မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၀

ဆုတောင်းခြင်း အရည်အသွေးကို တိုးတက်စေပါ

ဆုတောင်းခြင်း အရည်အသွေးကို တိုးတက်စေပါ

“ဘုရားကို ရင်ဖွင့်​ကြ​ပါ။”—ဆာ. ၆၂:၈

သီချင်း ၄၅ ကျွန်တော့်​နှလုံး​အကြံအစည်

အကြို​သုံးသပ်ချက် a

ယေဟောဝါဆီ မှန်မှန် ဆုတောင်း​နိုင်။ ဘာ​ကိစ္စ​အတွက်​မ​ဆို လမ်းညွှန်မှု တောင်း​နိုင် (စာပိုဒ် ၁ ကို ကြည့်ပါ)

၁။ ဘာလုပ်ဖို့ ဝတ်ပြု​သူတွေကို ယေဟောဝါ ဖိတ်ခေါ်​ထား​သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

 နှစ်သိမ့်မှု၊ လမ်းညွှန်မှု လိုတဲ့အခါ ဘယ်သူ့ဆီ တောင်းနိုင်သလဲ။ ယေဟောဝါဘုရားဆီ​ကို​ပါ။ ဘာ​ကိစ္စ​အတွက်​မ​ဆို လမ်းညွှန်မှု ရဖို့ လွတ်လွတ်လပ်လပ် ဆုတောင်းနိုင်တယ်။ (ပညာ. ၃:၅၊ ၆) ယေဟောဝါ​ကိုယ်တိုင် ဖိတ်ခေါ်​ထားလို့​ပဲ။ “အမြဲ မပြတ် ဆုတောင်း​နေကြပါ” လို့ ပြော​ထားတဲ့အတွက် မကြာခဏ တောင်း​စေချင်​တာ ထင်ရှားတယ်။ (၁ သက်. ၅:၁၇) အချိန် မတွန့်တိုတဲ့ ဘုရား ဖြစ်လို့ ဘယ်နှကြိမ်​ပဲ တောင်း​လို့ ရတယ်​ဆိုပြီး ကန့်သတ်​မထားဘူး။

၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ဆုတောင်းခြင်း အခွင့်ထူး​ကို ကျွန်တော်တို့ တန်ဖိုးထားကြတယ်။ ဒါပေမဲ့ ဆုတောင်းဖို့ အချိန် ရှာ​ရ ခက်နေနိုင်တယ်။ ဆုတောင်းခြင်း အရည်အသွေး တိုးတက်ဖို့ လိုနေတယ်လို့ ခံစားရနိုင်တယ်။ ကျမ်းစာမှာ ဆုတောင်းဖို့ အားပေးထားတာ၊ ဆုတောင်း​နိုင်​ပုံ​နဲ့ပတ်သက်ပြီး လမ်းညွှန်​ထားတာ အများကြီး တွေ့နိုင်​လို့ ကျေးဇူးတင်စရာပါပဲ။ ယေရှုလိုပဲ ဆုတောင်းဖို့ အချိန် ဘယ်လို ဖယ်​ထား​နိုင်​ကြောင်း၊ အရေးကြီး အချက် ငါး​ချက် ထည့်ဆုတောင်းခြင်းအားဖြင့် ဆုတောင်းခြင်း အရည်အသွေးကို ဘယ်လို တိုးတက်စေနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

