မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၁

ဗျာဒိတ်ကျမ်းက သင့်အနာဂတ်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ

ဗျာဒိတ်ကျမ်းက သင့်အနာဂတ်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ

“အာမင်။ သခင်ယေရှု၊ ကြွလာပါ။”—ဗျာ. ၂၂:၂၀

သီချင်း ၁၄၂ မျှော်လင့်ချက်ကို ကိုင်စွဲထားခြင်း

အကြိုသုံးသပ်ချက် *

၁။ လူအားလုံး ဘယ်အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချဖို့ လို​သလဲ။

 ဒီနေ့ခေတ် လူတွေ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခု ချရမယ်။ ယေဟောဝါ​ဘုရားကို စကြဝဠာ ပိုင်သအုပ်စိုးရှင်​အဖြစ် ထောက်ခံမလား၊ ဘုရားရဲ့ ရန်သူ စာတန် မာရ်နတ်ကို ထောက်ခံမလား​ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ ဒီကိစ္စမှာ ကြားနေလို့တော့ မရဘူး။ ဆုံးဖြတ်ချက်က သူတို့ရဲ့ ထာဝရ အနာဂတ်​အပေါ် သက်ရောက်မှု ရှိပါလိမ့်မယ်။ (မ. ၂၅:၃၁-၃၃၊ ၄၆) “ကြီးစွာသော​ဒုက္ခ” အတွင်း ကယ်တင်ခံရ​မလား၊ ဖျက်ဆီးခံရ​မလား​ဆိုတာ မှတ်သားခံရမယ်။—ဗျာ. ၇:၁၄။ ၁၄:၉-၁၁။ ယေဇ. ၉:၄၊ ၆

၂။ (က) ဟီဘရူး ၁၀:၃၅-၃၉ မှာ ဘာလုပ်ဖို့ အားပေးထား​သလဲ။ (ခ) ဗျာဒိတ်ကျမ်းက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်​သလဲ။

ဟီဘရူး ၁၀:၃၅-၃၉ ကို ဖတ်ပါ။ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ထောက်ခံဖို့ ဆုံးဖြတ်တာဟာ ပညာရှိ ဆုံးဖြတ်ချက်ပါ။ တခြားသူတွေလည်း မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် သင် ကူညီပေးချင်မှာပဲ။ ဗျာဒိတ်ကျမ်းမှာ ပါတဲ့ အချက်အလက်တွေ သုံးပြီး ကူညီပေးနိုင်တယ်။ ယေဟောဝါကို ဆန့်ကျင်သူတွေ ဘာဖြစ်သွား​မလဲ၊ ဘုရား​အုပ်ချုပ်မှုကို သစ္စာရှိရှိ ထောက်ခံသူတွေ ဘာကောင်းချီး ခံစားရ​မလဲ​ဆိုတာ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတယ်။ ဒီအရေးကြီး ​အကြောင်းအရာတွေကို ကျွန်တော်တို့ လေ့လာသင့်တယ်။ အဲဒီလို လေ့လာမယ်​ဆိုရင် ယေဟောဝါကို ဆက်ဝတ်ပြုမယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ခိုင်မာလာမယ်။ တခြားသူတွေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင်လည်း ကူညီပေးနိုင်မယ်။

၃။ ဒီဆောင်းပါးမှာ ဘာ​အကြောင်း ဆွေးနွေးကြ​မလဲ။

ဘုရား​အုပ်ချုပ်မှုကို ထောက်ခံသူတွေ ဘာဖြစ်​မလဲ။ ဗျာဒိတ်ကျမ်းမှာ ပါတဲ့ နီမြန်းတဲ့ သားရဲကို ထောက်ခံသူတွေ ဘာဖြစ်သွား​မလဲ။ အဲဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

