မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၃

ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ပါ

ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ပါ

‘ယေဟောဝါဟာ မိမိ​တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်​ဖို့ တောင်းဆိုတဲ့ ဘုရားသခင်ပဲ။’—နာ. ၁:၂

သီချင်း ၅၁ ဘုရားဆီ တို့​ဆက်ကပ်​ထား

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ အကြွင်းမဲ့ ကိုးကွယ်​ဆည်းကပ်မှု​ကို ဘာကြောင့် ရထိုက်​သလဲ။

ယေဟောဝါဟာ ဖန်ဆင်းရှင်၊ အသက်ပေး​ရှင်​ဖြစ်လို့ ကျွန်တော်တို့ရဲ့ အကြွင်းမဲ့ ကိုးကွယ်​ဆည်းကပ်မှု​ကို ရထိုက်တယ်။ (ဗျာ. ၄:၁၁) ဒါပေမဲ့ စိန်ခေါ်ချက်​တစ်ခု ရှိတယ်။ ကျွန်တော်တို့ဟာ ယေဟောဝါကို ချစ်​ပြီး လေးစားပေမဲ့ တခြား​အရာတွေကြောင့် ယေဟောဝါကို အကြွင်းမဲ့ မ​ဆည်းကပ်​တော့​တာ​မျိုး ဖြစ်သွား​နိုင်တယ်။ ဘယ်လိုနည်းနဲ့ အဲဒီလို ဖြစ်သွား​နိုင်တယ်ဆိုတာ သိထား​ရမယ်။ ဦးဆုံး၊ ယေဟောဝါ တစ်ပါးတည်း​ကို ကိုးကွယ်​ဆည်းကပ်ခြင်း​မှာ ပါဝင်တဲ့ ကဏ္ဍ​တချို့ကို သုံးသပ်​ကြည့်ကြစို့။

၂။ ထွက်မြောက်ရာ ၃၄:၁၄ အရ ယေဟောဝါကို အကြွင်းမဲ့ ကိုးကွယ်​ဆည်းကပ်​တယ်​ဆိုရင် ကျွန်တော်တို့ ဘာလုပ်မလဲ။

ကျမ်းစာမှာ ဘုရားကို ကိုးကွယ်​ဆည်းကပ်ခြင်း​ဆိုတာ ဘုရားကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်း ဖြစ်တယ်။ ယေဟောဝါကို အကြွင်းမဲ့ ကိုးကွယ်​ဆည်းကပ်ခြင်း​ဆိုတာ ယေဟောဝါ တစ်ပါးတည်းကိုပဲ ဝတ်ပြုခြင်း၊ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင့်​နေရာကို တခြား ဘယ်​အရာ၊ ဘယ်သူနဲ့​မှ အစားမထိုး​ခြင်း ဖြစ်တယ်။ထွက်မြောက်ရာ ၃၄:၁၄ ကိုဖတ်ပါ။

၃။ ယေဟောဝါကို ကျွန်တော်တို့ ဘုမသိဘမသိ ကိုးကွယ်​ဆည်းကပ်​တာ မဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ။

ကျွန်တော်တို့ဟာ ယေဟောဝါကို ဘုမသိဘမသိ ကိုးကွယ်​ဆည်းကပ်​တာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့​က ဘုရား​အကြောင်း အသေအချာ ဆန်းစစ်​လေ့လာ​ပြီးမှ ကိုးကွယ်​ဆည်းကပ်​တာ ဖြစ်တယ်။ ဘုရားရဲ့ အရည်အသွေး​ကောင်းတွေကို လေးမြတ်​လာတယ်။ ဘုရား နှစ်သက်ရာ၊ မနှစ်သက်ရာတွေ​ကို သိ​ပြီး အဲဒီအတိုင်း ခံစား​လာ​ရတယ်။ လူတွေနဲ့​ပတ်သက်တဲ့ ဘုရား​ရည်ရွယ်ချက်ကို နားလည်ပြီး ထောက်ခံတယ်။ ဘုရားရဲ့ မိတ်ဆွေ ဖြစ်ခွင့်​ရထားလို့ ဂုဏ်ယူ​ကြတယ်။ (ဆာ. ၂၅:၁၄) ဘုရားနဲ့​ပတ်သက်ပြီး သိလာတဲ့ အသေးစိတ်​အချက်​တွေ​က ဘုရားနဲ့ ပို​ရင်းနှီး​စေတယ်။—ယာ. ၄:၈

