မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁၉၁၉၊ အိုဟိုင်အို၊ စီ​ဒါ​ပွိုင့် အစည်းအဝေးကြီး​မှာ ညီအစ်ကို ရပ်သဖော့ဒ် ဟောပြော​နေစဉ်

၁၉၁၉—လွန်ခဲ့သော နှစ်တစ်ရာ

၁၉၁၉—လွန်ခဲ့သော နှစ်တစ်ရာ

လေးနှစ်​ကျော်​ကြာ​တဲ့ စစ်ပွဲကြီး (ပထမ ကမ္ဘာစစ်) ၁၉၁၉ မှာ ပြီးဆုံး​သွားတယ်။ ၁၉၁၈ နှစ်ကုန်ပိုင်း​မှာ နိုင်ငံတွေ အ​တိုက်​အ​ခိုက် ရပ်စဲ​ပြီး ၁၉၁၉၊ ဇန်နဝါရီ ၁၈ မှာ ပါရီ ငြိမ်းချမ်းရေး ညီလာခံ​ကို စတင်​ကျင်းပခဲ့​တယ်။ ညီလာခံ​ရဲ့ အောင်မြင်မှု​တစ်ခုကတော့ ဗာဆိုင်း​စာချုပ် ဖြစ်တယ်။ အဲဒီ​စာချုပ်​ကြောင့် ဂျာမနီ​နဲ့ မဟာမိတ်​တွေ စစ်​ပြေငြိမ်း​သွားတယ်။ ၁၉၁၉၊ ဇွန် ၂၈ မှာ စာချုပ်​ကို လက်မှတ်​ရေးထိုး​တယ်။

ဗာဆိုင်း​စာချုပ်​ကြောင့် နိုင်ငံ​ပေါင်းချုပ်​အသင်း​ကြီး ပေါ်ပေါက်​လာ​တ​ယ်။ အသင်းရဲ့ ရည်ရွယ်ချက်​က “နိုင်ငံတကာ ပူးပေါင်း​ဆောင်ရွက်မှု မြှင့်တင်​ရေး၊ နိုင်ငံတကာ ငြိမ်းချမ်း​လုံခြုံမှု ရရှိ​ရေး” ဖြစ်တယ်။ အမည်ခံ​ခရစ်ယာန်များ​စွာ​က နိုင်ငံ​ပေါင်းချုပ်​အသင်း​ကြီး​ကို ထောက်ခံကြ​တယ်။ အမေရိကန်၊ ခရစ်တော်​ချာ့ခ်ျ​ရဲ့ ဖယ်ဒရယ် ကောင်စီ​က “ဒီ​အသင်း​ကြီး​ဟာ ကမ္ဘာပေါ်မှာ ဘုရားသခင့်​နိုင်ငံတော် နိုင်ငံရေး​အရ ပေါ်ထွန်းခြင်း​ဖြစ်တယ်” လို့ အမွှမ်းတင်​တယ်။ ကောင်စီ​က ပါရီ ငြိမ်းချမ်းရေး ညီလာခံ​ဆီ ကိုယ်စားလှယ်​တွေ စေလွှတ်ခြင်း​အားဖြင့် နိုင်ငံ​ပေါင်းချုပ်​အသင်း​ကို ထောက်ခံကြောင်း တင်ပြတယ်။ ကိုယ်စားလှယ်​တစ်ယောက်က ညီလာခံ​ဟာ “ကမ္ဘာ့​သမိုင်း​မှာ ခေတ်သစ်​တစ်ခုကို စတင်​လိုက်ပြီ” လို့​ပြောတယ်။

ခေတ်သစ်​တစ်ခု စတင်​လာတာ​တော့ မှန်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး ညီလာခံ​မှာ ပါဝင်​ခဲ့​သူတွေ​ကြောင့်​တော့ မဟုတ်ဘူး။ တစ်ခါ​နဲ့​မှ မတူ​အောင် မိမိ​လူမျိုးကို ယေဟောဝါ ခွန်အားပေး​ပြီး ဟောပြောခြင်း​လုပ်ငန်းကို စတင်​စေတဲ့ ၁၉၁၉ ဟာ ခေတ်သစ်​တစ်ခုရဲ့ အစ​ပါပဲ။ ဒါပေမဲ့ ကျမ်းစာ​ကျောင်းသားတွေ အပြောင်းအလဲ​ကြီး​တစ်ခု လုပ်ဖို့ လို​နေတယ်။

