မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နေ့တိုင်း ယေဟောဝါနဲ့ တွဲဖက်လုပ်ဆောင်ပါ

နေ့တိုင်း ယေဟောဝါနဲ့ တွဲဖက်လုပ်ဆောင်ပါ

“ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ​ပါ။”— ၁ ကော. ၃:၉

သီချင်း– ၆၄၊ ၁၁၁

၁။ ယေဟော​ဝါနဲ့ ဘယ်လို တွဲဖက်​လုပ်ဆောင်​နိုင်သလဲ။

ဖန်ဆင်း​ရှင်​က မိမိ​ရည်ရွယ်ချက် ပြည့်စုံ​စေ​ရေး​မှာ စုံလင်တဲ့​လူသားတွေနဲ့ တွဲ​လုပ်ဆောင်ဖို့ မျှော်လင့်တယ်။ လက်ရှိ မစုံလင်တဲ့ အခြေအနေ​မှာ​တောင် သစ္စာရှိ​လူသားတွေဟာ ယေဟော​ဝါနဲ့ နေ့တိုင်း တွဲဖက်​လုပ်ဆောင်​နိုင်ပါတယ်။ ဥပမာ၊ သတင်းကောင်း ဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်း​အားဖြင့် “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ” ဖြစ်နိုင်တယ်။ (၁ ကော. ၃:၅-၉) အနန္တ​တန်ခိုးရှင်​ကိုယ်တိုင် အရေးကြီးတယ်လို့ ယူဆ​ထားတဲ့​လုပ်ငန်းမှာ တွဲဖက်​လုပ်ဆောင်ခွင့် ရတာ အခွင့်ထူးကြီးပါပဲ။ ဒါပေမဲ့ ဟောပြောခြင်း​လုပ်ငန်းဟာ ယေဟော​ဝါနဲ့ တွဲ​အမှုဆောင်​နိုင်တဲ့ တစ်ခုတည်းသော​နည်း မဟုတ်ပါဘူး။ မိသားစုနဲ့ ယုံကြည်​သူ​ချင်း​တွေကို ထောက်မ​ခြင်း၊ ဧည့်ဝတ်​ကျေပွန်ခြင်း၊ ဘုရားရေးရာ​လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်း​ခြင်း၊ အမှုဆောင်လုပ်ငန်း တိုးချဲ့ခြင်း​စတဲ့ တခြား​နည်းတွေကို ဒီ​ဆောင်းပါး​မှာ ဆန်းစစ်​သွားပါမယ်။—ကော. ၃:၂၃

၂။ ယေဟော​ဝါ​အတွက် သင်​လုပ်ဆောင်​နိုင်တာကို တခြားသူ​တွေ​နဲ့ နှိုင်းယှဉ်တာ ဘာကြောင့် ပညာမဲ့​သလဲ။

ဒီ​ဆောင်းပါးကို လေ့လာတဲ့​အခါ ယေဟော​ဝါ​အတွက် သင်​လုပ်ဆောင်​နိုင်တာကို တခြား​သူတွေ လုပ်ဆောင်​နိုင်တာ​နဲ့ မနှိုင်းယှဉ်ပါနဲ့။ အသက်အရွယ်၊ ကျန်းမာရေး၊ အခြေအနေ၊ အစွမ်းအစတွေ တစ်ယောက်နဲ့​တစ်ယောက် မတူကြ​ဘူး။ “လူတိုင်း ကိုယ့်လုပ်ရပ်တွေ​ကို​ပဲ ဆန်းစစ်ပါ။ သူတစ်ပါး​နဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်လုပ်ရပ်​နဲ့ပတ်သက်ပြီး ပျော်ရွှင်​ကျေနပ်​ရလိမ့်မယ်” လို့ တမန်တော်​ပေါလု ပြောတယ်။—ဂ​လ. ၆:၄

မိသားစုနဲ့ ယုံကြည်​သူ​ချင်း​တွေကို ထောက်မခြင်း

၃။ မိသားစုကို ကြည့်ရှုစောင့်ရှောက်​သူဟာ ဘုရားသခင်နဲ့ တွဲဖက်​လုပ်ဆောင်​နေတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

