မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၃

သင့်ရဲ့ ‘သွန်သင်ချက်ကို နားထောင်သူတွေ ကယ်တင်ခြင်း ရလိမ့်မယ်’

သင့်ရဲ့ ‘သွန်သင်ချက်ကို နားထောင်သူတွေ ကယ်တင်ခြင်း ရလိမ့်မယ်’

“ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့ သွန်သင်ချက်ကိုပါ အမြဲ ဂရုစိုက်ပါ။ အဲဒီ​အရာတွေကို မဆုတ်​မနစ် လုပ်ဆောင်ပါ။ အဲဒီလို​လုပ်မယ်​ဆိုရင် ကိုယ်တိုင်​သာမက ကိုယ့်ရဲ့ သွန်သင်ချက်ကို နားထောင်​သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်။”—၁ တိ. ၄:၁၆

သီချင်း ၆၇ “တရားစကားကို ဟောပြောပါ”

အကြို​သုံးသပ်ချက် *

၁။ ဆွေမျိုးတွေ​နဲ့​ပတ်သက်ပြီး ကျွန်တော်တို့မှာ ဘယ်လို ဆန္ဒရှိ​ကြသလဲ။

“အမှန်တရား စ​သိ​ကတည်းက မိသားစုဝင်​တိုင်း​ကို ကိုယ်​နဲ့​အတူ ပရဒိသုမှာ ရှိစေချင်တယ်။ အထူးသဖြင့် ကျွန်မ​ယောကျ်ား ဝိန်း​နဲ့ သားလေး​ကို​ပေါ့” လို့ ညီအစ်မ ပေါ်လင်း * ပြောတယ်။ သင့်​မှာ​ကော ယေဟောဝါကို ဝတ်မပြု​သေး​တဲ့ ဆွေမျိုးတွေ ရှိသလား။ ဒါဆိုရင် ပေါ်လင်း​လို ခံစား​ရနိုင်တယ်။

၂။ ဒီ​ဆောင်းပါး​မှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

သတင်းကောင်း လက်ခံ​လာဖို့ ဆွေမျိုးတွေကို အတင်း​ဖိအား​ပေး​လို့ မရ​ပေမဲ့ စိတ်ဝင်စား​လာ​အောင် ကူညီ​ပေးလို့​တော့ ရတယ်။ (၂ တိ. ၃:၁၄၊ ၁၅) ဆွေမျိုးတွေကို ဘာကြောင့် သက်သေခံ​သင့်​သလဲ။ ဘာကြောင့် စာနာမှု ပြသင့်သလဲ။ ယေဟောဝါကို ချစ်​လာ​အောင် ဆွေမျိုးတွေကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။ အသင်းတော်မှာ​ရှိတဲ့ ညီအစ်ကို/မ​တွေ ဘယ်လို ကူညီ​ပေးနိုင်​မလဲ။

ဆွေမျိုးတွေကို ဘာကြောင့် သက်သေခံသင့်သလဲ

၃။ ၂ ပေတရု ၃:၉ အရ ဆွေမျိုးတွေကို ဘာကြောင့် သက်သေခံသင့်သလဲ။

မကြာခင် ဒီ​စနစ်ဆိုး​ကို ယေဟောဝါ အဆုံးတိုင်​စေပါ​တော့​မယ်။ “ထာဝရ​အသက်​ရ​ဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့​သူတွေ” ပဲ လွတ်မြောက်မယ်။ (တ. ၁၃:၄၈) ကျွန်တော်တို့ဟာ ရပ်ကွက်မှာ သူစိမ်းတွေကို​တောင် အချိန်​နဲ့ ခွန်အား​များစွာ စိုက်ထုတ်​ပြီး ဟော​နေ​တဲ့​အတွက် ဆွေမျိုးတွေကိုလည်း ယေဟောဝါကို ဝတ်ပြုသူတွေ ဖြစ်လာ​စေ​ချင်ကြတယ်။ မေတ္တာရှင် ဖခင် ယေဟောဝါဟာ ‘ဘယ်သူ့ကိုမှ မပျက်စီး​စေချင်ဘူး။ လူအားလုံးကို နောင်တရ​စေချင်တယ်။’၂ ပေတရု ၃:၉ ကို​ဖတ်ပါ။

