မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၃

မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ

မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ

“ယေဟောဝါဘုရားကို စိတ်စွမ်း ရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနဲ့ ချစ်ပါ။”—မ. ၂၂:၃၇

သီချင်း ၁၃၄ ဘုရားပေး သားသမီးများ

အကြိုသုံးသပ်ချက် *

၁-၂။ အခြေအနေ ပြောင်းသွားတဲ့အခါ ကျမ်းစာမူတချို့ ကိုယ့်​အတွက် အဓိပ္ပာယ် ပိုရှိလာပုံကို ရှင်းပြပါ။

 မင်္ဂလာဆောင်နေ့မှာ သတို့သားနဲ့ သတို့သမီးက ကျမ်းစာအခြေပြု မင်္ဂလာ ဟောပြောချက်ကို ဂရုတစိုက် နားထောင်နေကြတယ်။ ဟောပြောချက်မှာ ပါတဲ့ ကျမ်းစာမူတွေကို အရင်ကလည်း ကြားဖူးပြီးသား ဖြစ်ပေမဲ့ အခုတော့ သူတို့​အတွက် အဓိပ္ပာယ် ပိုရှိလာပြီ။ ကျမ်းစာမူတွေကို မောင်နှံစုံလိုက် လက်တွေ့ကျင့်ရတော့မှာမို့လို့ပဲ။

ခရစ်ယာန် မောင်နှံတွေ မိဘ ဖြစ်လာတဲ့အခါမှာလည်း အလားတူပါပဲ။ သားသမီး ပြုစုပျိုးထောင်ခြင်း​အကြောင်း နှစ်တွေတစ်လျှောက် ဟောပြောချက် အများကြီး ကြားဖူးတယ်။ ဒါပေမဲ့ အခုတော့ အဲဒီ​ကျမ်းစာမူတွေ သူတို့​အတွက် အဓိပ္ပာယ် ပိုရှိလာပြီ။ ကိုယ်တိုင် သားသမီး ပြုစုပျိုးထောင်ရတော့မှာမို့လို့ပဲ။ တကယ့် တာဝန်ကြီး​ပါပဲ။ အခြေအနေ ပြောင်းသွားတဲ့အခါ ကောင်းကောင်း သိထားပြီးသား ကျမ်းစာမူတွေ​အပေါ် အမြင် ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်ပြုသူတွေဟာ အစ္စရေး ဘုရင်တွေ မိန့်မှာခံခဲ့ရသလို ကျမ်းစာကို “တစ်သက်လုံး” ဖတ်ရှုဆင်ခြင်ကြတာ ဖြစ်တယ်။—တရား. ၁၇:၁၉

၃။ ဒီဆောင်းပါးမှာ ဘာ​အကြောင်း ဆွေးနွေးကြ​မလဲ။

မိဘတွေဟာ သားသမီးတွေကို ယေဟောဝါ​အကြောင်း သင်ပေးခြင်း​ဆိုတဲ့ အခွင့်ထူးကြီး ရထားတယ်။ ဘုရားကို သူတို့ သိရုံသာ မဟုတ်ဘဲ ချစ်လာအောင် ကူညီပေးချင်ကြမှာပဲ။ ဘယ်လို ကူညီပေးနိုင်​သလဲ။ ဒီဆောင်းပါးမှာ မိဘတွေကို ကူညီပေးနိုင်တဲ့ ကျမ်းစာမူ လေးခုကို ဆွေးနွေးပါမယ်။ (၂ တိ. ၃:၁၆) ခရစ်ယာန် မိဘတချို့ ကျမ်းစာ​အကြံဉာဏ်တွေ လက်တွေ့ကျင့်လို့ အကျိုးရခဲ့ပုံကိုလည်း ဆွေးနွေးပါမယ်။

မိဘတွေကို ကူညီပေးနိုင်တဲ့ ကျမ်းစာမူ လေးခု

ယေဟောဝါရဲ့ လမ်းညွှန်မှုကို အမြဲ ရှာခြင်း၊ စံနမူနာကောင်း ပြခြင်းက သားသမီးတွေ​အပေါ် ဘာကောင်းကျိုး သက်ရောက်​သလဲ (စာပိုဒ် ၄၊ ၈ ကို ကြည့်ပါ)

၄။ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ သွန်သင်ပေးရာမှာ မိဘတွေကို ကူညီပေးနိုင်တဲ့ ကျမ်းစာမူ တစ်ခုက ဘာလဲ။ (ယာကုပ် ၁:၅)

