မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၉

ကမ္ဘာသစ် ကတိကို ပိုယုံကြည်စိတ်ချလာနိုင်ပုံ

ကမ္ဘာသစ် ကတိကို ပိုယုံကြည်စိတ်ချလာနိုင်ပုံ

“[ယေဟောဝါက] ပြောပြီးရင် ပြောတဲ့အတိုင်း လုပ်တယ်။” —တော. ၂၃:၁၉

သီချင်း ၁၄၂ မျှော်လင့်ချက်ကို ကိုင်စွဲထားခြင်း

အကြိုသုံးသပ်ချက် a

၁-၂။ ကမ္ဘာသစ်ကို စောင့်နေစဉ် ဘာလုပ်ဖို့ လိုသလဲ။

 ဒီလောကစနစ်ကို ဖြောင့်မတ်တဲ့ ကမ္ဘာသစ်နဲ့ အစားထိုးတော့မယ်ဆိုတဲ့ ယေဟောဝါဘုရားရဲ့ ကတိကို ကျွန်တော်တို့ သိပ်တန်ဖိုးထားကြတယ်။ (၂ ပေ. ၃:၁၃) ကမ္ဘာသစ် ဘယ်အချိန် ရောက်လာမလဲ အတိအကျ မသိပေမဲ့ သိပ်နီးနေပြီဆိုတာ လက်ရှိ ကမ္ဘာ့အခြေအနေတွေက ဖော်ပြနေတယ်။—မ. ၂၄:၃၂-၃၄၊ ၃၆။ တ. ၁:၇

အမှန်တရားသက်တမ်း ဘယ်လောက် ရှိရှိ ကျွန်တော်တို့အားလုံး ဘုရားရဲ့ကတိကို အခိုင်အမာ ယုံကြည်ဖို့ ကြိုးစားရမယ်။ ဘာကြောင့်လဲ။ ခိုင်မာတဲ့ ယုံကြည်ခြင်းတောင် အားနည်းသွားနိုင်လို့ပါ။ ဒါ့အပြင် ယုံကြည်ခြင်း မရှိတာကို “အလွယ်တကူ ကျော့မိစေတဲ့ အပြစ်” လို့ တမန်တော် ပေါလု ခေါ်ထားတယ်။ (ဟီ. ၁၂:၁) ဒါကြောင့် ယုံကြည်ခြင်း အားနည်းမသွားဖို့ မကြာခင် ကမ္ဘာသစ် ရောက်လာတော့မယ်ဆိုတဲ့ အထောက်အထားတွေကို မှန်မှန် လေ့လာရမယ်။—ဟီ. ၁၁:၁

၃။ ဒီဆောင်းပါးမှာ ဘာလေ့လာကြမလဲ။

ကမ္ဘာသစ်ကတိကို ပိုယုံကြည်စိတ်ချလာအောင် လုပ်နိုင်တဲ့ နည်းသုံးနည်းကို ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ (၁) ရွေးဖိုးအကြောင်း တွေးတောခြင်း၊ (၂) ယေဟောဝါရဲ့ အစွမ်းတန်ခိုးအကြောင်း တွေးတောခြင်း၊ (၃) ဝတ်ပြုရေး လုပ်ဆောင်မှုတွေမှာ အလုပ်များနေခြင်း။ ဒါ့အပြင် ဟဗက္ကုတ်ကို ယေဟောဝါ ပြောတဲ့ စကားတွေက ဒီနေ့အချိန်မှာ ယုံကြည်ခြင်း ခိုင်မာဖို့ ဘယ်လို ကူညီပေးကြောင်းလည်း ဆွေးနွေးပါမယ်။ ဦးဆုံး၊ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိဖို့ လိုတဲ့ အခြေအနေတချို့ကို သုံးသပ်ကြည့်ရအောင်။

ယုံကြည်ခြင်း ခိုင်မာဖို့ လိုတဲ့ အခြေအနေများ

၄။ ဘာဆုံးဖြတ်ချက်တွေ ချဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိရမလဲ။

