မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၆

“ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်”

“ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်”

ယေရှုက “ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်” လို့ [မာသ] ကို ပြောတယ်။’—ယော. ၁၁:၂၃

သီချင်း ၁၅၁ ကိုယ်တော် ခေါ်မယ်

အကြိုသုံးသပ်ချက် a

၁။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်နဲ့ပတ်သက်ပြီး မက်သရူးလို့ ခေါ်တဲ့ ညီအစ်ကိုလေး ဘာပြောသလဲ။

 မက်သရူးလို့ ခေါ်တဲ့ ညီအစ်ကိုလေးဟာ ရောဂါဆိုးတစ်ခုကြောင့် ခွဲစိတ်မှု အများကြီး ခံယူခဲ့ရတယ်။ အသက် ခုနစ်နှစ်အရွယ်မှာ မိသားစုနဲ့အတူ လစဉ် JW ရုပ်သံထုတ်လွှင့်မှု ကြည့်နေခဲ့တယ်။ အစီအစဉ် အဆုံးပိုင်းမှာ ပါတဲ့ တေးဗီဒီယိုက ရှင်ပြန်ထမြောက်လာတဲ့ ချစ်ရသူတွေကို ကြိုဆိုတဲ့အကြောင်းပါ။ b အစီအစဉ် ပြီးသွားတော့ မိဘတွေလက်ကို ကိုင်ပြီး မက်သရူး ဒီလိုပြောတယ်– “ဖေဖေနဲ့ မေမေ တွေ့လား။ သား သေသွားရင်တောင် ပြန်ထမြောက်လာမှာ။ သားကို စောင့်နေနော်။ တအားကြီး ဝမ်းမနည်းပါနဲ့။” ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို သားဖြစ်သူ အခိုင်အမာ ယုံကြည်တာ သိလိုက်ရတော့ မိဘတွေ ဘယ်လို ခံစားရမလဲ မြင်ယောင်ကြည့်ပါ။

၂-၃။ ရှင်ပြန်ထမြောက်ခြင်း ကတိကို ဘာကြောင့် မကြာခဏ ပြန်တွေးသင့်သလဲ။

ရှင်ပြန်ထမြောက်ခြင်း ကတိကို ကျွန်တော်တို့အားလုံး မကြာခဏ ပြန်တွေးသင့်တယ်။ (ယော. ၅:၂၈၊ ၂၉) ဘာကြောင့်လဲ။ ဘယ်အချိန် ကိုယ်တိုင် ရောဂါဆိုး ခံစားရမယ်၊ ချစ်ရသူတွေကို ဆုံးရှုံးရမယ်ဆိုတာ မသိကြလို့ပါ။ (ဒေ. ၉:၁၁။ ယာ. ၄:၁၃၊ ၁၄) အဲဒီလိုအခက်အခဲတွေကို ခံရပ်ဖို့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က ကူညီပေးနိုင်တယ်။ (၁ သက်. ၄:၁၃) ကျွန်တော်တို့ကို ကောင်းကင်ဘုံစံအဖ ကောင်းကောင်း သိတယ်၊ သိပ်ချစ်တယ်ဆိုတာ ကျမ်းစာမှာ အာမခံထားတယ်။ (လု. ၁၂:၇) ပြန်ထမြောက်ပေးတဲ့အခါ နဂို စရိုက်၊ မှတ်ဉာဏ်တွေ ပြန်ထည့်ပေးနိုင်လောက်တဲ့အထိ ကျွန်တော်တို့အကြောင်း ကောင်းကောင်း သိနေတယ်။ ကျွန်တော်တို့ကို သိပ်ချစ်လို့၊ ထာဝစဉ် အသက်ရှင်စေချင်လို့ သေဆုံးသွားရင်တောင် ပြန်ထမြောက်ပေးမယ်။

ရှင်ပြန်ထမြောက်ခြင်း ကတိကို ကျွန်တော်တို့ ဘာကြောင့် ယုံနိုင်သလဲ။ “ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်” ဆိုတဲ့ အဓိက ကျမ်းချက် ကောက်နုတ်ထားတဲ့ ကျမ်းမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ (ယော. ၁၁:၂၃) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ပိုယုံကြည်စိတ်ချလာဖို့ ဘာလုပ်ရမလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

