မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၄

အသင်းတော်မှာ ကိုယ့်နေရာကို တန်ဖိုးထားပါ

အသင်းတော်မှာ ကိုယ့်နေရာကို တန်ဖိုးထားပါ

“ခန္ဓာကိုယ်​ဟာ တစ်ခု​တည်း ဖြစ်​ပေမဲ့ အစိတ်အပိုင်း​တွေ အများကြီး ရှိတယ်။ အစိတ်အပိုင်း​တွေ အများကြီး ရှိပေမဲ့ ခန္ဓာကိုယ်​က​တော့ တစ်ခု​တည်း​ပဲ။ ခရစ်တော်​ရဲ့ ခန္ဓာကိုယ်​လည်း အဲဒီအတိုင်း​ပါ​ပဲ။”—၁ ကော. ၁၂:၁၂

သီချင်း ၁၀၁ စည်းလုံးစွာ လုပ်ဆောင်ခြင်း

အကြို​သုံးသပ်ချက် *

၁။ ကျွန်တော်​တို့ ဘယ်​အခွင့်ထူး ရထား​သလဲ။

ယေဟောဝါ​ရဲ့ အသင်းတော်​ဝင် ဖြစ်​ရတာ အခွင့်ထူးပါပဲ။ ငြိမ်းချမ်း​ပျော်ရွှင်ဖွယ် ပုံဆောင်​ပရဒိသု​ထဲ ရောက်​နေကြ​တယ်။ အသင်းတော်မှာ သင့်ရဲ့ နေရာ​က ဘာလဲ။

၂။ တမန်​တော် ပေါလု ရေး​တဲ့ စာ​များစွာမှာ ဘယ်​ဥပမာ​ကို သုံးခဲ့​သလဲ။

တမန်​တော် ပေါလု ရေး​တဲ့ စာ​များစွာမှာ သုံးထားတဲ့ ဥပမာတစ်ခု​ကနေ အဲဒီ​အကြောင်း အများကြီး သိနိုင်တယ်။ အဲဒီ​စာ​တွေ​မှာ ပေါလု​က အသင်းတော်ကို လူ့​ခန္ဓာကိုယ်​နဲ့ နှိုင်းယှဉ်ခဲ့​တယ်။ အသင်းတော်မှာ​ရှိတဲ့ တစ်ယောက်ချင်း​ကိုလည်း ကိုယ်​အင်္ဂါ​အစိတ်အပိုင်း​တွေ​နဲ့ နှိုင်းယှဉ်ခဲ့​တယ်။—ရော. ၁၂:၄-၈။ ၁ ကော. ၁၂:၁၂-၂၇။ ဧ. ၄:၁၆

၃။ ဒီ​ဆောင်းပါး​မှာ ဘယ်​သင်ခန်းစာ သုံးခုကို ဆွေးနွေး​ကြ​မလဲ။

ပေါလု​ရဲ့ ဥပမာ​ကနေ သင်ယူနိုင်တဲ့ အရေးကြီး သင်ခန်းစာ သုံးခုကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​မယ်။ ပထမ၊ ယေဟောဝါ​ရဲ့ အသင်းတော်မှာ ကျွန်တော်​တို့ တစ်ယောက်စီ​အတွက် နေရာ * ရှိကြောင်း၊ ဒုတိယ၊ အသင်းတော်မှာ ကိုယ့်​အခန်းကဏ္ဍကို သိဖို့ ခက်​နေရင် ဘာလုပ်​နိုင်​ကြောင်း၊ တတိယ၊ အသင်းတော်မှာ ကိုယ့်​တာဝန်ကျေ​ဖို့ ဘာကြောင့် အစွမ်းကုန် ကြိုးစား​သင့်​ကြောင်း ဆွေးနွေး​ပါ​မယ်။