ကျမ်းစာမူ ၁။ ယေဟောဝါရဲ့ လမ်းညွှန်မှုကို ရှာပါ။ သားသမီးတွေ ဘုရားကို ချစ်လာအောင် ကူညီပေးနိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာကို ယေဟောဝါဆီကနေ တောင်းခံပါ။ (ယာကုပ် ၁:၅ ကို ဖတ်ပါ။) အကောင်းဆုံး အကြံဉာဏ်ကို ဘုရား ပေးနိုင်တယ်။ ​အကြောင်းရင်း အများကြီးထဲက နှစ်ခုကို သုံးသပ်ကြည့်ပါ။ ပထမ၊ ယေဟောဝါဟာ အတွေ့အကြုံ အရှိဆုံး မိဘ ဖြစ်တယ်။ (ဆာ. ၃၆:၉) ဒုတိယ၊ ဘုရားပေး ပညာရှိ အကြံဉာဏ်ဟာ အမြဲ ကောင်းကျိုး ဖြစ်ထွန်းစေတယ်။—ဟေရှာ. ၄၈:၁၇

၅။ (က) မိဘတွေကို ကူညီပေးဖို့ ယေဟောဝါရဲ့ အဖွဲ့အစည်း ဘာတွေ ပြင်ဆင်ပေးထား​သလဲ။ (ခ) ဗီဒီယိုမှာ ပါတဲ့ ညီအစ်ကိုနဲ့ ညီအစ်မ အာမိုရင်တို့ရဲ့ သားသမီး ပြုစုပျိုးထောင်ပုံကနေ ဘာသင်ယူရ​သလဲ။

သားသမီးတွေ ယေဟောဝါကို ချစ်လာအောင် ပြုစုပျိုးထောင်ရာမှာ မိဘတွေကို ကူညီပေးနိုင်တဲ့​အကြောင်းအရာတွေကို ကျမ်းစာ၊ အဖွဲ့အစည်းက​တစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ (မ. ၂၄:၄၅) ဥပမာ၊ နှစ်တွေတစ်လျှောက် နိုးလော့! မဂ္ဂဇင်းမှာ ထုတ်ဝေခဲ့တဲ့၊ အခု ဝက်ဘ်ဆိုက်မှာ ရနိုင်ပြီ ဖြစ်တဲ့ “မိသားစု​အတွက် အကူအညီ” ဆောင်းပါးတွဲမှာ လက်တွေ့ကျ အကြံဉာဏ်တွေ ရှာတွေ့နိုင်တယ်။ jw.org ဗီဒီယိုတွေက သားသမီး ပြုစု​ပျိုးထောင်တဲ့အခါ ယေဟောဝါရဲ့ အကြံဉာဏ်ကို လက်တွေ့ကျင့်ဖို့ မိဘတွေကို ကူညီပေးနိုင်တယ်။ *ပညာ. ၂:၄-၆

၆။ ယေဟောဝါရဲ့ အဖွဲ့အစည်းကနေ ရတဲ့ လမ်းညွှန်မှုနဲ့​ပတ်သက်ပြီး ဖခင်တစ်ဦး ဘယ်လို ခံစားရ​သလဲ။

အဖွဲ့အစည်းက​တစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးတဲ့ အကူအညီ​အတွက် မိဘများစွာ ကျေးဇူးတင်ကြောင်း ပြောကြတယ်။ ဖခင်တစ်ဦး ဖြစ်သူ ဂျိုးက “သားသမီး သုံးယောက်ကို အမှန်တရားထဲမှာ ပြုစု​ပျိုးထောင်ရတာ မလွယ်ဘူး။ ကူညီပေးဖို့ ယေဟောဝါဆီ ကျွန်တော်တို့ ဇနီးမောင်နှံ အမြဲ ဆုတောင်းတယ်။ ကြုံတွေ့နေရတဲ့ အခြေအနေကို ရင်ဆိုင်​ဖြေရှင်းဖို့ ဆောင်းပါး တစ်ပုဒ်၊ ဗီဒီယို တစ်ခု အချိန်ကိုက် ထွက်လာတယ်လို့ မကြာခဏ ခံစားရတယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှုကို ကျွန်တော်တို့ အမြဲ ရှာတယ်” လို့ ပြောတယ်။ အဲဒီ​ဆောင်းပါးတွေ၊ ဗီဒီယိုတွေက သားသမီးတွေကို ယေဟောဝါနဲ့ ရင်းနှီးလာစေတယ်လို့ ဂျိုးတို့ ဇနီးမောင်နှံ ခံစားကြရတယ်။

