မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၁

“ကြီးစွာသောဒုက္ခ” တစ်လျှောက် သစ္စာရှိနေပါ

“ကြီးစွာသောဒုက္ခ” တစ်လျှောက် သစ္စာရှိနေပါ

“သစ္စာစောင့်သိ​သူအပေါင်း​တို့၊ ယေဟောဝါကို ချစ်ကြပါ။ ယေဟောဝါ​က သစ္စာ​ရှိသူတွေကို ကာကွယ်​ပေးတယ်။”—ဆာ. ၃၁:၂၃

သီချင်း ၁၂၉ ခံရပ်​နေမယ်

အကြို​သုံးသပ်ချက် *

၁-၂။ (က) မကြာခင် တိုင်းနိုင်ငံတွေ ဘာကို ကြေညာ​ကြ​မလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြ​မလဲ။

ကြို​ဟောထားတဲ့​အတိုင်း “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုပြီး တိုင်းနိုင်ငံတွေ ကြေညာ​လိုက်တယ်လို့ မြင်ယောင်​ကြည့်လိုက်ပါ။ ကမ္ဘာကြီးဟာ တစ်ခါ​မှ ဒီလောက် မငြိမ်း​ချမ်း​ဖူး​ဘူးဆိုပြီး သူတို့ ပြောကြမယ်။ ကမ္ဘာ့​ပြဿနာတွေကို ဖြေရှင်း​နိုင်ပြီ​လို့ တိုင်းနိုင်ငံတွေ​က ကျွန်တော်တို့ကို ထင်စေချင်တယ်။ ဒါပေမဲ့ ဆက်ဖြစ်​လာမယ့်​အရာကို သူတို့ လုံးဝ ထိန်းချုပ်​နိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ‘မျှော်လင့်​မထားတဲ့ ပျက်စီးခြင်း​ဘေး​က သူတို့​အပေါ် ရုတ်တရက် ရောက်လာ​လိမ့်မယ်။ ဘယ်နည်းနဲ့​မှ လွတ်မြောက်​မှာ မဟုတ်ဘူး’ လို့ ကျမ်းစာ ကြို​ဟောထား​လို့​ပဲ။—၁ သက်. ၅:၃

အရေးကြီးတဲ့ ဒီ​မေးခွန်းတွေရဲ့ အဖြေ​ရဖို့ လိုတယ်– “ကြီးစွာသောဒုက္ခ” အတွင်း ဘာတွေ ဖြစ်မလဲ။ အဲဒီ​အချိန်အတွင်း ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်​သလဲ။ ကြီးစွာသောဒုက္ခ​မှာ ဆက်​သစ္စာ​ရှိနိုင်ဖို့ အခု​ကတည်းက ဘယ်လို ပြင်ဆင်​ထားရမလဲ။—မ. ၂၄:၂၁

“ကြီးစွာသောဒုက္ခ” အတွင်း ဘာတွေ ဖြစ်မလဲ

၃။ ဗျာဒိတ် ၁၇:၅၊ ၁၅-၁၈ အရ “မဟာ​ဗာဗုလုန်” ကို ဘုရား ဘယ်လို ဖျက်ဆီး​မလဲ။

ဗျာဒိတ် ၁၇:၅၊ ၁၅-၁၈ ကိုဖတ်ပါ။ “မဟာ​ဗာဗုလုန်” ဖျက်ဆီး​ခံရမယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့​အတိုင်း အဲဒီအချိန်မှာ ဖြစ်ပျက်​လာမယ့်​အရာတွေကို တိုင်းနိုင်ငံတွေ ထိန်းချုပ်​နိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ “ဘုရားသခင်က မိမိရဲ့​အကြံ​ကို သူတို့ရဲ့ စိတ်ထဲ​ထည့်​ပေးပြီး အကောင်အထည်ဖော်” မှာ ဖြစ်လို့ပဲ။ ဘယ်​အကြံ​လဲ။ အမည်ခံ​ခရစ်ယာန် * အပါအဝင် မှားယွင်းတဲ့ ကမ္ဘာ့​ဘာသာရေး အင်ပါယာ​ကို ဖျက်ဆီးမယ့် အကြံ​ပဲ။ ဘုရားသခင်က မိမိရဲ့​အကြံ​ကို “ချိုဆယ်ချောင်း” ရှိတဲ့ “နီ​မြန်း​တဲ့ သားရဲ” ရဲ့ စိတ်ထဲ ထည့်ပေး​မယ်။ ချိုဆယ်ချောင်း​က “သားရဲ” ဖြစ်တဲ့ ကုလသမဂ္ဂ​ကို ထောက်ခံ​တဲ့ အစိုးရ​အားလုံးကို ဆိုလိုတယ်။ (ဗျာ. ၁၇:၃၊ ၁၁-၁၃။ ၁၈:၈) မှားယွင်းတဲ့ ဘာသာ​ကို အဲဒီ​အစိုးရ​တွေ တိုက်ခိုက်ချိန်မှာ ကြီးစွာသောဒုက္ခ စတင်​ပါလိမ့်မယ်။ ဒါဟာ တကယ့် ကြောက်စရာ ဖြစ်ရပ်ဆိုး​ကြီး ဖြစ်ပါလိမ့်မယ်။