နေ့တိုင်း ဆုံးဖြတ်ချက်တွေ ချကြရတယ်။ တချို့ ဆုံးဖြတ်ချက်တွေ ချဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိရမယ်။ ဥပမာ၊ အပေါင်းအသင်း၊ ဖျော်ဖြေရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ သားသမီး၊ အလုပ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချတဲ့အခါ ဖြစ်တယ်။ ဆုံးဖြတ်ချက် ချတဲ့အခါ ‘ဒီလောကစနစ်က ခဏယာယီပဲ၊ မကြာခင် ကမ္ဘာသစ် ရောက်လာတော့မယ်ဆိုတာ ယုံကြောင်း ငါ့ဆုံးဖြတ်ချက်တွေက ဖော်ပြနေသလား။ ဒါမှမဟုတ် “ဘဝက တိုတိုလေးပဲ၊ ပျော်သလို နေမယ်” လို့ သဘောထားတဲ့ လောက,က လူတွေလို ငါ ဆုံးဖြတ်နေသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ (မ. ၆:၁၉၊ ၂၀။ လု. ၁၂:၁၆-၂၁) ကမ္ဘာသစ် လက်တစ်ကမ်းမှာ ရောက်နေပြီဆိုတဲ့ ယုံကြည်ခြင်း ခိုင်မာနေရင် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။

၅-၆။ စိတ်ပျက်အားငယ်ချိန်မှာ ဘာကြောင့် ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိဖို့ လိုသလဲ။ ဥပမာ ပေးပါ။

နှိပ်စက်ညှဉ်းပန်းမှု၊ နာတာရှည် ရောဂါ၊ စိတ်ပျက်အားလျော့စေတဲ့ အခြေအနေတွေ ကျွန်တော်တို့ ရင်ဆိုင်ရနိုင်တယ်။ ဒါကို ခံရပ်နိုင်မှာပါလို့ အစပိုင်းမှာ တွေးမိနိုင်တယ်။ ဒါပေမဲ့ အခက်အခဲတွေ တာရှည်လာရင်တော့ ဆက်ခံရပ်နိုင်ဖို့၊ ယေဟောဝါကို ပျော်ပျော်ရွှင်ရွှင် ဆက်ဝတ်ပြုနိုင်ဖို့ ယုံကြည်ခြင်း ခိုင်မာနေမှ ရမယ်။—ရော. ၁၂:၁၂။ ၁ ပေ. ၁:၆၊ ၇

အခက်အခဲ ကြုံနေရချိန်အတွင်း ကမ္ဘာသစ် ရောက်ကို ရောက်မလာနိုင်တော့ဘူးလို့ ခံစားရနိုင်တယ်။ အဲဒီလိုခံစားရတာ ယုံကြည်ခြင်း အားနည်းသွားလို့လား။ မဟုတ်ပါဘူး။ ဗိုက်ဆာနေတုန်း ထမင်းအိုး တည်ထားတယ်လို့ မြင်ယောင်ကြည့်ပါ။ ‘ထမင်း ကျက်ကို မကျက်နိုင်တော့ဘူး’ လို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ အချိန်တန်တော့လည်း ကျက်သွားတာပါပဲ။ အဲဒီလိုပဲ၊ ကမ္ဘာသစ် ရောက်ကို မရောက်နိုင်တော့ဘူးလို့ စိတ်ပျက်အားငယ်နေချိန်တွေမှာ ခံစားမိနိုင်တယ်။ ဒါပေမဲ့ ယုံကြည်ခြင်းသာ ခိုင်မာနေမယ်ဆိုရင် အချိန်တန်တဲ့အခါ ဘုရားကတိတွေ ပြည့်စုံလာမယ်ဆိုတာ စိတ်ချနေမှာပဲ။ (ဆာ. ၉၄:၃၊ ၁၄၊ ၁၅။ ဟီ. ၆:၁၇-၁၉) အဲဒီလို စိတ်ချလို့ ဝတ်ပြုရေးကို ဘဝမှာ ဆက်ဦးစားထားနိုင်ကြတယ်။