၄။ ဆွေမျိုးတွေကို သက်သေခံ​တဲ့​အခါ ဘယ်​အမှား လုပ်မိ​နိုင်​သလဲ။

ကယ်တင်ခြင်း​သတင်း ဝေမျှ​ရာ​မှာ မှန်တဲ့​နည်းနဲ့ မှားတဲ့​နည်း ရှိတယ်​ဆိုတာ သတိ​ရသင့်တယ်။ ကျွန်တော်တို့​က​ သူစိမ်း​တစ်ယောက်ကို လိမ္မာ​ပါးနပ်​စွာ ဟော​ပေမဲ့ ဆွေမျိုးတွေကို​တော့ တုတ်ထိုး​အိုးပေါက် ပြော​မိ​နိုင်တယ်။

၅။ ဆွေမျိုးတွေကို အမှန်​တရား​အကြောင်း မပြော​ခင် ဘယ်​အချက်တွေကို သတိရသင့်သလဲ။

ဆွေမျိုးတွေကို စ​သက်သေခံ​တုန်း​က​အကြောင်း ပြန်​စဉ်းစား​လိုက်​တဲ့​အခါ အဲဒီလို​ပုံစံ​နဲ့ မပြောခဲ့​ရင် အကောင်းသား​လို့ တွေး​ပြီး နောင်တရ​မိ​နိုင်တယ်။ “ဆား​ခတ်​ထားတဲ့ အစာ​ဟာ အရသာ​ရှိ​သလို ယဉ်ကျေးတဲ့​စကားတွေဟာ နှစ်သက်​စရာ ဖြစ်စေတယ်။ ဒါကြောင့် စကား​ပြောဆို​တဲ့​အခါ အမြဲ ယဉ်ကျေး​သိမ်မွေ့ကြပါ။ ဒါဆိုရင် လူတိုင်းကို ဘယ်လို ပြန်ပြောရမယ်​ဆိုတာ သိ​လိမ့်မယ်” လို့ ခရစ်ယာန်တွေကို တမန်တော် ပေါလု အကြံ​ပေးတယ်။ (ကော. ၄:၅၊ ၆) ဆွေမျိုး​တွေကို ဟောတဲ့​အခါ အဲဒီ​အကြံပြုချက်ကို သတိ​ရသင့်တယ်။ အဲဒီလို​မှ မဟုတ်​ရင် သူတို့ကို ဆွဲခေါ်​မယ့်​အစား တွန်း​ထုတ်သလို ဖြစ်သွား​နိုင်တယ်။

ဆွေမျိုးတွေကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ

သင့်ရဲ့ စာနာမှုနဲ့ လုပ်ရပ်က သက်သေခံချက်ကောင်း ဖြစ်စေနိုင် (အပိုဒ် ၆-၈ ကိုကြည့်ပါ) *

၆-၇။ မယုံကြည်သူ အိမ်ထောင်ဖက်​ကို စာနာမှု​ပြဖို့ လို​ကြောင်း ဖော်ပြတဲ့ ဥပမာ​တစ်ခု ပေးပါ။