၄။ (က) တိုင်းနိုင်ငံတွေ မဟာ​ဗာဗုလုန်​ကို တိုက်ခိုက်​တဲ့အခါ ဘယ်လို အကြောင်းပြချက်​တွေ ပေး​ကြ​မလဲ။ (ခ) အဲဒီ​ဘာသာရေး​အသင်းသားတွေ ဘယ်လို တုံ့ပြန်ကြမလဲ။

မဟာ​ဗာဗုလုန်​ကို တိုင်းနိုင်ငံတွေ တိုက်ခိုက်​တဲ့အခါ ဘယ်လို အကြောင်းပြချက်​တွေ ပေးမယ်​ဆိုတာ ကျွန်တော်တို့ မသိ​ဘူး။ ကမ္ဘာ့​ဘာသာရေး​တွေ​က ငြိမ်းချမ်းရေး​အတွက် ဆူးငြောင့်ခလုတ်​ဖြစ်လို့၊ နိုင်ငံရေးမှာ ဝင်စွက်​ဖက်​နေလို့ ဆိုပြီး သူတို့ ပြော​နိုင်တယ်။ ဘာသာရေး အဖွဲ့​တွေ အလွန်​ချမ်းသာ​ကြွယ်ဝ​လို့၊ မြေယာ​ပိုင်ဆိုင်မှု​တွေ များ​လွန်း​လို့​လည်း ဖြစ်နိုင်တယ်။ (ဗျာ. ၁၈:၃၊ ၇) ဘာသာရေး​ကို တိုင်းနိုင်ငံတွေ တိုက်ခိုက်​တဲ့အခါ အသင်းသား​အားလုံး ဖျက်ဆီး​ခံရမှာ မဟုတ်ဘူးလို့ ကောက်ချက်ချ​နိုင်တယ်။ တိုင်းနိုင်ငံတွေ​က ဘာသာရေး အဖွဲ့အစည်း​တွေကို​ပဲ ဖျက်ဆီးမှာ​ဖြစ်တယ်။ အဲဒီ​အဖွဲ့အစည်း​တွေ ဖျက်ဆီး​ခံရတဲ့​အခါ အသင်းသားတွေ​က ဘာသာရေး​ခေါင်းဆောင်တွေ​ရဲ့ ပျက်ကွက်မှု​တွေကို သိမြင်​လာပြီး အဲဒီ​ဘာသာ​နဲ့ ပတ်သက်​ကြ​တော့​မှာ မဟုတ်ဘူး။

၅။ ကြီးစွာသောဒုက္ခ​နဲ့​ပတ်သက်ပြီး ယေဟောဝါ ဘာက​တိ​ပေး​သလဲ။ ဘာကြောင့်လဲ။

မဟာ​ဗာဗုလုန်​ကို ဖျက်ဆီး​တဲ့အချိန် ဘယ်လောက်​ကြာမယ်​ဆိုတာ ကျမ်းစာ မဖော်ပြပေမဲ့ အချိန်တို​အတွင်း ဖြစ်မယ်​ဆိုတာ​တော့ ကျွန်တော်တို့ သိထားတယ်။ (ဗျာ. ၁၈:၁၀၊ ၂၁) “ရွေးချယ်​ခံရသူတွေ” နဲ့ စစ်မှန်တဲ့​ဘာသာ လွတ်မြောက်​ဖို့ ဒုက္ခ​ကာလ​ကို “တိုတောင်း” စေမယ်လို့ ယေဟောဝါ ကတိ​ပေးတယ်။ (မာ. ၁၃:၁၉၊ ၂၀) ဒါပေမဲ့ ကြီးစွာသောဒုက္ခ စတင်ချိန်​နဲ့ အာမဂေဒုန်​စစ်ပွဲ​ကြားမှာ ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်​သလဲ။

ယေဟောဝါရဲ့ စစ်မှန်တဲ့ ဝတ်ပြုရေး​ဘက် ဆက်​ရပ်တည်ပါ

၆။ မှားယွင်းတဲ့​ဘာသာ​နဲ့ အဆက်ဖြတ်​ရုံ​သာမက ဘာလုပ်ဖို့ လိုအပ်​သလဲ။

ရှေ့​ဆောင်းပါး​မှာ လေ့လာခဲ့တဲ့​အတိုင်း မဟာ​ဗာဗုလုန်​နဲ့ သီးခြား​နေဖို့ ဝတ်ပြုသူ​တွေ​ဆီကနေ ယေဟောဝါ မျှော်လင့်တယ်။ ဒါကြောင့် မှားယွင်းတဲ့​ဘာသာ​နဲ့ အဆက်ဖြတ်​ရုံ​သာမက ယေဟောဝါရဲ့ စစ်မှန်တဲ့ ဝတ်ပြုရေး​ဘက် ရပ်တည်​ဖို့ စိတ်ပိုင်းဖြတ်​ထားရမယ်။ အဲဒီလို လုပ်နိုင်တဲ့ နည်း​နှစ်နည်း​ကို လေ့လာ​ကြည့်ပါ။