မိမိ​ကျေးကျွန်တွေ မိသားစုကို ဂရုစိုက်​စောင့်ရှောက်​ဖို့ ယေဟော​ဝါ မျှော်လင့်တယ်။ ဥပမာ၊ မိသားစုကို ထောက်ပံ့ဖို့ အလုပ်​လုပ်ရမယ်။ မိခင်​များစွာဟာ အိမ်မှာ​နေပြီး ကလေးတွေကို ကြည့်ရှုပြုစု​ကြတယ်။ အရွယ်​ရောက်တဲ့ သားသမီးတွေ​က အိုမင်းမစွမ်း မိဘတွေကို ဂရုစိုက်​ပေးကြတယ်။ ဒါတွေဟာ လုပ်သင့်လုပ်ထိုက်ရာတွေ​ပါပဲ။ “ကိုယ်​ကြည့်ရှုစောင့်ရှောက်​ရမယ့်​သူတွေကို၊ အထူးသဖြင့် ကိုယ့်​မိသားစုဝင်တွေကို မထောက်ပံ့​ဘူးဆိုရင် အဲဒီ​လူဟာ ယုံကြည်ခြင်း​တရားကို ငြင်းပယ်​တဲ့​သူ​ပဲ၊ မယုံကြည်သူ​ထက်​တောင် ဆိုးရွားတယ်” လို့ ကျမ်းစာ ပြောတယ်။ (၁ တိ. ၅:၈) သင့်​မှာ အဲဒီလို​တာဝန်တွေ ရှိတယ်ဆိုရင် ဘုရားရေးရာ လုပ်ဆောင်မှုတွေ​အတွက် အချိန် သိပ်​ပေးနိုင်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်မပျက်ပါနဲ့။ မိသားစုကို သင် ထောက်ပံ့​တဲ့အခါ ယေဟော​ဝါ ပျော်ရွှင်တယ်။—၁ ကော. ၁၀:၃၁

၄။ ဘုရားရေးရာ​ကို မိဘတွေ ဘယ်လို ဦးစား​ထား​နိုင်သလဲ။ ဘာအကျိုး ခံစားရသလဲ။

ခရစ်ယာန်​မိဘတွေ သားသမီးတွေ​အတွက် ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်​ပေးတာ​က ယေဟော​ဝါနဲ့ ပူးပေါင်း​လုပ်ဆောင်​နေတာ​ဖြစ်တယ်။ အဲဒီလို ချမှတ်​ပေး​ခဲ့လို့ နောက်ပိုင်း သားသမီးတွေဟာ အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်လာ​ကြတယ်။ သာသနာပြု​အဖြစ်၊ ပိုလိုအပ်တဲ့​နေရာမှာ ရှေ့ဆောင်​အဖြစ်၊ ဗေသလ​အိမ်သား​တွေ​အဖြစ် အိမ်နဲ့​ဝေး​တဲ့​နေရာမှာ​တောင် အမှုဆောင်​ကြတယ်။ မိသားစုနဲ့ ဝေး​နေလို့ ဆန္ဒရှိ​သလောက်​တော့ မဆုံနိုင်ကြဘူး။ ဒါပေမဲ့ ကိုယ်ကျိုးစွန့်တဲ့ မိဘ​တွေဟာ သားသမီးတွေကို  တာဝန်ကျရာမှာ  ဆ​က်​အမှုဆောင်ဖို့ အားပေး​ကြတယ်။ ဘာကြောင့်လဲ။ သားသမီးတွေ နိုင်ငံ​တော်ကို ဦးစား​ထားတဲ့အခါ သူတို့ ပျော်ရွှင်​ကျေနပ်​ရလို့ပဲ။ (၃ ယော. ၄) ရှမွေလ​ကို ယေဟော​ဝါ​ဆီ “ပေးအပ်” ခဲ့​တဲ့ ဟန္န​လို မိဘများစွာ ခံစား​ကြရတယ်။ ဘုရားနဲ့ တွဲဖက်​လုပ်ဆောင်​ရတာကို အဖိုးတန်​အခွင့်ထူး​အဖြစ် ယူမှတ်​ကြတယ်။—၁ ရှ. ၁:၂၈

၅။ အသင်းတော်မှာ​ရှိတဲ့ ညီအစ်ကို/မတွေကို ဘယ်လို လက်တွေ့ကျကျ ကူညီ​ပေးနိုင်သလဲ။ (ဆောင်းပါး​အစ​မှ​ပါတဲ့ ပုံကို ကြည့်ပါ။)