အသင်းတော်မှာ ယောက်​တိုင်း အခန်းကဏ္ဍ​ကိုယ်စီ ရှိ

၄။ ရောမ ၁၂:၄၊ ၅ က ဘာ​သင်ပေး​သလဲ။

ပေါလု​ရဲ့ ဥပမာ​ကနေ သင်ယူနိုင်တဲ့ ပထမ သင်ခန်းစာ​က​တော့ ယေဟောဝါ​ရဲ့ မိသားစုမှာ ယောက်​တိုင်း အရေးကြီးတဲ့ နေရာ ရှိတယ် ဆိုတာ​ပဲ။ “ကိုယ်ခန္ဓာ​တစ်ခု​မှာ အင်္ဂါ​အစိတ်အပိုင်း​တွေ အများကြီး ရှိပေမဲ့ အဲဒီ​အစိတ်အပိုင်း​တွေ​ရဲ့ အလုပ်​တာဝန်​ချင်း မတူကြဘူး။ အလားတူပဲ၊ ကျွန်တော်​တို့​ဟာ အရေအတွက် များ​ပေမဲ့ ခရစ်တော်​နဲ့ တစ်စိတ်​တစ်ဝမ်း​တည်း ဖြစ်နေ​တဲ့​အတွက် ကိုယ်ခန္ဓာ​တစ်ခု​တည်း​ပါပဲ။ ဒါပေမဲ့ တစ်ဦးစီ​က​တော့ အပြန်အလှန် ဆက်စပ်နေတဲ့ အင်္ဂါ​အစိတ်အပိုင်း​တွေ ဖြစ်တယ်” လို့ ပေါလု ပြော​တယ်။ (ရော. ၁၂:၄၊ ၅) ပေါလု ဘာကို ဆိုလို​သလဲ။ အသင်းတော်မှာ အခန်းကဏ္ဍ မတူကြ​ပေမဲ့ ယောက်​တိုင်း အရေးပါ​တယ်။

အသင်းတော်မှာ ကျွန်တော်​တို့​ရဲ့ အခန်းကဏ္ဍ မတူ​ပေမဲ့ ယောက်​တိုင်း တန်ဖိုး​ရှိ (စာပိုဒ် ၅-၁၂ ကိုကြည့်ပါ) *

၅။ အသင်းတော်​အတွက် ဘယ် “လက်ဆောင်” တွေ​ကို ယေဟောဝါ ပေးထား​သလဲ။

အသင်းတော်မှာ နေရာ ရထား​သူတွေ​လို့ ပြော​ရင် ဦးဆောင်​နေသူတွေကို အရင်ဆုံး ပြေးမြင်​မိ​နိုင်တယ်။ (၁ သက်. ၅:၁၂။ ဟီ. ၁၃:၁၇) မှန်ပါတယ်။ သူတို့ကို အသင်းတော်​အတွက် “လက်ဆောင်​အဖြစ်” ခရစ်တော်​က​တစ်ဆင့် ယေဟောဝါ ပေး​ထား​တာ​ပါ။ (ဧ. ၄:၈) အဲဒီ​ထဲမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ အုပ်ချုပ်ရေး​အဖွဲ့ အကူ၊ ဌာနခွဲ ကော်မတီဝင်၊ တိုက်နယ်​ကြီးကြပ်မှူး၊ ကျမ်းစာ​ကျောင်း ပို့ချ​သူ၊ အသင်းတော် အကြီးအကဲ​နဲ့ အမှုထမ်းတွေ ပါဝင်​တယ်။ အဲဒီ​ညီအစ်ကို အားလုံး​ဟာ ယေဟောဝါ​ရဲ့ အဖိုးတန်​သိုး​တွေ​ကို စောင့်ရှောက်​ဖို့၊ အသင်းတော်​အကျိုး သယ်ပိုး​ဖို့ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ခန့်အပ်​ခံ​ထား​ရတယ်။—၁ ပေ. ၅:၂၊ ၃

၆။ ၁ သက်သာလောနိတ် ၂:၆-၈ အရ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ခန့်အပ်​ခံ​ထား​ရတဲ့ ညီအစ်ကို​တွေ ဘာလုပ်ဖို့ ကြိုးစား​နေကြ​သလဲ။

သန့်ရှင်းသော စွမ်းအားတော်​နဲ့ ခန့်အပ်​ခံ​ထား​ရတဲ့ ညီအစ်ကို​တွေ​မှာ တာဝန်​အမျိုးမျိုး ရှိတယ်။ လက်၊ ခြေထောက် စတဲ့ အင်္ဂါ​အစိတ်အပိုင်း​တွေ​ဟာ တစ်ကိုယ်လုံး​ရဲ့ အကျိုးအတွက် လုပ်ဆောင်နေ​သလို အဲဒီ​ညီအစ်ကို​တွေ​လည်း အသင်းတော်​တစ်ခုလုံး​ရဲ့ အကျိုးအတွက် ကြိုးစား​လုပ်ဆောင်နေ​ကြတယ်။ ကိုယ်​ချီးမွမ်း​ခံရ​ဖို့ မဟုတ်ဘဲ ညီအစ်ကို/မ​တွေ​ကို တည်ဆောက်​အားပေးဖို့ ကြိုးစား​ကြတယ်။ (၁ သက်သာလောနိတ် ၂:၆-၈ ကို​ဖတ်ပါ။) ကိုယ်ကျိုး​မ​ရှာ​တဲ့ အဲဒီ​အရည်အချင်း​ရှိ ညီအစ်ကို​တွေ ပေး​ထား​လို့ ယေဟောဝါ​ကို သိပ်​ကျေးဇူး​တင်စရာ​ပါ​ပဲ။

