မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၄

ဘုရားရေးရာ ပန်းတိုင်တွေဆီ သင် အရောက်လှမ်းနိုင်

ဘုရားရေးရာ ပန်းတိုင်တွေဆီ သင် အရောက်လှမ်းနိုင်

“မွန်မြတ်တဲ့​အရာတွေကို လက်မလျှော့ဘဲ ဆက်​လုပ်ကြစို့။ လက်မလျှော့ဘူး​ဆိုရင် အချိန်တန်တဲ့အခါ အသီးအပွင့်တွေကို ရိတ်သိမ်း​ရလိမ့်မယ်။”—ဂလ. ၆:၉

သီချင်း ၈၄ တက်လှမ်းပါ

အကြို​သုံးသပ်ချက် a

၁။ တချို့ ဘာအခက်အခဲ ကြုံကြရသလဲ။

 ဘုရားရေးရာ ပန်းတိုင် ထားပေမဲ့ ရောက်ဖို့ ခက်နေသလား။ b သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဥပမာ၊ ညီအစ်ကို ဖိလစ်​ဟာ ဆုတောင်းခြင်း အရည်အသွေး တိုးတက်ချင်တယ်။ မကြာခဏ ဆုတောင်းချင်တယ်။ ဒါပေမဲ့ ဆုတောင်းဖို့ အချိန် ရှာ​ရ ခက်နေတယ်။ ညီအစ်မ အဲရစ်ကာ​ဟာ လယ်ကွင်း စုဆုံမှု​တွေ အချိန်မီ ရောက်ဖို့ ပန်းတိုင်ထားတယ်။ ဒါပေမဲ့ အမြဲလိုလို နောက်ကျ​နေတုန်းပဲ။ ညီအစ်ကို တိုမက်ရှ်ဟာ ကျမ်းစာ တစ်အုပ်လုံး ပြီးအောင် ဖတ်ဖို့ ခဏခဏ ကြိုးစားတယ်။ ဒါပေမဲ့ “ကျမ်းစာ ဖတ်ရတာကို မပျော်တာ။ သုံးကြိမ် ကြိုးစားပြီး​သွားပြီ။ သုံးကြိမ်​စ​လုံး ဝတ်ပြုရာ​ကျမ်း​အထိပဲ ရောက်တယ်” လို့ ပြောတယ်။

၂။ ဘုရားရေးရာ ပန်းတိုင် ထားပေမဲ့ မရောက်သေးဘူးဆိုရင် ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။

ပန်းတိုင် ထားပေမဲ့ မရောက်သေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို့ မခံယူ​လိုက်ပါ​နဲ့။ သေးသေးမွှားမွှား ပန်းတိုင်တွေ​တောင် အချိန်နဲ့ အားထုတ်မှု လို​တတ်တယ်။ သင် ပန်းတိုင် ရောက်ချင်စိတ် ရှိနေသေးတာကိုက ယေဟောဝါနဲ့ ဆက်ဆံရေးကို တန်ဖိုးထားတယ်၊ ဘုရားကို အကောင်းဆုံး ပေးဆက်ချင်တယ်ဆိုတာ ပြတယ်။ သင့်​အားထုတ်မှုကို ယေဟောဝါ တန်ဖိုးထားတယ်။ သင် တတ်နိုင်တာထက် ပို​မမျှော်လင့်ဘူး။ (ဆာ. ၁၀၃:၁၄။ မိ. ၆:၈) ဒါကြောင့် ကိုယ်​နဲ့ ကိုက်မယ့်၊ လက်လှမ်းမီ​မယ့် ပန်းတိုင်​သာ ရွေးပါ။ ရွေးပြီးသွားရင် ဘာလုပ်ရမလဲ။ အကြံပြုချက်​တချို့ ဆွေးနွေး​ကြရအောင်။

စိတ်ဆန္ဒ ရှိဖို့ အရေးကြီး

စိတ်ဆန္ဒ ပြင်းပြ​လာဖို့ ဆုတောင်းပါ (စာပိုဒ် ၃-၄ ကို ကြည့်ပါ)

