မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၂

အသက်တာကို လမ်းညွှန်ပေးတဲ့ ဉာဏ်ပညာ

အသက်တာကို လမ်းညွှန်ပေးတဲ့ ဉာဏ်ပညာ

“ယေဟောဝါက ဉာဏ်ပညာကို ပေးတယ်။”—ပညာ. ၂:၆

သီချင်း ၈၉ နားထောင်၊ နာခံ၊ ကောင်းချီးစံ

အကြိုသုံးသပ်ချက် *

၁။ ကျွန်တော်တို့အားလုံး ဘုရားပေး ဉာဏ်ပညာ ဘာကြောင့် လိုအပ်​သလဲ။ (ပညာအလိမ္မာ ၄:၇)

 အရေးကြီး ဆုံးဖြတ်ချက် ချရတော့မယ်​ဆိုရင် ဉာဏ်ပညာ ရဖို့ သေချာပေါက် ဆုတောင်းမှာပဲ။ (ယာ. ၁:၅) “ဉာဏ်ပညာဟာ အရေးကြီးဆုံးပဲ” လို့ ဘုရင် ရှောလမုန် ရေးတယ်။ (ပညာအလိမ္မာ ၄:၇ ကို ဖတ်ပါ။) ယေဟောဝါ​ဘုရားဆီက လာတဲ့ ဉာဏ်ပညာ​အကြောင်း ရှောလမုန် ပြောနေတာ။ (ပညာ. ၂:၆) ဒါပေမဲ့ ဘုရားဆီက လာတဲ့ ဉာဏ်ပညာက ဒီနေ့ခေတ် ပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေးနိုင်​မလား။ ကူညီနိုင်ပါတယ်။ အဲဒီ​အကြောင်း ဒီဆောင်းပါးမှာ လေ့လာပါမယ်။

၂။ ကျွန်တော်တို့ အမှန်တကယ် ဉာဏ်ပညာ ရှိလာနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။

ကျွန်တော်တို့ အမှန်တကယ် ဉာဏ်ပညာ ရှိလာနိုင်တဲ့ နည်းကတော့ ပညာရှိ ပုဂ္ဂိုလ် နှစ်ယောက်ရဲ့ သွန်သင်ချက်တွေကို လေ့လာ​ကျင့်သုံးခြင်း​အားဖြင့်​ပါပဲ။ ဦးဆုံး၊ ရှောလမုန်​အကြောင်း ဆွေးနွေးပါမယ်။ “ဘုရားသခင်က ရှောလမုန်ကို အတိုင်းမသိ များပြားတဲ့ ဉာဏ်ပညာနဲ့ ပိုင်းခြား​သိမြင်မှု ပေးသနားတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဘု. ၄:၂၉) ပြီးနောက်၊ တုနှိုင်းလို့ မရတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ထားတဲ့ ယေရှု​အကြောင်း ဆွေးနွေးပါမယ်။ (မ. ၁၂:၄၂) ယေရှုနဲ့​ပတ်သက်ပြီး ကျမ်းစာမှာ “ယေဟောဝါရဲ့ စွမ်းအားတော်က သူ့အပေါ်မှာ တည်နေမယ်။ ဒါကြောင့် သူဟာ ဉာဏ်ပညာနဲ့ ပြည့်စုံပြီး သိနားလည်နိုင်စွမ်း ကြွယ်ဝမယ်” လို့ ကြိုဟောထားတယ်။—ဟေရှာ. ၁၁:၂

၃။ ဒီဆောင်းပါးမှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

ဘုရားပေး ဉာဏ်ပညာ​အားဖြင့် ရှောလမုန်နဲ့ ယေရှု နှစ်ယောက်စလုံး ကျွန်တော်တို့အတွက် အရေးပါတဲ့ အရာတွေနဲ့​ပတ်သက်ပြီး လက်တွေ့ကျ အကြံဉာဏ်တွေ ပေးခဲ့တယ်။ ငွေ၊ အလုပ်၊ ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ခြင်းနဲ့​ပတ်သက်တဲ့ ကဏ္ဍ​သုံးခုကို ဆွေးနွေးသွားပါမယ်။

