မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၁

“ကျွန်တော်တို့ အရှုံးမပေးကြ”

“ကျွန်တော်တို့ အရှုံးမပေးကြ”

“ဒါကြောင့် ကျွန်တော်တို့ အရှုံးမပေး​ကြဘူး။”၂ ကော. ၄:၁၆

သီချင်း ၁၂၈ အဆုံးအထိ ခံရပ်​နေပါ

အကြို​သုံးသပ်ချက် *

၁။ ခရစ်ယာန်တွေကို ပေါလု ဘယ်လို သတိပေးသလဲ။

ခရစ်ယာန်တွေဟာ အသက်​ပြေးပွဲ​မှာ ပါဝင်​နေကြတယ်။ စပြီး​ပြေး​တဲ့​သူ​ဖြစ်စေ၊ ပြေး​နေတာ နှစ်ပေါင်း​များစွာ ကြာ​တဲ့​သူ​ဖြစ်စေ ပန်းဝင်​တဲ့​အထိ ဆက်​ပြေး​ရမယ်။ ဖိလိပ္ပိ​မြို့မှာ​ရှိတဲ့ ခရစ်ယာန်တွေကို တမန်တော် ပေါလု ပေးတဲ့ အကြံပြုချက်​က အဆုံးအထိ ပြေး​ဖို့ ကျွန်တော်တို့ကို အားရှိ​စေနိုင်တယ်။ ပေါလုရဲ့​စာ​ကို ရချိန်မှာ အသင်းတော်​ထဲ​က တချို့ဟာ ယေဟောဝါကို ဝတ်ပြု​လာတာ နှစ်ပေါင်း​များစွာ ကြာ​နေပြီ။ သူတို့ သစ္စာ​ရှိရှိ ဝတ်ပြု​နေကြပေမဲ့ အဆုံး​အထိ ခံနိုင်ရည်​ရှိဖို့ ပေါလု သတိ​ပေးတယ်။ “ပန်းတိုင်​ထားပြီး ကြိုးစား​နေ” တဲ့ မိမိရဲ့ ပုံသက်သေကို တုပ​စေချင်တယ်။—ဖိ. ၃:၁၄

၂။ ပေါလုရဲ့ အကြံပြုချက်​ဟာ ဘာကြောင့် အချိန်ကိုက်​ဖြစ်သလဲ။

ပေါလုရဲ့ အကြံပြုချက်​ဟာ အချိန်ကိုက်​ပါပဲ။ ဖိလိပ္ပိ​အသင်းတော်ဟာ တည်ထောင်ချိန်​က​စပြီး ရန်လို​မုန်းတီးမှု​တွေ ကြုံခဲ့​ရတယ်။ ‘မက်ဆီဒိုးနီးယား​ပြည်​ကို ကူး​လာ​ပါ’ ဆိုတဲ့ စိတ်အာရုံ​ကြောင့် ဖိလိပ္ပိ​မြို့ကို ပေါလုနဲ့ သိလ ရောက်လာတဲ့ အေဒီ ၅၀ လောက်​မှာ ဖြစ်တယ်။ (တ. ၁၆:၉) အဲဒီမှာ သတင်းကောင်းကို လုဒိ​ဆိုတဲ့ အမျိုးသမီး “အာရုံစိုက်​နားထောင်​နိုင်ဖို့ သူ့​စိတ်နှလုံးကို ယေဟောဝါ ဖွင့်​ပေးတယ်။” (တ. ၁၆:၁၄) မကြာခင် အိမ်သူ​အိမ်သား​တွေ​နဲ့​အတူ လုဒိ နှစ်ခြင်း​ခံခဲ့တယ်။ ဒါပေမဲ့ မာရ်နတ် ချက်ချင်း ဒုက္ခ​ပေးတော့တယ်။ မြို့သားတွေ​က ပေါလုနဲ့ သိလ​ကို လက်ထောက်​တရားသူကြီးတွေ​ဆီ ဆွဲခေါ်​သွားပြီး မြို့ကို နှောင့်ယှက်​တယ်လို့ မတရား​စွပ်စွဲကြတယ်။ ပေါလုနဲ့ သိလဟာ ကြိမ်ဒဏ် ရိုက်ခံရ​ပြီး ထောင်ချ​ခံရတယ်။ နောက်ပိုင်း သူတို့ကို မြို့ကနေ ထွက်သွား​ခိုင်း​ကြတယ်။ (တ. ၁၆:၁၆-၄၀) ပေါလုနဲ့ သိလ အရှုံးပေး​လိုက်သလား။ မပေး​ပါဘူး။ အသင်းတော်သစ်​မှာ ရှိတဲ့ ညီအစ်ကို/မ​တွေ​ကော။ သူတို့လည်း ခံနိုင်ရည် ရှိကြတယ်။ ပေါလုနဲ့ သိလ​ရဲ့ ပုံသက်သေ​ကောင်း​ကြောင့် အလွန် အားရှိသွား​ကြ​မှာ သေချာတယ်။

