မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၉

ဗျာဒိတ်ကျမ်းက ဒီနေ့ခေတ်မှာ သင့်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ

ဗျာဒိတ်ကျမ်းက ဒီနေ့ခေတ်မှာ သင့်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ

‘ဒီပရောဖက်ပြုချက်တွေကို ဖတ်ရွတ်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်။’—ဗျာ. ၁:၃

သီချင်း ၁၅ ယေဟောဝါရဲ့ သားဦးကို ကြိုဆိုဂုဏ်ပြု

အကြိုသုံးသပ်ချက် *

၁-၂။ ဗျာဒိတ်ကျမ်းကို စိတ်ဝင်စားသင့်တဲ့ အကြောင်းရင်း​တစ်ခုက ဘာလဲ။

 တစ်ယောက်ယောက်ရဲ့ ဓာတ်ပုံ​အယ်လဘမ်ကို ကြည့်နေတယ် ဆိုပါစို့။ ဓာတ်ပုံ​အများစုမှာ ကိုယ်​မသိတဲ့​သူတွေချည်းပဲ။ တစ်ပုံကိုတော့ အသေအချာ ကြည့်မိတယ်။ ပုံထဲမှာ ကိုယ်​ပါနေလို့ပဲ။ ဘယ်နေရာမှာ ဘယ်တုန်းက ရိုက်ထား​သလဲ​ဆိုတာ စဉ်းစား​ကြည့်တယ်။ ပုံထဲက တစ်ယောက်စီ​ကိုလည်း ကြည့်ဖြစ်တယ်။ ဒီဓာတ်ပုံဟာ သင့်အတွက် တကယ် အဓိပ္ပာယ် ရှိတယ်။

ဗျာဒိတ်ကျမ်းဟာ အဲဒီ​ဓာတ်ပုံနဲ့ တူတယ်။ ဘာကြောင့်လဲ။ အနည်းဆုံး အကြောင်းရင်း နှစ်ခုကြောင့်ပါ။ ပထမ၊ ဗျာဒိတ်ကျမ်းကို ကျွန်တော်တို့​အတွက် ရေး​ထားတာ။ “ဘုရားသခင်က မိမိရဲ့ ကျွန်တွေကို မကြာမီ ဖြစ်ပျက်မယ့်​အရာတွေ ဖော်ပြဖို့ ယေရှုခရစ်ကို ဗျာဒိတ်တော် ပေးတယ်” လို့ ဦးဆုံး​အခန်းငယ်မှာ ရေးထားတယ်။ (ဗျာ. ၁:၁) ဒါကြောင့် ဗျာဒိတ်​ကျမ်းမှာ ရေးထားသမျှဟာ လူအားလုံး​အတွက် ခြုံငုံ​ရေးထားတာ မဟုတ်ဘဲ ဆက်ကပ်​အပ်နှံထားတဲ့ ဘုရား​ကျေးကျွန် ကျွန်တော်တို့​အတွက် ရေးထားတာပါ။ ဒီကျမ်းထဲက ပရောဖက်ပြုချက်တွေ ပြည့်စုံမှုမှာ ကျွန်တော်တို့ ပါဝင်နေမှန်း သိ​ရလို့ မအံ့ဩသင့်ဘူး။ တစ်နည်းအားဖြင့် “ဓာတ်ပုံထဲမှာ” ကိုယ်တိုင် ပါဝင်နေတယ်။

၃-၄။ ဗျာဒိတ်ကျမ်း​အရ အဲဒီကျမ်းထဲက ပရောဖက်ပြုချက်တွေ ဘယ်အချိန်မှာ ပြည့်စုံမလဲ။ အဲဒါက ကျွန်တော်တို့ ယောက်တိုင်း​အပေါ် ဘယ်လို သက်ရောက်မှု ရှိသင့်​သလဲ။

