မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၄

ဘုရားကို ဝတ်ပြုသူတွေအဖြစ် ကြီးပြင်းလာကြမလား

ဘုရားကို ဝတ်ပြုသူတွေအဖြစ် ကြီးပြင်းလာကြမလား

“ယေရှုဟာ ကာယ​ဉာဏ နှစ်တန်စလုံး ကြီးထွား ဖွံ့ဖြိုး​လာတယ်။ ဘုရားသခင်​ရှေ့၊ လူရှေ့ မျက်နှာသာ ရတဲ့​သူ ဖြစ်လာ​တယ်။”—လု. ၂:၅၂

သီချင်း ၁၃၄ ဘုရား​ပေး သားသမီး​များ

အကြို​သုံးသပ်ချက် *

၁။ ဘာက အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်သလဲ။

မိဘတွေရဲ့ ရွေးချယ်မှု​က သားသမီးတွေ​အပေါ် ရေရှည် သက်ရောက်မှု ရှိတတ်တယ်။ မိဘတွေ ရွေးချယ်မှု ညံ့ဖျင်း​ရင် သားသမီးတွေ​အပေါ် ဆိုးကျိုး သက်ရောက်​နိုင်တယ်။ ပညာရှိရှိ ရွေးချယ်​ရင်​တော့ သားသမီးတွေ ပျော်ရွှင်​ကျေနပ်စရာ ဘဝ ပိုင်ဆိုင်​နိုင်​မယ်။ သားသမီးတွေလည်း ပညာရှိ ဆုံးဖြတ်ချက်​တွေ ချ​ရမယ်။ အကောင်းဆုံး ဆုံးဖြတ်ချက်​က​တော့ မေတ္တာရှင် ကောင်းကင်ဖခင် ယေဟောဝါ​ကို ဝတ်ပြုဖို့​ပါ​ပဲ။—ဆာ. ၇၃:၂၈

၂။ ယေရှုနဲ့ သူ့ရဲ့ မိဘတွေ ဘယ်​ပညာရှိ ရွေးချယ်မှု​တွေ လုပ်ခဲ့သလဲ။

ယေဟောဝါ​ကို ဝတ်ပြု​သူတွေ ဖြစ်​လာအောင် သားသမီးတွေကို ကူညီ​ပေး​ဖို့ ယေရှုရဲ့ မိဘတွေ စိတ်ပိုင်းဖြတ်​ထား​တယ်။ ယေဟောဝါ​ကို ဝတ်ပြုခြင်း​ဟာ ဘဝမှာ အဓိက ဖြစ်​ကြောင်း သူတို့ရဲ့ ရွေးချယ်မှု​တွေ​က ဖော်ပြ​တယ်။ (လု. ၂:၄၀၊ ၄၁၊ ၅၂) ယေရှုလည်း ယေဟောဝါ​ရဲ့ အလိုဆောင်​ဖို့ အကူအညီ ဖြစ်စေ​တဲ့ ပညာရှိ ရွေးချယ်မှု​တွေ လုပ်ခဲ့တယ်။ (မ. ၄:၁-၁၀) ကြင်နာ​တတ်​သူ၊ သစ္စာ​ရှိသူ၊ သတ္တိ​ရှိသူ​အဖြစ် ကြီးပြင်း​လာတယ်။ ဘုရား​ကို ကြောက်ရွံ့​တဲ့ ဘယ်​မိဘ​မဆို ဒီလို​သားမျိုး​အတွက် ဂုဏ်ယူ​ဝမ်းသာ​မှာပဲ။

၃။ ဒီ​ဆောင်းပါး​မှာ ဘယ်​မေးခွန်းတွေ ဆွေးနွေး​မလဲ။

ယေရှု​အတွက် ဘယ်​ပညာရှိ ရွေးချယ်မှု​တွေ ယေဟောဝါ လုပ်ခဲ့သလဲ။ ယောသပ်နဲ့ မာရိ​တို့​ရဲ့ ရွေးချယ်မှု​ကနေ ခရစ်ယာန် မိဘတွေ ဘာ​သင်ယူ​နိုင်​သလဲ။ ယေရှုရဲ့ ရွေးချယ်မှု​ကနေ ခရစ်ယာန် လူငယ်တွေ ဘာ​သင်ယူ​နိုင်​သလဲ။ အဲဒီ​မေးခွန်းတွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