စာနာမှု ပြပါ။ အစောပိုင်းမှာ ဖော်ပြတဲ့ ပေါ်လင်း​က “အစပိုင်းမှာ ကျွန်မ​ယောကျ်ား​ကို ကျမ်းစာ​အကြောင်း​ပဲ ပြောပြချင်​နေတယ်။ တခြား​အကြောင်း မပြော​ဖြစ်သလော​က်​ပဲ” လို့ ပြောတယ်။ ဒါပေမဲ့ ပေါ်လင်း​ရဲ့ ယောကျ်ား ဝိန်း​ဟာ ကျမ်းစာ​အကြောင်း သိပ်​မသိ​ဘူး။ ပေါ်လင်း​ ပြောတာတွေကို​လည်း နားမလည်​ဘူး။ သူ့ဘာသာ​အကြောင်း​ပဲ စဉ်းစားနေတယ်လို့ ဝိန်း ထင်​သွားတယ်။ အန္တရာယ်​ရှိတဲ့​ဂိုဏ်း​နဲ့ ပေါင်း​မိ​မှာ၊ လှည့်စား​ခံရမှာ​ကို စိုးရိမ်​လာတယ်။

ညနေပိုင်း​တွေ၊ စနေ တနင်္ဂနွေ​နေ့​တွေမှာ​ဆို အစည်း​အဝေး​တက်၊ အမှုဆောင်​ထွက်၊ ညီအစ်ကို/မ​တွေ​နဲ့ ပေါင်းသင်း​မှု​လုပ်​ရင်း အချိန်ကုန်​သွားလေ့​ရှိတယ်​လို့ ပေါ်လင်း ဝန်ခံတယ်။ “တစ်ခါတလေ ဝိန်း အိမ်​ပြန်လာတဲ့​အခါ ဘယ်သူမှ မရှိလို့ အထီးကျန်​နေတတ်တယ်” လို့ ပေါ်လင်း ပြောတယ်။ အိမ်ပြန်ရောက်​တာ​နဲ့ ဇနီးနဲ့ သားကို တွေ့ချင်​မှာ​ပဲ။ သူတို့ ဘယ်သူတွေနဲ့ ရှိနေမှန်း ဝိန်း မသိ​ဘူး။ ပေါ်လင်း​အတွက် မိတ်ဆွေသစ်​တွေ​က သူ့​ထက် ပို​အရေးကြီး​နေ​ပုံ​ရတယ်။ ဒါကြောင့် ကွာရှင်းမယ်​လို့ ခြိမ်းခြောက်​တယ်။ ပေါ်လင်း​ဘက်က စာနာမှု ပို​ပြ​နိုင်တဲ့​နည်း​တွေ ရှိမလား။

၈။ ၁ ပေတရု ၃:၁၊ ၂ အရ ဆွေမျိုးတွေ​က ဘယ်အချက်ကို ပို​သတိထား​မိ​ကြ​သလဲ။

ပုံသက်သေ​ကောင်း​ပြပါ။ ဆွေမျိုးတွေ​က ကျွန်တော်​တို့​ရဲ့ အပြော​ထက် လုပ်ရပ်​ကို ပို​သတိပြုမိ​ကြတယ်။ (၁ ပေတရု ၃:၁၊ ၂ ကို​ဖတ်ပါ။) အဲဒီ​အချက်ကို ပေါ်လင်း​ သိလာတယ်။ “ဝိန်း​က ကျွန်မတို့ကို ချစ်​မှန်း၊ တကယ်​ကွာရှင်းချင်​တာ မဟုတ်မှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ ဒီလို​ခြိမ်းခြောက်​လိုက်​တဲ့​အတွက် ယေဟောဝါရဲ့ နည်းလမ်း​အတိုင်း လုပ်ဖို့ လိုနေပြီ​ဆိုတာ ကျွန်မ သိလာတယ်။ အပြော​ထက် အလုပ်နဲ့ ပုံသက်သေ​ကောင်း ပြ​ရတော့မယ်” လို့ ပေါ်လင်း​ပြောတယ်။ ကျမ်းစာ​အကြောင်း ဆွေးနွေး​ဖို့ ဝိန်းကို ဖိအား​မပေးတော့ဘူး။ တစ်နေ့​တာ အဖြစ်အပျက်တွေကို အပြန်အလှန်​ပြောတယ်။ ဝိန်း​ဟာ သူ့​ဇနီး ပူညံ​ပူညံ မလုပ်​တော့​တာ၊ သား​ဖြစ်သူ ပို​ယဉ်ကျေး​လိမ္မာ​လာတာကို သတိပြုမိတယ်။ (ပညာ. ၃၁:၁၈၊ ၂၇၊ ၂၈) ကျမ်းစာက သူ့​မိသားစုကို ကောင်းကျိုး​ပြု​မှန်း သိလာတဲ့​အခါ ကျမ်းစာ​အကြောင်း နည်းနည်း စိတ်ဝင်စား​လာတယ်။—၁ ကော. ၇:၁၂-၁၄၊ ၁၆