ဒုတိယ အကြောင်းရင်းကတော့ ပရောဖက်ပြုချက်တွေ ပြည့်စုံမယ့် အချိန်ကြောင့်ပါ။ အဲဒီ​အချိန်နဲ့​ပတ်သက်ပြီး သက်ကြီး တမန်တော် ယောဟန်က “ကျွန်တော်ဟာ စွမ်းအားတော်နဲ့ ပြည့်ပြီး သခင့်​နေ့တော်ကို ရောက်သွားတယ်” လို့ ပြောတယ်။ (ဗျာ. ၁:၁၀) ဒီကျမ်းကို ယောဟန် ရေးတဲ့ အေဒီ ၉၆ တုန်းက “သခင့်​နေ့တော်” ရောက်ဖို့ အဝေးကြီး လိုသေးတယ်။ (မ. ၂၅:၁၄၊ ၁၉။ လု. ၁၉:၁၂) ကျမ်းစာ​ပရောဖက်ပြုချက်တွေ​အရ အဲဒီနေ့တော်ဟာ ကောင်းကင်မှာ ဘုရင်အဖြစ် ယေရှု နန်းတင်ခံရတဲ့ ၁၉၁၄ မှာ အစပြု​တယ်။ အဲဒီနှစ်ကစပြီး ဘုရား​လူမျိုး ပါဝင်တဲ့ ဗျာဒိတ်​ကျမ်း ပရောဖက်ပြုချက်တွေ စတင်​ပြည့်စုံလာတယ်။ မှန်ပါတယ်၊ “သခင့်​နေ့တော်” မှာ အခု ကျွန်တော်တို့ အသက်ရှင်​နေ​ကြတယ်။

စိတ်လှုပ်ရှားစရာ အချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေရတဲ့​အတွက် ဗျာဒိတ် ၁:၃ မှာ ပါတဲ့ စကားတွေကို အထူး စိတ်ဝင်စားသင့်တယ်– “သတ်မှတ်ထားချိန် နီးနေပြီ ဖြစ်လို့ ဒီပရောဖက်ပြုချက်တွေကို ဖတ်ရွတ်တဲ့သူ၊ ကြားနာတဲ့သူ၊ ရေးထားသမျှကို လိုက်နာတဲ့သူဟာ ပျော်ရွှင်​ချမ်းမြေ့လိမ့်မယ်။” “ဒီပရောဖက်ပြုချက်တွေကို ဖတ်ရွတ်၊” “ကြားနာ၊” “လိုက်နာ” ဖို့ လိုတယ်။ အဲဒီ​ပရောဖက်ပြုချက်​တချို့က ဘာတွေလဲ။

ယေဟောဝါ နှစ်သက်လက်ခံတဲ့ နည်းနဲ့ ဝတ်ပြုပါ

၅။ ယေဟောဝါ နှစ်သက်​လက်ခံတဲ့ နည်းနဲ့ ဝတ်ပြုဖို့ လိုကြောင်း ဗျာဒိတ်ကျမ်းက ဘယ်လို အလေးပေး​ဖော်ပြ​သလဲ။

အသင်းတော်တွေမှာ ဘာဖြစ်နေတယ်​ဆိုတာ ယေရှု ကောင်းကောင်း သိကြောင်း ဗျာဒိတ်ကျမ်း အခန်းကြီး တစ်ကစပြီး သိရတယ်။ (ဗျာ. ၁:၁၂-၁၆၊ ၂၀။ ၂:၁) အာရှမိုင်းနား အသင်းတော် ခုနစ်ခုဆီ ပေးလိုက်တဲ့ သတင်းစကားမှာ အဲဒီအချက် ထင်ရှားတယ်။ ယေဟောဝါ နှစ်သက်လက်ခံတဲ့ နည်းနဲ့ ဝတ်ပြုနိုင်ဖို့ ပထမရာစု ခရစ်ယာန်တွေကို ယေရှု သတ်သတ်မှတ်မှတ် ညွှန်ကြားတယ်။ အဲဒီစကားတွေက ဒီနေ့ခေတ် ဘုရား​ကျေးကျွန်​အားလုံးနဲ့လည်း သက်ဆိုင်တယ်။ ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့ရဲ့ ဘုရားရေးရာ အခြေအနေကို ခေါင်းဆောင် ခရစ်တော် ယေရှု ကောင်းကောင်း သိတယ်။ ယေရှုရဲ့ ကြီးကြပ်မှုအောက်မှာ ကျွန်တော်တို့ ရှိနေတယ်။ ယေရှု မမြင်တာ ဘာမှ မရှိဘူး။ ယေဟောဝါရဲ့ မျက်နှာသာ ဆက်ရဖို့ ကျွန်တော်တို့ ဘာလုပ်ရမယ်​ဆိုတာ သိတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ လိုက်နာဖို့ လိုတဲ့ ဘယ်ညွှန်ကြားချက် ယေရှု ပေးသလဲ။