ငွေကို မျှမျှတတ ရှုမြင်ခြင်း

၄။ ရှောလမုန်နဲ့ ယေရှုရဲ့ ရုပ်ပစ္စည်း အခြေအနေ ဘယ်လို ကွာခြား​သလဲ။

ရှောလမုန်ဟာ ကျိကျိတက် ချမ်းသာပြီး ဇိမ်ကျကျ နေထိုင်ခဲ့သူ ဖြစ်တယ်။ (၁ ဘု. ၁၀:၇၊ ၁၄၊ ၁၅) ယေရှုကတော့ ပိုင်ဆိုင်ရာ အနည်းငယ်သာ ရှိပြီး ကိုယ်ပိုင်​အိမ်တောင် မရှိခဲ့ဘူး။ (မ. ၈:၂၀) ဒါပေမဲ့ ဘုရားပေး ဉာဏ်ပညာကြောင့် သူတို့ နှစ်ဦးစလုံး ပစ္စည်းဥစ္စာတွေ​အပေါ် မျှတတဲ့ အမြင် ရှိကြတယ်။

၅။ ငွေ​အပေါ် ရှောလမုန် ဘယ်မျှတတဲ့ အမြင် ရှိ​သလဲ။

‘ငွေက ကာကွယ်ပေးတယ်’ ​ဆိုတာ ရှောလမုန် အသိအမှတ်ပြုတယ်။ (ဒေ. ၇:၁၂) ငွေနဲ့ ဘဝ​လိုအပ်ရာတွေ၊ လိုချင်ရာတွေ ဝယ်နိုင်တယ်။ ဒါပေမဲ့ ငွေထက် ပိုအရေးကြီးတာတွေ ရှိတယ်​ဆိုတာ ကြွယ်ဝ​ချမ်းသာသူ ရှောလမုန် သဘောပေါက်တယ်။ ဥပမာ၊ “ချမ်းသာ​ကြွယ်ဝဖို့ထက် နာမည်ကောင်း ရဖို့ ရွေးချယ်သင့်တယ်” လို့ ရေးခဲ့တယ်။ (ပညာ. ၂၂:၁) ငွေမက်သူတွေဟာ ရှိတာနဲ့ မရောင့်ရဲတတ်မှန်း ရှောလမုန် သတိထားမိတယ်။ (ဒေ. ၅:၁၀၊ ၁၂) ငွေဟာ မျက်စိ​တစ်မှိတ်အတွင်း ပျောက်သွားတတ်လို့ ငွေကို အရေးပါဆုံး​အရာလို့ မမြင်သင့်ကြောင်းလည်း သတိပေးခဲ့တယ်။—ပညာ. ၂၃:၄၊ ၅

ရုပ်ပစ္စည်းနဲ့​ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထားက ဘဝမှာ နိုင်ငံတော်ကို ဦးစားထားဖို့ အခက်တွေ့စေ​သလား (စာပိုဒ် ၆-၇ ကို ကြည့်ပါ) *

၆။ ပစ္စည်းဥစ္စာကို ယေရှု ဘယ်လို မျှမျှတတ ရှုမြင်​သလဲ။ (မဿဲ ၆:၃၁-၃၃)