ခက်ခဲတဲ့ ဆုံးဖြတ်ချက်

ဂျိုးဇက် အက်ဖ် ရပ်သဖော့ဒ်

ကင်းမျှော်စင် သမ္မာကျမ်းစာ​နဲ့ ဝေစာ​အသင်းရဲ့ နှစ်စဉ် ဒါရိုက်တာ​ မဲပေး​ရွေးချယ်​ပွဲကို ၁၉၁၉၊ ဇန်နဝါရီ ၄၊ စနေနေ့မှာ ကျင်းပ​ဖို့ စီစဉ်​ထားတယ်။ အဲဒီအချိန်မှာ ယေဟောဝါရဲ့ လူမျိုးကို ဦးဆောင်နေတဲ့ ဂျိုးဇက် အက်ဖ် ရပ်သဖော့ဒ်​နဲ့ အပေါင်းပါ ခုနစ်​ယောက်ဟာ အမေရိကန်၊ ဂျော်ဂျီယာ​ပြည်နယ်၊ အတ္တလန်တာ​မြို့မှာ မတရား ထောင်ချ​ခံ​နေ​ရတယ်။ ဦးစီး​မှူး​တာဝန် ထမ်းဆောင်ခဲ့​တဲ့ ထောင်ကျ​နေဆဲ ညီအစ်ကိုတွေကို​ပဲ ပြန်​ရွေးချယ်​မလား ဒါမှမဟုတ် အစားထိုး​ရွေးချယ်​မလား​ဆိုတဲ့​မေးခွန်း ပေါ်လာတယ်။

အီဗန်ဒါ ဂျေ ကား​ဝပ်

ထောင်ကျ​နေတဲ့ ညီအစ်ကို ရပ်သဖော့ဒ်​ဟာ အဖွဲ့အစည်းရဲ့ အနာဂတ်​အတွက် စိုးရိမ်​နေတယ်။ တခြား​တစ်ယောက်ကို ဥက္ကဋ္ဌ​အဖြစ် ရွေးချယ်​ရင် ပို​ကောင်းမယ်လို့ ညီအစ်ကို​တချို့ ယူဆ​နေမှန်း သူ​သိတယ်။ ဒါကြောင့် စုဝေး​ရောက်ရှိနေ​သူတွေဆီ စာတစ်စောင် ရေး​ပြီး အီဗန်ဒါ ဂျေ ကား​ဝပ်​ကို ဥက္ကဋ္ဌ​အဖြစ် ရွေး​ဖို့ ထောက်ခံ​လိုက်တယ်။ ကား​ဝပ်​ဟာ “တည်ငြိမ်​သူ၊” “သတိပညာ​ရှိသူ၊” “သခင့်​ဆီ ဆက်ကပ်​ထားသူ” ဖြစ်တယ်လို့ ညီအစ်ကို ရပ်သဖော့ဒ် ပြောတယ်။ ဒါပေမဲ့ ညီအစ်ကို​အများစုကတော့ မဲပေး​ရွေးချယ်တာ​ကို ခြောက်လ​လောက် ရွှေ့ဆိုင်း​လိုက်ရင် ပို​ကောင်းမယ်လို့ ယူဆကြတယ်။ ထောင်ကျ​နေတဲ့ ညီအစ်ကိုတွေကို ကူညီ​ပေးတဲ့ တရားရေး​အဖွဲ့က​လည်း သဘောတူတယ်။ ဒီ​ကိစ္စ​ကို ဆွေးနွေး​ရင်း တချို့က စိတ်ဆိုး​မာန်​ဆိုး ဖြစ်လာကြတယ်။