ဆုတောင်းဖို့ ယေရှု အချိန် ဖယ်​ထား

၃။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ယေရှု ဘာ​သိထားသလဲ။

ဆုတောင်းချက်တွေကို ယေဟောဝါ တန်ဖိုးထား​မှန်း ယေရှု သိထားတယ်။ မြေကြီးပေါ် မလာခင် နှစ်ပေါင်းများစွာ ဖခင်​ဘေးမှာ အတူ ရှိခဲ့တယ်။ ဟန္န၊ ဒါဝိဒ်၊ ဧလိယနဲ့ တခြား​သစ္စာရှိသူ​များစွာ​ရဲ့ လှိုက်လှဲ​တဲ့ ဆုတောင်းချက်တွေကို ဖခင် ဖြေပေးတာ တွေ့တယ်။ (၁ ရှ. ၁:၁၀၊ ၁၁၊ ၂၀။ ၁ ဘု. ၁၉:၄-၆။ ဆာ. ၃၂:၅) ဒါကြောင့်​လည်း ယုံကြည်စိတ်ချမှု အပြည့်​နဲ့ မကြာခဏ ဆုတောင်းဖို့ တပည့်တွေကို သင်ပေးတာ။—မ. ၇:၇-၁၁

၄။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ယေရှု​ဆီကနေ ဘာသင်ယူရသလဲ။

ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး တပည့်တွေကို ယေရှု စံနမူနာ ပြတယ်။ အမှုဆောင်ချိန်​တစ်လျှောက် ယေရှု မကြာခဏ ဆုတောင်းတယ်။ အမြဲလိုလို အလုပ်များ​နေတတ်​လို့၊ လူတွေ ဝိုင်းနေတတ်လို့ ဆုတောင်းဖို့ အချိန် ဖယ်​ထား​ရတယ်။ (မာ. ၆:၃၁၊ ၄၅၊ ၄၆) တစ်ယောက်တည်း သီးသန့် ဆုတောင်းဖို့ အချိန်​ရအောင် မနက်စောစော ထ​တယ်။ (မာ. ၁:၃၅) တစ်ခေါက်​ဆိုရင် အရေးကြီး ဆုံးဖြတ်ချက် မချခင် တစ်ညလုံး ဆုတောင်းတယ်။ (လု. ၆:၁၂၊ ၁၃) မြေကြီး အမှုဆောင်ချိန်​အတွင်း အခက်ခဲဆုံး တာဝန် ပြီးမြောက်​နိုင်ဖို့ မသေဆုံးခင် ညမှာ​လည်း ထပ်တလဲလဲ ဆုတောင်းတယ်။—မ. ၂၆:၃၉၊ ၄၂၊ ၄၄

၅။ ဆုတောင်းတဲ့အခါ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။

ဘယ်လောက် အလုပ်များများ ဆုတောင်းဖို့ အချိန် ဖယ်​ထားရမယ်ဆိုတာ ယေရှုရဲ့ စံနမူနာ​က သင်ပေးတယ်။ ယေရှုလိုပဲ ဆုတောင်းဖို့ အချိန် ရအောင် မနက်စောစော ထ​နိုင်တယ်။ ဒါမှမဟုတ် နည်းနည်း နောက်ကျ​ပြီးမှ အိပ်ရာ ဝင်နိုင်တယ်။ ဒါက ဆုတောင်းခြင်း အခွင့်ထူး​အတွက် ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြရာရောက်တယ်။ ဆုတောင်းခြင်း အခွင့်ထူး​အကြောင်း ဦးဆုံး သိ​လိုက်​ရချိန်မှာ ဘုရားကို ဘယ်လောက် ကျေးဇူးတင်မိတယ်ဆိုတာ ညီအစ်မ လင်း မှတ်မိ​နေတုန်းပဲ။ “ယေဟောဝါဆီ အချိန်မရွေး ဆုတောင်း​စကားပြော​လို့ ရ​မှန်း သိလိုက်ရတော့ ဘုရားကို မိတ်ဆွေအဖြစ် မြင်ဖို့ ပိုလွယ်လာတယ်။ ဆုတောင်းခြင်း အရည်အသွေး ပိုတိုးတက်ချင်လာတယ်” လို့ လင်း ပြောတယ်။ ကျွန်တော်တို့လည်း အဲဒီလို ခံစားရမှာ​ပါ။ ဒါဆိုရင် ထည့်​ဆုတောင်း​နိုင်​တဲ့ အရေးကြီး အချက် ငါး​ချက်ကို သုံးသပ်​ကြည့်ရအောင်။

