ရက်ရောစွာ ပေးကမ်းသူတွေ ပျော်ရွှင်ကြ
“ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။”—တ. ၂၀:၃၅။
၁။ ယေဟောဝါ ရက်ရောကြောင်း ဘာက ဖော်ပြသလဲ။
ယေဟောဝါဟာ ဘာကိုမှ စမဖန်ဆင်းခင် တစ်ဦးတည်း ရှိခဲ့ပေမဲ့ ကိုယ့်အတွက်ပဲ မစဉ်းစားဘူး။ အသိဉာဏ်ရှိ ဖန်ဆင်းရာတွေဖြစ်တဲ့ နာမ်ဝိညာဉ်သတ္တဝါတွေနဲ့ လူသားတွေကို အသက်ဆု ပေးခဲ့တယ်။ “ပျော်ရွှင်တဲ့ ဘုရား” ယေဟောဝါဟာ ပေးကမ်းရတာကို နှစ်သက်တယ်။ (၁ တိ. ၁:၁၁။ ယာ. ၁:၁၇) ကျွန်တော်တို့ကိုလည်း ပျော်ရွှင်စေချင်တဲ့အတွက် ရက်ရောဖို့ သင်ပေးတယ်။—ရော. ၁:၂၀။
၂၊ ၃။ (က) ပေးကမ်းခြင်းက ဘာကြောင့် ပျော်ရွှင်စေသလဲ။ (ခ) ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။
၂ ဘုရားသခင်က လူကို မိမိပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတယ်။ (က. ၁:၂၇) ဒါကြောင့် ဘုရားသခင့် အရည်အသွေးတွေကို ကျွန်တော်တို့ တင်ပြနိုင်တယ်။ ပျော်ရွှင်ကျေနပ်မှု ရဖို့ တခြားသူတွေကို စိတ်ဝင်စားခြင်း၊ ရက်ရက်ရောရော ပေးကမ်းခြင်းအားဖြင့် ယေဟောဝါရဲ့ ပုံသက်သေကို တုပဖို့ လိုတယ်။ (ဖိ. ၂:၃၊ ၄။ ယာ. ၁:၅) ဘာကြောင့်လဲဆိုတော့ ယေဟောဝါက လူတွေကို အဲဒီလိုနည်းနဲ့ ပုံစံပြုထားလို့ပဲ။ ကျွန်တော်တို့ မစုံလင်ပေမဲ့ ယေဟောဝါရဲ့ ရက်ရောမှုကို တုပနိုင်ပါတယ်။
၃ ရက်ရက်ရောရော ပေးကမ်းနိုင်ပုံအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ တချို့ကို သုံးသပ်ကြည့်ကြစို့။ ရက်ရောမှုက ဘုရားမျက်နှာသာ ဘယ်လိုရရှိစေကြောင်း၊
ဒီအရည်အသွေး မွေးမြူခြင်းက ဘုရားပေး တာဝန်ကို ကျေပွန်ဖို့ ဘယ်လို ကူညီပေးကြောင်း လေ့လာကြပါမယ်။ ရက်ရောမှုက ပျော်ရွှင်မှုနဲ့ ဘယ်လို ဆက်စပ်နေကြောင်း၊ အဲဒီအရည်အသွေးကို မွေးမြူဖို့ ဘာကြောင့် လိုအပ်ကြောင်းကိုလည်း ဆန်းစစ်ကြပါမယ်။ဘုရားသခင့် မျက်နှာသာ ရရှိနိုင်ပုံ
၄၊ ၅။ ဘယ်ရက်ရောမှု ပုံသက်သေတွေကို ယေဟောဝါနဲ့ ယေရှု ချမှတ်ခဲ့သလဲ။
၄ ယေဟောဝါက လူသားတွေ မိမိကို တုပစေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ရက်ရောတဲ့အခါ ဘုရား ပျော်ရွှင်တယ်။ (ဧ. ၅:၁) ကျွန်တော်တို့ ဖန်ဆင်းခံရတဲ့ပုံစံနဲ့ သဘာဝပတ်ဝန်းကျင် လှပကြွယ်ဝမှုတွေက လူသားတွေကို ဘုရား ပျော်ရွှင်စေချင်မှန်း ထင်ရှားတယ်။ (ဆာ. ၁၀၄:၂၄။ ၁၃၉:၁၃-၁၆) တခြားသူတွေကို ပျော်ရွှင်စေတဲ့အခါ ဘုရားကို ဂုဏ်တင်ရာရောက်တယ်။