၇။ မိဘတွေ စံနမူနာကောင်း ပြဖို့ ဘာကြောင့် အရေးကြီး​သလဲ။ (ရောမ ၂:၂၁)

ကျမ်းစာမူ ၂။ စံနမူနာကောင်း ပြပါ။ သားသမီးတွေက မိဘတွေကို ဂရုတစိုက် ကြည့်ပြီး အတုယူတတ်ကြတယ်။ ပြည့်ဝ​စုံလင်တဲ့ မိဘရယ်လို့ မရှိပါဘူး။ (ရော. ၃:၂၃) ဒါပေမဲ့ ပညာရှိ မိဘတွေဟာ သားသမီးတွေ​အတွက် စံနမူနာကောင်း ပြဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ (ရောမ ၂:၂၁ ကို ဖတ်ပါ။) သားသမီးတွေနဲ့​ပတ်သက်ပြီး ဖခင်တစ်ဦး ဒီလို ပြောတယ်– “သားသမီးတွေဟာ ဘာမဆို စုပ်ယူတတ်တဲ့ ရေမြှုပ်နဲ့ တူတယ်။ ကျွန်တော်တို့ အပြောနဲ့ အလုပ် မညီရင် သူတို့ ထောက်လိမ့်မယ်။” ဒါကြောင့် သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့​ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ ဘုရား​အပေါ် ထားတဲ့ မေတ္တာ ခိုင်မာ၊ ထင်ရှားနေရမယ်။

၈-၉။ အန်ဒရူးနဲ့ အမ်မာတို့ရဲ့ စကားကနေ ဘာသင်ယူရ​သလဲ။

သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ မိဘတွေ သင်ပေးနိုင်တဲ့ နည်းများစွာ ရှိတယ်။ အသက် ၁၇ နှစ်အရွယ် အန်ဒရူး ဒီလို ပြောတယ်– “ဆုတောင်းဖို့ အရေးကြီးတယ်​ဆိုတာ မိဘတွေ အမြဲ သင်ပေးတယ်။ ညတိုင်း ကျွန်တော့်ဘာသာ ဆုတောင်းပြီးရင်တောင် အဖေ အတူ လာဆုတောင်းပေးတယ်။ ‘ယေဟောဝါဆီ ဘယ်နှကြိမ် ဖြစ်ဖြစ် ဆုတောင်းလို့ ရတယ်’ လို့ မိဘတွေ သင်ပေးတယ်။ ဒါကြောင့် ဆုတောင်းတာ ကျွန်တော့်​အတွက် အရေးပါလာတယ်။ ဆုတောင်းဖို့ ဝန်မလေးဘူး။ ယေဟောဝါကို မေတ္တာရှိတဲ့ ဖခင်​အဖြစ် မြင်တတ်လာတယ်။” မိဘတို့၊ ယေဟောဝါ​အပေါ် ထားတဲ့ သင်တို့ရဲ့ မေတ္တာက သားသမီးတွေ​အပေါ် ဩဇာ​သက်ရောက်ကြောင်း သတိရပါ။

အမ်မာရဲ့ အတွေ့အကြုံကိုလည်း စဉ်းစားကြည့်ပါ။ မိသားစုကို ဖခင် ထားခဲ့တော့ မိခင်​ဖြစ်သူ အကြွေးတွေနဲ့ ကျန်ခဲ့တယ်။ “အမေ ငွေကြေး ပြဿနာ ခဏခဏ ကြုံရတယ်။ ဒါပေမဲ့ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်၊ ထောက်မပေးတယ်​ဆိုတာ အမေ အမြဲ ပြောတယ်။ အဲဒီ​အချက်ကို တကယ် ယုံမှန်း အမေ့ရဲ့ အသက်တာကနေ သိရတယ်။ အမေက သွန်သင်တဲ့အတိုင်း တကယ် ကျင့်တယ်” လို့ အမ်မာ ပြောတယ်။ ဘာသင်ခန်းစာ ရ​သလဲ။ ခက်ခဲတဲ့ အခြေအနေမှာတောင် မိဘတွေ စံနမူနာကောင်း ပြပြီး သားသမီးတွေကို သွန်သင်ပေးနိုင်တယ်။—ဂလ. ၆:၉