၇။ ဘယ်လို တွေးတာကို ရှောင်ရမလဲ။

ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိဖို့ လိုတဲ့ နောက်ကဏ္ဍ တစ်ခုကတော့ ဟောပြောခြင်း လုပ်ငန်းပါ။ ကမ္ဘာသစ် ရောက်လာတော့မယ်ဆိုတဲ့ “သတင်းကောင်း” က လက်တွေ့မကျဘူးလို့ ရပ်ကွက်က လူတွေ တွေးနိုင်တယ်။ (မ. ၂၄:၁၄။ ယေဇ. ၃၃:၃၂) သူတို့လို မတွေးမိဖို့ ကျွန်တော်တို့ သတိထားရမယ်။ ယုံကြည်ခြင်း ခိုင်မာနေမှ အဲဒီလို မတွေးမိမှာ။ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်တဲ့ နည်းသုံးနည်းကို လေ့လာကြည့်ရအောင်။

ရွေးဖိုးအကြောင်း တွေးတောပါ

၈-၉။ ရွေးဖိုးအကြောင်း တွေးတောခြင်းက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်မာစေသလဲ။

ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်တဲ့ တစ်နည်းကတော့ ရွေးဖိုးအကြောင်း တွေးတောခြင်းပါ။ ဘုရားရဲ့ ကတိတွေ ပြည့်စုံလာမယ်ဆိုတာ ရွေးဖိုးက အာမခံချက်ပါပဲ။ ဘာကြောင့် ရွေးဖိုး ပေးထားကြောင်း၊ ယေဟောဝါ ဘယ်လောက်ထိ စွန့်လွှတ်အနစ်နာခံခဲ့ရကြောင်း သေသေချာချာ တွေးတောဆင်ခြင်တဲ့အခါ ပိုကောင်းတဲ့ ကမ္ဘာမှာ ထာဝစဉ် အသက်ရှင်ရမယ်ဆိုတဲ့ ဘုရားကတိ ကျိန်းသေ ပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချလာမယ်။ ဘာကြောင့်လဲ။

ရွေးဖိုးအတွက် ယေဟောဝါ ဘယ်လောက် ပေးဆပ်ခဲ့ရသလဲ စဉ်းစားကြည့်ပါ။ သိပ်ချစ်ခင်တွယ်တာရတဲ့ သားဦးကို ကောင်းကင်ကနေ မြေကြီးကို စေလွှတ်ပြီး စုံလင်တဲ့ လူသားအဖြစ် မွေးဖွားလာစေတယ်။ မြေကြီးပေါ် ရှိနေစဉ်တစ်လျှောက် အခက်အခဲမျိုးစုံ ယေရှု ကြုံရတယ်။ အဲဒီနောက် မချိမဆံ့ ဝေဒနာ ခံစားပြီး သေဆုံးသွားတယ်။ ယေဟောဝါအတွက် တကယ့် ပေးဆပ်မှုကြီးပါပဲ။ ကျွန်တော်တို့ ခဏတာ အသက်ရှင်ဖို့လောက်အတွက်နဲ့ သားတော် ဝေဒနာ ခံပြီး သေဆုံးဖို့ ယေဟောဝါ ခွင့်ပြုပါ့မလား။ (ယော. ၃:၁၆။ ၁ ပေ. ၁:၁၈၊ ၁၉) တန်ဖိုးကြီးကြီး ပေးဆပ်ထားမှတော့ ကမ္ဘာသစ်မှာ ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်နိုင်အောင် ကျိန်းသေ လုပ်ပေးပါလိမ့်မယ်။

ယေဟောဝါရဲ့ အစွမ်းတန်ခိုးအကြောင်း တွေးတောပါ

၁၀။ ဧဖက် ၃:၂၀ အရ ယေဟောဝါအကြောင်း ဘာသိရသလဲ။

၁၀ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်တဲ့ ဒုတိယနည်းကတော့ ယေဟောဝါရဲ့ အစွမ်းတန်ခိုးအကြောင်း တွေးတောခြင်းပါ။ ကတိမှန်သမျှ ပြည့်စုံစေနိုင်စွမ်း ယေဟောဝါမှာ ရှိတယ်။ ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်ရမယ်ဆိုတဲ့ ကတိဟာ လူ့အမြင်အရ မဖြစ်နိုင်ပုံပဲ။ ဒါပေမဲ့ လူတွေအတွက် ဖြစ်နိုင်ပုံ မပေါက်တာတွေကို ယေဟောဝါ မကြာခဏ ကတိပေးတယ်။ ဘာကြောင့်လဲ။ အနန္တတန်ခိုးရှင် ဖြစ်လို့ပါ။ (ယောဘ ၄၂:၂။ မာ. ၁၀:၂၇) သာမန်ဘုရားမှ မဟုတ်တာ။ သာမန်ကတိမျိုး ဘယ်ပေးပါ့မလဲ။—ဧဖက် ၃:၂၀ ကို ဖတ်ပါ။