ယေရှုဟာ ပစ္စည်းဥစ္စာနဲ့​ပတ်သက်ပြီး မျှတတဲ့ အမြင် ရှိတယ်။ စားတာ၊ သောက်တာကို နှစ်ခြိုက်တယ်။ (လု. ၁၉:၂၊ ၆၊ ၇) ဦးဆုံး​အံ့ဖွယ်​အမှုမှာ စပျစ်ဝိုင် အကောင်းစားကို လုပ်ပေးခဲ့တယ်။ (ယော. ၂:၁၀၊ ၁၁) သေဆုံးတဲ့နေ့မှာ ဝတ်ထားတဲ့ အင်္ကျီကလည်း တန်ဖိုးကြီး အင်္ကျီ ဖြစ်တယ်။ (ယော. ၁၉:၂၃၊ ၂၄) ဒါပေမဲ့ ပစ္စည်းဥစ္စာကို ဘဝမှာ ဦးစားမထားဘူး။ “ဘယ်သူမှ သခင်​နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။ . . . ခင်ဗျားတို့လည်း ဘုရားသခင်​အတွက်ရော စည်းစိမ်​အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး” လို့ နောက်လိုက်တွေကို ပြောတယ်။ (မ. ၆:၂၄) နိုင်ငံတော်ကို ဦးစားထားမယ်​ဆိုရင် လိုအပ်ရာတွေ ယေဟောဝါ ဖြည့်ဆည်းပေးမယ်လို့လည်း သင်ပေးတယ်။မဿဲ ၆:၃၁-၃၃ ကို ဖတ်ပါ။

၇။ ငွေကို မျှမျှတတ ရှုမြင်လို့ ညီအစ်ကို​တစ်ယောက် ဘယ်လို အကျိုးရ​သလဲ။

ငွေနဲ့​ပတ်သက်ပြီး ယေဟောဝါရဲ့ အကြံဉာဏ်ကို လိုက်နာ​ကျင့်သုံးလို့ ညီအစ်ကို/မ​များစွာ အကျိုးရကြတယ်။ တစ်ကိုယ်ရေ ညီအစ်ကို ဒန်နီယယ်​အကြောင်း သုံးသပ်ကြည့်ပါ။ “ဆယ်ကျော်သက်​အရွယ်မှာ ဘုရားရေးရာကို ဦးစားထားဖို့ ဆုံးဖြတ်ခဲ့တယ်” လို့ ပြောတယ်။ ဘဝကို ရိုးရိုးရှင်းရှင်း ထားလို့ အချိန်နဲ့ စွမ်းရည်တွေကို ယေဟောဝါအတွက် အသုံးပြုနိုင်ခဲ့တယ်။ “ဒီလို ဆုံးဖြတ်ခဲ့လို့ ဘယ်တော့မှ နောင်တ​မရဘူး။ ငွေရှာဖို့ ဦးစားထားခဲ့ရင် ငွေတော့ ရမယ်။ ဒါပေမဲ့ အခု ရထားတဲ့ မိတ်ဆွေကောင်းတွေတော့ ရမှာ မဟုတ်ဘူး။ နိုင်ငံတော်ကို ဦးစားထားနေတယ်​ဆိုတဲ့ အသိကြောင့် ရတဲ့ ကျေနပ်မှုမျိုး ငွေက မပေးနိုင်ဘူး။ ယေဟောဝါ ပေးထားတဲ့ ကောင်းချီးတွေကို ငွေနဲ့ ဝယ်လို့ မရဘူး” လို့ ဒန်နီယယ် ပြောတယ်။ ငွေကို မဟုတ်ဘဲ ဘုရား​အမှုဆောင်ခြင်းကို အာရုံစိုက်မယ်​ဆိုရင် ကျွန်တော်တို့ အကျိုးရမှာ သေချာပါတယ်။

အလုပ်ကို မျှမျှတတ ရှုမြင်ခြင်း

၈။ အလုပ်နဲ့​ပတ်သက်ပြီး ရှောလမုန် မျှတတဲ့ အမြင် ရှိတယ်​ဆိုတာ ဘယ်လို သိရ​သလဲ။ (ဒေသနာ ၅:၁၈၊ ၁၉)