၁၀။ သားသမီးတွေနဲ့ စကားပြောဖို့ အစ္စရေး မိဘတွေမှာ ဘာအခွင့်အရေးတွေ ရှိ​သလဲ။ (တရားဟောရာ ၆:၆၊ ၇)

၁၀ ကျမ်းစာမူ ၃။ သားသမီးတွေနဲ့ မှန်မှန် စကားပြောပါ။ သားသမီးတွေကို ဘုရား​အကြောင်း မှန်မှန် သွန်သင်ပေးဖို့ ရှေးအစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။ (တရားဟောရာ ၆:၆၊ ၇ ကို ဖတ်ပါ။) အစ္စရေး မိဘတွေဟာ သားသမီးတွေနဲ့ စကားပြောဖို့၊ ယေဟောဝါကို ချစ်လာအောင် ကူညီပေးဖို့ တစ်နေ့တာအတွင်း အခွင့်အရေး အများကြီး ရတယ်။ ဥပမာ၊ အစ္စရေး သားယောက်ျားလေးက ကောက်စိုက်ဖို့၊ ကောက်ရိတ်ဖို့ ဖခင်ကို ကူရတယ်။ သမီးက မိခင်နဲ့အတူ အချုပ်အလုပ်၊ အိမ်မှုကိစ္စတွေ လုပ်ရတယ်။ အဲဒီ​လို အတူတူ အလုပ်လုပ်တဲ့အချိန်တွေမှာ သားသမီးတွေကို အရေးကြီးတဲ့ ​အကြောင်းအရာတွေ ပြောပြနိုင်တယ်။ ဥပမာ၊ ယေဟောဝါရဲ့ ကောင်းမြတ်မှု အရည်အသွေး​အကြောင်း၊ မိသားစုကို ဘုရား ဘယ်လို ထောက်မပေးကြောင်း ပြောဆိုနိုင်ကြတယ်။

၁၁။ သားသမီးတွေနဲ့ ခရစ်ယာန် မိဘတွေ စကားပြောနိုင်တဲ့ အခွင့်အရေး တစ်ခုက ဘာလဲ။

၁၁ ခေတ်တွေ ပြောင်းသွားပြီ။ နိုင်ငံများစွာမှာ မိဘတွေ အလုပ် သွားပြီး သားသမီးတွေ ကျောင်းသွားရလို့ မိဘနဲ့ သားသမီး အချိန်မပေးနိုင်ကြတော့ဘူး။ ဒါကြောင့် သားသမီးတွေနဲ့ စကားပြောနိုင်ဖို့ မိဘတွေ အခွင့်အရေး ရှာရမယ်။ (ဧ. ၅:၁၅၊ ၁၆။ ဖိ. ၁:၁၀) အခွင့်အရေး တစ်ခုကတော့ မိသားစု ဝတ်ပြုမှုအချိန်​ပါပဲ။ လူငယ် ညီအစ်ကို အလက်ဇန်းဒါး ဒီလို ပြောတယ်– “အဖေက မိသားစု ဝတ်ပြုမှု​အတွက် အမြဲ အစီအစဉ် ဆွဲတယ်။ ဘာ​အကြောင်းကြောင့်မှ အပျက်မခံဘူး။ ဝတ်ပြုမှု ပြီးသွားရင်လည်း ကျွန်တော်တို့ စကားတွေ ထိုင်ပြောကြတယ်။”