ယေဟောဝါ​ဆီကနေ သင်ယူပါ

၄။ သားတော်​အတွက် ယေဟောဝါ ဘယ်​အရေးကြီး ရွေးချယ်မှု လုပ်ခဲ့သလဲ။

ယေရှု​အတွက် အကောင်းဆုံး မိဘကို ယေဟောဝါ ရွေးချယ်​ပေး​တယ်။ (မ. ၁:၁၈-၂၃။ လု. ၁:၂၆-၃၈) ကျမ်းစာ​မှာ မှတ်တမ်း​တင်ထား​တဲ့ မာရိရဲ့ ရင်ဖွင့်​ဆုတောင်း​စကား​တွေ​က ယေဟောဝါ​နဲ့ ကျမ်းစာ​ကို ဘယ်လောက် မြတ်နိုး​ကြောင်း ပြ​တယ်။ (လု. ၁:၄၆-၅၅) ယေဟောဝါ​ရဲ့ ညွှန်ကြားချက်​ကို ယောသပ် လိုက်နာ​ပုံ​က​လည်း ဘုရား​ကို ကြောက်ရွံ့​ကြောင်း၊ ဘုရား​နှစ်သက်မှု ရ​ချင်​ကြောင်း ပြ​တယ်။—မ. ၁:၂၄

၅-၆။ ယေရှု ဘာတွေ ကြုံတွေ့​ဖို့ ယေဟောဝါ ခွင့်ပြု​ခဲ့​သလဲ။

ယေရှု​အတွက် ချမ်းသာ​တဲ့ မိဘကို ယေဟောဝါ မရွေးချယ်​ခဲ့​ဘူး။ ယေရှု မွေး​ပြီး​နောက် ဆက်သ​တဲ့ ပူဇော်သက္ကာ​ကို ကြည့်​ရင် ယောသပ်နဲ့ မာရိ ဆင်းရဲ​မှန်း သိနိုင်တယ်။ (လု. ၂:၂၄) နာဇရက်​မြို့က အိမ်ဘေး​မှာ ယောသပ်ရဲ့ လက်သမား အလုပ်ရုံ ရှိ​နိုင်တယ်။ အနည်းဆုံး သားသမီး ခုနစ်ယောက် ရှိ​နိုင်​လို့ မိသားစု ကြီး​လာတာ​နဲ့​အမျှ ခြိုးခြိုးခြံခြံ နေခဲ့ရ​မှာပဲ။—မ. ၁၃:၅၅၊ ၅၆

ယေဟောဝါ​က ယေရှုကို အန္တရာယ်​တချို့က​နေ ကာကွယ်​ပေမဲ့ အခက်အခဲ​တိုင်း​ကနေ​တော့ မကာကွယ်​ပေး​ဘူး။ (မ. ၂:၁၃-၁၅) ဥပမာ၊ မယုံကြည်​သူ ဆွေမျိုး​တွေ​နဲ့ ယေရှု ရင်ဆိုင်​ရတယ်။ အစပိုင်း​မှာ မိမိကို မေရှိယ​အဖြစ် မိသားစု​ရင်း​ချာ​တွေ လက်မခံ​တဲ့​အခါ စိတ်ပျက်​ခဲ့​မှာပဲ။ (မာ. ၃:၂၁။ ယော. ၇:၅) မွေးစား​ဖခင် ယောသပ် သေဆုံး​သွား​လို့ သားကြီး​အနေ​နဲ့ မိသားစု​လုပ်ငန်း​ကို လက်​လွှဲ​ယူ​ခဲ့​ရတယ်။ (မာ. ၆:၃) မိသားစု​တာဝန် ပခုံး​ပေါ် ကျ​လာလို့ ကြိုးကြိုးစားစား အလုပ်လုပ်​ခဲ့​ရမှာပဲ။ ဒါ​ကြောင့် တစ်​နေ​ကုန် အလုပ်​လုပ်ပြီးနောက် ဘယ်လောက် ပင်ပန်း​တယ်​ဆိုတာ ယေရှု ကိုယ်တွေ့ သိတယ်။

မိဘတို့၊ အကြံဉာဏ် ရဖို့ ကျမ်းစာ​ကို အားကိုး​တတ်​အောင် သင်ပေးခြင်း​အားဖြင့် လက်တွေ့​ဘဝကို သားသမီးတွေ ရင်ဆိုင်​နိုင်​ဖို့ ပြင်ဆင်​ပေး​ပါ (စာပိုဒ် ၇ ကိုကြည့်ပါ) *