၄။ (က) ယေဟောဝါ တစ်ပါးတည်း​ကို ကျွန်တော်တို့ မကိုးကွယ်​အောင် မာရ်နတ် ဘယ်လို ကြိုးစား​နေသလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း သုံးသပ်ကြ​မလဲ။

ဒီ​လောက​စနစ်ကို မာရ်နတ် ထိန်းချုပ်​ထားတယ်။ လူတွေရဲ့ သဘာဝ​ဆန္ဒ​နဲ့ သွေးသား​အားနည်းမှု​ကို သူ အသုံးချ​နေတယ်။ (ဧ. ၂:၁-၃။ ၁ ယော. ၅:၁၉) သူ့​ပန်းတိုင်​က ယေဟောဝါ တစ်ပါးတည်း​ကို မဟုတ်ဘဲ တခြား​အရာတွေကို​လည်း ချစ်​လာစေဖို့ ဖြစ်တယ်။ သူ အောင်မြင်နေ​တဲ့ နည်း​နှစ်နည်း​ကို သုံးသပ်​ကြည့်ကြစို့။ ပထမ၊ စည်းစိမ်ဥစ္စာ​နောက် လိုက်​ဖို့ သူ​သွေးဆောင်တယ်။ ဒုတိယ၊ မကောင်းတဲ့ ဖျော်ဖြေမှုတွေ ရွေးချယ်​အောင် သွေးဆောင်တယ်။

ငွေ​တပ်မက်စိတ်​ကို တွန်းလှန်ပါ

၅။ ငွေ​တပ်မက်​တဲ့​စိတ်​ကို ဘာကြောင့် တွန်းလှန်​ရမလဲ။

ကျွန်တော်တို့​အားလုံး စားဝတ်နေရေး ပြေလည်​ချင်ကြတယ်။ ဒါပေမဲ့ ငွေ​တပ်မက်စိတ်၊ တစ်နည်းအားဖြင့် ငွေ​ချစ်တဲ့​စိတ်​ကို တွန်းလှန်​ရမယ်။ စာတန့်​လောကမှာ အများစုက “ငွေကို တပ်မက်သူ၊” ငွေနဲ့​ဝယ်​လို့ ရတဲ့​အရာတွေကို တပ်​မက်​သူတွေ ဖြစ်တယ်။ (၂ တိ. ၃:၂) အဲဒီလို တပ်မက်​လာ​အောင် နောက်လိုက်​တွေ သွေးဆောင်​ခံရနိုင်​တယ်​ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် “ဘယ်သူမှ သခင်​နှစ်ဦး​ဆီမှာ အစေခံလို့ မရဘူး။ သခင်​တစ်ဦးကို မုန်း​ပြီး နောက်​တစ်ဦးကို ချစ်မှာပဲ။ တစ်ဦးကို သစ္စာ​ရှိပြီး တစ်ဦးကို မထီလေးစား လုပ်မှာ​ပဲ။ ခင်ဗျားတို့လည်း ဘုရားသခင်​အတွက်ရော စည်းစိမ်​အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး” လို့ ယေရှု ပြောတယ်။ (မ. ၆:၂၄) ယေဟောဝါကို ဝတ်ပြု​နေပြီး တစ်ချိန်တည်းမှာ လောက​စည်းစိမ် ရဖို့ အချိန်နဲ့ ခွန်အား အလွန်အကျွံ သုံး​နေတယ်​ဆိုရင် သခင်​နှစ်ဦး​ကို အစေခံ​နေတာပဲ။ ယေဟောဝါ တစ်ပါးတည်း​ကို ကိုးကွယ်​ဆည်းကပ်​နေတာ မဟုတ်တော့ဘူး။

လောဒိကိ​အသင်းသား​တချို့ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံ . . . သူတို့ကို ယေဟောဝါနဲ့ ယေရှု ရှုမြင်ပုံ (အပိုဒ် ၆ ကို​ကြည့်ပါ)

၆။ လောဒိကိ​အသင်းတော်ကို ပြောတဲ့ ယေရှုရဲ့​စကား​ကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။