သင့်​မှာ မိသားစု​တာဝန်တွေ မရှိဘူး​ဆိုရင် မိသားစုကို ကြည့်ရှုစောင့်ရှောက်​နေတဲ့၊ အိုမင်းမစွမ်း​ဖြစ်နေတဲ့၊ အကူအညီ လိုအပ်​နေတဲ့ ယုံကြည်​သူ​ချင်း​တွေကို ကူညီ​ပေး​နိုင်မလား။ အသင်းတော်မှာ အကူအညီ လိုအပ်​နေ​သူတွေကို ရှာ​ကြည့်ပါ။ ဥပမာ၊ ညီအစ်မ​တစ်ယောက်က သက်ကြီးရွယ်အို မိဘတွေကို ကြည့်ရှုစောင့်ရှောက်​နေရတယ် ဆိုပါစို့။ သူ တခြား​ကိစ္စတွေ လုပ်နိုင်အောင် သူ့​မိဘတွေကို သင် ကြည့်ရှု​ပေး​နိုင်မလား။ အကူအညီ​လိုအပ်​နေ​သူတွေကို အစည်းအဝေး ကြို​ပို့ပေး​တာ၊ ဈေးဝယ်​ပေးတာ၊ ဝေယျာဝိစ္စ လုပ်ပေး​တာ၊ ဆေးရုံတက်​နေ​သူ တစ်ယောက်ယောက်​ဆီ ခေါ်သွားတာတွေ လုပ်ပေး​နိုင်တယ်။ ဒီနည်းအားဖြင့် ဆုတောင်း​ချက်တွေကို အဖြေပေးတဲ့ ယေဟော​ဝါနဲ့ တွဲ​အမှုဆောင်​ရာ​ရောက်တယ်။၁ ကောရိန္သု ၁၀:၂၄ ကိုဖတ်ပါ။

ဧည့်ဝတ်​ကျေပွန်ပါ

၆။ ဧည့်ဝတ်​ကျေပွန်ခြင်း​မှာ ဘာ​ပါဝင်​သလဲ။

ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်​တွေဟာ ဧည့်ဝတ်ကျေပွန်​ကြတယ်။ ကျမ်းစာမှာ​ပါတဲ့ “ဧည့်ဝတ်​ကျေပွန်” ဆိုတဲ့ အသုံးအနှုန်းဟာ ‘သူစိမ်းတွေကို ကြင်နာမှု​ပြ​ခြင်း’ လို့ အဓိပ္ပာယ်​ရတယ်။ (ဟီ. ၁၃:၂၊ အောက်ခြေမှတ်ချက်) အဲဒီလို ဧည့်ဝတ်​ကျေပွန်​ဖို့ သင်ပေးတဲ့ ကျမ်းစာ​မှတ်တမ်းတွေ ရှိတယ်။ (က. ၁၈:၁-၅) “ယုံကြည်ခြင်း​တူတဲ့​သူ” ကို​ဖြစ်စေ၊ မတူတဲ့​သူကို​ဖြစ်စေ ပုံမှန် ကူညီ​ပေးဖို့ အခွင့်အရေး ရှာယူ​သင့်တယ်။—ဂ​လ. ၆:၁၀

