယော. ၆:၄၄

၂၀။ ကျွန်တော်​တို့​ဟာ ကယ်ဆယ်​ရေး လုပ်သားတွေ​နဲ့ ဘယ်လို ဆင်တူ​သလဲ။

၂၀ လူအားလုံး​ရဲ့ အသက်ကို ယေဟောဝါ တန်ဖိုး​ထား​တယ်။ ဒီ​စနစ် အဆုံးမတိုင်ခင် လူမျိုး​အားလုံး​ထဲ​က လူတွေကို စုသိမ်း​ရာ​မှာ သားတော်​နဲ့​အတူ တွဲဖက်​လုပ်ဆောင်ခွင့် ကျွန်တော်​တို့ကို ပေး​ထား​တယ်။ (ဟဂ္ဂဲ ၂:၇) ဟောပြောခြင်း​လုပ်ငန်း​ကို ကယ်ဆယ်​ရေး​လုပ်ငန်း​နဲ့ နှိုင်းယှဉ်​နိုင်တယ်။ ကျွန်တော်​တို့​ဟာ သတ္တုတွင်း​ထဲမှာ ပိတ်မိ​နေသူတွေကို ကယ်ဆယ်​ဖို့ သွားတဲ့​သူတွေနဲ့ တူတယ်။ သတ္တုတွင်း​လုပ်သား နည်းနည်းလောက်​ကိုပဲ အသက်ရှင်​လျက် တွေ့ရ​မှာ ဖြစ်​နိုင်​ပေမဲ့ ကယ်ဆယ်​ရေး လုပ်သား အားလုံးရဲ့ လုပ်ဆောင်မှု​ဟာ သိပ်​တန်ဖိုး​ရှိတယ်။ ဒီနေ့​ခေတ်​မှာ လုပ်ဆောင်​နေတဲ့ အမှုဆောင်​လုပ်ငန်း​လည်း အလားတူ​ပဲ။ စာတန့်​စနစ်​ထဲ​ကနေ လူ​ဘယ်​နှယောက်​ကို ကယ်တင်​နိုင်​မလဲ​ဆိုတာ ကျွန်တော်​တို့ မသိ​ဘူး။ ဒါပေမဲ့ သူတို့ကို ကူညီ​ဖို့ ကျွန်တော်​တို့​ထဲ​က ဘယ်သူ့ကိုမဆို ယေဟောဝါ သုံး​နိုင်တယ်။ ဘိုလီးဗီးယားမှာ နေတဲ့ အန်ဒရီအာက “လူတစ်ယောက် အမှန်တရား သိလာပြီး နှစ်ခြင်း​ခံ​တယ်​ဆိုတာ အုပ်စု​လိုက် ပူးပေါင်း​လုပ်ဆောင်မှု​ရဲ့ အကျိုး​ရလဒ် ဖြစ်​မှန်း ကျွန်တော် သိတယ်” လို့ ပြော​တယ်။ အမှုဆောင်​လုပ်ငန်းမှာ အလားတူ အပြုသဘောထား ဆက်​ထိန်းထား​ကြပါစို့။ ဒါဆိုရင် ကျွန်တော်​တို့ကို ယေဟောဝါ ကောင်းချီး​ပေး​မယ်။ အမှုဆောင်​လုပ်ငန်း​ကနေ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစား​ရပါလိမ့်မယ်။

သီချင်း ၆၆ သတင်းကောင်း ကြေညာ

^ အပိုဒ်၊ 5 အိမ်တွေမှာ လူမရှိတဲ့အခါ၊ သတင်းတရားကို လူတွေ နားမထောင်တဲ့​အခါမှာ​တောင် အပြုသဘောထား ဘယ်လို ဆက်ရှိ​နိုင်​မလဲ။ အပြုသဘောထား ဆက်​ရှိဖို့ ကူညီပေး​မယ့် အကြံပြုချက်တွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 7 ကြေညာသူ​တွေ​ဟာ ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ထား​တဲ့ အမှုဆောင်​လုပ်ငန်း အသွင် အမျိုးမျိုးမှာ ပါဝင်​တဲ့​အခါ ကိုယ့်​နိုင်ငံ​မှာ ချမှတ်​ထား​တဲ့ ကိုယ်ရေး​အချက်အလက် ကာကွယ်​ထိန်းသိမ်းရေး ဥပဒေတွေကို လိုက်နာ​သင့်တယ်။

^ အပိုဒ်၊ 60 ပုံ​အညွှန်း– (အပေါ်​မှ အောက်) အိမ်မှာ လူတွေ့ဖို့ ခက်​တဲ့ ဒေသမှာ ဇနီး​မောင်နှံ​တစ်စုံ ဟောပြောနေ။ ပထမ​အိမ်ရှင်​က လုပ်ငန်းခွင်​ထဲ ရောက်နေ။ ဒုတိယ​အိမ်ရှင်​က ဆေးခန်း သွား​နေ။ တတိယ​အိမ်ရှင်​က ဈေးဝယ်​စင်တာ ရောက်နေ။ ပထမ​အိမ်ရှင်​နဲ့ တွေ့​ဖို့ ညနေပိုင်း​မှာ ဇနီး​မောင်နှံ ပြန်သွား။ ဆေးခန်း​နားက အများ​ရှေ့ သက်သေခံခြင်း​မှာ ဒုတိယ​အိမ်ရှင်​နဲ့ တွေ့။ တတိယ​အိမ်ရှင်ကို​တော့ ဖုန်း​နဲ့ ဆက်သွယ်။