ထည့်​ဆုတောင်း​နိုင်​တဲ့ အရေးကြီး အချက် ငါး​ချက်

၆။ ဗျာဒိတ် ၄:၁၀၊ ၁၁ အရ ယေဟောဝါ ဘာ​ရထိုက်​သလဲ။

ယေဟောဝါကို ချီးမွမ်းပါ။ ကောင်းကင်မှာ ယေဟောဝါကို ကိုးကွယ်​နေ​ကြ​တဲ့ အကြီးအကဲ ၂၄ ပါး​ကို စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်တယ်။ သူတို့က “ဂုဏ်တင်မှု၊ ချီးမွမ်းမှု​နဲ့ အစွမ်း​ခွန်အား​တွေ​ကို ကိုယ်တော် ရထိုက်ပါတယ်” ဆိုပြီး ချီးမွမ်းကြတယ်။ (ဗျာဒိတ် ၄:၁၀၊ ၁၁ ကို ဖတ်ပါ။) သစ္စာရှိ ကောင်းကင်တမန်တွေ​လည်း ယေဟောဝါကို ချီးမွမ်း​ဂုဏ်တင်​ရတဲ့ အကြောင်းရင်း များစွာ ရှိတယ်။ ကောင်းကင်မှာ ဘုရားနဲ့​အတူ နေ​လို့ ဘုရားအကြောင်း ကောင်းကောင်း သိလာကြတယ်။ လုပ်ဆောင်မှုတိုင်းမှာ ဘုရားရဲ့ အရည်အသွေးတွေ မြင်ရလို့ ဘုရားကို ချီးမွမ်း​ချင်စိတ် တဖွားဖွား ပေါ်လာကြတယ်။—ယောဘ ၃၈:၄-၇

၇။ ဘာအတွက် ယေဟောဝါကို ချီးမွမ်း​နိုင်သလဲ။

ကျွန်တော်တို့လည်း ဆုတောင်းတဲ့အခါ ယေဟောဝါကို ချီးမွမ်း​သင့်​တယ်။ ချီးမွမ်း​နိုင်​တဲ့ တစ်နည်းကတော့ ဘုရားနဲ့ပတ်သက်ပြီး ဘာကို နှစ်သက်တယ်၊ ဘာကြောင့် နှစ်သက်တယ်ဆိုတာ ထည့်​ဆုတောင်းခြင်း​ပဲ။ ကျမ်းစာ ဖတ်ရှု၊ လေ့လာတဲ့အခါ အထူးတလည် နှစ်သက်​မိ​တဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို တွေ့အောင် ရှာပါ။ (ယောဘ ၃၇:၂၃။ ရော. ၁၁:၃၃) အဲဒီ​အရည်အသွေးတွေ​နဲ့ပတ်သက်ပြီး ဘယ်လို ခံစားရတယ်ဆိုတာ ယေဟောဝါကို ပြောပြပါ။ ဒါ့အပြင် ကျွန်တော်တို့ကို ယေဟောဝါ မပြတ် ဂရုစိုက်၊ စောင့်ရှောက်​ပေးနေတယ်။ ဒါကြောင့် ကိုယ့်အတွက်၊ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်း​အတွက် ယေဟောဝါ လုပ်ဆောင်ပေး​ရာတွေကို​လည်း ချီးမွမ်း​နိုင်တယ်။—၁ ရှ. ၁:၂၇။ ၂:၁၊ ၂

၈။ ယေဟောဝါကို ကျေးဇူးတင်​သင့်​တဲ့ အကြောင်းရင်း​တချို့က ဘာတွေလဲ။ (၁ ရာဇဝင်ချုပ် ၁၆:၃၄)

