မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၂

ယေဟောဝါ သင့်ကို ဘာဖြစ်စေမလဲ

ယေဟောဝါ သင့်ကို ဘာဖြစ်စေမလဲ

“ဘုရားသခင်ဟာ . . . လုပ်ဆောင်​ချင်စိတ်​သာမက လုပ်ဆောင်​နိုင်စွမ်း​ကို​ပါ ပေးသနားတဲ့​အရှင်​ပဲ။”—ဖိ. ၂:၁၃

သီချင်း ၁၀၄ ဘုရားပေး လက်ဆောင် သန့်ရှင်းသော စွမ်းအားတော်

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါဟာ မိမိ​ရည်ရွယ်ချက် ပြည့်စုံဖို့ ဘာ​လုပ်နိုင်သလဲ။

ယေဟောဝါဟာ မိမိ​ရည်ရွယ်ချက် ပြည့်စုံ​စေဖို့ ဘာ​မဆို ဖြစ်လာနိုင်တယ်။ ဥပမာ၊ သွန်သင်သူ၊ နှစ်သိမ့်​ပေးသူ၊ သတင်းကောင်း ဟော​သူ ဖြစ်လာတယ်။ ဒါတွေဟာ ဘုရား ကိုယ့်ကိုယ်ကိုယ် ဖြစ်စေတဲ့​အရာ အနည်းငယ်​ပဲ ရှိသေးတယ်။ (ဟေရှာ. ၄၈:၁၇။ ၂ ကော. ၇:၆။ ဂလ. ၃:၈) မိမိ​ရည်ရွယ်ချက် အကောင်အထည်ဖော်​ဖို့ လူတွေကိုလည်း အသုံးပြုလေ့​ရှိတယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀။ ၂ ကော. ၁:၃၊ ၄) အလိုတော် ပြည့်စုံဖို့ လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ခွန်အားကို​လည်း ဘယ်သူ့​ကို​မဆို ပေး​နိုင်တယ်။ ကျမ်းပညာရှင်​များစွာ နားလည်​ထားတဲ့​အတိုင်း ယေဟောဝါ နာမည်ရဲ့ အဓိပ္ပာယ်​ထဲမှာ အဲဒါတွေ​အားလုံး ပါဝင်တယ်။

၂။ (က) ကျွန်တော်တို့ကို ယေဟောဝါ အသုံးပြု​နေတယ်​ဆိုတာ တစ်ခါတလေ ဘာကြောင့် သံသယဝင်​မိ​နိုင်သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း သုံးသပ်ကြ​မလဲ။

ကျွန်တော်တို့​အားလုံး ယေဟောဝါ​အတွက် အသုံးဝင်သူ ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ ကိုယ့်ကို ယေဟောဝါ အသုံးပြု​နေရဲ့လား​လို့ တချို့ သံသယဝင်​မိ​နိုင်တယ်။ ဘာကြောင့်လဲ။ သူတို့ရဲ့ အသက်အရွယ်၊ အခြေအနေ၊ အစွမ်းအစ အကန့်အသတ် ရှိ​နေတယ်လို့ ခံစား​ရလို့​ပဲ။ တချို့ကျတော့ ထပ်​လုပ်ဖို့ မလို​တော့​ဘူးဆိုပြီး လက်ရှိ အခြေအနေကို ကျေနပ်​နေတာ ဖြစ်နိုင်တယ်။ ယေဟောဝါဟာ မိမိ​ရည်ရွယ်ချက် ပြည့်စုံ​စေဖို့ ကျွန်တော်တို့ တစ်ဦးစီ​ကို ဘယ်လို ပြင်ဆင်​ပေးနိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ သုံးသပ်​ကြပါမယ်။ ဒါ့အပြင် မိမိ​ကျေးကျွန် အမျိုးသား/သမီးတွေကို လုပ်ဆောင်​ချင်စိတ်​သာမက လုပ်ဆောင်​နိုင်စွမ်း​ကို​ပါ ယေဟောဝါ ပေးခဲ့တဲ့ ကျမ်းစာ​မှတ်တမ်းတွေကို သုံးသပ်​ကြပါမယ်။ နောက်ဆုံး၊ ယေဟောဝါ အသုံးပြု​တာ​ကို ဘယ်လို ခွင့်ပြု​နိုင်ကြောင်းကို​လည်း သုံးသပ်​ကြပါမယ်။

ကျွန်တော်တို့ကို ယေဟောဝါ အရည်အချင်း ပြည့်မီ​စေ​ပုံ

၃။ ဖိလိပ္ပိ ၂:၁၃ မှာ ဖော်ပြတဲ့​အတိုင်း လုပ်ဆောင်​ချင်စိတ် ရှိလာ​အောင် ယေဟောဝါ ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