၇။ အချိန်ပြည့်​အမှုထမ်းတွေ လာလည်​ပတ်​တဲ့အခါ ဘာကြောင့် ဧည့်ဝတ်​ကျေပွန်​သင့်သလဲ။

အချိန်ပြည့်​အမှုထမ်းတွေ လာလည်​ပတ်​တဲ့အခါ ဧည့်ဝတ်​ကျေပွန်ခြင်း​အားဖြင့် ဘုရားသခင်နဲ့ တွဲဖက်​လုပ်ဆောင်​နိုင်မလား။ (၃ ယောဟန် ၅၊  ကိုဖတ်ပါ။) အဲဒါက “အပြန်အလှန် အားပေး​ခွင့်” ရစေတယ်။ (ရော. ၁:၁၁၊ ၁၂) အော်လပ်ရဲ့ အဖြစ်ကို သုံးသပ်​ကြည့်ပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်​တွေ​တုန်း​က အသင်းတော်ကို တစ်ကိုယ်ရေ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်​တဲ့အခါ ဘယ်သူမှ တည်းခိုမယ့်​နေရာ မပေး​နိုင်ကြဘူး။ ဒါနဲ့​ အိမ်မှာ လာ​တည်း​ခွင့်ပြု​ဖို့ သက်သေခံ မဟုတ်တဲ့ မိဘတွေ​ဆီ အော်လပ် ခွင့်တောင်းတဲ့​အခါ သဘော​တူကြတယ်။ သူကတော့ ခုံတန်း​ပေါ်မှာ အိပ်​ရမယ်။ အဲဒီလို အနစ်နာခံ​ရ​ကျိုး နပ်​ပါတယ်။ “သိပ်ပျော်စရာ​ကောင်းတဲ့ သီတင်းပတ်ပါပဲ။ တိုက်နယ်​နဲ့ ကျွန်တော် မနက်​တိုင်း အစောကြီး ထပြီး မနက်စာ​စား​ရင်း စိတ်ဝင်စားစရာ​အကြောင်းတွေ ဆွေးနွေး​ဖြစ်တယ်။ ရရှိခဲ့တဲ့ အားပေး​စကားတွေက အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်ဖို့ လှုံ့ဆော်​ပေးတယ်” လို့ သူပြောတယ်။ လွန်ခဲ့တဲ့​နှစ် ၄၀ ကျော်​အတွင်း နိုင်ငံ​များစွာမှာ သာသနာပြု​အဖြစ် အော်လပ်​ အမှုဆောင်ခဲ့တယ်။

၈။ ကျေးဇူးမသိ​တတ်​သူတွေကို​တောင် ဘာကြောင့် ကြင်နာမှု​ပြသင့်​သလဲ။ ဥပမာ​ပေးပါ။

သူစိမ်းတွေကို နည်းလမ်းများ​စွာ​နဲ့ မေတ္တာပြ​နိုင်ပါတယ်။ ကိုယ့်​လုပ်ဆောင်မှုကို အစပိုင်းမှာ အသိအမှတ်​မပြု​ရင်တောင် မေတ္တာ​ပြပါ။ ဥပမာ၊ စပိန်​နိုင်ငံက ကြေညာ​သူ​တစ်ယောက်ဟာ အီကွေဒေါ​နိုင်ငံက သင်သား ယ​က်​စီ​ကာ​ကို ကျမ်းစာသင်ပေး​နေတုန်း ယ​က်​စီ​ကာ ငိုချပါလေရော။ အကြောင်းရင်းကို မေးကြည့်​တော့ ဒီ​နိုင်ငံ​ကို မလာခင်​တုန်း​က သိပ်​ဆင်းရဲ​ကြောင်း၊ တစ်နေ့​ စားစရာ​မရှိလို့ သမီးကို ရေ​ပဲ​တိုက်​ပြီး သိပ်​ခဲ့​ရ​ကြောင်း၊ အကူအညီ​ရဖို့ ဆုတောင်း​​ခဲ့​ကြောင်း ပြောပြတယ်။​ မကြာခင်​ သက်သေခံ​နှစ်ယောက် ရောက်လာပြီး မဂ္ဂဇင်း​ဝေငှ​တော့ ယ​က်​စီ​ကာ ဆွဲ​ဖြဲ​လိုက်ပြီး “ငါ့​သမီးကို ဒါ​ကျွေး​ရမှာလား” လို့ ပြောလိုက်တယ်။ ညီအစ်မတွေ နှစ်သိမ့်​ပေးပေမဲ့ အရာ​မ​ရောက်​ဘူး။ နောက်ပိုင်း ယက်စီကာရဲ့ အိမ်ရှေ့မှာ သူတို့ စားစရာတွေ လာ​ထား​ပေး​သွားတယ်။ သူတို့ရဲ့ ကြင်နာမှု​ကြောင့် ယ​က်​စီ​ကာ စိတ်ထိမိ​သွားတယ်။ သူ့​ဆုတောင်း​ချက်ကို ဘုရား အဖြေ​ပေးပေမဲ့ ဂရုမစိုက်​မိ​ခဲ့​ဘူးဆိုပြီး စိတ်မကောင်း​ဖြစ်သွားတယ်။ အခုတော့ ယေဟော​ဝါကို ကိုးကွယ်​ဖို့ စိတ်ပိုင်းဖြတ်​ထားပြီ။ ညီအစ်မတွေ ရက်ရောမှု ပြခဲ့တဲ့ အကျိုးကျေးဇူးပါပဲ။—ဒေ. ၁၁:၁၊ ၆