၇။ (က) သားသမီး ပြုစု​ပျိုးထောင်​ခြင်း​နဲ့​ပတ်သက်ပြီး မောင်နှံစုံ​တွေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို မေးသင့်​သလဲ။ (ခ) ပညာအလိမ္မာ ၂:၁-၆ အရ ဘာလုပ်ဖို့ သားသမီးတွေကို သင်ပေး​ရမလဲ။

သင်ဟာ အိမ်ထောင်သည် ဖြစ်​ပြီး သားသမီး ယူဖို့ စဉ်းစား​နေတယ် ဆိုပါစို့။ ‘ငါဟာ သားသမီး​တစ်ယောက်ကို ပြုစု​ပျိုးထောင်​ဖို့ ယေဟောဝါ တာဝန်​ပေး​ရ​လောက်​အောင် နှိမ့်ချ​သူ၊ ဘုရားရေးရာ စိတ်ဓာတ် ရှိသူ ဟုတ်ရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ဆာ. ၁၂၇:၃၊ ၄) သားသမီး ရှိတဲ့ မိဘ ဖြစ်​မယ်​ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘သားသမီးတွေကို အလုပ်​ကြိုးစား​ဖို့ ငါ သင်ပေး​နေရဲ့လား။’ (ဒေ. ၃:၁၂၊ ၁၃) ‘စာတန့်​လောကမှာ ကြုံ​ရနိုင်တဲ့ ရုပ်ပိုင်း၊ စာရိတ္တ​ပိုင်း​ဆိုင်ရာ အန္တရာယ်​တွေ​ကနေ သားသမီးတွေကို အတတ်နိုင်ဆုံး ကာကွယ်​ပေး​နေရဲ့လား။’ (ပညာ. ၂၂:၃) ကြုံရမယ့် ပြဿနာ​တိုင်း​ကနေ​တော့ သားသမီးတွေကို ကာကွယ်​ပေး​နိုင်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ အကြံဉာဏ် ရဖို့ ကျမ်းစာ​ကို အားကိုး​တတ်​အောင် သင်ပေးခြင်း​အားဖြင့် လက်တွေ့​ဘဝကို ရင်ဆိုင်​နိုင်​ဖို့ တဖြည်းဖြည်း မေတ္တာပါ​စွာ ပြင်ဆင်​ပေး​နိုင်တယ်။ (ပညာအလိမ္မာ ၂:၁-၆ ကို​ဖတ်ပါ။) ဥပမာ၊ မိသားစုဝင်​တစ်ယောက် စစ်မှန်​တဲ့ ဝတ်ပြုရေးကို ကျောခိုင်း​သွားတဲ့အခါ ယေဟောဝါ​အပေါ် ဆက်​သစ္စာ​ရှိနေဖို့ ဘာကြောင့် အရေးကြီးကြောင်း သားသမီးတွေကို ပြောပြ​ပါ။ (ဆာ. ၃၁:၂၃) ဒါမှ​မဟုတ် ချစ်ရသူ​တစ်ယောက် ဆုံးပါး​သွားတဲ့အခါ ဝမ်းနည်းမှုကို ဖြေသိမ့်​ဖို့၊ စိတ်​ငြိမ်သက်​ဖို့ ကူညီ​ပေး​နိုင်​တဲ့ ကျမ်းချက်​တွေ ပြ​ပါ။—၂ ကော. ၁:၃၊ ၄။ ၂ တိ. ၃:၁၆

ယောသပ်နဲ့ မာရိ​ဆီကနေ သင်ယူပါ

၈။ တရားဟောရာ ၆:၆၊ ၇ မှာပါတဲ့​အတိုင်း ယောသပ်နဲ့ မာရိ ဘာ​လုပ်သလဲ။

ဘုရားသခင်​ရှေ့ မျက်နှာသာ ရသူ​အဖြစ် ယေရှု ကြီးပြင်း​လာအောင် ယောသပ်နဲ့ မာရိ ကူညီ​ပေး​တယ်။ မိဘတွေ​အတွက် ယေဟောဝါ ပေး​ထား​တဲ့ ညွှန်ကြားချက်​တွေ​ကို လိုက်နာတယ်။ (တရားဟောရာ ၆:၆၊ ၇ ကို​ဖတ်ပါ။) ယေဟောဝါ​ကို မိမိတို့ နှစ်နှစ်ကာကာ ချစ်​သလို သားသမီးတွေလည်း ချစ်တတ်​လာအောင် ကူညီ​ပေး​ဖို့​က သူတို့ရဲ့ အဓိက ပန်းတိုင်​ပဲ။