၁၂။ မိသားစု ဝတ်ပြုမှုနဲ့​ပတ်သက်ပြီး အိမ်ထောင်ဦးစီး ဘာသတိရသင့်​သလဲ။

၁၂ မိသားစု ဝတ်ပြုမှုကို သားသမီးတွေ​အတွက် ပျော်စရာ ဖြစ်အောင် အိမ်ထောင်ဦးစီး ဘာလုပ်ပေးနိုင်​သလဲ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်သစ်ကို လေ့လာနိုင်တယ်။ ဒီစာအုပ်က သားသမီးတွေနဲ့ စကား​ဖောင်ဖွဲ့ဖို့ အခွင့်အရေးကောင်း ရစေတယ်။ သားသမီးတွေကို ခံစားချက်၊ စိုးရိမ်ပူပန်စရာတွေ ထုတ်ပြောစေချင်တယ်​ဆိုရင် မိသားစု ဝတ်ပြုမှုအချိန်အတွင်း ဆူပူ​ဆုံးမတာမျိုး မလုပ်ပါနဲ့။ ကျမ်းစာမူနဲ့ မညီတဲ့ သဘောထား​တစ်ခုခု သားသမီးတွေ ထုတ်ပြောလာရင် လွန်လွန်ကဲကဲ မတုံ့ပြန်ပါနဲ့။ ရိုးရိုးသားသား ပြောပြတာကိုပဲ ကျေးဇူးတင်ပါ။ နောက်လည်း လွတ်လွတ်လပ်လပ် ပြောဖို့ အားပေးပါ။ သားသမီးတွေရဲ့ ခံစားချက်​အမှန်ကို သိမှ အကောင်းဆုံး ကူညီပေးနိုင်မယ်။

ဖန်ဆင်းရာတွေ သုံးပြီး ယေဟောဝါရဲ့ အရည်အသွေးတွေ​အကြောင်း သားသမီးတွေကို မိဘတွေ ဘယ်လို သင်ပေးနိုင်​သလဲ (စာပိုဒ် ၁၃ ကို ကြည့်ပါ)

၁၃။ သားသမီးတွေ ယေဟောဝါနဲ့ ရင်းနှီးလာအောင် မိဘတွေ ကူညီပေးနိုင်တဲ့ နောက်အခွင့်အရေးက ဘာလဲ။

၁၃ မိဘတို့၊ ယေဟောဝါနဲ့ ရင်းနှီးလာအောင် သားသမီးတွေကို ကူညီပေးဖို့ အခွင့်အရေး ရှာပါ။ ကျမ်းစာသင်မယ့်အချိန်ထိ စောင့်နေစရာ မလိုပါဘူး။ မိခင်တစ်ဦး ဖြစ်တဲ့ လီဆာက “ဖန်ဆင်းရာတွေ သုံးပြီး သားသမီးတွေကို ယေဟောဝါ​အကြောင်း သင်ပေးတယ်။ ဥပမာ၊ အိမ်က ခွေးလေးရဲ့ အမူအရာ တစ်ခုခုကြောင့် ကလေးတွေ ရယ်မော​ပျော်ရွှင်ရတယ်​ဆိုရင် ဖန်ဆင်းရှင်ဟာ ပျော်ရွှင်တဲ့ ဘုရား ဖြစ်တယ်၊ လူတွေ ပျော်ရွှင်မှု ခံစားတတ်အောင် ဖန်ဆင်းထားတယ်​ဆိုတဲ့​အကြောင်း အမိအရ သင်ပေးတယ်” လို့ ပြောတယ်။

မိဘတို့၊ ကိုယ့်သားသမီးရဲ့ အပေါင်းအသင်းတွေကို သိပါသလား (စာပိုဒ် ၁၄ ကို ကြည့်ပါ) *

၁၄။ သားသမီးတွေ အပေါင်းအသင်းကို ပညာရှိရှိ ရွေးချယ်ဖို့ မိဘတွေ ဘာကြောင့် ကူညီပေးရ​မလဲ။ (ပညာအလိမ္မာ ၁၃:၂၀)

၁၄ ကျမ်းစာမူ ၄။ အပေါင်းအသင်းကောင်း ရွေးချယ်ဖို့ သားသမီးတွေကို ကူညီပေးပါ။ အပေါင်းအသင်းက ကိုယ့်​အပေါ် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (ပညာအလိမ္မာ ၁၃:၂၀ ကို ဖတ်ပါ။) မိဘတို့၊ ကိုယ့်သားသမီးရဲ့ အပေါင်းအသင်းတွေကို သိသလား။ တွေ့ဖူးသလား။ ပေါင်းကြည့်ဖူးသလား။ ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ သားသမီးတွေ မိတ်ဆွေ ဖြစ်လာဖို့ ဘယ်လို ကူညီပေးနိုင်​သလဲ။ (၁ ကော. ၁၅:၃၃) ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိသူတွေနဲ့ သားသမီးတွေ ပေါင်းဖြစ်အောင် စီစဉ်ပေးခြင်း​အားဖြင့် ကူညီပေးနိုင်တယ်။—ဆာ. ၁၁၉:၆၃