ပထမရာစု ကုန်ခါနီး​မှာ လောဒိကိ အသင်းတော်​သားတွေ​က “ငါ ကြွယ်ဝ​သား​ပဲ။ ပစ္စည်းဥစ္စာ​တွေ​လည်း စုဆောင်း​ထားတယ်။ ဘာမှ မလို​တော့​ဘူး” လို့ ဝါကြွား​ကြတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ အမြင်မှာ သူတို့ဟာ ‘စိတ်မချမ်းမြေ့​စ​ရာ ဖြစ်နေတယ်၊ သနားစရာ​ကောင်း​နေတယ်၊ ဆင်းရဲမွဲတေ​ပြီး မျက်စိကန်း​နေတယ်၊ အဝတ်​ဗလာ ဖြစ်နေတယ်။’ သူတို့ ချမ်းသာ​နေလို့ ယေရှု ဆုံးမ​တာ မဟုတ်ဘူး။ ငွေကို တပ်မက်​တဲ့​စိတ်​က ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိခိုက်​စေ​လို့​ပဲ။ (ဗျာ. ၃:၁၄-၁၇) ကျွန်တော်တို့မှာ စည်းစိမ်ဥစ္စာ တပ်မက်​တဲ့​စိတ် ရှိနေမှန်း သတိထား​မိရင် ကိုယ့်​အတွေးအခေါ်ကို ချက်ချင်း ပြုပြင်ပါ။ (၁ တိ. ၆:၇၊ ၈) မပြု​ပြင်​ရင် ကျွန်တော်တို့ရဲ့ မေတ္တာဟာ တစ်ဝက်တစ်ပျက်​ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု​ကို ယေဟောဝါ လက်ခံ​မှာ မဟုတ်တော့ဘူး။ ယေဟောဝါ​က “မိမိ​တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်​ဖို့ တောင်းဆို” ထားတယ်။ (တရား. ၄:၂၄) ငွေနဲ့​ပတ်သက်ပြီး မျှတတဲ့​အမြင် ဘယ်လို ပျောက်ဆုံး​သွား​နိုင်သလဲ။

၇-၉။ အကြီးအကဲ​တစ်ဦး​ဖြစ်တဲ့ ဒေးဗစ်​ရဲ့ တွေ့ကြုံမှု​ကနေ ဘာ​သိရသလဲ။

အမေရိကန်​ပြည်ထောင်စု​က အလုပ်​ကြိုးစားတဲ့ အကြီးအကဲ ဒေးဗစ်​အကြောင်း သုံးသပ်​ကြည့်ပါ။ သူဟာ ဝန်ထမ်း​ကောင်း​တစ်ဦး ဖြစ်တယ်။ ကုမ္ပဏီ​မှာ ရာထူး​တိုးလာ​တဲ့​အပြင် အဲဒီအလုပ်နဲ့​ပတ်သက်ပြီး သူ့​နိုင်ငံမှာ အတော်​ဆုံး​ပုဂ္ဂိုလ်​အဖြစ် အသိအမှတ် ပြု​ခံရတယ်။ “ယေဟောဝါရဲ့ ကောင်းချီး​ကြောင့် အောင်မြင်​တာ​လို့ အဲဒီတုန်းက ထင်ခဲ့တယ်” ဆိုပြီး ဒေးဗစ်​ပြောတယ်။ ဒါ​တကယ်ပဲ​လား။

အလုပ်​ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်လာ​တာ​ကို ဒေးဗစ် သတိထား​မိတယ်။ “အစည်းအဝေးတွေ၊ အမှုဆောင်​တွေ​မှာ​တောင် အလုပ်​အကြောင်း​ပဲ စဉ်းစား​နေ​မိတယ်။ ငွေ​အများကြီး ရပေမဲ့ စိတ်ဖိစီးမှု များ​လာတယ်။ အိမ်ထောင်ရေး​လည်း ထိခိုက်လာ​တယ်” လို့ သူပြောတယ်။

