လေ့လာရန် ဆောင်းပါး ၁၅
သီချင်း ၁၂၄ သစ္စာမြဲပါ
ယေဟောဝါရဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်လေးမြတ်မှု တိုးနေစေပါ
“ခင်ဗျားတို့ကို ဦးဆောင်နေသူတွေ၊ ဘုရားသခင့် တရားစကားအကြောင်း ဟောပြောသွန်သင်ပေးခဲ့သူတွေကို သတိရပါ။”—ဟီ. ၁၃:၇။
အာရုံစိုက်ရာ
ယေဟောဝါရဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်လေးမြတ်မှု တိုးနေစေဖို့ ဘာလုပ်ရမလဲ။
၁။ ပထမရာစုမှာ မိမိလူမျိုးကို ယေဟောဝါ ဘယ်လို စည်းစနစ်ကျစေသလဲ။
မိမိလူမျိုးကို ယေဟောဝါဘုရား တာဝန်တစ်ခုခု ပေးပြီဆိုရင် စည်းစနစ်တကျ တာဝန်ထမ်းဆောင်စေချင်တယ်။ (၁ ကော. ၁၄:၃၃) ဥပမာ၊ လူနေထိုင်ရာ မြေတစ်ခွင်လုံးကို သတင်းကောင်း ပျံ့နှံ့စေချင်တယ်။ (မ. ၂၄:၁၄) ဒီလုပ်ငန်းကို ဦးစီးဖို့ ယေရှုကို တာဝန်ပေးတယ်။ စည်းစနစ်တကျ ဟောပြောဖို့ ယေရှု ကြီးကြပ်ပေးတယ်။ ပထမရာစုမှာ ဂျေရုဆလင်မြို့က တမန်တော်တွေ၊ အကြီးအကဲတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့က အသင်းတော်အားလုံးအတွက် ဆုံးဖြတ်ချက် ချပေးတယ်။ အသင်းတော်အသီးသီးမှာ ရှိတဲ့ အကြီးအကဲတွေက ညီအစ်ကို/မတွေကို ဆုံးဖြတ်ချက် ပြောပြကြတယ်။ (တ. ၁၄:၂၃။ ၁၅:၂။ ၁၆:၄) ဆုံးဖြတ်ချက်အတိုင်း ညီအစ်ကို/မတွေ လိုက်နာတဲ့အတွက် “အသင်းတော်တွေဟာ ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံလာပြီး ယုံကြည်သူအရေအတွက် တစ်နေ့တခြား တိုးများလာတယ်။”—တ. ၁၆:၅။
၂။ ၁၉၁၉ ခုနှစ်ကတည်းက မိမိလူမျိုးကို ယေဟောဝါ ဘယ်လို လမ်းညွှန်နေသလဲ။
၂ ဒီနေ့လည်း မိမိလူမျိုးကို ယေဟောဝါ စည်းစနစ်ကျစေတယ်။ ၁၉၁၉ ခုနှစ်ကတည်းက ဘိသိက်ခံ အမျိုးသားတစ်စုကို ယေဟောဝါရဲ့ လမ်းညွှန်မှုအောက်ကနေ ယေရှု သုံးနေတယ်။ သူတို့က ဟောပြောခြင်းလုပ်ငန်းကို စီစဉ်ကြီးကြပ်ပေးတယ်။ ယေရှုနောက်လိုက်တွေကို အချိန်တန် ကျမ်းစာလမ်းညွှန်ချက်တွေ ပေးတယ်။ a (လု. ၁၂:၄၂) သူတို့ရဲ့ လုပ်ဆောင်မှုကို ယေဟောဝါ ကောင်းချီးပေးတာ ထင်ရှားတယ်။—ဟေရှာ. ၆၀:၂၂။ ၆၅:၁၃၊ ၁၄။
၃-၄။ (က) စည်းစနစ်ကျခြင်းရဲ့ အကျိုးကို ဥပမာ ပေးပါ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်မလဲ။