၆။ (က) ဗျာဒိတ် ၂:၃၊ ၄ မှာ ပါတဲ့ ယေရှုရဲ့ စကားအရ ဧဖက် အသင်းတော်မှာ ဘာပြဿနာ ရှိနေ​သလဲ။ (ခ) ကျွန်တော်တို့ ဘာသင်ခန်းစာ ရ​သလဲ။

ဗျာဒိတ် ၂:၃၊ ၄ ကို ဖတ်ပါ။ ယေဟောဝါအပေါ် ထားတဲ့ ကျွန်တော်တို့ရဲ့ ကနဦး​မေတ္တာ မပျက်ပြယ်ရဘူး။ အခက်အခဲ အမျိုးမျိုးကြား ယေဟောဝါကို ခံနိုင်ရည်​ရှိရှိ ဆက်ဝတ်ပြုနေတယ်လို့ ဧဖက် အသင်းတော်ကို ယေရှု ပြောတယ်။ ဒါပေမဲ့ ကနဦး​မေတ္တာ ပျက်ပြယ်နေပြီ။ ဘုရား နှစ်သက်တဲ့ ဝတ်ပြုမှု ဖြစ်ဖို့​ဆိုရင် အဲဒီမေတ္တာကို ပြန်ရှင်သန်စေရမယ်။ ဒီနေ့ခေတ်မှာလည်း အခက်အခဲတွေကို ခံရပ်နေရုံနဲ့ မလုံလောက်ဘူး။ ခံရပ်နေတဲ့ အကြောင်းရင်း မှန်ရမယ်။ ကျွန်တော်တို့ ဘာလုပ်တယ် ဆိုတာ​သာမက ဘာကြောင့် လုပ်တယ်​ဆိုတဲ့ စိတ်ရင်းကို ဘုရား စိတ်ဝင်စားတယ်။ အဲဒါ ဘုရားအတွက် အရေးပါတယ်။ မိမိကို ချစ်တဲ့​စိတ်၊ ကျေးဇူးတင်​လေးမြတ်​စိတ်နဲ့ ဝတ်ပြုဖို့ မျှော်လင့်လို့ပဲ။—ပညာ. ၁၆:၂။ မာ. ၁၂:၂၉၊ ၃၀

၇။ (က) ဗျာဒိတ် ၃:၁-၃ အရ သာဒိ အသင်းတော်မှာ ဘယ်ပြဿနာကို ယေရှု တွေ့​သလဲ။ (ခ) ကျွန်တော်တို့ ဘာလုပ်ဖို့ လို​သလဲ။

ဗျာဒိတ် ၃:၁-၃ ကို ဖတ်ပါ။ ကျွန်တော်တို့ နိုးကြား​တက်ကြွ​နေရမယ်။ သာဒိ အသင်းတော်မှာတော့ ပြဿနာ နောက်တစ်ခု ရှိတယ်။ အရင်တုန်းက ဘုရား​အမှုတော်မှာ တက်တက်ကြွကြွ ပါဝင်​ခဲ့​ကြ​ပေမဲ့ တဖြည်းဖြည်း ဇွဲလျော့လာတယ်။ ဒါကြောင့် ‘နိုးထပါ’ လို့ ယေရှု ပြောတယ်။ ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့ လုပ်ခဲ့တာကို ယေဟောဝါ မမေ့ဘူး။ (ဟီ. ၆:၁၀) ဒါပေမဲ့ အမှုတော်မှာ အရင်က လုပ်ခဲ့တာကိုပဲ အားထားနေလို့ မရဘူး။ အရင်ကလောက် မလုပ်နိုင်တော့ရင်တောင် “သခင့်​အလုပ်မှာ” ဆက်အလုပ်များနေဖို့၊ အဆုံးထိ နိုးကြား​တက်ကြွနေဖို့ လိုတယ်။—၁ ကော. ၁၅:၅၈။ မ. ၂၄:၁၃။ မာ. ၁၃:၃၃

၈။ ဗျာဒိတ် ၃:၁၅-၁၇ မှာ လောဒိကိ အသင်းတော်ကို ပြောတဲ့ ယေရှုရဲ့ စကားကနေ ဘာသင်ယူရ​သလဲ။