ဦးစား​ထားရာတွေကို ပြန်​ဆန်းစစ်​ဖို့ လို​နေမှန်း ဒေးဗစ် သိလာတယ်။ “ပြုပြင်​ပြောင်းလဲဖို့ ဆုံးဖြတ်​လိုက်တယ်” လို့ သူပြောတယ်။ အလုပ်​အချိန်ဇယား​ကို ပြောင်း​ချင်​လို့ အလုပ်ရှင်​ကို အကျိုးအကြောင်း ပြောပြတယ်။ ဘာ​ရလဒ် ရသလဲ။ အလုပ်ပြုတ်​သွားတယ်။ သူ ဘယ်လို တုံ့ပြန်​သလဲ။ “နောက်​တစ်နေ့မှာ​ပဲ အရန်ရှေ့ဆောင် ဆက်တိုက်​လုပ်ဖို့ လျှောက်လွှာတင်​လိုက်တယ်” လို့ ပြောတယ်။ စားဝတ်နေရေး​အတွက် ဒေးဗစ်​နဲ့ ဇနီးဟာ သန့်ရှင်းရေး​အလုပ် စ​လုပ်တယ်။ မကြာခင် ဒေးဗစ် မှန်မှန်ရှေ့ဆောင် စ​လုပ်တယ်။ နောက်ပိုင်း သူ့​ဇနီး​လည်း ရှေ့ဆောင်​လုပ်​လာတယ်။ ဝင်ငွေ​ရဖို့ လူတွေ အထင်သေး​တဲ့ အလုပ်ကို လုပ်​ရပေမဲ့ ဘာ​အလုပ် လုပ်တယ်​ဆိုတာ သူတို့​အတွက် အရေး​မကြီး​ဘူး။ ဝင်ငွေ ဆယ်​ဆ​လောက် လျော့​သွား​ပေမဲ့ လစဉ် အသုံးစရိတ်​တော့ ကာမိတယ်။ ယေဟောဝါနဲ့ နိုင်ငံတော်ကို ဦးစား​ထားတဲ့အခါ ဘုရားရဲ့ ဂရုစိုက်​စောင့်ရှောက်မှုကို ကိုယ်တွေ့ ခံစားခဲ့​ရတယ်။—မ. ၆:၃၁-၃၃

၁၀။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ဘယ်လို ကာကွယ်​စောင့်ရှောက်​နိုင်သလဲ။

၁၀ ကျွန်တော်တို့ဟာ ဆင်းရဲသူ​ဖြစ်ဖြစ်၊ ချမ်းသာသူ​ဖြစ်ဖြစ် စိတ်နှလုံးကို ကာကွယ်​စောင့်ရှောက်​ဖို့ လိုတယ်။ ဘယ်လို​နည်းနဲ့လဲ။ စည်းစိမ်ဥစ္စာ တပ်မက်စိတ်​ကို မမွေး​ပါ​နဲ့။ ယေဟောဝါ​ထက် အလုပ်ကို ဦးစား​ပေးတာမျိုး မဖြစ်ပါစေနဲ့။ အဲဒီလို စိတ်​မျိုးဝင်​နေပြီဆိုတာ ဘယ်လို သိနိုင်​မလဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေး​ပြီး ဆန်းစစ်​နိုင်တယ်– ‘အစည်းအဝေး​နဲ့ အမှုဆောင်​တွေ​မှာ အလုပ်​အကြောင်း စဉ်းစား​လေ့​ရှိသလား။ နောင်ရေး​အတွက် ငွေကြေး​ဖူလုံ​ဖို့ အမြဲ စိတ်ပူ​နေ​သလား။ ငွေနဲ့ ပစ္စည်းဥစ္စာ​ကြောင့် အိမ်ထောင်မှာ ပြဿနာ ဖြစ်နေ​သလား။ ယေဟောဝါ​အတွက် အမှုဆောင်ဖို့ အချိန်ပို​ရမယ်​ဆိုရင် တခြားသူတွေ အထင်သေး​တဲ့ အလုပ်ကိုတောင် လုပ်ဖို့ တလိုတလား ရှိသလား။’ (၁ တိ. ၆:၉-၁၂) ကျွန်တော်တို့ကို ယေဟောဝါ ချစ်ကြောင်း၊ မိမိ​ဆီ ဆည်းကပ်​ထားသူတွေ​ကို ‘ဘယ်တော့မှ ပစ်ထား​မှာ၊ စွန့်ခွာမှာ မဟုတ်ဘူး’ လို့ ကတိ​ပေးထားကြောင်း သတိရပါ။ ဒါကြောင့် “ခင်ဗျားတို့ရဲ့ ဘဝမှာ ငွေ​တပ်မက်တာကို ရှောင်ပါ” လို့ တမန်တော် ပေါလု ရေး​တာ ဖြစ်တယ်။—ဟီ. ၁၃:၅၊ ၆