၉။ ယောသပ်နဲ့ မာရိ ဘယ်​အရေးကြီး ရွေးချယ်မှု​တွေ လုပ်ခဲ့သလဲ။

မိသားစု​လိုက် ယေဟောဝါ​ကို ဝတ်ပြုဖို့ ယောသပ်နဲ့ မာရိ ကြိုးစား​တယ်။ နာဇရက်​မြို့ တရား​ဇရပ်​ကို ပတ်စဉ် သွားတယ်။ ဂျေရုဆလင်​မြို့မှာ ကျင်းပ​တဲ့ ပသခါပွဲ​ကို နှစ်တိုင်း တက်တယ်။ (လု. ၂:၄၁။ ၄:၁၆) ဂျေရုဆလင်​မြို့ကို သွားတဲ့ ခရီးစဉ်​တစ်လျှောက် သားသမီးတွေကို ယေဟောဝါ​လူမျိုး​ရဲ့ သမိုင်းကြောင်း ပြောပြ​ရင်း ကျမ်းစာ​မှာ ပါ​တဲ့ နေရာတွေကို ဝင်​လည်​ခဲ့​မှာပဲ။ သားသမီး များ​လာတာ​နဲ့​အမျှ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ပုံမှန် ပါဝင်​ရတာ ယောသပ်နဲ့ မာရိ​အတွက် လွယ်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကြိုးစား​ရ​ကျိုး နပ်​ပါ​တယ်။ ဝတ်ပြုရေးကို ဦးစား​ထား​တဲ့​အတွက် မိသားစု​လိုက် ယေဟောဝါ​နဲ့ ရင်းနှီး​နေခဲ့တယ်။

၁၀။ ယောသပ်နဲ့ မာရိ​ဆီကနေ ခရစ်ယာန် မိဘတွေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၀ ယောသပ်နဲ့ မာရိ​ဆီကနေ ခရစ်ယာန် မိဘတွေ ဘာ​သင်ယူ​နိုင်​သလဲ။ အရေးကြီးဆုံး အချက်​က​တော့ ယေဟောဝါ​ကို သင် နှစ်နှစ်ကာကာ ချစ်​ကြောင်း သားသမီးတွေကို အပြော၊ အလုပ်နဲ့ သင်ပေးပါ။ ယေဟောဝါ​ကို ချစ်တတ်​လာအောင် ကူညီ​ပေးခြင်း​ဟာ သားသမီးတွေကို ပေး​နိုင်​သမျှ​မှာ အကောင်းဆုံး လက်ဆောင်​ပဲ။ ဒါ့အပြင် ကျမ်းစာ​လေ့လာခြင်း၊ ဆုတောင်းခြင်း၊ အစည်းအဝေး တက်​ခြင်း၊ အမှုဆောင်မှာ ပါဝင်ခြင်း​စတဲ့ အလေ့အထ​ကောင်း​တွေ ရှိဖို့ သင်ပေး​နိုင်တယ်။ (၁ တိ. ၆:၆) စား​ဝတ်​နေ​ရေး​ကို​လည်း ထောက်မပေး​ရမယ်။ (၁ တိ. ၅:၈) ဒါပေမဲ့ ဒီ​စနစ်ဟောင်း အဆုံးတိုင်​တဲ့​အခါ လွတ်မြောက်​ဖို့၊ ကမ္ဘာသစ်​ထဲ ဝင်နိုင်ဖို့ သားသမီးတွေကို ကူညီ​ပေး​မှာ ပစ္စည်းဥစ္စာ မဟုတ်ဘဲ ယေဟောဝါ​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ဖြစ်​ကြောင်း သတိရပါ။ *ယေဇ. ၇:၁၉။ ၁ တိ. ၄:၈

