မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၁

“စစ်မှန်တဲ့ အုတ်မြစ်တွေ ရှိတဲ့မြို့” ကို သင် စောင့်မျှော်နေသလား

“စစ်မှန်တဲ့ အုတ်မြစ်တွေ ရှိတဲ့မြို့” ကို သင် စောင့်မျှော်နေသလား

“အာဗြဟံ​က စစ်မှန်​တဲ့ အုတ်မြစ်တွေ ရှိတဲ့​မြို့၊ ဘုရားသခင် ပုံစံ​ရေးဆွဲ​ပြီး တည်ဆောက်​တဲ့​မြို့ကို စောင့်မျှော်​ခဲ့​တယ်။”—ဟီ. ၁၁:၁၀

သီချင်း ၂၂ နိုင်ငံတော် ရောက်ရှိ​ပြီ၊ လာပါစေ

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါ​ရဲ့ ကျေးကျွန်​များစွာ ဘာတွေကို စွန့်လွှတ်​အနစ်နာခံ​နေကြ​သလဲ။ ဘာကြောင့်လဲ။

ဒီနေ့​ခေတ် ယေဟောဝါ​ရဲ့ ကျေးကျွန် သန်းပေါင်း​များစွာဟာ စွန့်လွှတ်​အနစ်နာခံ​နေကြ​တယ်။ ညီအစ်ကို/မ​များစွာ​က တစ်ကိုယ်ရေ နေဖို့၊ အိမ်ထောင်သည်တွေ​က သားသမီး မယူ​သေး​ဖို့၊ မိသားစု​တွေ​က ဘဝကို ရိုးရိုးရှင်းရှင်း နေဖို့ ဆုံးဖြတ်​ကြတယ်။ ယေဟောဝါ​အတွက် အတတ်နိုင်ဆုံး အပြည့်အဝ အမှုဆောင်​ချင်​လို့ အဲဒီလို ဆုံးဖြတ်​ကြ​တာ။ အမှန်တကယ် လိုအပ်​တာ အားလုံး​ကို ယေဟောဝါ ဖြည့်ဆည်း​ပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​ပြီး ကျေနပ်​ရောင့်ရဲ​နေကြ​တယ်။ သူတို့ စိတ်ပျက်​ရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ။ ကျေးကျွန်​တွေ​ရဲ့ လိုအပ်ရာ​တွေ​ကို ယေဟောဝါ အမြဲ ဖြည့်ဆည်း​ပေး​လို့​ပဲ။ ဥပမာ၊ ‘ယုံကြည်ခြင်း​ရှိသူ အားလုံး​ရဲ့ ဖခင်’ ဖြစ်​တဲ့ အာဗြဟံ​ကို ယေဟောဝါ ကောင်းချီး​ပေး​ခဲ့​တယ်။—ရော. ၄:၁၁

၂။ (က) ဟီဘရူး ၁၁:၈-၁၀၊ ၁၆ အရ ဥရ​မြို့ကနေ အာဗြဟံ ဘာကြောင့် လိုလိုလားလား ထွက်ခွာ​ခဲ့​သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

အာဗြဟံဟာ ဥရ​မြို့က ဇိမ်ကျ​တဲ့​ဘဝကို လိုလိုလားလား စွန့်လွှတ်​ခဲ့​တယ်။ ဘာကြောင့်လဲ။ “စစ်မှန်​တဲ့ အုတ်မြစ်တွေ ရှိတဲ့​မြို့” ကို စောင့်မျှော်​လို့​ပဲ။ (ဟီဘရူး ၁၁:၈-၁၀၊ ၁၆ ကို​ဖတ်ပါ။) အဲဒါ ဘာ “မြို့” လဲ။ အဲဒီမြို့ တည်ဆောက်​မှာ​ကို စောင့်​ရင်း ဘယ်​အခက်အခဲတွေကို အာဗြဟံ ရင်ဆိုင်ခဲ့​ရသလဲ။ အာဗြဟံ​ဆီကနေ၊ ဒီနေ့​ခေတ်​မှာ အာဗြဟံ​ကို တုပ​နေ​သူတွေဆီ​ကနေ ဘာ​သင်ယူနိုင်​သလဲ။

“စစ်မှန်​တဲ့ အုတ်မြစ်တွေ ရှိတဲ့​မြို့”

၃။ အာဗြဟံ စောင့်မျှော်​ခဲ့​တဲ့ မြို့က ဘာလဲ။

အာဗြဟံ စောင့်မျှော်​ခဲ့​တဲ့ မြို့​ဆိုတာ ဘုရားသခင့် နိုင်ငံတော်​ပါ။ အဲဒီ​နိုင်ငံ​ကို ယေရှု​ခရစ်၊ ဘိသိက်ခံ ခရစ်ယာန် ၁၄၄,၀၀၀ နဲ့ ဖွဲ့စည်းထား​တယ်။ ပေါလု​က နိုင်ငံတော်​ကို “အသက်ရှင်​နေတဲ့ ဘုရားသခင်​ရဲ့ မြို့တော်​ ဖြစ်​တဲ့ ကောင်းကင်​ဂျေရုဆလင်” လို့ ခေါ်ခဲ့​တယ်။ (ဟီ. ၁၂:၂၂။ ဗျာ. ၅:၈-၁၀။ ၁၄:၁) အဲဒီ​နိုင်ငံတော် လာပါစေလို့ ဆုတောင်း​ဖို့ တပည့်​တွေ​ကို ယေရှု သင်ပေးတယ်။ နိုင်ငံတော် လာ​မှ ဘုရား​အလိုတော်​ဟာ ကောင်းကင်​မှာ ပြည့်စုံ​သလို မြေကြီး​မှာလည်း ပြည့်စုံ​လာမယ်။—မ. ၆:၁၀