ဖျော်ဖြေမှုကို ဂရုတစိုက် ရွေးချယ်ပါ

၁၁။ ဖျော်ဖြေမှုက လူတစ်ဦးကို ဘာ​ဖြစ်စေ​နိုင်သလဲ။

၁၁ ယေဟောဝါ​က ကျွန်တော်တို့ရဲ့ အသက်တာကို ပျော်မွေ့​စေချင်တယ်။ ဖျော်ဖြေမှုတွေက ပျော်မွေ့​ဖို့ ကူညီ​ပေးတယ်။ “စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်​တာ​တွေ​ကြောင့် ပျော်ရွှင်​ရတာထက် ကောင်းတာ ဘာမှ မရှိဘူး” လို့ ကျမ်းစာ ပြောတယ်။ (ဒေ. ၂:၂၄) ဒါပေမဲ့ လောကမှာ​ရှိတဲ့ ဖျော်ဖြေမှု​အများစုက ကျွန်တော်တို့​အပေါ် ဆိုးကျိုး​သက်ရောက်​နိုင်တယ်။ ကိုယ်ကျင့်တရား​စံနှုန်း ကျဆင်း​စေပြီး ကျမ်းစာမှာ ပြစ်တင်​ရှုတ်ချ​ထားတာတွေကို လက်ခံဖို့၊ နှစ်သက်​လာဖို့​တောင် အားပေးတယ်။

သင်​ရွေးချယ်​တဲ့ ဖျော်ဖြေမှုကို ဘယ်သူ ပြင်ဆင်​ပေးနေ​လဲ (အပိုဒ် ၁၁-၁၄ ကို​ကြည့်ပါ) *

၁၂။ ၁ ကောရိန္သု ၁၀:၂၁၊ ၂၂ အရ ဖျော်ဖြေမှုကို ဘာကြောင့် ဂရုတစိုက် ရွေးချယ်​သင့်သလဲ။

၁၂ ကျွန်တော်တို့ဟာ ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်​ချင်တဲ့​အတွက် “ယေဟောဝါရဲ့ စားပွဲ” နဲ့ “နတ်ဆိုးတွေရဲ့ စားပွဲ” နှစ်ခုစလုံး​မှာ သုံးဆောင်​လို့ မရဘူး။ (၁ ကောရိန္သု ၁၀:၂၁၊ ၂၂ ကိုဖတ်ပါ။) တစ်ယောက်ယောက်နဲ့ အတူ​စားသောက်​တာ​ဟာ ရင်းနှီးတဲ့​သဘောဆောင်​တယ်။ အကြမ်းဖက်မှု၊ လိင်​အကျင့်​ယိုယွင်းမှု၊ နတ်ဆိုး​ပညာ၊ သွေးသား​ဆန္ဒ​နဲ့ ဇာတိစိတ်​တွေကို အားပေးအားမြှောက်​လုပ်တဲ့ ဖျော်ဖြေရေး​ကို ရွေးချယ်မယ်​ဆိုရင် ဘုရားရဲ့ ရန်သူတွေ ပြင်ဆင်​ပေးတဲ့ အစားအစာကို စားတာ​နဲ့​တူတယ်။ ကိုယ်တိုင် ဆိုးကျိုး​ခံစားရ​ရုံ​မ​က ယေဟောဝါနဲ့ ဆက်ဆံရေးလည်း ထိခိုက်လာ​မယ်။

၁၃-၁၄။ ယာကုပ် ၁:၁၄၊ ၁၅ အရ ဖျော်ဖြေမှုတွေကို ရွေးချယ်ရာမှာ ဘာကြောင့် ဂရုစိုက်​ရမလဲ။ ဥပမာ​ပေးပါ။