ယေဟောဝါကို ကျေးဇူးတင်ပါ။ ယေဟောဝါကို ကျေးဇူးတင်​သင့်​တဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ (၁ ရာဇဝင်ချုပ် ၁၆:၃၄ ကို ဖတ်ပါ။) ကောင်းမြတ်တဲ့ ဆု​ကျေးဇူး မှန်သမျှ ဘုရားဆီ​က လာတာ ဖြစ်လို့ ကိုယ့်​မှာ ရှိတဲ့ ကောင်းမြတ်​ရာ​တွေ​အတွက် ဘုရားကို ကျေးဇူးတင်​နိုင်တယ်။ (ယာ. ၁:၁၇) လှပတဲ့ ကမ္ဘာမြေ၊ အံ့ချီးဖွယ် ဖန်ဆင်းခြင်း လက်ရာတွေ​အတွက် ကျေးဇူးတင်​နိုင်တယ်။ မိသားစု၊ မိတ်ဆွေ၊ အသက်၊ မျှော်လင့်ချက် ပေးထားလို့ ကျေးဇူးတင်​နိုင်တယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရထားတာ​ကလည်း ကျေးဇူးတင်စရာပါပဲ။

၉။ ယေဟောဝါကို ဘာကြောင့် ကျေးဇူး​သိတတ်​ရမလဲ။

ယေဟောဝါကို ကိုယ် သတ်သတ်မှတ်မှတ် ကျေးဇူးတင်​ရမယ့် အကြောင်းရင်းတွေ ကြိုးစား​တွေးတောပါ။ ဒီနေ့ခေတ် လူများစွာ​ဟာ ရဖို့​ပဲ အာရုံစိုက်​ကြတယ်။ ရထားတာ​တွေ​အတွက် ကျေးဇူးတင်​ရ​ကောင်း​မှန်း မသိကြဘူး။ အဲဒီသဘောထား ကျွန်တော်တို့မှာ ရှိလာ​ရင် တောင်းဖို့ချည်း​သက်​သက် ဆုတောင်း​မိ​လာနိုင်တယ်။ အဲဒီလို မဖြစ်ဖို့ ယေဟောဝါ လုပ်ပေးသမျှအတွက် ကျေးဇူးတင်နေရမယ်၊ ကျေးဇူးတင်ကြောင်း ပြနေ​ရမယ်။—လု. ၆:၄၅

ယေဟောဝါကို ကျေးဇူးသိတတ်ခြင်းက ခံနိုင်ရည် ရှိဖို့ ကူညီပေးနိုင် (စာပိုဒ် ၁၀ ကို ကြည့်ပါ)

၁၀။ ကျေးဇူး​သိစိတ်​က ခံနိုင်ရည် ရှိဖို့ ညီအစ်မ​တစ်ယောက်ကို ဘယ်လို ကူညီပေးသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၀ ကျေးဇူး​သိစိတ်​က အခက်အခဲတွေ ခံရပ်ဖို့ ကူညီပေးနိုင်တယ်။ ၂၀၁၅၊ ဇန်နဝါရီ ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ ညီအစ်မ ကျုံစွတ်​အကြောင်း သုံးသပ်ကြည့်ပါ။ အဆုတ်​ကင်ဆာ တော်တော်လေး ပျံ့နေမှန်း သိလိုက်ရတယ်။ “ဒီ​ရောဂါဆိုး​ရဲ့ ရိုက်ချက်​က ပြင်းလွန်းပါတယ်။ အရာအားလုံးကို ဆုံးရှုံး​လိုက်​ရပြီ​လို့ ခံစားရတယ်။ တအား​လည်း ကြောက်တယ်” လို့ ပြောတယ်။ ခံရပ်ဖို့ ဘာက ကူညီပေးသလဲ။ ညတိုင်း အိပ်ရာ မဝင်ခင် လသာဆောင်ပေါ် သွားပြီး တစ်နေ့တာ​အတွင်း ကျေးဇူး​တင်စရာ ငါးခု စဉ်းစားပြီး ယေဟောဝါကို ဆုတောင်းတယ်။ ညီအစ်မ စိတ်သက်သာ​သွားပြီး ယေဟောဝါကို ချစ်တဲ့​အကြောင်း ထုတ်ပြောချင်လာတယ်။ သစ္စာရှိ ကျေးကျွန်တွေ အခက်အခဲ ကြုံရချိန်မှာ ယေဟောဝါ ကူညီပေးမှန်း၊ ကြုံရတဲ့ အခက်အခဲတွေ​ထက် ခံစားရတဲ့ ကောင်းချီးတွေ ပိုများ​မှန်း သိလာတယ်။ ကျွန်တော်တို့လည်း ညီအစ်မ ကျုံစွတ်​လို​ပဲ ဒုက္ခရောက်ချိန်မှာ​တောင် ယေဟောဝါကို ကျေးဇူး​တင်စရာ အများကြီး ရှိပါတယ်။ ကျေးဇူးတင်ကြောင်း ဘုရားကို ဆုတောင်း​ပြောပြတာက ခံနိုင်ရည် ရှိစေတယ်။ စိတ်​တည်ငြိမ်​စေတယ်။