ကြိုးစား​ပမ်းစား လုပ်ကိုင်မှုကနေ ရတဲ့ ပျော်ရွှင်​ကျေနပ်မှုကို “ဘုရားဆီက ရတဲ့ လက်ဆောင်” လို့ ရှောလမုန် ခေါ်တယ်။ (ဒေသနာ ၅:၁၈၊ ၁၉ ကို ဖတ်ပါ။) “ကြိုးစား​ပမ်းစား လုပ်တဲ့ အလုပ် မှန်သမျှ အကျိုးရှိတယ်” လို့လည်း ရေးတယ်။ (ပညာ. ၁၄:၂၃) အဲဒီ​စကားတွေ မှန်ကန်ကြောင်း ရှောလမုန် အသေအချာ သိတယ်။ ရှောလမုန်ဟာ အလုပ်​ကြိုးစားသူ ဖြစ်တယ်။ နန်းတော်တွေ ဆောက်တယ်။ စပျစ်ခြံတွေ၊ ဥယျာဉ်ပန်းခြံတွေ စိုက်ပျိုးတယ်။ ရေကန်တွေ ဆောက်တယ်။ မြို့တွေ တည်တယ်။ (၁ ဘု. ၉:၁၉။ ဒေ. ၂:၄-၆) ခက်ခဲ​ပင်ပန်းပေမဲ့ ကျေနပ်​ပျော်ရွှင်မှာ သေချာတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ပဲ စစ်မှန်တဲ့ ပျော်ရွှင်မှု မရနိုင်မှန်း ရှောလမုန် သိတယ်။ ဒါကြောင့် ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာလည်း ပါဝင်ခဲ့တယ်။ ဥပမာ၊ ယေဟောဝါရဲ့ ဝတ်ပြုရေး​အတွက် ခမ်းနားလှတဲ့ ဗိမာန်တော် ဆောက်လုပ်ရေး ခုနစ်နှစ် စီမံကိန်းကြီးကို ကြီးကြပ်ပေးတယ်။ (၁ ဘု. ၆:၃၈။ ၉:၁) လောက​အလုပ်ကော ဘုရားရေးရာ အလုပ်တွေပါ လုပ်ဆောင်ပြီးနောက်မှာတော့ ဘုရား​အမှုဆောင်ခြင်းကသာ အရေးပါဆုံး ဖြစ်မှန်း ရှောလမုန် သဘောပေါက်သွားတယ်။ “အကြောင်းစုံ ပြောပြီးပြီ။ အနှစ်ချုပ် ပြောရရင်တော့ စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေပြီး ပညတ်ချက်တွေကို လိုက်နာပါ” လို့ ပြောတယ်။—ဒေ. ၁၂:၁၃

၉။ အလုပ်နဲ့​ပတ်သက်ပြီး ယေရှု ဘယ်မျှတတဲ့ အမြင် ရှိ​သလဲ။

ယေရှုဟာ အလုပ်​ကြိုးစားသူ ဖြစ်တယ်။ မြေကြီး​အသက်တာ အစောပိုင်းတုန်းက လက်သမား လုပ်ခဲ့တယ်။ (မာ. ၆:၃) မိသားစုကြီးရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးရာမှာ ယေရှု ဝိုင်းကူညီလို့ မိဘတွေ ကျေးဇူးတင်ကြမှာပဲ။ စုံလင်သူ ဖြစ်လို့ လက်ရာကောင်းတဲ့ ယေရှုဆီမှာ လူတွေ တော်တော် အလုပ်​လာအပ်ကြမှာပဲ။ ဒီအလုပ်ကို ယေရှု ကြိုက်ပုံရတယ်။ ဒါပေမဲ့ ဝီရိယ​ရှိရှိ အလုပ်လုပ်ရင်း ဝတ်ပြုရေး​အတွက်လည်း အချိန်​ဖယ်ထားတယ်။ (ယော. ၇:၁၅) နောက်ပိုင်း၊ အချိန်ပြည့် ဟောပြောသူ ဖြစ်လာပြီးနောက် “ပျက်စီးတတ်တဲ့​အစာကို မဟုတ်ဘဲ ထာဝရ​အသက် ရစေတဲ့ အစာကို ရဖို့ ကြိုးစားကြပါ” လို့ ပြောတယ်။ (ယော. ၆:၂၇) တောင်ပေါ် တရားတော်မှာလည်း “ကောင်းကင်​ဘဏ္ဍာကိုပဲ စုဆောင်းကြပါ” လို့ ပြောတယ်။—မ. ၆:၂၀