၃။ စိတ်ဆန္ဒ ရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။

ဘုရားရေးရာ ပန်းတိုင်တွေ အရောက်လှမ်းနိုင်​ဖို့ စိတ်ဆန္ဒ​က သိပ်အရေးကြီးတယ်။ စိတ်ဆန္ဒ​ဟာ ရွက်လှေ လို​ရာ​ခရီး ရောက်ဖို့ တွန်းပို့​ပေးတဲ့ လေ​နဲ့ တူတယ်။ လေ​မပြတ် တိုက်ရင် လို​ရာ​ခရီး ရောက်မယ်။ လေ​အားကောင်း​လေ မြန်မြန် ရောက်​လေ​ပဲ။ ကျွန်တော်တို့လည်း စိတ်ဆန္ဒ​သာ ရှိရင် ပန်းတိုင် ရောက်ဖို့ ကြိုးစား​မှာ ဖြစ်တယ်။ စိတ်ဆန္ဒ ပြင်းပြ​လေ ပန်းတိုင် ရောက်ဖို့ နီးစပ်​လေ​ပဲ။ “စိတ်​ပါ​လာပြီ​ဆိုရင် ကျွန်တော်တို့ ပိုအားထုတ်တတ်​ကြတယ်။ ပန်းတိုင် မ​ရောက်အောင် တားဆီး​မယ့် ဘယ်အရာကိုမှ ခွင့်မပြုဘူး” လို့ အယ်ဆာဗေးဒေါ​နိုင်ငံက ညီအစ်ကို ဒေးဗစ် ပြောတယ်။ ဒါဆိုရင် စိတ်ဆန္ဒ ပြင်းပြ​လာအောင် ဘာလုပ်ရမလဲ။

၄။ ဘာအတွက် ဆုတောင်းနိုင်သလဲ။ (ဖိလိပ္ပိ ၂:၁၃) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

စိတ်ဆန္ဒ ပြင်းပြ​လာဖို့ ဆုတောင်းပါ။ သင် ပန်းတိုင် ရောက်ဖို့ စွမ်းအားတော်အားဖြင့် ယေဟောဝါ လှုံ့ဆော်​ပေးနိုင်တယ်။ (ဖိလိပ္ပိ ၂:၁၃ ကို ဖတ်ပါ။) တစ်ခါတလေ​ကျတော့ လုပ်​သင့်​လုပ်ထိုက်​မှန်း သိလို့ ကျွန်တော်တို့ ပန်းတိုင်​ထားကြတယ်။ ဒါ ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ဖို့ စိတ်မပါတာမျိုး ဖြစ်နေနိုင်တယ်။ ဥပမာ၊ ယူဂန္ဓာ​နိုင်ငံက ညီအစ်မ နိုရီနာဟာ ကျမ်းစာ သင်အံမှု​တစ်ခု ရဖို့ ပန်းတိုင်ထားတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အသင်အပြ မကောင်းဘူး​လို့ ခံစားရလို့ သိပ်တော့ စိတ်​ထက်သန် မနေဘူး။ နိုရီနာကို ဘာက ကူညီပေးသလဲ။ “ကျမ်းစာ သင်အံမှု လုပ်ချင်တဲ့ စိတ်ဆန္ဒ ပြင်းပြ​လာအောင် ကူညီပေးပါ​လို့ နေ့တိုင်း စ​ဆုတောင်းတယ်။ သွန်သင်ခြင်း စွမ်းရည် တိုးတက်လာအောင် ကိုယ့်ဘက်ကလည်း ကြိုးစားတယ်။ လအနည်းငယ်​အကြာမှာ ကျွန်မ စိတ်ဆန္ဒ ပြင်းပြနေပြီဆိုတာ သတိထား​မိ​လာတယ်။ အဲဒီ​နှစ်မှာ​ပဲ ကျမ်းစာ သင်အံမှု နှစ်ခု စနိုင်ခဲ့တယ်” လို့ ပြောတယ်။