၃။ ဘယ်အချက်ကို ပေါလု သိသလဲ။ ဘယ်မေးခွန်းတွေကို ဆွေးနွေး​ကြ​မလဲ။

အရှုံး​မပေးဖို့ ပေါလု စိတ်​ပိုင်းဖြတ်​ထားတယ်။ (၂ ကော. ၄:၁၆) အသက်​ပြေးပွဲ​မှာ ပန်းဝင်​နိုင်ဖို့ ပန်းတိုင်​ကို အာရုံစိုက်​ရမယ်​ဆိုတာ ပေါလု သိတယ်။ သူ့ရဲ့ ပုံသက်သေ​ကနေ ကျွန်တော်တို့ ဘာ​သင်ယူ​နိုင်​သလဲ။ အခက်​အခဲတွေကို ခံရပ်​နိုင်​ကြောင်း ဘယ်​ခေတ်သစ် ပုံသက်သေ​တွေ​က ဖော်ပြ​သလဲ။ အနာဂတ် မျှော်လင့်ချက်​က ဘယ်တော့မှ အရှုံး​မပေး​ဘူး​ဆိုတဲ့ စိတ်​ပိုင်းဖြတ်ချက်ကို ဘယ်လို ခိုင်မာ​စေ​နိုင်​သလဲ။

ပေါလုရဲ့ ပုံသက်သေ​ကနေ အကျိုး​ရနိုင်ပုံ

၄။ ပေါလုဟာ ခက်ခဲတဲ့ အခြေအနေ​တွေ​ကြား အမှုတော်မှာ ဘယ်လို အလုပ်​များနေသလဲ။

ဖိလိပ္ပိ​အသင်းတော်​ဆီ စာရေး​ဖို့ ပေါလု ဘယ်လောက် ကြိုးစား​အားထုတ်​ခဲ့​ရ​ကြောင်း စဉ်းစားကြည့်ပါ။ ရောမ​မြို့မှာ နေအိမ်​အကျယ်ချုပ် ကျနေ​တယ်။ လွတ်လွတ်​လပ်လပ် မဟောပြော​နိုင်ဘူး။ ဒါပေမဲ့ ဝေးလံတဲ့ အသင်းတော်တွေဆီ စာရေး​ခြင်း၊ လာလည်တဲ့ ဧည့်သည်တွေကို သက်သေခံခြင်း​မှာ အလုပ်များ​နေခဲ့တယ်။ ဒီနေ့လည်း မကျန်းမာ​လို့၊ အသက်ကြီးလို့ အိမ်ပြင်​မထွက်​နိုင်တဲ့ ခရစ်ယာန်​များစွာဟာ မိမိတို့​ဆီ လာတဲ့​သူတွေကို အတတ်နိုင်ဆုံး သတင်းကောင်း ဟောပြောတယ်။ လူချင်း မတွေ့​နိုင်တဲ့​သူတွေဆီ စာရေး သက်သေခံ​တယ်။

၅။ ဖိလိပ္ပိ ၃:၁၂-၁၄ မှာပါတဲ့ စကား​အရ ပန်းတိုင်​ကို မျက်ခြည်​မပြတ်​ဖို့ ပေါလုကို ဘာက ကူညီပေးသလဲ။

ပေါလုဟာ အရင်က ပြီးမြောက်​အောင်မြင်မှု​တွေ ဒါမှမဟုတ် အမှားတွေ​ကြောင့် အာရုံ မပျံ့လွင့်​ခဲ့​ဘူး။ “ရှေ့မှာ​ရှိတာတွေကို လက်လှမ်း” ဖို့၊ တစ်နည်းအားဖြင့် ပြေးပွဲ​မှာ ပန်းဝင်​ဖို့ “နောက်မှာ ချန်ရစ်​ခဲ့​တာတွေကို မေ့ထား” ရမယ်​လို့ သူ​ပြောတယ်။ (ဖိလိပ္ပိ ၃:၁၂-၁၄ ကို​ဖတ်ပါ။) ပေါလုကို အာရုံ​ပျံ့လွင့်​စေနိုင်တဲ့ အရာ​တချို့က ဘာတွေလဲ။ ပထမ၊ ပေါလုဟာ ခရစ်ယာန် မဖြစ်ခင် ဂျူး​ဘာသာ​မှာ အလွန်​အောင်မြင်​ခဲ့​သူ ဖြစ်တယ်။ ဒါပေမဲ့ အဲဒါတွေကို “အမှိုက်​သရိုက်” လို့ သဘော​ထားတယ်။ (ဖိ. ၃:၃-၈) ဒုတိယ၊ အရင်က ခရစ်ယာန်တွေကို နှိပ်စက်​ခဲ့​တာ​တွေ​ကြောင့် အပြစ်​ရှိတယ်​လို့ ခံစား​ရနိုင်​ပေမဲ့ အမှုဆောင်​လုပ်ငန်းကို မရပ်တန့်​ခဲ့​ဘူး။ တတိယ၊ ယေဟောဝါ​အတွက် အတတ်နိုင်ဆုံး လုပ်ခဲ့​ပြီးပြီ​ဆိုပြီး ကျေနပ်​မနေဘူး။ ထောင်ချ​ခံရ​တာ၊ ရိုက်နှက်​ခံရ​တာ၊ ကျောက်ခဲ​နဲ့ ပေါက်​ခံရ​တာ၊ သင်္ဘော​ပျက်​တာ၊ အစာ​ရေစာ ပြတ်လပ်​တာ၊ ဝတ်စရာ မရှိတာ​တွေ ကြုံ​ရပေမဲ့ အမှုဆောင်​လုပ်ငန်းမှာ အောင်မြင်မှု​တွေ ရခဲ့တယ်။ (၂ ကော. ၁၁:၂၃-၂၇) ဒါပေမဲ့ ဘယ်လောက်​ပဲ ပြီးမြောက်​အောင်မြင်​ခဲ့​ပါစေ၊ ဒုက္ခခံ​ခဲ့​ရ​ပါစေ ဆက်ကြိုးစား​နေရမယ်​ဆိုတာ ပေါလု သိတယ်။ ကျွန်တော်တို့လည်း အဲဒီလို ကြိုးစား​ရမယ်။