ယေဟောဝါ​နဲ့ ရင်းနှီး​ဖို့ သားသမီးတွေကို ကူညီ​ပေး​နိုင်အောင် ပညာရှိ ရွေးချယ်မှု​တွေ လုပ်နေတဲ့ ခရစ်ယာန် မိဘများ​စွာ​ကို မြင်ရ​တာ အားရှိစရာ​ပါ​ပဲ (စာပိုဒ် ၁၁ ကိုကြည့်ပါ) *

၁၁။ (က) ၁ တိမောသေ ၆:၁၇-၁၉ မှာပါတဲ့ အကြံဉာဏ်​က သားသမီး ပြုစု​ပျိုးထောင်​ရာ​မှာ ပညာရှိ ရွေးချယ်မှု​တွေ လုပ်ဖို့ မိဘတွေကို ဘယ်လို ကူညီ​ပေး​မလဲ။ (ခ) မိသားစု​လိုက် ဘာတွေ လုပ်ဖို့ ပန်းတိုင်​ထား​နိုင်​သလဲ။ ဘာ​ကောင်းချီး​တွေ ရနိုင်သလဲ။ (“ ထား​သင့်တဲ့ ပန်းတိုင်​များ” လေးထောင့်ကွက်​ကို ကြည့်​ပါ။)

၁၁ ယေဟောဝါ​နဲ့ ရင်းနှီး​ဖို့ သားသမီးတွေကို ကူညီ​ပေး​နိုင်အောင် ပညာရှိ ရွေးချယ်မှု​တွေ လုပ်နေတဲ့ ခရစ်ယာန် မိဘများ​စွာ​ကို မြင်ရ​တာ အားရှိစရာ​ပါ​ပဲ။ သူတို့က အတူတကွ ပုံမှန် ဝတ်ပြုတယ်။ အသင်းတော် အစည်းအဝေးတွေ၊ အစည်းအဝေးကြီး​တွေ တက်တယ်။ အမှုဆောင်မှာ ပါဝင်​တယ်။ မိသားစု​တချို့​ဆိုရင် သီးခြား​ရပ်ကွက်တွေမှာ ဟောပြောဖို့ စီစဉ်​ကြတယ်။ ဗေသလ​ကို သွားလည်တယ်။ ဆောက်လုပ်ရေး စီမံကိန်း​တွေ​မှာ ကူညီ​ကြတယ်။ အဲဒါတွေ လုပ်ဖို့ ငွေ​ကုန်​ကြေး​ကျ ရှိ​မှာ ဖြစ်​လို့ လွယ်​တော့ မလွယ်​ဘူး။ ဒါပေမဲ့ ယေဟောဝါ​ရဲ့ ကောင်းချီး အလျှံပယ် ခံစား​နေကြ​ရတယ်။ (၁ တိမောသေ ၆:၁၇-၁၉ ကို​ဖတ်ပါ။) အဲဒီလို​မိသားစုမှာ ကြီးပြင်း​လာတဲ့ သားသမီးတွေဟာ ဘဝ​တစ်လျှောက်​လုံး အလေ့အထ​ကောင်း​တွေ ဆက်​ရှိသွား​တတ်တယ်။ အဲဒီ​အတွက် မိဘတွေကို ကျေးဇူး​တင်​နေတတ်​ကြတယ်။ *ပညာ. ၁၀:၂၂

ယေရှု​ဆီကနေ သင်ယူပါ

၁၂။ ယေရှု ကြီးပြင်း​လာတာ​နဲ့​အမျှ ဘာတွေ လုပ်ခဲ့​ရသလဲ။

၁၂ ယေရှုရဲ့ ကောင်းကင်ဖခင်​ကော လူသား​မိဘတွေ​ပါ ယေရှု​အတွက် ပညာရှိ ရွေးချယ်မှု​တွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကြီးပြင်း​လာတာ​နဲ့​အမျှ ယေရှု​ကိုယ်တိုင်​လည်း ရွေးချယ်မှု​တွေ လုပ်​ရတယ်။ (ဂလ. ၆:၅) ကျွန်တော်​တို့အားလုံး​လို​ပဲ ယေရှုမှာ လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့် ရှိတယ်။ ယေရှုဟာ ကိုယ်ကျိုး ရှာ​ချင်​ရင် ရှာ​လို့ ရတယ်။ ဒါပေမဲ့ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိဖို့ ကြိုးစား​ခဲ့​တယ်။ (ယော. ၈:၂၉) ယေရှုရဲ့ ပုံသက်သေ​က ဒီနေ့​ခေတ် လူငယ်တွေကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