၅။ စိတ်ဆန္ဒ ပြင်းပြ​လာအောင် ဘာတွေ တွေးတော​ဆင်ခြင်​နိုင်သလဲ။

ကိုယ့်အတွက် ယေဟောဝါ လုပ်ပေးထားတာ​တွေ​ကို တွေးတော​ဆင်ခြင်​ပါ။ (ဆာ. ၁၄၃:၅) တမန်တော် ပေါလုဟာ ကိုယ့်အပေါ် ထားတဲ့ ယေဟောဝါရဲ့ မဟာကရုဏာ​အကြောင်း တွေးလိုက်တဲ့အခါ အမှုတော်မှာ ပို​ကြိုးစားချင်​လာတယ်။ (၁ ကော. ၁၅:၉၊ ၁၀။ ၁ တိ. ၁:၁၂-၁၄) သင်လည်း ယေဟောဝါ လုပ်ပေးထားတာ​တွေ​ကို တွေးလေ ပန်းတိုင် အရောက်လှမ်းချင်စိတ် ပြင်းပြ​လေ ဖြစ်လာမယ်။ (ဆာ. ၁၁၆:၁၂) ဥပမာ၊ ဟွန်ဒူးရပ်စ်​နိုင်ငံက ညီအစ်မ​တစ်ယောက် မှန်မှန်ရှေ့ဆောင် လုပ်ချင်​တယ်။ ပန်းတိုင် ရောက်ဖို့ ဘာက ကူညီပေးသလဲ။ “ကျွန်မကို ယေဟောဝါ ဘယ်လောက် ချစ်တယ်ဆိုတာ စဉ်းစားတယ်။ ကျွန်မကို လူမျိုးတော်​အဝင် ဖြစ်ခွင့်​ပေးတယ်။ ဂရုစိုက်၊ ကာကွယ်​တယ်။ ဒါတွေကို တွေးကြည့်လိုက်တော့ ဘုရားကို ပိုချစ်လာတယ်။ ရှေ့ဆောင် လုပ်ချင်စိတ် တိုးလာတယ်” လို့ ပြောတယ်။

၆။ စိတ်ဆန္ဒ ပြင်းပြ​လာအောင် ဘာက ကူညီပေးနိုင်​သေးသလဲ။

ပန်းတိုင် ရောက်ရင် ရမယ့် အကျိုးကျေးဇူးတွေကို အာရုံစိုက်ပါ။ အချိန် တိကျ​အောင် လုပ်မယ်​ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အဲရစ်ကာ​ကို ဘာက ကူညီပေးသလဲ။ “အမှုဆောင် နောက်ကျ​ရင် လွတ်သွား​တာ အများကြီး ရှိ​မှန်း ကျွန်မ သတိထား​မိ​လာတယ်။ စောစော ရောက်ရင် ညီအစ်ကို/မတွေနဲ့ နှုတ်ဆက်​စကားပြောနိုင်တယ်။ ပေါင်းသင်း​နိုင်တယ်။ အမှုဆောင်မှာ ပျော်ဖို့၊ တိုးတက်ဖို့ ကူညီပေးမယ့် လက်တွေ့ကျ အကြံပြုချက်တွေ ကြား​နိုင်တယ်” လို့ ပြောတယ်။ အချိန် တိကျ​ရင် ရမယ့် အကျိုးကျေးဇူးတွေကို အဲရစ်ကာ အာရုံစိုက်လို့ ပန်းတိုင် ရောက်သွားတယ်။ သင်​ကော ဘာအကျိုးကျေးဇူးတွေ အာရုံစိုက်နိုင်သလဲ။ ကျမ်းစာ ဖတ်တာ၊ ဆုတောင်းတာ​နဲ့ပတ်သက်ပြီး ပန်းတိုင်ထားတယ်ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်း​လာမယ်​ဆိုတဲ့ အကျိုးကျေးဇူးကို စဉ်းစားနိုင်တယ်။ (ဆာ. ၁၄၅:၁၈၊ ၁၉) ခရစ်ယာန် အရည်အသွေး​တစ်ခု ရှိလာဖို့ ပန်းတိုင်ထားတယ်ဆိုရင် တခြားသူတွေ​နဲ့ ဆက်ဆံရေး ပိုကောင်း​လာမယ်​ဆိုတဲ့ အကျိုးကျေးဇူးကို စဉ်းစားနိုင်တယ်။ (ကော. ၃:၁၄) ဒါကြောင့် ကိုယ် ပန်းတိုင် ရောက်ချင်ရတဲ့ အကြောင်းရင်း​အားလုံးကို စာရင်း လုပ်ပါ။ အဲဒီ​စာရင်းကို မကြာခဏ ကြည့်ပါ။ “ပန်းတိုင် ရောက်ချင်ရတဲ့ အကြောင်းရင်း များလေ လက်လျှော့​မိ​ဖို့ အကြောင်း နည်း​လေ​ပဲ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုမက်ရှ် ပြောတယ်။