၅ ခရစ်ယာန်စစ်တွေဟာ ပြည့်ဝစုံလင်တဲ့ ရက်ရောမှု ပုံနမူနာရှင် ခရစ်တော်ကို တုပကြတယ်။ ‘လူသားဟာ သူတစ်ပါးကို စေခိုင်းဖို့ လာတာ မဟုတ်ဘူး။ သူတစ်ပါးအစေကိုခံပြီး လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကိုပေးဖို့ ရောက်လာတာ’ လို့ ယေရှုကိုယ်တိုင် ပြောခဲ့တယ်။ (မ. ၂၀:၂၈) ‘ခရစ်တော်ယေရှုမှာရှိတဲ့ အဲဒီစိတ်သဘောထားကို ခင်ဗျားတို့လည်း မွေးမြူကြပါ။ အရာရာကို သူစွန့်လွှတ်ခဲ့တယ်။ ကျွန်အဖြစ်ကို ခံယူခဲ့တယ်’ လို့ ခရစ်ယာန်တွေကို တမန်တော် ပေါလု ပြောတယ်။ (ဖိ. ၂:၅၊ ၇) ‘ယေရှုရဲ့ ပုံသက်သေကို အခုထက် ပိုတုပနိုင်ဦးမလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။—၁ ပေတရု ၂:၂၁ ကိုဖတ်ပါ။
၆။ ရှမာရိလူ ပုံဥပမာမှာ ယေရှု ဘာသင်ပေးသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၆ ယေဟောဝါနဲ့ ခရစ်တော်ရဲ့ ပြည့်ဝစုံလင်တဲ့ ပုံသက်သေကို တုပခြင်း၊ တခြားသူတွေရဲ့ အကျိုးကို စိတ်ဝင်စားခြင်း၊ သူတို့ရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ယေဟောဝါရဲ့ မျက်နှာသာ ရနိုင်တယ်။ တခြားသူတွေ၊ ကိုယ်နဲ့ နောက်ခံ မတူသူတွေကိုတောင် နည်းလမ်းရှာ ကူညီပေးသင့်ကြောင်း ရှမာရိလူ ပုံဥပမာမှာ တပည့်တွေကို ယေရှု ရှင်းလင်းစွာ ဖော်ပြခဲ့တယ်။ (လုကာ ၁၀:၂၉-၃၇ ကိုဖတ်ပါ။) ဂျူးတစ်ယောက်က “ကျွန်တော်ချစ်ရမယ့် လူသားချင်းဟာ ဘယ်သူလဲ” ဆိုပြီး မေးလို့ ရှမာရိလူ ပုံဥပမာကို ယေရှု ပြောခဲ့တာဖြစ်တယ်။ ယေရှုရဲ့ အဖြေက ကျွန်တော်တို့လည်း ဘုရားမျက်နှာသာ ရချင်ရင် ရှမာရိလူလိုပဲ ရက်ရောစွာ ပေးကမ်းရမယ်ဆိုတာ ဖော်ပြတယ်။
၇။ တစ်ကိုယ်ကောင်းဆန်ခြင်း၊ မဆန်ခြင်းဟာ စကြဝဠာအရေးကိစ္စနဲ့ ဘယ်လို ဆက်စပ်နေသလဲ။
၇ ခရစ်ယာန်တွေ ရက်ရောသင့်တဲ့ အကြောင်းရင်းတစ်ခုကတော့ ဧဒင်မှာ စာတန်ပေါ်ပေါက်စေခဲ့တဲ့ အရေးကိစ္စနဲ့ ဆက်စပ်နေလို့ပဲ။ ဘယ်လိုနည်းနဲ့လဲ။ ဘုရားကို နာခံတာထက် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ရင်၊ ကိုယ့်အကျိုးကိုသာ ဦးစားထားရင် ပိုပျော်မယ်လို့ အာဒံနဲ့ ဧဝကို စာတန် ပြောခဲ့တယ်။ ဧဝဟာ ဘုရားလို ဖြစ်ချင်တဲ့ တစ်ကိုယ်ကောင်းစိတ်အတိုင်း လုပ်ခဲ့တယ်။ အာဒံလည်း ဘုရားထက် ဧဝ စိတ်ကျေနပ်အောင် လုပ်ခြင်းအားဖြင့် တစ်ကိုယ်ကောင်းစိတ် ရှိကြောင်း ပြခဲ့တယ်။ (က. ၃:၄-၆) သူတို့ဆုံးဖြတ်ချက်ရဲ့ ဆိုးကျိုးတွေကို ထင်ထင်ရှားရှား မြင်နေရတယ်။ တစ်ကိုယ်ကောင်းဆန်ခြင်းဟာ ပျော်ရွှင်မှု မရစေဘဲ ဆိုးကျိုးတွေပဲ ရစေနိုင်တယ်။ ဘုရားသခင့် နည်းလမ်းသာ အကောင်းဆုံးဖြစ်တာကို ယုံကြည်ကြောင်း ရက်ရောခြင်းအားဖြင့် တင်ပြနိုင်တယ်။