ခက်ခဲချိန်​တွေ​မှာ​တောင် အတူတကွ စည်းဝေး​ခြင်း​ကို ဘယ်တော့မှ မစွန့်​ပါ​နဲ့ (အပိုဒ် ၇ ကို​ကြည့်ပါ) *

၇။ (က) ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို ဘယ်လို တိတိကျကျ နာခံ​နိုင်သလဲ။ (ခ) အထူးသဖြင့် အခု​အချိန်မှာ အတူတကွ စည်းဝေး​ခြင်း​ရဲ့ အရေးကြီးမှုကို ဟီဘရူး ၁၀:၂၄၊ ၂၅ က ဘယ်လို အလေး​ပေးထား​သလဲ။

ပထမ၊ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို တိတိကျကျ နာခံပါ။ လောကရဲ့ စံနှုန်းတွေကို ကျွန်တော်တို့ လက်မခံ​ရ​ဘူး။ ဥပမာ၊ လိင်တူ လက်ထပ်​ခြင်း၊ တခြား လိင်​တူ​ဘဝပုံစံ အပါအဝင် လိင်​အကျင့်​ယိုယွင်းမှု ပုံစံ​အားလုံးကို လက်မခံ​ရ​ဘူး။ (မ. ၁၉:၄၊ ၅။ ရော. ၁:၂၆၊ ၂၇) ဒုတိယ၊ ခရစ်ယာန်ချင်းတွေနဲ့​အတူ ဆက်​ဝတ်ပြု​နေရမယ်။ နိုင်ငံတော်​ခန်းမ​မှာ ဖြစ်စေ၊ အိမ်တွေမှာ ဖြစ်စေ၊ လျှို့ဝှက်​ပြီးတော့​ဖြစ်စေ ဘယ်​နေရာမှာ​မဆို ဝတ်ပြု​နေရမယ်။ ဘာပဲ​ဖြစ်ဖြစ် အစည်းအဝေးတွေကို ဘယ်တော့မှ မပျက်​သင့်​ဘူး။ “ဘုရားသခင်ရဲ့​နေ့ရက် နီး​လာတာကို သိနေတဲ့​အတွက်” အစည်းအဝေး​တက်ဖို့ “ပို​ကြိုးစား​အားထုတ်” ရမယ်။ဟီဘရူး ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။

၈။ အနာဂတ်မှာ ကျွန်တော်တို့ ကြေညာ​တဲ့​သတင်း ဘယ်လို ပြောင်းလဲသွား​နိုင်သလဲ။

ကြီးစွာသောဒုက္ခ​အတွင်း ကျွန်တော်တို့ ကြေညာ​ရတဲ့ သတင်း ပြောင်းလဲသွား​နိုင်တယ်။ အခု​အချိန်မှာ နိုင်ငံတော် သတင်းကောင်း ဟောပြောပြီး တပည့်​ဖြစ်စေဖို့ ကြိုးစား​နေပေမဲ့ အဲဒီအချိန်မှာ​တော့ မိုးသီး​တွေ​လို အထိ​နာ​စေတဲ့ သတင်းကို ကြေညာ​ရနိုင်တယ်။ (ဗျာ. ၁၆:၂၁) စာတန့်​လောက လုံးဝ ဖျက်ဆီး​ခံရ​တော့​မယ် ဆိုတာကို ကြေညာ​ရမှာ ဖြစ်နိုင်တယ်။ ဘာ​သတင်း ကြေညာ​ရမယ်၊ ဘယ်လို ကြေညာ​ရမယ်ဆိုတာ အချိန်တန်​တဲ့အခါ အတိအကျ သိလာ​ပါလိမ့်မယ်။ အမှုဆောင်​လုပ်ငန်းမှာ နှစ်ပေါင်း တစ်​ရာ​ကျော် သုံးခဲ့​တဲ့ နည်းတွေကို ပြန်သုံး​မလား၊ တခြား​နည်း​တွေ သုံး​မလား​ဆိုတာကိုတော့ စောင့်ကြည့်​ရမယ်။ ဘာပဲ​ဖြစ်ဖြစ် ယေဟောဝါရဲ့ တရား​စီရင်ခြင်း​သတင်းကို ရဲရင့်စွာ ကြေညာ​ဖို့ ကျွန်တော်တို့ အခွင့်အရေး ရ​ကြပါလိမ့်မယ်။—ယေဇ. ၂:၃-၅

၉။ ကျွန်တော်တို့ရဲ့ သတင်းကို အစိုးရ​တွေ ဘယ်လို တုံ့ပြန်​မလဲ။ ဘာကို စိတ်ချ​နိုင်သလဲ။

ကျွန်တော်တို့ ကြေညာ​တဲ့​သတင်း​ကြောင့် အစိုးရ​တွေ​က ဟောပြောခြင်း​လုပ်ငန်း ရပ်တန့်​သွား​အောင် ကြိုးစား​ကြ​လိမ့်မယ်။ အခု​အချိန် အမှုဆောင်​လုပ်ငန်းမှာ ယေဟောဝါရဲ့ ထောက်မမှုကို အားကိုး​သလို အဲဒီအချိန်မှာ​လည်း ဆက်​အားကိုး​ဖို့ လိုပါလိမ့်မယ်။ အလိုတော် ပြီးမြောက်​အောင် ထမ်းဆောင်ဖို့ ဘုရား ခွန်အားပေး​မယ်​ဆိုတာ စိတ်ချ​နိုင်တယ်။—မိ. ၃:၈

