မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှစ်ခြင်းပေးသူ ယောဟန်—ပျော်ရွှင်မှု ဆက်ထိန်းနိုင်ဖို့ ကူညီပေးတဲ့ ပုံနမူနာ

နှစ်ခြင်းပေးသူ ယောဟန်—ပျော်ရွှင်မှု ဆက်ထိန်းနိုင်ဖို့ ကူညီပေးတဲ့ ပုံနမူနာ

သင်ဟာ လက်လှမ်း​မမီနိုင်တဲ့ အသင်းတော် တာဝန်​တစ်ခုကို တောင့်တ​နေသလား။ အဲဒီ​တာဝန်ကို တခြား​တစ်ယောက် ရထားတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တစ်ချိန်က ကိုယ်​ရခဲ့တဲ့​ တာဝန် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အသက်အရွယ်၊ ကျန်းမာရေး ပြဿနာ၊ စားဝတ်နေရေး အခက်အခဲ၊ မိသားစု​တာဝန်​ကြောင့် ဆက်​မ​လုပ်နိုင်​တော့​တာ၊ အဖွဲ့အစည်းရဲ့ အပြောင်းအလဲ​ကြောင့် နား​လိုက်ရ​တာ ဖြစ်နိုင်တယ်။ ဘာကြောင့်​ပဲ​ဖြစ်ဖြစ် အမှုတော်မှာ ဆန္ဒရှိသလော​က် မပါဝင်နိုင်​တော့​ဘူးလို့ ခံစား​ရနိုင်တယ်။ အဲဒီအခါမျိုးမှာ စိတ်ပျက်​မိ​နိုင်တယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျ​တာ၊ နာကြည်း​တာ​စတဲ့ အပျက်သဘောထားတွေကို ဘယ်လို တိုက်ထုတ်​နိုင်မလဲ။ ပျော်ရွှင်မှု​ကို ဘယ်လို ဆက်​ထိန်း​နိုင်မလဲ။

နှစ်ခြင်း​ပေးသူ ယောဟန်ရဲ့ ပုံနမူနာ​ကနေ ပျော်ရွှင်မှု ဆက်​ထိန်း​နိုင်ပုံကို သင်ယူနိုင်တယ်။ ယောဟန်ဟာ အခွင့်ထူး​တွေ ရထား​တယ်။ ဒါပေမဲ့ မျှော်လင့်မထားတာ​တွေကို ကြုံခဲ့​ရတယ်။ အမှုဆောင်ချိန်​ထက် ထောင်​ထဲမှာ နေရ​ချိန် ပို​များ​မယ်​လို့ သူ စဉ်းစားမိ​မှာ မဟုတ်ဘူး။ ဒါတောင် ဆက်​ပျော်ရွှင်​ပြီး ကျန်တဲ့​အသက်တာ​တစ်လျှောက် ပျော်ရွှင်မှု​ကို ဆက်​ထိန်းထား​တယ်။ သူ့ကို ဘာက ကူညီပေးသလဲ။ စိတ်ပျက်​စရာတွေ ကြုံရ​ချိန်မှာ ကျွန်တော်တို့ကို ဘာက ဆက်​ပျော်ရွှင်စေနိုင်သလဲ။

ပျော်ရွှင်​စေတဲ့​တာဝန်

အေဒီ ၂၉၊ နွေဦး​မှာ ယောဟန်ဟာ မေရှိယရဲ့ ရှေ့ပြေး​အဖြစ် စ​အမှုဆောင်တယ်။ “နောင်တရ​ကြပါ။ ကောင်းကင်​နိုင်ငံ နီးနေပြီ” လို့ သူ​ဟောတယ်။ (မ. ၃:၂။ လု. ၁:၁၂-၁၇) သူ​ဟော​တာ​ကို နားထောင်ဖို့ ရပ်​ဝေး​ကနေ​တောင် လူတွေ ရောက်လာတယ်။ လူများစွာက နောင်တ​ယူပြီး နှစ်ခြင်း​ခံကြ​တယ်။ သူတော်ကောင်း ယောင်ဆောင်တဲ့ ဘာသာရေး​ခေါင်းဆောင်တွေ မပြောင်းလဲ​ရင် တရား​စီရင်ခံ​ရမယ်လို့ ယောဟန် သတ္တိရှိရှိ သတိ​ပေးတယ်။ (မ. ၃:၅-၁၂) အေဒီ ၂၉၊ ဆောင်းဦး​မှာ ယေရှုကို နှစ်ခြင်း​ပေးတဲ့​အချိန်ဟာ ယောဟန်ရဲ့ အမှုဆောင်​လုပ်ငန်း​အတွက် အရေးကြီးဆုံး​အချိန်ပဲ။ အဲဒီ​အချိန်​က​စပြီး ကတိထားရာ မေရှိယ​ဖြစ်တဲ့ ယေရှု နောက်ကို လိုက်​ဖို့ လူတွေကို လမ်းညွှန်​ပေးတယ်။—ယော. ၁:၃၂-၃၇