ရစ်ချက် အိပ်​ခ်ျ ဘာ​ဘာ

ရစ်ချက် ဘာ​ဘာရဲ့ နောက်ပိုင်း​ပြောပြချက်​အရ တင်းမာမှု​တွေကို ပြေလျော့​သွား​စေတဲ့ အခြေအနေ​တစ်ခု ဖြစ်လာတယ်။ ပရိသတ်​ထဲ​က ညီအစ်ကို​တစ်ယောက်က “ကျွန်တော်ဟာ ရှေ့နေ မဟုတ်ဘူး။ ဥပဒေ​အကြောင်းလည်း နားမလည်​ဘူး။ ဒါပေမဲ့ သစ္စာ​စောင့်သိဖို့ ဘာ​လိုသလဲ​ဆိုတာ​တော့ သိတယ်။ သစ္စာစောင့်သိမှုကို ဘုရား တောင်းဆို​ထားတယ်။ သစ္စာစောင့်သိမှု တင်ပြ​နိုင်တဲ့ အကောင်းဆုံးနည်း​ကတော့ ညီအစ်ကို ရပ်သဖော့ဒ်​ကို ဥက္ကဋ္ဌ​အဖြစ် ပြန်​ရွေးချယ်တာ​ပဲ” လို့​ပြောတယ်။—ဆာ. ၁၈:၂၅

အ​လက်​ဇ​န်း​ဒါး အိပ်​ခ်ျ မက်​မီ​လန်

အတူ​ထောင်ကျ​နေတဲ့ ညီအစ်ကို အေ အိပ်​ခ်ျ မက်မီလန်ရဲ့ ပြောပြချက်​အရ နောက်​တစ်နေ့မှာ ညီအစ်ကို ရပ်သဖော့ဒ်​က သူ့အကျဉ်းခန်း​ကို ခေါက်​ပြီး “လက်​ထုတ်ပေး” လို့ ပြောတယ်။ ပြီးတော့ ကြေးနန်း​စာတစ်စောင် လက်ထဲ ထည့်ပေး​တယ်။ စာတိုလေး​ကို မြင်ပြီး ဘာလဲဆိုတာ မက်​မီလန် ချက်ချင်း သိသွား​တယ်။ စာမှာ “ရပ်သဖော့ဒ် ဝိုက်စ် ဗန် ဘာ​ဘာ အန်ဒါစန် ဘူလီ စ​ပီးလ် ဒါရိုက်တာ ပထမ​သုံးယောက် ဦးစီးသူ မေတ္တာဖြင့်” လို့ ရေးထားတယ်။ ဆိုလိုတာ​က ဒါရိုက်တာ​အားလုံးကို ပြန်​ရွေး​ပြီး ဂျိုးဇက် ရပ်သဖော့ဒ်​နဲ့ ဝီလျံ ဗန် အမ်ဘာ့​ကို ဦးစီးသူ​တွေ​အနေနဲ့ ပြန်​ရွေး​တဲ့​သဘော​ပဲ။ ဒါကြောင့် ညီအစ်ကို ရပ်သဖော့ဒ်​က ဥက္ကဋ္ဌ​အဖြစ် ဆက်​အမှုဆောင်​နိုင်ခဲ့တယ်။

လွတ်မြောက်ပြီ

ညီအစ်ကို ရှစ်ယောက် ထောင်ကျ​နေတုန်း သစ္စာရှိ ကျမ်းစာ​ကျောင်းသားတွေဟာ အစိုးရ​ဆီ တင်သွင်း​မယ့် အသနားခံ​စာမှာ လက်မှတ်ထိုး​ပေးဖို့ လူတွေကို သတ္တိရှိရှိ စည်းရုံး​တယ်။ လူ ၇၀၀,၀၀၀ ကျော် လက်မှတ်ထိုး​ပေးတယ်။ အသနားခံ​စာ မတင်​ခင် ၁၉၁၉၊ မတ် ၂၆၊ ဗုဒ္ဓဟူး​နေ့မှာ ညီအစ်ကို ရပ်သဖော့ဒ်​နဲ့ တခြား​တာဝန်​ရှိ ညီအစ်ကို​တွေ လွတ်မြောက်​လာတယ်။

