မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၃

ရှင်ပြန်ထမြောက်ခြင်းက ဘုရားမေတ္တာ၊ ဉာဏ်ပညာနဲ့ စိတ်ရှည်မှုကို ပေါ်လွင်စေ

ရှင်ပြန်ထမြောက်ခြင်းက ဘုရားမေတ္တာ၊ ဉာဏ်ပညာနဲ့ စိတ်ရှည်မှုကို ပေါ်လွင်စေ

“ရှင်ပြန်ထမြောက်​လာမယ်။”—တ. ၂၄:၁၅

သီချင်း ၁၅၁ ကိုယ်တော် ခေါ်​မယ်

အကြို​သုံးသပ်ချက် *

၁။ အသက်ကို ယေဟောဝါ ဘာကြောင့် ဖန်ဆင်း​ခဲ့​သလဲ။

ယေဟောဝါ တစ်ယောက်တည်း ရှိခဲ့တဲ့​အချိန် ရှိတယ်။ အရာရာ ပြီးပြည့်စုံ​နေလို့ အထီးကျန်တယ်လို့ မခံစားရဘူး။ ဒါပေမဲ့ တခြား​သူတွေကိုလည်း အသက်ကို ပျော်မွေ့​စေချင်တယ်။ မေတ္တာရဲ့ စေ့ဆော်မှု​ကြောင့် ဖန်ဆင်း​ခြင်း​လုပ်ငန်း စတင်​ခဲ့​တယ်။—ဆာ. ၃၆:၉။ ၁ ယော. ၄:၁၉

၂။ ယေဟောဝါ​ရဲ့ ဖန်ဆင်း​ခြင်း လက်ရာတွေကို ယေရှုနဲ့ ကောင်းကင်တမန်​တွေ ဘယ်လို သဘောထား​သလဲ။

အရင်ဆုံး သားတော် ယေရှုကို ဖန်ဆင်း​တယ်။ ပြီး​နောက် အဲဒီ​သားဦး​ကို သုံးပြီး အသိဉာဏ်​ရှိ နာမ်ဝိညာဉ် ပုဂ္ဂိုလ် သန်းပေါင်း​များစွာ အပါအဝင် “ရှိရှိ​သမျှ” ကို ဖန်ဆင်း​တယ်။ (ကော. ၁:၁၆) ဖခင်​နဲ့ အတူ​တွဲ​လုပ်ရတာကို ယေရှု သိပ်​ဝမ်းမြောက်တယ်။ (ပညာ. ၈:၃၀) ဘုရားသခင်​ရဲ့ ကောင်းကင်တမန် သားတွေ​မှာလည်း ဝမ်းမြောက်စရာ အကြောင်းရင်း ရှိတယ်။ ကောင်းကင်၊ မြေကြီးကို ယေဟောဝါ​နဲ့ ကျွမ်းကျင်​လုပ်သား ယေရှု ဖန်ဆင်း​ချိန်မှာ သူတို့ ကြည့်​နေတယ်။ မြေကြီးကို ဖန်ဆင်း​ချိန်မှာ သူတို့ “လက်ခုပ်​ဩဘာ​ပေး​ကြတယ်။” ဘုရား​ရဲ့ အပြောင်မြောက်ဆုံး လက်ရာ ဖြစ်​တဲ့ လူသားတွေ အပါအဝင် ဖန်ဆင်း​ခြင်း လက်ရာ​တိုင်း​အတွက် ဆက်​ဩဘာ​ပေး​ကြ​မှာ သေချာတယ်။ (ယောဘ ၃၈:၇။ ပညာ. ၈:၃၁) အဲဒီ​ဖန်ဆင်း​ရာ​တိုင်း​က ယေဟောဝါ​ရဲ့ မေတ္တာနဲ့ ဉာဏ်ပညာ​ကို ပေါ်လွင်​စေတယ်။—ဆာ. ၁၀၄:၂၄။ ရော. ၁:၂၀

၃။ ၁ ကောရိန္သု ၁၅:၂၁၊ ၂၂ အရ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ​က ဘာဖြစ်စေ​မလဲ။

ယေဟောဝါ​က မိမိ​ဖန်ဆင်း​ထား​တဲ့ လှပတဲ့ ကမ္ဘာ​ပေါ်မှာ လူ့​မိသားစုကို ထာဝစဉ် အသက်ရှင်​စေချင်တယ်။ ဒါပေမဲ့ မေတ္တာရှင် ဖခင်​ကို အာဒံနဲ့ ဧဝ ပုန်ကန်​တဲ့​အခါ အပြစ်နဲ့ သေခြင်း လူ့​လောက​ထဲ ရောက်​လာတယ်။ (ရော. ၅:၁၂) ယေဟောဝါ ဘယ်လို ကိုင်တွယ်​သလဲ။ လူတွေကို ဘယ်လို ကယ်တင်​မယ်​ဆိုတာ ချက်ချင်း ပြော​တယ်။ (က. ၃:၁၅) အာဒံ၊ ဧဝ​ရဲ့ သားသမီးတွေကို အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်​စေမယ့် ရွေးဖိုး ပြင်ဆင်​ပေး​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ဒါမှ မိမိကို ဝတ်ပြုဖို့ ရွေးချယ်သူ​တိုင်း​ကို ထာဝရ​အသက် ပေး​နိုင်​မယ်။—ယော. ၃:၁၆။ ရော. ၆:၂၃။ ၁ ကောရိန္သု ၁၅:၂၁၊ ၂၂ ကို​ဖတ်ပါ။