ရှင်ပြန်ထမြောက်ခြင်း ကတိကို ယုံရတဲ့ အကြောင်းရင်း

၄။ ကတိတစ်ခုကို ယုံဖို့ ဘာလိုအပ်သလဲ။ ဥပမာ ပေးပါ။

ကတိပေးတဲ့ ပုဂ္ဂိုလ်မှာ ကတိကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒကော ဖြည့်ဆည်းပေးနိုင်တဲ့ အစွမ်းပါ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ စိတ်ချမှ သူ ပေးတဲ့ ကတိကို ယုံမှာ ဖြစ်တယ်။ ဥပမာ၊ မုန်တိုင်းကြောင့် ကိုယ့်အိမ် အကြီးအကျယ် ပျက်စီးသွားတယ် ဆိုပါစို့။ ‘မင်းအိမ် ပြန်ဆောက်ဖို့ ငါ ကူပေးမယ်’ လို့ မိတ်ဆွေတစ်ယောက် လာပြောတယ်။ စိတ်ရင်းကောင်းတဲ့ မိတ်ဆွေမို့ ကူညီပေးချင်တဲ့ ဆန္ဒ ရှိတယ်ဆိုတာ သင် ယုံတယ်။ ဒါ့အပြင် မိတ်ဆွေဟာ ကျွမ်းကျင်တဲ့ ဆောက်လုပ်ရေးသမား ဖြစ်တယ်၊ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ရှိတယ်ဆိုရင် ကူညီပေးနိုင်စွမ်းပါ ရှိတယ်ဆိုတာ သင် စိတ်ချမှာပဲ။ ဒါဆိုရင် သူ့ကတိကို ယုံမှာ ဖြစ်တယ်။ ရှင်ပြန်ထမြောက်ခြင်း ကတိနဲ့ပတ်သက်လာရင်ကော။ ကတိကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒနဲ့ ဖြည့်ဆည်းပေးနိုင်စွမ်း ဘုရားမှာ တကယ် ရှိသလား။

၅-၆။ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒ ယေဟောဝါမှာ ရှိတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒ ယေဟောဝါမှာ ရှိသလား။ ရှိပါတယ်။ ရှင်ပြန်ထမြောက်ခြင်း ကတိအကြောင်း ကျမ်းရေးသူများစွာကို ဘုရား မှတ်တမ်းတင်စေခဲ့တယ်။ (ဟေရှာ. ၂၆:၁၉။ ဟော. ၁၃:၁၄။ ဗျာ. ၂၀:၁၁-၁၃) ကတိပေးပြီးရင်လည်း အမြဲ တည်တယ်။ (ယရ. ၂၃:၁၄) ဒါ့အပြင် သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်စိတ် သိပ်ပြင်းပြတယ်။ ဘာကြောင့် ပြောနိုင်သလဲ။

ဥပမာ၊ ယောဘဟာ မိမိ သေဆုံးသွားရင်တောင် အသက်ပြန်ရှင်လာတာကို ယေဟောဝါ ပြန်မြင်ချင်စိတ် ပြင်းပြနေမယ်ဆိုတာ စိတ်ချတယ်။ (ယောဘ ၁၄:၁၄၊ ၁၅) ယောဘကိုမှ မဟုတ်ပါဘူး။ သေဆုံးသွားတဲ့ ကျေးကျွန်အားလုံးကို ယေဟောဝါ ပြန်မြင်ချင်တယ်။ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် ပြန်ထမြောက်လာစေချင်တယ်။ မိမိအကြောင်း အမှန်တရား သင်ယူခွင့် မရလိုက်ဘဲ သေဆုံးသွားတဲ့ သန်းနဲ့ချီတဲ့ လူတွေကိုကော။ သူတို့ကိုလည်း ပြန်ထမြောက်ပေးချင်တယ်။ (တ. ၂၄:၁၅) မိမိနဲ့ မိတ်ဆွေ ဖြစ်ခွင့်၊ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ခွင့် ပေးချင်တယ်။ (ယော. ၃:၁၆) သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒ ယေဟောဝါမှာ ရှိတာ သေချာပါတယ်။