အိမ်ပြန်ရောက်​လာလို့ ကြိုဆိုတဲ့​ပွဲ​မှာ ညီအစ်ကို ရပ်သဖော့ဒ်​က “ကျွန်တော်တို့ ကြုံခဲ့​ရတဲ့ ဒီ​ဖြစ်ရပ်တွေက ပို​ဆိုး​မယ့်​အချိန်​အတွက် ကြိုတင် ပြင်ဆင်​ပေးနေတာလို့ ယုံကြည်တယ်။ . .  ညီအစ်ကို​တွေ ထောင်​ကနေ လွတ်ဖို့​ပဲ ခင်ဗျားတို့ တိုက်​ခဲ့​တာ မဟုတ်ဘူး။ ဒါဟာ အဓိက မဟုတ်ဘူး။ . .  အဓိက​က အမှန်တရားကို သက်သေခံဖို့​ပဲ။ အဲဒီလို​လုပ်လို့ ကောင်းချီး ရခဲ့​တာ” လို့​ပြောတယ်။

ညီအစ်ကို​တွေ ကြုံခဲ့​ရတဲ့ ဒီ​တရားရေး​အမှုမှာ ယေဟောဝါ လမ်းညွှန်​ပေးခဲ့တာ ထင်ရှားတယ်။ ၁၉၁၉၊ မေ ၁၄ မှာ အယူခံ​တရားရုံး​က အခုလို အမိန့်ချ​တယ်– “ဒီ​အမှုမှာ တရားခံ​တွေဟာ မျှတ​စွာ တရား​ရင်ဆိုင်​ခွင့် မရခဲ့​တဲ့​အတွက် စီရင်ချက်​ကို ရုပ်သိမ်း​လိုက်ပါ​တယ်။” ညီအစ်ကို​တွေဟာ ကြီးလေး​တဲ့ ရာဇဝတ်မှု​တွေ​နဲ့ စွဲချက်​တင်ခံခဲ့​ရတာ​ဖြစ်လို့ စီရင်ချက်​က အပြစ်​ကနေ လွတ်ငြိမ်းခွင့်​ပေး​ရုံ၊ ပြစ်ဒဏ် လျှော့ပေါ့​ရုံ​လောက်​ပဲ​ဆိုရင် ပြစ်မှု​မှတ်တမ်းမှာ ဆက်ရှိ​နေမှာ ဖြစ်တယ်။ အခုတော့ ဘာ​စွဲချက်​မှ မရှိတော့ဘူး။ ရလဒ်အနေနဲ့ ညီအစ်ကို ရပ်သဖော့ဒ်​ဟာ * အမေရိကန် တရားရုံးချုပ်​မှာ ယေဟောဝါရဲ့ လူမျိုး​အတွက် တရားဝင် ခုခံ​ကာကွယ်​ပိုင်ခွင့် ပြန်​ရခဲ့တယ်။ ထောင်​ကနေ လွတ်​လာပြီး​နောက်ပိုင်း အကြိမ်ကြိမ် အဲဒီလို လုပ်ဆောင်ခဲ့တယ်။

ဟောပြောဖို့ စိတ်ပိုင်းဖြတ်​ထား

“ကျွန်တော်တို့ဟာ ကောင်းကင်ပေါ် သခင် ခေါ်ဆောင်​မယ့်​နေ့ကို လက်ပိုက်​ပြီး ထိုင်စောင့်​နေမှာ မဟုတ်ဘူး။ သခင့်​အလိုတော်ကို သိအောင်​လုပ်ဖို့ လို​ကြောင်း နားလည်​ကြတယ်” လို့ ညီအစ်ကို မက်​မီ​လ​န် ပြန်​ပြောတယ်။

ဒါပေမဲ့ ဌာနချုပ်​မှာ​ရှိတဲ့ ညီအစ်ကို​တွေဟာ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အလုပ်ကို ချက်ချင်း ပြန်​မစ​နိုင်ကြဘူး။ ဘာကြောင့်လဲ။ သူတို့ ထောင်ကျ​နေတုန်း စာပေ​ပုံနှိပ်​ဖို့ သုံးတဲ့ ပုံနှိပ်​ဖလင်​ပြား​တွေ ဖျက်ဆီး​ခံ​လိုက်ရ​လို့​ပဲ။ ညီအစ်ကို​တွေ စိတ်ဓာတ်ကျ​ပြီး ဟောပြောခြင်း​လုပ်ငန်း ပြီးပြီ​လို့​တောင် တချို့ ထင်ကြတယ်။