၄။ ဒီ​ဆောင်းပါး​မှာ ဘယ်​မေးခွန်းတွေကို သုံးသပ်ကြ​မလဲ။

သေဆုံး​သူတွေကို ပြန်ရှင်​စေမယ်​ဆို​တဲ့ ဘုရား​ကတိ​ကြောင့် မေးခွန်း​များစွာ ပေါ်လာ​တယ်။ ဥပမာ၊ ရှင်ပြန်ထမြောက်ခြင်း ဘယ်လို ဖြစ်​မှာ​လဲ။ ချစ်ရ​သူတွေ အသက်ပြန်ရှင်​လာတဲ့အခါ သူတို့ကို မှတ်မိ​မလား။ ရှင်ပြန်ထမြောက်ခြင်း​က ဘယ်နည်း​တွေ​နဲ့ ကျွန်တော်​တို့ကို ပျော်ရွှင်​စေ​မလဲ။ ရှင်ပြန်ထမြောက်ခြင်း​အကြောင်း တွေးတော​တာ​က ယေဟောဝါ​ရဲ့ မေတ္တာ၊ ဉာဏ်ပညာ၊ စိတ်ရှည်မှု​အတွက် ကျေးဇူး​တင်​လေးမြတ်စိတ် ဘယ်လို တိုးများ​စေနိုင်​သလဲ။ အဲဒီ​မေးခွန်း တစ်ခုစီ​ကို သုံးသပ်ကြည့်​ကြ​စို့။

ရှင်ပြန်ထမြောက်ခြင်း ဘယ်လို ဖြစ်​မှာ​လဲ

၅။ သေဆုံး​သူအား​လုံး တစ်ပြိုင်တည်း အသက်ပြန်ရှင်​လာမယ်လို့ မျှော်လင့်​ဖို့ ဘာကြောင့် မဖြစ်​နိုင်​သလဲ။

သားတော်ကို သုံးပြီး လူ​သန်းပေါင်း​များစွာကို ယေဟောဝါ အသက်ပြန်ရှင်​စေ​တဲ့​အခါ အားလုံး တစ်ပြိုင်တည်း ပြန်ရှင်​လာမယ်​ဆိုပြီး မျှော်လင့်​လို့ မရနိုင်​ဘူး။ ဘာကြောင့်လဲ။ ကမ္ဘာ့​လူဦးရေ ဝုန်း​ကနဲ များ​လာ​ရင် ပရမ်းပတာ ဖြစ်သွား​နိုင်​လို့​ပဲ။ ယေဟောဝါ​က ဘာကိုမှ စည်းမဲ့​ကမ်းမဲ့ ပရမ်းပတာ မလုပ်​ဘူး။ သင့်မြတ်​ငြိမ်သက်​စွာ အမြဲ နေနိုင်​ဖို့ စည်းစနစ် ရှိရမယ်​ဆိုတာ ဘုရား သိတယ်။ (၁ ကော. ၁၄:၃၃) လူတွေကို မဖန်ဆင်း​ခင် ယေရှုနဲ့အတူ ကမ္ဘာ​ကို တဖြည်းဖြည်း အသင့်ပြင်​ခဲ့​တာ​က ယေဟောဝါ​ရဲ့ စိတ်ရှည်မှု​နဲ့ ဉာဏ်ပညာ​ကို ဖော်ပြ​တယ်။ ယေရှုလည်း အနှစ်​တစ်ထောင် အုပ်ချုပ်မှု​အတွင်း အသက်ပြန်ရှင်​လာ​သူတွေ​အတွက် ကမ္ဘာ​မြေ​ကို အသင့်ပြင်​ဖို့ အာမဂေဒုန် ကပ်ကျော်​သူတွေနဲ့​အတူ တွဲဖက်​လုပ်ဆောင်​ချိန်မှာ စိတ်ရှည်မှု​နဲ့ ဉာဏ်ပညာ​ကို ဖော်ပြ​ပါ​လိမ့်မယ်။

အာမဂေဒုန်​ကနေ ကပ်ကျော်​သူတွေဟာ ဘုရား​နိုင်ငံတော်​အကြောင်း၊ ယေဟောဝါ​ရဲ့ တောင်းဆိုချက်​တွေ​အကြောင်း ရှင်ပြန်ထမြောက်​လာ​သူတွေကို သင်ပေး​မယ် (စာပိုဒ် ၆ ကိုကြည့်ပါ) *