ဖိလိပ္ပိ ၂:၁၃ ကို ဖတ်ပါ။ * ယေဟောဝါ​က ကျွန်တော်တို့ကို လုပ်ဆောင်​ချင်စိတ် ပေး​နိုင်တယ်။ ဘယ်လို ပေးနိုင်​သလဲ။ အသင်းတော်မှာ အကူအညီ လို​နေတာ တစ်ခုခုကို ကျွန်တော်တို့ သိလာ​တာ ဖြစ်နိုင်တယ်။ အကြီးအကဲ ဖတ်ပြ​တဲ့ ဌာနခွဲရုံး​က စာက​နေ ဒေသ​တစ်ခုမှာ အမှုဆောင်ဖို့ ပို​လိုအပ်​နေကြောင်း သိလာ​တာ ဖြစ်နိုင်တယ်။ အဲဒီအခါ ‘ငါ ဘယ်လို ကူညီ​နိုင်မလဲ’ လို့ တွေးမိမှာပဲ။ ခက်ခဲတဲ့​တာဝန်​တစ်ခု ရတဲ့အခါ လုပ်နိုင်​ပါ့မလား​လို့ တွေးမိ​တာ ဖြစ်နိုင်တယ်။ ကျမ်းပိုဒ်​တချို့ ဖတ်​ပြီးနောက် ‘တခြား​သူတွေကို ကူညီတဲ့​အခါ ဒီ​ကျမ်းချက်ကို ဘယ်လို သုံး​မလဲ’ လို့ တွေးမိ​နိုင်တယ်။ ယေဟောဝါ​က ဘယ်သူ့ကိုမှ အတင်းအကျပ် မ​လုပ်​ခိုင်း​ဘူး။ ဒါပေမဲ့ ဘာတွေ ထပ်​လုပ်နိုင်​သေး​သလဲ​လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​နေတာကို ယေဟောဝါ မြင်တဲ့အခါ လုပ်ဆောင်​ချင်စိတ် ရှိလာ​အောင် ကူညီ​ပေး​နိုင်တယ်။

၄။ လုပ်ဆောင်​နိုင်စွမ်း​ကို ယေဟောဝါ ဘယ်လို ပေး​သလဲ။

လုပ်ဆောင်​နိုင်စွမ်း​ကိုလည်း ယေဟောဝါ ပေး​နိုင်တယ်။ (ဟေရှာ. ၄၀:၂၉) ကျွန်တော်တို့ရဲ့ ပင်ကိုစွမ်းရည် တိုးတက်အောင် သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် ကူညီ​ပေး​နိုင်တယ်။ (ထွ. ၃၅:၃၀-၃၅) တာဝန်တွေကို ဘယ်လို ထမ်းဆောင်​ရမယ်ဆိုတာ အဖွဲ့အစည်း​က​တစ်ဆင့် သင်ပေး​နိုင်တယ်။ သင့်တာဝန်​ကို ဘယ်လို ထမ်းဆောင်​ရ​မှန်း မသိ ဖြစ်နေရင် အကူအညီ တောင်းပါ။ “သာမန်​ထက်​ထူးကဲ​တဲ့ တန်ခိုး” ပေးဖို့ ရက်ရောတဲ့ အဖ​ဘုရားဆီ အချိန်မရွေး တောင်းဆိုပါ။ (၂ ကော. ၄:၇။ လု. ၁၁:၁၃) လုပ်ဆောင်​ချင်စိတ်​သာမက လုပ်ဆောင်​နိုင်စွမ်း​ကို​ပါ ပေးခြင်း​အားဖြင့် ယေဟောဝါ အရည်အချင်း ပြည့်မီ​စေတဲ့ အမျိုးသား/သမီးတွေ​ရဲ့ ပုံနမူနာ​တွေ ကျမ်းစာထဲမှာ ရှိတယ်။ အဲဒီ​ထဲ​က တချို့ကို သုံးသပ်​တဲ့အခါ သင့်ကို​လည်း ယေဟောဝါ အသုံးပြု​နိုင်တဲ့ အလားတူ​နည်းတွေကို စဉ်းစား​ကြည့်ပါ။

အမျိုးသားတွေကို ယေဟောဝါ အသုံးပြုပုံ

၅။ မိမိ​လူမျိုးကို ကယ်လွှတ်​ဖို့ မောရှေ​ကို ယေဟောဝါ အသုံးပြုတဲ့ အချိန်နဲ့ အသုံးပြုပုံ​ကနေ ဘာ​သင်ယူ​ရသလဲ။