၇။ ဂျူလီယိုတို့ ဇနီးမောင်နှံ ပန်းတိုင် ရောက်ဖို့ ဘာက ကူညီပေးသလဲ။

ပန်းတိုင် ရောက်အောင် ကြိုးစားဖို့ အားပေးသူ​တွေ​နဲ့ ပေါင်းပါ။ (ပညာ. ၁၃:၂၀) အမှုဆောင်​လုပ်ငန်း တိုးချဲ့​မယ်​ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ ဂျူလီယိုတို့ ဇနီးမောင်နှံ​ကို ဘာက ကူညီပေးသလဲ။ “ပန်းတိုင် ရောက်အောင် ကြိုးစားဖို့ အားပေးတဲ့ မိတ်ဆွေတွေနဲ့ ပေါင်းတယ်။ ပန်းတိုင်​အကြောင်း သူတို့နဲ့ ဆွေးနွေးတယ်။ မိတ်ဆွေ အများစုက ပန်းတိုင် ရောက်ပြီး​သား​သူ​တွေ​ဆိုတော့ ကျွန်တော်တို့ကို လက်တွေ့ကျ အကြံ​တွေ ပေးနိုင်​ကြတယ်။ အခြေအနေ မေးမြန်းကြတယ်။ လိုအပ်တဲ့အခါ အားပေးကြတယ်” လို့ ဂျူလီယို ပြောတယ်။

စိတ်ဆန္ဒ မရှိရင်

ပန်းတိုင် ရောက်ဖို့ ကြိုးစားပါ (စာပိုဒ် ၈ ကို ကြည့်ပါ)

၈။ စိတ်​ပါ​မှ လုပ်ရင် ဘာဖြစ်​သွား​နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

လုပ်ချင်​ကိုင်​ချင်စိတ် မရှိတဲ့ နေ့​မျိုး ကျွန်တော်တို့​အားလုံး ကြုံဖူး​ကြတယ်။ ဒီလိုသာ​ဆိုရင် ပန်းတိုင် မရောက်နိုင်တော့ဘူးလား။ ဥပမာ​တစ်ခု စဉ်းစားကြည့်ပါ။ ရွက်လှေ လို​ရာ​ခရီး ရောက်ဖို့ လေဟာ အဓိက တွန်းအား ဖြစ်တယ်။ ဒါပေမဲ့ လေ​အားကောင်းတဲ့ ရက်၊ မကောင်းတဲ့ ရက် ရှိတယ်။ လုံးဝ လေ​မ​တိုက်တဲ့ ရက်​တွေ​လည်း ရှိတယ်။ ဒါနဲ့ပဲ ရွက်လှေ ရှေ့​မ​ရောက်တော့​ဘူး​လား။ ရောက်​နိုင်ပါတယ်။ ရွက်လှေ​တချို့​မှာ စက်​တပ်​ထားတယ်။ တချို့​မှာ လှော်တက် ပါတယ်။ ရ​ရာ နည်းလမ်း သုံးပြီး လို​ရာ​ခရီး ဆက်​နိုင်တယ်။ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒ​ကလည်း လေ​နဲ့ တူတယ်။ စိတ်​အတက်အကျ ရှိနိုင်တယ်။ လုံးဝ စိတ်မပါတဲ့ ရက်​တွေ​လည်း ရှိနိုင်တယ်။ ဒါကြောင့် စိတ်​ပါ​မှ လုပ်ရင် ပန်းတိုင် ရောက်တော့​မှာ မဟုတ်ဘူး။ လို​ရာ​ခရီး ရောက်ဖို့ ရွက်လွှင့်သူတွေ နည်းလမ်း ရှာပြီး သွား​သ​လို ကျွန်တော်တို့လည်း လုပ်ချင်​ကိုင်​ချင်စိတ် မရှိရင်တောင် ပန်းတိုင် ရောက်ဖို့ ကြိုးစားနိုင်တုန်းပါပဲ။ မလွယ်ပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။ ဘယ်လို ကြိုးစားနိုင်သလဲ။ အရင်ဆုံး၊ မေးခွန်း​တစ်ခု ဆွေးနွေး​ကြရအောင်။

