မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၂

မေတ္တာ တိုးသည်ထက် တိုးလာပါစေ

မေတ္တာ တိုးသည်ထက် တိုးလာပါစေ

“ခင်ဗျားတို့ရဲ့​မေတ္တာ တိုးသည်ထက် တိုးလာ​ဖို့ ကျွန်တော် ဆုတောင်းနေ​တယ်။”​—ဖိ. ၁:၉

သီချင်း ၁၀၆ မေတ္တာ​တရားကို ပျိုးထောင်​ခြင်း

အကြို​သုံးသပ်ချက် *

၁။ ဖိလိပ္ပိ​မြို့မှာ အသင်းတော်သစ်​ကို ဘယ်သူတွေ တည်ထောင်​ခဲ့ကြသလဲ။

ရောမ​လက်အောက်ခံ ဖိလိပ္ပိ​မြို့ကို တမန်တော် ပေါလု၊ သိလ၊ လုကာ၊ တိမောသေ​တို့ ရောက်လာ​ချိန်မှာ သတင်းကောင်း စိတ်ဝင်စားသူ​များစွာကို တွေ့ခဲ့တယ်။ ထက်သန်တဲ့ ဒီ​ညီအစ်ကို လေးယောက်​ဟာ အသင်းတော်သစ်​ကို တည်ထောင်​ခဲ့​တယ်။ ညီအစ်ကို/မသစ်​တွေဟာ အစည်းအဝေးတွေ စ​လုပ်ကြတယ်။ ဧည့်ဝတ်​ကျေပွန်​တဲ့ ညီအစ်မ လုဒိ​ရဲ့ အိမ်မှာ ဖြစ်နိုင်တယ်။—တ. ၁၆:၄၀

၂။ အသင်းတော်ဟာ မကြာခင် ဘယ်​အခက်အခဲ​တွေ ကြုံရသလဲ။

အသင်းတော်သစ်ဟာ မကြာခင်မှာပဲ အခက်အခဲ​တွေ ကြုံရတယ်။ သစ္စာရှိ ခရစ်ယာန်တွေရဲ့ ဟောပြောခြင်း​လုပ်ငန်းကို ဆန့်ကျင်​ဖို့ ရန်သူတွေကို စာတန် သွေးထိုး​ပေးတယ်။ ပေါလုနဲ့ သိလဟာ အဖမ်းခံရ၊ ကြိမ်ဒဏ်​ရိုက်ခံရ​ပြီး ထောင်ချ​ခံရတယ်။ ထောင်​ကနေ လွတ်​တဲ့အခါ တပည့်သစ်​တွေ​ဆီ ပြန်သွားပြီး အားပေးတယ်။ ပေါလု၊ သိလ၊ တိမောသေ​တို့ဟာ မြို့ကနေ ထွက်ခွာ​သွား​ပေမဲ့ လုကာ​ကတော့ နေရစ်ခဲ့​ပုံ​ရတယ်။ အသင်းတော်သစ်​ရဲ့ အခြေအနေ ဘယ်လို ဖြစ်သွားသလဲ။ တပည့်သစ်​တွေဟာ ယေဟောဝါရဲ့ စွမ်းအားတော် အကူအညီ​နဲ့ ထက်သန်​စွာ ဆက်​အမှုဆောင်​ကြတယ်။ (ဖိ. ၂:၁၂) သူတို့​အတွက် ပေါလု ဂုဏ်ယူ​ခဲ့​မှာ​ပဲ။