သစ္စာရှိသူတွေ​အတွက် ဘာစောင့်ကြိုနေ​သလဲ

၄။ ကောင်းကင်မှာ ယေရှုနဲ့အတူ ဘယ်အုပ်စုကို တမန်တော် ယောဟန် မြင်​သလဲ။

ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ထောက်ခံတဲ့၊ ထာဝရ​အသက် ကောင်းချီး ရမယ့် အုပ်စု​နှစ်စုကို စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်တယ်။ ပထမ​အုပ်စုမှာ အရေ​အတွက် ၁၄၄,၀၀၀ ရှိတယ်။ (ဗျာ. ၇:၄) ကောင်းကင်မှာ ယေရှုနဲ့အတူ အစိုးရ ဖွဲ့စည်းဖို့ မြေကြီးပေါ်ကနေ ရွေးကောက်ခံထားရသူတွေ ဖြစ်တယ်။ ယေရှုနဲ့​အတူ ကမ္ဘာမြေကို အုပ်ချုပ်ကြမယ်။ (ဗျာ. ၅:၉၊ ၁၀။ ၁၄:၃၊ ၄) ကောင်းကင် ဇိအုန်တောင်ပေါ် ယေရှုနဲ့​အတူ သူတို့ ရပ်နေတာကို စိတ်အာရုံမှာ ယောဟန် မြင်တယ်။—ဗျာ. ၁၄:၁

၅။ ၁၄၄,၀၀၀ အဝင် ကျန်ကြွင်းသူတွေ မကြာခင် ဘာဖြစ်​မလဲ။

တမန်တော်တွေခေတ်ကနေ အခုအထိ ၁၄၄,၀၀၀ အဝင်​အဖြစ် လူများစွာ ရွေးချယ်ခံရတယ်။ (လု. ၁၂:၃၂။ ရော. ၈:၁၇) ဒါပေမဲ့ နောက်ဆုံးကာလ​အတွင်း အနည်းငယ်ပဲ မြေကြီးပေါ် ရှိနေမယ်လို့ ယောဟန် ပြောတယ်။ အဲဒီ “ကျန်ကြွင်းသူတွေ” ဟာ ကြီးစွာသော​ဒုက္ခ မစခင် ယေဟောဝါရဲ့ မျက်နှာသာ ရတဲ့ အမှတ်အသား​အဖြစ် နောက်ဆုံး “တံဆိပ်” ခတ်ခံရမယ်။ (ဗျာ. ၇:၂၊ ၃။ ၁၂:၁၇) သစ္စာရှိရှိ သေဆုံးသွားတဲ့ ကျန် ၁၄၄,၀၀၀ အဝင်နဲ့ ပူးပေါင်းဖို့ ကြီးစွာသော​ဒုက္ခ​အတွင်း တစ်ချိန်ချိန်မှာ ကောင်းကင်ကို စုသိမ်းခံရမယ်။ အဲဒီနောက် ဘုရား​နိုင်ငံတော်မှာ ယေရှုနဲ့ တွဲဖက်​အုပ်ချုပ်ကြမယ်။—မ. ၂၄:၃၁။ ဗျာ. ၅:၉၊ ၁၀

၆-၇။ (က) နောက်ထပ် ဘယ်အုပ်စုကို ယောဟန် မြင်​သလဲ။ သူတို့​အကြောင်း ဘာသိရ​သလဲ။ (ခ) ဗျာဒိတ် အခန်းကြီး ၇ ကို ကျန်ကြွင်းသူတွေနဲ့ “လူအုပ်ကြီး” ဘာကြောင့် စိတ်ဝင်စားသင့်​သလဲ။

ကောင်းကင် သွားမယ့် အုပ်စုပြီးနောက် “လူအုပ်ကြီး​တစ်အုပ်” ကို ယောဟန် မြင်တယ်။ ၁၄၄,၀၀၀ နဲ့ မတူဘဲ ဒီအုပ်စုကတော့ မရေတွက်နိုင်အောင် များတယ်။ (ဗျာ. ၇:၉၊ ၁၀) သူတို့​အကြောင်း ဘာသိရ​သလဲ။ “ဒီလူတွေဟာ ကြီးစွာသော​ဒုက္ခကနေ လွတ်မြောက်လာသူတွေပဲ။ သူတို့ရဲ့ ဝတ်လုံကို သိုးသငယ်ရဲ့ သွေးနဲ့ ဖြူအောင် လျှော်ဖွပ်ခဲ့ကြပြီ” လို့ ယောဟန်ကို ပြောတယ်။ (ဗျာ. ၇:၁၄) ကြီးစွာသော​ဒုက္ခကနေ လွတ်မြောက်ပြီးနောက် ဒီ “လူအုပ်ကြီး” ဟာ ကမ္ဘာမြေမှာ အံ့ဖွယ်​ကောင်းချီးတွေ ခံစားရမယ်။—ဆာ. ၃၇:၉-၁၁၊ ၂၇-၂၉။ ပညာ. ၂:၂၁၊ ၂၂။ ဗျာ. ၇:၁၆၊ ၁၇