ဗျာဒိတ် ၃:၁၅-၁၇ ကို ဖတ်ပါ။ စိတ်ထက်သန်စွာ စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုရမယ်။ လောဒိကိ အသင်းတော်ရဲ့ ပြဿနာကိုလည်း ယေရှု ပြောတယ်။ သူတို့ဟာ ဝတ်ပြုရေးမှာ “နွေးရုံသာ” ရှိနေတယ်။ ‘စိတ်မချမ်းမြေ့စရာ၊ ​သနားစရာ’ အခြေအနေပဲလို့ ယေရှု ပြောတယ်။ ယေဟောဝါ​အတွက်၊ ဝတ်ပြုရေး​အတွက် ပြန်စိတ်ထက်သန်လာဖို့ လိုနေတယ်။ (ဗျာ. ၃:၁၉) ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့ စိတ်ထက်သန်မှု ပျောက်ဆုံးနေတယ်​ဆိုရင် ယေဟောဝါနဲ့ အဖွဲ့အစည်း​အပေါ် ထားတဲ့ ကျေးဇူးတင်​လေးမြတ်မှု တိုးများလာအောင် လုပ်ရမယ်။ (ဗျာ. ၃:၁၈) ဇိမ်ကျကျ နေနိုင်ဖို့ ကြိုးစားရင်း ဘုရားရေးရာ လုပ်ဆောင်မှုတွေကို ဒုတိယ​နေရာ ထားလိုက်တာမျိုး လုံးဝ အဖြစ်​မခံပါနဲ့။

၉။ ပေရဂံနဲ့ သွာတိရ အသင်းတော်ကို ပြောတဲ့ ယေရှုရဲ့ စကားတွေ​အရ ဘယ်အန္တရာယ်ကို ကျွန်တော်တို့ သတိထားဖို့ လို​သလဲ။

အယူဖောက်ပြန်သူတွေရဲ့ သွန်သင်ချက်ကို ငြင်းပယ်ရမယ်။ ပေရဂံ အသင်းတော်သား​တချို့ ဂိုဏ်းခွဲနေလို့ ယေရှု အပြစ်ဆိုတယ်။ (ဗျာ. ၂:၁၄-၁၆) သွာတိရ အသင်းတော်သားတွေကတော့ “စာတန်ရဲ့ နက်နဲရာတွေ” နောက် ပါမသွားလို့ ချီးမွမ်းခံရတယ်။ အမှန်တရားလမ်းမှာ “ဆက်ပြီး လျှောက်နေ” ဖို့ အားပေးခံရတယ်။ (ဗျာ. ၂:၂၄-၂၆) မှားယွင်းတဲ့ သွန်သင်ချက်တွေနောက် ပါသွားတဲ့ ခရစ်ယာန်တွေ နောင်တရဖို့ လိုတယ်။ ဒီနေ့ခေတ်မှာကော ဘယ်လိုလဲ။ ယေဟောဝါရဲ့ အတွေးအခေါ်နဲ့ ဆန့်ကျင်တဲ့ သွန်သင်ချက် မှန်သမျှကို ငြင်းပယ်ရမယ်။ အယူဖောက်ပြန်သူတွေဟာ “ဘုရားတရား ကြည်ညိုဟန် ရှိပေမဲ့ တရားကို လက်တွေ့​မကျင့်သူတွေ” ဖြစ်တယ်။ (၂ တိ. ၃:၅) ကျမ်းစာကို ထက်ထက်သန်သန် လေ့လာမယ်​ဆိုရင် မှားယွင်းတဲ့ သွန်သင်ချက်တွေကို ခွဲခြား​သိဖို့၊ ငြင်းပယ်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။—၂ တိ. ၃:၁၄-၁၇။ ယု. ၃၊ ၄

၁၀။ ပေရဂံနဲ့ သွာတိရ အသင်းတော်ကို ယေရှု ပြောတဲ့ စကားကနေ နောက်ထပ် ဘာသင်ယူရ​သလဲ။

၁၀ လိင်အကျင့်ယိုယွင်းမှု ပုံစံအားလုံးကို ရှောင်ရမယ်။ သည်းမခံ၊ ခွင့်မပြုရဘူး။ ပေရဂံနဲ့ သွာတိရ အသင်းတော်မှာ ပြဿနာတစ်ခု ရှိသေးတယ်။ အသင်းတော်သားတချို့ လိင်အကျင့်​ယိုယွင်းမှုကို မငြင်းပယ်တဲ့​အတွက် ယေရှု ပြစ်တင်​ဆုံးမတယ်။ (ဗျာ. ၂:၁၄၊ ၂၀) ဘာသင်ခန်းစာ ရသလဲ။ နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့သူ၊ လောလောဆယ် အခွင့်ထူးတွေ ရထားသူ ဖြစ်ရင်တောင် လိင်အကျင့်​ယိုယွင်းရင် ယေဟောဝါ သည်းခံ​ခွင့်ပြုမှာပါလို့ မယူဆသင့်ဘူး။ (၁ ရှ. ၁၅:၂၂။ ၁ ပေ. ၂:၁၆) လောက​စံနှုန်း ဘယ်လောက်ပဲ ယိုယွင်း​ကျဆင်း​နေပါစေ ဘုရားရဲ့ မြင့်မားတဲ့ စာရိတ္တ​စံနှုန်းတွေ​အတိုင်း ကျွန်တော်တို့ အသက်ရှင်ဖို့ ဘုရား မျှော်လင့်တယ်။—ဧ. ၆:၁၁-၁၃