ယောဟန်ရဲ့ ထူးခြားတဲ့ ကဏ္ဍ​နဲ့​ပတ်သက်ပြီး ယေရှု​က “အသက်ရှင်ခဲ့သမျှ လူတွေ​ထဲမှာ နှစ်ခြင်း​ပေးသူ ယောဟန်​ထက် ကြီးမြတ်တဲ့​သူ မ​ပေါ်​သေး​ဘူး” လို့ ပြောတယ်။ (မ. ၁၁:၁၁) ရခဲ့တဲ့ ကောင်းချီးတွေ​အတွက် ယောဟန် သိပ်​ပျော်​မှာ​ပဲ။ ယောဟန်​လို​ပဲ ဒီနေ့​ခေတ် လူ​များစွာလည်း ကောင်းချီးတွေ ရ​နေတယ်။ ဥပမာ၊ ညီအစ်ကို တယ်​ရီ​အကြောင်း သုံးသပ်​ကြည့်ပါ။ သူနဲ့ ဇနီး စန်ဒ​ရာ​ဟာ အချိန်ပြည့်​လုပ်ငန်းမှာ နှစ်ပေါင်း ၅၀ ကျော် ပါဝင်ခဲ့တယ်။ “ကျွန်တော် အခွင့်ထူး အများကြီး ရခဲ့တယ်။ ရှေ့ဆောင်၊ ဗေသလ​ အိမ်သား၊ အထူး​ရှေ့ဆောင်၊ တိုက်နယ်ကြီးကြပ်မှူး၊ ခရိုင်​ကြီးကြပ်မှူး​အဖြစ် အမှုဆောင်ခဲ့​ပြီး အခု အထူး​ရှေ့ဆောင်​အဖြစ် အမှုဆောင်​နေတယ်” လို့ တယ်​ရီ ပြောတယ်။ ဘုရားရေးရာ အခွင့်ထူး​တွေ ရတာ ပျော်စရာ​ပဲ။ ဒါပေမဲ့ အခြေအနေ အပြောင်းအလဲ​တွေ​ကြား ပျော်ရွှင်မှု​ကို ဆက်​ထိန်း​ဖို့ ကြိုးစား​အားထုတ်မှု လို​ကြောင်း ယောဟန်ဆီ​ကနေ သင်ယူ​ရပါမယ်။

တန်ဖိုးထား​လေးမြတ်စိတ် ဆက်ရှိ​နေပါ

နှစ်ခြင်း​ပေးသူ ယောဟန် ဆက်​ပျော်ရွှင်​ရတဲ့ အကြောင်းရင်း​က အခွင့်ထူး​တွေကို တန်ဖိုးထား​လေးမြတ်​နေလို့ပဲ။ ဥပမာတစ်ခု​ သုံးသပ်​ကြည့်ပါ။ ယေရှု နှစ်ခြင်းခံ​ပြီးနောက် ယောဟန်ရဲ့ အမှုဆောင်​လုပ်ငန်း ဆုတ်ယုတ်လာ​ပြီး ယေရှုရဲ့ အမှုဆောင်​လုပ်ငန်း​ကတော့ တိုးတက်​လာတယ်။ ဒါကြောင့် ယောဟန်ရဲ့ တပည့်​တွေ စိုးရိမ်​ပြီး “အခု အဲဒီ​လူက နှစ်ခြင်း​ပေးနေ​တော့ လူ​အများကြီး သူ့​ဆီ သွား​နေကြပြီ” လို့​ပြောတယ်။ (ယော. ၃:၂၆) ယောဟန်​က “သတို့သမီး​ကို ရတဲ့​သူဟာ သတို့သားပါ။ ဒါပေမဲ့ အနားမှာ​ ရပ်နေတဲ့ မိတ်ဆွေကလည်း သတို့သားရဲ့​အသံကို ကြား​ပြီး ဝမ်းသာ​ကြည်နူး​နေတတ်တယ်။ အဲဒီလိုပဲ ကျွန်တော်လည်း ဝမ်းသာ​ကြည်နူး​နေတယ်” လို့ ပြောတယ်။ (ယော. ၃:၂၉) ယောဟန်​က ယေရှုနဲ့ မ​ပြိုင်​ဘူး။ မိမိ​ရထားတဲ့ အခွင့်ထူးဟာ ယေရှု​ကြောင့် မှေးမှိန်​သွားပြီ​လို့ မတွေး​ဘူး။ အဲဒီအစား ‘သတို့သားရဲ့ မိတ်ဆွေ’ ဖြစ်ခွင့်​ကို တန်ဖိုး​ထားတဲ့​အတွက် ဆက်​ပျော်ရွှင်ခဲ့တယ်။