၁၁။ ယေရှု ကောင်းကင် တက်သွားပြီးနောက် တပည့်တွေ ဘာကြောင့် ရဲစွမ်းသတ္တိ လိုသလဲ။

၁၁ ရဲရဲရင့်ရင့် ဟောပြောနိုင်ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ “ဂျေရုဆလင်​မြို့၊ ယုဒပြည်​တစ်ဝန်းလုံး၊ ရှမာရိ​ပြည်၊ ကမ္ဘာမြေ အစွန်အဖျား​အထိ” မိမိ​အကြောင်း သက်သေခံဖို့ တပည့်တွေကို ယေရှု ကောင်းကင် မတက်ခင် ထပ်​မှာတယ်။ (တ. ၁:၈။ လု. ၂၄:၄၆-၄၈) မကြာခင်​မှာ​ပဲ ဂျူးဘာသာရေး ခေါင်းဆောင်တွေ​က တမန်တော် ပေတရု​နဲ့ ယောဟန်ကို ဂျူး​တရားရုံးချုပ်​ဆီ ဖမ်းခေါ်သွားကြတယ်။ မဟောပြောဖို့ အမိန့်​ပေးကြတယ်။ ခြိမ်းတောင် ခြိမ်းခြောက်​ကြတယ်။ (တ. ၄:၁၈၊ ၂၁) ဘာဆက်​ဖြစ်သလဲ။

၁၂။ တမန်တော် ၄:၂၉၊ ၃၁ အရ တပည့်တွေ ဘာလုပ်သလဲ။

၁၂ ဂျူးဘာသာရေး ခေါင်းဆောင်တွေ ခြိမ်းခြောက်ပေမဲ့ “ဘုရားသခင့်​စကား​ထက် ခင်ဗျားတို့ရဲ့ စကားကို နားထောင်မယ်​ဆိုရင် ဘုရားသခင်​ရှေ့မှာ မှန်ကန်ပါ့မလားဆိုတာ ခင်ဗျားတို့​ကိုယ်တိုင်​ပဲ ဆုံးဖြတ်ကြပါတော့။ ကျွန်တော်တို့ကတော့ ကြားခဲ့​မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်​ပါ​ဘူး” လို့ ပေတရု​နဲ့ ယောဟန် ပြန်ပြောကြတယ်။ (တ. ၄:၁၉၊ ၂၀) သူတို့ ပြန်လွတ်လာတော့ “တရားစကားတော်ကို ရဲရဲရင့်ရင့် ဟောပြောနိုင်​ခွင့် ပေးသနားပါ” ဆိုပြီး တပည့်တွေ ဆုတောင်း​ကြ​တယ်။ လှိုက်လှဲ​တဲ့ အဲဒီ​ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးတယ်။—တမန်တော် ၄:၂၉၊ ၃၁ ကို ဖတ်ပါ။

