၁၉၂၀—လွန်ခဲ့သော နှစ်တစ်ရာ
၁၉၂၀ အစမှာ ယေဟောဝါရဲ့ လူမျိုးဟာ ရှေ့မှာ လုပ်ရမယ့် လုပ်ငန်းတွေအတွက် အသင့်ဖြစ်နေတယ်။ ‘ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း ဖြစ်၏’ ဆိုတဲ့ ကျမ်းချက်ကို ၁၉၂၀ အတွက် နှစ်ချုပ်ကျမ်းချက်အဖြစ် ရွေးချယ်ခဲ့တယ်။ —ဆာ. ၁၁၈:၁၄၊ ဂျိမ်းဘုရင် ဘာသာပြန်ကျမ်း။
စိတ်ထက်သန်တဲ့ ဟောပြောသူတွေကို ယေဟောဝါ ခွန်အားပေးတယ်။ အဲဒီနှစ်အတွင်း ကော်ပေါ်တာလို့ ခေါ်တဲ့ ရှေ့ဆောင်အရေအတွက် ၂၂၅ ယောက်ကနေ ၃၅၀ အထိ တိုးများလာတယ်။ ဦးဆုံးအနေနဲ့ ကြေညာသူ ၈၀၀၀ ကျော် မှတ်တမ်း ပေးပို့ခဲ့တယ်။ သူတို့ကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးခဲ့တာ ထင်ရှားတယ်။
ထူးထူးခြားခြား ဇွဲထက်သန်
၁၉၂၀၊ မတ် ၂၁ မှာ အဲဒီတုန်းက ကျမ်းစာကျောင်းသားတွေကို ဦးဆောင်နေတဲ့ ဂျိုးဇက် အက်ဖ် ရပ်သဖော့က “ယနေ့ အသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မှ မသေတော့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောချက် ပေးတယ်။ စိတ်ဝင်စားသူတွေ လာတက်ဖို့ ကျမ်းစာကျောင်းသားတွေ အတတ်နိုင်ဆုံး ဖိတ်ခေါ်ခဲ့တယ်။ နယူးယောက်မြို့က အကြီးဆုံး ပြဇာတ်ရုံကို ငှားပြီး ဖိတ်စာ ၃၂၀,၀၀၀ လောက် ဝေငှခဲ့ကြတယ်။
မျှော်လင့်ထားတာထက် တက်ရောက်သူ ပိုများတယ်။ ပြဇာတ်ရုံမှာ လူ ၅၀၀၀ ပဲ ဆံ့လို့ ၇၀၀၀ ကျော်လောက် ပြန်သွားရတယ်။ “အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားတွေရဲ့ အအောင်မြင်ဆုံး စည်းဝေးပွဲတစ်ခု” လို့ ကင်းမျှော်စင် မှာ ဖော်ပြခဲ့တယ်။
ကျမ်းစာကျောင်းသားတွေဟာ “ယနေ့ အသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မှ မသေတော့” ဆိုတဲ့အကြောင်း ကြေညာတဲ့အတွက် လူသိများလာတယ်။ နိုင်ငံတော်သတင်းကို ဒီထက် ပိုကျယ်ကျယ်ပြန့်ပြန့် ဟောရမယ်ဆိုတာ အဲဒီတုန်းက နားမလည်ကြသေးဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဇွဲကတော့ တကယ် ထူးခြားပါတယ်။ ၁၉၀၂ ကစပြီး အစည်းအဝေးတွေ တက်နေတဲ့ အီဒါ အွန်စတက်က “လူသားအားလုံးအတွက် ကောင်းချီးတွေ စောင့်ကြိုနေမှန်း သိလို့ အမှုဆောင်မှာ ဆုံတွေ့ရသူတိုင်းကို သတင်းကောင်း ဟောပြောဖို့ ကြိုးစားကြတယ်” လို့ ပြောတယ်။