၆။ တမန်​တော် ၂၄:၁၅ အရ ယေဟောဝါ အသက်ပြန်ရှင်​စေမယ့် သူတွေထဲမှာ ဘယ်သူတွေ ပါ​မလဲ။

အာမဂေဒုန်​ကနေ ကပ်ကျော်​လာ​သူတွေဟာ ဘုရား​နိုင်ငံတော်​အကြောင်း၊ ယေဟောဝါ​ရဲ့ တောင်းဆိုချက်​တွေ​အကြောင်း ရှင်ပြန်ထမြောက်​လာ​သူတွေကို သင်ပေးဖို့ လိုတယ်။ ဘာကြောင့်လဲ။ အသက်ပြန်ရှင်​လာ​သူ အများစု​ထဲမှာ “မဖြောင့်မတ်​သူတွေ” ပါ​မှာ ဖြစ်လို့ပဲ။ (တမန်​တော် ၂၄:၁၅ ကို​ဖတ်ပါ။) ခရစ်တော်​ရဲ့ ရွေးဖိုး​ကနေ အကျိုး​ရဖို့ သူတို့မှာ ပြုပြင်​ပြောင်းလဲ​စရာ အများကြီး ရှိမယ်။ ယေဟောဝါ​အကြောင်း မသိ​သူ သန်းပေါင်း​များစွာကို ဘုရား​နဲ့​ပတ်သက်​တဲ့ အမှန်တရား သင်ပေး​ရတဲ့ အလုပ်မှာ ဘာတွေ ပါဝင်​မလဲ​ဆိုတာ စဉ်းစား​ကြည့်​ပါ။ ဒီနေ့​ခေတ် ကျမ်းစာ​သင်အံမှု လုပ်​သလို တစ်ဦးချင်း​ကို သင်ပေး​ရမှာလား။ အဲဒီ​လူသစ်တွေကို အသင်းတော်​တွေ​မှာ ပူးပေါင်း​ခိုင်း​တာ​မျိုး၊ သူတို့​နောက်​မှ ထမြောက်​လာ​သူတွေကို သင်ပေးဖို့ လေ့ကျင့်ပေး​တာ​မျိုး ရှိ​မလား။ စောင့်ကြည့်​ရုံ​ပဲ ရှိတယ်။ ဒါပေမဲ့ ခရစ်တော်​ရဲ့ အနှစ်​တစ်ထောင် အုပ်ချုပ်မှု အဆုံး​မှာ ‘ကမ္ဘာ​မြေဟာ ယေဟောဝါ​ကို သိကျွမ်းခြင်းနဲ့ ပြည့်နေ​မယ်’ ဆိုတာ​တော့ ကျွန်တော်​တို့ သိထားတယ်။ (ဟေရှာ. ၁၁:၉) တကယ် အလုပ်များ​ပြီး ပျော်စရာ​ကောင်း​တဲ့ အနှစ်​တစ်ထောင် ဖြစ်​မှာ သေချာ​ပါ​တယ်။

၇။ ဘုရား​လူမျိုးဟာ ရှင်ပြန်ထမြောက်​လာ​သူတွေကို ကူညီ​ပေး​တဲ့​အခါ ဘာကြောင့် စာနာ​တတ်​မလဲ။

ခရစ်တော်​ရဲ့ အနှစ်​တစ်ထောင် အုပ်ချုပ်မှု​အတွင်း ယေဟောဝါ​ရဲ့ ကျေးကျွန်​အားလုံး​ဟာ ဘုရား​နှစ်သက်မှု ရဖို့ ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်ကြ​ရမယ်။ ဒါ​ကြောင့် ရှင်ပြန်ထမြောက်​လာ​သူတွေကို ကူညီ​ပေး​တဲ့​အခါ စာနာ​တတ်​ပါ​လိမ့်မယ်။ (၁ ပေ. ၃:၈) ယေဟောဝါ​ရဲ့ လူမျိုး နှိမ့်ချ​ကြောင်း၊ ‘ကယ်တင်ခြင်း ရဖို့ ဆက်​ကြိုးစား​နေ’ ကြောင်း အသက်ပြန်ရှင်​လာ​သူတွေ မြင်တဲ့အခါ သူတို့နဲ့အတူ ယေဟောဝါ​ကို ဝတ်ပြု​ချင်​လာပါလိမ့်မယ်။—ဖိ. ၂:၁၂

ရှင်ပြန်ထမြောက်​လာ​သူတွေကို ကျွန်တော်​တို့ မှတ်မိ​မလား

၈။ ရှင်ပြန်ထမြောက်​လာ​သူတွေကို မိသားစုဝင်​တွေ​နဲ့ မိတ်ဆွေ​တွေ မှတ်မိမယ်​လို့ ဘာကြောင့် ယူဆ​နိုင်​သလဲ။

ရှင်ပြန်ထမြောက်​လာ​သူတွေကို မိသားစုဝင်​တွေ​နဲ့ မိတ်ဆွေ​တွေ မှတ်မိမယ်​လို့ ယူဆ​နိုင်​စရာ အကြောင်းရင်း များစွာ ရှိတယ်။ ဥပမာ၊ အရင်က ရှင်ပြန်​ထမြောက်ခြင်း မှတ်တမ်းတွေကို ကြည့်​ရင် မသေဆုံးခင်​က​အတိုင်း ရုပ်ရည်၊ စကား​ပြောနိုင်စွမ်း၊ စဉ်းစား​နိုင်စွမ်း​တွေ ပြန်​ရှိမယ်လို့ မျှော်လင့်​နိုင်​ပါ​တယ်။ ယေရှု​က သေခြင်းကို အိပ်ပျော်​တာနဲ့၊ ရှင်ပြန်ထမြောက်​တာ​ကို အိပ်ရာ​နိုး​တာ​နဲ့ နှိုင်းယှဉ်ခဲ့​တယ်။ (မ. ၉:၁၈၊ ၂၄။ ယော. ၁၁:၁၁-၁၃) လူတွေ အိပ်ရာ​ကနေ ပြန်​နိုး​တဲ့​အခါ ရုပ်ရည်၊ အသံ၊ မှတ်ဉာဏ်​တွေ​ဟာ မအိပ်ခင်​က​အတိုင်းပဲ။ လာဇရု​အကြောင်း စဉ်းစား​ကြည့်​ပါ။ သေဆုံး​တာ လေး​ရက် ရှိပြီ ဖြစ်​လို့ ခန္ဓာကိုယ် စ​ပျက်စီး​နေပြီ။ ဒါပေမဲ့ သူ့ကို ယေရှု ထမြောက်​ပေး​တဲ့​အခါ အစ်မ​တွေ ချက်ချင်း မှတ်မိတယ်။ သူတို့ကိုလည်း လာဇရု မှတ်မိတယ်။—ယော. ၁၁:၃၈-၄၄။ ၁၂:၁၊ ၂