၉။ ဆွေမျိုးတွေကို ဘာကြောင့် ဆက်​ကူညီ​နေရ​မလဲ။

ဆွေမျိုးတွေကို ဆက်​ကူညီ​ပေးပါ။ ကျွန်တော်တို့​အတွက် ယေဟောဝါ ပုံသက်သေ​ကောင်း ပြခဲ့တယ်။ သတင်းကောင်းကို လူတွေ လက်ခံဖို့ “အကြိမ်ကြိမ်” အခွင့်အရေး ပေးတယ်။ (ယေ. ၄၄:၄) တခြား​သူတွေကို ဆက်​ကူညီ​ပေးဖို့ တိမောသေကို တမန်တော် ပေါလု ပြောတယ်။ ဆက်​ကူညီ​ပေး​မှ ကိုယ်တိုင်နဲ့ နားထောင်​သူတွေပါ ကယ်တင်ခြင်း​ရမယ်။ (၁ တိ. ၄:၁၆) ဆွေမျိုးတွေကို ကျွန်တော်တို့ ချစ်လို့ ကျမ်းစာ​အမှန်တရားကို သိစေချင်တယ်။ ပေါ်လင်း​ရဲ့ အပြော​နဲ့ လုပ်ရပ်​က မိသားစု​အပေါ် ကောင်းကျိုး​သက်ရောက်​ခဲ့​တယ်။ အခု​ဆိုရင် ခင်ပွန်းဟာ သူနဲ့​အတူ ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြု​နေပြီ။ နှစ်ယောက်​စလုံး ရှေ့ဆောင်​လုပ်​နေပြီး ဝိန်း​ဟာ အကြီးအကဲ​အဖြစ် အမှုဆောင်​နေတယ်။

၁၀။ စိတ်ရှည်​ဖို့ ဘာကြောင့် လို​သလဲ။

၁၀ စိတ်ရှည်ပါ။ ဘုရား​သခင့် စံနှုန်းတွေ​အတိုင်း နေထိုင်တဲ့​အခါ ဆွေမျိုးတွေ​က ကျွန်တော်တို့ရဲ့ ယုံကြည်ချက်​အသစ်​နဲ့ ဘဝ​ပုံစံကို လက်ခံဖို့ ခက်​နိုင်တယ်။ ဘာသာရေးပွဲ​တွေ၊ နိုင်ငံရေး လှုပ်ရှားမှု​တွေ​မှာ မပါဝင်​တော့​တာ​ကို သူတို့ သတိထား​မိ​ကြတယ်။ ဆွေမျိုး​တချို့က ဒေါသ​တောင် ထွက်​နိုင်တယ်။ (မ. ၁၀:၃၅၊ ၃၆) ဒါပေမဲ့ လက်မလျှော့​ပါ​နဲ့။ ကိုယ့်​ယုံကြည်ချက်​အကြောင်း သူတို့​သိလာ​အောင် မကူညီ​တော့​ဘူး​ဆိုရင် ထာဝရ​အသက် မရ​ထိုက်​သူတွေ​အဖြစ် စီရင်​ဆုံးဖြတ်​လိုက်​ရာ​ရောက်တယ်။ အဲဒီလို စီရင်​ဆုံးဖြတ်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ တာဝန် မပေး​ထားဘူး။ ယေရှုကိုပဲ ပေးထားတယ်။ (ယော. ၅:၂၂) ကျွန်တော်တို့ စိတ်ရှည်​မယ်​ဆိုရင် ဆွေမျိုးတွေ သတင်းကောင်းကို နားထောင်​လာနိုင်တယ်။—“ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်​ကနေ အကျိုး​ရယူပါ” လေးထောင့်​ကွက်​ကို ကြည့်ပါ။