၁၁။ အခုထိ ဘာတွေ သိခဲ့ရပြီလဲ။ (“ ဒီနေ့ခေတ် ကျွန်တော်တို့အတွက် သင်ခန်းစာများ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၁ အခုထိ ဘာတွေ သိခဲ့ရပြီလဲ။ ယေဟောဝါ နှစ်သက်​လက်ခံတဲ့ နည်းနဲ့ ဝတ်ပြုဖို့ လိုကြောင်း သိခဲ့ရပြီ။ ဘုရား မနှစ်သက်တာ တစ်ခုခု လုပ်နေတယ်​ဆိုရင် ချက်ချင်း ပြုပြင်​ပြောင်းလဲဖို့ လိုတယ်။ (ဗျာ. ၂:၅၊ ၁၆။ ၃:၃၊ ၁၆) အသင်းတော်တွေကို ယေရှု အလေးပေး​ပြောတာ တစ်ခု ရှိသေးတယ်။ ဘာများလဲ။

ညှဉ်းပန်းနှိပ်စက်မှုကို လိုလိုလားလား ခံရပ်ပါ

စာတန် ကောင်းကင်ကနေ ပစ်ချခံရပြီးနောက် ဘုရားလူမျိုးကို ဘယ်လို တိုက်ခိုက်နေသလဲ (စာပိုဒ် ၁၂-၁၆ ကို ကြည့်ပါ)

၁၂။ စမုရနနဲ့ ဖိလဒေလဖိ အသင်းတော်ကို ယေရှု ပြောတဲ့ စကားတွေကနေ ဘာသင်ယူနိုင်​သလဲ။ (ဗျာဒိတ် ၂:၁၀)

၁၂ စမုရနနဲ့ ဖိလဒေလဖိ အသင်းတော်ကို ယေရှု ပြောတဲ့ စကားတွေအကြောင်း ဆက်ဆွေးနွေးကြစို့။ အဆုံးထိ သစ္စာ​ရှိနေရင် ဆုချခံရမှာ ဖြစ်လို့ ညှဉ်းပန်း​နှိပ်စက်မှုကို မကြောက်နဲ့လို့ အဲဒီ​ခရစ်ယာန်တွေကို ယေရှု ပြောတယ်။ (ဗျာဒိတ် ၂:၁၀ ကို ဖတ်ပါ။ ၃:၁၀) ဘာသင်ခန်းစာ ရသလဲ။ ညှဉ်းပန်းနှိပ်စက်မှုကို မျှော်လင့်ထားရမယ်။ လိုလိုလားလား ခံရပ်ရမယ်။ (မ. ၂၄:၉၊ ၁၃။ ၂ ကော. ၁၂:၁၀) အဲဒီလို​လုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၃-၁၄။ ဗျာဒိတ် အခန်းကြီး ၁၂ မှာ ဖော်ပြထားတဲ့ ဖြစ်ရပ်တွေက ဘုရား​လူမျိုး​အပေါ် ဘယ်လို သက်ရောက်မှု ရှိ​သလဲ။

၁၃ “သခင့်​နေ့တော်” ဖြစ်တဲ့ ဒီနေ့ခေတ်မှာ အသက်ရှင်နေတဲ့ ဘုရား​လူမျိုး ညှဉ်းပန်း​နှိပ်စက်ခံရမယ်​ဆိုတာ ဗျာဒိတ်ကျမ်းက ဖော်ပြတယ်။ ဗျာဒိတ် အခန်းကြီး ၁၂ အရ ဘုရား​နိုင်ငံတော်မှာ ယေရှု ဘုရင် ဖြစ်ပြီးတာနဲ့ ချက်ချင်း ကောင်းကင်မှာ စစ်ဖြစ်တယ်။ မိက္ခေလ ဖြစ်တဲ့ ယေရှုခရစ်နဲ့ ကောင်းကင်တမန်တွေက စာတန်နဲ့ နတ်ဆိုးတွေကို စစ်တိုက်တယ်။ (ဗျာ. ၁၂:၇၊ ၈) ဘုရား​ရန်သူတွေ စစ်ရှုံးပြီး မြေကြီးပေါ် ပစ်ချခံရတယ်။ ကမ္ဘာနဲ့ လူတွေ​အတွက်တော့ အဖြစ်ဆိုး​ပါပဲ။ (ဗျာ. ၁၂:၉၊ ၁၂) အဲဒါ ဘုရား​လူမျိုး​အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