၉။ စိတ်မပါဘဲ ပန်းတိုင် ရောက်ဖို့ ကြိုးစား​သင့်​သ​လား။ ရှင်းပြပါ။

ယေဟောဝါက မိမိကို ပျော်ပျော်ရွှင်ရွှင်၊ စိတ်ပါလက်ပါ ဝတ်ပြု​စေချင်တယ်။ (ဆာ. ၁၀၀:၂) ဒီတော့ စိတ်မပါဘဲ ဘုရားရေးရာ ပန်းတိုင်​တစ်ခု ရောက်ဖို့ ကြိုးစား​သင့်​သ​လား။ တမန်တော် ပေါလု​အကြောင်း စဉ်းစားကြည့်ပါ။ “ကျွန်တော့်​ကိုယ်ခန္ဓာကို ထိုးနှက်​ပြီး ကျွန်​တစ်ယောက်လို ဖြစ်အောင် ထိန်းချုပ်ထားတယ်” လို့ ပြောတယ်။ (၁ ကော. ၉:၂၅-၂၇) လုပ်သင့်တာ​နဲ့ လုပ်ချင်​တာ လွန်ဆွဲ​လာတဲ့အခါ ပေါလု ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တယ်။ ပေါလုရဲ့ လုပ်ရပ်ကို ယေဟောဝါ နှစ်သက်​သ​လား။ နှစ်သက်တယ်။ ဆု​တောင် ချခဲ့တယ်။—၂ တိ. ၄:၇၊ ၈

၁၀။ စိတ်မပါ​ရင်တောင် ပန်းတိုင် ရောက်ဖို့ ကြိုးစားမယ်ဆိုရင် ဘာအကျိုး ရမလဲ။

၁၀ စိတ်မပါ​ရင်တောင် ပန်းတိုင် ရောက်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာ မြင်တဲ့အခါ ယေဟောဝါ သိပ်ဝမ်းသာတယ်။ လုပ်ရတာ မပျော်တဲ့ အချိန်တွေ ရှိပေမဲ့ မိမိကို ချစ်လို့ လုပ်နေမှန်း သိလို့ပဲ။ ပေါလု​ကို ကောင်းချီး​ပေးသလို ကျွန်တော်တို့ကိုလည်း ကောင်းချီးပေးပါလိမ့်မယ်။ (ဆာ. ၁၂၆:၅) ဘုရား​ကောင်းချီး ခံစားရတဲ့အခါ လုပ်ချင်​ကိုင်​ချင်စိတ်​တောင် ရှိလာနိုင်တယ်။ “တစ်ခါတလေ အမှုဆောင် မ​သွား​ချင်ဘူး။ အထူးသဖြင့်၊ ပင်ပန်း​နေချိန်​တွေ​ဆိုရင်​ပေါ့။ ဒါပေမဲ့ သွားလိုက်တော့လည်း ပျော်သွားတာပဲ” လို့ ပိုလန်​နိုင်ငံက ညီအစ်မ လူစီနာ ပြောတယ်။ ဒါဆိုရင် စိတ်ဆန္ဒ မရှိတဲ့အခါ ရှိလာအောင် ဘာလုပ်နိုင်သလဲ။

၁၁။ ချုပ်တည်းခြင်း ရှိဖို့ ယေဟောဝါ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၁ ချုပ်တည်းခြင်း ရှိဖို့ ဆုတောင်းပါ။ ချုပ်တည်းခြင်း​ဆိုတာ ခံစားချက်၊ လုပ်ရပ်ကို ကြပ်မတ်​နိုင်စွမ်း ဖြစ်တယ်။ မကောင်းတာ မလုပ်မိဖို့​ပဲ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ရတာ မဟုတ်ဘူး။ ကောင်းတာ လုပ်ဖို့လည်း ကြပ်မတ်ရတယ်။ အထူးသဖြင့်၊ ခက်တဲ့ အလုပ်၊ စိတ်မပါတဲ့ အလုပ်​ဆိုရင်​ပေါ့။ ချုပ်တည်းခြင်း​ဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်လို့ ချုပ်တည်းမှု ပို​ရှိလာအောင် ယေဟောဝါဆီကနေ သန့်ရှင်းသော စွမ်းအားတော် တောင်းပါ။ (လု. ၁၁:၁၃။ ဂလ. ၅:၂၂၊ ၂၃) ကိုယ်ပိုင် လေ့လာမှု မှန်မှန် လုပ်မယ်​ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ ဆုတောင်းခြင်းက ဘယ်လို ကူညီပေးကြောင်း အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေးဗစ် ဒီလိုပြောတယ်– “ချုပ်တည်းခြင်း ရှိဖို့ ကူညီပေးပါ​လို့ ယေဟောဝါဆီ ဆုတောင်းတယ်။ ဘုရား​အကူအညီကြောင့် လေ့လာမှု ဇယား​ကောင်း ရှိလာတယ်။ ဇယားအတိုင်း မှန်မှန် လေ့လာ​ဖြစ်သွားတယ်။”