လောကအလုပ်နဲ့ ဝတ်ပြုရေး လုပ်ဆောင်မှုတွေကို ဘယ်လို မျှတစေနိုင်​သလဲ (စာပိုဒ် ၁၀-၁၁ ကို ကြည့်ပါ) *

၁၀။ အလုပ်မှာ ဘာအခက်အခဲ ကြုံရနိုင်​သလဲ။

၁၀ အလုပ်မှာ မျှတတဲ့ အမြင် ရှိဖို့ ဘုရားပေး ဉာဏ်ပညာက ကျွန်တော်တို့ကို ကူညီပေးတယ်။ “ကောင်းတဲ့​အလုပ်ကို . . . ကြိုးစား​လုပ်ဆောင်” ဖို့ ခရစ်ယာန်တွေ အားပေးခံရတယ်။ (ဧ. ၄:၂၈) ကျွန်တော်တို့ ရိုးသား​ကြိုးစားတာကို အလုပ်ရှင်တွေ သတိထားမိလေ့​ရှိတယ်။ အလုပ်လုပ်ပုံကို သဘောကျတယ်လို့ ပြောကောင်း ပြောကြမယ်။ ယေဟောဝါသက်သေတွေကို အကောင်းမြင်စေချင်တဲ့ စိတ်ရင်းနဲ့ ကျွန်တော်တို့ အချိန်ပိုတွေ လုပ်မိနိုင်တယ်။ ဒါပေမဲ့ မိသားစု​တာဝန်၊ ဝတ်ပြုရေး​တာဝန်တွေကို တဖြည်းဖြည်း လျစ်လျူရှုမိလာနိုင်တယ်။ မျှမျှတတ ရှိဖို့ ကျွန်တော်တို့ အပြောင်းအလဲတွေ လုပ်ရမယ်။

၁၁။ ညီအစ်ကို​တစ်ယောက် အလုပ်​အပေါ် မျှတတဲ့ အမြင် ရှိခြင်းနဲ့​ပတ်သက်ပြီး ဘာသိခဲ့ရ​သလဲ။

၁၁ ဝီလျံလို့ ခေါ်တဲ့ လူငယ် ညီအစ်ကိုဟာ အလုပ်ကို သူ့နေရာနဲ့သူ ထားခြင်းရဲ့ တန်ဖိုး​အကြောင်း သိခဲ့တယ်။ အလုပ်ရှင်ဟောင်း အကြီးအကဲနဲ့​ပတ်သက်ပြီး “[အဲဒီ​ညီအစ်ကို] က အလုပ်​စည်းကမ်းအတိုင်း ဟန်ချက်ညီညီ လုပ်ဆောင်တဲ့​နေရာမှာ တကယ့်ကို စံထားလောက်တယ်။ အလုပ်လည်း ကြိုးစားတယ်၊ လုပ်ရည်ကိုင်ရည်လည်း ရှိလို့ အလုပ်​လာအပ်တဲ့သူတွေနဲ့လည်း အဆင်ပြေတယ်။ ဒါပေမဲ့ တစ်နေ့တာ အလုပ်ပြီးသွားရင်တော့ အလုပ်တွေကို မေ့ထားပြီး မိသားစုနဲ့ ဝတ်ပြုရေးကို အချိန်ပေးရမယ်​ဆိုတာ ကောင်းကောင်း သိတယ်။ ကျွန်တော် သိတဲ့​လူတွေထဲမှာ သူဟာ အပျော်ဆုံးလူ​ပါပဲ” လို့ ဝီလျံ ပြောတယ်။ *

ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ခြင်း

၁၂။ ရှောလမုန် ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ကြောင်း ဘယ်လို ပြခဲ့​သလဲ။ အဲဒီ​သဘောထား ဘယ်လို ပျောက်သွား​သလဲ။