ကောင်းကင်​သွားဖို့ ရွေးချယ်ခံရတာပဲ ဖြစ်ဖြစ်၊ မြေကြီးပေါ် အသက်ရှင်ဖို့ ရွေးချယ်ခံရတာပဲ ဖြစ်ဖြစ် ဗျာဒိတ် အခန်းကြီး ၇ ပါ ဖော်ပြချက်မှာ ကိုယ်တိုင် ပါဝင်နေတယ်လို့ မြင်ယောင်သင့်တယ်။ ဘုရား​ကျေးကျွန် အုပ်စု​နှစ်စုစလုံး​အတွက် စိတ်လှုပ်ရှားစရာ​ပါပဲ။ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ထောက်ခံဖို့ ရွေးချယ်ခဲ့လို့ ဝမ်းသာရပါလိမ့်မယ်။ ကြီးစွာသော​ဒုက္ခ​အကြောင်း ဗျာဒိတ်ကျမ်းမှာ နောက်ထပ် ဘာဖော်ပြထားသေး​သလဲ။—မ. ၂၄:၂၁

ဘုရားကို ဆန့်ကျင်သူတွေ​အတွက် ဘာစောင့်ကြိုနေ​သလဲ

၈။ ကြီးစွာသော​ဒုက္ခ ဘယ်လို စ​မလဲ။ လူအများစု ဘယ်လို တုံ့ပြန်ကြ​မလဲ။

ရှေ့ဆောင်းပါးမှာ ဖော်ပြထားတဲ့​အတိုင်း မကြာခင် မှားယွင်းတဲ့ ကမ္ဘာ့​ဘာသာရေး အင်ပါယာ မဟာဗာဗုလုန်ကို ကမ္ဘာ့​တိုင်းနိုင်ငံတွေ တိုက်ခိုက်တော့မယ်။ (ဗျာ. ၁၇:၁၆၊ ၁၇) ဒီတိုက်ခိုက်မှုဟာ ကြီးစွာသော​ဒုက္ခရဲ့ အစ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ လူတွေ ယေဟောဝါဆီ ခြေဦးလှည့်လာကြ​မလား။ လှည့်လာမှာ မဟုတ်ဘူး။ ဗျာဒိတ် အခန်းကြီး ၆ အရ ခက်ခဲတဲ့ အဲဒီအချိန်မှာ ယေဟောဝါကို မကိုးကွယ်သူတွေဟာ တောင်နဲ့ တူတဲ့ လောက နိုင်ငံရေး၊ စီးပွားရေး အဖွဲ့အစည်းတွေဆီကနေ အကာအကွယ် ယူကြမယ်။ ဘုရား​နိုင်ငံတော်ဘက် မရပ်တည်တဲ့​အတွက် ဆန့်ကျင်သူတွေ​အဖြစ် သူတို့ကို ယေဟောဝါ သတ်မှတ်မယ်။—လု. ၁၁:၂၃။ ဗျာ. ၆:၁၅-၁၇

၉။ ကြီးစွာသော​ဒုက္ခအတွင်း ယေဟောဝါရဲ့ လူမျိုး ဘာကြောင့် ထူးထူးခြားခြား ကွဲထွက်နေ​မလဲ။ ဘာရလဒ် ရ​မလဲ။