၃။ ဖိလိပ္ပိ ၁:၉-၁၁ အရ ပေါလု ဘာ​အတွက် ဆုတောင်းပေးသလဲ။

ဆယ်နှစ်​လောက် ကြာပြီးနောက် ဖိလိပ္ပိ​အသင်းတော်​ဆီ ပေါလု စာရေးတယ်။ အဲဒီ​စာ​ကို သင်​ဖတ်တဲ့အခါ ညီအစ်ကို​တွေ​အပေါ်​ထားတဲ့ ပေါလုရဲ့ မေတ္တာကို သိနိုင်တယ်။ ‘ခရစ်တော်​ယေရှု​လို​ပဲ ကျွန်တော်လည်း ခင်ဗျားတို့ကို ချစ်ခင်​တွယ်တာ​ပြီး သိပ်​လွမ်းဆွတ်​တမ်းတ​နေတယ်’ လို့ ရေးတယ်။ (ဖိ. ၁:၈) သူတို့ မေတ္တာ တိုးလာ​အောင်၊ ပို​အရေးကြီးတဲ့​အရာတွေကို​ ပိုင်းခြား​သိ​နိုင်အောင်၊ အပြစ်​တင်စရာ မရှိအောင်၊ သူတစ်ပါး တိုက်မိ​လဲစရာ မဖြစ်အောင်၊ ဖြောင့်မတ်တဲ့​လုပ်ရပ်တွေ လုပ်ဆောင်​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပေးတဲ့​အကြောင်း ရေးတယ်။ ပေါလုရဲ့ စာက​နေ သင်ယူစရာ များစွာ ရှိတဲ့​အတွက် လေ့လာ​ကြည့်ကြစို့။ (ဖိလိပ္ပိ ၁:၉-၁၁ ကိုဖတ်ပါ။) ပေါလု ရေးခဲ့တဲ့ အချက်​တွေ​နဲ့ အဲဒါတွေကို ဘယ်လို​ လက်တွေ့ ကျင့်သုံး​နိုင်ကြောင်း ဆွေးနွေး​ကြပါမယ်။

မေတ္တာ တိုးများ​ပါ

၄။ (က) ၁ ယောဟန် ၄:၉၊ ၁၀ အရ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို​ မေတ္တာပြသလဲ။ (ခ) ဘုရားကို ဘယ်လောက် ချစ်​ရမလဲ။

ကျွန်တော်တို့ရဲ့ အပြစ်​အတွက် အသေခံဖို့ သားတော်ကို မြေကြီးပေါ် စေလွှတ်ခြင်း​အားဖြင့် ယေဟောဝါ ကြီးမားတဲ့​မေတ္တာ ပြခဲ့တယ်။ (၁ ယောဟန် ၄:၉၊ ၁၀ ကိုဖတ်ပါ။) အဲဒီ​မေတ္တာက ဘုရားကို ပြန်​ချစ်​ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်​ပေးတယ်။ (ရော. ၅:၈) ဘုရားကို ဘယ်လောက် ချစ်​ရမလဲ။ ဖာရိရှဲ​တစ်ယောက် အဲဒီလို မေးတဲ့အခါ “ယေဟောဝါ​ဘုရားကို စိတ်စွမ်း​ရှိသမျှ၊ ကိုယ်စွမ်း​ရှိသမျှ၊ ဉာဏ်စွမ်း​ရှိသမျှနဲ့ ချစ်ပါ” ဆိုပြီး ယေရှု ဖြေတယ်။ (မ. ၂၂:၃၆၊ ၃၇) ဘုရားကို စိတ်​မပါ့​တပါ ချစ်တာ​မျိုး ကျွန်တော်တို့ မဖြစ်ချင်​ကြဘူး။ နေ့တိုင်း ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများ​နေရမယ်။ “မေတ္တာ တိုးသည်ထက် တိုး” သင့်တယ်လို့ ဖိလိပ္ပိ​အသင်းတော်ကို ပေါလု ပြောတယ်။ ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများ​အောင် ဘယ်လို လုပ်နိုင်သလဲ။

၅။ ဘုရားကို ချစ်တဲ့ မေတ္တာ ဘယ်လို တိုးများလာ​နိုင်မလဲ။

ဘုရားကို ချစ်​ဖို့ ဘုရား​အကြောင်း သိရမယ်။ “မေတ္တာ​မရှိတဲ့​သူကတော့ ဘုရားသခင်ကို မသိ​ဘူး။ ဘာလို့လဲ​ဆိုတော့ ဘုရားသခင်ဟာ ချစ်ခြင်း​မေတ္တာ​ဖြစ်လို့ပဲ” ဆိုပြီး ကျမ်းစာ​ပြောတယ်။ (၁ ယော. ၄:၈) ဘုရား​အကြောင်း “တိကျ​မှန်ကန်စွာ သိကျွမ်း​လာပြီး ကောင်းကောင်း ပိုင်းခြား​သိမြင်” လာ​ရင် ဘုရားကို ချစ်တဲ့​မေတ္တာ တိုးများလာ​မယ်​လို့ တမန်တော် ပေါလု ပြောတယ်။ (ဖိ. ၁:၉) ကျမ်းစာ စ​လေ့လာတဲ့​အခါ ဘုရား​အကြောင်း သိလာပြီး ဘုရားကို ချစ်​လာတယ်။ ဘုရား​အကြောင်း ပို​သိ​လေ ဘုရားကို​ချစ်တဲ့​မေတ္တာ တိုးများ​လေ​ပဲ။ ဒါကြောင့် ကျမ်းစာ ပုံမှန် လေ့လာဖို့၊ တွေးတော​ဆင်ခြင်ဖို့ သိပ်​အရေးကြီးတယ်။—ဖိ. ၂:၁၆