အခက်အခဲ​တွေ​ကြားမှာ​တောင် ဆက်​ပျော်ရွှင်​နိုင်ဖို့ ယောဟန်ရဲ့ စိတ်ထား​က ကူညီ​ပေးတယ်။ ဥပမာ၊ ယောဟန်ဟာ မွေး​ကတည်းက နာဇရိ​လူ​ဖြစ်တဲ့အတွက် စပျစ်ဝိုင် မ​သောက်​ဘူး။ (လု. ၁:၁၅) “မ​သောက်​မစား​တတ်တဲ့ ယောဟန်” ဆိုတဲ့ ယေရှု​စကားက ယောဟန်ရဲ့ ရိုးရှင်းတဲ့​ဘဝကို မြင်သာ​စေတယ်။ ယေရှုနဲ့ တပည့်​တွေ​မှာ​တော့ အဲဒီလို တားမြစ်ချက်​တွေ မရှိဘူး။ အများ​သူ​ငါ​လို သာမန်​ဘဝနဲ့ နေ​နိုင်တယ်။ (မ. ၁၁:၁၈၊ ၁၉) ယောဟန်ဟာ အံ့ဖွယ်​အမှုတွေ မ​လုပ်​နိုင်ပေမဲ့ ယောဟန်ရဲ့ တပည့်ဖြစ်​ခဲ့​ဖူး​ပြီး အခု ယေရှုရဲ့ တပည့် ဖြစ်နေ​သူတွေကတော့ အံ့ဖွယ်​အမှုတွေ လုပ်နိုင်​ကြတယ်။ (မ. ၁၀:၁။ ယော. ၁၀:၄၁) ယောဟန်ဟာ အဲဒီ​ကွာခြားချက်​တွေကို အာရုံစိုက်​မယ့်​အစား ယေဟောဝါ ပေးထားတဲ့ တာဝန်ကို ထက်သန်​စွာ ဆက်​ထမ်းဆောင်ခဲ့​တယ်။

ကျွန်တော်တို့လည်း လက်ရှိ​တာဝန်ကို တန်ဖိုး​ထားမယ်​ဆိုရင် ဆက်​ပျော်ရွှင်​နိုင်​ပါလိမ့်မယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ တယ်​ရီ​က “ကိုယ်​ရထားတဲ့ တာဝန်ကို​ပဲ အာရုံစိုက်​တယ်” လို့ ပြောတယ်။ အဲဒီ​အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​ခဲ့​တဲ့ အသက်တာ​အကြောင်း ပြန်​စဉ်းစားရင်း “လုံးဝ နောင်တ မရ​ပါဘူး။ ပျော်စရာ အမှတ်တရ​တွေ​ချည်းပါပဲ” လို့ ပြောတယ်။