၃ စည်းစနစ်မကျရင် ယေရှု ပေးထားတဲ့ တာဝန် မကျေပွန်နိုင်ဘူး။ (မ. ၂၈:၁၉၊ ၂၀) ဥပမာ၊ ဟောရမယ့် ရပ်ကွက် သတ်မှတ်မထားဘူး၊ တစ်ယောက်တစ်ပေါက် ကြိုက်တဲ့နေရာ ဟောလို့ ရတယ် ဆိုပါစို့။ ရပ်ကွက်တချို့ကို ထပ်ထပ် ဟောမိပြီး ရပ်ကွက်တချို့ကို လုံးဝ မဟောမိတာမျိုး ဖြစ်သွားနိုင်တယ်။ စည်းစနစ်ကျလို့ ရနေတဲ့ နောက်ထပ် အကျိုးကျေးဇူးတွေ စဉ်းစားကြည့်ပါ။
၄ ယေရှု မြေကြီးပေါ် ရှိစဉ် နောက်လိုက်တွေကို စည်းစနစ်ကျစေသလို ဒီနေ့ခေတ်မှာလည်း စည်းစနစ်ကျနေစေတယ်။ ယေရှု ဘာစံနမူနာ ပြသလဲ၊ ယေရှုရဲ့ စံနမူနာကို ဘုရားအဖွဲ့အစည်း ဘယ်လို အတုယူသလဲ၊ ဘုရားအဖွဲ့အစည်းကို ယုံကြည်လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ သုံးသပ်သွားပါမယ်။
ယေရှုရဲ့ စံနမူနာကို ဘုရားအဖွဲ့အစည်း အတုယူ
၅။ ယေရှုရဲ့ စံနမူနာကို အဖွဲ့အစည်း ဘယ်လို အတုယူနေသလဲ။ (ယောဟန် ၈:၂၈)
၅ ကောင်းကင်ဘုံစံအဖ သင်ပေးတဲ့အတိုင်း ယေရှု လုပ်တယ်၊ ပြောတယ်။ ယေရှုရဲ့ စံနမူနာကို ဘုရားအဖွဲ့အစည်း အတုယူတယ်။ လမ်းညွှန်ချက် ပေးတဲ့အခါ၊ အမှားအမှန်နဲ့ပတ်သက်ပြီး သွန်သင်ပေးတဲ့အခါ ကျမ်းစာကို အခြေခံတယ်။ (ယောဟန် ၈:၂၈ ကို ဖတ်ပါ။ ၂ တိ. ၃:၁၆၊ ၁၇) ကျမ်းစာဖတ်ဖို့၊ လိုက်လျှောက်ဖို့ မပြတ် သတိပေးတယ်။ ဒါဆိုရင် ကျမ်းစာလေ့လာဖို့ နည်းလမ်းကောင်း တစ်ခုက ဘာလဲ။ အဲဒီလို လေ့လာတာ ဘာအကျိုး ရှိသလဲ။
၆။ အဖွဲ့အစည်းစာပေတွေ သုံးပြီး ကျမ်းစာလေ့လာတဲ့အခါ ဘာအကျိုး ရသလဲ။
၆ အဖွဲ့အစည်းစာပေတွေ သုံးပြီး ကျမ်းစာလေ့လာတဲ့အခါ ကျွန်တော်တို့ အများကြီး အကျိုးရကြတယ်။ ဥပမာ၊ အဖွဲ့အစည်းလမ်းညွှန်ချက်တွေ ကျမ်းစာနဲ့ ကိုက်မကိုက် တိုက်ကြည့်နိုင်ကြတယ်။ လမ်းညွှန်ချက်တွေ ကျမ်းစာကို အခြေခံတယ်ဆိုတာ သိတဲ့အခါ အဖွဲ့အစည်းကို ပိုယုံကြည်စိတ်ချလာကြတယ်။—ရော. ၁၂:၂။
၇။ ယေရှု ဘာအကြောင်း ဟောသလဲ။ ယေရှုရဲ့ စံနမူနာကို အဖွဲ့အစည်း ဘယ်လို အတုယူနေသလဲ။