လူငယ်တို့၊ မိဘတွေရဲ့ လမ်းညွှန်မှုကို ဘယ်တော့မှ အာမခံ​ပါ​နဲ့ (စာပိုဒ် ၁၃ ကိုကြည့်ပါ) *

၁၃။ ကလေး​ဘဝ​တုန်း​က ယေရှု ဘယ်​အရေးကြီး ရွေးချယ်မှု​တွေ လုပ်ခဲ့​ရသလဲ။

၁၃ ယေရှုဟာ မိဘတွေကို လက်အောက်ခံ​တယ်။ မိဘတွေရဲ့ လမ်းညွှန်မှုကို တစ်ခါ​မှ အာမခံ​ဘူး။ သူတို့ထက် ပို​သိတယ်လို့ မယူဆ​ဘူး။ အဲဒီအစား “မိဘ​စကား​ကို အမြဲ နာခံ​တယ်။” (လု. ၂:၅၁) မိဘ ခိုင်း​တဲ့ အလုပ်တွေကို သားကြီး​တစ်ယောက်​အနေ​နဲ့ အတတ်နိုင်ဆုံး လုပ်ခဲ့​မှာပဲ။ မိသားစုကို ထောက်ပံ့​နိုင်​ဖို့​လည်း အဖေ့​အလုပ်ကို ကြိုးစား​သင်ယူ​ခဲ့​မှာ သေချာတယ်။

၁၄။ ကျမ်းစောင်​တွေ​ကို ယေရှု ထက်ထက်သန်သန် လေ့လာ​ကြောင်း ဘယ်လို သိရသလဲ။

၁၄ အံ့ဖွယ်​နည်းနဲ့ မွေးဖွား​လာတဲ့​အကြောင်း၊ သူနဲ့​ပတ်သက်ပြီး ဘုရား​ရဲ့ စေတမန်​တွေ ဘာ​ပြော​ခဲ့​ကြောင်း ယေရှုကို မိဘတွေ ပြန်​ပြောပြ​ခဲ့​မှာပဲ။ (လု. ၂:၈-၁၉၊ ၂၅-၃၈) ဒါပေမဲ့ ယေရှုဟာ မိဘတွေ ပြောပြ​တာ​လောက်​နဲ့​ပဲ ကျေနပ်​မနေဘူး။ ကျမ်းစောင်​တွေ​ကို ကိုယ်တိုင် လေ့လာ​တယ်။ ဘယ်လို သိရသလဲ။ ဂျေရုဆလင်​မြို့က ဆရာ​တွေ​ဟာ လူငယ်​ယေရှုရဲ့ “အဖြေပေး​ပုံ၊ ဉာဏ်​ထက်မြက်​ပုံ​ကို တအံ့​တဩ” ဖြစ်​ခဲ့​ကြတယ်။ (လု. ၂:၄၆၊ ၄၇) အသက် ၁၂ နှစ်ပဲ ရှိသေး​ပေမဲ့ ယေဟောဝါ​ဟာ မိမိ​ဖခင် ဖြစ်​ကြောင်း သိနေ​ပြီ။—လု. ၂:၄၂၊ ၄၃၊ ၄၉

၁၅။ ယေဟောဝါ​ရဲ့ အလိုတော် ဆောင်​ဖို့ ရွေးချယ်​ကြောင်း ယေရှု ဘယ်လို ပြသ​လဲ။

၁၅ ယေဟောဝါ​ရဲ့ ရည်ရွယ်ချက်မှာ မိမိရဲ့ အခန်းကဏ္ဍကို သိလာတဲ့​အခါ တာဝန်​ကို ယေရှု လက်ခံခဲ့တယ်။ (ယော. ၆:၃၈) လူ​များစွာရဲ့ မုန်းတီးမှု ခံရ​မှာ သိတယ်။ ဒါဟာ မနှစ်မြို့​စ​ရာ ဖြစ်​ပေမဲ့ ယေဟောဝါ​ကို လက်အောက်ခံ​ဖို့ ရွေးချယ်​ခဲ့​တယ်။ အေဒီ ၂၉ မှာ နှစ်ခြင်း​ခံ​ချိန်​ကစပြီး ယေဟောဝါ​ရဲ့ အလိုတော် ဆောင်ခြင်း​ဟာ ဘဝမှာ အဓိက ဖြစ်လာ​တယ်။ (ဟီ. ၁၀:၅-၇) ဒုက္ခ​သစ်တိုင်ပေါ် သေဆုံး​ချိန်​အထိ ဖခင်​ရဲ့ အလိုတော်အတိုင်း လုပ်ဆောင်ခဲ့တယ်။—ယော. ၁၉:၃၀