ဘယ်​တာဝန်ပဲ ရ​ပါစေ ကိုယ့်​တာဝန်ကို တန်ဖိုးရှိ​စေတဲ့​အရာက ဘာလဲ ဆိုတာကို စဉ်းစားခြင်းက ဘုရား​အမှုတော်မှာ ဆက်​ပျော်ရွှင်စေ​နိုင်တယ်။ “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်” ဖြစ်ရ​တာ အခွင့်ထူးပါပဲ။ (၁ ကော. ၃:၉) အမွေ​ရထားတဲ့ ပစ္စည်း​တစ်ခုကို ဂရုတစိုက် ထိန်းသိမ်း​ထားမှ အမြဲ လှပ​နေမယ်။ အဲဒီလိုပဲ ယေဟောဝါနဲ့ တွဲ​လုပ်ဆောင်နေ​ရတဲ့ အခွင့်ထူး​အကြောင်း တွေးတော​မယ်​ဆိုရင် ဆက်​ပျော်ရွှင်​နေမယ်။ ကိုယ့်ရဲ့ စွန့်လွှတ်မှု​ကို သူတစ်ပါးရဲ့ စွန့်လွှတ်မှု​နဲ့ နှိုင်းယှဉ်​မှာ မဟုတ်သလို ကိုယ်​ရထားတဲ့ အခွင့်ထူး​က တခြား​သူတွေရဲ့ အခွင့်ထူး​လောက် တန်ဖိုး​မရှိဘူးလို့​လည်း ယူဆ​မှာ မဟုတ်ဘူး။—ဂလ. ၆:၄

ဘုရားရေးရာ​ကို အာရုံစိုက်ပါ

မိမိရဲ့ အမှုဆောင်​လုပ်ငန်း အချိန်​ကြာ​မှာ မဟုတ်မှန်း သိပေမဲ့ ဒီလောက်​မြန်မြန် ပြီးဆုံး​သွားမယ်လို့​တော့ ယောဟန် ထင်​မှာ မဟုတ်ဘူး။ (ယော. ၃:၃၀) ယေရှုကို နှစ်ခြင်း​ပေးပြီး ခြောက်လ​လောက်​အကြာ အေဒီ ၃၀ မှာ ဘုရင်​ဟေရုဒ်​က ယောဟန်​ကို ထောင်ချ​လိုက်တယ်။ ဒါတောင် ယောဟန် တတ်​နိုင်သလောက် ဆက်​ဟော​နေတုန်းပဲ။ (မာ. ၆:၁၇-၂၀) ဒီ​အပြောင်းအလဲ​တွေ​ကြား ယောဟန်​ကို ဘာက ဆက်​ပျော်ရွှင်​စေ​တာလဲ။ ဘုရားရေးရာ​ တွေကို ဆက်​အာရုံစိုက်ခဲ့​လို့​ပဲ။

ယောဟန် ထောင်ကျ​နေတုန်း ယေရှုရဲ့ အမှုဆောင်​လုပ်ငန်း တိုးတက်မှုတွေ​အကြောင်း ကြားတယ်။ (မ. ၁၁:၂။ လု. ၇:၁၈) ယေရှုဟာ မေရှိယ​ဖြစ်ကြောင်း ယောဟန် စိတ်ချ​ပေမဲ့ မေရှိယ​နဲ့​ပတ်သက်တဲ့ ကျမ်းချက်​အားလုံးကို ယေရှု ဘယ်လို ပြည့်စုံ​စေ​မလဲ​ဆိုတာ တွေးမိမှာပဲ။ မေရှိယ​က ဘုရင်​ဖြစ်မှာ​ဆိုတော့ မကြာခင်မှာပဲ ယေရှု စတင်​အုပ်ချုပ်​တော့​မှာ​လား။ ယေရှု ဘုရင်ဖြစ်လာ​ရင် သူ​ကော ထောင်​ကနေ လွတ်​လာ​မလား။ ယေရှု​အကြောင်း ပိုသိချင်တဲ့​အတွက် တပည့်​နှစ်ယောက်ကို လွှတ်​ပြီး “ခင်ဗျားဟာ ကျွန်တော်တို့ စောင့်မျှော်​နေတဲ့​သူလား၊ နောက်​တစ်ယောက်ကို စောင့်မျှော်​ရမှာလား” လို့ မေး​ခိုင်း​လိုက်တယ်။ (လု. ၇:၁၉) သူတို့ ပြန်လာပြီး “မျက်မမြင်​တွေ ပြန်မြင်​လာပြီ။ ခြေမသန်​သူတွေ လမ်းလျှောက်​နိုင်ပြီ။ အနာကြီး​ရောဂါသည်​တွေ ပြန်ကောင်း​လာပြီ။ နားမကြား​သူတွေ ကြား​ရပြီ။ သေလွန်သူတွေ အသက်ပြန်ရှင်​လာပြီ။ ဆင်းရဲသားတွေ သတင်းကောင်း ကြား​ရပြီ” လို့ ယေရှု ပြော​ခိုင်း​လိုက်တဲ့​အကြောင်း၊ ယေရှုရဲ့ အံ့ဖွယ် ကုသမှု​တွေ​အကြောင်း ပြန်​ပြောတဲ့အခါ ယောဟန် အသေအချာ နားထောင်​ခဲ့​မှာ​ပဲ။—လု. ၇:၂၀-၂၂