၇ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း” ကို ယေရှု ဟောတယ်။ (လု. ၄:၄၃၊ ၄၄) တပည့်တွေကိုလည်း ဟောခိုင်းတယ်။ (လု. ၉:၁၊ ၂။ ၁၀:၈၊ ၉) ဒါကြောင့် ဒီနေ့ အဖွဲ့အစည်းထဲ ရှိနေသူတိုင်းဟာ ဘယ်နေရာမှာပဲ နေပါစေ၊ ဘာတာဝန်တွေပဲ ရထားပါစေ နိုင်ငံတော် သတင်းကောင်း ဟောကြတယ်။
၈။ ကျွန်တော်တို့မှာ ဘာအခွင့်ထူး ရှိသလဲ။
၈ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း အခွင့်ထူးကို လူတိုင်း မရဘူး။ ဥပမာ၊ ယေရှု မြေကြီးပေါ် ရှိစဉ် မိမိအကြောင်း နတ်ဆိုးတွေကို တစ်ခွန်းမှ မဟခိုင်းဘူး။ (လု. ၄:၄၁) ဒါကြောင့် သတင်းကောင်း ဟောပြောခြင်းကို အခွင့်ထူးလို့ ကျွန်တော်တို့ သဘောထားကြတယ်။ အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ဟောပြောခြင်းလုပ်ငန်းမှာ မပါဝင်ခင် အရင်ဆုံး ဒီအခွင့်ထူးနဲ့ ထိုက်တန်အောင် အသက်ရှင်နေထိုင်ကြတယ်။ အချိန်မရွေး၊ နေရာမရွေး အတတ်နိုင်ဆုံး ဟောပြောခြင်းအားဖြင့် အခွင့်ထူးကို တန်ဖိုးထားကြောင်း ပြကြတယ်။ ယေရှုလိုပဲ လူတွေရဲ့ စိတ်နှလုံးထဲ နိုင်ငံတော် အမှန်တရားမျိုးစေ့ စိုက်ပျိုး၊ ရေလောင်းပေးချင်ကြတယ်။—မ. ၁၃:၃၊ ၂၃။ ၁ ကော. ၃:၆။
၉။ ဘုရားနာမည် လူတွေ သိလာအောင် အဖွဲ့အစည်း ဘယ်လို ကူညီပေးနေသလဲ။
၉ ဘုရားနာမည် လူတွေကို ယေရှု သိစေတယ်။ “အဖရဲ့ နာမည်ကို သိအောင် သူတို့ကို ကျွန်တော် ပြောပြပါပြီ” ဆိုပြီး ယေဟောဝါဆီ ဆုတောင်းတုန်းက ယေရှု ပြောတယ်။ (ယော. ၁၇:၂၆) ယေရှုကို အတုယူပြီး ဘုရားနာမည် လူတွေ သိလာအောင် အဖွဲ့အစည်း အတတ်နိုင်ဆုံး ကူညီပေးနေတယ်။ တစ်နည်းကတော့ ဘာသာစကား ၂၇၀ ကျော်နဲ့ တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ရနိုင်ပြီ ဖြစ်တဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း အားဖြင့်ပါ။ ဘုရားနာမည်ကို မူရင်းမှာ ပါတဲ့ နေရာတွေအတိုင်း ဒီဘာသာပြန်ကျမ်းမှာ ပြန်ထည့်ပေးထားတယ်။ နောက်ဆက်တွဲ က၄ နဲ့ က၅ မှာ ဘုရားနာမည် ပြန်ထည့်ထားတာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ တွေ့နိုင်တယ်။ ခရစ်ယာန်ဂရိကျမ်းစောင်မှာ ဘုရားနာမည် ၂၃၇ ကြိမ် ပါသင့်ကြောင်းနဲ့ပတ်သက်ပြီး ၂၀၀၈၊ ဩဂုတ် ၁ ကင်းမျှော်စင် စာမျက်နှာ ၁၈-၂၂ မှာ ပါတဲ့ “ယေဟောဝါဟူသော နာမတော်ကို ဓမ္မသစ်ကျမ်းတွင် အသုံးပြုသင့်သလော” ဆောင်းပါးမှာ ထပ်ဆင့်အထောက်အထားတွေ ဖော်ပြထားတယ်။