ယေဟောဝါ​က မောရှေ​ကို အစ္စရေးတွေရဲ့ ကယ်လွှတ်​သူ ဖြစ်စေတယ်။ ဘယ်​အချိန်မှာ သူ့ကို သုံးခဲ့​သလဲ။ “အီဂျစ်လူ​မျိုး​တွေရဲ့ အတတ်ပညာ​အားလုံးကို သင်ယူ” ပြီး အရည်အချင်း ပြည့်မီ​ပြီလို့ မောရှေ ယူဆတဲ့ အချိန်မှာ​လား။ (တ. ၇:၂၂-၂၅) မဟုတ်ပါဘူး။ နှိမ့်ချ​သူ၊ စိတ်နူးညံ့​သူ​အဖြစ် ပုံသွင်း​ပြီးနောက်​မှ​သာ မောရှေ​ကို ယေဟောဝါ အသုံးပြုတယ်။ (တ. ၇:၃၀၊ ၃၄-၃၆) အာဏာ​အရှိဆုံး အီဂျစ် အုပ်စိုးရှင်​ရှေ့မှာ စကား​ပြောရဲ​တဲ့​သတ္တိ​ကို ပေးတယ်။ (ထွ. ၉:၁၃-၁၉) မောရှေ​ကို ယေဟောဝါ အသုံးပြုတဲ့ အချိန်နဲ့ အသုံးပြုပုံ​ကနေ ဘာ​သင်ယူ​ရသလဲ။ ဘုရားရေးရာ အရည်အသွေး​ရှိတဲ့​သူ၊ ခွန်အား​ရဖို့ ဘုရားကို အားကိုး​တဲ့​သူတွေကို​သာ ဘုရား အသုံးပြုတယ်။—ဖိ. ၄:၁၃

၆။ ဘုရင် ဒါဝိဒ်​ကို ကူညီဖို့ ဗာဇိလဲ​ကို ယေဟောဝါ အသုံးပြုပုံ​ကနေ ဘာ​သင်ယူ​ရသလဲ။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ဘုရင် ဒါဝိဒ်​ကို ကူညီဖို့ ဗာဇိလဲ​ကို ယေဟောဝါ အသုံးပြုတယ်။ အဗရှလုံ​ရဲ့ ရန်​ကနေ ထွက်ပြေး​လာတဲ့ ဒါဝိဒ်​နဲ့ သူ့​လူတွေဟာ “မောပန်း​ပြီး ဆာငတ်​နေကြ” တယ်။ သက်ကြီးရွယ်အို ဗာဇိလဲ​ဟာ တခြား​သူတွေနဲ့​အတူ အသက်​အန္တရာယ်​ကြား ဒါဝိဒ်​နဲ့ သူ့​လူတွေကို ကူညီ​ပေးတယ်။ အသက်ကြီးလို့ ယေဟောဝါ​အတွက် အသုံးမဝင်​တော့​ဘူးလို့ ဗာဇိလဲ မယူဆ​ဘူး။ အကူအညီ လိုအပ်​နေတဲ့ ဘုရားရဲ့​ကျေးကျွန်တွေကို ရက်ရက်ရောရော ကူညီ​ပေးတယ်။ (၂ ရှ. ၁၇:၂၇-၂၉) ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့ ဘယ်လောက်​ပဲ အသက်ကြီး​နေပါ​စေ ကိုယ့်​ဒေသမှာ ဒါမှမဟုတ် တိုင်းတစ်ပါး​မှာ အခြေခံ​လိုအပ်ရာတွေ မရှိတဲ့ ညီအစ်ကို/မ​တွေကို ကူညီဖို့ ကျွန်တော်တို့ကို ယေဟောဝါ အသုံးပြုနိုင်တယ်။ (ပညာ. ၃:၂၇၊ ၂၈။ ၁၉:၁၇) သူတို့ကို တိုက်ရိုက် မကူညီ​နိုင်ရင်တောင် ကမ္ဘာချီ​လုပ်ငန်း​အတွက် အလှူငွေ ထည့်ဝင်​နိုင်တယ်။ ဒါဆို လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့​နေရာမှာ အသုံးပြုနိုင်​အောင် ကယ်ဆယ်ရေး ရန်ပုံငွေ ရလာ​နိုင်တယ်။—၂ ကော. ၈:၁၄၊ ၁၅။ ၉:၁၁

၇။ ရှိမောင်​ကို ယေဟောဝါ ဘယ်လို အသုံးပြု​ခဲ့သလဲ။ ဒါက ကျွန်တော်တို့ကို ဘာကြောင့် အားရှိစေ​သလဲ။