ဘုရားပေးတာဝန်ကို ကျေပွန်ခြင်း
၈။ တခြားသူတွေအတွက် အာဒံနဲ့ ဧဝ ဘာကြောင့် စဉ်းစားသင့်သလဲ။
၈ အာဒံနဲ့ ဧဝဟာ ဧဒင်မှာ နှစ်ယောက်တည်း ရှိခဲ့ပေမဲ့ တခြားသူတွေရဲ့ အကျိုးကို ထည့်စဉ်းစားသင့်တယ်။ သူတို့ကို ယေဟောဝါ ကောင်းချီးပေးပြီး သားသမီးတွေ အများကြီးမွေးဖို့၊ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းဖို့ တာဝန်ပေးခဲ့တယ်။ (က. ၁:၂၈) ဖန်ဆင်းရာတွေရဲ့ အကျိုးကို ဖန်ဆင်းရှင် အလွန်စိတ်ဝင်စားသလို မမွေးသေးတဲ့ သားသမီးတွေရဲ့ ပျော်ရွှင်မှုကို အာဒံနဲ့ ဧဝ စိတ်ဝင်စားသင့်တယ်။ လူ့မိသားစု တစ်စုလုံးရဲ့ ကောင်းကျိုးအတွက် ဧဒင်ဥယျာဉ်ကို တစ်ကမ္ဘာလုံး တိုးချဲ့ရမယ်။ အဲဒီကြီးမားတဲ့တာဝန်ကို တိုးပွားလာတဲ့ မိသားစုနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရမယ်။
၉။ ဧဒင်ဥယျာဉ်ကို ချဲ့ထွင်ခြင်းက ဘာကြောင့် ပျော်ရွှင်မှု ခံစားရစေမလဲ။
၉ စုံလင်တဲ့ လူသားတွေဟာ ဧဒင်ဥယျာဉ် ချဲ့ထွင်ခြင်းလုပ်ငန်းမှာ ယေဟောဝါနဲ့ အပြည့်အဝ ပူးပေါင်းလုပ်ဆောင်ပြီး ဘုရားသခင့်အနားယူရာထဲ ဝင်ခွင့်ရကြမယ်။ (ဟီ. ၄:၁၁) သိပ်ပျော်စရာကောင်းတဲ့ အလုပ်ဖြစ်မှာပဲ။ တခြားသူတွေရဲ့ အကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆက်ခြင်းကနေ ကောင်းချီးနဲ့ ကျေနပ်ပျော်ရွှင်မှု ခံစားရကြပါလိမ့်မယ်။
၁၀၊ ၁၁။ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း တာဝန်ကို ဘယ်လို ကျေပွန်နိုင်သလဲ။
၁၀ ဒီနေ့လည်း ယေဟောဝါက မိမိလူမျိုးကို ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းတာဝန် ပေးအပ်ထားတယ်။ အဲဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ တခြားသူတွေရဲ့ အကျိုးကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားရမယ်။ စိတ်ရင်းမှန်ရှိမှ၊ တစ်နည်းအားဖြင့် ဘုရားနဲ့ လူသားချင်းကို ချစ်တဲ့မေတ္တာရှိမှ ဒီလုပ်ငန်းမှာ ခံနိုင်ရည်ရှိနိုင်မယ်။
၁၁ ပထမရာစုတုန်းက ပေါလုနဲ့ တခြားခရစ်ယာန်တွေဟာ အမှန်တရားမျိုးစေ့ စိုက်ပျိုးခြင်း၊ ရေလောင်းခြင်းမှာ ပါဝင်ခဲ့လို့ “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်” ဖြစ်ခဲ့ကြတယ်။ (၁ ကော. ၃:၆၊ ၉) ဒီနေ့ခေတ်မှာ ကျွန်တော်တို့လည်း ကိုယ့်အချိန်၊ ခွန်အား၊ အစွမ်းအစတွေကို ဘုရားစေခိုင်းထားတဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ရက်ရက်ရောရော ပေးဆက်ခြင်းအားဖြင့် “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်” ဖြစ်နိုင်တယ်။ တကယ့် အခွင့်ထူးကြီးပါပဲ။