စာပေ ထုတ်လုပ်ခြင်း
ဗေသလမှာ ရှိတဲ့ ညီအစ်ကိုတွေကိုယ်တိုင် ကျမ်းစာ စာပေတချို့ စတင် ပုံနှိပ်တယ်။ ပုံနှိပ်စက် ဝယ်ပြီး အမှတ် ၃၅၊ မာတဲလ်လမ်း၊ ဘရွတ်ကလင်၊ နယူးယောက်မှာ ရှိတဲ့ ငှားရမ်းထားတဲ့ အဆောက်အဦမှာ တပ်ဆင်ကြတယ်။ အဲဒီအဆောက်အဦဟာ ဗေသလအိမ်နဲ့ သိပ်မဝေးဘူး။
၁၉၂၀၊ ဇန်နဝါရီမှာ လီယို ပဲလ်နဲ့ ဝေါ်တာ ကက်စလာတို့ ဗေသလကို ရောက်လာတယ်။ “ကျွန်တော်တို့ ရောက်တာနဲ့ ပုံနှိပ်စက်ရုံ ကြီးကြပ်မှူးက ‘နေ့လယ်စာ စားဖို့ တစ်နာရီခွဲလောက် လိုသေးတယ်’ လို့ ပြောပြီး မြေအောက်ခန်းထဲက စာအုပ်ပုံးတွေ သယ်ခိုင်းတယ်” လို့ ဝေါ်တာ ပြန်ပြောပြတယ်။
နောက်နေ့မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ လီယို အခုလို ပြောတယ်– “အဆောက်အဦ မြေညီထပ်က နံရံတွေကို ဆေးဖို့ တာဝန်
ရတယ်။ လုပ်ခဲ့သမျှမှာ အညစ်ပတ်ဆုံး အလုပ်ပဲ။ ဒါပေမဲ့ သခင့်လုပ်ငန်းဆိုတော့ လုပ်ရကျိုးနပ်ပါတယ်။”သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ဇွဲထက်သန်တဲ့ စေတနာ့ဝန်ထမ်းတွေက ကင်းမျှော်စင် ကို စတင် ပုံနှိပ်ကြတယ်။ ဒုတိယထပ်က ပုံနှိပ်စက်မှာ ၁၉၂၀၊ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် စောင်ရေ ခြောက်သောင်းလောက်ကို ပုံနှိပ်ခဲ့တယ်။ အဲဒီအတောအတွင်း ညီအစ်ကိုတွေက တိုက်သင်္ဘောလို့ နာမည်ပေးထားတဲ့ ပုံနှိပ်စက်ကို မြေအောက်ခန်းမှာ တပ်ဆင်ကြတယ်။ ၁၉၂၀၊ ဧပြီ ၁၄ ရွှေခေတ် စာစောင်က စပြီး အဲဒီမှာ ပုံနှိပ်ကြတယ်။ အဲဒီ တလိုတလား အမှုဆောင်သူတွေရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးခဲ့တာ သေချာတယ်။
“သခင့်လုပ်ငန်းဆိုတော့ လုပ်ရကျိုးနပ်ပါတယ်”
“ငြိမ်သက်စည်းလုံးစွာ နေထိုင်ကြစို့”
ယေဟောဝါရဲ့ သစ္စာရှိလူမျိုးဟာ အားသစ်အင်သစ်နဲ့ ပြန်အမှုဆောင်နေပြီ။ ဒါပေမဲ့ ၁၉၁၇ ကနေ ၁၉၁၉၊ ကသောင်းကနင်းကာလအတွင်း ကျမ်းစာကျောင်းသားတချို့ အဖွဲ့အစည်းကို ကျောခိုင်းသွားတယ်။ သူတို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။