ခက်ခဲတဲ့ အဲဒီ​ဒုက္ခကာလ​အတွင်း ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေဟာ ထူးထူးခြားခြား ကွဲထွက်နေမယ်။ ကမ္ဘာပေါ်မှာ ယေဟောဝါ​ဘုရားကို ဆက်ဝတ်ပြုနေတဲ့၊ “သားရဲ” ကို မထောက်ခံတဲ့ တစ်ခုတည်းသော အုပ်စု ဖြစ်နေပါလိမ့်မယ်။ (ဗျာ. ၁၃:၁၄-၁၇) သူတို့ရဲ့ ပြတ်သားတဲ့ ရပ်တည်မှုကြောင့် ယေဟောဝါကို ဆန့်ကျင်သူတွေ ဒေါသထွက်ကြမယ်။ ကမ္ဘာတစ်ဝန်းက ဘုရား​လူမျိုးကို နိုင်ငံပေါင်းစုံ ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ တိုက်ခိုက်မယ်။ အဲဒီ​တိုက်ခိုက်မှုကို မာဂေါဂပြည်က ဂေါဂမင်းရဲ့ တိုက်ခိုက်မှုလို့ ကျမ်းစာမှာ ခေါ်ထားတယ်။—ယေဇ. ၃၈:၁၄-၁၆

၁၀။ ဗျာဒိတ် ၁၉:၁၉-၂၁ အရ လူမျိုးတော် တိုက်ခိုက်ခံရတဲ့အခါ ယေဟောဝါ ဘယ်လို တုံ့ပြန်​မလဲ။

၁၀ ဒီတိုက်ခိုက်မှုကို ယေဟောဝါ ဘယ်လို တုံ့ပြန်​မလဲ။ “ငါ့ဒေါသမီး ဟုန်းဟုန်းတောက်လိမ့်မယ်” လို့ ပြောတယ်။ (ယေဇ. ၃၈:၁၈၊ ၂၁-၂၃) ဘာဆက်ဖြစ်​မလဲ​ဆိုတာ ဗျာဒိတ် အခန်းကြီး ၁၉ မှာ ဖော်ပြထားတယ်။ လူမျိုးတော်ကို ကာကွယ်ဖို့၊ ရန်သူတွေကို နှိမ်နင်းဖို့ သားတော်ကို ယေဟောဝါ စေလွှတ်မယ်။ သစ္စာရှိ ကောင်းကင်တမန်တွေနဲ့ ၁၄၄,၀၀၀ ပါဝင်​ဖွဲ့စည်းထားတဲ့ “ကောင်းကင်ဗိုလ်ခြေတွေ” ယေရှုနဲ့​အတူ ပူးပေါင်းတိုက်ခိုက်မယ်။ (ဗျာ. ၁၇:၁၄။ ၁၉:၁၁-၁၅) စစ်ပွဲ​ရလဒ်က ဘာလဲ။ ယေဟောဝါကို ဆန့်ကျင်တဲ့ လူနဲ့ အဖွဲ့အစည်းအားလုံး လုံးဝ ဖျက်ဆီးခံရမယ်။ဗျာဒိတ် ၁၉:၁၉-၂၁ ကို ဖတ်ပါ။

စစ်ပွဲပြီးနောက် မင်္ဂလာပွဲ

၁၁။ ဗျာဒိတ်ကျမ်းရဲ့ အထွတ်အထိပ် ဖြစ်ရပ်က ဘာလဲ။

၁၁ ဘုရား​ရန်သူတွေ အပြီး ဖျက်ဆီးခံရတဲ့​အခါ မြေကြီးပေါ်က သစ္စာရှိသူတွေ လွတ်မြောက်လာကြလို့ ဘယ်လောက် ဝမ်းသာ​မလဲ​ဆိုတာ မြင်ယောင်ကြည့်ပါ။ မဟာဗာဗုလုန် ဖျက်ဆီးခံရလို့ ကောင်းကင်မှာ ကျယ်လောင်စွာ ကြွေးကြော်ကြမယ်။ ဒါပေမဲ့ နောက်ထပ် ပျော်ရွှင်စရာ​အကြောင်း ရှိသေးတယ်။ (ဗျာ. ၁၉:၁-၃) အဲဒါကတော့ ဗျာဒိတ်ကျမ်းရဲ့ အထွတ်အထိပ် ဖြစ်ရပ် “သိုးသငယ်ရဲ့ မင်္ဂလာပွဲ” ပါပဲ။—ဗျာ. ၁၉:၆-၉