ဘုရား​လူမျိုး တိုက်ခိုက်​ခံရမယ့် အချိန်​အတွက် အသင့်ပြင်​ထားပါ

၁၀။ လုကာ ၂၁:၂၅-၂၈ မှာ ကြို​ဟောထားတဲ့​အတိုင်း ကြီးစွာသောဒုက္ခ​အတွင်း ဖြစ်မယ့်​အရာတွေကို လူအများစု ဘယ်လို တုံ့ပြန်ကြမလဲ။

၁၀ လုကာ ၂၁:၂၅-၂၈ ကိုဖတ်ပါ။ လောကမှာ တည်မြဲမယ်​လို့ ထင်​ခဲ့​တာ​အားလုံး ကြီးစွာသောဒုက္ခ​အတွင်း ပြိုလဲ​ပျက်စီး​တာ​ကို မြင်ရတဲ့​အတွက် လူတွေ အံ့ဩ​သွား​လိမ့်မယ်။ လူ့​သမိုင်း​တစ်လျှောက် အဆိုးရွားဆုံး အချိန်​ဖြစ်လို့ သူတို့ သေ​မှာ​ကြောက်​ပြီး “ဝေဒနာ ခံစားရ” လိမ့်မယ်။ (ဇေ. ၁:၁၄၊ ၁၅) အဲဒီအချိန်မှာ ယေဟောဝါရဲ့ လူမျိုး​အတွက်လည်း ပို​ခက်​လာလိမ့်မယ်။ လောက​နဲ့ မပတ်သက်တဲ့​အတွက် အခက်အခဲ​တွေ ကြုံ​ရနိုင်တယ်။ လိုအပ်ရာ​တချို့ မရှိဘဲ ဖြစ်နိုင်တယ်။

၁၁။ (က) ယေဟောဝါသက်သေတွေ ဘာကြောင့် ပစ်မှတ် ဖြစ်လာမလဲ။ (ခ) ကြီးစွာသောဒုက္ခ​ကို ကျွန်တော်တို့ ဘာကြောင့် ကြောက်ဖို့ မလို​သလဲ။

၁၁ လူတွေဟာ သူတို့​ကိုးကွယ်တဲ့​ဘာသာ ဖျက်ဆီး​ခံ​လိုက်ရ​ပေမဲ့ ယေဟောဝါသက်သေတွေရဲ့ ဘာသာ ဖျက်ဆီး​မခံရ​ဘဲ ကျန်​နေ​သေး​တာ​ကို မြင်တဲ့အခါ ဒေါသ​ထွက်လာ​ကြ​လိမ့်မယ်။ လူမှု​မီဒီယာ​နဲ့ တခြား​နေရာတွေမှာ သူတို့ရဲ့ မုန်းတီးမှု​တွေ ဘယ်လောက် ပျံ့နှံ့​သွားမယ်​ဆိုတာ မြင်ယောင်​ကြည့်ပါ။ ဘာသာတရား တစ်ခု​ပဲ ကျန်​နေတဲ့​အတွက် ကျွန်တော်တို့ကို တိုင်းနိုင်ငံတွေ​နဲ့ သူတို့ရဲ့ အုပ်စိုးရှင် စာတန် သိပ်​မုန်း​နေမယ်။ ကမ္ဘာပေါ်​ကနေ ဘာသာတရား အားလုံးကို ဖျက်ဆီးမယ်​ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက် မအောင်မြင်​သေး​ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ သူတို့ရဲ့ ပစ်မှတ် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်မှာ တိုင်းနိုင်ငံတွေ​ဟာ မာဂေါဂ​ပြည်​က ဂေါဂ​မင်း * ဆိုတဲ့ အနေအထား​ကို ရောက်လာမယ်။ ယေဟောဝါရဲ့ လူမျိုးကို အစွမ်းကုန် ရက်ရက်စက်စက် ပူးပေါင်း တိုက်ခိုက်​ကြ​လိမ့်မယ်။ (ယေဇ. ၃၈:၂၊ ၁၄-၁၆) အသေးစိတ် အချက်တွေကို အတိအကျ မသိလို့ ကျွန်တော်တို့ စိုးရိမ်​မိ​နိုင်ပေမဲ့ သေချာ​တာ တစ်ခုကတော့ ကြီးစွာသောဒုက္ခ​ကို ကြောက်ဖို့ မလိုပါဘူး။ ကယ်တင်ခြင်း​ရစေတဲ့ ညွှန်ကြားချက်တွေကို ယေဟောဝါ ပေးပါလိမ့်မယ်။ (ဆာ. ၃၄:၁၉) ကျွန်တော်တို့ကို “ကယ်တင်မယ့်​အချိန် ရောက်​ခါ​နီးပြီ” ဆိုတာ သိလို့ “မတ်မတ်​ရပ်​ပြီး ခေါင်းမော့​ထား” နိုင်​ပါလိမ့်မယ်။ *

၁၂။ “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” က အနာဂတ်​အတွက် ကျွန်တော်တို့ကို ဘယ်လို ပြင်ဆင်​ပေးနေ​သလဲ။