၁၄ စာတန် ဘယ်လို တုံ့ပြန်တယ်ဆိုတာ ဗျာဒိတ်ကျမ်းမှာ ဆက်ပြောတယ်။ ကောင်းကင်ကို စာတန် ပြန်သွားလို့ မရတော့တဲ့​အတွက် ဘုရား​နိုင်ငံတော်ရဲ့ မြေကြီး​ကိုယ်စားလှယ်တွေ၊ “ယေရှုအကြောင်း သက်သေခံတဲ့သူတွေ” ဖြစ်တဲ့ ဘိသိက်ခံ အကြွင်းအကျန်တွေကို ဒေါသတကြီး တိုက်ခိုက်တယ်။ (ဗျာ. ၁၂:၁၇။ ၂ ကော. ၅:၂၀။ ဧ. ၆:၁၉၊ ၂၀) အဲဒီ​ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံနေ​သလဲ။

၁၅။ ဗျာဒိတ် အခန်းကြီး ၁၁ မှာ ပါတဲ့ “သက်သေ​နှစ်ယောက်” ဟာ ဘယ်သူတွေကို ဆိုလို​သလဲ။ သူတို့ ဘာဖြစ်သွား​သလဲ။

၁၅ နိုင်ငံတော်သတင်း ဟောပြောခြင်း​လုပ်ငန်းကို ဦးဆောင်နေတဲ့ ဘိသိက်ခံ ညီအစ်ကိုတွေကို တိုက်ခိုက်ဖို့ ဘုရား​ရန်သူတွေကို စာတန် သွေးထိုးပေးတယ်။ ဗျာဒိတ်ကျမ်းမှာ ပါတဲ့ အသတ်ခံရတဲ့ “သက်သေ​နှစ်ယောက်” ဟာ အဲဒီ​ဘိသိက်ခံတွေကို ဆိုလိုတယ်။ * (ဗျာ. ၁၁:၃၊ ၇-၁၁) ၁၉၁၈ မှာ တာဝန်ရှိ ညီအစ်ကို ရှစ်ယောက်ဟာ မှားယွင်းတဲ့ စွဲချက်တွေနဲ့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရတယ်။ လူ့ရှုထောင့်ကနေ ကြည့်ရင်တော့ အဲဒီဘိသိက်ခံတွေ “သတ်ပစ်” ခံလိုက်ရတာပဲ။

၁၆။ ၁၉၁၉ မှာ ဘယ်ထူးခြားတဲ့ ဖြစ်ရပ် ဖြစ်လာ​သလဲ။ အဲဒီအချိန်က​စပြီး စာတန် ဘာဆက်လုပ်နေ​သလဲ။

၁၆ “သက်သေ​နှစ်ယောက်” ဟာ ခဏကြာပြီးနောက် အသက်​ပြန်ရှင်လာတယ်လို့ ဗျာဒိတ် အခန်းကြီး ၁၁ မှာ ဆက်ပြောတယ်။ အဲဒီ​ပရောဖက်ပြုချက် ပြည့်စုံတဲ့​အနေနဲ့ ဘိသိက်ခံ ညီအစ်ကိုတွေ ထောင်ချခံရပြီး နောက်နှစ်မှာ ထူးခြားတာ​တစ်ခု ဖြစ်လာတယ်။ ၁၉၁၉၊ မတ်လမှာ ဘိသိက်ခံ ညီအစ်ကိုတွေ ထောင်ကနေ လွတ်လာတယ်။ နောက်ပိုင်း၊ စွဲချက်တွေလည်း ရုပ်သိမ်းခံရတယ်။ ဟောပြောခြင်း​လုပ်ငန်းကို ညီအစ်ကိုတွေ ချက်ချင်း ပြန်စကြတယ်။ ဒါပေမဲ့ ဘုရားလူမျိုးကို စာတန် တိုက်ခိုက်တာတော့ ရပ်မသွားပါဘူး။ အဲဒီ​အချိန်က​စပြီး ဘုရား​လူမျိုး​အားလုံး​အပေါ် ညှဉ်းပန်း​နှိပ်စက်မှု “မြစ်ရေ” ကို စာတန် မှုတ်ထုတ်တယ်။ (ဗျာ. ၁၂:၁၅) ကျွန်တော်တို့​ယောက်တိုင်း “ခံနိုင်ရည်နဲ့ ယုံကြည်ခြင်း ရှိဖို့ လိုတယ်။”—ဗျာ. ၁၃:၁၀