၇။ အချိန်ပြည့် အမှုဆောင်​များစွာ ဘယ်​ကောင်းချီး​တွေ ခံစား​နေရ​သလဲ။

အသင်းတော်မှာ တချို့က သာသနာပြု၊ အထူး​ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင်​တွေ​အဖြစ် ခန့်အပ်​ခံရ​နိုင်တယ်။ ကမ္ဘာ​တစ်ဝန်း​က ညီအစ်ကို/မများ​စွာ​ဟာ ဟောပြောခြင်းနဲ့ တပည့်​ဖြစ်စေ​ခြင်း​မှာ အချိန်ပြည့် ပါဝင်ဖို့ ဆုံးဖြတ်ထား​ကြတယ်။ ဒီ​နည်း​အားဖြင့် လူများစွာကို ခရစ်တော် ယေရှုရဲ့ တပည့်​ဖြစ်​လာအောင် ကူညီ​ပေး​နေကြ​တယ်။ အဲဒီ​အချိန်ပြည့် အမှုဆောင်​တွေ​ဟာ ငွေကြေး သိပ်​မချမ်းသာ​ပေမဲ့ ယေဟောဝါ​ရဲ့ ကောင်းချီး​များစွာ ခံစား​နေ​ရတယ်။ (မာ. ၁၀:၂၉၊ ၃၀) အသင်းတော်​ဝင် ဖြစ်​တဲ့ အဲဒီ​ညီအစ်ကို/မ​တွေ​ကို ကျွန်တော်​တို့ ချစ်​မြတ်နိုး​ပြီး ကျေးဇူး​တင်​လေးမြတ်​ကြတယ်။

၈။ ကြေညာသူ​ယောက်​တိုင်း ယေဟောဝါ​အတွက် ဘာကြောင့် တန်ဖိုး​ရှိသလဲ။

ခန့်အပ်​ခံ ညီအစ်ကို​တွေ​နဲ့ အချိန်ပြည့် အမှုဆောင်​တွေ​အတွက်ပဲ အသင်းတော်မှာ နေရာ ရှိတာ​လား။ မဟုတ်ပါဘူး။ ကြေညာသူ​ယောက်​တိုင်း ဘုရား​နဲ့ အသင်းတော်​အတွက် အရေးပါ​တယ်။ (ရော. ၁၀:၁၅။ ၁ ကော. ၃:၆-၉) ဘာကြောင့်လဲ​ဆိုတော့ အသင်းတော်ရဲ့ အရေးကြီးဆုံး ပန်းတိုင်​တစ်ခု​က လူတွေကို သခင် ယေရှုခရစ်ရဲ့ တပည့် ဖြစ်လာ​စေဖို့​ပဲ။ (မ. ၂၈:၁၉၊ ၂၀။ ၁ တိ. ၂:၄) နှစ်ခြင်း ခံပြီးသူ​ဖြစ်စေ၊ မခံရ​သေး​တဲ့ ကြေညာသူ​ဖြစ်စေ အသင်းတော်​နဲ့ ပူးပေါင်း​နေ​သူအား​လုံး​ဟာ အဲဒီ​လုပ်ငန်း​ကို ဦးစား​ထား​ဖို့ ကြိုးစားနေကြတယ်။—မ. ၂၄:၁၄

၉။ ခရစ်ယာန် ညီအစ်မ​တွေ​ကို ကျွန်တော်​တို့ ဘာကြောင့် တန်ဖိုးထား​သလဲ။

ယေဟောဝါ​က အသင်းတော်မှာ ညီအစ်မ​တွေ​ကိုလည်း ဂုဏ်​အသရေ​ရှိ နေရာ ပေး​ထား​တယ်။ သစ္စာရှိ​ရှိ ဝတ်ပြု​နေတဲ့ အဲဒီ ဇနီး၊ မိခင်၊ မုဆိုးမ၊ တစ်ကိုယ်ရေ ညီအစ်မ​တွေ​ကို တန်ဖိုး​ထား​တယ်။ ဘုရား​နှစ်သက်မှု ရခဲ့တဲ့ အမျိုးသမီးတွေ​အကြောင်း ကျမ်းစာ​မှာ မကြာခဏ ဖော်ပြ​ပြီး သူတို့ရဲ့ ဉာဏ်ပညာ၊ ယုံကြည်ခြင်း၊ ဇွဲ၊ သတ္တိ၊ ရက်ရောမှု၊ ကောင်းမှု​တွေ​ကို ချီးမွမ်း​ထား​တယ်။ (လု. ၈:၂၊ ၃။ တ. ၁၆:၁၄၊ ၁၅။ ရော. ၁၆:၃၊ ၆။ ဖိ. ၄:၃။ ဟီ. ၁၁:၁၁၊ ၃၁၊ ၃၅) အဲဒီလို အရည်အသွေးကောင်း​တွေ ရှိတဲ့ ခရစ်ယာန် ညီအစ်မ​တွေ ပေး​ထား​လို့ ယေဟောဝါ​ကို ကျေးဇူး​တင်စရာ​ပါ​ပဲ။