၁၁။ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ယေဟောဝါရဲ့ ကတိတစ်ခုအကြောင်း ပြောပြပါ။ (“ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ကတိတွေ ပြည့်စုံလာ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၁ ရှေးခေတ် ကျေးကျွန်တွေကို ယေဟောဝါ ပေးခဲ့တဲ့ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ကတိတချို့ကို သုံးသပ်ကြည့်ပါ။ အာဗြဟံနဲ့ စာရာ အရွယ်လွန်နေပေမဲ့ သားလေး မွေးမယ်လို့ ယေဟောဝါ ပြောတယ်။ (က. ၁၇:၁၅-၁၇) အာဗြဟံရဲ့ မျိုးနွယ်တွေ ခါနန်ပြည်ကို အမွေရမယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ အာဗြဟံရဲ့ မျိုးနွယ်တွေ ဖြစ်တဲ့ အစ္စရေးတွေ အီဂျစ်ပြည်မှာ နှစ်ပေါင်းများစွာ ကျွန်ခံကြရတယ်။ ဒါကြောင့် ယေဟောဝါရဲ့ကတိ ပြည့်ကော ပြည့်စုံပါ့မလားလို့ ထင်မိနိုင်တယ်။ ဒါပေမဲ့ ပြည့်စုံလာပါတယ်။ အသက်ကြီးနေပေမဲ့ သားသမီး ရမယ်လို့ ဧလိရှဗက်ကို ယေဟောဝါ ပြောတယ်။ အပျိုစင် မာရိလည်း ဘုရားသားတော်ကို ဖွားမြင်မယ်၊ အဲဒီသားအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဧဒင်မှာ ပေးခဲ့တဲ့ ကတိကို ပြည့်စုံစေမယ်လို့ ယေဟောဝါ ပြောတယ်။—က. ၃:၁၅

၁၂။ ယောရှု ၂၃:၁၄ နဲ့ ဟေရှာယ ၅၅:၁၀၊ ၁၁ အရ ယေဟောဝါရဲ့ အစွမ်းတန်ခိုးနဲ့ပတ်သက်ပြီး ဘာကို စိတ်ချနိုင်သလဲ။

၁၂ ယေဟောဝါ ဘာကတိတွေ ပေးတယ်၊ ဘယ်လို ပြည့်စုံစေတယ်ဆိုတာ တွေးတောတဲ့အခါ ယေဟောဝါရဲ့ အစွမ်းတန်ခိုးကို ပိုယုံကြည်စိတ်ချလာတယ်။ (ယောရှု ၂၃:၁၄။ ဟေရှာယ ၅၅:၁၀၊ ၁၁ တို့ကို ဖတ်ပါ။) ဒါ့အပြင် ကောင်းကင်သစ်၊ မြေကြီးသစ်နဲ့ပတ်သက်ပြီး “ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကား” လို့ ယေဟောဝါ ကိုယ်တိုင် ကြေညာထားတယ်။ (ဗျာ. ၂၁:၁၊ ၅) ဒါက ကမ္ဘာသစ်ကတိဟာ စိတ်ကူးယဉ်အိပ်မက် မဟုတ်ကြောင်း တခြားသူတွေကို ပြောပြဖို့ လှုံ့ဆော်ပေးတယ်။

ဝတ်ပြုရေး လုပ်ဆောင်မှုတွေမှာ အလုပ်များနေပါ

အသင်းတော် အစည်းအဝေး

ဒီဝတ်ပြုရေး လုပ်ဆောင်မှုက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်ခံ့စေသလဲ (စာပိုဒ် ၁၃ ကို ကြည့်ပါ)

၁၃။ အသင်းတော် အစည်းအဝေးတွေက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်မာစေသလဲ။ ရှင်းပြပါ။

