မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၁

နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၁

နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၁

“ခင်ဗျား​တို့​ဟာ အမှုဆောင်​သူတွေ ဖြစ်​တဲ့ ကျွန်တော်​တို့ ရေး​တဲ့​စာ၊ ခရစ်တော်​ရဲ့ စာ​ပဲ​ဆိုတာ ထင်ရှား​တယ်။”—၂ ကော. ၃:၃

သီချင်း ၇၈ “တရား​စကား သွန်သင်ပေး”

အကြို​သုံးသပ်ချက် *

ကျမ်းစာ​သင်သား​တစ်ယောက် နှစ်ခြင်း​ခံ​တာ​ကို မြင်ရ​တဲ့​အခါ အသင်းတော် တစ်ခုလုံး သိပ်​ပျော် (စာပိုဒ် ၁ ကိုကြည့်ပါ)

၁။ ကျမ်းစာ​သင်သား နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကူညီ​ပေး​ရတာဟာ အခွင့်ထူး ဖြစ်​ကြောင်း ၂ ကောရိန္သု ၃:၁-၃ က ဘယ်လို နားလည်စေ​သလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

အသင်းတော်​ထဲ​က ကျမ်းစာ​သင်သား​တစ်ယောက် နှစ်ခြင်း​ခံ​တာ​ကို မြင်ရ​တဲ့​အခါ သင် ဘယ်လို ခံစား​ရသလဲ။ သိပ်​ပျော်​မှာပဲ။ (မ. ၂၈:၁၉) ကျမ်းစာ သင်ပေး​သူက သင် ဖြစ်​မယ်​ဆိုရင် ကိုယ့်​သင်သား နှစ်ခြင်း​ခံ​တာ မြင်ရလို့ ပို​လို့​တောင် ပျော်​မှာပဲ။ (၁ သက်. ၂:၁၉၊ ၂၀) နှစ်ခြင်း​ခံ​ခါ​စ တပည့်​သစ်​တွေ​ဟာ ကျမ်းစာ သင်ပေး​သူ​အတွက်သာ​မ​က အသင်းတော် တစ်ခုလုံး​အတွက်​ပါ “ထောက်ခံ​စာ” ဖြစ်တယ်။၂ ကောရိန္သု ၃:၁-၃ ကို​ဖတ်ပါ။

၂။ (က) ဘယ်​အရေးကြီး မေးခွန်း​ကို သုံးသပ်​ဖို့ လိုသလဲ။ ဘာကြောင့်လဲ။ (ခ) ကျမ်းစာ​သင်အံမှု​ဆိုတာ ဘာလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်​ပါ။)

လွန်ခဲ့တဲ့ လေးနှစ်​အတွင်း လစဉ် ကမ္ဘာ​တစ်ဝန်း​မှာ ကျမ်းစာ​သင်အံမှု * ၁၀,၀၀၀,၀၀၀ လောက် ကျင်းပ​နေတယ်။ အဲဒီ​နှစ်တွေ​အတွင်း နှစ်​တိုင်း ကျမ်းစာ​သင်သား ၂၈၀,၀၀၀ ကျော်​ဟာ ယေဟောဝါသက်သေ​အဖြစ်၊ ယေရှုခရစ်ရဲ့ တပည့်​သစ်​အဖြစ် နှစ်ခြင်း​ခံ​နေကြ​တယ်။ ကျန်​တဲ့ ကျမ်းစာ​သင်သား သန်းနဲ့​ချီကို နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကျွန်တော်​တို့ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ ခရစ်တော်​ရဲ့ တပည့် ဖြစ်လာ​ဖို့ လူတွေကို ယေဟောဝါ စိတ်ရှည်​စွာ အချိန်နဲ့ အခွင့်အရေး ပေး​နေသရွေ့ ကျွန်တော်​တို့​ဘက်ကလည်း သူတို့ကို အတတ်နိုင်ဆုံး ကူညီ​ပေး​ချင်​ကြတယ်။ အချိန် သိပ်​မကျန်တော့​ဘူး။—၁ ကော. ၇:၂၉။ ၁ ပေ. ၄:၇

၃။ ကျမ်းစာ​သင်အံမှု ကျင်းပ​ခြင်း​နဲ့​ပတ်သက်ပြီး ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