၆။ ၁ ယောဟန် ၄:၁၁၊ ၂၀၊ ၂၁ အရ ဘယ်သူတွေကို​လည်း ချစ်​ရမလဲ။

ဘုရားသခင်ရဲ့ ကြီးမားတဲ့​မေတ္တာက ညီအစ်ကို/မ​တွေကို ချစ်​ဖို့ လှုံ့ဆော်​ပေးတယ်။ (၁ ယောဟန် ၄:၁၁၊ ၂၀၊ ၂၁ ကိုဖတ်ပါ။) ညီအစ်ကို/မ​တွေကို အလိုလို ချစ်​လာမယ်လို့ ထင်​မိ​နိုင်တယ်။ ဘာကြောင့်လဲ​ဆိုတော့ ကျွန်တော်တို့​အားလုံး ယေဟောဝါကို ဝတ်ပြု​ပြီး ဘုရားရဲ့ အရည်အသွေး​တွေ​ကို တုပ​နေကြလို့ပဲ။ အသက်​ပေးတဲ့​အထိ ကျွန်တော်တို့ကို ချစ်တဲ့ ယေရှုရဲ့ ပုံသက်သေကို တုပ​နေကြလို့ပဲ။ ဒါပေမဲ့ အချင်းချင်း ချစ်ပါ​ဆိုတဲ့ မိန့်မှာချက်ကို နာခံဖို့ တစ်ခါတလေ ခက်​နိုင်တယ်။ ဖိလိပ္ပိ​အသင်းတော်က ဖြစ်ရပ်​တစ်ခုကို သုံးသပ်​ကြည့်ကြစို့။

၇။ ဧဝေါဒိ​နဲ့ သုန္တုတ်​ကို ပြောတဲ့ ပေါလုရဲ့ ဆုံးမ​စကား​ကနေ ဘာသင်ယူ​ရသလဲ။

ဧဝေါဒိ​နဲ့ သုန္တုတ်​ဟာ တမန်တော် ပေါလုနဲ့ “လက်တွဲ” အမှုဆောင်ခဲ့​ကြ​တဲ့ ထက်သန်တဲ့ ညီအစ်မ​တွေ​ဖြစ်တယ်။ ဒါပေမဲ့ သဘောထား မတိုက်ဆိုင်မှု​တွေ​ကြောင့် စိတ်ဝမ်းကွဲ​သွားကြတယ်။ သူတို့ရဲ့ အသင်းတော်​ဆီ ပေါလု ရေး​တဲ့​စာမှာ ဧဝေါဒိ​နဲ့ သုန္တုတ်​ရဲ့ နာမည်ကို သတ်သတ်မှတ်မှတ် ဖော်ပြပြီး “တစ်စိတ်တစ်သဘောတည်း ရှိကြ​ဖို့” တိုက်တွန်း​တယ်။ (ဖိ. ၄:၂၊ ၃) “ဘာပဲ​လုပ်လုပ် ပြစ်တင်​ညည်းညူ​တာ၊ အငြင်းပွား​တာတွေကို ရှောင်ကြပါ” လို့ အသင်းတော် တစ်ခုလုံးကို​လည်း ပေါလု ညွှန်ကြားတယ်။ (ဖိ. ၂:၁၄) တဲ့တိုး​ကျတဲ့ ပေါလုရဲ့ ဆုံးမ​စကားက သစ္စာရှိ ညီအစ်မ​နှစ်ယောက်ကို​သာမက အသင်းတော်​တစ်ခုလုံးကို​ပါ မေတ္တာ တိုးများ​အောင် လုပ်ဆောင်ဖို့ ကူညီ​ပေးတယ်။

ညီအစ်ကို/မတွေကို အကောင်းမြင်ဖို့ ဘာကြောင့် လိုသလဲ (အပိုဒ် ၈ ကိုကြည့်ပါ) *

၈။ ညီအစ်ကို/မ​တွေကို ချစ်​ဖို့ အဓိက အတားအဆီး​က ဘာလဲ။ အဲဒါကို ဘယ်လို ကျော်လွှား​နိုင်မလဲ။