ဘုရားရေးရာ​အလုပ်တွေ​မှာစေတနာ့ဝန်ထမ်း​ပါ

၉၊ ၁၀။ (က) အစ္စရေးတွေ စေတနာ့ဝန်ထမ်း​ဖို့ လိုအပ်တဲ့ အချိန်​အခါ​တချို့ကို ဖော်ပြပါ။ (ခ) ဒီနေ့ခေတ် အသင်းတော်မှာ ညီအစ်ကိုတွေ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

ရှေး​အစ္စရေး​လူမျိုး သမိုင်း​မှာ စေတနာ့ဝန်ထမ်း​ဖို့ လိုအပ်တဲ့ အချိန်​အခါတွေ ရှိခဲ့တယ်။ (ထွ. ၃၆:၂။ ၁ ရာ. ၂၉:၅။ နေ. ၁၁:၂) ဒီနေ့လည်း ညီအစ်ကို/မတွေ​အတွက် အချိန်၊ ငွေကြေး​နဲ့ ကျွမ်းကျင်မှုတွေကို စေတနာ​နဲ့ ပေးဆက်​ဖို့ အခွင့်အရေးတွေ ရှိပါတယ်။ အဲဒါက ပျော်ရွှင်မှုနဲ့ ကောင်းချီး​များစွာ ရရှိ​စေပါလိမ့်မယ်။

၁၀ အသင်းတော်​အမှုထမ်း၊ အကြီးအကဲတွေ​အဖြစ် တက်လှမ်း​ပြီး ယေဟော​ဝါနဲ့ တွဲ​အမှုဆောင်ဖို့ အမျိုးသားတွေကို ကျမ်းစာ အားပေး​ထားတယ်။ (၁ တိ. ၃:၁၊ ၈၊ ၉။ ၁ ပေ. ၅:၂၊ ၃) ဒီနည်းအားဖြင့် တခြား​သူတွေကို ဘုရားရေးရာ​ကိစ္စတွေမှာ လက်တွေ့ကျကျ ကူညီ​ထောက်မပေး​နိုင်တယ်။ (တ. ၆:၁-၄) ဧည့်ကြို​လုပ်ပေးဖို့ ဒါမှမဟုတ် စာအုပ်စာတမ်း၊ ရပ်ကွက်၊ ပြုပြင်​ထိန်းသိမ်းရေး​မှာ ကူညီ​ပေးဖို့ အကြီးအကဲတွေ တောင်းဆို​ဖူး​သလား။ အဲဒီလို ကူညီပေး​သူတွေ သိပ်​ပျော်ရွှင်​နေကြတယ်။

ဘုရားရေးရာ​အလုပ်တွေ​မှာ စေတနာ့ဝန်ထမ်း​ခြင်းက မိတ်ဆွေသစ်တွေ​ရဖို့ အခွင့်အရေး​များစွာ ရရှိစေ (အပိုဒ် ၁၁ ကို​ကြည့်ပါ)

၁၁။ ဆောက်လုပ်ရေး​လုပ်ငန်းမှာ သိကျွမ်း​ခဲ့​တဲ့ မိတ်ဆွေတွေ​ဆီကနေ ညီအစ်မ​တစ်ယောက် ဘယ်လို အကျိုး​ရခဲ့​သလဲ။