လူတွေ တပည့် ဖြစ်လာ​ဖို့ သိပ်​အရေးကြီး​နေတဲ့​အတွက် ကျမ်းစာ​သင်သားတွေ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကူညီ​ပေး​ဖို့ ဘာတွေ လုပ်နိုင်သလဲ​ဆိုပြီး အုပ်ချုပ်ရေး​အဖွဲ့က ဌာနခွဲရုံး​တွေ​ကို မေးမြန်းခဲ့​တယ်။ အတွေ့အကြုံ​ရှိ ရှေ့ဆောင်​တွေ၊ သာသနာပြုတွေ၊ တိုက်နယ်​ကြီးကြပ်မှူး​တွေ​ဆီကနေ ဘာတွေ သင်ယူ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​နဲ့ နောက်​ဆောင်းပါး​မှာ တွေ့​ရပါမယ်။ * (ပညာ. ၁၁:၁၄။ ၁၅:၂၂) ထိရောက်​တဲ့ ကျမ်းစာ​သင်အံမှု ကျင်းပ​နိုင်​ဖို့ ကျမ်းစာ​သင်ပေး​သူနဲ့ သင်သား ဘာတွေ လုပ်နိုင်​ကြောင်း သူတို့ ပြောပြ​ကြတယ်။ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကျမ်းစာ​သင်သားတွေ လုပ်ဆောင်​ရမယ့် အချက် ငါး​ချက်​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

ပတ်စဉ် လေ့လာ​ပါ

တစ်​နေရာမှာ ထိုင်ပြီး ကျမ်းစာ ဆွေးနွေး​နိုင်​မလားလို့ သင်သားကို မေးပါ (စာပိုဒ် ၄-၆ ကိုကြည့်ပါ)

၄။ အိမ်​တံခါးဝ ကျမ်းစာ​သင်အံမှု​နဲ့​ပတ်သက်ပြီး ဘာကို သိထားသင့်​သလဲ။

ညီအစ်ကို/မများ​စွာ​ဟာ အိမ်​တံခါးဝ​မှာပဲ ကျမ်းစာ​သင်အံမှု ကျင်းပ​နေကြ​တယ်။ ဒါဟာ ကျမ်းစာ​ကို ပို​စိတ်ဝင်စား​လာ​စေ​တဲ့ နည်းလမ်း​ကောင်း ဖြစ်​ပေမဲ့ ဆွေးနွေး​ချိန် သိပ်​မရတာ​မျိုး၊ ပတ်စဉ် မလေ့လာ​နိုင်တာ​မျိုး ဖြစ်လေ့​ရှိတယ်။ စိတ်ဝင်စားမှု တိုးများ​လာစေဖို့ ညီအစ်ကို/မတချို့​က ဆက်သွယ်​ရမယ့် အချက်အလက်​တွေ တောင်း​ထားပြီး နောက်​တစ်ကြိမ် မလည်​ပတ်​ခင် ဖုန်း​ဆက်၊ မက်ဆေ့ခ်ျ ပို့ပြီး ကျမ်းစာ​အကြောင်းအရာတွေ ဝေမျှ​ကြတယ်။ အဲဒီလို အခြေအနေ​နဲ့​ပဲ တိုးတက်​တဲ့ ကျမ်းစာ​သင်အံမှု မစ​နိုင်​ဘဲ လပေါင်း​များစွာ ကြာ​သွား​တတ်တယ်။ ဒါပေမဲ့ ကျမ်းစာ လေ့လာ​ဖို့ အချိန်နဲ့ ခွန်အား အဲဒီလောက်​ပဲ ပေးတဲ့ သင်သားဟာ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်လာ​နိုင်​ပါ့​မလား။ တိုးတက်လာ​မှာ မဟုတ်ဘူး။

၅။ လုကာ ၁၄:၂၇-၃၃ မှာပါတဲ့ ယေရှုရဲ့ ပုံ​ဥပမာ​က တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်း​နဲ့ ဘယ်လို သက်ဆိုင်​သလဲ။

