မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် “မုန်တိုင်း” လာတော့​မယ်​ဆိုတဲ့ သတိပေး​ချက်​ကို လူတွေ နားထောင်ဖို့ လိုအပ်

ဘုရားသခင့် တရားစီရင်ချက်များ—အမြဲ ကြိုတင် သတိပေးရဲ့လား

ဘုရားသခင့် တရားစီရင်ချက်များ—အမြဲ ကြိုတင် သတိပေးရဲ့လား

မိုးလေဝသ ပညာရှင်​ဟာ ရေဒါ​ပေါ်​က ပြောင်းလဲမှု​တွေကို စောင့်ကြည့်​နေတယ်။ လူ​နေ​ထူထပ်​တဲ့​ဒေသ​ပေါ် မုန်တိုင်း​ကျတော့​မှာ​ကို မြင်တဲ့အခါ လူတွေရဲ့ ဘေးကင်းရေး​ကို စိုးရိမ်​တဲ့​အတွက် အချိန်မနှောင်း​မီ အတတ်နိုင်ဆုံး သတိ​ပေးတယ်။

အလားတူပဲ၊ ယေဟောဝါဟာ လူသားတွေ ကြုံ​ရတော့မယ့် အဆိုး​ဝါး​ဆုံး “မုန်တိုင်း” အတွက် အခု သတိ​ပေးနေတယ်။ ဘယ်​နည်းနဲ့လဲ။ လူတွေ တုံ့ပြန်​ဖို့ အချိန် အလုံအလောက် ပေးတယ်ဆိုတာ ဘာကြောင့် စိတ်ချ​နိုင်သလဲ။ ဦးဆုံး၊ အရင်တုန်းက ယေဟောဝါ ပေးခဲ့တဲ့ သတိပေး​ချက်​တချို့ကို သုံးသပ်​ကြည့်ကြစို့။

ဘုရား ကြိုတင်​သတိပေး

ကျမ်းစာခေတ်မှာ ယေဟောဝါဟာ စိတ်လိုကိုယ်လျောက် ပညတ်​မနာခံ​သူတွေကို ဖျက်ဆီးမယ်​ဆိုတဲ့ “မုန်တိုင်း” နဲ့​တူတဲ့ တရားစီရင်ချက်​တွေ​အကြောင်း ကြို​သတိ​ပေးခဲ့တယ်။ (ပညာ. ၁၀:၂၅။ ယေ. ၃၀:၂၃) အကြိမ်တိုင်းမှာ လူတွေကို ကြိုတင် အသိ​ပေးပြီး အလိုတော်​နဲ့​အညီ ပြုပြင်​ပြောင်းလဲဖို့ ညွှန်ကြားတယ်။ (၂ ဘု. ၁၇:၁၂-၁၅။ နေ. ၉:၂၉၊ ၃၀) တရားစီရင်ချက်​တွေကို ကြေညာ​ဖို့၊ အရေးတကြီး လုပ်ဆောင်ဖို့ လိုတယ်​ဆိုတာ နားလည်အောင် လူတွေကို ကူညီ​ပေးဖို့ မြေကြီးပေါ်​က သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ အသုံးပြုလေ့​ရှိတယ်။—အာ. ၃:၇

ဘုရား​အသုံးပြုခဲ့တဲ့ သစ္စာရှိ​ကျေးကျွန်​တစ်ယောက်ကတော့ နောဧ ဖြစ်တယ်။ မိမိ​ခေတ်မှာ​ရှိတဲ့ အကျင့်ပျက်သူ၊ ကြမ်းတမ်း​သူတွေကို ကမ္ဘာချီ ရေလွှမ်းမိုး​ဘေး​အကြောင်း နှစ်ပေါင်းများစွာ သတ္တိရှိရှိ သတိ​ပေးခဲ့တယ်။ (က. ၆:၉-၁၃၊ ၁၇) လွတ်မြောက်​ဖို့ ဘာလုပ်​ရမယ်ဆိုတဲ့​အကြောင်းလည်း နောဧ ဟောပြောတဲ့​အတွက် ‘ဖြောင့်မတ်ခြင်း​တရား ဟောပြောသူ’ လို့ နောက်ပိုင်းမှာ ဖော်ပြ​ခံရတယ်။—၂ ပေ. ၂:၅

နောဧ သတိပေး​ပေမဲ့ လူတွေက ဘုရားရဲ့ သတင်းကို ဂရုမစိုက်​ကြဘူး။ မယုံကြည်ကြဘူး။ ဒါကြောင့် “ရေလွှမ်းမိုး​ဘေး ရောက်​ပြီး အားလုံးကို သုတ်သင်​ပယ်ရှင်း​လိုက်​ချိန်” မှာ သေဆုံး​ကုန်​ကြတယ်။ (မ. ၂၄:၃၉။ ဟီ. ၁၁:၇) အဆုံး​ရောက်လာတဲ့​အခါ သူတို့ကို ဘုရား ကြို​သတိ​မပေးဘူးလို့ ပြောစရာ​အကြောင်း မရှိဘူး။