၁၃ ဖျော်ဖြေမှုက အစားအစာ​နဲ့ ဘယ်လို တူ​ကြောင်း သုံးသပ်​ကြည့်ပါ။ ဘာ​စား​မယ်​ဆိုတာကို ကိုယ်တိုင် ရွေးချယ်လို့ ရတယ်။ ဒါပေမဲ့ မျိုချ​လိုက်ပြီ​ဆိုရင်တော့ ဒီ​အစာ​ရဲ့ အကျိုး​သက်ရောက်မှု​ကို ထိန်းချုပ်​လို့ မရတော့ဘူး။ အာဟာရ​ရှိတဲ့​အစာ​က ကျန်းမာ​စေနိုင်တယ်။ အာဟာရ​မရှိတဲ့ အစာ​ကတော့ ကျန်းမာရေး ထိခိုက်​စေနိုင်တယ်။ ရလဒ်ကို ချက်ချင်း မသိ​နိုင်ပေမဲ့ တဖြည်းဖြည်း သိသာ​လာမယ်။

၁၄ အလားတူပဲ၊ ဘယ်​ဖျော်ဖြေမှုကို ရွေးချယ်မယ်​ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်​နိုင်တယ်။ ဒါပေမဲ့ ရွေးချယ်​ပြီးနောက်မှာတော့ ကျွန်တော်တို့ရဲ့ စိတ်နှလုံး​အပေါ် ဖျော်ဖြေမှု​ရဲ့ အကျိုး​သက်ရောက်​ပုံကို ထိန်းချုပ်​လို့ မရတော့ဘူး။ ကောင်းတဲ့ ဖျော်ဖြေမှုက လန်းဆန်း​စေပြီး အကျိုးမပြု​တဲ့ ဖျော်ဖြေမှု​ကတော့ ထိခိုက်​စေနိုင်တယ်။ (ယာကုပ် ၁:၁၄၊ ၁၅ ကိုဖတ်ပါ။) မကောင်းတဲ့ ဖျော်ဖြေမှု​ရဲ့ ဆိုးကျိုး​တွေဟာ ချက်ချင်း မသိသာ​ပေမဲ့ တဖြည်းဖြည်း သိသာ​လာမယ်။ ဒါကြောင့် “လှည့်စား​မခံကြ​ပါ​နဲ့။ ဘုရားသခင်ကို မခန့်လေးစား​လုပ်လို့ မရဘူး။ လူဟာ မျိုးစေ့ကြဲ​တဲ့​အတိုင်း ရိတ်သိမ်း​ရလိမ့်မယ်။ အပြစ်​ရှိတဲ့ အလိုဆန္ဒ​အတိုင်း မျိုးစေ့ကြဲ​တဲ့​သူက အပြစ်​ရှိတဲ့ အလိုဆန္ဒ​အတိုင်း ပျက်စီးခြင်းကို​ပဲ ရိတ်သိမ်း​ရလိမ့်မယ်” လို့ ကျမ်းစာမှာ သတိ​ပေးတယ်။ (ဂလ. ၆:၇၊ ၈) ယေဟောဝါ ရွံမုန်းတဲ့ အရာတွေကို အားပေး​အား​မြှောက်​လုပ်တဲ့ ဖျော်ဖြေမှု​အားလုံးကို ငြင်းပယ်ဖို့ အရေးကြီးတယ်။—ဆာ. ၉၇:၁၀

၁၅။ ကျွန်တော်တို့​အတွက် ဘယ်​လက်ဆောင်​ကို ယေဟောဝါ ပြင်ဆင်​ပေးထား​သလဲ။

၁၅ ယေဟောဝါရဲ့ လူမျိုး​ကတော့ အကျိုးပြုတဲ့ အင်တာနက်​ရုပ်သံ အစီအစဉ်​ဖြစ်တဲ့ JW ရုပ်သံ® ကြည့်ရ​တာကို နှစ်သက်​ကြတယ်။ ညီအစ်မ မာ​ရီ​လင်း​က “JW ရုပ်သံ ကြည့်တာ​က ကျွန်မကို အပြုသဘော ပို​ရှိစေတယ်။ ကြည့်​သင့် မသင့် စိစစ်​နေစရာ မလိုဘူး။ အထီးကျန်တဲ့​အခါ၊ စိတ်ဓာတ်​ကျတဲ့​အခါ အားရှိစရာ ဟောပြောချက် ဒါမှမဟုတ် နံနက်​ဝတ်ပြုမှု အစီအစဉ်ကို ကြည့်​လိုက်တယ်။ ဒါက ယေဟောဝါနဲ့​ရော အဖွဲ့အစည်း​နဲ့​ပါ ပို​ရင်းနှီး​လာ​စေတယ်။ JW ရုပ်သံ​က ကျွန်မရဲ့​ဘဝကို လုံးလုံး ပြောင်းလဲ​စေတယ်” လို့ ပြောတယ်။ သင်​ကော ယေဟောဝါ​ပေးတဲ့ အဲဒီ​လက်ဆောင်​ကနေ အကျိုး​ရယူ​နေ​သလား။ လတိုင်း တင်ဆက်​တဲ့ အစီအစဉ်​သစ်​အပြင် ရုပ်သံ​ကဏ္ဍ​များစွာနဲ့ အားရှိစရာ သီချင်းတွေကို​ပါ ရရှိ​နိုင်တယ်။