တပည့်ဖြစ်​ချင်​ရင် ဘာတွေ လုပ်ရမယ်​ဆိုတာ တစ်ကြိမ်​မှာ ယေရှု ပြောပြ​တယ်။ မျှော်စင် ဆောက်​ချင်​သူ​တစ်ယောက်​နဲ့ စစ်ချီ​ချင်​တဲ့ ဘုရင်​တစ်ပါး​အကြောင်း ပြော​တယ်။ မျှော်စင် ဆောက်​ချင်​သူဟာ “ပြီး​အောင် ဆောက်​ဖို့ ငွေ​လောက်၊ မလောက် အရင်ဆုံး ထိုင်ပြီး ကုန်ကျ​စရိတ်​ကို တွက်ချက်” ရမယ်။ ဘုရင်​က​လည်း “ခုခံနိုင်​မနိုင် အရင်ဆုံး ထိုင်ပြီး တိုင်ပင်” ရမယ်။ (လုကာ ၁၄:၂၇-၃၃ ကို​ဖတ်ပါ။) အဲဒီလိုပဲ တပည့်ဖြစ်​ချင်​သူဟာ​လည်း ယေရှု​နောက် လိုက်ရင် ဘာတွေ လုပ်ရမယ်​ဆိုတာ အသေအချာ သုံးသပ်​သင့်တယ်။ အဲဒီလို သုံးသပ်​နိုင်အောင် ကျွန်တော်​တို့​နဲ့​အတူ ပတ်စဉ် ကျမ်းစာ လေ့လာ​ဖို့ သင်သားကို အားပေး​ရမယ်။ ဘယ်လို အားပေးနိုင်​သလဲ။

၆။ တိုးတက်​တဲ့ ကျမ်းစာ​သင်အံမှု ကျင်းပ​နိုင်​ဖို့ ဘယ်လို ကြိုးစား​နိုင်​သလဲ။

အိမ်​တံခါးဝ သင်အံမှု​ကို အချိန်​နည်းနည်း​စီ တိုး​သွားပါ။ လည်ပတ်​တဲ့ အကြိမ်တိုင်း ထပ်ဆင့် ကျမ်းချက်လေး​တွေ ဆွေးနွေး​နိုင်တယ်။ အပတ်​အနည်းငယ် အချိန်​နည်းနည်း​ကြာကြာ ဆွေးနွေး​ပြီး​နောက်​မှာ​တော့ ထိုင်ပြီး ဆွေးနွေး​လို့​ ရမယ့် နေရာ ရှိသလား​လို့ မေးကြည့်​နိုင်တယ်။ ကျမ်းစာ​လေ့လာ​ချင်စိတ် ဘယ်လောက် ရှိကြောင်း သူ့​အဖြေ​ကနေ သိနိုင်တယ်။ မြန်မြန် တိုးတက်လာ​နိုင်​ဖို့ တစ်ပတ် နှစ်ကြိမ် လေ့လာ​ချင်​သလား​လို့ နောက်ပိုင်း​မှာ မေး​နိုင်တယ်။ ဒါပေမဲ့ တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် လေ့လာ​ရုံ​ထက်မက လုပ်ဖို့ လို​တာ ရှိသေးတယ်။

လေ့လာ​မယ့် အကြောင်းအရာ​တိုင်း​ကို ပြင်ဆင်​ပါ

ကျမ်းစာ​သင်အံမှု​အတွက် ကြိုတင်​ပြင်ဆင်​ပါ။ ဘယ်လို ပြင်ဆင်​ရမလဲ​ဆိုတာ သင်သားကို ပြပေး​ပါ (စာပိုဒ် ၇-၉ ကိုကြည့်ပါ)

၇။ လေ့လာ​မယ့် အကြောင်းအရာ​တိုင်း​အတွက် ဘယ်လို ပြင်ဆင်​နိုင်​သလဲ။

သွန်သင်သူ​အနေ​နဲ့ လေ့လာ​မယ့် အကြောင်းအရာ​တိုင်း​ကို ကောင်းကောင်း ပြင်ဆင်​ပါ။ ဆွေးနွေး​မယ့် အကြောင်းအရာနဲ့ ကျမ်းချက်​တွေ​ကို ဖတ်ပါ။ အဓိက​အချက်ကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ပါ။ သင်ခန်းစာ ခေါင်းစဉ်၊ ခေါင်းစဉ်​ငယ်၊ လေ့လာ​ရန် မေးခွန်း၊ “ဖတ်ပါ” ဆို​တဲ့ ကျမ်းချက်၊ ရုပ်ပုံတွေကို သုံးသပ်ပါ။ အကြောင်းအရာနဲ့ သက်ဆိုင်​တဲ့ ဗီဒီယို ရှိသလား​ဆိုတာ စဉ်းစားပါ။ သင်သား နားလည်​ပြီး လက်တွေ့​ကျင့်သုံး​နိုင်အောင် ဘယ်လို ရိုးရိုးရှင်းရှင်း သင်ပေး​မလဲ​ဆိုတာ တွေးတောပါ။—နေ. ၈:၈။ ပညာ. ၁၅:၂၈