၁၅။ သားသမီးတွေ အပေါင်းအသင်းကောင်း ရှိလာဖို့ မိဘတွေ ဘယ်လို ကူညီပေးနိုင်​သလဲ။

၁၅ တိုနီလို့ ခေါ်တဲ့ ဖခင်​အကြောင်း သုံးသပ်ကြည့်ပါ။ မိတ်ဆွေကောင်း ဖွဲ့ဖို့ သားသမီးတွေကို သူတို့​ဇနီးမောင်နှံ ကူညီပေးတဲ့​အကြောင်း ဒီလိုပြောတယ်– “အသက်အရွယ်၊ နောက်ခံ အမျိုးမျိုး ရှိတဲ့ ညီအစ်ကို/မတွေကို အိမ်ခေါ်လည်တယ်။ အတူတူ စားသောက်ကြတယ်။ မိသားစု ဝတ်ပြုမှု လုပ်ကြတယ်။ ဒါက ယေဟောဝါကို ချစ်တဲ့သူ၊ ပျော်ရွှင်စွာ အမှုဆောင်နေသူတွေနဲ့ ရင်းနှီးစေမယ့် နည်းလမ်းကောင်း​ပါပဲ။ တိုက်နယ်​ကြီးကြပ်မှူးတွေ၊ သာသနာပြုတွေ၊ ညီအစ်ကို/မတွေကို အိမ်မှာ တည်းခွင့်ပေးတယ်။ သူတို့ရဲ့ အတွေ့အကြုံ၊ ထက်သန်မှု၊ ကိုယ်ကျိုးစွန့် စိတ်ဓာတ်က သားသမီးတွေ​အပေါ် အကြီးအကျယ် ဩဇာ​သက်ရောက်တယ်။ ယေဟောဝါနဲ့ ရင်းနှီးလာစေတယ်။” မိဘတို့၊ သားသမီးတွေ အပေါင်းအသင်းကောင်း ရှိလာအောင် ကူညီပေးဖို့ စိတ်ပိုင်းဖြတ်ထားပါ။

မျှော်လင့်ချက်ကို မစွန့်လွှတ်လိုက်ပါနဲ့

၁၆။ ယေဟောဝါကို မကိုးကွယ်ချင်ဘူးလို့ သားသမီး ပြောလာရင် ဘာလုပ်နိုင်​သလဲ။

၁၆ အတတ်နိုင်ဆုံး ကြိုးစား​သွန်သင်ပေးပေမဲ့ ယေဟောဝါကို မကိုးကွယ်ချင်ဘူးလို့ သားသမီး ပြောလာရင်ကော။ မိဘတာဝန် မကျေဘူးလို့ ကောက်ချက် မချပါနဲ့။ ဘုရားကို ကိုးကွယ်မလား၊ မကိုးကွယ်ဘူးလား​ဆိုတာ သားသမီးတွေ အပါအဝင် ကျွန်တော်တို့​အားလုံးကို ယေဟောဝါ လွတ်လပ်စွာ ရွေးချယ်ခွင့် ပြုထားတယ်။ ကိုယ့်သားသမီး ယေဟောဝါကို စွန့်ခွာသွားတယ်​ဆိုရင်တောင် တစ်နေ့ ပြန်လာမှာပါ​ဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်လိုက်ပါနဲ့။ ပျောက်တဲ့ သား ပုံဥပမာကို သတိရပါ။ (လု. ၁၅:၁၁-၁၉၊ ၂၂-၂၄) လူငယ်ဟာ လမ်းမှား ရောက်သွားပေမဲ့ နောက်ဆုံးမှာ ပြန်လှည့်လာတယ်။ “ဒါမျိုး ဇာတ်လမ်းထဲမှာပဲ ရှိတယ်။ လက်တွေ့မှာ ဖြစ်နိုင်လို့လား” လို့ တချို့ တွေးမိပါလိမ့်မယ်။ လက်တွေ့မှာလည်း ဖြစ်နိုင်ကြောင်း လူငယ် အီလီရဲ့ တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။