၁၀။ အသက်ကြီးသူ​တွေ​ကို ကျွန်​တော်​တို့ ဘာကြောင့် တန်ဖိုး​ထား​သလဲ။

၁၀ အသက်​ကြီး​သူများစွာ ရှိနေတာ​လည်း ကောင်းချီး​တစ်ခု​ပါ​ပဲ။ အသင်းတော်​တချို့​မှာ အသက်ကြီး ညီအစ်ကို/မ​တွေ​ဟာ ဘဝ​တစ်လျှောက်​လုံး ယေဟောဝါ​ကို သစ္စာရှိရှိ ဝတ်ပြု​လာကြတာ။ တချို့ အသက်ကြီး​သူတွေကတော့ မကြာသေး​ခင်​ကမှ အမှန်တရား သိလာ​တာ။ ဘာပဲ​ဖြစ်ဖြစ် အိုမင်း​မှု​ကြောင့် ကျန်းမာ​ရေး ပြဿနာ အမျိုးမျိုးကို သူတို့ ရင်ဆိုင်​နေ​ရတယ်။ အသင်းတော်​နဲ့ ဟောပြောခြင်း​လုပ်ငန်းမှာ သိပ်​မပါဝင်နိုင်​ကြ​ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစား​နေပြီး တခြား​သူတွေကို အစွမ်း​ရှိသလောက် အားပေး၊ လေ့ကျင့်ပေး​နေကြ​တယ်။ သူတို့ရဲ့ အတွေ့အကြုံ​ကနေ ကျွန်တော်​တို့ အကျိုး​ရ​နေတယ်။ သူတို့ဟာ ယေဟောဝါ​နဲ့ ကျွန်တော်​တို့အတွက် သိပ်​လှပ​သူတွေပါ​ပဲ။—ပညာ. ၁၆:၃၁

၁၁-၁၂။ အသင်းတော်မှာ လူငယ်တွေ​ကြောင့် သင် ဘယ်လို အားရှိ​သလဲ။

၁၁ လူငယ်တွေ​အကြောင်းလည်း စဉ်းစား​ကြည့်​ပါ။ စာတန်​မာရ်နတ် အုပ်ချုပ်​နေတဲ့၊ စာတန်​ရဲ့ အတွေးအခေါ်​ဆိုး​တွေ ပြည့်နေ​တဲ့ လောကမှာ အခက်အခဲ​များစွာ ကြုံနေ​ရတယ်။ (၁ ယော. ၅:၁၉) ဒါပေမဲ့ သူတို့ အစည်းအဝေး​မှာ မှတ်ချက်​ပေး​တာ၊ အမှုဆောင်မှာ ပါဝင်​တာ၊ ယုံကြည်ချက်ကို သတ္တိရှိရှိ ခုခံ​ကာကွယ်​တာ မြင်ရ​တိုင်း ကျွန်တော်​တို့ သိပ်​အားရှိ​ကြတယ်။ မှန်ပါတယ်။ လူငယ်တွေလည်း ယေဟောဝါ​ရဲ့ အသင်းတော်မှာ အရေးပါတဲ့ နေရာ ရထား​ကြတယ်။—ဆာ. ၈:၂

၁၂ ဒါပေမဲ့ ညီအစ်ကို/မတချို့​ဟာ အသင်းတော်မှာ အရေးပါတဲ့ ကိုယ့်​နေရာကို မြင်​ဖို့ ခက်​နေကြ​တယ်။ ယောက်​တိုင်း​မှာ နေရာတစ်ခု ရှိတယ်လို့ ခံစား​လာ​ရအောင် ဘာက ကူညီ​ပေး​နိုင်​ကြောင်း လေ့လာ​ကြည့်​ကြ​စို့။

အသင်းတော်မှာ ကိုယ့်​အခန်းကဏ္ဍကို မြင်တတ်​အောင် ကြိုးစား​ပါ

၁၃-၁၄။ အသင်းတော်မှာ တန်ဖိုး​မရှိဘူးလို့ တချို့ ဘာကြောင့် ခံစား​မိ​နိုင်​သလဲ။

၁၃ ပေါလု​ရဲ့ ဥပမာ​ကနေ သင်ခန်းစာ နောက်တစ်ခု သင်ယူနိုင်တယ်။ လူများစွာ ကြုံနေ​ရတဲ့ အခက်အခဲ​တစ်ခု​ကို ပေါလု ထောက်ပြ​တယ်။ အဲဒါ​က​တော့ အသင်းတော်မှာ ကိုယ့်​အခန်းကဏ္ဍကို မြင်​ဖို့ ခက်​နေခြင်း​ပဲ။ “ခြေထောက်​က ‘ငါ​က လက်​မှ မဟုတ်တာ။ ခန္ဓာကိုယ်​နဲ့ မဆိုင်​ဘူး’ လို့ ပြော​ရင် အဲဒီလို​ပြော​တဲ့​အတွက် ခန္ဓာကိုယ်​နဲ့ မဆိုင်​တော့​တာ မဟုတ်ဘူး။ နားက​လည်း ‘ငါ​က မျက်စိ​မှ မဟုတ်တာ။ ခန္ဓာကိုယ်​နဲ့ မဆိုင်​ဘူး’ လို့ ပြော​ရင် အဲဒီလို​ပြော​တဲ့​အတွက် ခန္ဓာကိုယ်​နဲ့ မဆိုင်​တော့​တာ မဟုတ်ဘူး” ဆိုပြီး ပေါလု ပြော​တယ်။ (၁ ကော. ၁၂:၁၅၊ ၁၆) ပေါလု ဘာ​ပြော​ချင်​တာလဲ။