၆။ မေ့​ပစ်​သင့်​တဲ့ “နောက်မှာ ချန်ရစ်​ခဲ့​တာ” တချို့က ဘာတွေလဲ။

“နောက်မှာ ချန်ရစ်​ခဲ့​တာတွေကို မေ့ထား” တဲ့ ပေါလုရဲ့ ပုံသက်သေကို ဘယ်လို တုပ​နိုင်​သလဲ။ တချို့ဟာ အရင်က အမှားတွေ​ကြောင့် အပြစ်​ရှိတယ်​ဆိုတဲ့ ခံစားချက်ကို တိုက်လှန်​နေရတာ ဖြစ်နိုင်တယ်။ ဒါဆိုရင် အပြစ်တွေကို ခွင့်လွှတ်ဖို့ ခရစ်တော်​ပေးခဲ့တဲ့ ရွေးဖိုး​အကြောင်း လေ့လာပြီး တွေးတော​ဆင်ခြင်ပါ။ ပြီးတော့ အကူအညီ​အတွက် ယေဟောဝါ​ဆီ ဆုတောင်းပါ။ ဒါဆိုရင် မလိုအပ်ဘဲ အပြစ်​ရှိတယ်​လို့ ခံစား​နေရတာ​ကို သက်သာ​စေမယ်။ ယေဟောဝါ ခွင့်လွှတ်​ပြီးသား အပြစ်တွေ​အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​တော့​မှာ မဟုတ်ဘူး။ ပေါလု​ဆီက သင်ယူ​ရတဲ့ နောက်သင်ခန်းစာ​တစ်ခုကို စဉ်းစားကြည့်ပါ။ တချို့က ယေဟောဝါ​အတွက် ပို​အမှုဆောင်​နိုင်ဖို့ ဝင်ငွေ​ကောင်းတဲ့ အလုပ်ကို စွန့်​ရနိုင်တယ်။ ဒါဆိုရင် ဆုံးရှုံး​သွားတဲ့ ငွေကြေး​အခွင့်အလမ်းတွေကို ပြန်​မတမ်းတ​ခြင်း​အားဖြင့် နောက်မှာ ချန်ရစ်​ခဲ့​တာတွေကို မေ့​ပစ်​နိုင်​မလား။ (တော. ၁၁:၄-၆။ ဒေ. ၇:၁၀) “နောက်မှာ ချန်ရစ်​ခဲ့​တာ​တွေ” ထဲမှာ​ ကိုယ့်ရဲ့​ ပြီးမြောက်​အောင်မြင်မှု​တွေ၊ ခံရပ်​ခဲ့တဲ့ စမ်းသပ်မှုတွေ ပါဝင်တယ်။ နှစ်တွေ​တစ်လျှောက် ယေဟောဝါ ကောင်းချီး​ပေးခဲ့တာ​တွေ၊ ထောက်မ​ပေး​ခဲ့​တာတွေကို ပြန်တွေး​တော​တာ​က ဘုရားသခင်နဲ့ ပို​ရင်းနှီး​စေနိုင်တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး လုပ်​ပြီးပြီ​ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်​မနေသင့်​ဘူး။—၁ ကော. ၁၅:၅၈

အသက်ပြေးပွဲမှာ အာရုံပျံ့လွင့်စရာတွေကို ရှောင်ပြီး ပန်းတိုင်ကို အာရုံစိုက်နေရမယ် (အပိုဒ် ၇ ကိုကြည့်ပါ)