ကျမ်းစာ​ကျောင်းသားတွေ ဟောတဲ့ နိုင်ငံတော်​သတင်းကို စိတ်ဝင်စားသူ ရှိသေး​ရဲ့​လား။ အဖြေ​ရဖို့ ဟောပြောချက်​တစ်ခု ပေးမယ်လို့ ညီအစ်ကို ရပ်သဖော့ဒ် ဆုံးဖြတ်​လိုက်တယ်။ လူထု​ကိုလည်း ဖိတ်ခေါ်​မယ်။ “အစည်းအဝေး​ကို တစ်ယောက်မှ မလာ​ရင်​တော့ ပြီးပြီ” လို့ ညီအစ်ကို မက်​မီ​လ​န်​ပြောတယ်။

၁၉၁၉၊ ကယ်လီဖိုးနီးယား​ပြည်နယ်၊ လော့​စ်​အိ​န်​ဂျလစ်မြို့​မှာ ညီအစ်ကို ရပ်သဖော့ဒ်​ရဲ့ “ဒုက္ခ​ပင်လယ်​ဝေ​နေတဲ့ လူသားတွေ​အတွက် မျှော်လင့်ချက်” ဆိုတဲ့ ဟောပြောချက် သတင်းစာ​ကြော်ငြာ

၁၉၁၉၊ မေ ၄၊ တနင်္ဂနွေ​နေ့မှာ ညီအစ်ကို ရပ်သဖော့ဒ်ဟာ အကြီးအကျယ် နေမကောင်း​ဖြစ်နေတာ​တောင် “ဒုက္ခ​ပင်လယ်​ဝေ​နေတဲ့ လူသားတွေ​အတွက် မျှော်လင့်ချက်” ဆိုတဲ့ ဟောပြောချက်ကို ကယ်လီဖိုးနီးယား​ပြည်နယ်၊ လော့​စ်​အိ​န်ဂျလစ်​မြို့မှာ ဟောခဲ့တယ်။ လူ ၃၅၀၀ လောက် လာ​တက်တယ်။ နေရာ​မဆံ့​လို့ လူ​ရာနဲ့ချီ ပြန်သွား​ရတယ်။ နောက်​တစ်နေ့မှာ လူ ၁၅၀၀ လောက် လာ​တက်တယ်။ စိတ်ဝင်စား​သူတွေ ရှိသေးတယ်​ဆိုတဲ့ အဖြေကို ရ​လိုက်တာပဲ။

ညီအစ်ကို​တွေ နောက်ထပ် လုပ်ဆောင်တဲ့​အရာက ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်း​လုပ်ငန်း​အပေါ် ဒီနေ့​ခေတ်​အထိ အကျိုး​သက်ရောက်မှု ရှိတယ်။

အနာဂတ် တိုးတက်မှု​အတွက် အသင့်​ဖြစ်နေ

၁၉၁၉၊ ဩဂုတ် ၁ ကင်းမျှော်စင်မှာ အိုဟိုင်အို​ပြည်နယ်၊ စီ​ဒါပွိုင့်​မြို့၊ စက်တင်ဘာ​လ​ဆန်း​ပိုင်း​မှာ အစည်းအဝေးကြီး ကျင်းပ​မယ်​လို့ ကြေညာတယ်။ “တက်​ကို​တက်​ရမယ်လို့ လူတိုင်း ခံစား​ရတယ်” ဆိုပြီး မစ်ဆူရီ​ပြည်နယ်​က ကျမ်းစာ​ကျောင်းသား လူငယ် က​လဲ​ရ​န့် ဘီ​တီ ပြောတယ်။ ညီအစ်ကို/မ ၆၀​၀၀ ကျော် တက်ရောက်​လို့ ထင်ထားတာ​ထက် ပို​များတယ်။ အနီး​နားက လိ​တ်​အီရီ ရေကန်​မှာ လူ ၂၀၀ ကျော် နှစ်ခြင်းခံ​လို့ ပို​စိတ်လှုပ်ရှားစရာ ကောင်း​ခဲ့တယ်။