၁၁ ဘုရားရေးရာ​အလုပ်တွေ​မှာ စေတနာ့ဝန်ထမ်း​သူတွေဟာ မိတ်ဆွေသစ်တွေ ရ​ကြတယ်။ နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး​မှာ ၁၈ နှစ်လောက် ပါဝင်​ခဲ့​တဲ့ ညီအစ်မ မာဂျီရဲ့ အဖြစ်ကို သုံးသပ်​ကြည့်ပါ။ နှစ်တွေ​တစ်လျှောက် လူငယ်​ညီအစ်မ​များစွာကို လေ့ကျင့်ပေး​ခဲ့​တယ်။ ဘုရားရေးရာ​ဘက် အချင်းချင်း အားပေး​နိုင်တဲ့ အကောင်းဆုံးနည်းပဲလို့ သူပြောတယ်။ (ရော. ၁:၁၂) အခက်အခဲတွေ ကြုံရတဲ့​အခါ ဆောက်လုပ်ရေး​မှာ အတူ​လုပ်ခဲ့တဲ့ မိတ်ဆွေတွေ​ဆီကနေ အားပေးမှု ရခဲ့တယ်။ သင်​ကော ဆောက်လုပ်ရေး​လုပ်ငန်းမှာ စေတနာ့ဝန်ထမ်း​ဖူး​သလား။ တတ်ကျွမ်း​ထားတာ​တစ်ခုခု မရှိရင်တောင် စေတနာ့ဝန်ထမ်း လုပ်နိုင်ပါတယ်။

၁၂။ သဘာဝဘေး ကြုံရ​သူတွေကို သင် ဘယ်လို ကူညီ​နိုင်သလဲ။

၁၂ သဘာဝဘေး ကြုံနေတဲ့ ညီအစ်ကို/မတွေကို ကူညီပေးခြင်း​အားဖြင့်​လည်း ဘုရားနဲ့ တွဲဖက်​လုပ်ဆောင်ဖို့ အခွင့်အရေး​ရ​ကြတယ်။ ဥပမာ၊ ငွေကြေး​အရ ကူညီ​ပေးနိုင်တယ်။ (ယော. ၁၃:၃၄၊ ၃၅။ တ. ၁၁:၂၇-၃၀) သန့်ရှင်းရေး လုပ်ပေး​နိုင်တယ်။ အိမ်ပြန်​ဆောက်​ပေးနိုင်တယ်။ ရေလွှမ်းမိုးမှု​ကြောင့် ပိုလန်​နိုင်ငံက ညီအစ်မ ဂါဘရီလာ​ရဲ့​အိမ် ပျက်စီး​သွားတဲ့အခါ အနီးအနား အသင်းတော်တွေက လာ​ကူညီ​ပေးကြတယ်။ ဆုံးၡုံး​သွားတဲ့ ရုပ်ပစ္စည်း​တွေ​အတွက် သူ မစိုးရိမ်​ဘူး။ ပြန်​ရတာတွေကို​ပဲ တန်ဖိုး​ထားတယ်။ “အသင်းတော်ထဲမှာ​ရှိနေ​ရတာ တကယ့်​အခွင့်ထူး​ဖြစ်ပြီး ပျော်ရွှင်​စေ​မှန်း ဒီ​အတွေ့အကြုံ​ကနေ သိခဲ့ရတယ်” လို့ သူပြောတယ်။ သဘာဝဘေး​ပြီးနောက် အကူအညီ​ရခဲ့တဲ့ တခြားသူ​များစွာလည်း ထပ်တူ​ခံစား​ကြရတယ်။ ကူညီ​ပေးရာမှာ ယေဟော​ဝါနဲ့ တွဲဖက်​လုပ်ဆောင်​သူတွေလည်း ကျေနပ်ပျော်ရွှင်မှု ခံစားရတယ်။တမန်တော် ၂၀:၃၅။ ၂ ကောရိန္သု ၉:၆၊ ၇ ကိုဖတ်ပါ။

၁၃။ စေတနာ့ဝန်ထမ်း​ခြင်းက ယေဟော​ဝါနဲ့ ဆက်ဆံရေးကို ဘယ်လို ပို​ခိုင်မာ​စေနိုင်သလဲ။ ဥပမာ​ပေးပါ။