မေရှိယကို မမြင်​မချင်း မသေ​ရ​ဘူးဆိုပြီး ဂျေရုဆလင်​က သစ္စာရှိ သက်ကြီးရွယ်အို ရှိမောင်​ကို ယေဟောဝါ ကတိ​ပေးခဲ့တယ်။ မေရှိယကို နှစ်ပေါင်းများစွာ စောင့်မျှော်​နေတဲ့ ရှိမောင်​ဟာ ဒီ​ကတိ​ကြောင့် အလွန် အားတက်သွား​မှာပဲ။ သူ့ရဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်​ကြောင့် ဆုချ​ခံရတယ်။ တစ်နေ့၊ ရှိမောင်​က “စွမ်းအားတော် လမ်းညွှန်မှုကြောင့်” ဗိမာန်တော်ကို ရောက်လာတယ်။ အဲဒီမှာ မွေးကင်းစ​ကလေး ယေရှုကို တွေ့တယ်။ ခရစ်တော် ဖြစ်​လာမယ့် ဒီ​ကလေး​အကြောင်း ကြိုဟော​ဖို့ ရှိမောင်​ကို ယေဟောဝါ သုံးခဲ့တယ်။ (လု. ၂:၂၅-၃၅) ရှိမောင်​ဟာ ယေရှု မြေကြီးပေါ် အမှုဆောင်တာ​ကို မြင်​လိုက်ရ​ပုံ မ​ပေါ်​ပေမဲ့ ရခဲ့တဲ့ အခွင့်ထူး​အတွက် သိပ်​ကျေးဇူးတင်​မှာ​ပဲ။ အနာဂတ်မှာ ကောင်းချီးတွေ ထပ်​ရဦးမယ်။ ကမ္ဘာသစ်မှာ ယေရှုရဲ့ အုပ်ချုပ်မှု​ကနေ လူအားလုံး ကောင်းချီး​ခံစားရ​တာ​ကို ရှိမောင် မြင်ခွင့်​ရမယ်။ (က. ၂၂:၁၈) ကျွန်တော်တို့လည်း ယေဟောဝါ​ပေးတဲ့ ဘယ်​လုပ်ငန်းတော် အခွင့်ထူး​ကို​မဆို ကျေးဇူးတင်​သင့်တယ်။

၈။ ဗာနဗ​လို​ပဲ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို အသုံးပြု​နိုင်သလဲ။

အေဒီ ပထမရာစုမှာ ရက်ရောတဲ့ ယောသပ်ဟာ ယေဟောဝါ အသုံးပြု​တာ​ကို လိုလိုလားလား လက်ခံတယ်။ (တ. ၄:၃၆၊ ၃၇) ယောသပ်ဟာ တခြား​သူတွေကို နှစ်သိမ့်​ပေး​တတ်​သူ​ဖြစ်တဲ့အတွက် တမန်တော်တွေက သူ့ကို “နှစ်သိမ့်ခြင်းရဲ့​သား” လို့ အဓိပ္ပာယ်​ရတဲ့ ဗာနဗ​ဆိုပြီး ခေါ်​ကြတယ်။ ဥပမာ၊ အသင်းတော်ကို နှိပ်စက်​ညှဉ်းဆဲ​ခဲ့​တဲ့ ရှောလု ယုံကြည်သူ ဖြစ်လာပြီး​နောက်မှာ ညီအစ်ကို​တွေ​က ရှောလု​ကို ကြောက်​ကြတယ်။ ဒါပေမဲ့ ကြင်နာ​တတ်တဲ့ ဗာနဗ​က ရှောလု​ကို ကူညီ​ပေးတယ်။ ဒါကို ရှောလု သိပ်​ကျေးဇူးတင်​မှာ​ပဲ။ (တ. ၉:၂၁၊ ၂၆-၂၈) နောက်ပိုင်း၊ ရှုရိ​ပြည်၊ အန္တိအုတ်​မြို့က ညီအစ်ကို​တွေ အားပေးမှု လို​နေကြောင်း ဂျေရုဆလင်​မြို့က အကြီးအကဲ​တွေ ကြားတယ်။ ဒါနဲ့ သူတို့ ဘယ်သူ့ကို စေလွှတ်ခဲ့​သလဲ။ ဗာနဗ​ကိုပဲ​ပေါ့။ သူတို့​ရွေးချယ်တာ မှန်တယ်။ ဗာနဗဟာ “သခင်​ကို အမြဲ​သစ္စာ​ရှိသွား​ဖို့ စိတ်ပိုင်းဖြတ်​ထားကြပါ​ဆိုပြီး သူတို့အားလုံး​ကို အားပေးတယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (တ. ၁၁:၂၂-၂၄) ဒီနေ့လည်း အလားတူပဲ။ ခရစ်ယာန်ချင်း​တွေ​အတွက် “နှစ်သိမ့်ခြင်းရဲ့ သား” ဖြစ်လာအောင် ကျွန်တော်တို့ကို ယေဟောဝါ ကူညီ​ပေး​နိုင်တယ်။ ဥပမာ၊ ချစ်ရသူ သေဆုံး​လို့ ကြေကွဲနေသူတွေကို နှစ်သိမ့်​ပေးဖို့ ကျွန်တော်တို့ကို အသုံးပြုနိုင်တယ်။ ဖျားနာသူ၊ စိတ်ဓာတ်ကျ​နေ​သူ​ဆီ လည်ပတ်၊ ဖုန်းဆက်​ပြီး နှစ်သိမ့်​စကား​ပြောဖို့ လှုံ့ဆော်ပေး​နိုင်တယ်။ သင်ဟာ ဗာနဗ​လို​ပဲ ယေဟောဝါ အသုံးပြု​တာ​ကို ခွင့်ပြု​မလား။—၁ သက်. ၅:၁၄