၁၃။ ညီအစ်ကို ဂျင် ဟယော့ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၃ မဟောပြောဖို့ အာဏာပိုင်တွေ ပြောလာရင်တောင် ဆက်​ဟောပြောခြင်းအားဖြင့် ပထမရာစု တပည့်တွေကို ကျွန်တော်တို့ အတုယူနိုင်တယ်။ ဥပမာ၊ ကြားနေမှုကြောင့် ထောင်ချခံရတဲ့ ညီအစ်ကို ဂျင် ဟယော့​အကြောင်း စဉ်းစားကြည့်ပါ။ တိုက်ပိတ်​ခံရတဲ့ အကျဉ်းသား​တချို့အတွက် အစားအသောက်၊ အသုံးအဆောင် ဝေခြမ်းပေးဖို့ တာဝန် ရတယ်။ တာဝန်နဲ့ ဆိုင်​တာ​ပဲ ပြော​ခွင့် ရှိတယ်။ ကျမ်းစာအကြောင်း မပြောရဘူး။ ဒါပေမဲ့ အခွင့်အရေး ရတိုင်း ရဲရဲဝံ့ဝံ့၊ ပါးပါးနပ်နပ် ဟောနိုင်ဖို့ ဆုတောင်းတယ်။ (တ. ၅:၂၉) “ကျွန်တော့်​ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးတယ်။ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာ ပေးတဲ့အတွက် အကျဉ်းခန်း တံခါးဝ​မှာ ငါး​မိနစ်​ကြာ ကျမ်းစာ သင်အံမှုတွေ စ​နိုင်တယ်။ နောက်တစ်နေ့ ထောင်သားတွေကို ပေးမယ့် စာတွေ ညဘက်​မှာ ရေးတယ်” လို့ ပြောတယ်။ ကျွန်တော်တို့ကိုလည်း အမှုဆောင်မှာ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးမယ်​ဆိုတာ စိတ်ချနိုင်တယ်။ ဒါကြောင့် ဂျင် ဟယော့လိုပဲ ဘုရားဆီ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာ တောင်းပါ။

၁၄။ အခက်အခဲတွေ ကြုံရတဲ့အခါ ဘာက ကူညီပေးနိုင်သလဲ။ (ဆာလံ ၃၇:၃၊ ၅)

၁၄ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။ ကျွန်တော်တို့ အများစုဟာ စိတ်​ပန်း၊ လူ​ပန်း ဖြစ်နေကြတယ်။ ချစ်ရသူ သေဆုံးသွားတာ၊ မိသားစုမှာ အခက်အခဲ ကြုံရတာ၊ နှိပ်စက်​ညှဉ်းပန်း​ခံရတာ ဖြစ်နိုင်တယ်။ ဒီ​ကြားထဲ ကပ်ရောဂါတွေ၊ စစ်ပွဲတွေ​ကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ရတယ်။ သိပ်ခင်တဲ့ မိတ်ဆွေ​တစ်ယောက်ကို ပြောပြသလိုမျိုး ကိုယ့်​အခြေအနေ၊ ခံစားချက်ကို ယေဟောဝါဆီ ရင်ဖွင့်​ပြောပြပါ။ သင့်​အကျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးမယ်​ဆိုတာ စိတ်ချပါ။—ဆာလံ ၃၇:၃၊  ကို ဖတ်ပါ။

၁၅။ “ဒုက္ခရောက်တဲ့အခါ ခံနိုင်ရည် ရှိ” ဖို့ ဆုတောင်းခြင်းက ဘယ်လို ကူညီပေးသလဲ။ ဥပမာ ပေးပါ။