၁၁-၁၃။ မိဘတွေကို အဲလစ် ဆက်ဆံပုံ​ကနေ ဘာသင်ယူ​ရ​သလဲ။

၁၁ လိမ္မာ​ပါးနပ်​ပြီး ခိုင်မာ​ပြတ်သား​ပါ။ (ပညာ. ၁၅:၂) အဲလစ်​အကြောင်း သုံးသပ်​ကြည့်ပါ။ အဲလစ်​ဟာ မိဘတွေ​နဲ့ ဝေး​တဲ့ နိုင်ငံ​ရပ်ခြား​မှာ​နေတုန်း ယေဟောဝါ​အကြောင်း သိလာတယ်။ မိဘတွေဟာ ဘုရားကို မယုံတဲ့ နိုင်ငံရေး​သမား​တွေ​ပါ။ သိလာတာတွေကို ချက်ချင်း ပြောပြဖို့ လိုတယ်​ဆိုတာ သူ သဘောပေါက်​တယ်။ “ယုံကြည်ချက်တွေ၊ အမူ​အကျင့်တွေ ပြောင်း​ပြီးမှ ပြောရင် ပို​စိတ်ဆိုး​ကြ​မှာ​ပေါ့” လို့ အဲလစ်​ပြောတယ်။ ဒါကြောင့် မိဘတွေ စိတ်ဝင်စားမယ့် မေတ္တာ​အကြောင်း စတဲ့ ကျမ်းစာ​သွန်သင်ချက်တွေကို စာရေး​ပြီး သူတို့ရဲ့ သဘောထားကို မေးတယ်။ (၁ ကော. ၁၃:၁-၁၃) ကျွေးမွေး​စောင့်ရှောက်​ခဲ့လို့ ကျေးဇူးတင်ကြောင်း ပြောပြီး လက်ဆောင်တွေ ပို့​ပေးတယ်။ မိဘရဲ့​အိမ်ကို ပြန်တဲ့​အခါ အိမ်​အလုပ်တွေ ဝိုင်းကူ​ပေးတယ်။ မိဘတွေက အဲလစ်​ရဲ့ ယုံကြည်ချက်​အသစ်​ကို အစပိုင်းမှာ မကြိုက်ကြဘူး။

၁၂ အဲလစ်​ဟာ မိဘအိမ် ရောက်နေ​ချိန်မှာလည်း ဇယား​အတိုင်း ကျမ်းစာ​ဆက်​ဖတ်တယ်။ “ဒါကြောင့် ကျွန်မ​အတွက် ကျမ်းစာဟာ ဘယ်လောက် အရေးကြီး​မှန်း အမေ သိလာတယ်” လို့ အဲလစ်​ပြောတယ်။ ဒီ​အတော​အတွင်း သမီးရဲ့ အတွေး​အခေါ် ဘာကြောင့် ပြောင်းလဲ​သွား​ကြောင်း နားလည်​ဖို့၊ ကျမ်းစာကို အပြစ်​ရှာ​ဖို့ ကျမ်းစာ​လေ့လာမယ်​ဆိုပြီး အဲလစ်​ရဲ့ အဖေ ဆုံးဖြတ်​လိုက်တယ်။ “အဖေ့ကို ကျမ်းစာ​တစ်အုပ် ပေး​လိုက်တယ်။ ကျမ်းစာ​ထဲမှာ အဖေ့​အတွက် မှတ်ချက်တို​လေး ရေး​ပေး​လိုက်တယ်” လို့ အဲလစ်​ပြောတယ်။ အပြစ်ရှာ​တွေ့​မယ့်​အစား ကျမ်းစာ​ထဲက ဖတ်ရတဲ့​အရာတွေကို အဲလစ်​ရဲ့​အဖေ သိပ်​ကြိုက်​သွားတယ်။