၁၂၊ ၁၃။ တပည့်ဖြစ်စေခြင်းလုပ်ငန်းရဲ့ ကောင်းချီးတွေက ဘာတွေလဲ။
၁၂ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ အချိန်နဲ့ ခွန်အားကို ရက်ရောစွာ ပေးဆက်ခြင်းက ပျော်ရွှင်စေတယ်။ ကျမ်းစာသင်အံမှု ရှိသူတွေ အဲဒီလိုပဲ ခံစားရတယ်။ ကျမ်းစာသင်သားက အမှန်တရားကို လက်ခံ၊ ယုံကြည်ခြင်း တိုးများလာပြီး ဘဝမှာ အပြောင်းအလဲတွေ လုပ်လာတဲ့အပြင် တခြားသူတွေကို အမှန်တရား စဝေမျှလာတဲ့အခါ သူတို့ သိပ်ပျော်ရွှင်ကြတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ တပည့် ၇၀ ရလဒ်ကောင်းတွေရပြီး “ဝမ်းသာအားရ” ပြန်လာတဲ့အခါ ယေရှုလည်း အလွန်ပျော်ရွှင်ခဲ့တယ်။—လု. ၁၀:၁၇-၂၁။
၁၃ သတင်းကောင်းက လူတွေရဲ့ အသက်တာကို ပိုကောင်းလာစေကြောင်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကြေညာသူတွေ မြင်ရတဲ့အခါ ဝမ်းမြောက်ကြတယ်။ ဟောပြောသူ ပိုလိုအပ်တဲ့ ဥရောပအရှေ့ပိုင်းကို ပြောင်းရွှေ့အမှုဆောင်တဲ့ တစ်ကိုယ်ရေ ညီအစ်မ အယ်နာအကြောင်း * “ဒီမှာ ကျမ်းစာသင်အံမှု အများကြီးရတဲ့အတွက် သိပ်ကြိုက်တယ်။ အမှုဆောင်လုပ်ငန်းမှာ သိပ်ပျော်တယ်။ အိမ်ပြန်ရောက်တဲ့အခါ ကိုယ့်ပြဿနာထက် ကျမ်းစာသင်သားတွေရဲ့ အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေအကြောင်းပဲ စဉ်းစားမိတယ်။ သူတို့ကို အားပေးဖို့၊ လက်တွေ့ကျကျ ကူညီပေးဖို့ နည်းလမ်းရှာတယ်။ ‘ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေ’ မှန်း စိတ်ချလာတယ်” လို့ ပြောတယ်။—တ. ၂၀:၃၅။
သုံးသပ်ကြည့်ပါ။၁၄။ သတင်းကောင်းကို လူနည်းနည်းပဲ တုံ့ပြန်ရင်တောင် အမှုဆောင်လုပ်ငန်းမှာ ဘယ်နည်းနဲ့ ပျော်ရွှင်နိုင်သလဲ။
၁၄ ကျွန်တော်တို့လည်း လူတွေ နားမထောင်ရင်တောင် သတင်းကောင်းကို တုံ့ပြန်ဖို့ အခွင့်အရေး ပေးခြင်းအားဖြင့် ပျော်ရွှင်မှု ရနိုင်တယ်။ ကျွန်တော်တို့ရဲ့ တာဝန်ဟာ ပရောဖက် ယေဇကျေလရဲ့ တာဝန်နဲ့ ဆင်တူတယ်။ “သူတို့ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ငါပြောခိုင်းတဲ့အတိုင်း မင်းပြောရမယ်” လို့ သူ့ကို ယေဟောဝါ မိန့်မှာတယ်။ (ယေဇ. ၂:၇။ ဟေရှာ. ၄၃:၁၀) သတင်းကောင်းကို လူတချို့ လက်မခံရင်တောင် ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို ယေဟောဝါ တန်ဖိုးထားတယ်။ (ဟီဘရူး ၆:၁၀ ကိုဖတ်ပါ။) “ကျွန်တော်တို့က စိုက်ပျိုးတယ်၊ ရေလောင်းတယ်။ ပြီးနောက် လူတွေ စိတ်ဝင်စားလာအောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။—၁ ကော. ၃:၆။