အချင်းချင်း ချစ်​ဖို့ အဓိက အတားအဆီး​က ဧဝေါဒိ​နဲ့ သုန္တုတ်​လို​ပဲ တခြား​သူတွေရဲ့ မစုံလင်မှုကို အာရုံစိုက်​ခြင်း ဖြစ်တယ်။ ကျွန်တော်တို့​အားလုံး နေ့တိုင်း မှား​တတ်ကြတယ်။ တခြား​သူတွေရဲ့ မစုံလင်မှုကို အာရုံစိုက်​ရင် မေတ္တာ​လျော့​လာနိုင်တယ်။ ဥပမာ၊ နိုင်ငံတော်​ခန်းမ သန့်ရှင်း​ရေး​လုပ်ဖို့ ညီအစ်ကို​တစ်ယောက် မေ့နေ​လို့ ကျွန်တော်တို့ စိတ်ဆိုး​မိ​နိုင်တယ်။ သူ့ရဲ့​အမှားတွေကို စဉ်းစားမိ​လေ ပို​စိတ်ဆိုး​လေ၊ မေတ္တာ​လျော့​လေ ဖြစ်လာမယ်။ သင် အဲဒီလို​ဖြစ်နေရင် ဒီအချက်ကို စဉ်းစားကြည့်ပါ– ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ မစုံလင်မှုကို​ရော ညီအစ်ကို/မ​တွေရဲ့ မစုံလင်မှုတွေကို​ပါ သိတယ်။ မစုံလင်မှုတွေ ရှိပေမဲ့ ကျွန်တော်တို့​အားလုံးကို ချစ်​နေဆဲပဲ။ ဒါကြောင့် ယေဟောဝါရဲ့ မေတ္တာကို တုပ​ပြီး ညီအစ်ကို/မ​တွေကို အကောင်းမြင်​ဖို့ လိုတယ်။ ညီအစ်ကို/မ​တွေကို ချစ်​ဖို့ ကြိုးစားမယ်​ဆိုရင် ပို​စည်းလုံး​လာပါလိမ့်မယ်။—ဖိ. ၂:၁၊ ၂

“ပို​အရေးကြီးတဲ့​အရာတွေ”

၉။ ပေါလု​ပြောတဲ့ “ပို​အရေးကြီးတဲ့​အရာတွေ” ထဲမှာ ဘာတွေ ပါဝင်​သလဲ။

‘ပို​အရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိပါ’ ဆိုပြီး ဖိလိပ္ပိ​အသင်းတော်​နဲ့ ခရစ်ယာန်​အားလုံးကို ညွှန်ကြား​ဖို့ သန့်ရှင်းသော စွမ်းအားတော်​က ပေါလုကို လမ်းညွှန်တယ်။ (ဖိ. ၁:၁၀) အဲဒီ​အရေးကြီးတဲ့ အရာတွေ​ထဲမှာ ယေဟောဝါရဲ့ နာမည် သန့်ရှင်း​မြင့်မြတ်​စေခြင်း၊ ရည်ရွယ်ချက်​တွေ ပြည့်စုံ​လာ​ခြင်း၊ အသင်းတော် ငြိမ်သက်​စည်းလုံးခြင်း​တို့ ပါဝင်တယ်။ (မ. ၆:၉၊ ၁၀။ ယော. ၁၃:၃၅) ဘဝမှာ အဲဒါတွေကို အဓိက​ထားတာ​က ယေဟောဝါကို ချစ်ကြောင်း ဖော်ပြ​နေတာ ဖြစ်တယ်။

၁၀။ အပြစ်​တင်စရာ မရှိသူ​အဖြစ် ရှုမြင်​ခံရဖို့ ဘာလုပ်ရမလဲ။

၁၀ ‘အပြစ်​တင်စရာ မရှိ’ ဖို့​လည်း ပေါလု ပြောတယ်။ အဲဒါက ပြည့်ဝ​စုံလင်​ရမယ်လို့ မဆိုလို​ပါဘူး။ ယေဟောဝါ​လို​တော့ ကျွန်တော်တို့ အပြစ်ကင်း​နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မေတ္တာ​တိုးများ​အောင်၊ ပို​အရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိ​နိုင်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစား​နေမယ်​ဆိုရင် အပြစ်​တင်စရာ မရှိသူ​အဖြစ် ယေဟောဝါ ရှုမြင်ပါ​လိမ့်မယ်။ မေတ္တာပြ​နိုင်တဲ့ နည်း​တစ်နည်း​ကတော့ တခြားသူတွေ​အတွက် တိုက်မိ​လဲစရာ မဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ခြင်း​ပါပဲ။