၇။ ၁ ကောရိန္သု ၉:၂၄-၂၇ အရ အသက်​ပြေးပွဲ​မှာ အနိုင်ရ​ဖို့ ဘာ​လုပ်ရ​မလဲ။ ဥပမာ​ပေးပါ။

“အားသွန်​ခွန်စိုက် ကြိုးစားပါ” ဆိုတဲ့ ယေရှုရဲ့​စကားကို ပေါလု နားလည်တယ်။ (လု. ၁၃:၂၃၊ ၂၄) ခရစ်တော်​လို​ပဲ အဆုံး​အထိ အားသွန်​ခွန်စိုက် ကြိုးစား​ရမယ်​ဆိုတာ ပေါလု သိတယ်။ ဒါကြောင့် ခရစ်ယာန်​လမ်းစဉ်​ကို ပြေးပွဲ​နဲ့ နှိုင်းယှဉ်ခဲ့​တယ်။ (၁ ကောရိန္သု ၉:၂၄-၂၇ ကို​ဖတ်ပါ။) အပြေး​သမားဟာ ပန်းတိုင်​ကို အာရုံစိုက်​ပြီး အာရုံ​ပျံ့လွင့်​စရာတွေ​ကို ရှောင်တယ်။ ဥပမာ၊ ပြေးလမ်း​မှာ အာရုံ​ပျံ့လွင့်​စေနိုင်တဲ့ စတိုး​ဆိုင်​တွေ၊ တခြား​အရာတွေ ရှိ​နိုင်တယ်။ အပြေးသမား​က ခဏ​ရပ်​ပြီး ဆိုင်​ထဲ​က ပစ္စည်းတွေကို လှမ်းကြည့်​နေ​မလား။ ပန်းဝင်​ချင်​ရင်​တော့ ကြည့်​မှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း အသက်ပြေးပွဲ​မှာ အာရုံ​ပျံ့လွင့်​စရာတွေ​ကို ရှောင်ရမယ်။ ပေါလုလို ပန်းတိုင်​ကို အာရုံစိုက်​ပြီး အားသွန်​ခွန်စိုက် ကြိုးစား​ရင် ဆု​ရမယ်။

ယုံကြည်ခြင်း စမ်းသပ်မှုတွေကို ရင်ဆိုင်​ခြင်း

၈။ ဘယ်​စမ်းသပ်မှု သုံးခု​အကြောင်း ဆွေးနွေး​ကြ​မလဲ။

အရှိန်​လျော့​စေနိုင်တဲ့ စမ်းသပ်မှု သုံးခုကို ဆွေးနွေး​ကြည့်ကြစို့။ မျှော်လင့်ချက်တွေ ကြန့်ကြာနေ​တာ၊ ကာယ​ခွန်အား ဆုတ်ယုတ်လာ​တာ၊ စမ်းသပ်မှုတွေကို ရေရှည် ရင်ဆိုင်​နေရတာ​တွေ ဖြစ်တယ်။ အဲဒါတွေကို တခြားသူတွေ ဘယ်လို ရင်ဆိုင်​ဖြေရှင်း​ကြောင်း လေ့လာခြင်း​ကနေ ကျွန်တော်တို့ အကျိုး​ရနိုင်တယ်။—ဖိ. ၃:၁၇

၉။ မျှော်လင့်ချက်တွေ ကြန့်ကြာ​နေ​တာ​က ကျွန်တော်တို့ကို ဘာ​ဖြစ်စေ​နိုင်​သလဲ။

မျှော်လင့်ချက်တွေ ကြန့်ကြာနေ​ခြင်း။ ယေဟောဝါရဲ့ ကတိ​တွေ ပြည့်စုံ​လာ​မှာ​ကို မျှော်လင့်​တာ​ဟာ မမှားပါဘူး။ ယုဒပြည်ရဲ့ ဆိုးသွမ်းမှု​တွေ အဆုံးတိုင်​မယ့်​အချိန်ကို ပရောဖက် ဟဗက္ကုတ် မျှော်နေ​ပေမဲ့ “ဆက်ပြီး စောင့်မျှော်” ဖို့ ယေဟောဝါ ပြောတယ်။ (ဟဗ. ၂:၃) ဒါပေမဲ့ မျှော်လင့်ချက်တွေ ပြည့်စုံ​လာဖို့ ကြန့်ကြာ​နေရင် ဇွဲ​လျော့​လာနိုင်တယ်။ စိတ်ဓာတ်ကျ​လာနိုင်တယ်။ (ပညာ. ၁၃:၁၂) ၂၀ ရာစု အစောပိုင်းမှာ အဲဒီလို ဖြစ်ခဲ့တယ်။ ဘိသိက်ခံ ခရစ်ယာန်​များစွာဟာ ၁၉၁၄ မှာ ကောင်းကင်​ဆုကျေးဇူး ရမယ်​လို့ မျှော်လင့်​ခဲ့​ကြတယ်။ မျှော်လင့်သလို ဖြစ်​မလာ​တဲ့အခါ သစ္စာ​ရှိသူတွေ ဘယ်လို ရင်ဆိုင်​ဖြေရှင်း​ခဲ့ကြ​သလဲ။