၁၄ အသင်းတော်မှာ ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေနဲ့ နှိုင်းယှဉ်​ရင် ကိုယ့်​နေရာကို မြင်​တော့​မှာ မဟုတ်ဘူး။ တချို့က သွန်သင်​တဲ့ အပိုင်း​မှာ သိပ်​တော်တယ်။ တချို့က ကောင်းကောင်း စီစဉ်​ဖွဲ့စည်း​တတ်တယ်။ တချို့က ကျွမ်းကျင်​တဲ့ သိုးထိန်း​တွေ ဖြစ်တယ်။ ကိုယ့်​မှာ​တော့ အဲဒီလောက် အရည်အချင်း မရှိဘူးလို့ ခံစား​ရနိုင်တယ်။ ဒါက သင့်​မှာ နှိမ့်ချမှု၊ ကျိုးနွံ​မှု ရှိကြောင်း ဖော်ပြ​နေတာပဲ။ (ဖိ. ၂:၃) ဒါပေမဲ့ သတိထား​ပါ။ တစ်ချိန်​လုံး ကိုယ့်ကိုယ်ကိုယ် တခြား​သူနဲ့ နှိုင်းယှဉ်​နေမယ်​ဆိုရင် စိတ်ပျက်​လာနိုင်တယ်။ အသင်းတော်မှာ ကိုယ့်​အတွက် လုံးဝ နေရာ မရှိတော့ဘူးလို့ ခံစား​ရနိုင်တယ်။ အဲဒီ​ခံစားချက်​တွေ​ကို အနိုင်​ယူဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။

၁၅။ ၁ ကောရိန္သု ၁၂:၄-၁၁ အရ ကိုယ့်​မှာ ရှိ​ထား​တဲ့ ဆုကျေးဇူး​နဲ့​ပတ်သက်ပြီး ဘာကို အသိအမှတ်ပြု​ရမလဲ။

၁၅ ဒီ​အချက်​ကို စဉ်းစား​ကြည့်​ပါ– ယေဟောဝါ​က ပထမ​ရာစု ခရစ်ယာန်​တချို့​ကို သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် အံ့ဖွယ် ဆုကျေးဇူး​တွေ ပေး​တယ်။ တစ်​ပုံစံ​တည်း​တော့ မဟုတ်ဘူး။ (၁ ကောရိန္သု ၁၂:၄-၁၁ ကိုဖတ်ပါ။) ယေဟောဝါ ပေး​ထား​တဲ့ ဆုကျေးဇူး၊ စွမ်းရည်တွေ မတူပေမဲ့ ယောက်​တိုင်း တန်ဖိုး​ရှိတယ်။ ဒီနေ့​ခေတ်​မှာ သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် အဲဒီလို အံ့ဖွယ် ဆုကျေးဇူး​တွေ မရတော့ဘူး။ ဒါပေမဲ့ ပင်ကိုစွမ်းရည် တစ်မျိုးစီ​ရှိတဲ့ ကျွန်တော်​တို့အားလုံး ယေဟောဝါ​အတွက် တန်ဖိုး​ရှိတယ်။

၁၆။ တမန်​တော် ပေါလု​ရဲ့ ဘယ်​အကြံဉာဏ်​ကို လိုက်နာ​ဖို့ လိုသလဲ။

၁၆ တခြား​သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မယ့်​အစား “လူတိုင်း ကိုယ့်​လုပ်ရပ်တွေကို​ပဲ ဆန်းစစ်​ပါ။ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်​လုပ်ရပ်​နဲ့​ပတ်သက်ပြီး ပျော်ရွှင်​ကျေနပ်​ရလိမ့်မယ်” ဆို​တဲ့ တမန်​တော် ပေါလု​ရဲ့ အကြံဉာဏ်​ကို လိုက်နာ​ဖို့ လိုတယ်။—ဂလ. ၆:၄