၁၁။ တခြားသူကို တိုက်မိ​လဲစရာ မဖြစ်အောင် ဘာကြောင့် ဂရုစိုက်သင့်သလဲ။

၁၁ တခြား​သူတွေကို တိုက်မိ​မလဲ​စေပါ​နဲ့​ဆိုတဲ့ ညွှန်ကြားချက်​ဟာ တကယ်တော့ သတိပေး​ချက်​ပါ။ တခြားသူကို ဘယ်လို တိုက်မိ​လဲ​စေနိုင်သလဲ။ ကိုယ်​ရွေးချယ်​လိုက်တဲ့ ဖျော်ဖြေမှု၊ အဝတ်အစား၊ အလုပ်အကိုင်​တွေ​အားဖြင့် ဖြစ်နိုင်တယ်။ ကိုယ့်​ရွေးချယ်မှုက မမှား​ရင်တောင် တခြားသူရဲ့ သိစိတ် အနှောင့်အယှက်​ဖြစ်ပြီး တိုက်မိ​လဲသွား​ရင် အဲဒါဟာ ကြီးလေး​တဲ့​ကိစ္စ ဖြစ်တယ်။ ညီအစ်ကို/မ တစ်ယောက်ယောက်ကို တိုက်မိ​လဲ​အောင် လုပ်ရင် ကြိတ်ဆုံ​ကျောက်​ကြီး​ကို လည်မှာ ဆွဲပြီး ပင်လယ်ထဲ ပစ်ချ​ခံရ​တာ ပို​ကောင်းမယ်လို့ ယေရှု ပြောတယ်။—မ. ၁၈:၆

၁၂။ ရှေ့ဆောင်​မောင်နှံရဲ့ ပုံသက်သေ​ကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

၁၂ ယေရှုရဲ့ သတိပေး​ချက်​ကို ရှေ့ဆောင်​မောင်နှံ​တစ်စုံ ဘယ်လို လိုက်နာ​ခဲ့​ကြောင်း သုံးသပ်​ကြည့်ပါ။ သူတို့ရဲ့ အသင်းတော်မှာ​ရှိတဲ့ နှစ်ခြင်းခံ​ခါ​စ လူသစ် မောင်နှံဟာ ရှေး​ဆန်​တဲ့ မိသားစုက ဖြစ်တယ်။ ခရစ်ယာန်တွေဟာ ရုပ်ရှင် လုံးဝ မကြည့်သင့်​ဘူးလို့ သူတို့ ယူဆတယ်။ ရှေ့ဆောင်​မောင်နှံ ရုပ်ရှင်​သွား​ကြည့်​မှန်း သိလိုက်တဲ့​အခါ သူတို့ စိတ်​အနှောင့်အယှက် ဖြစ်သွားတယ်။ အဲဒီ​နောက်ပိုင်း ရှေ့ဆောင်​မောင်နှံဟာ လူသစ်တွေ ရင့်ကျက်​လာတဲ့​အထိ ရုပ်ရှင် သွား​မကြည့်​တော့​ဘူး။ (ဟီ. ၅:၁၄) ဒီလို ကိုယ်ကျိုးစွန့်​ခြင်းက ညီအစ်ကို/မ​သစ်​တွေကို ချစ်ကြောင်း အပြော​လောက်သာ မဟုတ်ဘဲ လုပ်ရပ်​နဲ့ ဖော်ပြ​နေတာပဲ။—ရော. ၁၄:၁၉-၂၁။ ၁ ယော. ၃:၁၈

၁၃။ တစ်ယောက်ယောက် အပြစ်​လုပ်မိ​အောင် ကျွန်တော်တို့ ဘယ်လို တိုက်တွန်း​မိ​နိုင်သလဲ။