၉။ သေဆုံး​သွား​သူတွေဟာ ပြည့်ဝ​စုံလင်​တဲ့ စိတ်၊ ကိုယ်ခန္ဓာ​နဲ့ ရှင်ပြန်ထမြောက်​လာ​မှာ မဟုတ်ဘူးလို့ ဘာကြောင့် ယူဆ​နိုင်​သလဲ။

ခရစ်တော်​ရဲ့ အုပ်ချုပ်မှု​အောက်မှာ ဘယ်သူမှ “နေမကောင်း​ဘူး” လို့ မပြော​ရတော့မယ့်​အကြောင်း ယေဟောဝါ ကတိပေး​ထား​တယ်။ (ဟေရှာ. ၃၃:၂၄။ ရော. ၆:၇) ဒါကြောင့် သေဆုံး​သွား​သူတွေဟာ ကျန်းမာ​တဲ့ ခန္ဓာ​နဲ့ အသက်ပြန်ရှင်​လာ​ကြ​မယ်။ ချက်ချင်း​တော့ ပြည့်ဝ​စုံလင်​သွားမှာ မဟုတ်ဘူး။ အဲဒီလိုသာ ချက်ချင်း ပြည့်ဝ​စုံလင်​သွား​ရင် ချစ်ရ​သူတွေ သူတို့ကို မှတ်မိ​မှာ မဟုတ်ဘူး။ လူအားလုံး​ဟာ ခရစ်တော်​ရဲ့ အနှစ်​တစ်ထောင် အုပ်ချုပ်မှု​အတွင်း တဖြည်းဖြည်း ပြည့်ဝ​စုံလင်​လာမယ်။ အနှစ်​တစ်ထောင် ပြီး​နောက် ဖခင်​ဆီ နိုင်ငံ​ကို ယေရှု ပြန်အပ်​မယ်။ အဲဒီအခါ လူသားတွေကို ပြည့်ဝ​စုံလင်​အောင် လုပ်ပေး​ခြင်း အပါအဝင် ယေဟောဝါ အလိုရှိ​ရာ အားလုံး​ကို နိုင်ငံတော်​က ပြီးမြောက်​အောင် လုပ်ဆောင်​ပြီး ဖြစ်ပါ​လိမ့်မယ်။—၁ ကော. ၁၅:၂၄-၂၈။ ဗျာ. ၂၀:၁-၃

ရှင်ပြန်​ထမြောက်ခြင်း​က ဘယ်နည်း​တွေ​နဲ့ ကျွန်တော်​တို့ကို ပျော်ရွှင်​စေ​မလဲ

၁၀။ ရှင်ပြန်ထမြောက်ခြင်း​ကြောင့် သင် ဘယ်လို ခံစား​ရမလဲ။

၁၀ ချစ်ရ​သူတွေကို ပြန်​ကြိုဆို​တဲ့​အခါ ဘယ်လို နေ​မလဲ​ဆိုတာ စဉ်းစား​ကြည့်​ပါ။ ဝမ်းသာလွန်းလို့ ရယ်​နေ​မလား၊ ငို​နေ​မလား။ ယေဟောဝါ​ကို ချီးမွမ်း​တဲ့ သီချင်းတွေ ဆို​နေ​မလား။ သေချာ​တာ တစ်ခု​က​တော့ ရှင်ပြန်ထမြောက်ခြင်း ဆု​လက်ဆောင်​ကြောင့် မေတ္တာရှင် ဖခင်​နဲ့ သားတော်ကို သိပ်​ချစ်​လာပါလိမ့်မယ်။

၁၁။ ယောဟန် ၅:၂၈၊ ၂၉ မှာပါတဲ့ ယေရှုရဲ့ စကား​တွေ​အရ ဘုရား​ရဲ့ ဖြောင့်မတ်​တဲ့ စံနှုန်း​တွေ​နဲ့​အညီ အသက်ရှင်​သူတွေ ဘာဖြစ်​မလဲ။

၁၁ စရိုက်ဟောင်း​ကို ချွတ်​ဖို့၊ ဘုရား​ရဲ့ ဖြောင့်မတ်​တဲ့ စံနှုန်း​တွေ​နဲ့​အညီ အသက်ရှင်ဖို့ ကြိုးစား​ရင်း ရှင်ပြန်ထမြောက်​လာ​သူတွေ ဘယ်လောက် ပျော်​နေမယ်​ဆိုတာ မြင်ယောင်​ကြည့်ပါ။ အဲဒီလို ပြုပြင်​ပြောင်းလဲ​သူတွေဟာ ထာဝရ အသက်ရှင်ဖို့ ထမြောက်​လာ​သူတွေ ဖြစ်ခွင့်​ရမယ်။ မပြောင်းလဲ​သူတွေကတော့ ဆက်​အသက်ရှင်​ရမှာ မဟုတ်ဘူး။ သူတို့​ကြောင့် ကမ္ဘာသစ်​ရဲ့ ငြိမ်သက်မှု ပျက်စီး​တာ​ကို ဘုရား ခွင့်ပြု​မှာ မဟုတ်ဘူး။—ဟေရှာ. ၆၅:၂၀။ ယောဟန် ၅:၂၈၊ ၂၉ ကို​ဖတ်ပါ။