၁၂။ ဒေသနာ ၁၁:၄ က ပန်းတိုင် ရောက်ဖို့ ဘယ်လို ကူညီပေးသလဲ။

၁၂ အချိန်အခါကောင်း​ကို စောင့်မနေပါနဲ့။ ဒီ​လောက​မှာ အချိန်အခါကောင်း​ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ရက်​ကောင်း ရက်မြတ် ရွေး​နေ​ရင် ပန်းတိုင် ရောက်တော့​မှာ မဟုတ်ဘူး။ (ဒေသနာ ၁၁:၄ ကို ဖတ်ပါ။) “အချိန်အခါကောင်း​ဆိုတာ မရှိဘူး။ ကိုယ်​က ဖန်တီးယူရမှာ။ လုပ်စရာ ရှိတာ​သာ လုပ်” လို့ ညီအစ်ကို ဒေနီယယ် ပြောတယ်။ နေ့​ရွှေ့​ည​ရွှေ့ မလုပ်​သင့်​တဲ့ နောက်အကြောင်းရင်းနဲ့​ပတ်သက်ပြီး ယူဂန္ဓာ​နိုင်ငံက ညီအစ်ကို ပေါလ် ဒီလိုပြောတယ်– “အခက်အခဲတွေ​ကြား​က တစ်ခုခု စ​လုပ်လိုက်တာ​ဟာ ယေဟောဝါ ကောင်းချီးပေးလို့ ရအောင် လမ်းဖွင့်​လိုက်တာပဲ။”—မာ​လ. ၃:၁၀

၁၃။ နည်းနည်း​ကနေ စတာ ဘာကြောင့် အကျိုး​ရှိနိုင်သလဲ။

၁၃ နည်းနည်း​ကနေ စ​ပါ။ ပန်းတိုင် အလှမ်းဝေးလွန်းပုံ ရလို့ ကြိုးစားချင်စိတ် မရှိတော့တာ ဖြစ်နိုင်တယ်။ ဒါဆိုရင် နည်းနည်း​ကနေ စ​ပါ။ ကိုယ့်​ပန်းတိုင်​ဟာ အရည်အသွေး​တစ်ခု ရှိလာဖို့​ဆိုရင် အဲဒီ​အရည်အသွေးကို အသေးအဖွဲ လုပ်ရပ်တွေ​နဲ့ စ​ပြ​ကြည့်ပါ။ ကျမ်းစာ တစ်အုပ်လုံး အပြီး​ဖတ်ဖို့ ပန်းတိုင်ထားတယ်ဆိုရင် အချိန် နည်းနည်းလောက်​ကနေ စ​ဖတ်​ကြည့်ပါ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုမက်ရှ်ဟာ တစ်နှစ်အတွင်း ကျမ်းစာ တစ်အုပ်လုံး အပြီး​ဖတ်​မယ်​ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ ခက်နေတယ်။ “ကိုယ် လိုက်​မမီ​တဲ့ နှုန်း​နဲ့ ဖတ်ဖို့ ကြိုးစား​နေ​မိ​မှန်း ကျွန်တော် သတိထား​မိ​သွားတယ်။ ဒါကြောင့် ထပ်​ကြိုးစား​ကြည့်ဖို့ ဆုံးဖြတ်​လိုက်တယ်။ ဒီတစ်ခါတော့ တစ်ရက်ကို ကျမ်းပိုဒ် နည်းနည်းပဲ ဖတ်ပြီး တွေးတော​ဆင်ခြင်​တယ်။ ဒီလိုနဲ့ ကျမ်းစာ ဖတ်ရတာ ပျော်လာတယ်” လို့ ပြောတယ်။ ဖတ်ရတာ ပျော်လာတော့မှ အချိန် တိုး​တိုးပြီး ဖတ်တော့ နောက်ဆုံးမှာ ကျမ်းစာ တစ်အုပ်လုံး အပြီး ဖတ်​နိုင်​သွားတယ်။ c