၁၉၁၄ မှာ ရွိုင်ရယ်နဲ့ ပါးလ်တို့ရဲ့ မျှော်လင့်ချက် မပြည့်ခဲ့ပေမဲ့ နှစ်ပေါင်းများစွာ ဆက်သစ္စာရှိ (အပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ မျှော်လင့်ချက်တွေ ကြန့်ကြာ​နေ​တာ​ကို မောင်နှံ​တစ်စုံ ဘယ်လို ရင်ဆိုင်​ဖြေရှင်း​ခဲ့​သလဲ။

၁၀ အဲဒီ​စမ်းသပ်မှုကို ရင်ဆိုင်ခဲ့​ရတဲ့ သစ္စာ​ရှိသူ​နှစ်ယောက်​အကြောင်း သုံးသပ်​ကြည့်ပါ။ ညီအစ်ကို ရွိုင်ရယ်​ စပါးစ်​ဟာ အသက် ၂၀ အရွယ် ၁၉၀၈ မှာ နှစ်ခြင်းခံတယ်။ မကြာခင် ကောင်းကင်​တက်​ရတော့မယ်​လို့ လုံးဝ ယုံကြည်တယ်။ ၁၉၁၁ မှာ ညီအစ်မ ပါးလ်​ကို အိမ်ထောင်ပြု​ဖို့ ကမ်းလှမ်း​ပြီး “၁၉၁၄ မှာ ဘာဖြစ်မယ်​ဆိုတာ ငါတို့ သိ​ပြီးသား​ပဲ။ လက်ထပ်မယ်​ဆိုရင် အခု လက်ထပ်​ရအောင်” လို့ ပြောတယ်။ ၁၉၁၄ မှာ သူတို့ ကောင်းကင်​ဆုကျေးဇူး မရတဲ့​အခါ အသက်​ပြေးပွဲ​ကနေ ထွက်​လိုက်သလား။ မထွက်ပါ​ဘူး။ သူတို့ရဲ့ အဓိက ပန်းတိုင်ဟာ ဆု​ရဖို့ မဟုတ်ဘဲ ဘုရား​အလိုတော်ကို သစ္စာ​ရှိရှိ ထမ်းဆောင်ဖို့​ပဲ။ အသက်​ပြေးပွဲ​ကို ခံနိုင်ရည်​ရှိရှိ ဆက်​ပြေး​ဖို့ စိတ်​ပိုင်းဖြတ်​ထား​ကြတယ်။ ဆယ်စုနှစ်​များစွာ​ကြာပြီး မြေကြီး​အသက်တာ ကုန်ဆုံးချိန်​ထိ သူတို့ သစ္စာ​ရှိခဲ့​ကြတယ်။ သင်လည်း ဘုရား​နာမည်​နဲ့ အချုပ်အခြာ​အာဏာ သံသယ​ကင်းရှင်း​တာ၊ ကတိတော်​တွေ ပြည့်စုံတာ​ကို မြင်​ချင်မှာပဲ။ ယေဟောဝါ သတ်မှတ်​ထားတဲ့​အချိန်မှာ ဖြစ်လာမယ်​ဆိုတာ စိတ်ချပါ။ အဲဒီ​အချိန်​ရောက်တဲ့​အထိ အမှုတော်မှာ ဆက်​အလုပ်​များ​နေကြပါ​စို့။ မျှော်လင့်ချက်တွေ ကြန့်ကြာနေ​လို့ စိတ်ဓာတ်ကျ​တာ၊ အရှိန်​လျှော့​လိုက်တာမျိုး မဖြစ်ပါစေနဲ့။

အသက်ကြီးနေတာတောင် အာသာဆီကော့ဟာ အမှုဆောင်ချင်စိတ် ပြင်းပြနေတုန်းပဲ (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁-၁၂။ ကာယ​ခွန်အား ဆုတ်ယုတ်​သွား​ရင်တောင် ဘာကြောင့် ဆက်​အမှုဆောင်​နိုင်သလဲ။ ဥပမာ​ပေးပါ။