၁၂ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုကိုးကွယ်တုန်းက ရှောလမုန်ဟာ ကိုယ့်ကိုယ်ကိုယ် မျှတတဲ့ အမြင် ရှိတယ်။ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ကန့်သတ်ချက်တွေကို ကျိုးနွံစွာ အသိအမှတ်ပြုပြီး ယေဟောဝါရဲ့ လမ်းညွှန်မှု တောင်းခံတယ်။ (၁ ဘု. ၃:၇-၉) မာနကြီးခြင်းရဲ့ အန္တရာယ်ကို နန်းသက် အစောပိုင်းမှာ သတိထားမိတယ်။ “မာနရဲ့ နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။ မောက်မာတဲ့​စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်” လို့ ရေးခဲ့တယ်။ (ပညာ. ၁၆:၁၈) ဝမ်းနည်းစရာက အဲဒီ​အကြံဉာဏ်ကို ကိုယ်တိုင် လျစ်လျူရှုခဲ့တယ်။ နောက်ပိုင်း၊ မာနကြီးလာပြီး ဘုရားရဲ့ တောင်းဆိုချက်တွေကို မနာခံတော့ဘူး။ ဥပမာ၊ ဟီဘရူး ဘုရင်ဟာ “စိတ်နှလုံး လမ်းမလွဲရလေအောင် မိဖုရား အများကြီး မထားရဘူး” ဆိုပြီး ပညတ်ကျမ်းမှာ ဖော်ပြထားတယ်။ (တရား. ၁၇:၁၇) အဲဒီ​ပညတ်ကို ရှောလမုန် အရေးမစိုက်ဘဲ မိဖုရား ၇၀၀၊ မောင်းမ ၃၀၀ ယူခဲ့တယ်။ သူတို့ထဲက အများစုဟာ အယူမှား ဘာသာဝင်တွေ ဖြစ်တယ်။ (၁ ဘု. ၁၁:၁-၃) ဘာပြဿနာမှ မဖြစ်လောက်ပါဘူးလို့ ရှောလမုန် ယူဆခဲ့တာ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ဘုရားကို မနာခံခြင်းရဲ့ ဆိုးကျိုးတွေ ခံစားခဲ့ရတယ်။—၁ ဘု. ၁၁:၉-၁၃

၁၃။ ယေရှုရဲ့ နှိမ့်ချတဲ့ သဘောထားကနေ ဘာသင်ယူနိုင်​သလဲ။

၁၃ ယေရှုဟာ ကိုယ့်ကိုယ်ကိုယ် မျှတစွာ၊ နှိမ့်ချစွာ ရှုမြင်တယ်။ လူသားဘဝ မတိုင်ခင်တုန်းက ယေဟောဝါရဲ့ အမှုတော်မှာ အများကြီး လုပ်ဆောင်ခဲ့တယ်။ ယေရှုကို သုံးပြီး ‘ဘုရားသခင်က ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ ရှိရှိသမျှ ဖန်ဆင်းခဲ့တယ်။’ (ကော. ၁:၁၆) ယေရှု နှစ်ခြင်းခံချိန်မှာ ဖခင်နဲ့ အတူရှိတုန်းက လုပ်ဆောင်​ပြီးမြောက်ခဲ့တာတွေကို ပြန်မှတ်မိလာတယ်။ (မ. ၃:၁၆။ ယော. ၁၇:၅) ဒါပေမဲ့ မာနတက်မသွားဘူး။ ကိုယ့်ကိုယ်ကိုယ် တခြားသူထက် သာတယ်လို့ တစ်ခါမှ သဘောမထားဘူး။ မိမိ မြေကြီးပေါ်လာတာဟာ “သူတစ်ပါးကို စေခိုင်းဖို့ လာတာ မဟုတ်ဘူး။ သူတစ်ပါး အစေကို ခံပြီး လူအများ​အတွက် ရွေးဖိုးအဖြစ် အသက်ကို ပေးဖို့ ရောက်လာတာ” လို့ နောက်လိုက်တွေကို ပြောတယ်။ (မ. ၂၀:၂၈) ကိုယ်တိုင် အစပြုပြီး ဘာတစ်ခုမှ မလုပ်ဆောင်နိုင်ဘူးလို့လည်း ကျိုးနွံစွာ ဝန်ခံတယ်။ (ယော. ၅:၁၉) တကယ့်ကို နှိမ့်ချသူ​ပါပဲ။ ကျွန်တော်တို့ လိုက်လျှောက်သင့်တဲ့ စံနမူနာကောင်း​ပါပဲ။