၁၃ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်တဲ့ တတိယနည်းကတော့ ဝတ်ပြုရေး လုပ်ဆောင်မှုတွေမှာ အလုပ်များနေခြင်းပါ။ အသင်းတော် အစည်းအဝေးတွေကနေ ဘယ်လို အကျိုးရကြောင်း သုံးသပ်ကြည့်ပါ။ အချိန်ပြည့် အမှုဆောင်လုပ်ငန်း အမျိုးမျိုးမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ ညီအစ်မ အန်နာ ဒီလို ပြောတယ်– “အစည်းအဝေးတွေက ယုံကြည်ခြင်း ထက်သန်စေတယ်။ ဟောပြောသူ အဟောအပြော မကောင်းရင်တောင်၊ အသစ်အဆန်းတွေ ထည့်မဟောရင်တောင် ကျမ်းစာ အမှန်တရားကို ပိုနားလည်စေတဲ့ အကြောင်းအရာ တစ်ခုမဟုတ် တစ်ခုတော့ ကြားရတယ်။ ဒါက ယုံကြည်ခြင်း ခိုင်မာစေတယ်။” b အစည်းအဝေးမှာ ညီအစ်ကို/မတွေ ပေးတဲ့ မှတ်ချက်တွေကလည်း ယုံကြည်ခြင်း ခိုင်မာစေတယ်။—ရော. ၁:၁၁၊ ၁၂။ ၁၀:၁၇

အမှုဆောင် လုပ်ငန်း

ဒီဝတ်ပြုရေး လုပ်ဆောင်မှုက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်ခံ့စေသလဲ (စာပိုဒ် ၁၄ ကို ကြည့်ပါ)

၁၄။ အမှုဆောင် လုပ်ငန်းက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်မာစေသလဲ။

၁၄ အမှုဆောင် လုပ်ငန်းမှာ ပါဝင်ခြင်းကလည်း ယုံကြည်ခြင်း ခိုင်မာစေတယ်။ (ဟီ. ၁၀:၂၃) “အမှုဆောင်မှာ ပါဝင်တာက ယုံကြည်ခြင်း ခိုင်ခံ့စေတယ်ဆိုတာ အမြဲ သတိထားမိတယ်။ ယေဟောဝါရဲ့ အံ့ဖွယ် ကတိတွေအကြောင်း တခြားသူတွေကို ပြောပြလေ ကျွန်မရဲ့ ယုံကြည်ခြင်း ပိုထက်သန်၊ ပိုခိုင်မာလေပဲ” လို့ ယေဟောဝါကို အနှစ် ၇၀ ကျော် သစ္စာရှိရှိ ဝတ်ပြုနေတဲ့ ညီအစ်မ ဘာဘရာ ပြောတယ်။

ကိုယ်ပိုင် လေ့လာမှု

ဒီဝတ်ပြုရေး လုပ်ဆောင်မှုက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်ခံ့စေသလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ)

၁၅။ ကိုယ်ပိုင်လေ့လာမှု လုပ်ခြင်းက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်မာစေသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၅ ယုံကြည်ခြင်း ခိုင်မာစေတဲ့ ဝတ်ပြုရေး လုပ်ဆောင်မှု နောက်တစ်ခုကတော့ ကိုယ်ပိုင်လေ့လာမှု လုပ်ခြင်းပါ။ ဇယား ဆွဲပြီး ကိုယ်ပိုင်လေ့လာမှု လုပ်တာ အကျိုးရှိကြောင်း ညီအစ်မ ဆူဇန်ရဲ့ တွေ့ကြုံမှုက ဖော်ပြတယ်။ “တနင်္ဂနွေဆိုရင် နောက်အပတ် ကင်းမျှော်စင် သင်တန်းအတွက် လေ့လာတယ်။ တနင်္လာနဲ့ အင်္ဂါဆိုရင် ကြားရက် အစည်းအဝေးအတွက် ပြင်ဆင်တယ်။ ကျန်တဲ့ ရက်တွေမှာ ကိုယ်ပိုင်လေ့လာမှု လုပ်တယ်” လို့ ပြောတယ်။ ဇယားအတိုင်း အမြဲ လေ့လာနေလို့ ဆူဇန်ရဲ့ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ ကျမ်းစာ ပရောဖက်ပြုချက်တွေကို လေ့လာခြင်းက ယုံကြည်ခြင်း ခိုင်ခံ့စေကြောင်း ကမ္ဘာ့ဌာနချုပ်မှာ နှစ်ပေါင်းများစွာ အမှုဆောင်နေတဲ့ ညီအစ်မ အိုင်ရင်း ဒီလို ပြောတယ်– “ယေဟောဝါရဲ့ ပရောဖက်ပြုချက်တွေ အသေးစိတ်ကအစ ပြည့်စုံလို့ သိပ်အံ့ဩဖို့ ကောင်းတာပဲ။” c