၁၃ သူတစ်ပါး​ကို တိုက်မိ​လဲ​စေနိုင်တဲ့ နောက်​တစ်နည်း​ကတော့ အပြစ်​လုပ်မိ​အောင် တိုက်တွန်းခြင်း ဖြစ်တယ်။ ဒီဖြစ်ရပ်ကို စဉ်းစားကြည့်ပါ။ ကျမ်းစာ​သင်သား​တစ်ယောက်​ဟာ အရက်​ဖြတ်ဖို့ အချိန်​အကြာကြီး ခက်ခက်ခဲခဲ ကြိုးစား​ခဲ့ရတယ်။ လုံးဝ ရှောင်​မှ ဖြစ်မယ်​ဆိုတာ သူ​သိတယ်။ တဖြည်းဖြည်း တိုးတက်လာ​ပြီး နှစ်ခြင်းခံ​လိုက်တယ်။ နောက်ပိုင်း ခရစ်ယာန် ပေါင်းသင်းမှု​တစ်ခုမှာ သဘော​ကောင်းတဲ့ အိမ်ရှင်​က အရက်​နဲ့ ဧည့်ခံ​ရင်း “ခရစ်ယာန် ဖြစ်နေပြီ​ပဲ။ ယေဟောဝါရဲ့ စွမ်းအားတော်​လည်း ရှိနေတာပဲ။ စွမ်းအားတော်ရဲ့ အရည်အသွေး​တစ်ခုက ချုပ်တည်းခြင်း။ ချုပ်တည်းခြင်း​ရှိရင် အရက်​ကို တော်သင့်ရုံ သောက်​နိုင်​ရမှာ​ပေါ့” လို့ ပြောတယ်။ အဲဒီ​တလွဲ​အကြံပေး​ချက်​ကိုသာ ညီအစ်ကိုသစ် လက်ခံ​လိုက်ရင် ဘာဆက်​ဖြစ်မယ်​ဆိုတာ စဉ်းစားကြည့်နိုင်တယ်။

၁၄။ အစည်းအဝေးတွေ​က ဖိလိပ္ပိ ၁:၁၀ ကို လိုက်နာ​နိုင်ဖို့ ဘယ်လို ကူညီပေးသလဲ။

၁၄ အစည်းအဝေးတွေ​က ဖိလိပ္ပိ ၁:၁၀ မှာပါတဲ့ ညွှန်ကြားချက်ကို နည်းအမျိုးမျိုးနဲ့ လိုက်နာ​နိုင်ဖို့ ကူညီ​ပေးတယ်။ ပထမ၊ ဘယ်​အရာက ယေဟောဝါ​အတွက် ပို​အရေးကြီးကြောင်း သိမြင်​စေတယ်။ ဒုတိယ၊ အပြစ်​တင်စရာ မရှိသူ​ဖြစ်ဖို့ သိလာတာကို ဘယ်လို လက်တွေ့ ကျင့်​ရမယ်ဆိုတာ သိမြင်​စေတယ်။ တတိယ၊ “မေတ္တာ​စိတ် ရှိစေဖို့၊ အကျင့်ကောင်း​တွေ ကျင့်​စေဖို့” တိုက်တွန်း​တယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ညီအစ်ကို/မ​တွေ​ဆီက အားပေးမှု ရရှိ​လေ ဘုရားနဲ့ သူတို့ကို ချစ်တဲ့​မေတ္တာ တိုးများ​လေ​ပဲ။ အဲဒီလို ချစ်မယ်​ဆိုရင် ညီအစ်ကို/မ​တွေကို တိုက်မိ​လဲ​အောင် မ​လုပ်မိ​ဖို့ အတတ်နိုင်ဆုံး ရှောင်ပါ​လိမ့်မယ်။