တချို့​အချိန်တွေမှာ တရားစီရင်ချက် “မုန်တိုင်း” မကျခင်​လေးမှာ ယေဟောဝါ သတိ​ပေးတယ်။ ဒါပေမဲ့ ပြောင်းလဲဖို့ အချိန် အလုံအလောက် ပေးတယ်။ ရှေး​အီဂျစ်​မှာ ကပ်ဘေး​ဆယ်ခု ကျရောက်ချိန်​တုန်း​က​လည်း အဲဒီလိုပဲ။ ဥပမာ၊ ခုနစ်ခုမြောက် ကပ်ဘေး​ဖြစ်တဲ့ မိုးသီး​ကပ်ဘေး​အကြောင်း ဖာရော​နဲ့ မင်းမှုထမ်း​တွေကို သတိ​ပေးဖို့ မောရှေ​နဲ့ အာရုန်​ကို ယေဟောဝါ စေလွှတ်ခဲ့တယ်။ နောက်​နေ့မှာ မိုးသီး​ဘေး ကျရောက်​မှာ​ဖြစ်လို့ ဘေးလွတ်​အောင် ဘုရား အချိန်​အလုံအလောက် ပေးခဲ့​သလား။ “ဖာရောရဲ့​မင်းမှုထမ်း​တွေ​ထဲမှာ ယေဟောဝါကို ကြောက်ရွံ့​သူတွေဟာ ကျွန်​နဲ့ တိရစ္ဆာန်တွေကို အိမ်ထဲ အမြန်​သွင်း​ကြတယ်။ ယေဟောဝါရဲ့​စကားကို အရေး​မစိုက်​သူတွေကတော့ ကျွန်​နဲ့ တိရစ္ဆာန်တွေကို လယ်​ပြင်​မှာ​ပဲ ထားကြတယ်” လို့ ကျမ်းစာ ပြောတယ်။ (ထွ. ၉:၁၈-၂၁) ယေဟောဝါ ကြိုတင်​သတိ​ပေးတဲ့​အတွက် ချက်ချင်း တုံ့ပြန်​သူတွေဟာ ကပ်ဘေး​ရဲ့ ဆိုးကျိုး​ကနေ လွတ်မြောက်​ခဲ့တယ်။

ဖာရော​နဲ့ မင်းမှုထမ်း​တွေဟာ ဆယ်ခု​မြောက် ကပ်ဘေး​အကြောင်းလည်း သတိပေး​ခံခဲ့ရတယ်။ ဒါပေမဲ့ သတိပေး​ချက်​ကို ငြင်းပယ်ခဲ့​တယ်။ (ထွ. ၄:၂၂၊ ၂၃) ဒါကြောင့် သူတို့ရဲ့ သားဦး​တွေ သေဆုံးခဲ့​ရတယ်။ ဝမ်းနည်းစရာပါပဲ။ (ထွ. ၁၁:၄-၁၀။ ၁၂:၂၉) သတိပေး​ချက်​ကို လိုက်နာ​ဖို့ သူတို့ အချိန်​အလုံအလောက် ရခဲ့​ရဲ့​လား။ ရခဲ့​ပါတယ်။ ကျရောက်​တော့​မယ့် ဆယ်ခု​မြောက် ကပ်ဘေး​အကြောင်း အစ္စရေးတွေကို မောရှေ ချက်ချင်း သတိပေး​ပြီး မိသားစုကို ကယ်ဖို့ ဘာ​လုပ်ရမယ်​ဆိုတာ ညွှန်ကြားခဲ့တယ်။ (ထွ. ၁၂:၂၁-၂၈) သတိပေး​ချက်​ကို လူ​ဘယ်​နှယောက် တုံ့ပြန်​ကြသလဲ။ ခန့်မှန်းချက်​အရ အစ္စရေး​လူမျိုး​တွေ၊ အစ္စရေး မဟုတ်​သူတွေနဲ့ အီဂျစ်​တွေ ပါဝင်တဲ့ “ဧရာမ​လူအုပ်ကြီး” စုစုပေါင်း လူ​သုံး​သန်း​ဟာ ဘုရားသခင့် တရားစီရင်ချက်​ကနေ လွတ်မြောက်ပြီး အီဂျစ်​ကနေ ထွက်ခွာ​ခဲ့​ကြတယ်။—ထွ. ၁၂:၃၈

ဒီ​ဥပမာ​တွေ​က ယေဟောဝါဟာ သတိပေး​ချက်ကို လူတွေ တုံ့ပြန်​ဖို့ အမြဲ အချိန်​အလုံအလောက် ပေးကြောင်း ဖော်ပြ​တယ်။ (တရား. ၃၂:၄) ဘုရား ဘာကြောင့် အဲဒီလို အချိန်ပေး​တာလဲ။ “ဘယ်သူ့ကိုမှ မပျက်စီး​စေ​ချင်​လို့၊ လူအားလုံးကို နောင်တ​ရစေချင်​လို့” ဆိုပြီး တမန်တော် ပေတရု ရှင်းပြတယ်။ (၂ ပေ. ၃:၉) လူတွေကို ဘုရား ဂရုစိုက်​တယ်။ တရား​စီရင်​တဲ့အချိန် မရောက်ခင် နောင်တ​ရပြီး ပြောင်းလဲ​စေချင်တယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈။ ရော. ၂:၄