သူတို့ရဲ့ စကား​ကြောင့် ယောဟန် အား​ရှိသွား​မှာ​ပဲ။ မေရှိယ​နဲ့​ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို ယေရှု ပြည့်စုံ​စေ​ကြောင်း သေချာ​သွားတယ်။ ယေရှု ပေါ်လာ​လို့ ယောဟန် ထောင်​ကနေ လွတ်သွား​မှာ မဟုတ်ပေမဲ့ မိမိရဲ့ အမှုဆောင်​လုပ်ငန်း အချည်းနှီး မဖြစ်မှန်း ယောဟန် သိတယ်။ ဘယ်လို​အခြေအနေ​မှာ​ပဲ ဖြစ်ပါစေ ယောဟန် ဆက်​ပျော်ရွှင်ခဲ့တယ်။

ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းရဲ့ အားရှိစရာ မှတ်တမ်းတွေကို အာရုံစိုက်ခြင်းက ဆက်ပျော်ရွှင်စေနိုင်

ယောဟန်​လို​ပဲ ကျွန်တော်တို့လည်း ဘုရားရေးရာ​ကို အာရုံစိုက်​မယ်​ဆိုရင် ပျော်ရွှင်စွာ၊ စိတ်ရှည်​စွာ ခံရပ်နိုင်​ပါလိမ့်မယ်။ (ကော. ၁:၉-၁၁) ကျမ်းစာ ဖတ်​ခြင်း၊ တွေးတော​ဆင်ခြင်ခြင်း၊ ကျွန်တော်တို့ရဲ့ အမှုဆောင်​လုပ်ငန်း ဘယ်တော့မှ အချည်းနှီး မဖြစ်​ကြောင်း အမှတ်ရခြင်း​အားဖြင့် ခံရပ်နိုင်​ပါတယ်။ (၁ ကော. ၁၅:၅၈) “နေ့တိုင်း ကျမ်းစာ​တစ်ခန်း ဖတ်တာ​က ယေဟောဝါနဲ့ ပို​ရင်းနှီး​ဖို့၊ ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ဘုရားကို အာရုံစိုက်​ဖို့ ကူညီ​ပေးတယ်” လို့ စန်ဒ​ရာ ပြောတယ်။ အမှုဆောင်​လုပ်ငန်း မှတ်တမ်းတွေကို အာရုံစိုက်​ခြင်းက​လည်း ကိုယ့်ကိုယ်ကိုယ်​ထက် ယေဟောဝါရဲ့ လုပ်ဆောင်​ပြီးမြောက်မှု​တွေကို အာရုံစိုက်​စေတယ်။ “JW ရုပ်သံ® အစီအစဉ်​က အဖွဲ့အစည်း​နဲ့ ပို​ရင်းနှီး​ဖို့၊ ကိုယ့်​တာဝန်​မှာ ဆက်​ပျော်ရွှင်ဖို့ ကူညီ​ပေးတယ်” လို့ စန်ဒ​ရာ ပြောတယ်။

ယောဟန်ဟာ ဧလိယ​နဲ့ “ကျွန်တော်တို့​လို​ပဲ ခံစားချက် ရှိတဲ့​လူ” ဖြစ်တယ်။ တိုတောင်း​လှတဲ့ အမှုဆောင်ချိန်​အတွင်း “ဧလိယ​လို စိတ်ဓာတ်​မျိုး၊ စွမ်းရည်မျိုး” နဲ့ လုပ်ဆောင်ခဲ့တယ်။ (ယာ. ၅:၁၇။ လု. ၁:၁၇) တန်ဖိုးထား​လေးမြတ်​တတ်တဲ့၊ ဘုရားရေးရာ​ကို အာရုံစိုက်​တဲ့ ယောဟန်ရဲ့ ပုံသက်သေကို တုပမယ်​ဆိုရင် ကျွန်တော်တို့လည်း ဘယ်​အခြေအနေ​မှာ​ပဲ​ဖြစ်ပါစေ ဘုရား​အမှုတော်မှာ ပျော်ရွှင်မှု​ကို ဆက်​ထိန်းထား​နိုင်ပါတယ်။