၁၇။ ပေါလု​ရဲ့ အကြံဉာဏ်​ကို လိုက်နာ​ရင် ဘာ​အကျိုး​တွေ ရမလဲ။

၁၇ ပေါလု​ရဲ့ အကြံဉာဏ်​ကို လိုက်နာ​ပြီး ကိုယ့်လုပ်ရပ်​ကို ဆန်းစစ်​မယ်​ဆိုရင် ကိုယ့်​မှာလည်း တစ်မူထူး​ခြား​တဲ့ ဆုကျေးဇူး​တွေ၊ စွမ်းရည်​တွေ ရှိကြောင်း တွေ့​လာနိုင်တယ်။ ဥပမာ၊ အကြီးအကဲ​တစ်ယောက်​ဟာ စင်မြင့်ပေါ်မှာ ဟောပြောတာ သိပ်​မတော်​ပေမဲ့ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်းမှာ အလွန်​ထိရောက်​သူ ဖြစ်​နိုင်တယ်။ တခြား​အကြီးအကဲ​တွေ​လောက် စီစဉ်​ဖွဲ့စည်းမှု မကျွမ်းကျင်​ပေမဲ့ ကျမ်းစာ​အကြံဉာဏ် ရဖို့ ကြေညာသူ​တွေ ချဉ်းကပ်​ရဲ​တဲ့ မေတ္တာ​ရှိ သိုးထိန်း ဖြစ်နေ​နိုင်တယ်။ ဒါမှ​မဟုတ် ဧည့်ဝတ်​ကျေပွန်​တယ်​ဆို​တဲ့ နာမည်​ကောင်း ရထားတာ ဖြစ်​နိုင်တယ်။ (ဟီ. ၁၃:၂၊ ၁၆) ကိုယ့်​အားသာချက်တွေ၊ ဆုကျေးဇူး​တွေ​ကို ရှင်းရှင်းလင်းလင်း မြင်လာ​ရင် အသင်းတော်မှာ ကိုယ်​ပါဝင်​ပေးဆက်​နိုင်တာ​တွေ​အတွက် ကျေနပ်​လာမယ်။ ကိုယ့်​မှာ မရှိတဲ့ ဆုကျေးဇူး ရထား​သူတွေကို မနာလို ဖြစ်​တော့​မှာ မဟုတ်ဘူး။

၁၈။ အမှုဆောင်​လုပ်ငန်းမှာ ဘယ်လိုနည်းနဲ့ စွမ်းရည် တိုးတက်လာ​နိုင်​သလဲ။

၁၈ အသင်းတော်မှာ ဘယ်​နေရာ​ပဲ ရထား​ပါစေ ယောက်​တိုင်း အမှုဆောင်​လုပ်ငန်းမှာ စွမ်းရည် တိုးတက်​လာဖို့ ကြိုးစား​သင့်တယ်။ အဲဒီလို ဖြစ်​နိုင်​ဖို့ အဖွဲ့အစည်း​က​တစ်ဆင့် ယေဟောဝါ လေ့ကျင့်ပေး​နေတယ်။ ဥပမာ၊ အမှုဆောင်​လုပ်ငန်းမှာ ပို​ထိရောက်​နိုင်​ပုံ​နဲ့​ပတ်သက်​တဲ့ လမ်းညွှန်ချက်တွေကို ကြား​ရက် အစည်းအဝေး​မှာ ရတယ်။ အဲဒီ​လေ့ကျင့်မှု အစီအစဉ်​ကနေ သင် အကျိုး​အပြည့်အဝ ရယူ​နေ​သလား။

၁၉။ သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း တက်​ဖို့ ပန်းတိုင်​ကို ဘယ်လို ပြည့်မီ​နိုင်​သလဲ။

၁၉ သိပ်​ကောင်း​တဲ့ လေ့ကျင့်မှု အစီအစဉ် နောက်တစ်ခု​က​တော့ သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း​ပါ​ပဲ။ အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​နေပြီး အသက် ၂၃ နှစ်​ကနေ ၆၅ နှစ်​အတွင်းရှိတဲ့ ညီအစ်ကို/မ​တွေ တက်​နိုင်တယ်။ သင့်အတွက်​တော့ လက်လှမ်းမမီ​နိုင်​တဲ့ ပန်းတိုင်​လို့ ထင်​ရနိုင်တယ်။ ဒါပေမဲ့ မတက်​နိုင်​ရတဲ့ အကြောင်းရင်း​တွေ မဟုတ်ဘဲ သင်တန်းတက်​ချင်​တဲ့ အကြောင်းရင်း​တွေ​ကို ချရေး​ကြည့်​ပါ။ ပြီး​နောက် သင်တန်း​အတွက် အရည်အချင်း ပြည့်မီ​အောင် ကူညီ​ပေး​မယ့် အစီအစဉ်​တစ်ခု ရေးဆွဲ​ပါ။ ယေဟောဝါ​ရဲ့ အကူအညီ၊ ကိုယ်တိုင်​ရဲ့ ကြိုးစား​အားထုတ်မှု​ကြောင့် အိပ်မက် အကောင်အထည် ပေါ်လာ​နိုင်​ပါ​တယ်။