၁၂ “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” ဟာ ကြီးစွာသောဒုက္ခ​အတွင်း ကျွန်တော်တို့ ဆက်သစ္စာ​ရှိ​နိုင်အောင် အခု​ကတည်းက နည်းလမ်း​များစွာနဲ့ ပြင်ဆင်​ပေးနေ​တယ်။ (မ. ၂၄:၄၅) ဥပမာတစ်ခု​အနေနဲ့ ၂၀၁၆ ကနေ ၂၀၁၈ အတွင်း ပြုလုပ်​ခဲ့​တဲ့ ခရိုင်​အစည်းအဝေး အစီအစဉ်တွေကို သုံးသပ်​ကြည့်ပါ။ ယေဟောဝါရဲ့ နေ့ နီး​လာတာ​နဲ့​အမျှ ကျွန်တော်တို့ လိုအပ်တဲ့ အရည်အသွေးတွေ တိုးများ​လာဖို့ အားပေးခံရ​တယ်။ အဲဒီ​အရည်အသွေးတွေ​အကြောင်း အတိုချုပ် သုံးသပ်​ကြည့်ကြစို့။

သစ္စာစောင့်သိမှု၊ ခံနိုင်ရည်၊ ရဲစွမ်းသတ္တိ တိုးများ​အောင် လုပ်​နေပါ

“ကြီးစွာသောဒုက္ခ” ကနေ အသက်ရှင်​လွတ်မြောက်​ဖို့ အခု​ကတည်းက ပြင်ဆင်ပါ (အပိုဒ် ၁၃-၁၆ ကို​ကြည့်ပါ) *

၁၃။ ယေဟောဝါအပေါ် သစ္စာစောင့်သိမှု ခိုင်မာ​အောင် ဘယ်လို လုပ်နိုင်သလဲ။ အခု​ကတည်းက ဘာကြောင့် အဲဒီလို လုပ်ရမလဲ။

၁၃ သစ္စာစောင့်သိမှု။ ၂၀၁၆ ခရိုင်​အစည်းအဝေး ခေါင်းစဉ်​က “ယေဟောဝါ​ဘုရားကို ဆက်​သစ္စာစောင့်သိ​ပါ” ဖြစ်တယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေမယ်​ဆိုရင် သစ္စာစောင့်သိ​နိုင်ကြောင်း သိခဲ့ရတယ်။ အဓိပ္ပာယ်ရှိရှိ ဆုတောင်းခြင်း၊ ဝီရိယ​ရှိ​ရှိ ကျမ်းစာ​လေ့လာခြင်း​အားဖြင့် ယေဟောဝါနဲ့ ရင်းနှီး​လာနိုင်​ကြောင်း အားပေး​ခံခဲ့ရတယ်။ အဲဒါက အခက်ခဲဆုံး အတားအဆီး​တွေကို​တောင် ကျော်လွှား​ဖို့ ခွန်အား ရှိစေတယ်။ စာတန့်​စနစ်ရဲ့ အဆုံး နီးလာတာ​နဲ့​အမျှ ဘုရားနဲ့ နိုင်ငံတော်​အပေါ် ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှု ပို​စမ်းသပ်ခံရ​မယ်၊ ပို​လှောင်ပြောင်​ခံရမယ်လို့ မျှော်လင့်​ထားသင့်​တယ်။ (၂ ပေ. ၃:၃၊ ၄) အထူးသဖြင့် ကျွန်တော်တို့ရဲ့ ကြားနေမှု​ကြောင့် ဖြစ်နိုင်တယ်။ ကြီးစွာသောဒုက္ခ​အတွင်း ဆက်​သစ္စာ​စောင့်သိ​နိုင်ဖို့ အခု​ကတည်းက သစ္စာစောင့်သိမှု ခိုင်မာ​အောင် လုပ်ထား​ရမယ်။

၁၄။ (က) မြေကြီး​ပေါ်မှာ ဦးဆောင်နေတဲ့ ညီအစ်ကို​တွေ ဘာ​အပြောင်းအလဲ ဖြစ်မလဲ။ (ခ) အဲဒီအချိန်မှာ ဆက်​သစ္စာ​စောင့်သိဖို့ ဘာကြောင့် လိုသလဲ။

၁၄ ကြီးစွာသောဒုက္ခ​အတွင်း မြေကြီး​ပေါ်မှာ ဦးဆောင်နေတဲ့ ညီအစ်ကို​တွေ အပြောင်းအလဲ ဖြစ်လိမ့်မယ်။ တစ်ချိန်ချိန်မှာ မြေကြီးပေါ် ရှိနေသေး​တဲ့ ဘိသိက်ခံ​အားလုံးဟာ အာမဂေဒုန်​စစ်ပွဲမှာ ပါဝင်​တိုက်ခိုက်​ဖို့ ကောင်းကင်ကို စုသိမ်း​ခံရလိမ့်မယ်။ (မ. ၂၄:၃၁။ ဗျာ. ၂:၂၆၊ ၂၇) ဒါကြောင့် မြေကြီး​ပေါ်မှာ ကျွန်တော်တို့နဲ့​အတူ အုပ်ချုပ်ရေးအဖွဲ့ ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ လူအုပ်ကြီး​ကတော့ စနစ်တကျ ဆက်ရှိ​နေမှာ​ဖြစ်တယ်။ တခြား​သိုး​ထဲ​က အရည်အချင်း​ရှိ ညီအစ်ကို​တွေ ဦးဆောင်​ပါလိမ့်မယ်။ အဲဒီ​ညီအစ်ကိုတွေကို ထောက်မခြင်း၊ ဘုရားပေး လမ်းညွှန်ချက်တွေကို လိုက်နာခြင်း​အားဖြင့် သစ္စာစောင့်သိမှု ပြ​ရမယ်။ ကျွန်တော်တို့ရဲ့ အသက်ရှင်​လွတ်မြောက်မှု​က အဲဒီ​အပေါ် မူတည်​ပါလိမ့်မယ်။