၁၃ ကျွန်တော်တို့ဟာ အခက်​အခဲ​တွေ ရင်ဆိုင်​ရချိန်မှာ​တောင် ခိုင်မာ​ပြတ်သား​ဖို့၊ လိမ္မာ​ပါးနပ်​ဖို့ လိုတယ်။ (၁ ကော. ၄:၁၂) ဥပမာ၊ အဲလစ်​ဟာ အမေ​ရဲ့ ဆန့်ကျင်မှု ကြုံရတယ်။ “ကျွန်မ နှစ်ခြင်းခံ​တော့ အမေက ကျွန်မကို ‘သမီး​မိုက်’ တဲ့။” အဲလစ် ဘယ်လို တုံ့ပြန်​သလဲ။ “ပြဿနာကို ရှောင်မယ့်​အစား ယေဟောဝါ​သက်သေ လုပ်ဖို့ ဆုံးဖြတ်​ထားကြောင်း၊ ဆုံးဖြတ်တဲ့​အတိုင်း လုပ်မှာ​ဖြစ်ကြောင်း လေးလေး​စားစား ရှင်းပြ​လိုက်တယ်။ အမေ့ကို တကယ်​ချစ်ကြောင်း ပြောပြတယ်။ နှစ်ယောက်​စလုံး ငို​ကြတယ်။ ပြီးတော့ အမေ့​အတွက် ဟင်း​တစ်ခွက် ချက်​ပေး​လိုက်တယ်။ ကျမ်းစာက ကျွန်မကို လိမ္မာ​တဲ့သမီး ဖြစ်စေတယ်​ဆိုတာ အမေ သဘောပေါက်​လာတယ်။”

၁၄။ ဖိအား​ကို ဘာကြောင့် အလျှော့​မပေး​သင့်​သလဲ။

၁၄ ဝတ်ပြုရေးကို ကျွန်တော်တို့ ဘယ်လောက် အလေးထားကြောင်း ဆွေမျိုးတွေ နားလည်​လာဖို့ အချိန်​လိုတယ်။ ဥပမာ၊ အဲလစ်​ဟာ မိဘတွေ ရွေး​ပေးတဲ့ အလုပ်ကို လုပ်မယ့်​အစား ရှေ့ဆောင်​လုပ်ဖို့ ဆုံးဖြတ်​တဲ့​အခါ အမေ ငို​ပြန်တယ်။ ဒီ​ကိစ္စမှာ​လည်း အဲလစ် ခိုင်မာ​ပြတ်သား​တယ်။ “ကိစ္စ​တစ်ခုကို အလျှော့ပေး​လိုက်ရင် တခြား​ကိစ္စတွေမှာ​လည်း ဖိအားပေး​လာလိမ့်မယ်။ ကြင်နာ​ပေမဲ့ ခိုင်မာ​ပြတ်သား​ရင် ကိုယ်​ပြောတာကို မိသားစုဝင်​တချို့ နားထောင်​လာနိုင်တယ်” လို့ အဲလစ် ပြောပြတယ်။ အဲလစ်​ကိစ္စမှာ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ အခု မိဘတွေဟာ ရှေ့ဆောင်​လုပ်​နေကြ​ပြီး အဖေက အကြီးအကဲ​အဖြစ် အမှုဆောင်​နေတယ်။

အသင်းတော်က ဘယ်လို ကူညီ​ပေးနိုင်သလဲ

မယုံကြည်သူ မိသားစုဝင်တွေကို အသင်းတော်က ဘယ်လို ကူညီပေးနိုင်သလဲ (အပိုဒ် ၁၅-၁၆ ကိုကြည့်ပါ) *

၁၅။ မဿဲ ၅:၁၄-၁၆ နဲ့ ၁ ပေတရု ၂:၁၂ အရ တခြား​သူတွေရဲ့ “အကျင့်ကောင်း” က ဆွေမျိုးတွေကို ဘယ်လို အကူ​အညီ ဖြစ်စေ​သလဲ။