၄။ ကမ္ဘာဦး ၁၇:၁၊ ၂၊ ၆ အရ ဘုရား ကတိပေး​ထား​တဲ့ မြို့ ဒါမှ​မဟုတ် နိုင်ငံတော်​အကြောင်း အာဗြဟံ ဘယ်လောက် သိ​သလဲ။

ဘုရား​နိုင်ငံတော်​ကို ဘယ်လို တည်ဆောက်​မယ်​ဆိုတဲ့ အသေးစိတ် အချက်​တွေ​ကို အာဗြဟံ သိသလား။ မသိပါ​ဘူး။ အဲဒီ​အချက်​တွေ​ဟာ ရာစုနှစ်တွေ​တစ်လျှောက် “မြင့်မြတ်​တဲ့ လျှို့ဝှက်ချက်” ဖြစ်​ခဲ့​တယ်။ (ဧ. ၁:၈-၁၀။ ကော. ၁:၂၆၊ ၂၇) မိမိရဲ့ သားမြေး​တချို့ ဘုရင်​တွေ ဖြစ်​မှာ​ကို​တော့ အာဗြဟံ သိတယ်။ ယေဟောဝါ အဲဒီလို သတ်သတ်မှတ်မှတ် ကတိပေး​ခဲ့လို့​ပဲ။ (ကမ္ဘာဦး ၁၇:၁၊ ၂၊  ကို​ဖတ်ပါ။) ဘုရား​နိုင်ငံတော်​မှာ ဘုရင်​ ဖြစ်​မယ့် မေရှိယ၊ တစ်နည်း​အားဖြင့် ဘိသိက်ခံသူ​ကို မြင်​နေရ​သလို​မျိုး ခိုင်မာ​တဲ့ ယုံကြည်ခြင်း အာဗြဟံ​မှာ ရှိတယ်။ ဒါ​ကြောင့် ယေရှု​က တစ်ခေတ်​တည်း​သား ဂျူး​တွေ​ကို “ခင်ဗျား​တို့​ရဲ့ ဘိုးဘေး အာဗြဟံ​က ကျွန်တော် လာမယ့်​ နေ့ကို မြင်ရဖို့ မျှော်လင့်​ပြီး သိပ်​ပျော်​ခဲ့​တာ။ သူ မြင်ခဲ့​ရတယ်၊ ပျော်​လည်း​ ပျော်​ခဲ့​တယ်” လို့ ပြော​နိုင်​ခဲ့​တယ်။ (ယော. ၈:၅၆) ယေဟောဝါ တည်ထောင်​မယ့် နိုင်ငံ​မှာ မိမိရဲ့ သားမြေး​တချို့ ပါဝင်​မှာ​ကို အာဗြဟံ သိခဲ့​တာ ထင်ရှား​တယ်။ အဲဒီ​ကတိ ပြည့်စုံ​လာဖို့ ယေဟောဝါ​ကို စိတ်ရှည်ရှည် စောင့်မျှော်​ခဲ့​တယ်။

ယေဟောဝါ​ရဲ့ ကတိ​တွေ​ကို ယုံကြည်​ကြောင်း အာဗြဟံ ဘယ်လို ပြ​ခဲ့​သလဲ (စာပိုဒ် ၅ ကိုကြည့်ပါ)

၅။ ဘုရား ပုံစံ​ရေးဆွဲ​တဲ့ မြို့ကို အာဗြဟံ စောင့်မျှော်​ကြောင်း ကျွန်တော်​တို့ ဘယ်လို သိရသလဲ။

ဘုရားသခင် ပုံစံ​ရေးဆွဲ​တဲ့ မြို့ကို စောင့်မျှော်​ကြောင်း အာဗြဟံ ဘယ်လို ပြ​သလဲ။ မြေကြီးပေါ်​က ဘယ်​နိုင်ငံ​နဲ့​မှ မပတ်သက်​ဘူး။ တစ်​နေရာ​တည်း​မှာ အခြေချ မနေထိုင်​ဘူး။ တစ်​နေရာ​ပြီး တစ်​နေရာ လှည့်လည်​နေထိုင်တယ်။ လူသား​ဘုရင်​ကို အားပေး​ထောက်ခံ​တာ​မျိုး မလုပ်​ဘူး။ ကိုယ်ပိုင် နိုင်ငံ​တစ်ခု တည်ထောင်​ဖို့​လည်း မကြိုးစား​ဘူး။ ယေဟောဝါ​ကို ဆက်​နာခံ​ပြီး ကတိ ပြည့်စုံ​မယ့်​အချိန်ကို စောင့်​ခဲ့​တယ်။ ဒီ​နည်း​အားဖြင့် ယေဟောဝါ​အပေါ် ထူးခြားတဲ့ ယုံကြည်ခြင်း တင်ပြ​တယ်။ အာဗြဟံ ရင်ဆိုင်ခဲ့​ရတဲ့ အခက်အခဲ​တချို့​ကို သုံးသပ်​ပြီး သူ့​ပုံသက်သေ​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း လေ့လာ​ကြည့်​ကြ​စို့။