၈။ ကောလောသဲ ၁:၉၊ ၁၀ မှာပါတဲ့ တမန်​တော် ပေါလု​ရဲ့ စကား​က သင်သား​အတွက် ဆုတောင်း​တာ​နဲ့​ပတ်သက်ပြီး ဘာ​သင်ပေး​သလဲ။

ပြင်ဆင်​တဲ့​အခါ သင်သားနဲ့ သင်သားရဲ့ လိုအပ်ရာ​တွေ​အကြောင်း ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ ကျမ်းစာ​သုံးပြီး စိတ်ထိမိ​အောင် သွန်သင်ပေး​နိုင်​ဖို့ အကူအညီ တောင်း​ပါ။ (ကောလောသဲ ၁:၉၊ ၁၀ ကို​ဖတ်ပါ။) သင်သား နားလည်​ဖို့၊ လက်ခံဖို့ ခက်​နိုင်​တဲ့ အကြောင်းအရာတွေ ရှိသလား​ဆိုတာ သိအောင် ကြိုးစား​ပါ။ သင့်​ပန်းတိုင်​ဟာ နှစ်ခြင်း​ခံ​တဲ့​အထိ သင်သား တိုးတက်​လာအောင် ကူညီ​ပေး​ဖို့ ဖြစ်​ကြောင်း စိတ်စွဲ​မှတ်ထားပါ။

၉။ သင်အံမှု​အတွက် ကြိုတင်​ပြင်ဆင်​တတ်​အောင် သင်သားကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ ရှင်းပြပါ။

ကျမ်းစာ ပုံမှန် လေ့လာ​တဲ့​အခါ သင်သားဟာ ယေဟောဝါ​နဲ့ ယေရှု လုပ်​ပေး​ခဲ့​တာတွေကို ကျေးဇူး​တင်​လေးမြတ်​လာပြီး ပို​သိချင်​လာနိုင်တယ်။ (မ. ၅:၃၊ ၆) လေ့လာမှု​ကနေ အကျိုး အပြည့်အဝ ရဖို့ သင်သား​ဘက်ကလည်း သင်ယူ​နေတဲ့​အရာ​ကို အာရုံစိုက်​ဖို့ လိုတယ်။ အဲဒီလို အာရုံစိုက်​နိုင်အောင် မလေ့လာ​ခင် အကြောင်းအရာကို ကြိုတင်​ပြင်ဆင်​ဖို့၊ လက်တွေ့​ကျင့်သုံး​နိုင်​ပုံ​ကို တွေးတောဖို့ ဘယ်လောက် အရေးကြီးကြောင်း ရှင်းပြပါ။ ပြင်ဆင်​တတ်​အောင် ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ သင်သားနဲ့​အတူ ပြင်ဆင်​ပါ။ * အဓိက အဖြေကို ရှာ​နိုင်​ပုံ၊ အဓိက စကားလုံး၊ စကားစု​တွေ​ကို မျဉ်း​သား​ထား​တာ​က အဖြေကို မှတ်မိ​အောင် ကူညီ​ပေး​ပုံ​တို့ကို ရှင်းပြပါ။ ကိုယ်ပိုင်​စကား​နဲ့ ဖြေဖို့ အားပေးပါ။ ဒါမှ အကြောင်းအရာကို သူ ဘယ်လောက် နားလည်​ကြောင်း သင် ပိုင်းဖြတ်​နိုင်​မယ်။ သင်သားကို အားပေးနိုင်​တာ နောက်တစ်ခု ရှိသေးတယ်။

ယေဟောဝါ​နဲ့ နေ့စဉ် ဆက်သွယ်​ဖို့ သင်ပေးပါ

ယေဟောဝါ​နဲ့ ဘယ်လို ဆက်သွယ်​ရမလဲ​ဆိုတာ သင်သားကို သင်ပေးပါ (စာပိုဒ် ၁၀-၁၁ ကိုကြည့်ပါ)

၁၀။ နေ့တိုင်း ကျမ်းစာ ဖတ်​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။ ကျမ်းစာ ဖတ်ရှုခြင်း​ကနေ အကျိုး အပြည့်အဝ ရဖို့ ဘာလုပ်ရမလဲ။