ပျော်ရွှင်နိုင်ပုံ
၁၅။ လူတွေ ကောင်းကောင်းတုံ့ပြန်မှ ရက်ရောမှု ပြသင့်သလား။ ရှင်းပြပါ။
၁၅ ယေဟောဝါလိုပဲ ယေရှုလည်း ကျွန်တော်တို့ကို ပျော်ရွှင်စေချင်တယ်။ ဒါကြောင့် ရက်ရောဖို့ ဒီလိုအားပေးတယ်– “ပေးကမ်းတတ်တဲ့အကျင့် လုပ်ပါ။ ခင်ဗျားတို့ကို ပြန်ပေးကမ်းကြလိမ့်မယ်။ ခင်ဗျားတို့ရဲ့ အင်္ကျီအိတ်ထဲ ရက်ရက်ရောရော ထည့်ပေးရုံမက ဖိသိပ်လှုပ်ခါပြီး ပြည့်လျှံနေအောင် ပေးကြလိမ့်မယ်။ ကိုယ်ချိန်ပေးလိုက်တဲ့ ပမာဏအတိုင်း ပြန်ရမှာဖြစ်လို့ပဲ။” (လု. ၆:၃၈) ရက်ရောစွာ ပေးကမ်းတာကို လူတိုင်း ကောင်းကောင်း တုံ့ပြန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တချို့ကတော့ ကိုယ့်ရက်ရောမှုကို တွေ့ပြီး ရက်ရောတတ်လာပါလိမ့်မယ်။ ဒါကြောင့် လူတွေ ကျေးဇူးတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ပေးကမ်းတတ်တဲ့အကျင့် လုပ်ပါ။ ရက်ရော တဲ့ လုပ်ရပ်လေးတစ်ခုက ဘယ်လောက်ထိ တာသွားမယ်ဆိုတာ မသိနိုင်ဘူး။
၁၆။ ရက်ရောမှုပြဖို့ ဘာက လှုံ့ဆော်ပေးသင့်သလဲ။
၁၆ အမှန်တကယ် ရက်ရောသူတွေဟာ တစ်ခုခုပြန်ရဖို့ မမျှော်လင့်ကြဘူး။ “စားသောက်ပွဲ တည်ခင်းတဲ့အခါ နွမ်းပါးသူတွေ၊ မသန်စွမ်းသူတွေ၊ ခြေမသန်သူတွေ၊ မျက်မမြင်တွေကို ဖိတ်ပါ။ သူတို့ဟာ ကျေးဇူးပြန်မဆပ်နိုင်သူတွေဖြစ်လို့ ခင်ဗျား ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ ယေရှု သင်ပေးတယ်။ (လု. ၁၄:၁၃၊ ၁၄) ‘ရက်ရောတဲ့သူဟာ ကောင်းချီးခံစားရလိမ့်မယ်’ လို့ ကျမ်းရေးသူတစ်ယောက် ပြောတယ်။ နောက်တစ်ယောက်ကလည်း “နိမ့်ကျသူကို စာနာမှုပြတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ပြောတယ်။ (ပညာ. ၂၂:၉။ ဆာ. ၄၁:၁) မှန်ပါတယ်၊ တခြားသူတွေကို ကူညီပေးခြင်းကနေ ပျော်ရွှင်မှု ခံစားရနိုင်ပါတယ်။
၁၇။ ဘယ်လို ပေးကမ်းမှုမျိုးက ပျော်ရွှင်စေမလဲ။
၁၇ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” ဆိုတဲ့ ယေရှုရဲ့စကားကို ပေါလု ကိုးကားချိန်မှာ ရုပ်ပစ္စည်း ပေးကမ်းတာကိုပဲ ဆိုလိုနေတာ မဟုတ်ဘူး။ လိုအပ်နေသူတွေကို အားပေး၊ လမ်းညွှန်၊ ကူညီပေးခြင်းကိုပါ ဆိုလိုတယ်။ (တ. ၂၀:၃၁-၃၅) ကိုယ့်အချိန်၊ ခွန်အား၊ မေတ္တာနဲ့ ဂရုစိုက်မှုတို့ကို ရက်ရက်ရောရော ပေးဖို့ အပြောနဲ့ရော အလုပ်နဲ့ပါ ပေါလု သင်ပေးခဲ့တယ်။