၉။ သိုးထိန်း​ကောင်း ဖြစ်လာအောင် ညီအစ်ကို ဗာစီလီ​ကို ယေဟောဝါ ကူညီ​ပုံ​ကနေ ဘာ​သင်ယူ​ရသလဲ။

ညီအစ်ကို ဗာစီလီ​ကို သိုးထိန်း​ကောင်း​ဖြစ်အောင် ယေဟောဝါ ကူညီ​ပေးတယ်။ အသက် ၂၆ နှစ်မှာ အကြီးအကဲ ဖြစ်လာတဲ့ ဗာစီလီ​ဟာ အထူးသဖြင့် အခက်အခဲ ရင်ဆိုင်​နေရ​သူတွေကို ကူညီဖို့ အရည်အချင်း မပြည့်မီ​ဘူးလို့ ခံစား​ရတယ်။ ဒါပေမဲ့ ဝါရင့် အကြီးအကဲ​တွေ​နဲ့ နိုင်ငံတော်​ဓမ္မအမှုကျောင်း​ကနေ အဖိုးတန်​လေ့ကျင့်မှု ရခဲ့တယ်။ ကိုယ်တိုင်လည်း တိုးတက်ဖို့ ကြိုးစားတယ်။ ရေ​တို​ပန်းတိုင်တွေကို စာရင်း​လုပ်​ထားတယ်။ ပန်းတိုင်​တစ်ခု ပြည့်မီ​တိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု ပို​ရှိ​လာတယ်။ “အရင် ကျွန်တော် စိုးရိမ်​ခဲ့​တဲ့​အရာတွေ​က အခု ကျွန်တော့်ကို ပျော်ရွှင်​စေတယ်။ အသင်းတော်မှာ​ရှိတဲ့ ညီအစ်ကို/မ​တစ်ယောက်ယောက်ကို နှစ်သိမ့်​ပေးဖို့ သင့်တော်​တဲ့ ကျမ်းချက် ရှာတွေ့​အောင် ယေဟောဝါ ကူညီ​ပေးတဲ့​အခါ ကျွန်တော် သိပ်​ပျော်တယ်” လို့ ညီအစ်ကို ဗာစီလီ ပြောတယ်။ ညီအစ်ကိုတို့၊ ဗာစီလီ​လို​ပဲ ယေဟောဝါ အသုံးပြု​တာ​ကို လက်ခံမယ်​ဆိုရင် အသင်းတော်မှာ တာဝန်ကြီးတွေ ထမ်းဆောင်​နိုင်ဖို့ သင်တို့ကို ယေဟောဝါ အရည်အချင်း ပြည့်မီ​စေနိုင်တယ်။