၁၉၂၀၊ ဧပြီ ၁ ကင်းမျှော်စင် မှာ “ငြိမ်သက်စည်းလုံးစွာ နေထိုင်ကြစို့” ဆိုတဲ့ ဆောင်းပါး ပါလာတယ်။ “သခင့်စွမ်းအားတော် ပိုင်ဆိုင်သူတိုင်း အတိတ်ကို မေ့ထားပြီး ဘုရားလူမျိုးနဲ့အတူ ငြိမ်သက်စည်းလုံးစွာ ဆက်အမှုဆောင်မယ်ဆိုတာ ကျွန်တော်တို့ စိတ်ချပါတယ်” လို့ ဆောင်းပါးမှာ အားပေးထားတယ်။
ကြင်နာမှု ရှိတဲ့ အဲဒီစကားတွေကို လူများစွာ တုံ့ပြန်ခဲ့ကြတယ်။ ဇနီးမောင်နှံတစ်စုံ ဒီလိုရေးတယ်– “တခြားသူတွေ ဟောပြောနေချိန်မှာ ကျွန်တော်တို့ကတော့ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး အေးအေးဆေးဆေး နေခဲ့တာ သိပ်မှားတယ်။ အဲဒီလို နောက်ထပ် ဘယ်တော့မှ မဖြစ်စေရဘူးလို့ စိတ်ပိုင်းဖြတ်ထားပါတယ်။” ပြန်တက်ကြွလှုပ်ရှားလာတဲ့ အဲဒီလုပ်သားတွေအတွက် ရှေ့မှာ လုပ်စရာ အများကြီး ရှိနေတယ်။
ဇက်ဂျီ (ZG) ဝေငှခြင်း
၁၉၂၀၊ ဇွန် ၂၁ မှာ ကျမ်းစာကျောင်းသားတွေဟာ ပြီးဆုံးလေသော နက်နဲရာ * စာအုပ်ကို အဖုံးပျော့ပုံစံနဲ့ ထုတ်ထား တဲ့ “ဇက်ဂျီ” ကို ဝေငှဖို့ အပြင်းအထန် ကြိုးစားကြတယ်။ ၁၉၁၈ မှာ စာအုပ် ပိတ်ပင်ခံရတုန်းက စာအုပ်တွေ အများကြီး ကျန်နေတာ။
ရှေ့ဆောင်တွေသာမက ကြေညာသူတိုင်း စာအုပ်ဝေငှခြင်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်။ “နှစ်ခြင်းခံပြီးသား ကြေညာသူတိုင်း ဒီလုပ်ငန်းမှာ ပါဝင်ကြပါ။ ‘မဖြစ်မနေ ဇက်ဂျီ ဝေ’ ဆိုတာ အခုကစပြီး လူတိုင်းအတွက် ဆောင်ပုဒ် ဖြစ်သွားပြီ။” လူများစွာအတွက်တော့ ဒီကင်ပိန်းဟာ တစ်အိမ်တက်ဆင်းလုပ်ငန်းမှာ ဦးဆုံး ပါဝင်ရတဲ့ အတွေ့အကြုံပဲလို့ အဒ်မန် ဟူပါ ပြောတယ်။ “မျှော်လင့်ထားတာထက် လုပ်စရာ အများကြီး ရှိမှန်း စတင် သဘောပေါက်လာတယ်” လို့ သူ ဆက်ပြောတယ်။
ဥရောပမှာ လုပ်ငန်း ပြန်စီစဉ်ဖွဲ့စည်းခြင်း
ပထမကမ္ဘာစစ်အတွင်း တခြားနိုင်ငံမှာရှိတဲ့ ကျမ်းစာကျောင်းသားတွေနဲ့ ဆက်သွယ်ဖို့ ခက်တဲ့အတွက် ညီအစ်ကို ရပ်သဖော့က သူတို့ဆီ လည်ပတ်အားပေးပြီး ဟောပြောခြင်းလုပ်ငန်း ပြန်စီစဉ်ဖွဲ့စည်းပေးချင်တယ်။ ဒါကြောင့် ၁၉၂၀၊ ဩဂုတ် ၁၂ မှာ ညီအစ်ကို လေးယောက်နဲ့အတူ ဗြိတိန်၊ ဥရောပတိုက်နဲ့ အရှေ့အလယ်ပိုင်းကို ခရီးထွက်ခဲ့တယ်။