၁၁ ကာယ​ခွန်အား ဆုတ်ယုတ်လာ​ခြင်း။ အပြေး​သမားဟာ ပြေး​ဖို့​အတွက် ကာယ​ခွန်အား လိုတယ်။ ကျွန်တော်တို့​ကတော့ ကာယ​ခွန်အား မရှိလည်း ဘုရားရေးရာမှာ သန်စွမ်း​နေ​နိုင်တယ်။ ဘုရား​ကျေးကျွန်​များစွာ​ဟာ ကာယ​ခွန်အား ဆုတ်ယုတ်​လာ​တာ​တောင် အမှုတော်မှာ ပါဝင်လိုစိတ် ပြင်းပြ​နေတုန်းပဲ။ (၂ ကော. ၄:၁၆) ဥပမာ၊ ဗေသလ သက်တမ်း ၅၅ နှစ် ရှိပြီ​ဖြစ်တဲ့ ညီအစ်ကို အာသာ ဆီကော့​ဟာ * အသက် ၈၈ နှစ် ရှိပြီး အိုမင်းမစွမ်း ဖြစ်နေပြီ။ တစ်နေ့၊ သူနာပြု​က ပြုစုပေး​ဖို့ သူ့​အိပ်ရာ​နား လာ​ရင်း “ယေဟောဝါရဲ့ အမှုတော်မှာ ညီအစ်ကို အများကြီး လုပ်ခဲ့​ပြီးပြီ” လို့ ပြောတယ်။ ဒါပေမဲ့ ညီအစ်ကို အာသာ​ဟာ အရင်က လုပ်ခဲ့တာ​တွေ​နဲ့​ပဲ ကျေနပ်​မနေဘူး။ သူနာပြု​ကို ပြုံးပြ​ရင်း “မှန်ပါတယ်။ ဒါပေမဲ့ ဘာလုပ်ခဲ့​တယ်​ဆိုတာ အရေး​မကြီး​ဘူး။ အခု ဘာလုပ်​နေတယ်​ဆိုတာပဲ အရေးကြီး​တာ​ပါ” လို့ ပြန်​ပြောတယ်။

၁၂ သင်ဟာ ယေဟောဝါရဲ့ အမှုတော်မှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ပြီး အခု ကျန်းမာရေး​ကြောင့် အရင်က​လောက် မလုပ်နိုင်​တော့​တာ ဖြစ်နိုင်တယ်။ စိတ်ဓာတ်​မကျပါနဲ့။ အရင်က သစ္စာ​ရှိရှိ အမှုဆောင်ခဲ့တာကို ယေဟောဝါ တန်ဖိုးထား​လေးမြတ်​ကြောင်း စိတ်ချပါ။ (ဟီ. ၆:၁၀) စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်ခြင်း​ဆိုတာ ဘယ်လောက် လုပ်တယ်​ဆိုတဲ့​အပေါ် မမူတည်​ဘဲ အပြု​သဘော​ရှိ​ခြင်း၊ ခွန်အား​ရှိ​သလောက် အမှုဆောင်ခြင်း​အပေါ် မူတည်​ကြောင်း သတိရပါ။ (ကော. ၃:၂၃) ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်​တွေကို ယေဟောဝါ နားလည်တယ်။ တတ်နိုင်​တာ​ထက် ပို​မတောင်းဆိုပါဘူး။—မာ. ၁၂:၄၃၊ ၄၄

အနာတိုလီနဲ့ လစ်ဒီယာ မဲလ်နစ်တို့ဟာ အခက်အခဲတွေကြား သစ္စာရှိရှိ ခံရပ်ခဲ့ကြ (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၃။ အနာတိုလီနဲ့ လစ်ဒီယာ​တို့ရဲ့ တွေ့ကြုံမှု​က စမ်းသပ်မှုတွေ​ကြား ဆက်​အမှုဆောင်​ဖို့ ဘယ်လို အားရှိ​စေ​သလဲ။

၁၃ စမ်းသပ်မှုတွေကို ရေရှည် ရင်ဆိုင်​နေရ​ခြင်း။ ယေဟောဝါရဲ့ ကျေးကျွန်​တချို့ဟာ အခက်အခဲ​တွေ၊ နှိပ်စက်​ညှဉ်းပန်းမှု​တွေကို ဆယ်စုနှစ်​များစွာ ခံရပ်​ခဲ့​ကြတယ်။ ဥပမာ၊ အနာတိုလီ မဲလ်နစ် အသက် ၁၂ နှစ်မှာ အဖေ အဖမ်းခံရ၊ ထောင်ချ​ခံရပြီး မိသားစု​ရှိရာ မော်လ်ဒိုဗာ​ကနေ မိုင် ၄၀၀၀ ကျော် ဝေး​တဲ့ ဆိုက်ဘေးရီးယားကို နယ်နှင်ခံ​ရတယ်။ တစ်နှစ်​ကြာပြီးနောက် အနာတိုလီနဲ့ အမေ၊ အဖိုး​အဖွား​တွေ​လည်း ဆိုက်ဘေးရီးယားကို နယ်နှင်​ခံ​ရတယ်။ အေးခဲ​နေတဲ့ နှင်းတော​ထဲ မိုင် ၂၀ လမ်းလျှောက်​ပြီး နောက်​တစ်ရွာ​မှာ အစည်းအဝေး သွား​တက်​ရတယ်။ နောက်ပိုင်း ညီအစ်ကို အနာတိုလီ​ဟာ ထောင်​သုံးနှစ် ကျ​ပြီး ဇနီး​လစ်ဒီယာ​နဲ့ တစ်နှစ်​အရွယ် သမီးကို ထားခဲ့​ရတယ်။ နှစ်ပေါင်း​များစွာ ဒုက္ခတွေ ကြုံ​ရပေမဲ့ သူနဲ့ မိသားစုဟာ ယေဟောဝါကို သစ္စာ​ရှိရှိ ဆက်​အမှုဆောင်​ကြတယ်။ အခု အနာတိုလီဟာ အသက် ၈၂ နှစ် ရှိပြီ။ ဗဟို​အာရှ​မှာ ဌာနခွဲ​ကော်မတီဝင်​အဖြစ် အမှုဆောင်​နေတယ်။ အနာတိုလီ​နဲ့ လစ်ဒီယာလို​ပဲ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အမှုတော်မှာ အရင်ကလို ခံနိုင်ရည်​ရှိရှိ အတတ်နိုင်ဆုံး ပါဝင်​နေကြပါ​စို့။—ဂလ. ၆:၉