၁၀ ကျမ်းစာ သင်ပေး​သူနဲ့ ပတ်စဉ် လေ့လာ​တဲ့​အပြင် သင်သား​ကိုယ်တိုင် နေ့တိုင်း လုပ်​ရမှာ​တချို့ ရှိသေးတယ်။ ယေဟောဝါ​နဲ့ ဆက်သွယ်ခြင်း​ပါ​ပဲ။ ဘယ်နည်းနဲ့လဲ။ ယေဟောဝါ ပြော​တာ​ကို နားထောင်ခြင်း၊ ယေဟောဝါ​ကို စကားပြော​ခြင်း​အားဖြင့်​ပါ​ပဲ။ နေ့တိုင်း ကျမ်းစာ ဖတ်ခြင်း​အားဖြင့် ဘုရား ပြော​တာ​ကို နားထောင်​နိုင်တယ်။ (ယောရှု ၁:၈။ ဆာ. ၁:၁-၃) jw.org မှာ တင်ထား​တဲ့ “ကျမ်းစာ​ဖတ်ရှုခြင်း အစီအစဉ် ဇယား * အသုံးပြုနိုင်​ပုံ​ကို ပြပေး​ပါ။ ကျမ်းစာ ဖတ်ရှုခြင်း​ကနေ အကျိုး အပြည့်အဝ ရနိုင်အောင် ဖတ်​တဲ့​အရာ​ကို တွေးတော​ဆင်ခြင်​ဖို့၊ လက်တွေ့​ကျင့်သုံး​ဖို့ အားပေးပါ။—တ. ၁၇:၁၁။ ယာ. ၁:၂၅

၁၁။ ဘယ်လိုနည်းနဲ့ သင်သား ဆုတောင်း​တတ်လာ​မလဲ။ ယေဟောဝါ​ဆီ မကြာခဏ ဆုတောင်း​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၁ နေ့တိုင်း ဆုတောင်းခြင်း​အားဖြင့် ယေဟောဝါ​နဲ့ စကားပြော​ဖို့ သင်သားကို အားပေးပါ။ သင်အံမှု အစနဲ့ အဆုံး​မှာ သင်သားနဲ့​အတူ သင်သား​အတွက် ရင်ဖွင့်​ဆုတောင်း​ပါ။ သင့်​ဆုတောင်းချက်​တွေ​ကို ကြား​တဲ့​အခါ သူလည်း ယေရှုခရစ်ရဲ့ နာမည်​ကို အမှီပြု​ပြီး ယေဟောဝါ​ဘုရားဆီ စိတ်ရင်းမှန်​နဲ့ ဆုတောင်း​တတ်လာ​မယ်။ (မ. ၆:၉။ ယော. ၁၅:၁၆) သင်သားဟာ နေ့တိုင်း ကျမ်းစာ ဖတ်ရှုခြင်း​အားဖြင့် ယေဟောဝါ ပြော​တာ​ကို နားထောင်တဲ့​အခါ၊ ဆုတောင်းခြင်း​အားဖြင့် ယေဟောဝါ​နဲ့ စကားပြော​တဲ့​အခါ ဘုရား​နဲ့ ပို​ရင်းနှီး​လာပါလိမ့်မယ်။ (ယာ. ၄:၈) အဲဒါတွေ​က ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကူညီ​ပေး​ပါ​လိမ့်မယ်။