၁၂။ မြေကြီးပေါ်​က လူအားလုံး ဘယ်​နည်းနဲ့ ယေဟောဝါ​ရဲ့ ကောင်းချီး ခံစား​ရမလဲ။

၁၂ “ယေဟောဝါ​ရဲ့ ကောင်းချီး​က ကြွယ်ဝ​စေတယ်။ အဲဒီ​ကြွယ်ဝမှု​မှာ နာကျင်​စ​ရာတွေ မရော​ဘူး” ဆို​တဲ့ ပညာအလိမ္မာ ၁၀:၂၂ မှာ​ပါတဲ့ စကား​တွေ မှန်ကန်ကြောင်း နိုင်ငံတော် အုပ်ချုပ်မှု​အောက်မှာ ဘုရား​ကျေးကျွန်​အားလုံး တွေ့ကြုံ​ခံစား​ရမယ်။ ယေဟောဝါ​ရဲ့ စွမ်းအားတော် အကူအညီ​ကြောင့် ဘုရားရေးရာ​ဘက်မှာ ကြွယ်ဝ​နေမယ်။ ဆိုလို​တာက ခရစ်တော်​နဲ့ ပို​တူ​လာပြီး တဖြည်းဖြည်း ပြည့်ဝ​စုံလင်​လာမယ်။ (ယော. ၁၃:၁၅-၁၇။ ဧ. ၄:၂၃၊ ၂၄) တစ်ရက်​ကုန်​သွား​တိုင်း ပို​ကျန်းမာ​သူတွေ၊ စိတ်ထား ပို​ကောင်း​သူတွေ ဖြစ်လာ​မယ်။ တကယ့်ကို ပျော်ရွှင်စရာ​ပါ​ပဲ။ (ယောဘ ၃၃:၂၅) ဒါပေမဲ့ ရှင်ပြန်ထမြောက်ခြင်း​အကြောင်း တွေးတော​တာ​က လောလောဆယ် သင့်ကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

ယေဟောဝါ​ရဲ့ မေတ္တာကို ကျေးဇူး​တင်​လေးမြတ်ပါ

၁၃။ ဆာလံ ၁၃၉:၁-၄ အရ ကျွန်တော်​တို့ကို ယေဟောဝါ အတွင်းကျကျ သိကြောင်း ရှင်ပြန်ထမြောက်ခြင်း​က ဘယ်လို ဖော်ပြ​မလဲ။

၁၃ အစောပိုင်းမှာ ဆွေးနွေး​ခဲ့​တဲ့​အတိုင်း သေဆုံး​သူတွေကို ယေဟောဝါ အသက်ပြန်ရှင်​စေ​တဲ့​အခါ သူတို့မှာ ရှိခဲ့တဲ့ မှတ်ဉာဏ်၊ ကိုယ်ရည်​ကိုယ်သွေး​တွေ ပြန်​ထည့်​ပေး​မယ်။ အဲဒါ သင့်အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ။ ယေဟောဝါက သင့်ကို ချစ်​လွန်းလို့ သင် စဉ်းစား၊ ခံစား၊ ပြောဆို၊ လုပ်ကိုင်​သမျှ အရာအားလုံးကို မှတ်ထား​တယ်။ ဒါ​ကြောင့် ထမြောက်​ပေး​တဲ့​အခါ သင့်ရဲ့ မှတ်ဉာဏ်၊ စိတ်သဘော၊ ကိုယ်ရည်​ကိုယ်သွေး​တွေ​ကို အလွယ်တကူ ထည့်သွင်း​ပေး​နိုင်​မယ်။ တစ်ယောက်စီ​ကို ယေဟောဝါ ဘယ်လောက် စိတ်ဝင်စား​ကြောင်း ဘုရင်​ဒါဝိဒ် သိတယ်။ (ဆာလံ ၁၃၉:၁-၄ ကို​ဖတ်ပါ။) ကျွန်တော်​တို့ကို ယေဟောဝါ အတွင်း​ကျကျ သိ​မှန်း နားလည်​လာတဲ့အခါ ဘယ်လို ခံစား​ရသလဲ။

၁၄။ ကျွန်တော်​တို့ကို ယေဟောဝါ အတွင်းကျကျ သိကြောင်း တွေးတော​တဲ့​အခါ ဘယ်လို ခံစားရ​သင့်သလဲ။

၁၄ ကျွန်တော်​တို့ကို ယေဟောဝါ အတွင်း​ကျကျ သိနေ​တယ်​ဆို​လို့ မစိုးရိမ်ပါနဲ့။ ယေဟောဝါ​က ကျွန်တော်​တို့ကို အလွန်​စိတ်ဝင်စား​တယ်။ တစ်ယောက်စီ​ရဲ့ တစ်မူထူး​ခြား​တဲ့ စရိုက်​လေး​တွေ​ကို မြတ်နိုးတယ်။ ဖြတ်သန်း​ခဲ့​ရတဲ့ ဘဝ​နောက်ခံ​တွေ​ကို ကောင်းကောင်း သိတယ်။ တကယ့်ကို စိတ်သက်သာ​စရာ​ပါ​ပဲ။ နေ့ရက်​တိုင်း၊ မိနစ်​တိုင်း ကျွန်တော်​တို့​ဘေးနား ယေဟောဝါ ရှိပြီး ကူညီ​ပေး​ဖို့ အခွင့်အရေး စောင့်နေ​တယ်။ ဒါ​ကြောင့် အထီးကျန်တယ်လို့ မခံစား​သင့်​ဘူး။—၂ ရာ. ၁၆:၉