၁၅ အသင်းတော်မှာ​ရှိတဲ့ ခရစ်ယာန်တွေရဲ့ “အကျင့်ကောင်း” အားဖြင့် လူတွေကို ယေဟောဝါ ဆွဲဆောင်တယ်။ (မဿဲ ၅:၁၄-၁၆။ ၁ ပေတရု ၂:၁၂ တို့ကို​ဖတ်ပါ။) ယေဟောဝါ​သက်သေ မဟုတ်တဲ့ သင့်​အိမ်ထောင်ဖက်ဟာ အသင်းတော်က ညီအစ်ကို/မ​တွေ​နဲ့ ဆုံ​ဖူးသလား။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ပေါ်လင်း​က ညီအစ်ကို/မ​တွေကို ခင်ပွန်း​ဖြစ်သူ ဝိန်း​နဲ့ ရင်းနှီး​လာ​အောင် အိမ်ကို ဖိတ်ခေါ်တယ်။ သက်သေခံတွေ​အပေါ် အမြင်​ကြည်​လာ​အောင် ညီအစ်ကို​တစ်ယောက် ကူညီပေး​ပုံကို ဝိန်း အမှတ်​ရ​နေတုန်းပဲ။ “သူ အလုပ်​ကနေ တစ်ရက် ခွင့်ယူ​ပြီး ကျွန်တော်​နဲ့​အတူ အားကစား​ပြိုင်ပွဲ လာ​ကြည့်တယ်။ အဲဒီအခါ ‘သူကတော့ တစ်ယူသန်​သမား မဟုတ်ဘူး’ လို့ တွေးမိတယ်” ဆိုပြီး ဝိန်း ပြောပြတယ်။

၁၆။ ဆွေမျိုးတွေကို အစည်း​အဝေး​တက်ဖို့ ဘာကြောင့် ဖိတ်ခေါ်​သင့်​သလဲ။

၁၆ ဆွေမျိုးတွေကို ကူညီ​နိုင်တဲ့ အကောင်းဆုံး​နည်း​ကတော့ အစည်း​အဝေး လိုက်​တက်ဖို့ ဖိတ်ခေါ်​ခြင်း​ပါပဲ။ (၁ ကော. ၁၄:၂၄၊ ၂၅) ဝိန်း တက်​တဲ့ ပထမဆုံး အစည်း​အဝေးက​တော့ အောက်မေ့ရာပွဲ ဖြစ်တယ်။ အလုပ်ချိန် နောက်ပိုင်း​ဖြစ်ပြီး အစီအစဉ်​က​လည်း တို​လို့ တက်​ဖြစ်တာ။ “ဘာ​အကြောင်း ဟော​နေမှန်း မသိပေမဲ့ လူတွေကို​တော့ သတိထား​မိတယ်။ ကျွန်တော့်​ဆီ လာပြီး ကြိုဆို​နှုတ်ဆက်​ကြတယ်။ သူတို့ဟာ ရိုးသား​တဲ့​သူတွေ​ပါ​ပဲ” လို့ ပြောတယ်။ အထူးသဖြင့် မောင်နှံ​တစ်စုံ​က ပေါ်လင်း​ကို ဂရုစိုက်​တယ်။ အစည်း​အဝေး​နဲ့ အမှုဆောင်မှာ သားလေး​ကို ထိန်းပေး​တယ်။ ဒါကြောင့် ဝိန်း​ဟာ ပေါ်လင်း​ရဲ့ ယုံကြည်ချက်​အသစ်​အကြောင်း သိအောင်​လုပ်ဖို့ ဆုံးဖြတ်ပြီး ကျမ်းစာ​သင်ပေး​ဖို့ အဲဒီ​မောင်နှံကို တောင်းဆိုခဲ့တယ်။