ယေဟောဝါ ပေးအပ်ထားတဲ့ လုပ်ငန်းမှာ အပြည့်အဝ ပါဝင်ပါ

၁၇။ ဘုရားလူမျိုးဟာ စာတန့်​တိုက်ခိုက်မှု ခံရပေမဲ့ မျှော်လင့်မထားတဲ့ ဘယ်အကူအညီ ရ​သလဲ။

၁၇ ဘုရား​လူမျိုးဟာ မျှော်လင့်မထားတဲ့ နေရာကနေ အကူအညီ ရတယ်လို့ ဗျာဒိတ် အခန်းကြီး ၁၂ မှာ ဆက်ဖော်ပြတယ်။ “မြေကြီး” ဟာ ညှဉ်းပန်းနှိပ်စက်မှု “မြစ်ရေ” ကို မျိုချလိုက်တယ်။ (ဗျာ. ၁၂:၁၆) အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ တစ်ခါတလေမှာ တရားရေး စနစ်လိုမျိုး စာတန့်​လောကရဲ့ အစိတ်အပိုင်းတွေက ဘုရား​လူမျိုးကို ကယ်တင်ပေးတယ်။ တရားရုံး​အမှုတွေမှာ ဘုရား​လူမျိုး မကြာမကြာ အောင်ပွဲ​ရလို့ အတော်အတန် လွတ်လပ်မှု ရကြတယ်။ အဲဒီ​လွတ်လပ်မှုကို သူတို့ ဘယ်လို သုံးကြ​သလဲ။ အခွင့်အရေး မှန်သမျှကို အပြည့်အဝ သုံးပြီး ယေဟောဝါ ပေးအပ်ထားတဲ့ လုပ်ငန်းကို ဆက်လုပ်ကြတယ်။ (၁ ကော. ၁၆:၉) အဲဒီ​လုပ်ငန်းမှာ ဘာပါဝင်​သလဲ။

ဘယ်သတင်းစကား နှစ်မျိုးကို ဘုရားလူမျိုး ကြေညာနေသလဲ (စာပိုဒ် ၁၈-၁၉ ကို ကြည့်ပါ)

၁၈။ ဒီနောက်ဆုံး​ကာလမှာ ကျွန်တော်တို့အတွက် အရေးကြီးဆုံး​လုပ်ငန်းက ဘာလဲ။

၁၈ ဘုရား​လူမျိုးဟာ အဆုံး မရောက်ခင် မြေတစ်ခွင်လုံးမှာ “နိုင်ငံတော် သတင်းကောင်း” ဟောမယ်လို့ ယေရှု ကြိုပြောတယ်။ (မ. ၂၄:၁၄) “ကမ္ဘာပေါ် နေထိုင်သူတွေ၊ လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကား အမျိုးမျိုး ပြောတဲ့လူတွေ၊ လူစုတွေကို ထာဝရ သတင်းကောင်း ကြေညာနေ” တဲ့ ကောင်းကင်တမန် တစ်ပါး ဒါမှမဟုတ် ကောင်းကင်တမန်​အုပ်စုရဲ့ ထောက်မမှုကို ဘုရား​လူမျိုး ရရှိကြတယ်။—ဗျာ. ၁၄:၆