၁၆။ ယေရှု​ဆီကနေ သားသမီးတွေ သင်ယူနိုင်တဲ့ သင်ခန်းစာ​တစ်ခု​က ဘာလဲ။

၁၆ မိဘတွေကို နာခံ​ပါ။ ယောသပ်နဲ့ မာရိ​လို​ပဲ သင့်​မိဘတွေဟာ မစုံလင်သူ​တွေ ဖြစ်တယ်။ ဒါပေမဲ့ သင့်ကို ကာကွယ်၊ လေ့ကျင့်၊ လမ်းညွှန်​ပေး​ဖို့ ယေဟောဝါ​ဆီကနေ တာဝန်​ရထား​ကြတယ်။ သူတို့ရဲ့ အကြံဉာဏ်​ကို တန်ဖိုး​ထား​မယ်၊ အခွင့်အာဏာကို လေးစား​မယ်​ဆိုရင် သင် “ကောင်းစား​လိမ့်မယ်။”—ဧ. ၆:၁-၄

၁၇။ ယောရှု ၂၄:၁၅ အရ လူငယ်တွေ ဘာ​ဆုံးဖြတ်​ရမလဲ။

၁၇ ဘယ်သူ့ကို ဝတ်ပြုမယ်​ဆိုတာ ဆုံးဖြတ်​ပါ။ ယေဟောဝါ​ဟာ ဘယ်လို ဘုရား​မျိုး ဖြစ်​ကြောင်း၊ ဘုရား​ရည်ရွယ်ချက်မှာ ဘာတွေ ပါဝင်​ကြောင်း၊ ဘုရား​အလိုတော်​ဟာ သင့်​အသက်တာနဲ့ ဘယ်လို ဆက်စပ်​နေကြောင်း သိအောင် လုပ်ပါ။ (ရော. ၁၂:၂) ဒါဆိုရင် ယေဟောဝါ​ကို ဝတ်ပြုဖို့​ဆို​တဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက်​ကို ချ​နိုင်​ပါ​လိမ့်မယ်။ (ယောရှု ၂၄:၁၅ ကို​ဖတ်ပါ။ ဒေ. ၁၂:၁) ကျမ်းစာ ပုံမှန် ဖတ်ရှု​လေ့လာ​မယ်​ဆိုရင် ယေဟောဝါ​ကို ချစ်တဲ့ မေတ္တာနဲ့ ယုံကြည်ခြင်း တိုးများ​လာပါလိမ့်မယ်။

၁၈။ လူငယ်တွေ ဘာလုပ်ဖို့ ရွေးချယ်​ရမလဲ။ ဘာ​ရလဒ် ရမလဲ။

၁၈ ယေဟောဝါ​ရဲ့ အလိုတော် ဆောင်ခြင်း​ကို ဦးစား​ထား​ပါ။ ကိုယ့်​အစွမ်းအစတွေကို ကိုယ်ကျိုး​အတွက် သုံး​ရင် ပျော်ရွှင်​မယ်​လို့ စာတန့်​လောက,က ပြော​တယ်။ တကယ်တော့ စည်းစိမ်​ကြွယ်ဝ​ဖို့ ဦးစား​ထား​သူတွေဟာ “ဝေဒနာ​များစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်​ကြတယ်။” (၁ တိ. ၆:၉၊ ၁၀) ယေဟောဝါ​ကို နာခံ​မယ်၊ ဘုရား​အလို ဆောင်ခြင်း​ကို ဦးစား​ထား​မယ်​ဆိုရင်တော့ “ဘဝ​လမ်းခရီး အောင်မြင်​ပြီး ဉာဏ်​ပညာရှိရှိ လုပ်ဆောင်​နိုင်​မယ်။”—ယောရှု ၁:၈