အာဗြဟံ ရင်ဆိုင်​ရတဲ့ အခက်အခဲ​များ

၆။ ဥရ​မြို့ဟာ ဘယ်လို မြို့​မျိုး​လဲ။

အာဗြဟံ စွန့်ခဲ့​တဲ့ ဥရ​မြို့ဟာ ချမ်းသာ​ကြွယ်ဝ​ပြီး ဖွံ့ဖြိုး​တိုးတက်​တဲ့၊ လုံခြုံတဲ့​မြို့ ဖြစ်တယ်။ မြို့ရဲ့ သုံး​ဘက်​သုံးတန်​မှာ ကျုံး​တစ်ခု​နဲ့ မြို့ရိုး​ကြီး​တွေ ရှိတယ်။ မြို့သားတွေ​ဟာ စာ​အရေးအသား​နဲ့ သင်္ချာ တတ်ကျွမ်း​သူတွေ ဖြစ်တယ်။ စီးပွားရေး စာချုပ်​စာတမ်း​များစွာကို အဲဒီ​နေရာမှာ တူးဖော်​တွေ့ရှိ​တဲ့​အတွက် စီးပွားရေး အချက်အချာ​မြို့ ဖြစ်​ခဲ့​ပုံ​ရတယ်။ အိမ်တွေ​ဟာ အုတ်​တိုက်​တွေ ဖြစ်တယ်။ နံရံ​တွေ​ကို အင်္ဂတေ​နဲ့ အချော​ကိုင်​ပြီး ဆေးဖြူ​သုတ်​ထား​တယ်။ အိမ်​တချို့​မှာ အခန်း ၁၃၊ ၁၄ ခန်း​လောက် ရှိပြီး ကျောက်ခင်း ရင်ပြင်​တစ်ခု ရှိတယ်။

၇။ မိမိ​နဲ့ မိသားစုကို ယေဟောဝါ ကာကွယ်​ပေး​မယ်​ဆိုတာ အာဗြဟံ ဘာကြောင့် ယုံကြည်​စိတ်ချ​ရမလဲ။

မိမိ​နဲ့ မိသားစုကို ယေဟောဝါ ကာကွယ်​ပေး​မယ်​ဆိုတာ အာဗြဟံ ယုံကြည်​စိတ်ချ​ရမယ်။ ဘာကြောင့်လဲ။ အာဗြဟံ​နဲ့ စာရာ​ဟာ ဥရ​မြို့က လုံခြုံ၊ ဇိမ်ကျ​တဲ့ အိမ်ကြီး​ကို ထားခဲ့​ပြီး ခါနန်​ပြည်​မှာ မြို့ရိုး​တွေ၊ ကျုံး​တွေ​ရဲ့ အကာအကွယ် မရှိဘဲ တဲ​ထိုး​နေရ​တော့​မှာ ဖြစ်လို့ပဲ။ ရန်သူတွေ အချိန်မရွေး ဝင်​တိုက်ခိုက်​နိုင်တယ်။

၈။ တစ်ချိန်​မှာ အာဗြဟံ ဘာ​ကြုံ​ရသလဲ။

အာဗြဟံဟာ ဘုရား​အလိုအတိုင်း နေထိုင်​ပေမဲ့ တစ်ချိန်​မှာ မိသားစုကို ကျွေးမွေး​ဖို့ အခက်​ကြုံ​လာတယ်။ ခါနန်​ပြည်​မှာ အငတ်ဘေး​ကျ​လို့ အီဂျစ်​ပြည်​ကို ခဏ​ပြောင်း​ဖို့ ဆုံးဖြတ်​ခဲ့​တယ်။ အီဂျစ်ပြည့်ရှင် ဖာရော​မင်း​က အာဗြဟံရဲ့ ဇနီး စာရာ​ကို သိမ်း​လိုက်တယ်။ စာရာ​ကို အာဗြဟံဆီ ပြန်​အပ်ဖို့ ယေဟောဝါ ကြားဝင်​မဆောင်ရွက်​ခင် အာဗြဟံ ဘယ်လောက် စိတ်ပူ​နေမယ်​ဆိုတာ စဉ်းစား​ကြည့်​ပါ။—က. ၁၂:၁၀-၁၉