၁၅ ဇွဲမလျှော့တမ်း ဆုတောင်းတာက “ဒုက္ခရောက်တဲ့အခါ ခံနိုင်ရည် ရှိ” စေတယ်။ (ရော. ၁၂:၁၂) ဝတ်ပြုသူ​တွေ ဘာ​ကြုံနေရတယ်ဆိုတာ ယေဟောဝါ သိတယ်။ “သူတို့ အော်ဟစ် အကူအညီ တောင်း” တာ ကြားတယ်။ (ဆာ. ၁၄၅:၁၈၊ ၁၉) ဥပမာ၊ ၂၉ နှစ်အရွယ် ရှေ့ဆောင် ညီအစ်မ ခရစ်စတီဟာ မထင်မှတ်​ဘဲ ကျန်းမာရေး အကြီးအကျယ် ချို့ယွင်း​လာလို့ တော်တော်လေး စိတ်ဓာတ်ကျနေတယ်။ နောက်တော့ မိခင်​ဆီ​မှာ​ပါ ရောဂါဆိုး​တစ်ခု ရှိ​မှန်း သိလိုက်ရတယ်။ “နေ့ရက်တိုင်းကို ရင်ဆိုင်​နိုင်အောင် လိုအပ်တဲ့ ခွန်အား ပေးပါ​လို့ ကျွန်မ ပြင်းပြင်းပြပြ ဆုတောင်းတယ်။ ကြိုးစားပြီး အစည်းအဝေး မှန်မှန် တက်တယ်၊ ကိုယ်ပိုင် လေ့လာမှု လုပ်တယ်။ ဆုတောင်းလို့ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်​နိုင်​ခဲ့​တာ။ ကျွန်မ​ဘေးမှာ ယေဟောဝါ အမြဲ ရှိတယ်ဆိုတဲ့ အသိကြောင့် စိတ်သက်သာ​ရတယ်။ ကျန်းမာရေး ပြဿနာကတော့ ရှိနေတုန်းပဲ။ ဒါပေမဲ့ စိတ်​ငြိမ်သက်​နေတယ်။ ဒါ ကျွန်မ​ဆုတောင်းချက်ရဲ့ အဖြေ​ပဲ” လို့ ပြောတယ်။ ‘ဘုရားတရား ကိုင်းရှိုင်းသူတွေကို ဒုက္ခတွေ​ကြား​ကနေ ဘယ်လို ကယ်ရမလဲ​ဆိုတာ ယေဟောဝါ သိ’ ကြောင်း ကျွန်တော်တို့လည်း အမြဲ အမှတ်ရ​ကြရအောင်။—၂ ပေ. ၂:၉

သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ (၁) ယေဟောဝါဆီ အကူအညီ တောင်းပါ၊ (၂) ဆုတောင်းချက်နဲ့​အညီ နေပါ၊ (၃) ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်ပါ (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)

၁၆။ သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ ယေဟောဝါရဲ့ အကူအညီ ဘာကြောင့် လိုသလဲ။

၁၆ သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။ ကျွန်တော်တို့ မစုံလင်လို့ အမှား​လုပ်ချင်စိတ်ကို အမြဲ တိုက်လှန်​နေကြရတယ်။ သွေးဆောင်မှုတွေ တိုက်လှန်​ရ မ​ခက်​ခက်​အောင် စာတန်​လည်း လုပ်နေတယ်။ တစ်နည်းကတော့ မသန့်ရှင်းတဲ့ ဖျော်ဖြေမှု​အားဖြင့် ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ပျက်စီးစေ​ခြင်း​ပဲ။ အဲဒီလို ဖျော်ဖြေရေး​တွေ​က မသန့်ရှင်းတဲ့ အတွေး​တွေ ဝင်လာစေနိုင်တယ်။ ကြီးလေးတဲ့ အပြစ်တွေ ကျူးလွန်စေနိုင်​တယ်။—မာ. ၇:၂၁-၂၃။ ယာ. ၁:၁၄၊ ၁၅