၁၇။ အီလီရဲ့ တွေ့ကြုံမှုက ဘာကြောင့် အားရှိစေ​သလဲ။

၁၇ မိဘတွေနဲ့​ပတ်သက်ပြီး အီလီ ဒီလိုပြောတယ်– “မိဘတွေက ယေဟောဝါနဲ့ ကျမ်းစာကို ကျွန်တော် ချစ်မြတ်နိုးလာအောင် အစွမ်းကုန် သင်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော် ဆယ်ကျော်သက်​အရွယ်​ရောက်တော့ ဆိုးသွမ်း​မိုက်မဲလာတယ်။” အီလီက မိဘတွေရှေ့​တစ်မျိုး ကွယ်ရာ​တစ်မျိုး ပြုမူ​နေထိုင်တယ်။ မိဘတွေရဲ့ အကူအညီကို လက်မခံဘူး။ အိမ်က ထွက်လာပြီးနောက် မကောင်းတာတွေ လုပ်တယ်။ ဒါပေမဲ့ တစ်ခါတလေ သူငယ်ချင်း တစ်ယောက်နဲ့ ကျမ်းစာ​အကြောင်း ဆွေးနွေးဖြစ်တယ်။ “ယေဟောဝါ​အကြောင်း သူငယ်ချင်းကို ပြောပြလေလေ ကျွန်တော်လည်း ယေဟောဝါ​အကြောင်း စဉ်းစားလာလေလေ​ပါပဲ။ ကျွန်တော့်​ရင်ထဲမှာ ငုပ်လျှိုးနေတဲ့၊ မိဘတွေ ကြိုးစား​သင်ပေးခဲ့တဲ့ ကျမ်းစာ​အမှန်တရားတွေက တဖြည်းဖြည်း ပြန်လည်​နိုးထလာတယ်” လို့ အီလီ ပြောတယ်။ နောက်ဆုံးမှာ အမှန်တရားထဲ ပြန်ရောက်လာတယ်။ * ယေဟောဝါကို ချစ်ဖို့ ငယ်ငယ်ကတည်းက ကြိုးစား​သင်ပေးခဲ့လို့ မိဘတွေ ဘယ်လောက် ဝမ်းသာ​မလဲ​ဆိုတာ မြင်ယောင်ကြည့်ပါ။—၂ တိ. ၃:၁၄၊ ၁၅

၁၈။ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကြိုးစားသွန်သင်ပေးတဲ့ မိဘတွေနဲ့​ပတ်သက်ပြီး သင် ဘယ်လို ခံစားရ​သလဲ။

၁၈ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်လာမယ့် မျိုးဆက်သစ် တစ်ယောက်ကို ပြုစု​ပျိုးထောင်ဖို့​ဆိုတဲ့ အခွင့်ထူး မိဘတွေ ရထားတယ်။ (ဆာ. ၇၈:၄-၆) လွယ်ကူတဲ့ တာဝန် မဟုတ်လို့ သင်တို့ရဲ့ ကြိုးစား​အားထုတ်မှုကို တကယ် ချီးမွမ်းပါတယ်။ ယေဟောဝါကို ချစ်လာဖို့၊ ဘုရားရဲ့ သွန်သင်ချက်၊ လမ်းညွှန်ချက်တွေကို နာခံဖို့ သားသမီးတွေကို အတတ်နိုင်ဆုံး ဆက်ကူညီပေးရင် ကောင်းကင်ဘုံစံ မေတ္တာရှင် အဖ ကျေနပ်​ဝမ်းသာမယ်​ဆိုတာ စိတ်ချနိုင်ပါတယ်။—ဧ. ၆:၄

သီချင်း ၁၃၅ ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်– ‘ငါ့သား၊ ပညာရှိပါ’

^ ခရစ်ယာန် မိဘတွေဟာ သားသမီးတွေကို သိပ်ချစ်တယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း လိုအပ်ချက်တွေ ဂရုစိုက်ပေးတယ်။ ပိုအရေးကြီးတာက ယေဟောဝါကို ချစ်လာဖို့ အတတ်နိုင်ဆုံး ကူညီပေးကြတယ်။ သားသမီး ပြုစု​ပျိုးထောင်ရာမှာ မိဘတွေကို ကူညီပေးနိုင်တဲ့ ကျမ်းစာမူ လေးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ ၂၀၁၂၊ ဧပြီ ၁ ရက်ထုတ် ကင်းမျှော်စင်သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်” ဆောင်းပါးကို ကြည့်ပါ။

^ ပုံအညွှန်း– သားဖြစ်သူရဲ့ သူငယ်ချင်း​အကြောင်း သိချင်လို့ ဖခင်တစ်ဦး သားနဲ့၊ သားရဲ့ သူငယ်ချင်းနဲ့အတူ ဘတ်စကတ်ဘော ကစားနေ။