အနာဂတ် မျှော်လင့်ချက်ကို ဆက်​အာရုံ​စိုက်​နေပါ

၁၄။ ပန်းတိုင်​ရောက်အောင် ဘာ​လုပ်ဖို့ လို​ကြောင်း ပေါလု အသိအမှတ်​ပြု​သလဲ။

၁၄ ပန်းတိုင်​ရောက်တဲ့​အထိ ပြေး​နိုင်မယ်​လို့ ပေါလု ယုံကြည်တယ်။ ဘိသိက်ခံ ခရစ်ယာန်​ဖြစ်လို့ “ကောင်းကင်​အသက်တာ ခေါ်တော်မူခြင်း​ဆိုတဲ့ ဘုရားပေး ဆုကျေးဇူး​ကို” မျှော်လင့်တယ်။ ဒါပေမဲ့ ပန်းတိုင်​ရောက်​ဖို့ ဆက် “ကြိုးစား” ရမယ်​ဆိုတာ အသိအမှတ်​ပြုတယ်။ (ဖိ. ၃:၁၄) ပန်းတိုင်​ကို အာရုံ​စိုက်​နိုင်အောင် ဖိလိပ္ပိ​အသင်းတော်ကို ကူညီ​ပေးဖို့ ဥပမာ​တစ်ခု သုံးခဲ့တယ်။

၁၅။ ဖိလိပ္ပိ​အသင်းတော်ကို ဆက် “ကြိုးစား” ဖို့ ဘယ်​ဥပမာ သုံးပြီး ပေါလု အားပေး​ခဲ့​သလဲ။

၁၅ ကောင်းကင်​နိုင်ငံသား ဖြစ်ခွင့်​အကြောင်း ဖိလိပ္ပိ​အသင်းတော်ကို ပေါလု သတိ​ပေးတယ်။ (ဖိ. ၃:၂၀) အဲဒီ​အကြောင်းကို ဘာကြောင့် သတိ​ရဖို့ လိုသလဲ။ အဲဒီတုန်းက ရောမ​နိုင်ငံသား​ဖြစ်ခွင့်​ကို လူတွေ သိပ်​တန်ဖိုးထား​ကြတယ်။ * ဒါပေမဲ့ ဘိသိက်ခံ ခရစ်ယာန်​တွေ​ကတော့ ပို​ကောင်းတဲ့ နိုင်ငံရဲ့ နိုင်ငံသားတွေ ဖြစ်ကြတယ်။ အဲဒါက ရောမ​နိုင်ငံသား ဖြစ်​ရတာထက် အများကြီး သာတယ်။ ဒါကြောင့် “ခရစ်တော်​အကြောင်း သတင်းကောင်း ဟောပြောသူတွေ​ပီပီ ကျင့်ကြံ​ပြုမူ​နေကြပါ” လို့ ဖိလိပ္ပိ​အသင်းတော်ကို ပေါလု အားပေးတယ်။ “ကျင့်ကြံ​ပြုမူ” ဆိုတဲ့ စကားလုံးက “နိုင်ငံသားတွေ​အဖြစ် ကျင့်ကြံပြုမူ” တာ​ကို ဆိုလိုတယ်။ (ဖိ. ၁:၂၇) ဒီနေ့​ခေတ် ဘိသိက်ခံ ခရစ်ယာန်တွေဟာ ကောင်းကင်​အသက်တာ​ပန်းတိုင် ရောက်​ဖို့ ကြိုးစားရာမှာ ပုံသက်သေ​ကောင်း ပြ​နေကြတယ်။

၁၆။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်​က ကောင်းကင်​ဖြစ်စေ၊ မြေကြီး​ဖြစ်စေ ဖိလိပ္ပိ ၄:၆၊ ၇ အရ ဘာဆက်​လုပ်​နေရ​မလဲ။