၇-၈။ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးနိုင်စွမ်း ယေဟောဝါမှာ ရှိတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးနိုင်တဲ့ အစွမ်းကော ယေဟောဝါမှာ ရှိသလား။ ရှိပါတယ်။ “အနန္တတန်ခိုးရှင်” ဖြစ်နေလို့ပါ။ (ဗျာ. ၁:၈) သေခြင်းပဲ ဖြစ်နေပါစေ ဘယ်ရန်သူကိုမဆို နှိမ်နင်းနိုင်တဲ့ အစွမ်း ဘုရားမှာ ရှိတယ်။ (၁ ကော. ၁၅:၂၆) ဒီအချက်ကို သိထားခြင်းက အားပေးမှု၊ နှစ်သိမ့်မှု ရစေတယ်။ ဥပမာ၊ ညီအစ်မ အမ်မာ အာနိုတို့ မိသားစုဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ပြင်းထန်တဲ့ ယုံကြည်ခြင်း စမ်းသပ်မှုတွေ ကြုံခဲ့ကြရတယ်။ သမီးဖြစ်သူ သိပ်ချစ်ရတဲ့သူတွေ နာဇီ ချွေးတပ်စခန်းမှာ သေဆုံးသွားကြတယ်။ “သေဆုံးသွားသူတွေ ဘယ်တော့မှ ပြန်ရှင်မလာတော့ဘူးဆိုရင် ရန်သူ သေခြင်းဟာ ဘုရားထက် ပိုတန်ခိုးကြီးသလို ဖြစ်သွားမှာပေါ့” ဆိုပြီး သမီးကို အမ်မာ နှစ်သိမ့်တယ်။ မှန်ပါတယ်၊ ယေဟောဝါထက် ဘယ်သူကမှ၊ ဘာကမှ တန်ခိုးမကြီးနိုင်ဘူး။ အသက်ကို ဖန်ဆင်းတဲ့ အနန္တတန်ခိုးရှင်ဟာ သေဆုံးသွားသူတွေကို သေချာပေါက် ပြန်ထမြောက်ပေးနိုင်တယ်။

သေဆုံးသွားသူတွေကို ဘုရား ပြန်ထမြောက်ပေးနိုင်တယ်လို့ ပြောရတဲ့ နောက်အကြောင်းရင်းကတော့ ဘုရားမှာ အကန့်အသတ်မဲ့ မှတ်ဉာဏ် ရှိနေလို့ပဲ။ ဘုရားက ကြယ်တစ်လုံးစီကို နာမည်တပ်ပြီး ခေါ်တယ်။ (ဟေရှာ. ၄၀:၂၆) သေဆုံးသွားသူတွေကိုလည်း မှတ်မိနေတယ်။ (ယောဘ ၁၄:၁၃။ လု. ၂၀:၃၇၊ ၃၈) သူတို့ရဲ့ ရုပ်ရည်၊ စရိုက်၊ ဘဝအတွေ့အကြုံ၊ မှတ်ဉာဏ်တွေကအစ အသေးစိတ်ကို မှတ်မိနေတာ။

၉။ ရှင်ပြန်ထမြောက်ခြင်း ကတိကို သင် ဘာကြောင့် ယုံသလဲ။

ရှင်ပြန်ထမြောက်ခြင်း ကတိကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒကော ဖြည့်ဆည်းပေးနိုင်စွမ်းပါ ယေဟောဝါမှာ ရှိတာမို့ ဒီကတိကို ကျွန်တော်တို့ ယုံနိုင်ပါတယ်။ ယုံရတဲ့ နောက်အကြောင်းရင်းကတော့ သေဆုံးသွားသူတွေကို ယေဟောဝါ ပြန်ထမြောက်ပေးခဲ့တဲ့ မှတ်တမ်းတွေ ရှိနေလို့ပါ။ ကျမ်းစာခေတ်တုန်းက ယေရှု အပါအဝင် သစ္စာရှိ အမျိုးသားတချို့ကို သုံးပြီး သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးခဲ့တယ်။ အခု၊ ယောဟန် အခန်းကြီး ၁၁ မှာ ပါတဲ့ ယေရှု လုပ်ပေးခဲ့တဲ့ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းကို လေ့လာကြည့်ကြရအောင်။

ယေရှုရဲ့ ချစ်မိတ်ဆွေ သေဆုံးသွား

၁၀။ ဂျော်ဒန်မြစ် တစ်ဖက်ကမ်းမှာ ယေရှု ဟောပြောနေတုန်း ဘာဖြစ်သလဲ။ ယေရှု ဘာလုပ်သလဲ။ (ယောဟန် ၁၁:၁-၃)