၁၃ စတက်ဖနီနဲ့ တခြား​ကြေညာသူတွေဟာ ဒုက္ခသည်​အဖြစ် အမေရိကန်​ကို ရောက်လာတဲ့ သက်သေခံတွေ​ကို ကူညီခြင်းအားဖြင့် ဘုရားနဲ့ တွဲဖက်​လုပ်ဆောင်ကြ​တယ်။ သူတို့​နေဖို့ အိမ်နဲ့ ပရိဘောဂ​တွေ ရှာပေး​တယ်။ “ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်းရဲ့ မေတ္တာ​ကြောင့် သူတို့ ပျော်ရွှင်တာ၊ ကျေးဇူးတင်​လေးမြတ်တာကို တွေ့ရလို့ ကျွန်မ​တို့ စိတ်ထိမိ​သွားတယ်။ ကိုယ်က ကူညီ​ပေးနေတာလို့ ထင်ရပေမဲ့ တကယ်တော့ သူတို့က ကူညီပေး​နေတာ။ သူတို့ရဲ့ မေတ္တာ၊ စည်းလုံးမှု၊ ယုံကြည်ခြင်း၊ ယေဟော​ဝါကို အားကိုးခြင်းတွေကို မြင်ရတဲ့အခါ ကျွန်မတို့လည်း ယေဟော​ဝါကို ချစ်တဲ့​စိတ်၊ အဖွဲ့အစည်း​က​တစ်ဆင့် ရရှိတာ မှန်သမျှကို ကျေးဇူးတင်​လေးမြတ်စိတ် တိုးများလာ​တယ်” လို့ စတက်ဖနီ ပြောတယ်။

အမှုဆောင်​လုပ်ငန်းကို တိုးချဲ့​ပါ

၁၄၊ ၁၅။ (က) ပရောဖက် ဟေရှာယ ဘယ်လို သဘောထား တင်ပြ​ခဲ့​သလဲ။ (ခ) ဟေရှာယရဲ့ သဘောထားကို ခရစ်ယာန်တွေ ဘယ်လို တုပ​နိုင်သလဲ။

၁၄ ယေဟော​ဝါနဲ့ ပို​အပြည့်အဝ တွဲဖက်​လုပ်ဆောင်​ချင်​သလား။ အဖွဲ့အစည်း​အတွင်း လုပ်သား ပိုလိုအပ်တဲ့ နေရာ​တွေကို ပြောင်းရွှေ့​အမှုဆောင်​ချင်​သလား။ ဘုရားသခင့် ကျေးကျွန်တွေဟာ ရက်ရောမှု​ပြ​နိုင်ဖို့ အိမ်က​နေ ဝေးဝေး​သွား​စ​ရာ မလိုပါဘူး။ ညီအစ်ကို/မတ​ချို့​ကတော့ သွား​နိုင်တဲ့ အခြေအနေ​မှာ ရှိကြတယ်။ “ဘယ်သူ့ကို ငါ​စေလွှတ်​ရမလဲ။ ငါ​တို့အတွက် ဘယ်သူ သွား​ပေး​မလဲ” လို့ ယေဟော​ဝါ မေးတဲ့အခါ “ကျွန်တော် ရှိပါတယ်။ ကျွန်တော့်ကို စေလွှတ်ပါ” လို့ ပြန်ဖြေ​တဲ့ ပရောဖက် ဟေရှာယရဲ့ သဘောထားမျိုး ရှိကြတယ်။ (ဟေရှာ.​ ၆:၈) သင်​ကော အလားတူ​တုံ့ပြန်​ဖို့ ဆန္ဒ​ရှိသလား။ အခြေအနေ​ပေးသလား။ တုံ့ပြန်​နိုင်တဲ့ နည်းလမ်း​တချို့က ဘာတွေလဲ။

၁၅ ဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်း လုပ်ငန်း​နဲ့ပတ်သက်ပြီး “စပါး​ရိတ်​စ​ရာ အများကြီး​ရှိတယ်။ လုပ်သားတွေ​ကတော့ နည်း​နေတယ်။ ဒါကြောင့် လုပ်သားတွေ စေလွှတ်​ပေးဖို့ စပါးရှင်​ဆီ ဆုတောင်း​ကြပါ” လို့ ယေရှု ပြောတယ်။ (မ. ၉:၃၇၊ ၃၈) သင်​ကော ပိုလိုအပ်တဲ့​ဒေသ​မှာ ရှေ့ဆောင်​အဖြစ် အမှုဆောင်​နိုင်မလား။ အဲဒီလို​လုပ်ဖို့ တစ်ယောက်ယောက်ကို ကူညီ​ပေး​နိုင်မလား။ ဘုရားနဲ့ လူသားချင်း​ကို ချစ်ကြောင်း ဖော်ပြ​နိုင်တဲ့ အကောင်းဆုံးနည်း​က ပိုလိုအပ်တဲ့​နေရာမှာ​ ရှေ့ဆောင်​လုပ်ခြင်း​ပဲ​လို့ ညီအစ်ကို/မများ​စွာ ယူဆကြတယ်။ တခြား​နည်းတွေနဲ့ရော အမှုဆောင်​လုပ်ငန်းကို တိုးချဲ့​နိုင်မလား။ ဒါဆို သင် အလွန်​ပျော်ရွှင်​ပါလိမ့်မယ်။