ယေဟောဝါ​နဲ့ နှစ်ကိုယ်ကြား ဆက်ဆံ​ရေး ရှိလာဖို့ ကူညီ​ပေး​ပါ

၁၂။ ယေဟောဝါ​နဲ့ ရင်းနှီး​လာဖို့ သင်သားကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၂ သင်အံမှု​ကနေ သိလာ​တာ​တွေ​က သင်သားရဲ့ ဦးနှောက်​ထဲ​သာမက စိတ်နှလုံး​ထဲ​ထိ​ပါ ရောက်​သင့်တယ်။ ဘာကြောင့်လဲ။ စိတ်နှလုံး​လို့ ပြော​တဲ့​အခါ ဆန္ဒ၊ စိတ်​လှုပ်ရှားမှု၊ ခံစားချက်​တွေ ပါဝင်​တဲ့​အတွက် စိတ်နှလုံး​ထဲ ရောက်​မှ လက်တွေ့​ကျင့်​ဖို့ လှုံ့ဆော်​ခံရ​မယ်။ ယေရှုဟာ လူတွေ နားလည်​သဘောပေါက်​အောင် ယုတ္တိ​ရှိ​ရှိ သွန်သင်​ပေး​တယ်။ ဒါပေမဲ့ စိတ်ထိမိ​အောင် သွန်သင်​နိုင်​လို့ လူတွေ ယေရှု​နောက် လိုက်​ကြ​တာ။ (လု. ၂၄:၁၅၊ ၂၇၊ ၃၂) သင်သားဟာ ယေဟောဝါ​ကို တကယ့်​ပုဂ္ဂိုလ်​အဖြစ်၊ ဖခင်၊ ဘုရား၊ မိတ်ဆွေ​လို ရင်းနှီး​နိုင်​သူ​အဖြစ် မြင်လာ​ဖို့ လိုတယ်။ (ဆာ. ၂၅:၄၊ ၅) ကျမ်းစာ​သင်​တဲ့​အခါ ဘုရား​ရဲ့ အရည်အသွေးတွေကို ကွင်းကွင်းကွက်ကွက် မြင်သာအောင် အလေးပေး​ပြောပါ။ (ထွ. ၃၄:၅၊ ၆။ ၁ ပေ. ၅:၆၊ ၇) ဘာ​အကြောင်း​ပဲ ဆွေးနွေး​နေပါ​စေ ယေဟောဝါ​ဟာ ဘယ်လို ဘုရား​မျိုး ဖြစ်​ကြောင်း အာရုံစိုက်စေပါ။ မေတ္တာ၊ ကြင်နာ​မှု၊ ထောက်ထား​စာနာမှု စတဲ့ ယေဟောဝါ​ရဲ့ အရည်အသွေးတွေကို နားလည်​လာဖို့ ကူညီ​ပေး​ပါ။ ‘ယေဟောဝါ​ဘုရား​ကို ချစ်’ ဖို့​က “ပထမ​ဆုံး၊ အရေးကြီးဆုံး ပညတ်” ဖြစ်တယ်​လို့ ယေရှု ပြော​တယ်။ (မ. ၂၂:၃၇၊ ၃၈) ဒါ​ကြောင့် ယေဟောဝါ​ကို နှစ်နှစ်ကာကာ ချစ်တတ်​လာဖို့ သင်သားကို ကူညီ​ပေး​ပါ။

၁၃။ ယေဟောဝါ​ရဲ့ အရည်အသွေးတွေ​အကြောင်း ကျမ်းစာ​သင်သား သိလာအောင် ကူညီ​ပေး​နိုင်​ပုံ​ကို ဥပမာ​ပေး​ပါ။

၁၃ သင်သားနဲ့ စကားစမြည် ပြော​ချိန်မှာ​လည်း ယေဟောဝါ​ကို သင် ဘယ်လောက် ချစ်​ကြောင်း ပြောပြ​ပါ။ ဒါမှ သင်သား​လည်း ဘုရား​နဲ့ ရင်းနှီးတဲ့ နှစ်ကိုယ်ကြား ဆက်ဆံ​ရေး ရှိဖို့ လိုအပ်​မှန်း သိလာမယ်။ (ဆာ. ၇၃:၂၈) ဥပမာ၊ လေ့လာ​နေတဲ့ စာပေ ဒါမှ​မဟုတ် ကျမ်းချက်​မှာ ယေဟောဝါ​ရဲ့ မေတ္တာ၊ ဉာဏ်ပညာ၊ တရား​မျှတမှု၊ တန်ခိုး​နဲ့​ပတ်သက်ပြီး သင့်​စိတ်​ကို ထိမိ​စေ​တဲ့ စကားစု ပါ​သလား။ ပါ​တယ်​ဆိုရင် သင်သားကို ပြောပြ​ပါ။ ကောင်းကင်ဖခင်​ကို သင် ချစ်​မြတ်နိုး​ရတဲ့ အကြောင်းရင်း​တွေ​ထဲမှာ အဲဒါ​လည်း ပါ​တယ်​ဆိုတာ ပြောပြ​ပါ။ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာဖို့ ကျမ်းစာ​သင်သား​တိုင်း လုပ်​ရမှာ နောက်တစ်ခု ရှိသေးတယ်။

အသင်းတော် အစည်းအဝေးတွေ တက်​ဖို့ အားပေးပါ

အစည်းအဝေးတွေကို ဖြစ်​နိုင်​သမျှ အမြန်ဆုံး တက်​ဖို့ သင်သားကို အားပေးပါ (စာပိုဒ် ၁၄-၁၅ ကိုကြည့်ပါ)