၁၆-၁၇။ ဖျော်ဖြေမှု​အတွက် သုံးတဲ့​အချိန်ကို ဘာကြောင့် ကန့်သတ်​သင့်သလဲ။ ဘယ်လို​နည်းနဲ့လဲ။

၁၆ ဖျော်ဖြေမှု အမျိုးအစား​ကို​သာမက အသုံးပြုတဲ့ အချိန်​ပမာဏ​ကို​ပါ ဂရုစိုက်​ရမယ်။ ဂရုမစိုက်​ရင် ဝတ်ပြုရေး​ထက် ဖျော်ဖြေမှု​မှာ အချိန် ပို​သုံး​မိ​နိုင်တယ်။ ဖျော်ဖြေမှု​အတွက် သုံးတဲ့ အချိန်​ပမာဏ​ကို ကန့်သတ်​ဖို့ တချို့ အခက်တွေ့​ကြတယ်။ အသက် ၁၈ နှစ်အရွယ် ညီအစ်မ အ​ဘိဂဲ​က “အလုပ်​ပင်ပန်း​တဲ့ တစ်နေ့​တာ​အကုန်​မှာ တီဗီ​ကြည့်တာ​က အ​ပန်း​ပြေစေ​တယ်။ ဒါပေမဲ့ ဂရုမစိုက်​ရင် တီဗီ​ရှေ့မှာပဲ အချိန်ကုန်​သွားတယ်” လို့​ပြောတယ်။ ဆ​မ်​မြူ​အယ်​ဆိုတဲ့ ညီအစ်ကို​ငယ်​က “အင်တာနက်မှာ ဗီဒီယို​အ​တို​လေး​တွေ ကျွန်တော် ကြည့်လေ့​ရှိတယ်။ စ​ကြည့်​တုန်း​ကတော့ တစ်ခု​ပဲ။ ဒါပေမဲ့ ကြည့်ရင်း​နဲ့ သုံး​လေး​နာရီ​လောက် ကုန်​မှန်း​မသိ ကုန်သွားတယ်” လို့​ပြောတယ်။

၁၇ ဖျော်ဖြေမှု​အတွက် သုံးတဲ့​အချိန်ကို ဘယ်လို ကန့်သတ်​ထား​နိုင်သလဲ။ အချိန် ဘယ်လောက် သုံး​နေသလဲ​ဆိုတာ သိအောင် ဦးဆုံး ဆန်းစစ်ပါ။ တစ်ပတ်တာ​အတွက် စာရင်း​မှတ်ထားပါ။ တီဗီ​ကြည့်​ချိန်၊ အင်တာနက် ကြည့်​ချိန်၊ ဂိမ်း​ဆော့​ချိန်​တွေကို ပြက္ခဒိန်​မှာ မှတ်ထားပါ။ အချိန် အများကြီး သုံး​နေတယ်လို့ ခံစားရ​ရင် ဇယား​ဆွဲပါ။ ပို​အရေးကြီးတဲ့​အရာတွေ​အတွက် အချိန်ကို အရင် ဖယ်ထား​ပြီး ကျန်တာ​ကို ဖျော်ဖြေမှု​အတွက် သုံးဖို့ လျာထား​ပါ။ အဲဒီနောက် ဇယားအတိုင်း လုပ်နိုင်ဖို့ ယေဟောဝါ​ဆီ ဆုတောင်းပါ။ ဒါဆိုရင် ကိုယ်ပိုင်လေ့လာမှု၊ မိသားစု​ဝတ်ပြုမှု၊ အသင်းတော် အစည်းအဝေး၊ ဟောပြော​သွန်သင်ခြင်း​လုပ်ငန်း​တွေ​အတွက် အချိန်နဲ့ ခွန်အား ရနိုင်မယ်။ ဖျော်ဖြေမှု​မှာ အချိန်​အများကြီး​သုံး​မိ​လို့ အပြစ်​ရှိတယ်​ဆိုပြီး ခံစားရ​တော့​မှာ မဟုတ်ဘူး။