၁၀။ မြန်မာနိုင်ငံက အမျိုးသမီးတစ်ယောက်ရဲ့ စကားကနေ ဘာသိရသလဲ။
၁၀ ဘုရားနာမည် လူများနိုင်သမျှ များများ သိလာအောင် ယေရှုလိုပဲ ကျွန်တော်တို့ ကူညီပေးချင်ကြတယ်။ မြန်မာနိုင်ငံက ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက် ဘုရားနာမည် သိလိုက်ရတော့ မျက်ရည်ကျပြီး ဒီလိုပြောတယ်– “ဘုရားနာမည် ယေဟောဝါ ဖြစ်မှန်း ဦးဆုံးအကြိမ် သိရတာ။ . . . အရေးကြီးဆုံးအရာကို သင်ပေးလိုက်တာပဲ။” ဘုရားနာမည် သိလိုက်ရတာက စိတ်ရိုးဖြောင့်သူတွေကို ဘဝတစ်ဆစ်ချိုး ပြောင်းလဲစေနိုင်တယ်ဆိုတာ ဒီတွေ့ကြုံမှုကနေ သိရတယ်။
ဘုရားအဖွဲ့အစည်းကို ယုံကြည်လေးမြတ်ကြောင်း ဆက်ပြပါ
၁၁။ အဖွဲ့အစည်းကို ယုံကြည်လေးမြတ်ကြောင်း အကြီးအကဲတွေ ဘယ်လို ပြနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၁ ဘုရားအဖွဲ့အစည်းကို ယုံကြည်လေးမြတ်ကြောင်း အကြီးအကဲတွေ ပြနိုင်တဲ့ တစ်နည်းက ဘာလဲ။ အကြီးအကဲတွေဟာ အစည်းအဝေးအပိုင်းတွေ ဘယ်လို ကိုင်တွယ်ရမယ်၊ အသင်းတော်မှာ ဘယ်လို ဆုတောင်းရမယ်၊ ခရစ်တော်ရဲ့ သိုးတွေကို ဘယ်လို ထိန်းကျောင်းရမယ်ဆိုတာနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေ ရကြတယ်။ လမ်းညွှန်ချက် ရတဲ့အခါ သေသေချာချာ ဖတ်ရမယ်။ အတတ်နိုင်ဆုံး လိုက်လျှောက်ရမယ်။ လမ်းညွှန်ချက်အားလုံးကို အကြီးအကဲတွေ လိုက်လျှောက်တာက ညီအစ်ကို/မတွေကို ယေဟောဝါရဲ့ မေတ္တာ၊ ဂရုစိုက်မှု ခံစားရစေတယ်။
၁၂။ (က) ဦးဆောင်နေသူတွေကို ဘာကြောင့် နာခံ၊ လက်အောက်ခံသင့်သလဲ။ (ဟီဘရူး ၁၃:၇၊ ၁၇) (ခ) ဦးဆောင်နေသူတွေရဲ့ ကောင်းကွက်တွေကို ဘာကြောင့် အာရုံစိုက်သင့်သလဲ။