၁၅။ ခံနိုင်ရည် တိုးများ​အောင် ဘယ်လို လုပ်ရမလဲ။ အခု​ကတည်းက အဲဒီလို​လုပ်ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၅ ခံနိုင်ရည်။ ၂၀၁၇ ခရိုင်​အစည်းအဝေး ခေါင်းစဉ်​က “လက်မလျှော့​နဲ့” ဖြစ်တယ်။ စမ်းသပ်မှုတွေကို ခံရပ်​နိုင်အောင် အဲဒီ​အစီအစဉ်​က ကူညီ​ပေးတယ်။ ကျွန်တော်တို့ရဲ့ ခံနိုင်ရည်​ဟာ အခြေအနေ အကောင်းအဆိုး​အပေါ် မ​မူတည်​ဘဲ ယေဟောဝါကို အားကိုးခြင်း​ပေါ် မူတည်​ကြောင်း သိခဲ့ရတယ်။ (ရော. ၁၂:၁၂) “အဆုံး​ထိ ခံနိုင်ရည်​ရှိသူဟာ ကယ်တင်ခံရ​လိမ့်မယ်” ဆိုတဲ့ ယေရှုရဲ့ ကတိ​ကို ဘယ်တော့မှ မမေ့ပါနဲ့။ (မ. ၂၄:၁၃) ဒါက ဘယ်လို​အခက်အခဲ​ပဲ ကြုံရပါစေ ဆက်သစ္စာ​ရှိ​ရမယ်လို့ ဆိုလိုတယ်။ အခု​ကတည်းက စမ်းသပ်မှု ကြုံရတဲ့​အခါတိုင်း ခံနိုင်ရည်​ရှိ​ခြင်းအားဖြင့် ကြီးစွာသောဒုက္ခ​မှာ ယုံကြည်ခြင်း ခိုင်မာ​နေပါလိမ့်မယ်။

၁၆။ ရဲစွမ်းသတ္တိ​ရှိ​ခြင်းက ဘယ်​အပေါ် မူတည်​သလဲ။ အခု​ကတည်းက သတ္တိ​တိုးများ​အောင် ဘယ်လို လုပ်နိုင်သလဲ။

၁၆ ရဲစွမ်းသတ္တိ။ ၂၀၁၈ ခရိုင်​အစည်းအဝေး ခေါင်းစဉ်​က “ရဲစွမ်းသတ္တိ​ရှိပါ” ဖြစ်တယ်။ ရဲစွမ်းသတ္တိ ရှိခြင်းဟာ ကိုယ့်​အစွမ်းအစ​အပေါ် မ​မူတည်​ကြောင်း သိခဲ့ရတယ်။ ခံနိုင်ရည်​လို​ပဲ စစ်မှန်တဲ့ ရဲစွမ်းသတ္တိဟာ ယေဟောဝါကို အားကိုးခြင်း​အပေါ် မူတည်တယ်။ ယေဟောဝါကို ဘယ်လို ပို​အားကိုး​နိုင်မလဲ။ ကျမ်းစာ နေ့တိုင်း ဖတ်ရှုခြင်း၊ အရင်က လူမျိုးတော်ကို ယေဟောဝါ ဘယ်လို ကယ်တင်ခဲ့​ကြောင်း တွေးတော​ဆင်ခြင်ခြင်း​အားဖြင့်​ပါပဲ။ (ဆာ. ၆၈:၂၀။ ၂ ပေ. ၂:၉) ကြီးစွာသောဒုက္ခ​အတွင်း ကျွန်တော်တို့ကို တိုင်းနိုင်ငံတွေ တိုက်ခိုက်​တဲ့အခါ အရင်ကထက် ပိုပြီး ရဲစွမ်းသတ္တိ ရှိဖို့၊ ယေဟောဝါကို ယုံကြည်​ကိုးစား​ဖို့ လို​လာလိမ့်မယ်။ (ဆာ. ၁၁၂:၇၊ ၈။ ဟီ. ၁၃:၆) အခု​ကတည်းက ယေဟောဝါကို အားကိုးမယ်​ဆိုရင် ဂေါဂရဲ့ တိုက်ခိုက်မှု​ကို ရင်ဆိုင်ဖို့ ရဲစွမ်းသတ္တိ ရှိလာ​ပါလိမ့်မယ်။ *