ယေဟောဝါ​ရဲ့ ဉာဏ်ပညာ​ကို ကျေးဇူး​တင်​လေးမြတ်ပါ

၁၅။ ရှင်ပြန်ထမြောက်ခြင်း​က ယေဟောဝါ​ရဲ့ ဉာဏ်ပညာ​ကို ဘယ်လို ပေါ်လွင်​စေ​သလဲ။

၁၅ သေ​ရမှာ ကြောက်​တဲ့​စိတ်​ဟာ အစွမ်းထက် လက်နက်ပဲ။ စာတန့်​ထိန်းချုပ်မှု​အောက်​က လူတွေဟာ အဲဒီ​လက်နက်ကို သုံးပြီး မိတ်ဆွေ​ကို သစ္စာဖောက်​ဖို့၊ ကိုယ့်ယုံကြည်ချက်ကို စွန့်လွှတ်​ဖို့ ဖိအားပေး​တတ်တယ်။ ကျွန်တော်​တို့အတွက်​တော့ အဲဒီ​လက်နက် အစွမ်း​မထက်​ပါ​ဘူး။ ရန်သူတွေ သတ်ပစ်​ရင်တောင် ယေဟောဝါ အသက်​ပြန်ပေး​နိုင်​မှန်း သိထားလို့ပဲ။ (ဗျာ. ၂:၁၀) ယေဟောဝါ​အပေါ်​ ထား​တဲ့ ကျွန်တော်​တို့​ရဲ့ မေတ္တာကို ဘာကမှ မတား​နိုင်​မှန်း တထစ်ချ ယုံကြ​တယ်။ (ရော. ၈:၃၅-၃၉) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက် ပေး​ထား​တာ​က ယေဟောဝါ​ရဲ့ ဉာဏ်ပညာ ကြီးမား​ကြောင်း ပေါ်လွင်​စေတယ်။ အဲဒီ​မျှော်လင့်ချက် ရှိထား​လို့ သတ်ပစ်​မယ်​ဆိုပြီး ခြိမ်းခြောက်​ခံရတဲ့​အခါ ကျွန်တော်​တို့ မကြောက်​တဲ့​အပြင် ယေဟောဝါ​ကို ဆက်​သစ္စာ​ရှိဖို့ သတ္တိ​ရှိ​လာတယ်။

ရုပ်ပစ္စည်း လိုအပ်ရာတွေ ထောက်​မပေး​မယ်​ဆို​တဲ့ ယေဟောဝါ​ရဲ့ ကတိ​ကို ယုံကြည်​စိတ်ချကြောင်း ကျွန်တော်​တို့​ရဲ့ ဆုံးဖြတ်ချက်​တွေ​က ဖော်ပြ​နေ​သလား (စာပိုဒ် ၁၆ ကိုကြည့်ပါ) *

၁၆။ ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေး​ဖို့ လိုသလဲ။ ယေဟောဝါ​အပေါ် သင့်ရဲ့ ယုံကြည်​ကိုးစားမှု အတိမ်အနက်​ကို သိဖို့ အဲဒီ​မေးခွန်းတွေ​က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၆ ယေဟောဝါ​ရဲ့ ရန်သူတွေက သင့်ကို သတ်ပစ်​မယ်​လို့ ခြိမ်းခြောက်​လာ​ရင် သင့်​အသက်ကို ယေဟောဝါ​လက်ထဲ ယုံကြည်​စိတ်ချ​စွာ အပ်​မလား။ အရေးကြုံ​တဲ့​အခါ အဲဒီလို အပ်​မလား​ဆိုတာ အခု ဘယ်လို သိနိုင်​သလဲ။ သိနိုင်တဲ့ တစ်နည်း​က​တော့ ကိုယ့်ကိုယ်ကိုယ် ဒီ​မေးခွန်းတွေ မေးခြင်း​အားဖြင့်​ပဲ– ‘နေ့တိုင်း ငါ့ရဲ့ ဆုံးဖြတ်ချက် သေးသေးလေးတွေ​က ယေဟောဝါ​ကို ယုံကြည်​စိတ်ချကြောင်း ပြ​နေ​သလား။’ (လု. ၁၆:၁၀) ‘နိုင်ငံတော်​ကို ဦးစား​ထား​ရင် လိုအပ်​တဲ့ ရုပ်ပစ္စည်း​တွေ ထောက်​မပေး​မယ်​ဆို​တဲ့ ယေဟောဝါ​ရဲ့ ကတိ​ကို ယုံကြည်​စိတ်ချကြောင်း ငါ့ရဲ့ ဘဝ​ပုံစံ​က ဖော်ပြ​နေ​သလား။’ (မ. ၆:၃၁-၃၃) ပြ​နေတယ်လို့ ဖြေနိုင်​တယ်​ဆိုရင် ယေဟောဝါ​ကို သင် ယုံကြည်​ကိုးစား​မှန်း သိနိုင်တယ်။ ဒါဆိုရင် အနာဂတ်​မှာ ကြုံ​ရမယ့် ဘယ်​စမ်းသပ်မှု​အတွက်​မဆို အသင့်​ဖြစ်နေ​ပါ​လိမ့်မယ်။—ပညာ. ၃:၅၊ ၆