“ဖြောင့်မတ်တဲ့​လုပ်ရပ်တွေ” ဆက်လုပ်​ဆောင်​ပါ

၁၅။ “ဖြောင့်မတ်တဲ့​လုပ်ရပ်တွေ” လုပ်ဆောင်ပါ​ဆိုတာ ဘာကို ဆိုလို​သလဲ။

၁၅ “ဖြောင့်မတ်တဲ့​လုပ်ရပ်တွေ လုပ်ဆောင်​နိုင်” ဖို့ ဖိလိပ္ပိ​အသင်းတော်​အတွက် ပေါလု ဆုတောင်း​ပေးတယ်။ (ဖိ. ၁:၁၁) အဲဒီ “ဖြောင့်မတ်တဲ့​လုပ်ရပ်တွေ” ထဲမှာ ယေဟောဝါနဲ့ ဘုရားလူမျိုးကို ချစ်တဲ့ မေတ္တာ ပါဝင်တယ်။ ယေရှုကို ယုံကြည်တဲ့​အကြောင်း၊ သိပ်​ကောင်းတဲ့ မျှော်လင့်ချက်​အကြောင်း တခြား​သူတွေကို ပြောပြ​ခြင်း​လည်း ပါဝင်တယ်။ ဖိလိပ္ပိ ၂:၁၅ မှာ “လောကမှာ အလင်းဆောင်သူ​တွေ​အဖြစ် ထွန်းလင်း” ပါ​ဆိုပြီး ပြော​ထားတယ်။ ဒါက “လောကရဲ့ အလင်း” လို့ တပည့်​တွေကို ခေါ်ထား​တဲ့ ယေရှုရဲ့ စကားကို အမှတ်​ရစေတယ်။ (မ. ၅:၁၄-၁၆) “တပည့်​ဖြစ်လာအောင် သွန်သင်ပေး” ဖို့ နောက်လိုက်​တွေကို မိန့်မှာ​ပြီး ‘ကမ္ဘာမြေ​အစွန်​အဖျား​အထိ သက်သေခံ​ကြ​လိမ့်မယ်’ လို့ ယေရှု ပြောတယ်။ (မ. ၂၈:၁၈-၂၀။ တ. ၁:၈) အဲဒီ​အရေးကြီးဆုံး​လုပ်ငန်းမှာ တက်ကြွ​စွာ ပါဝင်​နေတာ​က “ဖြောင့်မတ်တဲ့​လုပ်ရပ်တွေ” လုပ်ဆောင်နေ​တာ​ပဲ။

ဖိလိပ္ပိအသင်းတော်ဆီ စာရေးတုန်းက တမန်တော် ပေါလုဟာ ရောမမြို့မှာ အကျယ်ချုပ်ကျနေတယ်။ ဒါတောင် အစောင့်တွေ၊ ဧည့်သည်တွေကို မဟောဘဲ မနေဘူး (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆။ ခက်ခဲချိန်​တွေ​မှာ​တောင် အလင်းဆောင်သူ​တွေ​အဖြစ် ထွန်းလင်း​နိုင်ကြောင်း ဖိလိပ္ပိ ၁:၁၂-၁၄ က ဘယ်လို ဖော်ပြသလဲ။ (မျက်နှာဖုံး​ပုံကို ကြည့်ပါ။)

၁၆ ဘယ်​အခြေအနေ​မှာ​ပဲ​ဖြစ်ဖြစ် “အလင်းဆောင်သူ​တွေ​အဖြစ် ထွန်းလင်း” နိုင်ပါတယ်။ တစ်ခါတလေ၊ သတင်းကောင်း ဟော​ဖို့ တားဆီး​ပုံ​ရတဲ့​အရာတွေ​က ဟောပြောဖို့ အခွင့်အရေး ဖြစ်သွား​နိုင်တယ်။ ဥပမာ၊ ဖိလိပ္ပိ​အသင်းတော်​ဆီ စာရေး​တုန်း​က တမန်တော် ပေါလုဟာ ရောမ​မြို့မှာ အကျယ်ချုပ် ကျနေ​တယ်။ ဒါတောင် အစောင့်​တွေ၊ ဧည့်သည်တွေကို မဟောဘဲ မနေဘူး။ ဘယ်​အခြေအနေ​မှာ​ပဲ​ဖြစ်ဖြစ် ထက်သန်​စွာ ဟောပြောတယ်။ ဒါကြောင့် ညီအစ်ကိုတွေလည်း ‘ဘုရားသခင်ရဲ့ တရားစကားကို မကြောက်မရွံ့ ဟောပြော’ ဖို့ ယုံကြည်​စိတ်ချမှု​နဲ့ သတ္တိ ရှိ​လာတယ်။ဖိလိပ္ပိ ၁:၁၂-၁၄ ကိုဖတ်ပါ။ ၄:၂၂

အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်ဖို့ အမြဲ နည်းလမ်းရှာပါ (အပိုဒ် ၁၇ ကိုကြည့်ပါ) *