၁၂ အကြီးအကဲတွေဆီက လမ်းညွှန်ချက် ရတဲ့အခါ ကျွန်တော်တို့ လိုလိုလားလား လိုက်နာသင့်တယ်။ လိုလိုလားလား လိုက်နာရင် ဦးဆောင်နေသူတွေ တာဝန်ထမ်းဆောင်ရတာ စိတ်ပေါ့တယ်။ ဦးဆောင်နေသူတွေကို နာခံဖို့၊ လက်အောက်ခံဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (ဟီဘရူး ၁၃:၇၊ ၁၇ ကို ဖတ်ပါ။) တစ်ခါတလေတော့ မလွယ်ဘူး။ ဘာကြောင့်လဲ။ အကြီးအကဲတွေ မစုံလင်ကြလို့ပါ။ ဒါပေမဲ့ သူတို့ရဲ့ ကောင်းကွက်တွေကို မဟုတ်ဘဲ အားနည်းချက်တွေကို လိုက်ကြည့်နေရင် ရန်သူအားပေး ဖြစ်သွားမယ်။ နဂိုကတည်းကမှ ရန်သူတွေက ဘုရားအဖွဲ့အစည်းကို အယုံအကြည် ပျက်စေချင်နေတာ။ ကျွန်တော်တို့သာ အကြီးအကဲတွေကို မကောင်းမြင်လာရင် အဖွဲ့အစည်းကိုလည်း မကောင်းမြင်လာမယ်။ အယုံအကြည် ပျက်လာမယ်။ ဒါဆိုရင် ရန်သူတွေရဲ့ အလိမ်အညာတွေကို ဘယ်လို သိနိုင်မလဲ၊ ငြင်းပယ်နိုင်မလဲ။
ဘယ်သူ့ကြောင့်မှ ယုံကြည်လေးမြတ်မှု မလျော့ပါစေနဲ့
၁၃။ အဖွဲ့အစည်းကို ဘုရားရန်သူတွေ ဘယ်လို သိက္ခာချစွပ်စွဲသလဲ။
၁၃ ဘုရားအဖွဲ့အစည်းရဲ့ ကောင်းကွက်ကို အားနည်းချက်လို့ မြင်လာအောင် ရန်သူတွေ လုပ်ကြတယ်။ ဥပမာ၊ ကိုယ်ခန္ဓာပိုင်း၊ ကိုယ်ကျင့်တရားပိုင်း၊ ဝတ်ပြုရေးပိုင်းမှာ ကျွန်တော်တို့ကို ဘုရား သန့်ရှင်းစေချင်တယ်။ နောင်တမယူဘဲ မသန့်ရှင်းတဲ့ လမ်းစဉ် ဆက်လျှောက်လှမ်းနေသူကို အသင်းတော်ထဲကနေ ဖယ်ရှားဖို့ မိန့်မှာတယ်။ (၁ ကော. ၅:၁၁-၁၃။ ၆:၉၊ ၁၀) ဒီမိန့်မှာချက်ကို ကျွန်တော်တို့ လိုက်နာကြတယ်။ ဒါပေမဲ့ ဒါ မေတ္တာမဲ့တာ၊ တရားစီရင်တာ၊ အမြင်ကျဉ်းတာပဲလို့ အဖွဲ့အစည်းကို ရန်သူတွေ သိက္ခာချစွပ်စွဲကြတယ်။
၁၄။ အဖွဲ့အစည်းအကြောင်း အပုပ်ချမှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိသလဲ။
၁၄ ဆန့်ကျင်မှု၊ အပုပ်ချမှု နောက်ကွယ်က လက်သည်ကို သိပါ။ လက်သည်ကတော့ စာတန် မာရ်နတ်ပါ။ စာတန်ဟာ “မုသားရဲ့ အဖ” ဖြစ်တယ်။ (ယော. ၈:၄၄။ က. ၃:၁-၅) ဒါကြောင့် သူ့ဘက်တော်သားတွေကို အသုံးချပြီး အဖွဲ့အစည်းအကြောင်း မဟုတ်တမ်းစကားတွေ ဖြန့်မယ်ဆိုတာ ကျွန်တော်တို့ တွက်ထားသင့်တယ်။ ပထမရာစုမှာ အဲဒီလိုပဲ ဖြစ်ခဲ့တယ်။
၁၅။ ယေရှုနဲ့ နောက်လိုက်တွေကို ဘာသာရေး ခေါင်းဆောင်တွေ ဘာလုပ်ကြသလဲ။