သင်​ကယ်တင်ခံရ​မယ့်​အချိန်ကို ထက်သန်​စွာ စောင့်မျှော်​ပါ

ယေရှုနဲ့ ကောင်းကင်​စစ်တပ်​က မကြာခင် အာမဂေဒုန် စစ်ပွဲမှာ ဘုရားသခင့် ရန်သူတွေကို ဖျက်ဆီးမယ် (အပိုဒ် ၁၇ ကို​ကြည့်ပါ)

၁၇။ အာမဂေဒုန်​ကို ကျွန်တော်တို့ ဘာကြောင့် ကြောက်ဖို့ မလို​သလဲ။ (မျက်နှာဖုံး​ပုံကို ကြည့်ပါ။)

၁၇ ရှေ့​ဆောင်းပါး​မှာ ဖော်ပြခဲ့တဲ့​အတိုင်း ကျွန်တော်တို့ အများစုဟာ ဘဝတစ်လျှောက်လုံး နောက်ဆုံးကာလအတွင်း အသက်ရှင်​နေ​ရတယ်။ ဒါပေမဲ့ ကြီးစွာသောဒုက္ခ​ကနေ အသက်ရှင်​လွတ်မြောက်​ဖို့​လည်း အလားအလာ ရှိတယ်။ အာမဂေဒုန်​စစ်ပွဲဟာ ဒီ​စနစ်​နိဂုံး​ရဲ့ အထွတ်အထိပ် ဖြစ်ပါ​လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြောက်ဖို့ မလိုပါဘူး။ ဘာကြောင့်လဲ။ ဘုရားသခင် တိုက်မယ့်​စစ်ပွဲ ဖြစ်လို့ပဲ။ (ပညာ. ၁:၃၃။ ယေဇ. ၃၈:၁၈-၂၀။ ဇာ. ၁၄:၃) ယေဟောဝါ အချက်ပြ​တဲ့အခါ ယေရှု​ခရစ် ဦးဆောင်​ပြီး တိုက်ခိုက်​ပါလိမ့်မယ်။ ယေရှုနဲ့အတူ ရှင်ပြန်​ထမြောက်ပြီး​ဖြစ်တဲ့ ဘိသိက်ခံ​တွေ၊ ကောင်းကင်တမန်တွေဟာ စာတန်၊ နတ်ဆိုး​တွေ​နဲ့ သူတို့ရဲ့ မြေကြီး​အင်အားစု​တွေကို တိုက်ခိုက်​ကြ​လိမ့်မယ်။—ဒံ. ၁၂:၁။ ဗျာ. ၆:၂။ ၁၇:၁၄

၁၈။ (က) ယေဟောဝါ ဘာက​တိ​ပေးထား​သလဲ။ (ခ) ဗျာဒိတ် ၇:၉၊ ၁၃-၁၇ က အနာဂတ်နဲ့​ပတ်သက်ပြီး ဘာကို စိတ်ချ​စေ​သလဲ။

၁၈ “မင်းကို တိုက်ခိုက်​ဖို့ လုပ်တဲ့ လက်နက်​တစ်ခု​မှ အောင်မြင်​မှာ မဟုတ်ဘူး” လို့ ယေဟောဝါ ကတိ​ပေးထားတယ်။ (ဟေရှာ. ၅၄:၁၇) ယေဟောဝါကို သစ္စာရှိ​ရှိ ဝတ်ပြု​နေတဲ့ “လူအုပ်ကြီး” ဟာ “ကြီးစွာသောဒုက္ခ​ကနေ” အသက်ရှင် လွတ်မြောက်​လိမ့်မယ်။ ပြီးနောက် ဘုရားသခင်အတွက် ဆက်​အမှုဆောင်​ကြ​လိမ့်မယ်။ (ဗျာဒိတ် ၇:၉၊ ၁၃-၁၇ ကိုဖတ်ပါ။) အနာဂတ်မှာ ကယ်တင်ခံရ​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​စေတဲ့ အကြောင်းရင်း​များစွာကို ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ “ယေဟောဝါ​က သစ္စာ​ရှိသူတွေကို ကာကွယ်ပေး” မှန်း ကျွန်တော်တို့ သိတယ်။ (ဆာ. ၃၁:၂၃) ယေဟောဝါကို ချစ်​ပြီး ချီးမွမ်း​တဲ့​သူ​အားလုံးဟာ မြင့်မြတ်တဲ့ နာမတော် သံသယ​ကင်းရှင်း​လာတာကို မြင်ရလို့ ဝမ်းသာ​ကြပါလိမ့်မယ်။—ယေဇ. ၃၈:၂၃