၁၇။ ခက်ခဲ​ချိန်မှာတောင် ဆက်​ဟောပြောခဲ့တဲ့ ခေတ်သစ် ဥပမာ​တစ်ခုကို ပြောပြပါ။

၁၇ ညီအစ်ကို/မများ​စွာ​ဟာ ပေါလုရဲ့ သတ္တိ​ရှိတဲ့ ပုံသက်​သေကို အတုယူ​ကြတယ်။ လွတ်လပ်​စွာ ဟောပြော​ခွင့်၊ တစ်အိမ်​တက်ဆင်း သွားခွင့် မရှိတဲ့ နိုင်ငံမှာ နေ​ရပေမဲ့ သတင်းကောင်း ဟော​ဖို့ နည်းလမ်း​တွေ ရှာကြတယ်။ (မ. ၁၀:၁၆-၂၀) အဲဒီလို နိုင်ငံ​တစ်ခုမှာ တိုက်နယ်ကြီးကြပ်မှူး​တစ်ယောက်က ကြေညာသူတွေကို ဆွေမျိုး၊ အိမ်နီးချင်း၊ ကျောင်းနေဖက်၊ အလုပ်ဖော်၊ အသိအကျွမ်း​တွေကို ကိုယ်ပိုင် “ရပ်ကွက်” အဖြစ် သဘောထား​ပြီး ဟော​ဖို့ အကြံ​ပေးတယ်။ နှစ်နှစ်​အတွင်း အဲဒီ​တိုက်နယ်​မှာ အသင်းတော် အရေအတွက် သိသိသာသာ တိုး​လာတယ်။ သင့်​နိုင်ငံမှာ​တော့ လွတ်လပ်​စွာ​ဟော​ခွင့် ရှိနေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီ​ညီအစ်ကို/မ​တွေရဲ့ ပုံသက်သေ​ကနေ သင်ယူ​နိုင်ပါတယ်။ အမှုဆောင်​လုပ်ငန်းမှာ အပြည့်အဝ ပါဝင်နိုင်​မယ့် နည်းလမ်းတွေကို အမြဲ​ရှာပါ။ အတားအဆီး​တွေကို ကျော်လွှား​နိုင်ဖို့ ယေဟောဝါ ခွန်အားပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချပါ။—ဖိ. ၂:၁၃

၁၈။ ကျွန်တော်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားရမလဲ။

၁၈ ဖိလိပ္ပိ​အသင်းတော်​ဆီ ပေါလု ပေးတဲ့ အကြံပြုချက်ကို လိုက်နာ​ဖို့ အရင်ကထက် စိတ်ပိုင်းဖြတ်​ထားကြ​ပါစို့။ ပို​အရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိပါ။ အပြစ်​တင်စရာ မရှိအောင် နေပါ။ တခြားသူတွေ​အတွက် တိုက်မိ​လဲစရာ မဖြစ်ပါစေနဲ့။ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ပါ။ ဒါဆိုရင် မေတ္တာ တိုးများ​လာပြီး မေတ္တာရှင်​ဖခင် ယေဟောဝါကို ဂုဏ်တင်​နိုင်​ပါလိမ့်မယ်။

သီချင်း ၁၇ “ငါ​ဆန္ဒရှိ”

^ အပိုဒ်၊ 5 ညီအစ်ကို/မ​တွေကို ချစ်တဲ့ မေတ္တာ တိုးများ​အောင် လုပ်ဖို့ အရင်ကထက် အခု​အချိန်မှာ ပို​လိုအပ်တယ်။ ဖိလိပ္ပိ​အသင်းတော်ကို ရေး​တဲ့​စာက ခက်ခဲ​ချိန်မှာတောင် မေတ္တာ​တိုးများ​အောင် ဘယ်လို လုပ်ဆောင်​နိုင်ကြောင်း နားလည်​စေတယ်။

^ အပိုဒ်၊ 54 ပုံအညွှန်း– နိုင်ငံတော်ခန်းမ သန့်ရှင်းရေး လုပ်ချိန်မှာ ညီအစ်ကို ဂျိုးက သားအဖနှစ်ယောက်နဲ့ စကားပြောနေတယ်။ ဖုန်စုပ်နေတဲ့ ညီအစ်ကို မိုက်က ‘ညီအစ်ကို ဂျိုး အလုပ်မလုပ်ဘဲ စကားပြောနေတယ်’ ဆိုပြီး စိတ်ဆိုးတယ်။ နောက်ပိုင်း အသက်ကြီး ညီအစ်မတစ်ယောက်ကို ညီအစ်ကိုဂျိုး ဂရုတစိုက် ကူညီနေတာ တွေ့ပြီး သူ့ရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်မိတယ်။

^ အပိုဒ်၊ 58 ပုံအညွှန်း– လွတ်လပ်စွာ မဟောနိုင်တဲ့ နိုင်ငံမှာ ညီအစ်ကိုတစ်ယောက်က အသိတစ်ယောက်ကို လိမ္မာပါးနပ်စွာ သက်သေခံနေတယ်။ နောက်ပိုင်း အလုပ်နားချိန်မှာ အလုပ်ဖော်ကို သက်သေခံတယ်။