၁၅ ဘုရားသားတော် ယေရှုဟာ စုံလင်တယ်။ အံ့ဖွယ်အမှုတွေ လုပ်တယ်။ ဒါပေမဲ့ ယေရှုအကြောင်း မဟုတ်တမ်းစကားတွေ ဖြန့်ဖို့ လူတချို့ကို စာတန် အသုံးချတယ်။ ဥပမာ၊ “နတ်ဆိုးမင်းရဲ့ အကူအညီနဲ့” နတ်ဆိုးတွေကို ယေရှု နှင်ထုတ်တာပါလို့ ဘာသာရေး ခေါင်းဆောင်တွေ ပြောကြတယ်။ (မာ. ၃:၂၂) ယေရှု စစ်ကြောခံရချိန်မှာ ဘုရားကို စော်ကားသူလို့ စွပ်စွဲကြတယ်။ ကွပ်မျက်ဖို့ တောင်းဆိုပါဆိုပြီး လူအုပ်ကို စည်းရုံးထားကြတယ်။ (မ. ၂၇:၂၀) နောက်ပိုင်းမှာ သတင်းကောင်း ဟောပြောတဲ့ ခရစ်တော်နောက်လိုက်တွေကိုလည်း “လူတွေ မုန်းအောင်၊” နှိပ်စက်အောင် ဆန့်ကျင်သူတွေ “သွေးထိုးလှုံ့ဆော်” ကြတယ်။ (တ. ၁၄:၂၊ ၁၉) ၁၉၉၈၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင် မှာ တမန်တော် ၁၄:၂ နဲ့ပတ်သက်ပြီး ဒီလိုဖော်ပြထားတယ်– “ဂျူးအတိုက်အခံပြုသူများသည် ကိုယ်တိုင် သတင်းတရားကို ငြင်းပယ်ခဲ့ကြရုံမက ခရစ်ယာန်များကို တစ်ပါးအမျိုးသားများ စိတ်စွန်းကွက်စေရန် ကြိုးစားအပုပ်ချခဲ့ကြသည်။”
၁၆။ မဟုတ်တမ်းစကားတွေ ကြားတဲ့အခါ ဘာသတိရသင့်သလဲ။
၁၆ ဒီနေ့ခေတ်အထိလည်း လူတွေကို စာတန် လှည့်စားနေတုန်းပဲ။ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေတာ။ (ဗျာ. ၁၂:၉) ဒါကြောင့် အဖွဲ့အစည်းအကြောင်း၊ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေအကြောင်း မဟုတ်တမ်းစကားတွေ ကြားတဲ့အခါ ယေရှုနဲ့ ပထမရာစု ခရစ်ယာန်တွေ ဘာကြုံခဲ့ရတယ်ဆိုတာ သတိရပါ။ ဒီနေ့ ဘုရားလူမျိုးဟာ ကျမ်းစာမှာ ကြိုပြောထားတဲ့အတိုင်း ဆန့်ကျင်ခံနေကြရတယ်၊ အပုပ်ချခံနေကြရတယ်။ (မ. ၅:၁၁၊ ၁၂) မဟုတ်တမ်းစကားတွေရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိသလဲ သိထားရင်၊ ချက်ချင်း ငြင်းပယ်ရင် ကျွန်တော်တို့ လှည့်စားခံကြရမှာ မဟုတ်ဘူး။ ဒါဆိုရင် ဘယ်လို ငြင်းပယ်နိုင်သလဲ။
၁၇။ မဟုတ်တမ်းစကားတွေကို ဘယ်လို ရှောင်နိုင်သလဲ။ (၂ တိမောသေ ၁:၁၃) (“ မဟုတ်တမ်းစကားတွေ ကြားတဲ့အခါ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၁၇ မဟုတ်တမ်းစကားတွေ နားမထောင်ပါနဲ့။ မဟုတ်တမ်းစကားတွေ ကြားတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ တမန်တော် ပေါလု ရှင်းရှင်းလင်းလင်း ညွှန်ကြားတယ်။ “ဘုရားကို မခန့်လေးစား လုပ်ရာရောက်တဲ့ မဟုတ်တမ်းစကားတွေကို” “အာရုံမစိုက်” ဖို့၊ “နားမထောင်” ဖို့ ‘လူတချို့ကို သတိပေး’ ပါလို့ တိမောသေကို ပြောတယ်။ (၁ တိ. ၁:၃၊ ၄။ ၄:၇) ကလေးငယ်တစ်ယောက်ဟာ ကြမ်းပြင်ပေါ်က ညစ်ပတ်နေတဲ့အရာကို ပါးစပ်ထဲ ကောက်ထည့်မိနိုင်ပေမဲ့ လူကြီးတစ်ယောက် ဘယ်တော့မှ အဲဒီလို လုပ်မှာ မဟုတ်ဘူး။ ဘေးဖြစ်စေနိုင်တယ်ဆိုတာ သိလို့ပဲ။ ကျွန်တော်တို့လည်း မဟုတ်တမ်းစကားတွေ ဘယ်က လာတယ်ဆိုတာ သိတဲ့အတွက် ငြင်းပယ်ကြတယ်။ “အကျိုးဖြစ်ထွန်းတဲ့ တရားစကား” ကိုပဲ လိုက်နာစောင့်ထိန်းကြတယ်။—၂ တိမောသေ ၁:၁၃ ကို ဖတ်ပါ။
၁၈။ အဖွဲ့အစည်းကို ယုံကြည်လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၈ ယေရှုကို အဖွဲ့အစည်း အတုယူနေတဲ့ နည်းအများကြီးထဲက သုံးနည်းပဲ ဆွေးနွေးခဲ့ကြတယ်။ သင် ကိုယ်ပိုင်လေ့လာမှု လုပ်တဲ့အခါ နောက်ထပ် နည်းတွေ ရှာကြည့်ပါ။ အဖွဲ့အစည်းကို ပိုယုံကြည်လေးမြတ်လာဖို့ အသင်းတော်မှာ ရှိသူတွေကို ကူညီပေးပါ။ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခြင်း၊ အလိုတော် ပြီးမြောက်ဖို့ ယေဟောဝါ သုံးနေတဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းခြင်းအားဖြင့် ယုံကြည်လေးမြတ်ကြောင်း ဆက်ပြပါ။ (ဆာ. ၃၇:၂၈) သစ္စာ၊ မေတ္တာ ရှိတဲ့ ဘုရားလူမျိုးအဝင် ဖြစ်ခွင့်အတွက် ကျေးဇူးတင်ကြောင်း အမြဲ ပြကြရအောင်။
သင် ဘယ်လို ဖြေမလဲ
-
ယေရှုကို ဘုရားအဖွဲ့အစည်း ဘယ်လို အတုယူသလဲ။
-
ဘုရားအဖွဲ့အစည်းကို ယုံကြည်လေးမြတ်ကြောင်း ဘယ်လို ဆက်ပြနိုင်သလဲ။
-
မဟုတ်တမ်းစကားတွေ ကြားတဲ့အခါ ဘာလုပ်သင့်သလဲ။
သီချင်း ၁၀၃ လူ့အသွင်ဆု သိုးထိန်းများ
a ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ စာအုပ်၊ စာ. ၁၀၂-၁၀၃ “ဘာကြောင့် ၁၉၁၉ ခုနှစ် ဖြစ်ရသလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။
b ပုံအညွှန်း– အများရှေ့ သက်သေခံခြင်းအတွက် အကြီးအကဲတွေ ဆွေးနွေး။ နံရံ ကျောပေးရပ်ပါဆိုတဲ့ လမ်းညွှန်ချက်ကို ကြေညာသူတွေဆီ အုပ်စုကြီးကြပ်မှူး လက်ဆင့်ကမ်းပြောပြ။