ယေဟောဝါ​ရဲ့ စိတ်ရှည်မှု​ကို ကျေးဇူး​တင်​လေးမြတ်ပါ

၁၇။ (က) ရှင်ပြန်ထမြောက်ခြင်း​က ယေဟောဝါ စိတ်ရှည်​ကြောင်း ဘယ်လို ဖော်ပြ​သလဲ။ (ခ) ယေဟောဝါ​ရဲ့ စိတ်ရှည်မှု​အတွက် ကျေးဇူး​တင်​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၇ ဒီ​စနစ်ဟောင်း​ကို အဆုံးတိုင်​စေမယ့် နေ့​နဲ့ အချိန်ကို ယေဟောဝါ သတ်မှတ်​ပြီးပြီ။ (မ. ၂၄:၃၆) အဲဒီ​အချိန် မတိုင်ခင် စိတ်မရှည်​ဘဲ အရေးယူ​လိုက်တာမျိုး လုပ်မှာ မဟုတ်ဘူး။ သေဆုံး​သူတွေကို ထမြောက်​ပေး​ချင်စိတ် ပြင်းပြ​နေပေမဲ့ စိတ်ရှည်​တယ်။ (ယောဘ ၁၄:၁၄၊ ၁၅) အသက်ပြန်ရှင်​ပေး​ဖို့ အကောင်းဆုံး​အချိန် ရောက်တဲ့​အထိ စောင့်နေ​တယ်။ (ယော. ၅:၂၈) ယေဟောဝါ​ရဲ့ စိတ်ရှည်မှုအတွက် ကျေးဇူး​တင်​လေးမြတ်​ဖို့ အကြောင်းကောင်း​တွေ ရှိတယ်။ ယေဟောဝါ စိတ်ရှည်​လို့ ကျွန်တော်​တို့ အပါအဝင် လူများစွာ “နောင်တ​ရ” ဖို့ အချိန်​ရ​နေတယ်။ (၂ ပေ. ၃:၉) လူများ​နိုင်​သမျှ များများ​ကို ယေဟောဝါ ထာဝရ​အသက် ရစေ​ချင်​တယ်။ ဒါ​ကြောင့် ဘုရား​ရဲ့ စိတ်ရှည်မှု​အတွက် ကျေးဇူးတင်​ကြောင်း ပြ​ကြပါစို့။ ဘယ်​နည်းနဲ့လဲ။ “ထာဝရ​အသက်​ ရဖို့ စိတ်ရင်းမှန်​နဲ့ ကြိုးစား​တဲ့​သူတွေ” ကို အတတ်နိုင်ဆုံး ရှာဖွေခြင်း၊ ယေဟောဝါ​ကို ချစ်​ပြီး ဝတ်ပြု​လာအောင် ကူညီ​ပေးခြင်း​အားဖြင့်​ပါ​ပဲ။ (တ. ၁၃:၄၈) ဒါဆိုရင် သူတို့လည်း ကျွန်တော်​တို့​လို​ပဲ ယေဟောဝါ​ရဲ့ စိတ်ရှည်မှု​ကနေ အကျိုး​ရပါလိမ့်မယ်။

၁၈။ တခြား​သူတွေကို ဘာကြောင့် စိတ်ရှည်​သင့်သလဲ။

၁၈ အနှစ်​တစ်ထောင် အကုန်​မှာ ကျွန်တော်​တို့ ပြည့်ဝ​စုံလင်​လာတဲ့​အထိ ယေဟောဝါ စိတ်ရှည်​စွာ စောင့်ပါ​လိမ့်မယ်။ အဲဒီ​အချိန်အထိ ကျွန်တော်​တို့​ရဲ့ အပြစ်တွေကို ယေဟောဝါ လိုလိုလားလား ခွင့်လွှတ်​ပေး​မယ်။ ဒါ​ကြောင့် ကျွန်တော်​တို့​လည်း ဘုရား​ကို တုပ​ပြီး တခြား​သူတွေရဲ့ ကောင်းကွက်​ကို ရှာ​ရမယ်။ သူတို့ကို စိတ်ရှည်​ရမယ်။ ညီအစ်မ​တစ်ယောက်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ခင်ပွန်း​ဖြစ်သူဟာ စိုးရိမ်စိတ်​လွန် ဝေဒနာ ခံစား​ရပြီး အစည်းအဝေးတွေ မတက်​တော့​ဘူး။ “ကျွန်မ​အတွက် သိပ်​ခက်တယ်။ အနာဂတ် မိသားစု အစီအစဉ်တွေ ပျက်​သွားပြီ” လို့ ညီအစ်မ ပြော​တယ်။ ဒါပေမဲ့ ခင်ပွန်း​အပေါ် ဆက်​စိတ်ရှည်​တယ်။ ယေဟောဝါ​ကို အားကိုး​ပြီး လက်မလျှော့​ဘူး။ ယေဟောဝါ​လို​ပဲ ပြဿနာ​ကို ကျော်​ကြည့်​ပြီး ခင်ပွန်း​ရဲ့ ကောင်းကွက်​တွေ​ကို အာရုံစိုက်​တယ်။ “သူ့မှာ အရည်အသွေးကောင်း​တွေ အများကြီး​ပဲ။ ဝေဒနာ ပြန်​သက်သာ​လာအောင် သူ့​ခမျာ​လည်း ကြိုးစား​ရှာပါ​တယ်” လို့ ညီအစ်မ ပြော​တယ်။ အခက်အခဲတွေကို ကျော်ဖြတ်​ဖို့ ကြိုးစား​နေတဲ့ မိသားစုဝင်​တွေ၊ ညီအစ်ကို/မ​တွေ​ကို စိတ်ရှည်​ဖို့ သိပ်​အရေးကြီးတယ်။