၁၄။ သင်သားကို တိုးတက်​လာအောင် ကူညီ​ပေး​နိုင်​တဲ့ အသင်းတော် အစည်းအဝေးတွေ​အကြောင်း ဟီဘရူး ၁၀:၂၄၊ ၂၅ မှာ ဘယ်လို ပြော​ထား​သလဲ။

၁၄ ကျွန်တော်​တို့အားလုံး ကိုယ့်​သင်သားကို နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကူညီ​ပေး​ချင်​ကြတယ်။ ကူညီ​ပေး​နိုင်​တဲ့ အရေးကြီး နည်း​တစ်နည်း​က​တော့ အသင်းတော် အစည်းအဝေးတွေ တက်​ဖို့ အားပေးခြင်း​ပါ​ပဲ။ အစည်းအဝေး တက်​တဲ့ သင်သားတွေ​ဟာ တိုးတက်မှု မြန်ဆန်​တတ်​ကြောင်း အတွေ့အကြုံ​ရှိ သွန်သင်​သူတွေ ပြော​ကြတယ်။ (ဆာ. ၁၁၁:၁) ကျမ်းစာ​သင်အံမှု​ကနေ အသိပညာ တစ်ဝက်​ပဲ ရမှာ ဖြစ်​ပြီး ကျန်​တစ်ဝက်​ကို​တော့ အစည်းအဝေးတွေကနေ ရမယ်​လို့ သွန်သင်သူ​တချို့ သင်သားတွေကို ရှင်းပြ​ကြတယ်။ သင်သားနဲ့​အတူ ဟီဘရူး ၁၀:၂၄၊ ၂၅ ကို ဖတ်ပါ။ အစည်းအဝေး လာ​ရင် ရမယ့် အကျိုးကျေးဇူးတွေ ပြောပြ​ပါ။ နိုင်ငံတော်​ခန်းမ​မှာ ဘာတွေ လုပ်ဆောင်ကြ​သလဲ * ဗီဒီယိုကို ပြ​ပါ။ ပတ်စဉ် အစည်းအဝေး တက်တာ​ကို အလေးအနက်​ထား​ဖို့ ကူညီ​ပေး​ပါ။

၁၅။ အစည်းအဝေး ပုံမှန် တက်​ဖို့ သင်သားကို ဘယ်လို အားပေးနိုင်​သလဲ။

၁၅ သင်သားဟာ အစည်းအဝေး တစ်ခု​မှ မတက်သေးဘူး ဒါမှ​မဟုတ် ပုံမှန် မတက်​ဘူး​ဆိုရင် သင် ဘာလုပ်​နိုင်​သလဲ။ နောက်ဆုံး အစည်းအဝေးကနေ သိလာ​တာ တချို့​အကြောင်း အားတက်သရော ပြန်​ပြောပြ​ပါ။ အဲဒါ​က လာ​တက်​ဖို့ ဖိတ်ခေါ်​တာ​ထက် ပို​ထိရောက်​တယ်။ အစည်းအဝေး​မှာ လက်ရှိ လေ့လာ​နေတဲ့ ကင်းမျှော်စင် ဒါမှ​မဟုတ် အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင် ကို ပေး​ပါ။ နောက်​အပတ် ဆွေးနွေး​မယ့် အကြောင်းအရာကို ပြ​ပါ။ ဘယ်​အပိုင်း​ကို စိတ်ဝင်စား​သလဲ​လို့ မေးပါ။ ဦးဆုံး အစည်းအဝေး တက်​တဲ့ အတွေ့အကြုံ​က တခြား ဘာသာရေးပွဲ​တွေ တက်​တဲ့ အတွေ့အကြုံ​ထက် များစွာ​သာလွန်​ကြောင်း သင်သား သိလာ​ပါ​လိမ့်မယ်။ (၁ ကော. ၁၄:၂၄၊ ၂၅) အစည်းအဝေး လာတဲ့အခါ ပုံသက်သေ​ကောင်း​သူတွေ၊ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကူညီ​ပေး​နိုင်​သူတွေနဲ့ သင်သား တွေ့ဆုံ​ရပါလိမ့်မယ်။

၁၆။ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် သင်သားတွေကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