၁၆ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ ကောင်းကင်​ဖြစ်စေ၊ မြေကြီး​ပရဒိသု​ဖြစ်စေ ပန်းတိုင်​ရောက်​ဖို့ ဆက်​ကြိုးစား​နေရမယ်။ အခြေအနေ ဘယ်လိုပဲ​ဖြစ်ပါစေ နောက်မှာ ချန်ရစ်​ခဲ့​တာတွေကို လှည့်​မကြည့်​သင့်​ဘူး။ ဘာ​အကြောင်း​နဲ့​မှ အမှုဆောင်ခြင်းကို မရပ်တန့်​သင့်​ဘူး။ (ဖိ. ၃:၁၆) မျှော်လင့်ချက်တွေ ကြန့်ကြာ​နိုင်တယ်။ ကာယ​ခွန်အား ဆုတ်ယုတ်လာ​နိုင်တယ်။ ဒုက္ခ​နဲ့ နှိပ်စက်​ညှဉ်းပန်းမှု​တွေကို နှစ်ပေါင်းများစွာ ခံရပ်​နေရတာ ဖြစ်နိုင်တယ်။ ဘာပဲ​ကြုံရပါစေ “ဘာမှ မစိုးရိမ်” ပါနဲ့။ ဘုရားသခင်​ဆီ တိုးလျှိုး​အသနားခံ​ပါ။ ဒါဆိုရင် လူ့ဉာဏ်​နဲ့ မမီနိုင်တဲ့ ငြိမ်သက်ခြင်းကို ဘုရား ပေးပါလိမ့်မယ်။ဖိလိပ္ပိ ၄:၆၊ ၇ ကို​ဖတ်ပါ။

၁၇။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြ​မလဲ။

၁၇ အပြေးသမားဟာ ပန်းဝင်​ခါနီး​မှာ ပို​အားစိုက်​ရသလိုပဲ ကျွန်တော်တို့လည်း အသက်​ပြေးပွဲ​မှာ အဆုံး​အထိ ပြေး​မယ်​ဆိုတဲ့ ပန်းတိုင်​ကို အပြည့်အဝ အာရုံစိုက်​ကြပါစို့။ ခွန်အား​နဲ့ အခြေအနေ ခွင့်ပြု​သလောက် အနာဂတ်​ကောင်းချီးတွေ ရအောင် အားသွန်​ခွန်စိုက် ကြိုးစား​ကြပါစို့။ မှန်ကန်တဲ့ လမ်းကြောင်း​ပေါ်မှာ ကိုယ့်ရဲ့ အရှိန်ကို ထိန်းထား​နိုင်ဖို့ ဘာ​လုပ်ရ​မလဲ။ မှန်ကန်တဲ့ ဦးစားထားရာ​တွေ ချမှတ်​ဖို့၊ “ပို​အရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိနိုင်” ဖို့ နောက်​ဆောင်းပါး​က ကူညီ​ပေးပါမယ်။—ဖိ. ၁:၉၊ ၁၀

သီချင်း ၇၉ ကြံ့ကြံ့ခံ​ရပ်တည်​နိုင်အောင် သင်ပေးပါ

^ အပိုဒ်၊ 5 ကျွန်တော်တို့ဟာ ယေဟောဝါကို ဝတ်ပြု​လာတာ ဘယ်လောက်​ပဲ ကြာနေ​ပါစေ ခရစ်ယာန်​တွေ​အဖြစ် ဆက်​တိုးတက်​ပြီး ရင့်ကျက်​နေရမယ်။ ဘယ်တော့မှ အရှုံး​မပေး​ဖို့ ခရစ်ယာန်တွေကို တမန်တော် ပေါလု အားပေးတယ်။ ဖိလိပ္ပိ​အသင်းတော်​ဆီ သူ​ရေး​ခဲ့​တဲ့​စာ​ဟာ အသက်​ပြေးပွဲ​မှာ ခံနိုင်ရည်​ရှိဖို့ ကျွန်တော်တို့ကို အားပေးတယ်။ ပေါလုရဲ့ စကားတွေကို ဘယ်လို လိုက်နာ​နိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဖော်ပြ​ပါ​မယ်။

^ အပိုဒ်၊ 11 ညီအစ်ကို ဆီ​ကော့​ရဲ့ ဘဝ​အတ္ထုပ္ပတ္တိကို ၁၉၆၅၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) စာမျက်နှာ ၃၈၀-၃၈၂ မှာ ကြည့်ပါ။

^ အပိုဒ်၊ 15 ဖိလိပ္ပိ​မြို့ဟာ ရောမ​လက်အောက်ခံ ဖြစ်တဲ့အတွက် မြို့သားတွေ​ဟာ ရောမ​နိုင်ငံသား အခွင့်အရေး ရ​ကြတယ်။ ဒါကြောင့် ပေါလု​သုံးတဲ့ ဥပမာ​ကို ညီအစ်ကို​တွေ ကောင်းကောင်း နားလည်​ကြတယ်။