၁၄။ ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံ ရှုမြင်ခြင်းနဲ့​ပတ်သက်ပြီး ယေရှု ဘာသင်ပေး​သလဲ။

၁၄ ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံ ရှုမြင်ဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးတယ်။ တစ်ကြိမ်မှာ “ခင်ဗျားတို့ရဲ့ ဆံပင်တွေကိုတောင် အကုန် ရေတွက်ထားတယ်” လို့ ပြောတယ်။ (မ. ၁၀:၃၀) အဲဒီ​စကားက အထူးသဖြင့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်လာတဲ့အခါမျိုးမှာ စိတ်အေးစေတယ်။ ကျွန်တော်တို့ကို ကောင်းကင်ဖခင် တကယ် စိတ်ဝင်စားတယ်၊ တန်ဖိုးထားတယ်​ဆိုတဲ့သဘော ဖြစ်လို့ပဲ။ ယေဟောဝါက မိမိကို ဝတ်ပြုကိုးကွယ်ဖို့ ခွင့်ပြုတယ်၊ ကမ္ဘာသစ်မှာ ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်ဖို့ ထိုက်တန်တယ်လို့ ယူဆမှတော့ ဘုရားရဲ့ ဆုံးဖြတ်ချက်ကို သံသယ မဝင်သင့်ဘူး။

ကိုယ့်ကိုယ်ကိုယ် မမျှမတ ရှုမြင်ရင် ဘာဖြစ်နိုင်​သလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ) *

၁၅။ (က) ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ဖို့ ကင်းမျှော်စင် မှာ ဘယ်လို အကြံပေးထား​သလဲ။ (ခ) စာမျက်နှာ ၂၄ မှာ ပါတဲ့ ရုပ်ပုံအရ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်လွန်းရင် ဘာကောင်းချီးတွေ လွတ်သွား​မလဲ။

၁၅ လွန်ခဲ့တဲ့ ၁၅ နှစ်က ကင်းမျှော်စင် မှာ ကိုယ့်ကိုယ်ကိုယ် မျှတတဲ့ အမြင် ရှိသင့်ကြောင်း ဒီလို​အကြံပေးထားတယ်– “ကျွန်ုပ်တို့သည် စိတ်ကြီးဝင်လာသည်​အထိ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလွန်းလိုကြပါ။ သည့်အပြင် တစ်ဖက်စွန်းရောက်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်မသေးလွန်းလိုကြပါ။ သို့အစား ကျွန်ုပ်တို့၏ အားသာချက်များနှင့် အားနည်းချက်တို့ကို ထည့်စဉ်းစားကာ မိမိကိုယ်ကို တော်ရုံသင့်ရုံ ရှုမြင်ကြရန် ရည်မှန်းသင့်ပေသည်။ ခရစ်ယာန် အမျိုးသမီးတစ်ဦးက ဤသို့ဆိုသည်– ‘ကျွန်မဟာ အဆိုးကြီး မဟုတ်သလို အကောင်းကြီးလည်း မဟုတ်ပါဘူး။ တခြားသူတွေလိုပဲ ကျွန်မမှာ ကောင်းကွက် ဆိုးကွက် နှစ်မျိုးစလုံး ရှိတယ်။’” * ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ခြင်းရဲ့ အကျိုးကျေးဇူးကို ရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်။