ဒီနေ့​ခေတ် ဘုရားသခင့် သတိပေး​ချက်​ကို တုံ့ပြန်ခြင်း

ဒီနေ့ ကမ္ဘာတစ်ဝန်းမှာ ကြေညာ​နေတဲ့ အရေးကြီး သတိပေး​ချက်​ကို လူအားလုံး တုံ့ပြန်​သင့်တယ်။ “ကြီးစွာသောဒုက္ခ” အတွင်း ဒီ​လောက​စနစ် ဖျက်ဆီး​ခံရမယ်လို့ ယေရှု မြေကြီးပေါ်ရှိ​တုန်း ကြို​သတိ​ပေးခဲ့တယ်။ (မ. ၂၄:၂၁) အဲဒီ​တရားစီရင်ချိန် နီး​လာတာ​နဲ့​အမျှ ဘာတွေ ကြုံတွေ့ရ​မယ်​ဆိုတာ ဖော်ပြတဲ့ ကြိုဟောချက်​တွေ နောက်လိုက်​တွေကို ပေးခဲ့တယ်။ အဲဒါတွေဟာ ဒီနေ့ ကျွန်တော်တို့ မြင်​နေရတဲ့ ကမ္ဘာ့​ဖြစ်ရပ်တွေ​ပါပဲ။—မ. ၂၄:၃-၁၂။ လု. ၂၁:၁၀-၁၃

အဲဒီ​ကြိုဟောချက်​နဲ့​အညီ ယေဟောဝါဟာ မိမိရဲ့ မေတ္တာပါ အုပ်ချုပ်မှုကို လက်အောက်​ခံဖို့ လူတိုင်းကို တိုက်တွန်း​နေတယ်။ နာခံ​သူတွေကို လောလောဆယ် ပို​ကောင်းတဲ့ အသက်တာ ရစေချင်​သလို ဖြောင့်မတ်တဲ့ ကမ္ဘာသစ်မှာ​လည်း အနာဂတ်​ကောင်းချီးတွေ ရစေ​ချင်တယ်။ (၂ ပေ. ၃:၁၃) အဲဒီ​ကတိတော်​တွေကို ယုံကြည်​စေချင်တဲ့​အတွက် အသက်ကယ် သတင်း​ဖြစ်တဲ့ “နိုင်ငံတော် သတင်းကောင်း” ကို ပြင်ဆင်​ပေးတယ်။ အဲဒီ​သတင်းကို ‘လူမျိုး​အားလုံး​အတွက် သက်သေ​ဖြစ်စေဖို့ လူ​နေထိုင်​ရာ မြေတစ်ခွင်လုံးမှာ ဟောပြော​ရလိမ့်မယ်’ လို့ ယေရှု ကြို​ပြောခဲ့တယ်။ (မ. ၂၄:၁၄) နိုင်ငံ​ပေါင်း ၂၄၀ ကျော်မှာ ‘သက်သေခံ’ ဖို့၊ ဟောပြောဖို့ စစ်မှန်တဲ့ ဝတ်ပြု​သူတွေကို ဘုရားသခင် ဖွဲ့စည်း​ထားတယ်။ ယေဟောဝါဟာ သတိပေး​ချက်​ကို လူများ​နိုင်သမျှ များများ နားထောင်ပြီး ရောက်လာတော့မယ့် တရားစီရင်ချက် “မုန်တိုင်း” ကနေ လွတ်မြောက်​စေချင်တယ်။—ဇေ. ၁:၁၄၊ ၁၅။ ၂:၂၊ ၃

သတိပေး​ချက်​ကို တုံ့ပြန်​ဖို့ ယေဟောဝါ အမြဲ အချိန်ပေး​ကြောင်း အထောက်အထား​တွေ​က ဖော်ပြတယ်။ ဒါကြောင့် မေး​ရမှာက သတိပေး​ချက်​ကို တုံ့ပြန်​ဖို့ ယေဟောဝါ အချိန် အလုံအလောက်​ပေး​ရဲ့​လား ဆိုတဲ့​မေးခွန်း မဟုတ်ဘဲ အချိန်​ရှိနေတုန်း ဘုရားရဲ့ သတိပေး​ချက်​ကို လူတွေ နားထောင်မလား ဆိုတဲ့​မေးခွန်း​ပဲ။ ဒီ​စနစ်​အဆုံးကို လွတ်မြောက်​ဖို့ လူများနိုင်သမျှ များများ​ကို ဘုရားသခင့် ကျေးကျွန်တွေ ဆက်​ကူညီ​ပေးနိုင်ပါ​စေ။