၁၀ ယောဟန် ၁၁:၁-၃ ကို ဖတ်ပါ။ အေဒီ ၃၂ အဆုံးပိုင်း၊ ဗေသနိရွာက အဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ။ အဲဒီရွာမှာ လာဇရု၊ မာရိ၊ မာသလို့ ခေါ်တဲ့ မောင်နှမ သုံးယောက် နေကြတယ်။ ယေရှုနဲ့ သိပ်ရင်းနှီးကြတယ်။ (လု. ၁၀:၃၈-၄၂) တစ်ရက်၊ လာဇရု ဖျားတော့ အစ်မတွေ စိတ်ပူပြီး ဂျော်ဒန်မြစ် တစ်ဖက်ကမ်းကို ရောက်နေတဲ့ ယေရှုဆီ သတင်းပို့ကြတယ်။ အဲဒီနေရာက ဗေသနိရွာကနေ လမ်းလျှောက်ရင် နှစ်ရက်လောက် ကြာတယ်။ (ယော. ၁၀:၄၀) ဝမ်းနည်းစရာက ယေရှုဆီ သတင်းရောက်ချိန်လောက်မှာပဲ လာဇရု ဆုံးသွားတယ်။ မိတ်ဆွေ လာဇရု ဆုံးသွားပြီဆိုတာ သိပေမဲ့ နှစ်ရက် ဆက်နေပြီးမှ ဗေသနိရွာကို ယေရှု လာတယ်။ ဒီတော့ ယေရှု ရောက်တဲ့အချိန်မှာ လာဇရု ဆုံးတာ လေးရက် ရှိသွားပြီ။ မိတ်ဆွေတွေရဲ့ အကျိုးအတွက်၊ ဘုရားဘုန်းတော် ထင်ရှားဖို့အတွက် ယေရှု တစ်ခုခု လုပ်ပေးတော့မယ်။—ယော. ၁၁:၄၊ ၆၊ ၁၁၊ ၁၇

၁၁။ မိတ်ဆွေစစ်ဆိုတာ ဘာကို ဆိုလိုကြောင်း ဒီမှတ်တမ်းကနေ ဘာသိရသလဲ။

၁၁ မိတ်ဆွေစစ်ဆိုတာ ဘာကို ဆိုလိုကြောင်း ဒီမှတ်တမ်းကနေ သိရတယ်။ စဉ်းစားကြည့်ပါ– လာဇရု ဖျားတဲ့အကြောင်းပဲ ယေရှုဆီ မာရိနဲ့ မာသ သတင်းပို့တာ။ ဗေသနိရွာကို လာဖို့ မပြောဘူး။ (ယော. ၁၁:၃) လာဇရု ဆုံးသွားတော့လည်း အဝေးကနေပဲ လှမ်းပြီး ယေရှု ပြန်ထမြောက်ပေးလိုက်လို့ ရတယ်။ ဒါပေမဲ့ မိတ်ဆွေ မာရိ၊ မာသတို့နဲ့အတူ ရှိနေပေးချင်လို့ ဗေသနိရွာကို ရောက်လာတယ်။ သင့်မှာကော တောင်းဆိုစရာ မလိုဘဲ အလိုက်တသိ ကူညီပေးမယ့် မိတ်ဆွေမျိုး ရှိသလား။ ရှိတယ်ဆိုရင် “ဒုက္ခရောက်ချိန်မှာ” အားကိုးလို့ ရသူ ဖြစ်မှန်း သင် သိနေမှာပဲ။ (ပညာ. ၁၇:၁၇) ကျွန်တော်တို့လည်း ယေရှုလိုပဲ တခြားသူတွေအတွက် မိတ်ဆွေစစ် ဖြစ်ကြရအောင်။ ဘာဆက်ဖြစ်သလဲ သိရဖို့ မှတ်တမ်းကို ပြန်ကြည့်ကြစို့။

၁၂။ မာသကို ယေရှု ဘာကတိပေးသလဲ။ အဲဒီကတိကို မာသ ဘာကြောင့် ယုံနိုင်သလဲ။ (ယောဟန် ၁၁:၂၃-၂၆)