၁၆၊ ၁၇။ အမှုဆောင်လုပ်ငန်း တိုးချဲ့​ချင်​သူတွေ​အတွက် ဘယ်​ထပ်ဆင့်​အခွင့်အရေးတွေ ရှိသလဲ။

၁၆ ဗေသလ​မှာ၊ ဆောက်လုပ်ရေး​မှာ ယာယီ​ဖြစ်စေ အချိန်ပိုင်း​ဖြစ်စေ အမှုဆောင်​နိုင်မလား။ ဘယ်​နေရာမှာပဲ​ဖြစ်ဖြစ်၊ ဘာ​တာဝန်ပဲ​ရ​ရ ယေဟော​ဝါရဲ့ လုပ်ငန်းမှာ အမှု​ဆောင်မယ့်​သူတွေ အမြဲ လိုအပ်​နေပါတယ်။ ကိုယ်​ကျွမ်းကျင်​တာ​က ကဏ္ဍ​တစ်ခု ဖြစ်ပေမဲ့ ပိုလို​နေတဲ့ နောက်​ကဏ္ဍ​မှာ အမှုဆောင်​ရတာ​မျိုး ရှိ​နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ပေးဆက်​သူတွေ ပြ​တဲ့ ကိုယ်ကျိုးစွန့်​စိတ်​ကို ယေဟော​ဝါ တန်ဖိုး​ထားပါတယ်။—ဆာ. ၁၁၀:၃

၁၇ အမှုတော်မြတ်​မှာ ပို​ထိရောက်​နိုင်ဖို့ ထပ်ဆင့်​လေ့ကျင့်မှု ရ​ချင်​သလား။ သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း တက်ဖို့ လျှောက်ထား​နိုင်တယ်။ ဒီ​သင်တန်း​က အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​နေတဲ့ ဘုရားရေးရာ​စိတ်​ရှိသူ ညီအစ်ကို/မတွေကို တိုးချဲ့​အမှုဆောင်​နိုင်ဖို့ လေ့ကျင့်​ပေးတယ်။ သင်တန်း​တက်ဖို့ လျှောက်ထား​သူတွေဟာ ဘယ်​တာဝန်ကို​မဆို လက်ခံ​နိုင်ရမယ်။ ဒီနည်းနဲ့ ထပ်ဆင့် လုပ်ငန်းတော်​အခွင့်ထူးတွေ ရဖို့ သင် တက်လှမ်း​မလား။—၁ ကော. ၉:၂၃

၁၈။ နေ့တိုင်း ယေဟော​ဝါနဲ့ တွဲဖက်​လုပ်ဆောင်ခြင်း​အားဖြင့် ဘာအကျိုး​တွေ ရမလဲ။

၁၈ ယေဟော​ဝါရဲ့ လူမျိုး​အနေနဲ့ ကျွန်တော်တို့ဟာ နေ့တိုင်း တခြား​သူတွေကို ရက်ရောမှု၊ ကောင်းမြတ်မှု၊ ကြင်နာမှု၊ မေတ္တာ တင်ပြ​ပြီး ဂရုစိုက်​တဲ့​အတွက် ပျော်ရွှင်​ငြိမ်သက်မှု ခံစား​ကြရတယ်။ (ဂ​လ. ၅:၂၂၊ ၂၃) သင့်​ဘဝ​အခြေအနေ ဘယ်လိုပဲ ရှိပါစေ ယေဟော​ဝါရဲ့ ရက်ရော​မှု​ကို တုပခြင်း၊ ဘုရားနဲ့ တွဲဖက်​လုပ်ဆောင်ခြင်း​အားဖြင့် ပျော်ရွှင်မှု ရနိုင်ပါတယ်။—ပညာ. ၃:၉၊ ၁၀