ဗြိတိန်ကို ညီအစ်ကို ရပ်သဖော့ လည်ပတ်တဲ့အခါ စည်းဝေးပွဲကြီး သုံးခုနဲ့ လူထုစည်းဝေးပွဲ ၁၂ ခု ကျင်းပတယ်။ စုစုပေါင်း တက်ရောက်သူ ၅၀,၀၀၀ လောက် ရှိတယ်။ ကင်းမျှော်စင် မှာ အဲဒီလည်ပတ်မှုအကြောင်း ဒီလိုဖော်ပြတယ်– “ညီအစ်ကို/မတွေ အားရှိသွားကြတယ်။ အမှုတော်မှာ မေတ္တာနဲ့ ပိုစည်းစည်းလုံးလုံး လုပ်ဆောင်ဖို့ လှုံ့ဆော်ခံရတယ်။ ဝမ်းနည်းအားငယ်နေသူတွေ ပျော်ရွှင်သွားကြတယ်။” “ယနေ့ အသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မှ မသေတော့” ဆိုတဲ့ ဟောပြောချက်ကို ပြင်သစ်မှာ ညီအစ်ကို ရပ်သဖော့ ထပ်ဟောတယ်။ စဟောတာနဲ့ ခန်းမထဲမှာ လူပြည့်နေပြီ။ လူသုံးရာလောက်က ထပ်ဆင့်အကြောင်းအရာတွေ ရှင်းပြပေးဖို့ တောင်းဆိုခဲ့တယ်။
နောက်သီတင်းပတ်တွေမှာ အေသင်၊ ကိုင်ရိုနဲ့ ဂျေရုဆလင်မြို့ကို ညီအစ်ကိုတွေ လည်ပတ်ခဲ့တယ်။ အဲဒီဒေသတွေမှာ တွေ့ရတဲ့ စိတ်ဝင်စားသူတွေအတွက် ဂျေရုဆလင်မြို့နားက ရာမာလာမြို့မှာ ဌာနခွဲရုံး ဖွင့်ဖို့ ညီအစ်ကို ရပ်သဖော့ စီစဉ်ပေးတယ်။ အဲဒီနောက် ဥရောပကို ပြန်သွားပြီး ဗဟိုဥရောပ ဌာနခွဲရုံး ဖွင့်လှစ်တယ်။ အဲဒီမှာ စာပေတွေ ပုံနှိပ်ဖို့ စီစဉ်တယ်။
မတရားမှုကို ဖော်ထုတ်ခြင်း
၁၉၂၀၊ စက်တင်ဘာမှာ ရွှေခေတ် အမှတ် ၂၇ အထူးစာစောင်ကို ကျမ်းစာကျောင်းသားတွေ ထုတ်ဝေခဲ့တယ်။ အဲဒီစာစောင်မှာ ၁၉၁၈ အတွင်း ကျမ်းစာကျောင်းသားတွေ ခံရတဲ့ နှိပ်စက်ညှဉ်းပန်းမှုအကြောင်း ဖော်ထုတ်ထားတယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့
တိုက်သင်္ဘော ပုံနှိပ်စက်မှာ အဲဒီမဂ္ဂဇင်း စောင်ရေ လေးသန်းကျော်ကို နေ့ရော ညပါ ပုံနှိပ်ခဲ့တယ်။မဂ္ဂဇင်းဖတ်သူတွေဟာ အီမာ မာတင်ရဲ့ ထူးခြားဖြစ်စဉ်ကို သိလာကြတယ်။ ညီအစ်မ မာတင်ဟာ ကယ်လီဖိုးနီးယား၊ စန်ဘာနာဒီနိုမြို့က ကော်ပေါ်တာတစ်ယောက် ဖြစ်တယ်။ ၁၉၁၈၊ မတ် ၁၇ မှာ သူနဲ့ ညီအစ်ကို သုံးယောက် ဖြစ်တဲ့ အီး ဟမ်၊ အီး ဂျေ ဆောနမ်ဘတ်၊ အီး အေ စတီဗင်တို့ဟာ ကျမ်းစာကျောင်းသားတွေရဲ့ စည်းဝေးပွဲတစ်ခုကို တက်ရောက်ခဲ့တယ်။