“ကျိန်းသေ ပြည့်စုံလာမယ်”

၁၆။ ဟဗက္ကုတ်ကို ယေဟောဝါ ပြောတဲ့ စကားတွေဟာ ဒီနေ့ခေတ်နဲ့လည်း သက်ဆိုင်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ဟီဘရူး ၁၀:၃၆၊ ၃၇)

၁၆ ဒီလောကစနစ် အဆုံးကို ယေဟောဝါရဲ့ ကျေးကျွန်တချို့ စောင့်နေတာ နှစ်အတော် ကြာပြီ။ လူ့ရှုထောင့်က ကြည့်ရင် ဘုရားရဲ့ ကတိဟာ နှောင့်နှေးနေပုံပဲ။ ဒါပေမဲ့ ကျေးကျွန်တွေရဲ့ ခံစားချက်ကို ယေဟောဝါ ကောင်းကောင်း နားလည်ကြောင်း ပရောဖက် ဟဗက္ကုတ်ကို ပြောတဲ့ စကားတွေအရ သိနိုင်တယ်။ “စိတ်အာရုံက သတ်မှတ်ထားချိန်ရောက်မှ ပြည့်စုံလာမယ်။ အဲဒီအချိန် အမြန်လာနေပြီ။ အဲဒါဟာ အလိမ်အညာ မဟုတ်ဘူး။ နှောင့်နှေးပုံပေါက်နေရင်တောင် ဆက်ပြီး စောင့်မျှော်နေပါ။ ကျိန်းသေ ပြည့်စုံလာမယ်။ နောက်ကျမှာ မဟုတ်ဘူး” လို့ ပြောတယ်။ (ဟဗ. ၂:၃) ယေဟောဝါရဲ့ ဒီအာမခံချက်က ဟဗက္ကုတ်နဲ့ပဲ သက်ဆိုင်သလား။ ကျွန်တော်တို့နဲ့ကော သက်ဆိုင်သလား။ ဒီစကားတွေဟာ ကမ္ဘာသစ်ကို စောင့်မျှော်နေတဲ့ ခရစ်ယာန်တွေနဲ့ သက်ဆိုင်တယ်လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီဘရူး ၁၀:၃၆၊ ၃၇ ကို ဖတ်ပါ။) ဒါကြောင့် ယေဟောဝါရဲ့ ကတိ နှောင့်နှေးပုံပေါက်ရင်တောင် “ကျိန်းသေ ပြည့်စုံလာမယ်။ နောက်ကျမှာ မဟုတ်ဘူး” ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။

၁၇။ ဟဗက္ကုတ်ကို ပေးတဲ့ ယေဟောဝါရဲ့ အကြံဉာဏ်အတိုင်း ညီအစ်မတစ်ယောက် ဘယ်လို လိုက်လျှောက်သလဲ။

၁၇ “ဆက်ပြီး စောင့်မျှော်နေပါ” ဆိုတဲ့ ယေဟောဝါရဲ့ အကြံပေးချက်အတိုင်း နှစ်ပေါင်းများစွာ ကြာတာတောင် ကျေးကျွန်တွေ ဆက်စောင့်မျှော်နေကြတယ်။ ဥပမာ၊ ညီအစ်မ လီဆာဟာ ၁၉၃၉ မှာ ယေဟောဝါကို စဝတ်ပြုတယ်။ “အထက်တန်းကျောင်း မပြီးခင် အာမဂေဒုန် လာမှာပဲလို့ အဲဒီတုန်းက ထင်ခဲ့တာ။ အဲဒီအတိုင်း ဖြစ်မလာဘူး။ ဘုရား ကတိပေးထားတဲ့ ဆုကျေးဇူး ရဖို့ နှစ်အတော်ကြာ စောင့်ခဲ့ကြတဲ့ နောဧ၊ အာဗြဟံ၊ ယောသပ်နဲ့ တခြားသူတွေအကြောင်း ဖတ်တယ်။ ဒါတွေဟာ ကျွန်မအတွက်တော့ ‘စောင့်နေခြင်း မှတ်တမ်းတွေ’ ပေါ့။ ဆက်ပြီး စောင့်နေတာက ကမ္ဘာသစ် သိပ်နီးနေပြီဆိုတာ အာရုံစိုက်ဖို့ ကျွန်မနဲ့ တခြားသူတွေကို ကူညီပေးတယ်” လို့ ပြောတယ်။ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုနေကြသူတွေ အဲဒီလို ခံစားကြရတယ်။