၉။ အာဗြဟံ​မှာ ဘယ်​မိသားစု ပြဿနာ ရှိခဲ့သလဲ။

အာဗြဟံရဲ့ မိသားစု​ဘဝဟာ ခက်ခဲ​တယ်။ ချစ်​ဇနီး စာရာ သားသမီး မရနိုင်​လို့ နှစ်ပေါင်း​များစွာ စိတ်​ဆင်းရဲ​ခဲ့​ကြရတယ်။ နောက်တော့ သူတို့​အတွက် သားသမီး မွေးပေး​နိုင်​ဖို့ ကျွန်မ ဟာဂရ​ကို အာဗြဟံ​လက်ထဲ စာရာ အပ်​လိုက်တယ်။ ဟာဂရ​က အိရှမေလ​ကို ကိုယ်ဝန်​ရှိလာတဲ့​အခါ စာရာ​ကို မလေးမစား လုပ်တယ်။ အခြေအနေ ဆိုး​လာလို့ ဟာဂရ​ကို အိမ်ကနေ စာရာ မောင်းထုတ်​လိုက်တယ်။—က. ၁၆:၁-၆

၁၀။ ဘယ်​ဖြစ်ရပ်​တွေ​က ယေဟောဝါ​အပေါ် အာဗြဟံရဲ့ ယုံကြည်ခြင်းကို စမ်းသပ်မှု ဖြစ်စေ​သလဲ။

၁၀ နောက်ဆုံး စာရာ ကိုယ်ဝန်​ရှိပြီး သားတစ်ယောက် မွေးလာတယ်။ သူ့ကို အိဇက်လို့ အာဗြဟံ နာမည်​ပေး​တယ်။ အာဗြဟံ​က အိရှမေလ​ကို​ရော အိဇက်​ကို​ရော သား​နှစ်ယောက်စလုံး​ကို ချစ်တယ်။ ဒါပေမဲ့ အိဇက်​ကို အိရှမေလ လှောင်ပြောင်​လို့ အိရှမေလ​နဲ့ ဟာဂရ​တို့ သားအမိကို အာဗြဟံ မဖြစ်​မနေ မောင်းထုတ်​လိုက်ရတယ်။ (က. ၂၁:၉-၁၄) နောက်ပိုင်း အိဇက်​ကို ပူဇော်​ဖို့ ယေဟောဝါ တောင်းဆို​တယ်။ (က. ၂၂:၁၊ ၂။ ဟီ. ၁၁:၁၇-၁၉) အဲဒီ​ဖြစ်ရပ်​နှစ်ခုစလုံး​မှာ သားတွေ​နဲ့​ပတ်သက်​တဲ့ ကတိ​တွေ ပြည့်စုံ​အောင် ယေဟောဝါ စီစဉ်​မှာ​ပါ ဆိုတာ​ကို အာဗြဟံ ယုံကြည်ခဲ့​ရတယ်။

၁၁။ ယေဟောဝါ​ကို အာဗြဟံ ဘာကြောင့် စိတ်ရှည်ရှည် စောင့်ဆိုင်း​ခဲ့​ရသလဲ။

၁၁ အဲဒီ​အချိန်အတွင်း ယေဟောဝါ​ကို အာဗြဟံ စိတ်ရှည်ရှည် စောင့်ဆိုင်း​တတ်​လာတယ်။ ဥရ​မြို့ကနေ ထွက်​လာ​တုန်း​က အာဗြဟံ အသက် ၇၀ ကျော်​လောက်​ ရှိပြီ။ (က. ၁၁:၃၁–၁၂:၄) ခါနန်​ပြည်​မှာ နှစ်ပေါင်း တစ်ရာ​လောက် လှည့်လည်​သွားလာ၊ တဲထိုး​နေထိုင်ပြီး အသက် ၁၇၅ နှစ်မှာ သေဆုံး​သွားတယ်။ (က. ၂၅:၇) ဒါပေမဲ့ မိမိ​ လှည့်လည်​သွားလာခဲ့တဲ့ ပြည်​ကို သားမြေး​တွေ ရမယ်​ဆိုတဲ့ ယေဟောဝါ​ရဲ့ ကတိ ပြည့်စုံ​တာ​ကို မမြင်​ခဲ့​ရ​ဘူး။ ဘုရား​နိုင်ငံတော် တည်ထောင်​ချိန်​အထိ​လည်း အသက်​မရှည်ခဲ့ဘူး။ ဒါတောင် “ကျေနပ်​စရာ​ကောင်း​တဲ့​ဘဝနဲ့ အသက်ရှည်ရှည် နေပြီး” သေဆုံး​တယ်လို့ ကျမ်းစာ​မှာ ပြော​ထား​တယ်။ (က. ၂၅:၈) အခက်အခဲ​တွေ ရင်ဆိုင်​ရပေမဲ့ ယုံကြည်ခြင်း ဆက်​ခိုင်မာ​နေပြီး ယေဟောဝါ​ကို လိုလိုလားလား စောင့်ဆိုင်း​ခဲ့​တယ်။ ဘာကြောင့် အဲဒီလို ခံရပ်​နိုင်​ခဲ့​သလဲ။ ဘဝ​တစ်လျှောက်​လုံး အာဗြဟံ​ကို ယေဟောဝါ ကာကွယ်​ပြီး မိတ်ဆွေ​လို ဆက်ဆံ​ခဲ့လို့​ပဲ။—က. ၁၅:၁။ ဟေရှာ. ၄၁:၈။ ယာ. ၂:၂၂၊ ၂၃