၁၂ ယောဟန် ၁၁:၂၃-၂၆ ကို ဖတ်ပါ။ ဗေသနိရွာနားကို ယေရှု ရောက်နေပြီဆိုတာ မာသ ကြားတော့ ထွက်လာပြီး “သခင်၊ သခင်သာ ဒီမှာ ရှိခဲ့ရင် ကျွန်မရဲ့မောင် သေမှာ မဟုတ်ဘူး” လို့ ပြောတယ်။ (ယော. ၁၁:၂၁) မှန်တယ်၊ ယေရှုသာ ရှိရင် လာဇရုကို ကုပေးနိုင်မှာ။ ဒါပေမဲ့ ဒီ့ထက် ပိုထူးခြားတာ လုပ်ပေးဖို့ ယေရှု တွေးနေတယ်။ “ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်” လို့ ကတိပေးလိုက်တယ်။ ဒီကတိကို ယုံနိုင်တဲ့ အကြောင်းရင်းကိုလည်း ဆက်ပြောတယ်။ “ကျွန်တော်ဟာ လူသေတွေကို ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေတဲ့သူပဲ” တဲ့။ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးနိုင်စွမ်း ဘုရား ပေးထားတာကိုး။ မိန်းကလေးတစ်ယောက်ကို သေဆုံးပြီး သိပ်မကြာခင်မှာ၊ ယောက်ျားလေးတစ်ယောက်ကို သေဆုံးတဲ့နေ့မှာပဲ ယေရှု ပြန်ထမြောက်ပေးခဲ့တယ်။ (လု. ၇:၁၁-၁၅။ ၈:၄၉-၅၅) ဒါပေမဲ့ လာဇရု ဆုံးသွားတာ လေးရက် ရှိနေပြီ။ ပုပ်စပြုနေပြီ။ သူ့ကိုကော ပြန်ထမြောက်ပေးနိုင်မလား။

“လာဇရု၊ ထွက်လာခဲ့”

ဝမ်းနည်းပူဆွေးနေတဲ့ မိတ်ဆွေတွေကို ယေရှု သနား (စာပိုဒ် ၁၃၊ ၁၄ ကို ကြည့်ပါ)

၁၃။ ယောဟန် ၁၁:၃၂-၃၅ အရ မာရိနဲ့ တခြားသူတွေ ငိုနေတာကို ယေရှု မြင်တော့ ဘယ်လို တုံ့ပြန်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ ယောဟန် ၁၁:၃၂-၃၅ ကို ဖတ်ပါ။ လာဇရုရဲ့ အစ်မ နောက်တစ်ယောက် ဖြစ်တဲ့ မာရိလည်း ယေရှုကို ထွက်တွေ့တယ်။ “သခင်၊ သခင်သာ ဒီမှာ ရှိခဲ့ရင် ကျွန်မရဲ့မောင် သေမှာ မဟုတ်ဘူး” ဆိုပြီး မာသ ပြောသလို ပြောတယ်။ မာရိနဲ့ တခြားသူတွေ အကြီးအကျယ် ဝမ်းနည်းပြီး ငိုနေတာကို ယေရှု မြင်တော့ တော်တော်လေး စိတ်ထိခိုက်သွားတယ်။ မိတ်ဆွေတွေကို သနားလွန်းလို့ မျက်ရည်ပါ ကျလာတယ်။ ချစ်ရသူ ဆုံးပါးသွားတဲ့အခါ ဘယ်လောက် နာကျင်ခံစားရတယ်ဆိုတာ ယေရှု နားလည်တယ်။ လူတွေကို ဝမ်းနည်းမျက်ရည် ကျစေတဲ့ သေခြင်းကို သိပ်ဖယ်ရှားပေးချင်မှာ သေချာတယ်။