၁၂။ ဗျာဒိတ် ၂၁:၁၊ ၂ အရ သိုးသငယ်ရဲ့ မင်္ဂလာပွဲ ဘယ်အချိန် ကျင်းပ​မလဲ။

၁၂ ဘယ်အချိန် မင်္ဂလာပွဲ ကျင်းပ​မလဲ။ အာမဂေဒုန်​စစ်ပွဲ မစခင်လေးမှာ ၁၄၄,၀၀၀ အားလုံး ကောင်းကင်ကို ရောက်နေကြမယ်။ ဒါပေမဲ့ သိုးသငယ်ရဲ့ မင်္ဂလာပွဲ ကျင်းပဖို့ အချိန်မတန်သေးဘူး။ (ဗျာဒိတ် ၂၁:၁၊ ၂ ကို ဖတ်ပါ။) အာမဂေဒုန်စစ်ပွဲ ပြီးနောက်၊ ဘုရားရန်သူအားလုံး ဖယ်ရှားခံရပြီးနောက်မှာမှ သိုးသငယ်ရဲ့ မင်္ဂလာပွဲကို ကျင်းပမှာ ဖြစ်တယ်။—ဆာ. ၄၅:၃၊ ၄၊ ၁၃-၁၇

၁၃။ သိုးသငယ်ရဲ့ မင်္ဂလာပွဲက ဘာဖြစ်မြောက်စေ​မလဲ။

၁၃ သိုးသငယ်ရဲ့ မင်္ဂလာပွဲက ဘာဖြစ်မြောက်စေ​မလဲ။ လက်ထပ်​မင်္ဂလာဟာ အမျိုးသားနဲ့ အမျိုးသမီးကို ပေါင်းစည်းပေးသလို ဒီပုံဆောင်​မင်္ဂလာပွဲက ဘုရင် ယေရှုခရစ်နဲ့ “သတို့သမီး” ၁၄၄,၀၀၀ ကို ပေါင်းစည်းပေးမယ်။ အဲဒီ​အချိန်က​စပြီး ကမ္ဘာမြေကို အစိုးရသစ် အနှစ် ၁၀၀၀ အုပ်ချုပ်မယ်။—ဗျာ. ၂၀:၆

ခမ်းနားတဲ့ မြို့တော်နဲ့ သင့်အနာဂတ်

“ဘုရားသခင်ဆီကနေ၊ ကောင်းကင်ကနေ ဆင်းလာတဲ့” ပုံဆောင် ဂျေရုဆလင်မြို့သစ်ဟာ နာခံမှု ရှိတဲ့ လူသားတွေအတွက် အနှစ် ၁၀၀၀ အတွင်း မရေတွက်နိုင်တဲ့ ကောင်းချီးတွေ ဆောင်ကြဉ်းပေးမယ့်အကြောင်း ဗျာဒိတ် အခန်းကြီး ၂၁ မှာ ဖော်ပြထား (စာပိုဒ် ၁၄-၁၆ ကို ကြည့်ပါ)

၁၄-၁၅။ ဗျာဒိတ် အခန်းကြီး ၂၁ မှာ ၁၄၄,၀၀၀ ကို ဘာနဲ့ ခိုင်းနှိုင်းထား​သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၁၄ ဗျာဒိတ် အခန်းကြီး ၂၁ မှာ ၁၄၄,၀၀၀ ကို အင်မတန် လှပတဲ့ မြို့တော် “ဂျေရုဆလင်မြို့သစ်” နဲ့ ခိုင်းနှိုင်းထားတယ်။ (ဗျာ. ၂၁:၂၊ ၉) အဲဒီမြို့ကို ‘သိုးသငယ်ရဲ့ တမန်တော် ၁၂ ယောက်ရဲ့ နာမည် ၁၂ ခု’ ရေးထားတဲ့ အုတ်မြစ်ကျောက် ၁၂ တုံးပေါ်မှာ တည်ဆောက်ထားတယ်။ ယောဟန် ဘာကြောင့် စိတ်ဝင်စားသွား​သလဲ။ ကျောက်တုံး တစ်တုံးပေါ်မှာ သူ့နာမည်ကို တွေ့လိုက်ရလို့ပါ။ တကယ့် အခွင့်ထူး​ပါပဲ။—ဗျာ. ၂၁:၁၀-၁၄။ ဧ. ၂:၂၀