သင် ဘာလုပ်ဖို့ ရွေးချယ်​မလဲ

၁၉။ မိဘတွေ ဘာကို သတိရ​ရမလဲ။

၁၉ မိဘတို့၊ ယေဟောဝါ​ကို ဝတ်ပြုဖို့ သားသမီးတွေကို အတတ်နိုင်ဆုံး ကူညီ​ပါ။ ဘုရား​ကို အားကိုးပါ။ ဒါဆိုရင် ပညာရှိ ရွေးချယ်မှု​တွေ လုပ်နိုင်အောင် ဘုရား ကူညီ​ပေး​လိမ့်မယ်။ (ပညာ. ၃:၅၊ ၆) သင့်​အပြော​ထက် အလုပ်​က သားသမီးတွေ​အပေါ် ပို​ဩဇာ​သက်ရောက်​မှန်း သတိရပါ။ ယေဟောဝါ​ရှေ့ သားသမီးတွေ မျက်နှာသာ ရစေမယ့် ဆုံးဖြတ်ချက်​တွေ ချပါ။

၂၀။ ယေဟောဝါ​ကို ဝတ်ပြုဖို့ ရွေးချယ်​ရင် ဘယ်​ကောင်းချီး​တွေ ရမလဲ။

၂၀ လူငယ်တို့၊ ဘဝမှာ ပညာရှိ ရွေးချယ်မှု​တွေ လုပ်နိုင်အောင် မိဘတွေ ကူညီ​ပေး​နိုင်တယ်။ ဒါပေမဲ့ ဘုရား​မျက်နှာသာ ရဖို့​က​တော့ သင့်​အပေါ် မူတည်တယ်။ ဒါ​ကြောင့် ယေရှုကို တုပ​ပြီး မေတ္တာရှင် ကောင်းကင်ဖခင်​ကို ဝတ်ပြုဖို့ ရွေးချယ်​ပါ။ ဒါဆိုရင် လောလောဆယ် အဓိပ္ပာယ် ရှိပြီး စိတ်လှုပ်ရှား ပျော်ရွှင်စရာ ဘဝကို ရမယ်။ (၁ တိ. ၄:၁၆) အနာဂတ်​မှာလည်း ကျေနပ်စရာ အကောင်းဆုံး ဘဝကို ရရှိ​ပါ​လိမ့်မယ်။

သီချင်း ၁၃၃ လူငယ်​ဘဝမှာ ယေဟောဝါ​ကို ကိုးကွယ်​ကြ

^ အပိုဒ်၊ 5 ခရစ်ယာန် မိဘတွေဟာ သားသမီးတွေကို ယေဟောဝါ​ကို ပျော်ရွှင်စွာ ဝတ်ပြု​သူတွေ​အဖြစ် ကြီးပြင်း​လာ​စေချင်တယ်။ အဲဒီလို​ဖြစ်​နိုင်​ဖို့ မိဘတွေ ဘာလုပ်​နိုင်​သလဲ။ ခရစ်ယာန် လူငယ်တွေလည်း ဘဝမှာ စစ်မှန်​တဲ့ အောင်မြင်မှု ရဖို့ ဘာလုပ်​နိုင်​သလဲ။ အဲဒီ​မေးခွန်းတွေကို ဒီ​ဆောင်းပါး​မှာ လေ့လာ​ပါ​မယ်။

^ အပိုဒ်၊ 66 ပုံအညွှန်း– ယေဟောဝါ​ကို နက်နက်ရှိုင်းရှိုင်း ချစ်တတ်​လာအောင် လူငယ်​ယေရှုကို မာရိ ကူညီ​ပေး။ ဒီနေ့​ခေတ် မိခင်​တွေလည်း သားသမီးတွေ ယေဟောဝါ​ကို ချစ်တတ်​လာအောင် ကူညီ​ပေး​နိုင်။

^ အပိုဒ်၊ 68 ပုံအညွှန်း– မိသားစုနဲ့​အတူ တရား​ဇရပ် သွား​ရတာကို ယောသပ် တန်ဖိုး​ထား။ ဒီနေ့​ခေတ် ဖခင်​တွေ​လည်း မိသားစုနဲ့​အတူ အသင်းတော် အစည်းအဝေးတွေ တက်​ရတာကို တန်ဖိုး​ထား​နိုင်။

^ အပိုဒ်၊ 70 ပုံအညွှန်း– ဖခင်​ဆီကနေ လက်မှုပညာ ယေရှု သင်ယူ။ ဒီနေ့​ခေတ် လူငယ်တွေလည်း ဖခင်​ဆီကနေ သင်ယူ​နိုင်။