အာဗြဟံ​နဲ့ စာရာ​လို​ပဲ ယုံကြည်ခြင်းနဲ့ စိတ်ရှည်မှု​ကို ဘုရား​ကျေးကျွန်​တွေ ဘယ်လို ပြ​နေကြ​သလဲ (စာပိုဒ် ၁၂ ကိုကြည့်ပါ) *

၁၂။ ကျွန်တော်​တို့ ဘာကို စောင့်မျှော်နေ​သလဲ။ ဘာ​အကြောင်း သုံးသပ်ကြ​မလဲ။

၁၂ အာဗြဟံ​လို​ပဲ ကျွန်တော်​တို့​လည်း စစ်မှန်​တဲ့ အုတ်မြစ်တွေ ရှိတဲ့​မြို့ကို စောင့်မျှော်​နေတယ်။ မြို့​တည်​ဖို့ စောင့်​နေတာ​တော့ မဟုတ်ဘူး။ ဘုရား​နိုင်ငံတော်​ဟာ ၁၉၁၄ မှာ တည်ထောင်​ပြီး ကောင်းကင်​မှာ အပြည့်အဝ အုပ်ချုပ်​နေပြီ။ (ဗျာ. ၁၂:၇-၁၀) ဒါပေမဲ့ မြေကြီးကို အပြည့်အဝ အုပ်ချုပ်​ဖို့ ကျွန်တော်​တို့ စောင့်မျှော်​နေတယ်။ ဒီ​အတောအတွင်း အာဗြဟံ​နဲ့ စာရာ ကြုံ​ခဲ့​ရတဲ့ အခြေအနေ​တွေ​ကို ကြုံ​ရမယ်။ အာဗြဟံရဲ့ ပုံသက်သေ​ကို ဒီနေ့​ခေတ် ကျေးကျွန်​တွေ လိုက်နေ​သလား။ ဒီနေ့​ခေတ် ကျေးကျွန်​များစွာလည်း အာဗြဟံ​နဲ့ စာရာ​လို​ပဲ ယုံကြည်ခြင်း၊ စိတ်ရှည်မှု ရှိတယ်​ဆိုတာ ကင်းမျှော်စင် မှာ ထုတ်ဝေ​ထား​တဲ့ ဘဝ​အတ္ထုပ္ပတ္တိ​တွေ​က ဖော်ပြ​တယ်။ အနည်းငယ်​ကို သုံးသပ်​ပြီး ဘာ​သင်ယူ​နိုင်​ကြောင်း ကြည့်​ကြ​စို့။

အာဗြဟံရဲ့ ပုံသက်သေ​ကို တုပ​ပါ

ဘေ​လ် ဝေါ​လ်ဒဲန်​ဟာ လိုလိုလားလား စွန့်လွှတ်​အနစ်နာခံ​လို့ ယေဟောဝါ​ရဲ့ ကောင်းချီး​တွေ ခံစားရ

၁၃။ ညီအစ်ကို ဝေါလ်ဒဲန်​ရဲ့ တွေ့ကြုံမှု​ကနေ ဘာ​သိရသလဲ။

၁၃ စွန့်လွှတ်​အနစ်နာခံ​ဖို့ လိုလိုလားလား ရှိပါ။ ဘုရား​နိုင်ငံတော် ဒါမှ​မဟုတ် မြို့ကို ဘဝမှာ ဦးစား​ထားဖို့ အာဗြဟံ​လိုပဲ လိုလိုလားလား စွန့်လွှတ်​အနစ်နာခံ​ရမယ်။ (မ. ၆:၃၃။ မာ. ၁၀:၂၈-၃၀) ညီအစ်ကို ဘေလ် ဝေါလ်ဒဲန်​အကြောင်း သုံးသပ်ကြည့်​ပါ။ * ၁၉၄၂၊ အမေရိကန် တက္ကသိုလ်​ကနေ ဆောက်လုပ်ရေး အင်ဂျင်နီယာ​ဘွဲ့ ရခါနီး​မှာ ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ စလေ့လာ​တယ်။ ဘွဲ့​ရပြီး​နောက် အလုပ်​ရဖို့ ပါမောက္ခ စီစဉ်​ပေး​ပေမဲ့ ဘေလ် ငြင်း​လိုက်တယ်။ ဘုရား​အတွက် ပို​အပြည့်အဝ အမှုဆောင်​ချင်​လို့ ဝင်ငွေ​ကောင်း​တဲ့ အလုပ်ကို လက်မခံ​ဖို့ ဆုံးဖြတ်ထား​ကြောင်း ရှင်းပြ​လိုက်တယ်။ မကြာခင်​မှာပဲ စစ်မှုထမ်း​ဖို့ ဆင့်ခေါ်​​ခံရ​တယ်။ ငြင်း​လိုက်တဲ့​အတွက် ဒေါ်လာ ၁၀,၀၀၀ ဒဏ်ငွေ ဆောင်​ရပြီး ထောင်ဒဏ် ငါး​နှစ် ကျခံရ​တယ်။ သုံးနှစ်​ပြီး​နောက် ပြန်​လွတ်​လာတယ်။ နောက်ပိုင်း ဂိလဒ်​ကျောင်း တက်ပြီး အာဖရိက​မှာ သာသနာပြု​အဖြစ် တာဝန်​ရတယ်။ အီဗာ​နဲ့ လက်ထပ်​ပြီး အာဖရိက​မှာ ဆက်​အမှုဆောင်​ကြတယ်။ အခက်အခဲတွေကို အတူ​ရင်ဆိုင်ခဲ့​ကြတယ်။ နောက်ဆုံး ဘေလ်​ရဲ့ မိခင်​ကို ပြုစု​စောင့်ရှောက်​ဖို့ အမေရိကန်​ကို ပြန်​ကြတယ်။ “ယေဟောဝါ​ဘုရား​ကို အနှစ် ၇၀ ကျော်​အထိ ဝတ်ပြု​ကိုးကွယ်​ရတဲ့ အခွင့်ထူး​ကို ပြန်​စဉ်းစား​လိုက်​တိုင်း ကျွန်တော် မျက်ရည်ဝဲ​လာတယ်။ ကိုယ်တော့်​ရဲ့ အမှုတော်ကို ဦးစား​ပေး​လုပ်ဆောင်ဖို့ လမ်းပြပေး​ခဲ့​တဲ့​အတွက်​လည်း ကိုယ်တော့်​ကို ကျေးဇူး​တင်​တယ်” လို့ ဘေလ် ပြော​တယ်။ သင်​ကော အချိန်ပြည့် အမှုဆောင်​လုပ်ငန်း​ကို တစ်သက်တာ​လုပ်ငန်း​အဖြစ် ရွေးချယ်​နိုင်​မလား။