၁၅ ပုံဆောင်​မြို့တော်ဟာ ထူးခြားတယ်။ ရွှေစင် လမ်းမ၊ ပုလဲ မြို့တံခါး ၁၂ ခု၊ ကျောက်မျက်မျိုးစုံ စီခြယ်ထားတဲ့ မြို့ရိုးနဲ့ မြို့ရိုး​အုတ်မြစ်တွေ ရှိတယ်။ အလျား၊ အနံ အတိုင်းအတာတွေ တူတယ်။ (ဗျာ. ၂၁:၁၅-၂၁) ဒါပေမဲ့ တစ်ခု လိုနေတယ်။ “မြို့တော်ထဲမှာ ဗိမာန်တော်ကို မတွေ့ရဘူး။ ဘာလို့လဲ​ဆိုတော့ အနန္တ​တန်ခိုးရှင် ယေဟောဝါ ဘုရားသခင်နဲ့ သိုးသငယ်ဟာ မြို့တော်ရဲ့ ဗိမာန်တော် ဖြစ်လို့ပဲ။ မြို့တော်ဟာ နေနဲ့ လရဲ့ အလင်းကို မလိုအပ်ဘူး။ ဘုရားသခင်ရဲ့ ဘုန်းတော်ကြောင့် မြို့တော် ထွန်းလင်းနေလို့ပဲ၊ သိုးသငယ်ဟာ မြို့တော်ရဲ့ မီးခွက် ဖြစ်တယ်” လို့ ယောဟန် ပြောတယ်။ (ဗျာ. ၂၁:၂၂၊ ၂၃) ဂျေရုဆလင်မြို့သစ်မှာ ပါဝင်သူတွေ ယေဟောဝါဆီ တိုက်ရိုက် ဝင်ထွက်ခွင့် ရကြမယ်။ (ဟီ. ၇:၂၇။ ဗျာ. ၂၂:၃၊ ၄) ယေဟောဝါနဲ့ ယေရှု​ကိုယ်တိုင်ဟာ မြို့တော်ရဲ့ ဗိမာန်တော်​ပါပဲ။

“မြစ်” နဲ့ ‘အပင်တွေ’ ပုံဆောင်တဲ့ ပြင်ဆင်ပေးချက်တွေကနေ ဘယ်သူတွေ အကျိုးရ​မလဲ (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)

၁၆။ ဘုရား​နိုင်ငံတော် အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်​အတွင်း လူသားတွေ ဘာခံစားရ​မလဲ။

၁၆ မြို့တော်​အကြောင်း စဉ်းစားရတာ ဘိသိက်ခံတွေ​အတွက် စိတ်လှုပ်ရှားစရာ​ပါပဲ။ မြေကြီး​မျှော်လင့်ချက် ရှိသူတွေလည်း စိတ်ဝင်စားသင့်တယ်။ ဘုရား​နိုင်ငံတော် အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်အတွင်း ဂျေရုဆလင်မြို့သစ်က မရေတွက်နိုင်တဲ့ ကောင်းချီးတွေ ဆောင်ကြဉ်းပေးမယ်။ “အသက်ရေ စီးဆင်းနေတဲ့ မြစ်” လို ကောင်းချီးတွေ စီးဆင်းနေတာ ယောဟန် မြင်တယ်။ မြစ်ကမ်း​နှစ်ဖက်မှာ “အသက်ပင်တွေ” ပေါက်နေတယ်။ အပင်ရဲ့ အရွက်တွေက “လူမျိုးတွေကို အနာရောဂါ ပျောက်ကင်းစေတယ်။” (ဗျာ. ၂၂:၁၊ ၂) အဲဒီအချိန်မှာ အသက်ရှင်နေတဲ့ လူသား​အားလုံး အဲဒီ​ပြင်ဆင်ပေးချက်တွေကနေ အကျိုးခံစားခွင့် ရှိမယ်။ နာခံမှု ရှိတဲ့ လူသား​အားလုံး တဖြည်းဖြည်း ပြည့်ဝ​စုံလင်လာမယ်။ ဖျားနာခြင်း၊ နာကျင်ခြင်း၊ ဝမ်းနည်း​မျက်ရည်တွေ မရှိတော့ဘူး။—ဗျာ. ၂၁:၃-၅