သင့်​ဆုကျေးဇူး​တွေ​ကို သုံးပြီး အသင်းတော်ကို တည်ဆောက်​ပေး​ပါ

၂၀။ ရောမ ၁၂:၆-၈ ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၂၀ ပေါလု​ရဲ့ ဥပမာ​ကနေ သင်ယူနိုင်တဲ့ တတိယ သင်ခန်းစာ​ကို ရောမ ၁၂:၆-၈ မှာ တွေ့​နိုင်တယ်။ (ဖတ်ပါ။) အသင်းတော်မှာ ယောက်​တိုင်း ဆုကျေးဇူး တစ်မျိုးစီ ရထား​ကြောင်း ပေါလု ထပ်​ပြော​တယ်။ ဒီ​တစ်ကြိမ်​မှာ ပေါလု အလေးပေး​ပြော​တာ​က​တော့ ဘယ်​ဆုကျေးဇူး​ပဲ ရထား​ပါစေ အသင်းတော်ကို တည်ဆောက်၊ ခိုင်ခံ့​စေ​ရာ​မှာ သုံးဖို့​ပဲ။

၂၁-၂၂။ ရောဘတ်​နဲ့ ဖီး​လ​စ်​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၂၁ ရောဘတ်​ဆို​တဲ့ ညီအစ်ကို​အကြောင်း စဉ်းစား​ကြည့်​ပါ။ တိုင်းတစ်ပါး​မှာ အမှုဆောင်​ပြီး​နောက် နေရင်းပြည်​က ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်​​ခံရ​တယ်။ အမှား​လုပ်မိ​လို့ တာဝန် အပြောင်းအလဲ ဖြစ်တာ မဟုတ်မှန်း ညီအစ်ကို​တွေ အထပ်ထပ် ပြော​ပေမဲ့ “ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်​ပြီး တာဝန်​မကျေ​ဘူးလို့ လပေါင်း​များစွာ ခံစား​ခဲ့​ရတယ်။ ဗေသလ​ကနေ ထွက်​ဖို့​တောင် စဉ်းစား​မိတယ်” လို့ ပြော​တယ်။ ဘယ်လိုနည်းနဲ့ ပြန်​ပျော်ရွှင်​လာသလဲ။ အရင်က ရခဲ့တဲ့ တာဝန်​တစ်ခုစီ​မှာ ယေဟောဝါ လေ့ကျင့်ပေး​တာ​က လက်ရှိ တာဝန်​မှာ ပို​အသုံးဝင်​နိုင်အောင်​ပဲ​လို့ လုပ်ဖော်ဆောင်ဖက် အကြီးအကဲ​တစ်ယောက် ပြော​တယ်။ အတိတ်ကို မကြည့်​တော့​ဘဲ လက်ရှိ​ကို အာရုံစိုက်​ဖို့ လို​မှန်း ရောဘတ် သဘောပေါက်​သွားတယ်။

၂၂ ညီအစ်ကို ဖီး​လစ် အပစ္စကို​ပိုလည်း အဲဒီလို အခက်အခဲ ကြုံခဲ့​ရတယ်။ သူနဲ့ ဇနီး​ဟာ ၁၉၅၆ မှာ ဂိလဒ်​သင်တန်း ဆင်းပြီး​နောက် ဘိုလီးဗီးယား​နိုင်ငံ၊ တိုက်နယ်​လုပ်ငန်းမှာ ပါဝင်​ခဲ့​တယ်။ ၁၉၆၄ မှာ ကလေး ရလာတယ်။ “သိပ်​မြတ်နိုးတဲ့ တာဝန်​ကို စွန့်​ဖို့ ခက်တယ်။ ကိုယ့်ကိုယ်ကိုယ် သနားတဲ့​စိတ်​နဲ့​ပဲ တစ်နှစ်​လောက် အချိန်ဖြုန်း​မိတယ်​ဆိုတာ ဝန်ခံ​ရမယ်။ ဒါပေမဲ့ ယေဟောဝါ​ရဲ့ အကူအညီ​ကြောင့် ကိုယ့်​သဘောထားကို ပြောင်း​ပြီး မိဘ​ဆို​တဲ့ တာဝန်သစ်​ကို အာရုံစိုက်​နိုင်​ခဲ့​တယ်” လို့ ဖီး​လစ် ပြောတယ်။ သင်​ကော ရောဘတ် ဒါမှ​မဟုတ် ဖီး​လစ်​လို ခံစား​နေရ​သလား။ အရင်က ရခဲ့တဲ့ လုပ်ငန်းတော် အခွင့်ထူး​တွေ မရတော့​လို့ စိတ်ဓာတ်ကျ​နေ​သလား။ ကိုယ့်​အာရုံ​ကို ပြောင်း​ပြီး ယေဟောဝါ​နဲ့ ညီအစ်ကို​တွေ​အတွက် အမှုဆောင်ဖို့ လက်ရှိ ဘာလုပ်​နိုင်​သလဲ​ဆိုတာ အာရုံစိုက်ပါ။ တခြား​သူတွေကို ကူညီရာ​မှာ ကိုယ့်​ဆုကျေးဇူး​နဲ့ စွမ်းရည်​တွေ​ကို သုံးပြီး အလုပ်​များနေ​ပါ။ ဒါဆိုရင် အသင်းတော်ကို တည်ဆောက်​ပေး​ရင်း ပို​ပျော်ရွှင်​လာပါလိမ့်မယ်။