၁၇။ ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် အပြစ်​မတင်​သင့်​သလဲ။ ဒါပေမဲ့ ဆွေမျိုးတွေကို ဘာကြောင့် လက်မလျှော့​ဘဲ ဆက်​ကူညီ​သင့်​သလဲ။

၁၇ ဆွေမျိုး​အားလုံး ယေဟောဝါကို ဝတ်ပြု​လာမယ်​လို့ မျှော်လင့်​ပြီး အတတ်နိုင်ဆုံး ကြိုးစား​ပေမဲ့ ဖြစ်မလာ​တာ​လည်း ရှိ​နိုင်တယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်​မတင်​ပါ​နဲ့။ ကိုယ့်ယုံကြည်ချက်တွေကို လက်ခံဖို့ ဘယ်သူ့ကိုမှ ဖိအား​ပေးလို့ မရဘူး။ ဒါပေမဲ့ ယေဟောဝါကို ဝတ်ပြုလို့ သင် ပျော်ရွှင်​နေတာကို သူတို့ သတိထား​မိ​တဲ့အခါ သူတို့​အပေါ် အကျိုး​သက်ရောက်မှု ရှိလာ​နိုင်တယ်။ သူတို့​အတွက် ဆုတောင်း​ပေးပါ။ ပါးပါး​နပ်နပ် စကား​ပြောပါ။ လက်မလျှော့​ဘဲ ဆက်​ကူညီ​ပေးပါ။ (တ. ၂၀:၂၀) သင့်ရဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ ကောင်းချီး​ပေးမယ်​ဆိုတာ စိတ်ချပါ။ နားထောင်​ဖို့ ရွေးချယ်​တဲ့ ဆွေမျိုးတွေ ကယ်တင်ခြင်း ရပါလိမ့်မယ်။

သီချင်း ၅၇ လူအမျိုးမျိုးကို ဟောပြောခြင်း

^ အပိုဒ်၊ 5 ဆွေမျိုးတွေကို ယေဟောဝါ​အကြောင်း သိစေချင်​ပေမဲ့ ဘုရားကို ဝတ်ပြု၊ မပြု​ကတော့ သူတို့​ကိုယ်တိုင် ဆုံးဖြတ်​ရမယ်။ သတင်းကောင်းကို ဆွေမျိုးတွေ နားထောင်​ရလွယ်​အောင် ဘာ​လုပ်​နိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 1 အမည်​လွှဲ​များ။ ဒီ​ဆောင်းပါး​မှာ “ဆွေမျိုး” ဆိုတာ ယေဟောဝါကို ဝတ်မပြု​သေး​တဲ့ မိသားစုဝင်တွေကို ဆိုလိုတယ်။

^ အပိုဒ်၊ 53 ပုံအညွှန်း– မယုံကြည်သူဖခင် ကားပြင်နေတာကို ညီအစ်ကိုငယ်တစ်ယောက် ဝိုင်းကူ ပေးနေ။ သင့်တော်တဲ့ အချိန်မှာ jw.org® ထဲက ဗီဒီယိုကို ပြနေ။

^ အပိုဒ်၊ 55 ပုံအညွှန်း– ညီအစ်မတစ်ယောက်က မယုံကြည်သူ ခင်ပွန်း တစ်နေ့တာ အလုပ်တွေအကြောင်း ပြောပြတာကို အာရုံစိုက် နားထောင်နေ။ နောက်ပိုင်း မိသားစုနဲ့အတူ အပန်းဖြေနေ။

^ အပိုဒ်၊ 57 ပုံအညွှန်း– ညီအစ်မက အသင်းတော်ထဲက တချို့ကို အိမ်လာဖို့ ဖိတ်ခေါ်။ သူတို့က ညီအစ်မရဲ့ ခင်ပွန်းနဲ့ ရင်းနှီးလာအောင် ကြိုးစား။ နောက်ပိုင်း ခင်ပွန်းက ဇနီးနဲ့အတူ အောက်မေ့ရာပွဲ တက်နေ။