ယေဟောဝါ တစ်ပါးတည်းကိုပဲ ဆက်​ကိုးကွယ်​ဆည်းကပ်ပါ

၁၈-၁၉။ ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်​ကြောင်း ဘယ်လို ဖော်ပြ​နိုင်သလဲ။

၁၈ တမန်တော် ပေတရု​က စာတန့်​လောက အဆုံး​နဲ့ ရောက်လာတော့မယ့် ကမ္ဘာသစ်​အကြောင်း ရေး​ပြီးနောက် “ချစ်ရသူ​တို့၊ ဒါတွေကို ခင်ဗျားတို့ စောင့်မျှော်​နေတဲ့​အတွက် ဘုရားသခင် နောက်ဆုံး​စစ်ဆေး​တဲ့အခါ အစွန်း​အထင်း၊ အပြစ်​အနာအဆာ မရှိဘဲ ငြိမ်သက်ခြင်း​ရှိနေဖို့ အစွမ်းကုန် ကြိုးစား​ကြပါ” လို့ ရေးခဲ့တယ်။ (၂ ပေ. ၃:၁၄) အဲဒီ​အကြံပေး​ချက်​ကို လိုက်နာ​ပြီး ကိုယ်ကျင့်တရား​နဲ့ ဝတ်ပြုရေး​ဘက် စင်ကြယ်​နေဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်​ဆိုရင် ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်​ကြောင်း ဖော်ပြရာ​ရောက်​ပါလိမ့်မယ်။

၁၉ စာတန်နဲ့ စာတန့်​လောကက ကျွန်တော်တို့ရဲ့ ဦးစားထားရာ​တွေ ပြောင်းလဲသွား​အောင် ဆက်​သွေးဆောင်​နေမှာ​ပဲ။ (လု. ၄:၁၃) ဒါပေမဲ့ ဘယ်လို အခက်အခဲ​ပဲ ရင်ဆိုင်​ရ​ပါစေ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင့်​နေရာကို တခြား​ဘယ်​အရာ၊ ဘယ်သူနဲ့​မှ အစားထိုး​မှာ မဟုတ်ဘူး။ ယေဟောဝါ တစ်ပါးတည်းကိုပဲ အကြွင်းမဲ့ ကိုးကွယ်​ဆည်းကပ်​ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်​ထားကြပါ​တယ်။

သီချင်း ၃၀ ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ

^ အပိုဒ်၊ 5 ယေဟောဝါကို ဝတ်ပြုဖို့ ကျွန်တော်တို့ ဆက်ကပ်​ထားတယ်။ ဒါပေမဲ့ ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်​ဆည်းကပ်​နေရဲ့လား။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက အဖြေကို ဖော်ပြ​နေတယ်။ ယေဟောဝါ တစ်ပါးတည်းကိုပဲ ဆည်းကပ်​နေ​မနေ သိစေတဲ့ ဘဝကဏ္ဍ​နှစ်ခု​ကို သုံးသပ်​ကြည့်ကြစို့။

^ အပိုဒ်၊ 53 ပုံ​အညွှန်း– ညစ်ပတ်​တဲ့ စား​ဖို​ဆောင်​ထဲမှာ ပြင်ဆင်ချက်​ပြုတ်​တဲ့ အစားအစာကို ကျွန်တော်တို့ စား​မှာ မဟုတ်ဘူး။ အလားတူပဲ အကြမ်းဖက်မှု၊ လိင်​အကျင့်​ယိုယွင်းမှု၊ နတ်ဆိုး​ပညာနဲ့ ညစ်ညမ်းမှု​တွေ​ပါတဲ့ ဖျော်ဖြေရေး​ကိုလည်း ကြည့်​မှာ မဟုတ်ဘူး။