၁၉။ ယေဟောဝါကို ချစ်မြတ်နိုးသူတွေ ဘယ်သတင်းကိုလည်း ကြေညာရ​မလဲ။

၁၉ ဘုရားလူမျိုးဟာ နိုင်ငံတော် သတင်းကောင်းကိုပဲ ကြေညာတာ မဟုတ်ဘူး။ ဗျာဒိတ် အခန်းကြီး ၈ ကနေ ၁၀ မှာ ဖော်ပြထားတဲ့ ကောင်းကင်တမန်တွေရဲ့ လုပ်ငန်းကိုလည်း ထောက်မနေကြတယ်။ အဲဒီ​ကောင်းကင်တမန်တွေဟာ ဘုရား​နိုင်ငံတော်ကို ငြင်းပယ်သူတွေ​အတွက် အဖြစ်ဆိုးတွေ ကြေညာနေတယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေဟာ ဆိုးညစ်တဲ့ စာတန့်လောက အစိတ်အပိုင်း အသီးသီး​အပေါ် ဘုရားရဲ့ တရားစီရင်ချက်ကို ဖော်ပြတဲ့ သတင်း ကြေညာနေကြတယ်။ အဲဒီတရားစီရင်ချက် သတင်းကို “မီးတွေ၊ မိုးသီးတွေ” နဲ့ ခိုင်းနှိုင်းထားတယ်။ (ဗျာ. ၈:၇၊ ၁၃) အဆုံး သိပ်နီးနေပြီ​ဆိုတာ လူတွေ သိဖို့ လိုတယ်။ ဒါမှ ဘဝမှာ အပြောင်းအလဲကြီးတွေ လုပ်နိုင်မှာ ဖြစ်ပြီး ယေဟောဝါရဲ့ အမျက်တော်နေ့ကနေ လွတ်မြောက်နိုင်မှာ ဖြစ်တယ်။ (ဇေ. ၂:၂၊ ၃) ဒါပေမဲ့ အဲဒီ​သတင်းကို လူတွေ မကြိုက်ကြဘူး။ ဒါကြောင့် အဲဒီ​သတင်း ကြေညာနိုင်ဖို့ ရဲစွမ်း​သတ္တိ လိုတယ်။ ကြီးစွာသောဒုက္ခ​အတွင်း နောက်ဆုံး တရားစီရင်ချက်​သတင်းဟာ ဒီ့ထက်တောင် ပိုပြင်းထန်ဦးမယ်။—ဗျာ. ၁၆:၂၁

ပရောဖက်ပြုချက် စကားတွေကို လိုက်နာပါ

၂၀။ နောက်ဆောင်းပါး နှစ်ခုမှာ ဘာအကြောင်း ဆွေးနွေးကြ​မလဲ။

၂၀ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်တွေ ပြည့်စုံမှုမှာ ကျွန်တော်တို့​ကိုယ်တိုင် ပါဝင်နေတဲ့​အတွက် “ပရောဖက်ပြုချက်” စကားတွေကို လိုက်နာဖို့ လိုတယ်။ (ဗျာ. ၁:၃) ဒါပေမဲ့ ညှဉ်းပန်း​နှိပ်စက်ခံရချိန်မှာ ဘယ်လို​နည်းနဲ့ သစ္စာ​ရှိရှိ ခံရပ်​နိုင်​မလဲ။ ဒီသတင်းတွေကို ဘယ်လို​နည်းနဲ့ သတ္တိ​ရှိရှိ ဆက်​ကြေညာ​နိုင်​မလဲ။ အချက်​နှစ်ချက်ကြောင့်ပါ။ ပထမ၊ ဘုရား​ရန်သူတွေနဲ့​ပတ်သက်ပြီး ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတဲ့​အချက်ကြောင့်၊ ဒုတိယ၊ ဆက်သစ္စာရှိနေရင် ရမယ့် အနာဂတ် ကောင်းချီးတွေကြောင့် ကျွန်တော်တို့ အားရှိကြတယ်။ အဲဒီအကြောင်း နောက်ဆောင်းပါး နှစ်ခုမှာ ဆွေးနွေးပါမယ်။

သီချင်း ၃၂ ယေဟောဝါဘက် ရပ်တည်ကြ

^ စိတ်လှုပ်ရှား​စရာ ကာလမှာ ကျွန်တော်တို့ အသက်ရှင်​နေ​ကြတယ်။ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်တွေ ဒီနေ့ခေတ်မှာ ပြည့်စုံ​နေတယ်။ အဲဒီ​ပရောဖက်ပြုချက်တွေက ကျွန်တော်တို့အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါး နှစ်ခုမှာ ဗျာဒိတ်ကျမ်းကို အတိုချုပ် သုံးသပ်​ကြပါမယ်။ ဒီကျမ်းမှာ ရေးထား​သမျှကို လိုက်နာခြင်းအားဖြင့် ယေဟောဝါ​ဘုရား နှစ်သက်တဲ့​ နည်းနဲ့ ဘယ်လို ဝတ်ပြု​နိုင်​မလဲ​ဆိုတာ သိလာ​ပါမယ်။