အမျိုးသမီးတွေကို ယေဟောဝါ အသုံးပြုပုံ

၁၀။ အဘိဂဲလ ဘာလုပ်ခဲ့သလဲ။ သူ့ဆီကနေ ဘာ​သင်ယူ​ရသလဲ။

၁၀ ဘုရင် ရှောလုရဲ့ ရန်​ကနေ ထွက်ပြေး​နေတဲ့ ဒါဝိဒ်​နဲ့ သူ့​လူတွေ အကူအညီ လိုအပ်​နေတယ်။ ချမ်းသာတဲ့ အစ္စရေး​လူမျိုး နာဗလ​ဆီမှာ စားစရာ နည်းနည်း​ပေးဖို့ ဒါဝိဒ်ရဲ့ လူတွေ တောင်းတယ်။ တော​ထဲမှာ နာဗလရဲ့ သိုး​တွေကို ကာကွယ်ပေး​ခဲ့လို့ တောင်း​ပိုင်ခွင့် ရှိတယ်လို့ သူတို့ ယူဆတယ်။ ဒါပေမဲ့ အတ္တ​ကြီးတဲ့ နာဗလ​က ဘာမှ မပေးတဲ့​အတွက် ဒါဝိဒ် ဒေါသ​ထွက်ပြီး နာဗလ​နဲ့ သူ့​အိမ်မှာ​ရှိတဲ့ ယောက်ျား​မှန်သမျှကို သတ်ပစ်ဖို့ ထွက်လာတယ်။ (၁ ရှ. ၂၅:၃-၁၃၊ ၂၂) နာဗလရဲ့ ဇနီး​ချော အဘိဂဲလ​ကတော့ ချင့်ချိန်​တတ်​သူ ဖြစ်တယ်။ ဒါဝိဒ်ရဲ့ ခြေရင်းမှာ ပျပ်ဝပ်ပြီး လူ​မ​သတ်ဖို့၊ ကိုယ်တိုင် လက်စားမချေ​ဖို့ သတ္တိရှိရှိ တောင်းပန်တယ်။ ဒီ​ကိစ္စ​ကို ယေဟောဝါ လက်ထဲ အပ်​ထားဖို့ လိမ္မာ​ပါးနပ်​စွာ အကြံ​ပေးတယ်။ အဘိဂဲလရဲ့ နှိမ့်ချတဲ့ စကားနဲ့ ပါးနပ်​တဲ့ လုပ်ရပ်​ကြောင့် ဒါဝိဒ် စိတ်ထိမိ​သွားတယ်။ အဘိဂဲလ​ကို ယေဟောဝါ လွှတ်လိုက်​တာ​ပဲ​လို့ ဒါဝိဒ် ယူဆတယ်။ (၁ ရှ. ၂၅:၂၃-၂၈၊ ၃၂-၃၄) အဘိဂဲလ​ဟာ ယေဟောဝါ​အတွက် အသုံးဝင်တဲ့ အရည်အသွေးတွေ မွေးမြူ​ထားတယ်။ ဒီနေ့လည်း ခရစ်ယာန် ညီအစ်မ​တွေဟာ လိမ္မာ​ပါးနပ်မှု​နဲ့ ချင့်ချိန်နိုင်စွမ်း မွေးမြူ​ထားမယ်​ဆိုရင် မိသားစုဝင်​နဲ့ ညီအစ်ကို/မ​တွေကို အားပေးဖို့ ယေဟောဝါ အသုံးပြုနိုင်တယ်။—ပညာ. ၂၄:၃။ တိ. ၂:၃-၅

၁၁။ ရှ​လုံ​ရဲ့ သမီးတွေ ဘာလုပ်ခဲ့သလဲ။ ဒီနေ့ ဘယ်သူတွေ အတုယူ​နေကြ​သလဲ။

၁၁ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှ​လုံ​ရဲ့ သမီးတွေကို ဂျေရုဆလင်​မြို့ရိုး ပြုပြင်ရေး​မှာ ယေဟောဝါ အသုံးပြုခဲ့တယ်။ (နေ. ၂:၂၀။ ၃:၁၂) ရှ​လုံ​ဟာ အုပ်ချုပ်ရေးမှူး ဖြစ်ပေမဲ့ သူ့ရဲ့​သမီးတွေ​က ခက်ခဲ​ပြီး အန္တရာယ်​များတဲ့ အဲဒီ​အလုပ်ကို လုပ်ဖို့ လိုလိုလားလား ရှိကြတယ်။ (နေ. ၄:၁၅-၁၈) “ခေါင်းဆောင်တွေ ခိုင်းတာကို မ​လုပ်ချင်​ကြ” တဲ့ တေကော​မြို့က အထင်ကရ ပုဂ္ဂိုလ်​တွေ​နဲ့ တခြား​စီ​ပဲ။ (နေ. ၃:၅) ၅၂ ရက်​အတွင်း မြို့ရိုး ပြီးစီး​သွားတဲ့အခါ ရှ​လုံ​ရဲ့ သမီးတွေ ဘယ်လောက် ပျော်​မလဲ​ဆိုတာ စဉ်းစား​ကြည့်လိုက်ပါ။ (နေ. ၆:၁၅) အခု​အချိန်မှာလည်း ယေဟောဝါ​ဆီ အပ်နှံ​ထားတဲ့ အဆောက်အအုံတွေကို ဆောက်လုပ်ခြင်း၊ ပြုပြင်​ထိန်းသိမ်း​ခြင်း​မှာ ညီအစ်မ​တွေ ပျော်ရွှင်စွာ ပါဝင်​နေကြတယ်။ ဒါဟာ မြင့်မြတ်တဲ့ အမှုဆောင်​လုပ်ငန်းရဲ့ အထူး​ကဏ္ဍ​တစ်ခု​ပဲ။ ဒီ​လုပ်ငန်း အောင်မြင်​ရေး​မှာ သူတို့ရဲ့ အစွမ်းအစ၊ ထက်သန်မှု၊ သစ္စာစောင့်သိမှု​တွေ မရှိမဖြစ် လိုအပ်တယ်။

၁၂။ တဗိသ​လို​မျိုး ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို အသုံးပြု​နိုင်သလဲ။