၁၉။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်​ထား​သင့်သလဲ။

၁၉ ကမ္ဘာ​ကို စ​ဖန်ဆင်း​တုန်း​က ယေရှုနဲ့ ကောင်းကင်တမန်​တွေ သိပ်​ဝမ်းသာ​ခဲ့​တယ်။ ကမ္ဘာ​ပေါ်မှာ ယေဟောဝါ​ကို ချစ်​ပြီး ဝတ်ပြုတဲ့ ပြည့်ဝ​စုံလင်သူ​တွေ ပြည့်နေ​တာ​ကို တွေ့​တဲ့​အခါ သူတို့ ဘယ်လောက် ဝမ်းသာ​မလဲ​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ ခရစ်တော်​နဲ့​အတူ အုပ်ချုပ်​ဖို့ လူသားတွေ​ထဲ​ကနေ ကောင်းကင်​ကို ရွေးကောက်​ခံရ​သူတွေလည်း မိမိတို့ရဲ့ လုပ်ဆောင်မှု​ကနေ လူတွေ အကျိုး​ရ​နေမှန်း မြင်ရ​တဲ့​အခါ သိပ်​ဝမ်းသာ​ကြ​မယ်။ (ဗျာ. ၄:၄၊ ၉-၁၁။ ၅:၉၊ ၁၀) ဝမ်းနည်း​မျက်ရည်​အစား ဝမ်းသာ​မျက်ရည်​ပဲ ရှိ​တော့​မယ့်​အချိန်၊ ဖျားနာ​မှု၊ ဝမ်းနည်းမှု​နဲ့ သေခြင်း ထာဝစဉ် ပျောက်ကွယ်​သွားမယ့်​အချိန်​မှာ အသက်ရှင်နေ​တာ​ကို မြင်ယောင်​ကြည့်​ပါ။ (ဗျာ. ၂၁:၄) ဒါ​ကြောင့် ယေဟောဝါ​ရဲ့ မေတ္တာ၊ ဉာဏ်ပညာ၊ စိတ်ရှည်မှု​ကို တုပ​ဖို့ စိတ်ပိုင်းဖြတ်​ထား​ပါ။ ဒါဆိုရင် ဘယ်လို အခက်အခဲ​ပဲ ကြုံ​ရ​ပါစေ ဆက်​ဝမ်းမြောက်နေ​နိုင်​ပါ​လိမ့်မယ်။ (ယာ. ၁:၂-၄) “ရှင်ပြန်ထမြောက်​လာမယ်” ဆိုတဲ့ ယေဟောဝါ​ရဲ့ ကတိ​အတွက် သိပ်​ကျေးဇူး​တင်စရာ​ပါ​ပဲ။—တ. ၂၄:၁၅

သီချင်း ၁၄၁ အံ့ဖွယ်​အသက်

^ အပိုဒ်၊ 5 ယေဟောဝါ​ဟာ မေတ္တာ၊ ဉာဏ်ပညာ ရှိပြီး စိတ်ရှည်​တဲ့ ဖခင် ဖြစ်တယ်။ အရာခပ်သိမ်း​ကို ဖန်ဆင်း​ခဲ့​ပုံ​မှာ၊ သေဆုံး​သူတွေကို ပြန်ရှင်​စေမယ်​ဆို​တဲ့ ရည်ရွယ်ချက်မှာ အဲဒီ​အရည်အသွေး​တွေကို တွေ့​နိုင်တယ်။ ရှင်ပြန်ထမြောက်ခြင်း​နဲ့​ပတ်သက်​တဲ့ မေးခွန်း​တချို့​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ယေဟောဝါ​ရဲ့ မေတ္တာ၊ ဉာဏ်ပညာ၊ စိတ်ရှည်မှု​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ​ဆိုတာ အလေးပေး​သွားပါမယ်။

^ အပိုဒ်၊ 59 ပုံအညွှန်း– လွန်ခဲ့တဲ့ နှစ်​များစွာတုန်းက သေဆုံး​သွားတဲ့ အမေရိကန် တိုင်းရင်းသား​တစ်ယောက် ခရစ်တော်​ရဲ့ အနှစ်​တစ်ထောင် အုပ်ချုပ်မှု​အတွင်း ပြန်ထ​မြောက်​လာ။ ခရစ်တော်​ရဲ့ ရွေးဖိုး​ကနေ အကျိုး​ရဖို့ သူ ဘာလုပ်​ရမယ်ဆို​တဲ့​အကြောင်း အာမဂေဒုန်​ကနေ ကပ်ကျော်​လာတဲ့ ညီအစ်ကို ဝမ်းသာစွာ သင်ပေး​နေ။

^ အပိုဒ်၊ 61 ပုံအညွှန်း– အချိန်ပို အလုပ်​မဆင်း​နိုင်​တဲ့ နေ့​တွေ​အကြောင်း အလုပ်ရှင်​ကို ညီအစ်ကို​တစ်ယောက် ပြောနေ။ အဲဒီ​နေ့ ညနေ​တွေ​ကို ဝတ်ပြုရေး​နဲ့​ဆိုင်​တဲ့ လုပ်ဆောင်မှုတွေ​အတွက် သီးသန့်​ဖယ်​ထား​ကြောင်း၊ တခြား​အချိန်တွေမှာ အရေးပေါ် လိုရင်တော့ အချိန်ပို လုပ်ပေး​နိုင်​ကြောင်း ရှင်းပြ​နေ။