၁၉။ မ​ဝေး​တော့​တဲ့ အနာဂတ်မှာ ဘယ်​အလားအလာ စောင့်ကြို​နေသလဲ။

၁၉ ၂ တိမောသေ ၃:၂-၅ ကို​သာ စာတန့် လွှမ်းမိုးမှု မရှိတဲ့ ကမ္ဘာသစ်မှာ နေမယ့် လူတွေ​အကြောင်း ရေး​မယ်​ဆိုရင် ဘယ်လို ရေး​မလဲ​ဆိုတာ စဉ်းစား​ကြည့်ပါ။ (“ ကမ္ဘာသစ်မှာ လူတွေရဲ့ စရိုက်” လေးထောင့်ကွက်​ကို ကြည့်ပါ။) အုပ်ချုပ်ရေးအဖွဲ့ဝင်​အဖြစ် အမှုဆောင်ခဲ့တဲ့ ညီအစ်ကို ဂျော့ဂ်ျ ဂဲင်းဂက်စ်က * “လူတိုင်း ညီအစ်ကို/မ​တွေ​သာ​ဆိုရင် ဘယ်လို ကမ္ဘာ​မျိုး​ဖြစ်မယ်​ဆိုတာ စဉ်းစား​ကြည့်ပါ။ မကြာခင် သင်တို့ဟာ စနစ်သစ်​မှာ အသက်ရှင်ခွင့်​ရမယ်။ ယေဟောဝါ အသက်ရှင်​သလော​က် အသက်ရှင်ခွင့်၊ ထာဝစဉ် အသက်ရှင်ခွင့် ရကြမယ်” လို့ ပြောတယ်။ သိပ်​ကောင်းတဲ့ အလားအလာ​ပါပဲ။

သီချင်း ၁၂၂ မယိမ်းမယိုင် ကြံ့ကြံ့ခံ​ရပ်တည်​နေကြ

^ အပိုဒ်၊ 5 မကြာခင် “ကြီးစွာသောဒုက္ခ” ရောက်လာတော့မယ်​ဆိုတာ ကျွန်တော်တို့ သိတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ဘာတွေ ကြုံတွေ့​ရမလဲ။ ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်​သလဲ။ ဆက်သစ္စာ​ရှိ​နိုင်အောင် အခု​ကတည်းက ဘယ်​အရည်အသွေးတွေကို မွေးမြူဖို့ လိုသလဲ။ ဒီ​ဆောင်းပါး​မှာ သိရပါလိမ့်မယ်။

^ အပိုဒ်၊ 3 စကားလုံး ရှင်းလင်းချက်– အမည်ခံ​ခရစ်ယာန် ဆိုတာ ခရစ်ယာန်​လို့ ပြောပေမဲ့ ယေဟောဝါရဲ့ စံနှုန်း​အတိုင်း ဝတ်ပြုဖို့ လူတွေကို မသင်​ပေးတဲ့ ဘာသာ​တွေကို ဆိုလိုတယ်။

^ အပိုဒ်၊ 11 စကားလုံး ရှင်းလင်းချက်– မာဂေါဂ​ပြည်​က ဂေါဂ​မင်း (အ​တို​တောက် ဂေါဂ​မင်း) ဆိုတဲ့ အသုံးအနှုန်းဟာ ကြီးစွာသောဒုက္ခ​အတွင်း စင်ကြယ်​တဲ့​ဝတ်ပြုရေးကို တိုက်ခိုက်မယ့် နိုင်ငံ​ပေါင်း​စုံ ဖွဲ့စည်းထားတဲ့ မဟာမိတ်​အုပ်စု​ကို ဆိုလိုတယ်။

^ အပိုဒ်၊ 11 အာမဂေဒုန်​စစ်ပွဲကို ဦးတည်​စေမယ့် ဖြစ်ရပ်တွေ​အကြောင်း အသေးစိတ် ဆွေးနွေးမှု​ကို ဘုရားသခင့်​နိုင်ငံတော် စိုးစံပြီ စာအုပ်၊ အခန်း ၂၁ မှာ ကြည့်ပါ။ မာဂေါဂ​ပြည်​က ဂေါဂ​မင်းရဲ့ တိုက်ခိုက်မှု​နဲ့ အာမဂေဒုန်​အတွင်း မိမိ​လူမျိုးကို ယေဟောဝါ ကာကွယ်​ပုံ​အကြောင်း အသေးစိတ်​အချက်တွေကို ယေဟောဝါရဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်ပြီ စာအုပ်၊ အခန်း ၁၇၊ ၁၈ မှာ ကြည့်ပါ။

^ အပိုဒ်၊ 16 “မေတ္တာဟာ အစဉ်​တည်​တယ်” ဆိုတဲ့ ၂၀၁၉ ခရိုင်​အစည်းအဝေးက ယေဟောဝါရဲ့ မေတ္တာပါ ကာကွယ်မှု​အောက်မှာ ဘေးကင်းလုံခြုံ​နိုင်ကြောင်း ကျွန်တော်တို့ကို စိတ်ချ​စေတယ်။—၁ ကော. ၁၃:၈

^ အပိုဒ်၊ 19 ၁၉၉၄၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် ‘သူ၏​အ​ပြု​အမူ​တို့သည် သူနှင့်​အတူ လိုက်​၏’ ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 65 ပုံ​အညွှန်း– ကြီးစွာသောဒုက္ခ​အတွင်း သက်သေခံ​အုပ်စု​လေး တော​ထဲမှာ သတ္တိရှိရှိ အစည်းအဝေး​လုပ်​နေ။

^ အပိုဒ်၊ 67 ပုံ​အညွှန်း– ယေဟောဝါကို သစ္စာရှိ​ရှိ ဝတ်ပြုတဲ့ လူအုပ်ကြီးဟာ ကြီးစွာသောဒုက္ခ​ကနေ အသက်ရှင်​လွတ်မြောက်ပြီး ပျော်ရွှင်​နေကြ။