၁၂ ယေဟောဝါ​က တဗိသ​ကို အထူးသဖြင့် မုဆိုးမ​တွေ​အပေါ် “ကောင်းတဲ့​အကျင့်၊ ပေးကမ်း​စွန့်ကြဲ​တတ်တဲ့​အကျင့် ရှိ” ဖို့ လှုံ့ဆော်​ပေးတယ်။ (တ. ၉:၃၆) သူ​သေဆုံး​တဲ့အခါ သူ့ရဲ့ ရက်ရောမှု၊ ကြင်နာမှု​ကို သတိ​ရပြီး လူများစွာ ငိုကြွေး​ကြတယ်။ သူ့ကို တမန်တော် ပေတရု ပြန်ထ​မြောက်​စေတဲ့​အခါ သူတို့ သိပ်​ပျော်​ကြတယ်။ (တ. ၉:၃၉-၄၁) တဗိသ​ဆီကနေ ဘာ​သင်ယူ​ရသလဲ။ လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ၊ အမျိုးသား​ဖြစ်စေ၊ အမျိုးသမီး​ဖြစ်စေ ကျွန်တော်တို့​အားလုံး ညီအစ်ကို/မ​တွေကို လက်တွေ့ကျကျ ကူညီ​ပေး​နိုင်တယ်။—ဟီ. ၁၃:၁၆

၁၃။ ရှက်တတ်တဲ့ ညီအစ်မ ရုသ​ကို ယေဟောဝါ ဘယ်လို အသုံးပြု​သလဲ။ သူ ဘယ်လို ပြောသလဲ။

၁၃ ရှက်တတ်တဲ့ ညီအစ်မ ရုသဟာ သာသနာပြု ဖြစ်ချင်တယ်။ ကလေးဘဝ​တုန်း​က တစ်အိမ်​ပြီး​တစ်အိမ် ဝေစာတွေ လိုက်​ဝေ​တယ်။ “ဒီ​အလုပ်ကို ကျွန်မ သိပ်​ကြိုက်တယ်” လို့ သူပြောတယ်။ ဒါပေမဲ့ အမှုဆောင်မှာ နိုင်ငံတော်​အကြောင်း ဟော​ဖို့​ကျတော့ သိပ်​ခက်တယ်။ ရှက်တတ်​ပေမဲ့ အသက် ၁၈ နှစ်မှာ မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ ၁၉၄၆ မှာ ဂိလဒ်​ကျောင်း တက်ပြီး နောက်ပိုင်း ဟာ​ဝိုင်​အီ​နဲ့ ဂျပန်​မှာ အမှုဆောင်ခဲ့တယ်။ အဲဒီ​နိုင်ငံတွေ​မှာ သတင်းကောင်း ပျံ့နှံ့ဖို့ သူ့ကို ယေဟောဝါ အသုံးပြုခဲ့တယ်။ အနှစ် ၈၀ နီးပါး အမှုဆောင်​ပြီးနောက် “ကျွန်မကို ယေဟောဝါ အမြဲ​ကူညီ​ပေးတဲ့​အတွက် ရှက်စိတ်​ကို ကျော်လွှား​နိုင်ခဲ့တယ်။ ဘုရားကို ယုံကြည်​ကိုးစား​သူ​တိုင်း​ကို ဘုရား အသုံးပြုနိုင်တယ်​ဆိုတာ အပြည့်အဝ ယုံကြည်တယ်” လို့ သူပြောတယ်။

သင့်ကို ယေဟောဝါ အသုံးပြု​တာ​ကို ခွင့်ပြုပါ

၁၄။ ကောလောသဲ ၁:၂၉ အရ ကျွန်တော်တို့ကို ယေဟောဝါ အသုံးပြု​စေ​ချင်​ရင် ဘာလုပ်ရမလဲ။

၁၄ သမိုင်း​တစ်လျှောက် ယေဟောဝါဟာ မိမိ​ကျေးကျွန်တွေကို နည်းအမျိုးမျိုးနဲ့ အသုံးပြုခဲ့တယ်။ သင့်ကို ယေဟောဝါ ဘာဖြစ်စေ​မလဲ။ သင့်ရဲ့ ကြိုးစား​အားထုတ်မှု​အပေါ် များစွာ မူတည်တယ်။ (ကောလောသဲ ၁:၂၉ ကိုဖတ်ပါ။) သင်​သာ ယေဟောဝါ အသုံးပြု​တာ​ကို လိုလိုလားလား လက်ခံမယ်​ဆိုရင် ယေဟောဝါ​က သင့်ကို ထက်သန်တဲ့ သတင်းကောင်း ဟောပြောသူ၊ ထိရောက်တဲ့ သွန်သင်သူ၊ နှစ်သိမ့်​ပေးသူ၊ ကျွမ်းကျင်တဲ့ လုပ်သား၊ ကူညီ​ထောက်မ​တတ်တဲ့ မိတ်ဆွေ ဒါမှမဟုတ် အလိုတော် ပြည့်စုံဖို့ ဘာ​မဆို ဖြစ်စေ​နိုင်တယ်။