၁၈။ ဖန်ဆင်းရာတွေကို လေ့လာခြင်းက ယုံကြည်ခြင်း ဘယ်လို ခိုင်ခံ့စေသလဲ။

၁၈ ကြယ်တွေ၊ သစ်ပင်တွေ၊ တိရစ္ဆာန်တွေ၊ လူတွေ အပါအဝင် ကမ္ဘာပေါ်က ဖန်ဆင်းရာတချို့အကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါ ဖန်ဆင်းထားလို့ မရှိရာကနေ ရှိလာပြီ။ ဒီအရာတွေ စစ်ကော စစ်ရဲ့လားဆိုပြီး ဘယ်သူမှ သံသယ မဝင်ကြဘူး။ (က. ၁:၁၊ ၂၆၊ ၂၇) အခုလည်း ကမ္ဘာသစ်တော့ ရောက်မလာသေးဘူး။ ဒါပေမဲ့ ကမ္ဘာသစ် ဖန်ဆင်းပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ အဲဒီကတိအတိုင်း ဖန်ဆင်းပေးပါလိမ့်မယ်။ ကမ္ဘာသစ်မှာ လူတိုင်း ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ အဆုံးမဲ့ အသက်တာ ပိုင်ဆိုင်ကြရမယ်။ ဒါကြောင့် ယေဟောဝါ သတ်မှတ်ထားတဲ့ အချိန်မှာ ကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဟေရှာ. ၆၅:၁၇။ ဗျာ. ၂၁:၃၊ ၄

၁၉။ ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်သလဲ။

၁၉ ဒီအတောအတွင်း ရနိုင်သမျှ အခွင့်အရေး သုံးပြီး ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ပါ။ ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်စိတ် တိုးပွားစေပါ။ ယေဟောဝါရဲ့ အစွမ်းတန်ခိုးအကြောင်း တွေးတောပါ။ ဝတ်ပြုရေး လုပ်ဆောင်မှုတွေမှာ အလုပ်များနေပါ။ ဒါဆိုရင် ‘ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် ကတိတော်ကို အမွေရသူတွေ’ ထဲမှာ သင်လည်း အပါအဝင် ဖြစ်ပါလိမ့်မယ်။—ဟီ. ၆:၁၁၊ ၁၂။ ရော. ၅:၅

သီချင်း ၁၃၉ မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ

a ကမ္ဘာသစ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိကို ဒီနေ့ လူများစွာ မယုံကြဘူး။ စိတ်ကူးယဉ် အိပ်မက်လို့ ထင်ကြတယ်။ ကျွန်တော်တို့ကတော့ ယေဟောဝါရဲ့ ကတိအားလုံး ပြည့်စုံလာမယ်ဆိုတာ ယုံကြတယ်။ ယုံတယ်ဆိုရင်တောင် ယုံကြည်ခြင်း ခိုင်မာနေဖို့ ဆက်ကြိုးစားရမယ်။ ဘယ်လိုနည်းနဲ့လဲ။ ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။

b အမည်လွှဲများ။

c ယေဟောဝါသက်သေများအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် စာအုပ်၊ “ပရောဖက်ပြုချက်” အပိုင်းမှာ ကျမ်းစာ ပရောဖက်ပြုချက်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ထပ်လေ့လာနိုင်တယ်။ ဥပမာ၊ ၂၀၀၈၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် မှာ ပါတဲ့ “ယေဟောဝါ ကြို၍ မိန့်တော်မူရာ ပြည့်စုံလာ” ဆောင်းပါးကို ကြည့်ပါ။