မိမိတို့ကို ယေဟောဝါ ခွန်​အားပေးတယ်​လို့ အယ်​လ​နီ​နဲ့ အရစ္စတိုတယ်​လီစ် အာပေါ့တိုလီဒီစ် ခံစားရ

၁၄-၁၅။ ညီအစ်ကို​နဲ့ ညီအစ်မ အာပေါ့တိုလီဒီစ်​ရဲ့ တွေ့ကြုံမှု​ကနေ ဘာ​သိရသလဲ။

၁၄ ဒုက္ခ​ကင်း​တဲ့ ဘဝမျိုး မမျှော်လင့်ပါနဲ့။ ယေဟောဝါ​အတွက် အမှုဆောင်ဖို့ တစ်ဘဝလုံး မြှုပ်နှံထား​သူတွေတောင် ပြဿနာ​တွေ ရင်ဆိုင်​ရ​မှန်း အာဗြဟံ​ဆီကနေ သိရတယ်။ (ယာ. ၁:၂။ ၁ ပေ. ၅:၉) အရစ္စတိုတယ်​လီစ် အာပေါ့တိုလီဒီစ် အဲဒီလို ကြုံ​ခဲ့​ရတယ်။ * ၁၉၄၆၊ ဂရိ​နိုင်ငံ​မှာ နှစ်ခြင်း​ခံ​တယ်။ သူနဲ့ ပန်းတိုင်​တူ​တဲ့ ညီအစ်မ အယ်​လ​နီ​နဲ့ ၁၉၅၂ မှာ စေ့စပ်​တယ်။ ဒါပေမဲ့ အယ်​လ​နီ နေမကောင်း​ဖြစ်​ပြီး ဦးနှောက်​မှာ အကျိတ် ရှိ​မှန်း သိလိုက်​ရတယ်။ အကျိတ်​ကို ခွဲထုတ်​လိုက်​ပေမဲ့ လက်ထပ်​ပြီး နှစ်​အနည်းငယ်မှာ အကျိတ်​နောက်​တစ်လုံး ပြန်ထွက်​လာတယ်။ ဆရာဝန်​တွေ ထပ်​ခွဲစိတ်​ပေမဲ့ ကိုယ်​တစ်ပိုင်း လေဖြတ်​ပြီး စကား​ပြောနိုင်စွမ်း အတော်​ထိခိုက်​သွားတယ်။ ဒါတောင် ကျန်းမာ​ရေး ပြဿနာ၊ အစိုးရ နှိပ်စက်​ညှဉ်းပန်းမှု​တွေ​ကြား အမှုဆောင်​လုပ်ငန်းမှာ အယ်လနီ ဇွဲ​ထက်သန်​နေခဲ့တယ်။