၁၅။ ၁ တိမောသေ ၄:၁၂၊ ၁၅ အရ ညီအစ်ကို​ငယ်​တွေ ဘာ​အတွက် ဆုတောင်း​သင့်သလဲ။

၁၅ လူငယ် ညီအစ်ကို​လေး​တွေ​ကော။ အသင်းတော်​အမှုထမ်း​အဖြစ် တက်တက်ကြွကြွ အမှုဆောင်​နိုင်တဲ့ အမျိုးသားတွေ အလွန်​လိုအပ်​နေတယ်။ အသင်းတော်များ​စွာ​မှာ အမှုထမ်း​ထက် အကြီးအကဲ​တွေ ပို​များနေ​တယ်။ လူငယ်​ညီအစ်ကို​တွေ​အနေနဲ့ အသင်းတော်မှာ ထပ်ဆင့်​တာဝန်တွေ ထမ်းဆောင်​ချင်စိတ် မွေးမြူ​နိုင်မလား။ “မှန်မှန်​ကြေညာသူ​ဖြစ်ရင် တော်​ပါပြီ” လို့ ညီအစ်ကို​တချို့ ပြောလေ့ရှိ​တယ်။ သင့်​မှာ အဲဒီလို ခံစားချက်​ရှိနေရင် အသင်းတော်​အမှုထမ်း​ဖြစ်အောင် ကြိုးစားချင်​စိတ် ပေးဖို့၊ အတတ်နိုင်ဆုံး လုပ်ဆောင်​နိုင်စွမ်း​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်းပါ။ (ဒေ. ၁၂:၁) သင့်ရဲ့ အကူအညီကို ကျွန်တော်တို့ လိုအပ်​နေတယ်။၁ တိမောသေ ၄:၁၂၊ ၁၅ ကိုဖတ်ပါ။

၁၆။ ယေဟောဝါ​ဆီ ဘာ​အတွက် ဆုတောင်း သင့်သလဲ။ ဘာကြောင့်လဲ။

၁၆ ယေဟောဝါဟာ အလိုတော် ပြည့်စုံဖို့ သင့်ကို ဘာ​မဆို ဖြစ်စေ​နိုင်တယ်။ ဒါကြောင့် ဘုရား​အလုပ်ကို လုပ်ဆောင်​ချင်စိတ်​နဲ့ လုပ်ဆောင်​နိုင်စွမ်း ပေးဖို့ ဆုတောင်းပါ။ သင်ဟာ လူကြီး​ဖြစ်ဖြစ်၊ လူငယ်​ဖြစ်ဖြစ် အချိန်၊ ခွန်အား​နဲ့ ငွေကြေး​ဥစ္စာ​တွေ သုံးပြီး ယေဟောဝါကို ဂုဏ်တင်ပါ။ (ဒေ. ၉:၁၀) ကြောက်စိတ်၊ အရည်အချင်း မရှိဘူး​ဆိုတဲ့ ခံစားချက်​ကြောင့် ယေဟောဝါ​အတွက် အမှုဆောင်ဖို့ အခွင့်အရေး​ကို လက်လွှတ်​မခံပါနဲ့။ မေတ္တာရှင် ဖခင်​ကို ဂုဏ်တင်တဲ့​လုပ်ငန်းမှာ တစ်ထောင့်​တစ်​နေရာ​ကနေ ပါဝင်ခွင့်​ရတာ အခွင့်ထူးကြီးပါပဲ။

သီချင်း ၁၂၇ ဘယ်လို​လူစားမျိုး ဖြစ်​သင့်

^ အပိုဒ်၊ 5 ယေဟောဝါရဲ့ အမှုတော်မှာ သင် ပိုပါဝင်ချင်​သလား။ ဘုရားအတွက် အသုံးဝင်​သေး​ရဲ့​ လားလို့ စဉ်းစားမိ​သလား။ ယေဟောဝါ​အလိုရှိတဲ့​အတိုင်း အမှုဆောင်ဖို့ ထပ်​လုပ်စရာ မလို​တော့​ဘူးလို့ ယူဆ​နေ​သလား။ ဘုရား​ရည်ရွယ်ချက် ပြည့်စုံ​အောင် ဘာ​မဆို လုပ်ဆောင်​ချင်စိတ်​ သာမက လုပ်ဆောင်​နိုင်စွမ်း​ကို​ပါ ယေဟောဝါ ပေးနိုင်တဲ့ နည်း​အမျိုးမျိုး​အကြောင်း ဒီ​ဆောင်းပါး​မှာ သုံးသပ်​ကြပါမယ်။

^ အပိုဒ်၊ 3 ပထမရာစု ခရစ်ယာန်တွေဆီ ပေါလု စာရေး​နေတာ​ဖြစ်ပေမဲ့ ယေဟောဝါရဲ့ ကျေးကျွန်​အားလုံး​နဲ့​လည်း သက်ဆိုင်​ပါတယ်။