၁၇။ ဗျာဒိတ် ၂၀:၁၁-၁၃ အရ အနှစ်​တစ်ထောင် အုပ်ချုပ်မှုကနေ ဘယ်သူတွေ အကျိုးရ​မလဲ။

၁၇ အဲဒီ​အံ့ဖွယ်​ပြင်ဆင်ပေးချက်တွေကနေ ဘယ်သူတွေ အကျိုးရ​မလဲ။ ဦးဆုံး၊ အာမဂေဒုန်ကနေ လွတ်မြောက်လာတဲ့ လူအုပ်ကြီးနဲ့ ကမ္ဘာသစ်မှာ မွေးဖွားလာမယ့် ကလေးတွေ အကျိုးရမယ်။ ဒါ့အပြင် ဗျာဒိတ် အခန်းကြီး ၂၀ မှာ သေလွန်သူတွေလည်း ထမြောက်လာမယ်လို့ ကတိပြုထားတယ်။ (ဗျာဒိတ် ၂၀:၁၁-၁၃ ကို ဖတ်ပါ။) ဟိုးအရင်က သေဆုံးသွားတဲ့ သစ္စာရှိ ‘ဖြောင့်မတ်သူတွေ’ ရော၊ ယေဟောဝါ​အကြောင်း သင်ယူဖို့ အခွင့်အရေး အလုံအလောက် မရလိုက်တဲ့ “မဖြောင့်မတ်သူတွေ” ပါ မြေကြီးပေါ် အသက်​ပြန်ရှင်လာမယ်။ (တ. ၂၄:၁၅။ ယော. ၅:၂၈၊ ၂၉) အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်အတွင်း မြေကြီးပေါ် လူတိုင်း အသက်​ပြန်ရှင်လာမယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ မသေဆုံးခင် ယေဟောဝါကို ဝတ်ပြုဖို့ အခွင့်အရေးကို ခေါင်းမာမာ ငြင်းပယ်သူတွေ ပြန်ထမြောက်မှာ မဟုတ်ဘူး။ အခွင့်အရေး ရပါလျက်နဲ့ ပရဒိသု ကမ္ဘာမြေမှာ အသက်ရှင်ဖို့ ထိုက်တန်ကြောင်း သက်သေ​မပြခဲ့လို့ပဲ။—မ. ၂၅:၄၆။ ၂ သက်. ၁:၉။ ဗျာ. ၁၇:၈။ ၂၀:၁၅

နောက်ဆုံးရလဒ်

၁၈။ အနှစ် ၁၀၀၀ ကုန်တဲ့အခါ မြေကြီးပေါ်မှာ ဘယ်လို အခြေအနေ ရှိ​မလဲ။

၁၈ အနှစ် ၁၀၀၀ ကုန်တဲ့အခါ မြေကြီးပေါ် အသက်ရှင်သူ​အားလုံး ပြည့်ဝစုံလင်လာမယ်။ အာဒံဆီက အမွေရခဲ့တဲ့ အပြစ်ရဲ့ ဆိုးကျိုးကို ဘယ်သူမှ မခံစားရတော့ဘူး။ (ရော. ၅:၁၂) အာဒံ့အပြစ်ကြောင့် ကျိန်စာသင့်နေတာ ပျက်ပြယ်သွားမယ်။ အဲဒီသဘောနဲ့ အနှစ် ၁၀၀၀ အကုန်မှာ မြေကြီးပေါ်မှာ ပြည့်ဝစုံလင်တဲ့ လူသားတွေ “အသက်ရှင်ရလိမ့်မယ်။”—ဗျာ. ၂၀:၅