၁၄။ မာရိ ငိုနေတာကို ယေရှု တုံ့ပြန်ပုံက ယေဟောဝါအကြောင်း ဘာဖော်ပြသလဲ။

၁၄ ယေဟောဝါဟာ ကရုဏာရှင် ဖြစ်ကြောင်း မာရိ ငိုနေတာကို ယေရှု တုံ့ပြန်ပုံက ဖော်ပြတယ်။ ဘာကြောင့်လဲ။ ရှေ့ဆောင်းပါးမှာ သိခဲ့ရတဲ့အတိုင်း ယေရှုဟာ ဖခင်လို တစ်ပုံစံတည်း တွေးတောခံစားသူ ဖြစ်လို့ပဲ။ (ယော. ၁၂:၄၅) ဝမ်းနည်းပူဆွေးနေတဲ့ မိတ်ဆွေတွေကို သနားလွန်းလို့ ယေရှု မျက်ရည် ကျတဲ့အကြောင်း ဖတ်ရတော့ ကျွန်တော်တို့ ဝမ်းနည်းမျက်ရည် ကျတာ မြင်ရင်လည်း ယေဟောဝါ စိတ်ထိခိုက်နေမယ်ဆိုတာ သိရတယ်။ (ဆာ. ၅၆:၈) ဒီအချက်ကို သိရတော့ ကရုဏာရှင် ဘုရားနဲ့ ပိုရင်းနှီးချင်လာတယ် မဟုတ်လား။

သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးနိုင်စွမ်း ရှိကြောင်း ယေရှု သက်သေထူ (စာပိုဒ် ၁၅၊ ၁၆ ကို ကြည့်ပါ)

၁၅။ ယောဟန် ၁၁:၄၁-၄၄ အရ လာဇရုရဲ့ သင်္ချိုင်းဂူကို ယေရှု ရောက်တော့ ဘာဖြစ်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၅ ယောဟန် ၁၁:၄၁-၄၄ ကို ဖတ်ပါ။ လာဇရုရဲ့ သင်္ချိုင်းဂူကို ယေရှု ရောက်လာပြီး ကျောက်တုံးကို လှိမ့်ဖယ်ခိုင်းတယ်။ အလောင်း အနံ့ထွက်နေလောက်ပြီဆိုပြီး မာသ တားတယ်။ ဒါနဲ့ ယေရှုက “ယုံတယ်ဆိုရင် ဘုရားသခင့်ဘုန်းတော်ကို မြင်ရလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့တယ် မဟုတ်လား” လို့ ပြန်ပြောတယ်။ (ယော. ၁၁:၃၉၊ ၄၀) အဲဒီနောက် ကောင်းကင်ကို မော့ကြည့်ပြီး လူအများရှေ့ ဆုတောင်းတယ်။ မိမိ လုပ်ပေးတော့မယ့်အရာအတွက် ယေဟောဝါကို ဂုဏ်တင်ချင်လို့ပါ။ အဲဒီနောက် “လာဇရု၊ ထွက်လာခဲ့” လို့ အော်ခေါ်လိုက်တော့ သင်္ချိုင်းဂူထဲကနေ လာဇရု ထွက်လာတယ်။ မဖြစ်နိုင်ဘူးလို့ လူတချို့ ထင်တဲ့အရာကို ယေရှု လုပ်ပြလိုက်ပါပြီ။—၂၀၀၈၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် စာ. ၃၁ မှာ ပါတဲ့ “ယေရှုသည် လာဇရု သင်္ချိုင်းဂူသို့ ရောက်ရန် အဘယ်ကြောင့် လေးရက် ကြာခဲ့ရသနည်း” ဆောင်းပါးကို ကြည့်ပါ။

၁၆။ ယောဟန် အခန်းကြီး ၁၁ မှာ ပါတဲ့ မှတ်တမ်းက ဘယ်လိုနည်းနဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ယုံကြည်စိတ်ချလာစေသလဲ။

၁၆ ယောဟန် အခန်းကြီး ၁၁ မှာ ပါတဲ့ မှတ်တမ်းက ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ယုံကြည်စိတ်ချစေတယ်။ ဘယ်လိုနည်းနဲ့လဲ။ “ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်” ဆိုပြီး မာသကို ယေရှု ကတိပေးတာ သတိရပါ။ (ယော. ၁၁:၂၃) ဖခင်လိုပဲ ကတိကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒကော ဖြည့်ဆည်းပေးနိုင်စွမ်းပါ ယေရှုမှာ ရှိတယ်။ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒ၊ လူတွေကို ဝမ်းနည်းမျက်ရည် ကျစေတဲ့ သေခြင်းကို ဖယ်ရှားပေးချင်တဲ့ ဆန္ဒ ပြင်းပြကြောင်း ယေရှုရဲ့ မျက်ရည်တွေက သက်သေပါပဲ။ သင်္ချိုင်းဂူထဲကနေ လာဇရု ထွက်လာချိန်မှာတော့ သေဆုံးသွားသူတွေကို ထမြောက်ပေးနိုင်စွမ်းပါ ရှိကြောင်း ယေရှု ထပ်သက်သေထူလိုက်ပါပြီ။ “ယုံတယ်ဆိုရင် ဘုရားသခင့်ဘုန်းတော်ကို မြင်ရလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့တယ် မဟုတ်လား” ဆိုပြီး မာသကို ယေရှု သတိပေးတာကိုလည်း စဉ်းစားကြည့်ပါ။ (ယော. ၁၁:၄၀) ရှင်ပြန်ထမြောက်ခြင်း ကတိ ပြည့်စုံလာမယ်ဆိုတာ ယုံကြည်သင့်တဲ့ အကြောင်းကောင်းပါပဲ။ ဒါပေမဲ့ ပိုယုံကြည်စိတ်ချလာဖို့ ဘာလုပ်ရမလဲ။

ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ပိုယုံကြည်စိတ်ချလာနိုင်ပုံ

၁၇။ ကျမ်းစာမှာ ပါတဲ့ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းတွေ ဖတ်တဲ့အခါ ဘာကို သတိရရမလဲ။

၁၇ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းတွေကို ဖတ်ရှု၊ တွေးတောပါ။ မြေကြီးပေါ် ပြန်ထမြောက်လာသူ ရှစ်ဦးအကြောင်း ကျမ်းစာမှာ ပါတယ်။ c မှတ်တမ်းတစ်ခုစီကို သေသေချာချာ လေ့လာပါ။ ပြန်ထမြောက်လာတဲ့ အမျိုးသား/သမီး၊ ကလေးတွေဟာ တကယ် ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေဆိုတာ သတိရပါ။ သင်ခန်းစာတွေ ရှာပါ။ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒကော ပြန်ထမြောက်ပေးနိုင်စွမ်းပါ ဘုရားမှာ ရှိကြောင်း မှတ်တမ်းတစ်ခုစီက ဘယ်လို ဖော်ပြနေသလဲဆိုတာ စဉ်းစားပါ။ အထူးသဖြင့်၊ ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းကို သေသေချာချာ တွေးတောပါ။ ဒါ အရေးပါဆုံး ထမြောက်ခြင်း မှတ်တမ်းပဲ။ ယေရှု ရှင်ပြန်ထမြောက်ကြောင်း အတည်ပြုနိုင်တဲ့ မျက်မြင်သက်သေ ရာနဲ့ချီ ရှိတယ်။ ဒါဟာ ရှင်ပြန်ထမြောက်ခြင်းကို ကျွန်တော်တို့ ယုံရတဲ့ အခြေခံ အကြောင်းရင်း ဖြစ်တယ်။—၁ ကော. ၁၅:၃-၆၊ ၂၀-၂၂

၁၈။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း စပ်ဆိုထားတဲ့ သီချင်းတွေကနေ အကျိုးရဖို့ ဘာလုပ်ရမလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၁၈ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း စပ်ဆိုထားတဲ့ “ဓမ္မသီချင်းတွေ” ကို နားထောင်၊ သီဆို၊ တွေးတောပါ။ d (ဧ. ၅:၁၉) အဲဒီသီချင်းတွေက ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ပိုယုံကြည်စိတ်ချလာဖို့ ကူညီပေးတယ်။ သီချင်းတွေကို နားထောင်ပါ။ လေ့ကျင့်ပါ။ သီချင်းစာသားတွေကို မိသားစု ဝတ်ပြုမှုမှာ ဆွေးနွေးပါ။ အလွတ်ကျက်ပါ။ ဒါဆိုရင် ကိုယ်တိုင် ရောဂါဆိုး ခံစားရတဲ့အခါ၊ ချစ်ရသူ ဆုံးပါးသွားတဲ့အခါ ဒီသီချင်းတွေကို သတိရဖို့၊ သီချင်းတွေကနေ နှစ်သိမ့်မှု၊ ခွန်အား ရဖို့ စွမ်းအားတော်က ကူညီပေးပါလိမ့်မယ်။