၁၉၁၉၊ အောက်တိုဘာ ၁ ရက်စွဲ​နဲ့ ဦးဆုံး​ထုတ် ရွှေခေတ် မဂ္ဂဇင်း မျက်နှာဖုံး

၁၉၁၉၊ စက်တင်ဘာ ၅၊ အစည်းအဝေးကြီး ငါး​ရက်​မြောက်​နေ့မှာ ညီအစ်ကို ရပ်သဖော့ဒ်​က “တွဲဖက်​လုပ်သားများ​အတွက် ပြောကြားချက်” ဆိုတဲ့ ဟောပြောချက်​ပေး​ရင်း ရွှေခေတ်  * မဂ္ဂဇင်း​သစ် ထုတ်ဝေ​မယ့်​အကြောင်း ကြေညာတယ်။ အဲဒီ​မဂ္ဂဇင်းက “လက်ရှိ ဖြစ်ပျက်​နေတဲ့ အရေးကြီး​သတင်းတွေ​အပြင် ဖြစ်ရတဲ့ အကြောင်းရင်း​တွေကို ကျမ်းစာနဲ့ ရှင်းပြ​ထားတယ်။”

ကျမ်းစာ​ကျောင်းသား​အားလုံး ဒီ​စာစောင်​သစ်​ကို သုံးပြီး သတ္တိရှိရှိ ဟောပြောဖို့ အားပေးခံရ​တယ်။ လုပ်ငန်းကို ဘယ်လို ဖွဲ့စည်း​ရမယ်ဆိုတာ ဖော်ပြတဲ့ စာမှာ “ဒါဟာ အခွင့်ထူး​ကြီး ဖြစ်ကြောင်း၊ အခွင့်အရေး​ကို လက်မလွှတ်​ဘဲ ကမ္ဘာတစ်ဝန်း သက်သေခံခြင်း​မှာ ပါဝင်​သင့်​ကြောင်း နှစ်ခြင်းခံ​ပြီး​သူတိုင်း အမှတ်ရပါ” လို့ ရေးထားတယ်။ လူများစွာ တုံ့ပြန်​ကြတယ်။ ဒီဇင်ဘာလ​မှာ ထက်သန်တဲ့ ကြေညာသူတွေဟာ မဂ္ဂဇင်း​နှစ်စဉ်ကြေး ၅၀,၀​၀​၀ ကျော် ရရှိ​ခဲ့​ကြတယ်။

နယူးယောက်၊ ဘရွတ်ကလင်​မှာ ရွှေခေတ် မဂ္ဂဇင်း အပြည့်​တင်ထားတဲ့ ထရပ်ကား​နဲ့ ညီအစ်ကို​တွေ

၁၉၁၉ အဆုံး​မှာ ယေဟောဝါရဲ့​လူမျိုးဟာ အားအင်သစ်နဲ့ ပြန်​ဖွဲ့စည်း​ခံရတယ်။ နောက်ဆုံး​ကာလ အပါအဝင် အရေးကြီးတဲ့ ကြိုဟောချက်​များစွာလည်း ပြည့်စုံခဲ့တယ်။ မာလခိ ၃:၁-၄ မှာ ကြို​ဟောထားတဲ့​အတိုင်း ဘုရားလူမျိုးကို စမ်းသပ်​သန့်စင်​တဲ့​ကာလ ပြီးဆုံး​သွားတယ်။ ဘုရား​လူမျိုးဟာ “မဟာ​ဗာဗုလုန်” ရဲ့ ပုံဆောင် သုံ့ပန်း​ဘဝကနေ လွတ်မြောက်​လာတယ်။ ယေရှု​က “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့​ကျွန်” ကို ခန့်အပ်တယ်။ * (ဗျာ. ၁၈:၂၊ ၄။ မ. ၂၄:၄၅) အခု ကျမ်းစာ​ကျောင်းသားတွေဟာ ယေဟောဝါ လုပ်​စေချင်တဲ့ လုပ်ငန်း​အတွက် အသင့်​ဖြစ်နေကြ​ပါပြီ။

^ အပိုဒ်၊ 13 ညီအစ်ကို ရပ်သဖော့ဒ်​ဟာ ရှေ့နေ​နဲ့ တရားသူကြီး​ဖြစ်ပြီး တရားသူကြီး ရပ်သဖော့ဒ်​လို့ လူသိ​များတယ်။

^ အပိုဒ်၊ 22 ရွှေခေတ် ကို ၁၉၃၇ မှာ နှစ်သိမ့်မှု၊ ၁၉၄၆ မှာ နိုးလော့! လို့ နာမည်​ပြောင်း​ခဲ့တယ်။