၁၈။ ရက်ရောမှုနဲ့ပတ်သက်ပြီး သုတေသီတွေ ဘာပြောသလဲ။
၁၈ ပေးကမ်းခြင်းက လူတွေကို ပျော်ရွှင်စေကြောင်း လူမှုသိပ္ပံ သုတေသီတွေ တွေ့ရှိခဲ့ကြတယ်။ “တခြားသူတွေကို ကြင်နာမှုပြတာက ထူးထူးခြားခြား ပျော်ရွှင်စေတယ်” လို့ ဆောင်းပါးတစ်ခုမှာ ဖော်ပြတယ်။ တခြားသူတွေကို ကူညီခြင်းက “လူ့အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ဘဝကို ပိုအဓိပ္ပာယ်ရှိစေတယ်” လို့ သုတေသီတွေ ပြောကြတယ်။ ဒါကြောင့် ကျန်းမာရေး ပိုကောင်းဖို့၊ ပိုပျော်ရွှင်ဖို့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်ပါဆိုပြီး အားပေးကြတယ်။ ဒါတွေက ကျမ်းစာကို မေတ္တာရှင် ယေဟောဝါရဲ့ စကားတော်အဖြစ် လက်ခံသူတွေအတွက် မထူးဆန်းပါဘူး။—၂ တိ. ၃:၁၆၊ ၁၇။
ရက်ရောမှုကို ဆက်မွေးမြူပါ
၁၉၊ ၂၀။ ဘာကြောင့် ရက်ရောမှု ပြချင်သလဲ။
၁၉ တခြားသူတွေရဲ့ အကျိုးထက် ကိုယ့်အကျိုးကို ဦးစားထားသူတွေ ပတ်လည်မှာ ရက်ရောတဲ့သဘော ဆက်ရှိဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ အရေးကြီးဆုံး ပညတ်နှစ်ခုက ယေဟောဝါကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အားရှိသမျှနဲ့ ချစ်ဖို့၊ လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ဖို့ ဖြစ်တယ်လို့ ယေရှု ပြောတယ်။ (မာ. ၁၂:၂၈-၃၁) ဒီဆောင်းပါးမှာ တွေ့ခဲ့ရတဲ့အတိုင်း ယေဟောဝါကို ချစ်တဲ့သူတွေဟာ ကိုယ်တော့်ကို တုပကြတယ်။ ယေဟောဝါနဲ့ ယေရှုက တခြားသူတွေကို ပေးကမ်းကြတယ်။ တကယ်ပျော်ရွှင်ချင်ရင် အဲဒီလိုပေးကမ်းဖို့ ကျွန်တော်တို့ကို တိုက်တွန်းထားတယ်။ ဘုရားနဲ့ရော လူတွေနဲ့ပါ ဆက်ဆံတဲ့အခါ ရက်ရောမှု ပြမယ်ဆိုရင် ယေဟောဝါကို ဂုဏ်တင်ရာရောက်ပြီး ကိုယ်တိုင်နဲ့ တခြားသူတွေ အကျိုးရပါလိမ့်မယ်။
၂၀ သင်ဟာ တခြားသူတွေ၊ အထူးသဖြင့် ယုံကြည်သူချင်းတွေကို အတတ်နိုင်ဆုံး ရက်ရောစွာ ပေးကမ်းနေသူ ဖြစ်ပါလိမ့်မယ်။ (ဂလ. ၆:၁၀) အဲဒီလို ဆက်လုပ်နေရင် လူတွေရဲ့ မေတ္တာနဲ့ ကျေးဇူးတင်လေးမြတ်မှု ခံစားရပြီး ပိုပျော်ရွှင်ရပါလိမ့်မယ်။ “ရက်ရောတဲ့သူဟာ ကြီးပွားလိမ့်မယ်။ သူတစ်ပါးကို လန်းဆန်းစေတဲ့သူဟာ ကိုယ်တိုင် လန်းဆန်းရလိမ့်မယ်” လို့ ပညာအလိမ္မာ ၁၁:၂၅ မှာ ပြောတယ်။ ခရစ်ယာန်အသက်တာမှာရော အမှုဆောင်လုပ်ငန်းမှာပါ ကိုယ်ကျိုးမငဲ့ဘဲ ရက်ရောစွာ ပေးကမ်းနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ နည်းလမ်းတချို့ကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 13 အမည်လွှဲ။