၁၆ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် သင်သားတွေကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ ပတ်စဉ် လေ့လာခြင်း၊ လေ့လာ​မယ့် အကြောင်းအရာ​တိုင်း​ကို ပြင်ဆင်ခြင်း​အားဖြင့် သင်အံမှု​ကို အလေးအနက်​ထား​ဖို့၊ ယေဟောဝါ​နဲ့ နေ့စဉ် ဆက်သွယ်​ဖို့၊ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိ​လာအောင် တည်ဆောက်​ဖို့ အားပေးနိုင်တယ်။ အသင်းတော် အစည်းအဝေးတွေ တက်​ဖို့​လည်း အားပေးနိုင်တယ်။ (“ နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် သင်သား လုပ်ဆောင်​ရမယ့် အရာများ” လေးထောင့်ကွက်​ကို ကြည့်​ပါ။) နှစ်ခြင်း​ခံ​တဲ့​အထိ သင်သား တိုးတက်​လာဖို့ ကျမ်းစာ​သင်ပေး​သူတွေ လုပ်​ရမယ့် အချက်​ငါး​ချက်​ကို နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

သီချင်း ၇၆ ဘယ်လို ခံစားရ​လဲ

^ အပိုဒ်၊ 5 သွန်သင်​ပေး​တယ်​ဆိုတာ “စဉ်းစားပုံ၊ ခံစား​ပုံ၊ လုပ်ဆောင်ပုံ အသစ်​ဖြစ်​လာအောင် ဒါမှ​မဟုတ် ပြောင်းလဲ​သွား​အောင် ကူညီ​ပေး​တာ” ကို ဆိုလို​တယ်။ ၂၀၂၀ နှစ်ချုပ်​ကျမ်းချက် ဖြစ်​တဲ့ မဿဲ ၂၈:၁၉ က လူတွေကို ကျမ်းစာ​သင်ပေးတာ၊ ယေရှုခရစ်ရဲ့ နှစ်ခြင်း​ခံ​ပြီး​သား တပည့် ဖြစ်လာအောင် ကူညီ​ပေး​တာ ဘယ်လောက် အရေးကြီးကြောင်း သတိရစေတယ်။ အဲဒီ​အရေးကြီး​လုပ်ငန်းမှာ ဘယ်လို တိုးတက်​နိုင်​ကြောင်း ဒီ​ဆောင်းပါး​နဲ့ နောက်​ဆောင်းပါး​မှာ လေ့လာ​ပါ​မယ်။

^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– ကျမ်းစာ​ကို သုံးပြီး ပုံမှန်၊ စနစ်တကျ ဆွေးနွေး​နေတယ်​ဆိုရင် ကျမ်းစာ​သင်အံမှု ကျင်းပ​နေတာ ဖြစ်တယ်။ ကျမ်းစာ​သင်အံမှု နှစ်ကြိမ် ကျင်းပ​ပြီးပြီ၊ ဆက်သင်​ဖို့​လည်း အလားအလာ ရှိတယ်ဆိုရင် သင်အံမှု မှတ်တမ်း သွင်း​နိုင်​ပါ​တယ်။

^ အပိုဒ်၊ 3 ၂၀၀၄၊ ဇူလိုင်​ကနေ ၂၀၀၅၊ မေ ကျွန်ုပ်​တို့၏ နိုင်ငံတော် ဓမ္မ​အမှု မှာပါတဲ့ “တိုးတက်သော ကျမ်းစာ​သင်အံမှုများ ကျင်းပ​ခြင်း” ဆောင်းပါးတွဲ​တွေ​ထဲ​က အကြံပြုချက်​တွေ​လည်း ဒီ​ဆောင်းပါး​တွေ​မှာ ပါ​တယ်။

^ အပိုဒ်၊ 9 ကြိုတင်​ပြင်ဆင်​ဖို့ သင်သားကို သင်ပေးပါ လေး​မိနစ်​ကြာ ဗီဒီယိုကို ကြည့်ပါ။ JW Library® ထဲ​က MEDIA > OUR MEETINGS AND MINISTRY > IMPROVING OUR SKILLS မှာ ကြည့်​ပါ။

^ အပိုဒ်၊ 10 သမ္မာကျမ်းစာ သွန်သင်ချက်​များ > ကျမ်းစာ​လေ့လာမှု ကိရိယာ​များ မှာ​ကြည့်​ပါ။

^ အပိုဒ်၊ 14 JW Library® ထဲ​က MEDIA > OUR MEETINGS AND MINISTRY > TOOLS FOR THE MINISTRY မှာ ကြည့်​ပါ။