၂၃။ ဘာလုပ်ဖို့ အချိန်​ယူ​သင့်သလဲ။ နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

၂၃ ကျွန်တော်​တို့ ယောက်​တိုင်း​ကို ယေဟောဝါ တန်ဖိုး​ထား​တယ်။ မိသားစုဝင် ဖြစ်စေချင်​တယ်။ ညီအစ်ကို/မ​တွေ​ကို တည်ဆောက်​ပေး​ဖို့ ဘာလုပ်​နိုင်​သလဲ​ဆိုတာ အချိန်​ယူ တွေးတော​ပြီး အတတ်နိုင်ဆုံး ကြိုးစား​မယ်​ဆိုရင် အသင်းတော်မှာ ဘာမှ အသုံးမဝင်​ဘူးလို့ ကျွန်တော်​တို့ ခံစားရ​တော့​မှာ မဟုတ်ဘူး။ အသင်းတော်မှာ တခြား​သူတွေကို​ကော ကျွန်တော်​တို့ ဘယ်လို ရှုမြင်​သလဲ။ သူတို့ကို လေးစားကြောင်း ဘယ်လို ပြ​နိုင်​သလဲ။ အဲဒီ​အကြောင်းကို နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

သီချင်း ၂၄ ယေဟောဝါ​ရဲ့ တောင်တော်​ဆီ လာ​ကြ

^ အပိုဒ်၊ 5 ကျွန်တော်​တို့အားလုံး ယေဟောဝါ​ရဲ့ ချစ်ခင်​နှစ်သက်မှု ရချင်ကြတယ်။ ဒါပေမဲ့ တစ်ခါ​တလေ ဘုရား​အတွက် အသုံးဝင်တဲ့​နေရာ ရှိပါ့မလားလို့ တွေးမိ​နိုင်တယ်။ အသင်းတော်မှာ ကျွန်တော်​တို့ ယောက်​တိုင်း တန်ဖိုး​ရှိကြောင်း နားလည်​ဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေး​ပါ​မယ်။

^ အပိုဒ်၊ 3 စကားလုံး ရှင်းလင်းချက်– ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​မှာ ကိုယ့်​နေရာ​ဆိုတာ အသင်းတော်ကို တည်ဆောက်၊ ခိုင်ခံ့​စေ​ရာ​မှာ ကိုယ့်​အခန်းကဏ္ဍကို ဆိုလို​တယ်။ အဲဒါ​က လူမျိုး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး နောက်ခံ​တွေ​ပေါ် မ​မူတည်​ဘူး။

^ အပိုဒ်၊ 62 ပုံအညွှန်း– အစည်းအဝေး မစ​ခင်၊ အတောအတွင်း၊ ပြီး​နောက် ဖြစ်ရပ်​တွေ​ကို ဖော်ပြ​ထား​တဲ့ ရုပ်ပုံ​သုံး​ပုံ။ ပုံ ၁– ဧည့်သည်ကို အကြီးအကဲ​တစ်ယောက် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်​နေ၊ ညီအစ်ကို​ငယ်​တစ်ယောက် အသံ​ပိုင်း ကိရိယာ​တွေ ပြင်ဆင်​နေ၊ သက်ကြီး ညီအစ်မ​ကို ညီအစ်မ​တစ်ယောက် စကားပြော​နေ။ ပုံ ၂– လူကြီး​လူငယ်တွေ ကင်းမျှော်စင် သင်တန်း​မှာ မှတ်ချက်​ပေး​ဖို့ လက်ထောင်​နေ။ ပုံ ၃– နိုင်ငံတော်​ခန်းမ သန့်ရှင်းရေး​မှာ မောင်နှံ​တစ်စုံ ဝိုင်းကူ​နေ။ မိခင်​က အလှူငွေ​ပုံး​ထဲ အလှူငွေ ထည့်​ဖို့ ကလေး​ကို ကူညီ​ပေး​နေ။ ညီအစ်ကို​ငယ်​တစ်ယောက် စာအုပ်စာတမ်း ကောင်တာ​ကို သန့်ရှင်းရေး လုပ်​နေ။ သက်ကြီး ညီအစ်မ​ကို ညီအစ်ကို​တစ်ယောက် အားပေး​စကား ပြော​နေ။