တက်ရောက်သူ တစ်ယောက်ကတော့ ကျမ်းစာအကြောင်း သိချင်လို့ မဟုတ်ဘူး။ “အစိုးရ ရှေ့နေရုံးရဲ့ အမိန့်အရ ကျွန်တော် သွားတက်တာ။ သက်သေအထောက်အထားတွေ ရှာချင်လို့ပဲ” လို့ နောက်ပိုင်းမှာ သူ သက်သေထွက်ဆိုတယ်။ သူ ရှာနေတဲ့ “အထောက်အထား” ဖြစ်တဲ့ ပြီးဆုံးလေသော နက်နဲရာ စာအုပ်ကို ရသွားတယ်။ ရက်အနည်းငယ် ကြာပြီးနောက် ညီအစ်မ မာတင်နဲ့ ညီအစ်ကို သုံးယောက် အဖမ်းခံရတယ်။ ပိတ်ပင်ထားတဲ့ စာအုပ်ကို ဝေငှတာဟာ သူလျှိုဥပဒေကို ချိုးဖောက်တာပဲဆိုပြီး စွဲချက်တင်ခံရတယ်။
အမ်မာနဲ့ ညီအစ်ကို သုံးယောက်ဟာ အပြစ်ရှိတယ်လို့ စီရင်ခံရပြီး ထောင်ဒဏ် သုံးနှစ် ချခံရတယ်။ အယူခံတွေ ပယ်ချခံရပြီး ၁၉၂၀၊ မေ ၁၇ မှာ ထောင်ချခံရတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အပြောင်းအလဲတွေ ဖြစ်လာတယ်။
၁၉၂၀၊ ဇွန် ၂၀ မှာ သူတို့ရဲ့ တွေ့ကြုံမှုကို ဆန်ဖရန်စစ္စကို ခရိုင်အစည်းအဝေးမှာ ညီအစ်ကို ရပ်သဖော့ ပြောပြတယ်။ အဲဒီခရစ်ယာန်တွေ မတရားဆက်ဆံခံရတာကို ပရိသတ်တွေ သိသွားတဲ့အခါ အမေရိကန် ပြည်ထောင်စု သမ္မတဆီ ကြေးနန်းစာ ပို့ခဲ့တယ်။ စာထဲမှာ ဒီလိုရေးတယ်– “မစ္စစ် မာတင် သူလျှိုဥပဒေနဲ့ တရားစွဲခံရတာဟာ မတရားဘူးလို့ ကျွန်တော်တို့ တထစ်ချ ယုံကြည်တယ်။ အစိုးရရုံးရဲ့ လုပ်ရပ်ဟာ အာဏာအလွဲသုံးစား လုပ်ရာရောက်ပြီး မစ္စစ် မာတင်ကို ထောင်ကျစေချင်လို့ တမင် အကွက်ဆင်ထားတာ ဖြစ်တယ်။ လက်ခံနိုင်စရာ မရှိဘူး။”
နောက်တစ်နေ့မှာ သမ္မတ ဝုဒ်ရိုး ဝီလ်ဆင်က ညီအစ်မ မာတင်၊ ညီအစ်ကို ဟမ်၊ ဆောနမ်ဘတ်၊ စတီဗင်တို့ကို လွတ်ငြိမ်းခွင့် ပေးလိုက်တယ်။ မတရားထောင်ချခံရတာ ပြီးဆုံးသွားတယ်။
၁၉၂၀ ကုန်ခါနီးမှာ ကျမ်းစာကျောင်းသားတွေ အပျော်ကြီး ပျော်ခဲ့ရတယ်။ ဌာနချုပ်မှာ လုပ်ငန်း ဆက်တိုးတက်လာတယ်။ လူ့ပြဿနာတွေရဲ့ တစ်ခုတည်းသော ဖြေရှင်းနည်း ဖြစ်တဲ့ ဘုရားနိုင်ငံတော်အကြောင်း ဆက်ကြေညာခဲ့ကြတယ်။ (မ. ၂၄:၁၄) နောက်တစ်နှစ် ၁၉၂၁ ကတော့ နိုင်ငံတော် အမှန်တရားအကြောင်း ပိုကျယ်ကျယ်ပြန့်ပြန့် ကြေညာနိုင်မယ့်နှစ် ဖြစ်ပါလိမ့်မယ်။
^ အပိုဒ်၊ 18 ပြီးဆုံးလေသော နက်နဲရာ ဆိုတာ ကျမ်းစာမှ လေ့လာစရာများ စာအုပ် အတွဲ ခုနစ် ဖြစ်တယ်။ အဖုံးပျော့ပုံစံနဲ့ “ဇက်ဂျီ” ကို ၁၉၁၈၊ မတ် ၁ ကင်းမျှော်စင် အဖြစ် ထုတ်ဝေတယ်။ ဇက် (Z) ဆိုတာ ဇိအုန်ကင်းမျှော်စင် ကို ဆိုလိုတယ်။ ဂျီ (G) ဆိုတာ ခုနစ်ခုမြောက် အင်္ဂလိပ် အက္ခရာ ဖြစ်ပြီး အတွဲ ခုနစ်ကို ဆိုလိုတယ်။