၁၉။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဘာတွေ စိတ်ကူးကြည့်နိုင်သလဲ။ (“ သူတို့ကို ဘာတွေ မေးမလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၉ စိတ်ကူးမြင်ယောင်ပါ။ စိတ်ကူးပုံဖော်နိုင်စွမ်း ကျွန်တော်တို့ကို ယေဟောဝါ ပေးထားတယ်။ “ကိုယ့်ကိုယ်ကိုယ် ကမ္ဘာသစ်မှာ ရောက်နေတယ်လို့ စိတ်ကူးကြည့်တယ်။ ပရဒိသုမှာ ဖူးပွင့်နေတဲ့ နှင်းဆီပန်းလေးတွေရဲ့ ရနံ့ ရတဲ့အထိကို စိတ်ကူးတာ” လို့ ညီအစ်မတစ်ယောက် ပြောတယ်။ ဒါ့အပြင် ကျမ်းစာခေတ်က သစ္စာရှိ အမျိုးသား/သမီးတွေနဲ့ တွေ့တယ်လို့ မြင်ယောင်ကြည့်ပါ။ ဘယ်သူ့ကို တွေ့ချင်သလဲ။ တွေ့ရင် ဘာတွေ မေးမလဲ။ သေဆုံးသွားတဲ့ ကိုယ်ချစ်ရသူတွေနဲ့ ပြန်ဆုံဆည်းတယ်လို့လည်း မြင်ယောင်ကြည့်ပါ။ တွေ့တွေ့ချင်း ဘာပြောမယ်၊ ဘယ်လို ဖက်လိုက်မယ်၊ မျက်ရည်ကျတဲ့အထိ ဘယ်လောက် ပျော်နေမယ် စသဖြင့် အသေးစိတ်ကအစ စိတ်ကူးမြင်ယောင်ပါ။

၂၀။ သင် ဘာစိတ်ပိုင်းဖြတ်ထားသင့်သလဲ။

၂၀ ရှင်ပြန်ထမြောက်ခြင်း ကတိ ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ ကတိ ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒကော ဖြည့်ဆည်းပေးနိုင်စွမ်းပါ ယေဟောဝါမှာ ရှိတာမို့ ကတိ ပြည့်စုံလာမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဒီကတိကို ပိုယုံကြည်စိတ်ချလာအောင် ဆက်လုပ်နေဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ ဒါဆိုရင် ‘မင်း ချစ်ရတဲ့သူတွေ အသက်ပြန်ရှင်လာမယ်’ လို့ ယောက်တိုင်းကို ကတိပေးထားတဲ့ ဘုရားနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။

သီချင်း ၁၄၇ ထာဝရအသက် ကတိတော်

a ချစ်ရသူတစ်ယောက် ဆုံးပါးသွားတဲ့အခါ ရှင်ပြန်ထမြောက်ခြင်း ကတိက နှစ်သိမ့်မှု အများကြီး ဖြစ်စေတယ်။ ဒါပေမဲ့ ဒီကတိကို ဘာကြောင့် ယုံတယ်ဆိုတာ တခြားသူတွေကို ဘယ်လို ရှင်းပြမလဲ။ ဒီကတိကို ပိုယုံကြည်စိတ်ချလာဖို့ ဘာလုပ်ရမလဲ။ ကျွန်တော်တို့အားလုံး ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ပိုယုံကြည်စိတ်ချလာဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။

b တေးဗီဒီယို ခေါင်းစဉ်က ၂၀၁၆ နိုဝင်ဘာ ရုပ်သံမှာ ပါတဲ့ လက်တစ်ကမ်းမှာ ဖြစ်ပါတယ်။

c ၂၀၁၅၊ ဩဂုတ် ၁ ကင်းမျှော်စင် စာ. ၄ မှာ ပါတဲ့ “ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ အသက်ပြန်ရှင်လာသူ ရှစ်ဦး” လေးထောင့်ကွက်ကို ကြည့်ပါ။

d ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’ ထဲက အောက်ပါ သီချင်းတွေကို ကြည့်ပါ– “မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ” (သီချင်း ၁၃၉)၊ “ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့” (သီချင်း ၁၄၄)၊ “ကိုယ်တော် ခေါ်မယ်” (သီချင်း ၁၅၁)။ “လက်တစ်ကမ်းမှာ၊” “ကမ္ဘာသစ် မြင်ကွင်း၊” “မြင်တွေ့မှာ” စတဲ့ မူရင်းသီချင်းတွေကိုလည်း jw.org မှာ ကြည့်ပါ။