လဲကျတဲ့အခါ စိတ်ဓာတ်​မကျပါနဲ့

၁၄။ ဘာတွေ​ကြောင့် လဲကျ​သွား​နိုင်သလဲ။

၁၄ ဆန္ဒ ဘယ်လောက် ရှိပါစေ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ကြပ်မတ်​ပါ​စေ အခက်အခဲတွေ​ကတော့ ရှိစမြဲပဲ။ ဥပမာ၊ “မျှော်လင့်မထားတဲ့ ဖြစ်ရပ်​တွေ” ကြောင့် ပန်းတိုင် ရောက်အောင် ကြိုးစား​ရမယ့် အချိန်တွေ ပဲ့သွားနိုင်တယ်။ (ဒေ. ၉:၁၁) အခက်အခဲ​တစ်ခုခု​ကြောင့် စိတ်ဓာတ်ကျ၊ အားလျော့​သွားနိုင်တယ်။ (ပညာ. ၂၄:၁၀) မစုံလင်သူတွေမို့ ပန်းတိုင်​နဲ့ အလှမ်းဝေး​စေ​တဲ့ အမှားတွေ လုပ်မိ​နိုင်တယ်။ (ရော. ၇:၂၃) ဒါမှမဟုတ် ခြေကုန်လက်ပန်း ကျ​နေနိုင်တယ်။ (မ. ၂၆:၄၃) လဲကျတဲ့အခါ ပြန်ထ​ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၅။ လဲကျ​တာနဲ့ ကျရှုံး​တာ တူ​သ​လား။ ရှင်းပြပါ။ (ဆာလံ ၁၄၅:၁၄)

၁၅ လဲကျ​တာနဲ့ ကျရှုံး​တာ မတူဘူး။ အခက်အခဲ၊ ပြဿနာတွေ ထပ်ခါထပ်ခါ ကြုံနိုင်တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ ဒါပေမဲ့ လဲကျ​သွားတဲ့အခါ ယေဟောဝါရဲ့ အကူအညီနဲ့ ပြန်ထနိုင်မယ်လို့လည်း ပြောတယ်။ (ဆာလံ ၁၄၅:၁၄ ကို ဖတ်ပါ။) “ကျွန်တော် ဘယ်နှကြိမ် လဲကျ​တယ်ဆိုတာ အာရုံမစိုက်​ဘူး။ ဘယ်နှကြိမ် ပြန်ထတယ်ဆိုတာပဲ အာရုံစိုက်တယ်။ အောင်မြင်မှု​ဆိုတာ အဲဒါ​ပဲ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဖိလစ် ပြောတယ်။ “လဲကျ​သွားတာကို အတားအဆီး​လို့ သဘော​မထားဘူး။ ယေဟောဝါကို ဘယ်လောက် ချစ်တယ်ဆိုတာ ပြနိုင်တဲ့ အခွင့်အရေး​လို့ သဘောထားတယ်” ဆိုပြီး အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေးဗစ် ပြောတယ်။ လဲ​ကျပေမဲ့ ပန်းတိုင် ရောက်ဖို့ ဆက်ကြိုးစားတာက ဘုရား​နှစ်သက်မှု ရချင်တယ်​ဆိုတာ ပြရာရောက်တယ်။ ပန်းတိုင် ရောက်ဖို့ သင် ကျားကုတ်ကျားခဲ ကြိုးစားနေတာကို ယေဟောဝါ မြင်တဲ့အခါ သိပ်ဝမ်းသာ​နေ​မှာ​ပဲ။

၁၆။ ကိုယ့်ကို လဲ​ကျစေတဲ့​အရာ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၆ ကိုယ့်ကို လဲ​ကျစေတဲ့​အရာ​ကနေ သင်ခန်းစာ ယူပါ။ ကြုံခဲ့ရတာကို ပြန်တွေးပြီး ‘နောက်တစ်ခါ ဒီလို မဖြစ်အောင် ငါ ဘာလုပ်နိုင်သလဲ’ လို့ စဉ်းစားပါ။ (ပညာ. ၂၇:၁၂) တစ်ခါတလေ​ကျတော့ လဲကျသွားတော့မှပဲ ကိုယ့်​ပန်းတိုင်က ကိုယ်​နဲ့ မကိုက်မှန်း သိလာတာမျိုး ရှိတယ်။ သင်လည်း ပန်းတိုင်က သင်​နဲ့ ကိုက်သေးရဲ့လားဆိုတာ ပြန်သုံးသပ်ပါ။ d သင်​နဲ့ မကိုက်လို့ ပန်းတိုင် မ​ရောက်တာကို ကျရှုံး​တာ​လို့ ယေဟောဝါ မသတ်မှတ်ဘူး။—၂ ကော. ၈:၁၂