၁၅ အရစ္စတိုတယ်​လီစ်​ဟာ ဇနီး​ကို နှစ်ပေါင်း ၃၀ ပြုစု​စောင့်ရှောက်​ခဲ့​တယ်။ အဲဒီ​အတောအတွင်း အကြီးအကဲ​အဖြစ် အမှုဆောင်တယ်။ အစည်းအဝေးကြီး ကော်မတီတွေ​မှာလည်း အမှုဆောင်​ပြီး အစည်းအဝေးပွဲ ခန်းမတစ်လုံး ဆောက်လုပ်ရေး​မှာ ကူညီ​ခဲ့​တယ်။ ၁၉၈၇ တုန်း​က ဟောပြောခြင်း​လုပ်ငန်းမှာ အယ်​လ​နီ ပါဝင်​နေတုန်း မတော်တဆမှု​တစ်ခု​ကြောင့် ဒဏ်ရာ​ရသွားတယ်။ သုံးနှစ်​လုံးလုံး မေ့မြော​နေပြီး​နောက် သေဆုံး​သွားတယ်။ “နှစ်တွေ​တစ်လျှောက်​မှာ အခက်အခဲ​တွေ၊ စိန်ခေါ်ချက်​တွေ​နဲ့ ကြိုတင်​မသိနိုင်​တဲ့ အဖြစ်အပျက်​တွေ ကြုံ​ခဲ့​ရလို့ အားကြိုးမာန်တက် ဇွဲ​ရှိရှိ လုပ်ဆောင်ဖို့ အတော်​ လိုအပ်​ခဲ့​တယ်။ ဒါပေမဲ့ ဒီ​အခက်အခဲတွေကို ကျော်လွှား​နိုင်​ဖို့ လိုအပ်​တဲ့ ခွန်အား​ကို ယေဟောဝါ အမြဲတမ်း ပေး​တယ်” လို့ အရစ္စတိုတယ်​လီစ် ပြော​တယ်။ (ဆာ. ၉၄:၁၈၊ ၁၉) အခက်အခဲ​တွေ​ကြား အတတ်နိုင်ဆုံး အမှုဆောင်​နေသူတွေကို ယေဟောဝါ သိပ်​ချစ်တယ်။

အော်​ဒ​ရေး ဟိုက်​ဒ်​ဟာ အနာဂတ်​ကို အာရုံစိုက်​တဲ့​အတွက် အပြုသဘော ဆက်​ရှိနေ

၁၆။ ဇနီး​ကို ညီအစ်ကို နောရ် ဘယ်လို အကြံပေး​ခဲ့​သလဲ။

၁၆ အနာဂတ်​ကို အာရုံစိုက်ပါ။ အာဗြဟံဟာ ယေဟောဝါ ပေး​မယ့် အနာဂတ် ဆုလာဘ်​တွေ​ကို အာရုံစိုက်​တဲ့​အတွက် အခက်အခဲတွေကို ခံရပ်​နိုင်​ခဲ့​တယ်။ ညီအစ်မ အော်ဒရေး ဟိုက်ဒ်​လည်း အနာဂတ် မျှော်လင့်ချက်ကို အာရုံစိုက်​တယ်။ ပထမ​ခင်ပွန်း နေသန် အိပ်ခ်ျ နောရ်​က ကင်ဆာ​ရောဂါ​နဲ့ ဆုံး​သွားပြီး ဒုတိယ​ခင်ပွန်း ဂလဲန်း ဟိုက်ဒ်​က အယ်လ်ဇိုင်းမား​ရောဂါ ခံစား​ခဲ့​ရတယ်။ * ညီအစ်ကို နောရ် မသေဆုံးခင် အပတ်​အနည်းငယ်မှာ ပြော​သွားတဲ့​စကား​က အကူအညီ ဖြစ်စေ​တယ်လို့ အော်​ဒရေး ပြော​တယ်။ “‘ကျွန်မ​တို့​ရဲ့ မျှော်လင့်ချက်ဟာ သေချာတယ်။ သေ​ပြီး​တဲ့​နောက်​မှာ နောက်ထပ် ဘယ်တော့မှ ဝေဒနာ ခံ​စရာ​အကြောင်း ရှိ​မှာ မဟုတ်ဘူး’ လို့ ကျွန်မ​ကို နေသန် ပြော​ခဲ့​တယ်။ အဲဒီနောက် ကျွန်မ​ကို သူ​ဒီလို တိုက်တွန်း​အားပေး​သွားတယ်– ‘မင်းရဲ့ ဆုကျေးဇူး​က အနာဂတ်​မှာ ရှိတဲ့​အတွက် ရှေ့ကို​ပဲ ကြည့်​ပါ။’ . . . ဒီလို​လည်း သူ​ ထပ်​ပြော​သွားခဲ့​သေး​တယ်– ‘အလုပ်​များနေ​ပါ၊ မင်းရဲ့ ဘဝ​အသက်တာကို တခြား​သူတွေ​အတွက် တစ်ခုခု လုပ်ဆောင်ပေး​သွားဖို့ ကြိုးစား​ပါ။ အဲဒါ​က အသက်ရှင်​ရတာဟာ ပျော်စရာ​ကြီး​ပါ​လား​ဆိုတာ တွေ့​ရလိမ့်မယ်’” လို့ အော်​ဒရေး ပြော​တယ်။ တခြား​သူတွေ​အတွက် ကောင်းမှု​ပြု​ရင်း “မျှော်လင့်ချက်​ကြောင့် ဝမ်းမြောက်နေ” ပါဆို​တဲ့ အကြံဉာဏ်ဟာ တကယ် လက်တွေ့ကျတယ်။—ရော. ၁၂:၁၂

၁၇။ (က) အနာဂတ်​ကို အာရုံစိုက်​ဖို့ ဘာကြောင့် အကြောင်းကောင်း ရှိသလဲ။ (ခ) မိက္ခာ ၇:၇ မှာပါတဲ့ ပုံသက်သေ​ကို လိုက်နာခြင်းက အနာဂတ်​ကောင်းချီး​တွေ ရဖို့ ဘယ်လို ကူညီ​ပေး​မလဲ။