၁၆။ ယေဟောဝါ ဘာကြောင့် ပညာရှိ အကြံဉာဏ် ပေး​သလဲ။

၁၆ ယေဟောဝါက ကျမ်းစာကတစ်ဆင့် ပညာရှိ လမ်းညွှန်ချက်တွေ ပေးတယ်။ ကျွန်တော်တို့ကို ချစ်မြတ်နိုးတယ်။ ပျော်ရွှင်စေချင်တယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိစေတဲ့ ပညာရှိ လမ်းစဉ်ကတော့ ယေဟောဝါ နှစ်သက်တာတွေကို ဘဝမှာ ဦးစားထားခြင်း​ပါပဲ။ ဒါဆိုရင် ငွေ၊ အလုပ်နဲ့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်လွန်းသူတွေ ကြုံရတဲ့ ပြဿနာတွေကို ရှောင်နိုင်မယ်။ ကျွန်တော်တို့ ယောက်တိုင်း ပညာရှိဖို့၊ ယေဟောဝါကို စိတ်ရွှင်လန်းစေဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—ပညာ. ၂၃:၁၅

သီချင်း ၉၄ နှုတ်မြွက်တော်ကျမ်းစာ​အတွက် ကျေးဇူးတင်

^ ရှောလမုန်နဲ့ ယေရှုဟာ တကယ့်ကို ဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒီ​ဉာဏ်ပညာကို ယေဟောဝါ​ဘုရားဆီက ရထားကြတာ။ ငွေ၊ အလုပ်၊ ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ခြင်းနဲ့​​ပတ်သက်ပြီး ရှောလမုန်နဲ့ ယေရှုရဲ့ အကြံဉာဏ်ကနေ ဘာသင်ယူနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ ဒီကဏ္ဍတွေမှာ ကျမ်းစာအခြေပြု အကြံဉာဏ်ကို လက်တွေ့ကျင့်လို့ ညီအစ်ကို/မ​တချို့ အကျိုးရခဲ့ပုံကိုလည်း ဆွေးနွေးပါမယ်။

^ ၂၀၁၅၊ ဖေဖော်ဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် မှာ ပါတဲ့ “အလုပ်ကြိုးစားမှုကနေ ကျေနပ်ပျော်ရွှင်မှု ရနိုင်” ဆောင်းပါးကို ကြည့်ပါ။

^ ၂၀၀၅၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် မှာ ပါတဲ့ “သမ္မာကျမ်းစာသည် သင့်ကို ရွှင်လန်းမှု ရရှိစေနိုင်” ဆောင်းပါးကို ကြည့်ပါ။

^ ပုံအညွှန်း– ဂျွန်နဲ့ တော်မ်ဟာ အသင်းတော် တစ်ခုတည်းက လူငယ် ညီအစ်ကိုတွေ ဖြစ်။ ဂျွန်က အချိန် အများကြီး ပေးပြီး ကိုယ့်ကားကို သနေ။ တော်မ်က တခြားသူတွေ အမှုဆောင် ထွက်နိုင်အောင်၊ အစည်းအဝေး တက်နိုင်အောင် ကိုယ့်ကားနဲ့ အကြိုအပို့ လုပ်။

^ ပုံအညွှန်း– အလုပ်ရှင် စိတ်မပျက်ဖို့ ဂျွန် အချိန်ပို လုပ်နေ။ နောက်ကျတဲ့အထိ လုပ်ခိုင်းရင်လည်း လုပ်နေ။ အဲဒီ​ညနေမှာ အသင်းတော် အမှုထမ်း တော်မ်က အကြီးအကဲ တစ်ယောက်နဲ့ သိုးထိန်းလည်ပတ်မှု လုပ်နေ။ ညနေခင်း​တချို့ကို ဝတ်ပြုရေး လုပ်ဆောင်မှုတွေ​အတွက် ဖယ်ထားတဲ့​အကြောင်း အရင်ကတည်းက အလုပ်ရှင်ကို တော်မ် ရှင်းပြထား။

^ ပုံအညွှန်း– ဂျွန် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်။ ကိုယ့်အကျိုးထက် ဘုရားရေးရာကို တော်မ် ဦးစားထား။ စည်းဝေးပွဲ ခန်းမ မွမ်းမံရေးမှာ ကူညီပေးရင်း မိတ်ဆွေ တိုးလာ။