၁၇။ ကိုယ် အရောက်လှမ်းနိုင်​ခဲ့​တဲ့ ပန်းတိုင်တွေကို ဘာကြောင့် သတိရသင့်သလဲ။

၁၇ ကိုယ် အရောက်လှမ်းနိုင်​ခဲ့​တဲ့ ပန်းတိုင်တွေကို သတိရပါ။ ‘ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို ဘယ်တော့မှ မမေ့ဘူး’ လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဟီ. ၆:၁၀) သင်လည်း မမေ့ပါနဲ့။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတာ၊ တခြားသူတွေကို ဟောပြောတာ၊ နှစ်ခြင်းခံတာ​လို​မျိုး သင် အရောက်လှမ်းနိုင်​ခဲ့​တဲ့ ပန်းတိုင်တွေကို ပြန်စဉ်းစားပါ။ အဲဒီလို ဘုရားရေးရာ ပန်းတိုင်တွေ​ဆီ အရောက်လှမ်းနိုင်​ခဲ့​သ​လို လက်ရှိ ပန်းတိုင်တွေ​ဆီ​လည်း အရောက်လှမ်းနိုင်​ပါလိမ့်မယ်။—ဖိ. ၃:၁၆

ပန်းတိုင်​ဆီ ပျော်ပျော်ရွှင်ရွှင် အရောက်လှမ်းပါ (စာပိုဒ် ၁၈ ကို ကြည့်ပါ)

၁၈။ ပန်းတိုင် ရောက်ဖို့ ကြိုးစားတဲ့အခါ ဘာကို သတိရသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၈ လို​ရာ​ခရီး ရောက်သွားတဲ့ ရွက်လွှင့်သူလိုပဲ ယေဟောဝါရဲ့ အကူအညီကြောင့် သင်လည်း ပန်းတိုင် ရောက်​နိုင်ပါတယ်။ ရွက်လွှင့်သူ များစွာ​ဟာ ခရီးဆုံး ရောက်မှ ပျော်ကြတာ မဟုတ်ဘူး။ ရှုခင်း​တွေ တ​ကြည့်​ကြည့်​နဲ့ လမ်းမှာ​လည်း ပျော်ကြတယ်။ သင်လည်း ဘုရားရေးရာ ပန်းတိုင်တွေ​ဆီ အရောက်သွား​နေတုန်းမှာ ကိုယ့်ကို ယေဟောဝါ ကူညီပေးနေတာ​တွေ၊ ကောင်းချီးပေးတာ​တွေ​ကို ကြည့်ဖို့ သတိရပါ။ လမ်းခရီး​မှာ ပျော်ရပါလိမ့်မယ်။ (၂ ကော. ၄:၇) လက်မလျှော့ဘူး​ဆိုရင် ပိုကောင်းတဲ့ ကောင်းချီးတွေ​တောင် ခံစားရပါလိမ့်မယ်။—ဂလ. ၆:၉

သီချင်း ၁၂၆ မြဲမြံ​နိုးကြား၊ ခွန်အား​ကြီးပွား

a ဘုရားရေးရာ ပန်းတိုင်တွေ ထားဖို့ ကျွန်တော်တို့ မကြာမကြာ အားပေး​ခံရ​ကြတယ်။ ပန်းတိုင် ထားပေမဲ့ ရောက်ဖို့ ခက်နေရင် ဘယ်လို လုပ်မလဲ။ ဒီဆောင်းပါးမှာ အကြံပြုချက် အမျိုးမျိုး ဖော်ပြထားပါတယ်။

b စကားလုံး ရှင်းလင်းချက်။ ဘုရားရေးရာ ပန်းတိုင်​ဆိုတာ ယေဟောဝါဘုရားအတွက် ပိုအမှုဆောင်နိုင်ဖို့၊ ဘုရား​စိတ်တော် ရွှင်လန်း​စေဖို့ သင် တိုးတက်ချင်တာ၊ ပြည့်မီချင်တာ ဘာမဆို ပါတယ်။ ဥပမာ၊ ခရစ်ယာန် အရည်အသွေး တစ်ခု ရှိလာဖို့ ပန်းတိုင်​ထားနိုင်တယ်။ ကျမ်းစာ ဖတ်ရှုခြင်း၊ ကိုယ်ပိုင် လေ့လာမှု၊ အမှုဆောင်​လုပ်ငန်း​စတဲ့ ဝတ်ပြုရေး ကဏ္ဍ​တစ်ခုခုမှာ တိုးတက်ဖို့ ပန်းတိုင်​ထားနိုင်တယ်။

c သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပညာရေး​မှ အကျိုး​ရယူ စာအုပ်၊ စာ. ၁၀-၁၁၊ ပိုဒ်. ၄ ကို ကြည့်ပါ။

d ထပ်သိချင်ရင် ၂၀၀၈၊ ဇူလိုင် ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “အကျိုးသင့်အကြောင်းသင့် မျှော်လင့်​ပြီး ရွှင်လန်းလော့” ဆောင်းပါးကို ကြည့်ပါ။