၁၇ ဒီနေ့​အချိန်​မှာ အနာဂတ်​ကို အာရုံစိုက်​ဖို့ အကြောင်းကောင်း ပို​ရှိတယ်။ ဒီ​လောက​စနစ် နောက်ဆုံး​ကာလ​ရဲ့ အဆုံးပိုင်း​မှာ ကျွန်တော်​တို့ ရောက်နေ​ကြောင်း ကမ္ဘာ့​ဖြစ်ရပ်​တွေ​က ရှင်းရှင်းလင်းလင်း ဖော်ပြ​နေတယ်။ ကမ္ဘာ​ကို စစ်မှန်​တဲ့ အုတ်မြစ်တွေ ရှိတဲ့​မြို့ အပြည့်အဝ အုပ်စိုး​မယ့်​ အချိန်ကို မကြာခင် စောင့်​ဖို့ လို​တော့​မှာ မဟုတ်ဘူး။ ရရှိမယ့် ကောင်းချီး​တွေ​ထဲမှာ တစ်ခု​က​တော့ ချစ်​ရတဲ့ သေဆုံး​သွား​သူတွေ ပြန်ရှင်​လာ​မှာ​ကို မြင်ရ​ခြင်း​ပဲ။ အဲဒီအချိန်မှာ အာဗြဟံ​နဲ့ မိသားစုကို ကမ္ဘာ​ပေါ် အသက်ပြန်ရှင်​လာ​စေခြင်း​အားဖြင့် သူ့ရဲ့ ယုံကြည်ခြင်းနဲ့ စိတ်ရှည်မှု​ကို ယေဟောဝါ ဆုချ​ပါ​မယ်။ သူတို့ကို ကြိုဆို​ဖို့ သင် အဲဒီမှာ ရှိနေ​မလား။ အာဗြဟံ​လို​ပဲ ဘုရား​နိုင်ငံတော်​အတွက် လိုလိုလားလား စွန့်လွှတ်​အနစ်နာခံ​မယ်၊ အခက်အခဲ​တွေ​ကြား ယုံကြည်ခြင်း ဆက်​ရှိနေမယ်၊ ယေဟောဝါ​ကို စိတ်ရှည်ရှည် စောင့်ဆိုင်း​တတ်​မယ်​ဆိုရင် သင် အဲဒီမှာ ရှိနေ​ပါ​လိမ့်မယ်။မိက္ခာ ၇:၇ ကို​ဖတ်ပါ။

သီချင်း ၇၄ နိုင်ငံတော်​တေး ပါဝင်​သီဆို​ကြ

^ အပိုဒ်၊ 5 ကတိ​တစ်ခု ပြည့်စုံ​လာဖို့ စောင့်ရတာ စိတ်ရှည်ခြင်း​အတွက် စမ်းသပ်မှု ဖြစ်​နိုင်တယ်။ တစ်ခါ​တလေ ယုံကြည်ခြင်း စမ်းသပ်မှု​တောင် ဖြစ်​နိုင်တယ်။ အာဗြဟံရဲ့ ပုံသက်သေ​က ယေဟောဝါ​ရဲ့ ကတိ​တွေ ပြည့်စုံ​လာဖို့ စိတ်ရှည်​စွာ စောင့်မယ်​ဆို​တဲ့ ကျွန်တော်​တို့​ရဲ့ စိတ်ပိုင်းဖြတ်​ချက်​ကို ခိုင်မာ​စေနိုင်​တယ်။ သူ့ဆီကနေ ဘာတွေ သင်ယူ​နိုင်​သလဲ။ ဒီနေ့​ခေတ် ယေဟောဝါ​ရဲ့ ကျေးကျွန်​တချို့ ဘယ်လို ပုံသက်သေ​ကောင်း ပြ​ခဲ့​သလဲ။

^ အပိုဒ်၊ 13 ၂၀၁၃၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင် စာ. ၈-၁၀ မှာ ညီအစ်ကို ဝေါ​လ်ဒဲန်​ရဲ့ ဘဝ​အတ္ထုပ္ပတ္တိ ပါ​တယ်။

^ အပိုဒ်၊ 14 ၂၀၀၂၊ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် စာ. ၂၄-၂၈ မှာ ညီအစ်ကို အာပေါ့တိုလီဒီစ်​ရဲ့ ဘဝ​အတ္ထုပ္ပတ္တိ ပါ​တယ်။

^ အပိုဒ်၊ 16 ၂၀၀၄၊ ဇူလိုင် ၁ ကင်းမျှော်စင် စာ. ၂၃-၂၉ မှာ ညီအစ်မ ဟိုက်​ဒ်​ရဲ့ ဘဝ​အတ္ထုပ္ပတ္တိ ပါ​တယ်။

^ အပိုဒ်၊ 56 ပုံအညွှန်း– သက်ကြီး​မောင်နှံဟာ အခက်အခဲ​တွေ​ကြား ယေဟောဝါ​ကို သစ္စာရှိ​ရှိ ဆက်​ဝတ်ပြု​နေ။ ယေဟောဝါ ပေး​ထား​တဲ့ အနာဂတ်​ကတိ​တွေ​ကို အာရုံစိုက်​ခြင်း​အားဖြင့် ယုံကြည်ခြင်း ခိုင်မာ​နေ​စေ​ကြ။