၁၇။ သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ ဆုတောင်း​ထား​ရင် ကိုယ့်ဘက်က ဘာလုပ်ရမလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၇ အမှား လုပ်ဖို့ သွေးဆောင်​ခံရတဲ့အခါ တွန်းလှန်နိုင်ဖို့ ယေဟောဝါရဲ့ အကူအညီ လိုတယ်။ ယေရှု သင်ပေးတဲ့ စံပြ ဆုတောင်းချက်​မှာ “သွေးဆောင်မှုနောက် ပါ​မသွားအောင် ကူညီ​ပြီး ဆိုးညစ်သူရဲ့ လက်ကနေ ကယ်တင်​ပေးပါ” ဆိုတဲ့​အချက် ပါတယ်။ (မ. ၆:၁၃) ကျွန်တော်တို့ကို ယေဟောဝါ ကူညီချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အကူအညီ တောင်းရမယ်။ တောင်းပြီးရင်လည်း ဆုတောင်းချက်နဲ့​အညီ နေ​ရမယ်။ စာတန့်လောက​မှာ ရေပန်းစားနေတဲ့ အတွေးအခေါ်၊ အယူအဆ အမှားတွေကို မဖတ်​မိ၊ နားမထောင်​မိ​ဖို့ ကြိုးစားရမယ်။ (ဆာ. ၉၇:၁၀) ကျမ်းစာ ဖတ်ရှု၊ လေ့လာခြင်းအားဖြင့် စိတ်နှလုံးထဲ ကောင်းတဲ့ အတွေးအခေါ်တွေ ဖြည့်ထားရမယ်။ အစည်းအဝေး တက်တာ၊ အမှုဆောင်မှာ ပါဝင်တာက​လည်း အတွေးအခေါ်ကို ကာကွယ်ပေးတယ်။ ဒါ့အပြင် ကျွန်တော်တို့ မခံနိုင်​လောက်​တဲ့ သွေးဆောင်ခြင်း​ကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ယေဟောဝါ ကတိပေးထားတယ်။—၁ ကော. ၁၀:၁၂၊ ၁၃

၁၈။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ဖို့ သင် စိတ်ပိုင်းဖြတ်ထားသလဲ။

၁၈ ခက်ခဲတဲ့ ဒီနောက်ဆုံး​ကာလမှာ ကျွန်တော်တို့ ယောက်တိုင်း ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်အောင် အရင်ကထက် ဆုတောင်းဖို့ လိုအပ်တယ်။ ယေဟောဝါက မိမိဆီ “ရင်ဖွင့်” ဆုတောင်း​စေချင်တယ်။ (ဆာ. ၆၂:၈) ဒါကြောင့် အူလှိုက်သည်းလှိုက် ဆုတောင်းဖို့ နေ့တိုင်း အချိန် ဖယ်ထားပါ။ ယေဟောဝါ လုပ်ပေးသမျှအတွက် ချီးမွမ်း၊ ကျေးဇူးတင်ပါ။ ရဲရဲရင့်ရင့် ဟောပြောနိုင်ဖို့၊ အခက်အခဲတွေ ခံရပ်နိုင်ဖို့၊ သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ အကူအညီ တောင်းပါ။ ဘယ်သူ့ကြောင့်၊ ဘာကြောင့်​မှ ယေဟောဝါဆီ ဆုတောင်းတာ အပျက်​မခံပါနဲ့။ ဒါနဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို ဖြေပေးသလဲ။ ဒီအကြောင်း နောက်ဆောင်းပါးမှာ လေ့လာပါမယ်။

သီချင်း ၄၂ ဘုရားသခင့် ကျေးကျွန်ရဲ့ ဆုတောင်း​စကား

a သိပ်ခင်တဲ့ မိတ်ဆွေ​တစ်ယောက်ကို အားရပါးရ စကား​ပြောသလို​မျိုး ဘုရားဆီ ကျွန်တော်တို့ ဆုတောင်းချင်ကြတယ်။ ဒါပေမဲ့ ဆုတောင်းဖို့ အချိန် ရှာ​ရ ခက်နေနိုင်တယ်။ ဘာ​ဆုတောင်း​ရ​မှန်း မသိ ဖြစ်နေနိုင်တယ်။ ဒီ​အခက်အခဲ နှစ်ခုကို ဖြေရှင်းဖို့ ဒီဆောင်းပါး​က ကူညီပေးပါမယ်။