၁၉။ နောက်ဆုံးစမ်းသပ်မှု ဘာကြောင့် လိုအပ်​သလဲ။

၁၉ သစ္စာသမာဓိ ချိုးဖောက်ဖို့ စာတန် သွေးဆောင်တဲ့အခါ ယေရှု ငြင်းပယ်ခဲ့တယ်။ သစ္စာရှိရှိ ရပ်တည်ခဲ့တယ်။ စမ်းသပ်ဖို့ စာတန် နောက်တစ်ကြိမ် အခွင့်အရေး ရတဲ့အခါ ပြည့်ဝ​စုံလင်တဲ့ လူသား​အားလုံး ယေရှုလိုပဲ တုံ့ပြန်ကြ​မလား။ အနှစ် ၁၀၀၀ အကုန် တွင်းနက်ကြီးထဲကနေ စာတန် လွတ်လာချိန်မှာ ယောက်တိုင်း အဲဒီ​မေးခွန်းကို ဖြေရပါလိမ့်မယ်။ (ဗျာ. ၂၀:၇) ဒီနောက်ဆုံး​စမ်းသပ်မှုမှာ သစ္စာရှိသူတွေဟာ ထာဝရ​အသက်နဲ့ စစ်မှန်တဲ့ လွတ်လပ်မှု ရမယ်။ (ရော. ၈:၂၁) ပုန်ကန်သူတွေကတော့ မာရ်နတ်၊ နတ်ဆိုးတွေနဲ့အတူ ထာဝရ ဖျက်ဆီးခံရမယ်။—ဗျာ. ၂၀:၈-၁၀

၂၀။ ဗျာဒိတ်ကျမ်းမှာ ပါတဲ့ စိတ်လှုပ်ရှားဖွယ် ပရောဖက်ပြုချက်တွေနဲ့​ပတ်သက်ပြီး သင် ဘယ်လို ခံစားရ​သလဲ။

၂၀ ဗျာဒိတ်ကျမ်းကို အတိုချုပ် သုံးသပ်ပြီးနောက် ဘယ်လို ခံစားရ​သလဲ။ အံ့ဖွယ် ပရောဖက်ပြုချက်တွေမှာ သင် ပါဝင်​ပတ်သက်နေတဲ့​အတွက် စိတ်လှုပ်ရှားသွားတယ် မဟုတ်လား။ စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ တခြားသူတွေလည်း ပါဝင်လာဖို့ ဖိတ်ခေါ်ချင်နေမှာပဲ။ (ဗျာ. ၂၂:၁၇) ဒီအနာဂတ် ဖြစ်ရပ်တွေကို ဆွေးနွေးပြီးနောက်မှာ “အာမင်။ သခင်ယေရှု၊ ကြွလာပါ” လို့ ပြောခဲ့တဲ့ တမန်တော် ယောဟန်လို ပြောချင်နေမှာ သေချာပါတယ်။—ဗျာ. ၂၂:၂၀

သီချင်း ၂၇ ဘုရားသားများ ပေါ်ထွန်းခြင်း

[အောက်ခြေမှတ်ချက်]

^ ဗျာဒိတ်ကျမ်း​အကြောင်း ဒီနောက်ဆုံး ဆောင်းပါးမှာ ယေဟောဝါ​အပေါ် ဆက်သစ္စာရှိသူတွေ တောက်ပတဲ့ အနာဂတ် ပိုင်ဆိုင်ရမယ့်​အကြောင်း၊ ဘုရား​အုပ်ချုပ်မှု ငြင်းပယ်သူတွေ အရှက်တကွဲ ဇာတ်သိမ်းမယ့်​အကြောင်း သိရပါမယ်။